၂၀၂၄ စက်တင်ဘာလ ၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ နွေဦးတော်လှန်ရေးကပန်းဝင်တော့မှာဖြစ်လို့ ပိုမိုစည်းလုံးလက်တွဲဖို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးသတင်းစကားပါး
📌 ၂။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ကို အကြမ်းဖက်စစ်အုပ်စုက ဂျက်လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ် အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့လူ့အခွင့်ရေးဝန်ကြီးဌာနထုတ်ပြန်
📌 ၃။ အကြမ်းဖက်စစ်အုပ်စုမှ တရားမဝင် ထိန်းချုပ်ထားသောမြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် Justice For Myanmar က တောင်းဆို
📌 ၄။ ဆန်ဖရန်ဗေးဧရိယာတွင်ကျင်းပတဲ့ နွေဦးလက်ဖက်ရည်ဝိုင်းမှ တော်လှန်ရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ၁၄၀၀၀ ကျော်ရရှိ
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးမြို့ကို စစ်ကောင်စီကလေကြောင်းမှဗုံးကြဲတိုက်ခိုက်၍ အရပ်သား၁၂ ဦး ဒဏ်ရာရ
🚩 ၂။ မင်းတပ်မြို့နယ်ကို ယနေ့ စစ်ကောင်စီ လေကြောင်းမှထပ်မံဗုံးကြဲတိုက်ခိုက်
🚩 ၃။ စစ်တပ် တခုလုံး ချေမှုန်းရေး မဝေးတော့ဘူးလို့ PDFInsight ကသုံးသပ်ဆို
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ နွေဦးတော်လှန်ရေးကပန်းဝင်တော့မှာဖြစ်လို့ ပိုမိုစည်းလုံးလက်တွဲဖို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးသတင်းစကားပါး
စက်တင်ဘာ၉ရက်
နွေဦးတော်လှန်ရေးပန်းဝင်တော့မှာဖြစ်လို့ပိုမိုစည်းလုံးလက်တွဲဖို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးက စက်တင်ဘာလအတွင်းပြည်သူမှပြည်သူသို့မေးမြန်းခန်းအစီအစဥ်မှာ သတင်းစကားပါး ပြောဆိုထားပါတယ်။
"ကျနော်တို့ကပန်းဝင်တော့မယ်။အထွဋ်အထိပ်တော်တော်ကိုရောက်နေပြီ။အဲဒီအချိန်မှာပိုပြီးစည်းလုံးကြဖို့၊ပိုပြီးပါဝင်ကြဖို့လိုပါတယ်။အခုဆိုရင် ညီနောင်သုံးဖော်တွေမှာအိမ်နားနီးချင်းနိူင်ငံတွေရဲ့ဖိအားကရှိတယ်။ဂိတ်တွေပိတ်တယ်။ကုန်စည်စီးဆင်းမှုတွေဖြတ်တယ်။ဒါနဲ့ ပတ်သက်ပြီးကျနော်တို့ပြည်သူတွေအားလုံးကိုယ့်ရဲ့ညီနောင်တွေ၊မဟာမိတ်တွေအတွက် ပါဝင်လက်တဲဲကဖို့လိုတယ်"လို့ဝန်ကြီးကပြောပါတယ်။
လက်ရှိမှာရှမ်းပြည်နယ်မြောက်ပိုင်းကမြို့နယ်များနှင့်မြန်မာနိူင်ငံအနှံကမြို့နယ်များအား တော်လှန်ရေးအင်အားစုများကသိမ်းပိုက်ရရှိထားပြီးဖြစ်ပါတယ်။
========================
📌📌 ၂။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ကို အကြမ်းဖက်စစ်အုပ်စုက ဂျက်လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ် အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့လူ့အခွင့်ရေးဝန်ကြီးဌာနထုတ်ပြန်
စက်တင်ဘာ၉ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ ကို အကြမ်းဖက်စစ်အုပ်စုက ဂျက်လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ် အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့ လူ့အခွင့်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ပါတယ်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့ နံနက် (၁း၃၀) အချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ ညစျေးအနီးရှိ ပြည်သူလူထုနေအိမ်များပေါ်နှင့် ဟိုကတ်ရပ်ကွက် ရှိ ကျားဖြူခန်းမ နေရာတို့အား အကြမ်းဖက်စစ်အုပ်စုက ဂျက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ (၂) ကြိမ် တိုင် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြပါတယ်။
ထိုတိုက်ခိုက်မှုကြောင့် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင် အပါအဝင် (၁၁) ဦး သေဆုံးပြီး၊ (၁၂) ဦး ထိခိုက်ဒဏ်ရာရရှိကာ ဆိုင်ခန်းများအပါအဝင် နေအိမ် (၁၀) လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်အုပ်စု၏ ကျူးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ပါတယ်။
========================
📌📌 ၃။ အကြမ်းဖက်စစ်အုပ်စုမှ တရားမဝင် ထိန်းချုပ်ထားသောမြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် Justice For Myanmar က တောင်းဆို
စက်တင်ဘာ၉ရက်
မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ဟာ စစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း စစ်အုပ်စုက တရားမဝင်သိမ်းယူထားသည့် နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်ပြီးယင်းလေကြောင်းလိုင်းသည် ATR-72 လေယာဉ်များကို အသုံးပြုပျံသန်းပြေးဆွဲမှုများရှိနေပြီး၊ စစ်အုပ်စုအတွက် လေယာဉ်များကိုလည်း ရောင်းချထောက်ပံ့ပေးထားတယ်လို့ စက်တင်ဘာ၉ရက်မှာ Justice For Myanmar ကအသိပေးဖော်ပြပါတယ်။
MNA သည် မြန်မာ့လေတပ်နှင့် နီးကပ်သည့်ပတ်သက်ဆက်နွယ်မှုများ ကာလရှည်ရှိနေခဲ့ပြီး MNA လေယာဉ်မှူးအများအပြားသည် လေတပ်အရာရှိဟောင်းများဖြစ်ကြသလို၊ ကုမ္ပဏီအနေနှင့်လည်း လေတပ်ထိပ်ပိုင်း ခေါင်းဆောင်များနှင့် ရင်းနှီးသည့်ဆက်နွှယ်မှုများ ရှိနေခဲ့ကာ MNA ၏ ဒါရိုက်တာဟောင်းများတွင် စင်ကာပူတွင်နေထိုင်သည့် ယခင်မြန်မာ့လေတပ်ဦးစီးချုပ်ဟောင်း မောင်မောင်ကျော်၏ တူတော်စပ်သူ လင်းထက်လည်း ပါဝင်တယ်လို့ဖော်ပြပါတယ်။
အကြမ်းဖက်စစ်အုပ်စုမှ တရားမဝင် ထိန်းချုပ်ထားသော MNA အပါအဝင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း အားလုံးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် Justice For Myanmar က တောင်းဆိုထားပါတယ်။
========================
📌📌 ၄။ ဆန်ဖရန်ဗေးဧရိယာတွင်ကျင်းပတဲ့ နွေဦးလက်ဖက်ရည်ဝိုင်းမှ တော်လှန်ရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ၁၄၀၀၀ ကျော်ရရှိ
စက်တင်ဘာ၉ရက်
အမေရိကန်ပြည်ထောင်စု ဆန်ဖရန်ဗေးဧရိယာတွင်ကျင်းပတဲ့ ၃၃ ကြိမ်မြောက်နွေဦးလက်ဖက်ရည်ဝိုင်းမှ တော်လှန်ရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၄,၀၀၀ ကျော်ရရှိခဲ့တယ်လို့ စက်တင်ဘာ၉ရက်မှာ နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုက အတည်ပြုထုတ်ပြန်ထားပါတယ်။
"ပြည်ပဖိအားမှန်သမျှကိုလည်း တော်လှန်ပြည်သူလူထု ညီညွတ်မှုဖြင့်သာ တိုက်ပွဲဝင် ကျော်ဖြတ်သွားကြရန်လိုအပ်တယ်လို့ ယူဆမိပါတယ်"လို့ နွေဦးလဘက်ရည်ဝိုင်းစီစဉ်သူတဦးကလည်း Radio NUGကိုပြောပါတယ်။
၃၃ ကြိမ်မြောက်နွေဦးလက်ဖက်ရည်ဝိုင်း မိသားစုမှ အစားအသောက်များရောင်းရငွေနဲ့အလှူငွေလက်ခံရရှိမှု စုစုပေါင်း အမေရိကန်ဒေါ်လာ(၁၄,၀၈၈)ဒေါ်လာရရှိခဲ့ပါတယ်။
ချက်ပြုတ်လှုဒါန်းပေးသောအလှူရှင်များ၊ငွေသားအလှုရှင်များ၊ဝယ်သူအားပေးသော မိတ်ဆွေများ၊ဝိုင်ဝန်းကူညီသောမိတ်ဆွေများအားလုံးကိုကျေးဇူးတင်ရှိတယ်လို့နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုကဆိုထားပါတယ်။
နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုဟာ လစဥ်အမေရိကန်ပြည်ထောင်စု ဆန်ဖရန်ဗေးဧရိယာတွင် အစားအစာများချက်ပြုတ်ရောင်းချ၍ နွေဦးတော်လှန်ရေးမှာထောက်ပို့ပါဝင်လျက်ရှိပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးမြို့ကို စစ်ကောင်စီကလေကြောင်းမှဗုံးကြဲတိုက်ခိုက်၍ အရပ်သား၁၂ ဦး ဒဏ်ရာရ
စက်တင်ဘာ၉ရက်
စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီ ၂၃ မိနစ် နှင့် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် စကစတပ်ဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်း ၊လားရှိုးမြို့ လူနေရပ်ကွက်များသို့ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ပြီး ယင်း၌ လားရှိုး ရပ်ကွက် ၁ တွင် ဗုံး ၂ လုံး ကျရောက်ခဲ့တယ်လို့ MNDAAကထုတ်ပြန်ပါတယ်။
ကနဦး သတင်းအရ ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး အရပ်သား ၁၂ ဦး ဒဏ် ရာ ရခဲ့ပြီး ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ထားပြီး အတိအကျ ဆုံးရှုံးမှုနှင့် အသေအပျောက်များကို ထပ်မံအသိပေးမည်ဖြစ်ကြောင်း MNDAA က သတင်းထုတ်ပြန်သည်။
ဗုံးကြဲချတဲ့နေရာဟာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး မှူးရုံး နဲ့ ဗျူဟာလမ်းအောက်ဖက်တို့ကို ဗုံးကြဲချတာ ဖြစ်တယ်လို့သိရပါတယ်။
လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုအပြီးတွင် လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီနှင့် ရဲဌာနတို့မှ ဝန်ထမ်းများအား အခင်းဖြစ်ပွားရာသို့ အမြန်သွားရောက် ကယ်ဆယ်ရန် စီစဉ်ခဲ့တယ်လို့သိရပါတယ်။
စက်တင်ဘာလ ၈ ရက် မနက် ၄ နာရီကလည်း Silver Sky Hotel ကို ဗုံးကြဲချခဲ့သလို ပြည်ထောင်စု အားကစားကွင်းကိုလည်း ဗုံးကြဲချခဲ့ပါတယ်။
စစ်ကောင်စီသည် ယနေ့နံနက်အစောပိုင်းတွင်ချင်းပြည်နယ် မင်းတပ်မြို့ကိုလည်းလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပါ သေးတယ်။
========================
🚩🚩 ၂။ မင်းတပ်မြို့နယ်ကို ယနေ့ စစ်ကောင်စီ လေကြောင်းမှထပ်မံဗုံးကြဲတိုက်ခိုက်
စက်တင်ဘာ၉ရက်
ယနေ့ (စက်တင်ဘာ ၉ရက်)နံနက် ၆ နာရီခွဲခန့်တွင် ချင်းပြည်နယ် မင်းတပ်မြို့ တိုက်နယ်(၃) တစ်နေရာကို တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဖျက်အားပြင်း ဗုံးနှင့် ဗုံးအသေး ၃လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု People’s Springမှာဖေါ်ပြထားပါသည်။
" ယခုရက်ပိုင်းအကြမ်းဖက် စခ များမှ လေကြောင်းဖြင့် ခတ်စိပ်စိပ်ပစ်ခတ်တိုက်ခိုက်နေသောကြောင့် အမျိုးများအားလုံးအထူးဂရုစိုက်ကြပါဗျ"ဟု မင်းတပ်ဒေသခံက လူမှုကွန်ရက်တွင် ရေးသားသတိပေးသည်။
စစ်ကောင်စီတပ်သည် စက်တင်ဘာ ၇ရက်၊ ၆ရက်နှင့် စက်တင်ဘာ ၄ရက်ကလည်း မင်းတပ်မြို့နယ်အတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ စက်တင်ဘာ ၇ရက်က တိုက်နယ်(၂)၊ စက်တင်ဘာ ၆ရက်က တိုက်နယ်(၄)နှင့် စက်တင်ဘာ ၄ရက်တွင် မင်းတပ်မြို့အနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့ဟု ဆိုသည်။
သို့သော် အဆက်အသွယ်ဖုန်းလိုင်းများ ပြတ်တောက်နေ၍ လူထိခိုက်မှု အခြေအနေမသိရဟု မင်းတပ်ဒေသခံက ပြောသည်။
စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်တွင် တိုက်ပွဲမဖြစ်ဘဲ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည့်အပြင် ဩဂုတ်လကုန်ပိုင်းနှင့် စက်တင်ဘာလဆန်းအတွင်း လေယာဉ် အသုံးပြုပြီး မင်းတပ် ခလရ(၂၇၄) တပ်ရင်းအတွင်း လက်နက်ခဲယမ်း ရိက္ခာထုပ်များ လေထီးမှ ၃ကြိမ်ချပေးခဲ့သည်ဟု သတင်းရင်းမြစ်က အသိပေးထားသည်။
မင်းတပ် ချင်းဒေသကာကွယ်ရေးတပ်(CDF)အနေဖြင့် ယခုလအတွင်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု ဖြစ်စဉ်များနှင့်ပတ်သက်ပြီး အသိပေး ထုတ်ပြန်မှုမရှိသေးသော်လည်း ယခုကဲ့သို့ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုများ ပြုလုပ်နေ၍ တိုက်ပွဲအချိန်မရွေးဖြစ်နိုင်ကြောင်း ဩဂုတ်လလယ်တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ယနေ့နံနက်တွင် ရှမ်းမြောက်ရှိ လားရှိုးမြို့ကိုလည်း နှစ်ကြိမ်လေကြောင်းတိုက်ခိုက်ရာ အရပ်သား ၁၂ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်။
========================
🚩🚩 ၃။ စစ်တပ် တခုလုံး ချေမှုန်းရေး မဝေးတော့ဘူးလို့ PDFInsight ကသုံးသပ်ဆို
စက်တင်ဘာ၉ရက်
စက်တင်ဘာ၉ရက်မှာ စစ်ရေးသုံးသပ်ချက်များတင်ပြနေတဲ့ PDFInsightက အခုလိုဖော်ပြရေးသားထားပါတယ်။
"PDF တွေရဲ့ စစ်ရေး လှုပ်ရှားမှုတွေဟာ ဒေသတခု၊ တိုင်းတခု တည်းမှာ နေရာကွက်ပြီးတိုက်နေတာ မဟုတ်ဘဲ တနိုင်ငံလုံး အတိုင်းအတာ ကျယ်ကျယ်ပြန့်ပြန့် စစ်ဆင်တိုက်ခိုက်နိုင်လာပြီ ဖြစ်ပါတယ်။ဒီထဲမှာ လူသိအများဆုံးကတော့ ရှမ်းမန်း စစ်ဆင်ရေး နဲ့ မြင်းခြံခရိုင် အထူးစစ်ဆင်ရေးတွေပဲ ဖြစ်ပါတယ်။ မိုးကုတ်၊ တကောင်း၊ စဉ့်ကူး၊ ဒီပဲယင်း၊ နွားထိုးကြီး၊ သပိတ်ကျင်း မြို့တွေကို ပြည်သူ့ကာကွယ်ရေး တပ်မတော်က သိမ်းပိုက်နိုင်လိုက်ပြီး အမှတ် (၁) စစ်ဒေသထဲက ထီးချိုင့်၊ ပင်လည်ဘူး၊ အင်းတော်မြို့တွေကို တိုက်ခိုက်လျက်ရှိပါတယ်။ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနိုင်တဲ့အထိ PDF တွေဟာ စစ်ရေး စွမ်းရည် ထက်မြက်လာတာကို ဒီတိုက်ပွဲတွေက ပြသလျက်ရှိပါတယ်။ အခုဆိုရင် မန္တလေးမြို့ နဲ့ မိတ္ထီလာမြို့နားတွေထိပါ ရှေ့တန်း နယ်မြေဖြစ်လာပြီး PDF စိုးမိုးနယ်မြေတွေ ကျယ်ပြန့်လာတာကို တွေ့နိုင်ပါတယ်"လို့ဖော်ပြပါတယ်။
ဒါ့အပြင်၂၀၂၄ ခုနစ်ကုန်ပိုင်းရောက်လာတဲ့အခါ ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ ပကဖ အဖွဲ့တွေဟာ အကြမ်းဖက် စစ်တပ်ကို တိုက်ချင်တဲ့ အချိန်၊ တိုက်ချင်တဲ့ နေရာမှာရွေးချယ်တိုက်ခိုက်နိုင်လာတာဟာစစ်တပ် တခုလုံး ချေမှုန်းရေး မဝေးတော့ဘူးဆိုတာ ညွှန်ပြလျက်ရှိတယ်လို့ PDF Insight ကသုံးသပ်ဆိုပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment