သွင်းကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာလို့ မြန်မာပြည်သူများ အဟောင်းဈေးကွက်ကို ပိုပြီးမှီခိုလာရ



သွင်းကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာလို့ မြန်မာပြည်သူများ အဟောင်းဈေးကွက်ကို ပိုပြီးမှီခိုလာရ

ကိုမြင့်သူ (Radio NUG) စက်တင်ဘာ ၉၊ ၂၀၂၄

ရန်ကုန်မြို့လယ် ရွှေဘုံသာလမ်းကနေ ပန်းဆိုးတန်းနဲ့ ကမ်းနားလမ်းပေါ်ကို ပြောင်းရွှေ့လာတဲ့ ပစ္စည်းအဟောင်းတန်းက မြန်မာ့စီးပွားရေးဘဏ် (၂) အရှေ့ထိ ရောက်ရှိလာပြီး ရောင်းသူ ဝယ်သူတွေ ပိုပြီးစည်ကားလို့ လာပါတယ်။ ဒီအခြေနေကို ဘဏ် (၂) အနီးမှာ ပုံမှန်ရောင်းချသူတစ်ဦးက အခုလို ပြောပါတယ်။

“အရောင်းအဝယ် အခြေအနေက ရောင်းတဲ့သူတွေလည်း တိုးလာတယ်။ ဝယ်တဲ့သူတွေလည်း တိုးလာတယ်။ တော်တော်များများက ဖုန်းလောက်ပဲ၊ အခြားပစ္စည်းတွေက မီးပူတို့ ဘာတို့ညာတို့ပဲ အဝယ်လိုက်တယ်။ ပစ္စ ည်းကောင်းရင် ကောင်းသလိုပေါ့။ ဒီပစ္စည်းလေး လာရင် ရောင်းရတယ်။ ကောင်းရင် ဈေးတစ်ခု သတ်မှတ်ပြီးတော့ ရတယ်”

ပြီးခဲ့တဲ့လပိုင်းအတွင်းက မြန်မာကျပ်ငွေနဲ့ ဒေါ်လာငွေကြေးလဲလှယ်နှုန်းက ကျပ် ရှစ်ထောင်အထိ မြင့်တက်ခဲ့ပြီး လတ်တလောမှာ ကျပ် ခြောက်ထောင်အောက် ပြန်လည်ကျဆင်းလာပေမယ့် ကုန်ဈေးနှုန်းတွေကတော့ ပြန်ကျမ လာဘဲ အတက်ဈေးမှာပဲ ရှိနေပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့မှာ လှည်းတန်း စိန်ဂေဟာမှာ ရောင်းချနေတဲ့ ကျပ်တစ်သောင်းရှစ်ထောင်တန် ကလေးပတ်နာရီ တစ်လုံးကို ကျပ် ငါးသောင်းရှစ်ထောင်အထိ ဈေးနှုန်း ပြောင်းလဲတဲ့အထိ ကုန်ပစ္စည်းဈေးတွေက အဆမတန် မြင့်တက်နေတာ ဖြစ်ပါတယ်။

ဒါကြောင့် မြို့လယ်က အဟောင်းဈေးမှာ ရေချိုးခန်းသုံး ရာဘာဖိနပ်အကြမ်းကအစ ထမင်းစားပွဲတွေ၊ ဖုန်းအဟောင်းတွေ စသဖြင့် အဟောင်းတန်းမှာ အရောင်းအဝယ် ဖြစ်လာကြပါတယ်။ နှစ်သုံးဆယ်ကြာ အဟောင်းတန်းမှာကျင်လည် ရောင်းဝယ်ခဲ့သူတစ်ဦးက ရောင်းသူ ဝယ်သူ တိုးလာပေမယ့် အမြတ်ပါးပါးသာရှိပြီး စားဝတ်နေရေးအတွက် ခက်ခဲလာတယ်လို့ ဆိုပါတယ်။

“အပြောင်းလဲက ဘယ်လိုဖြစ်သွားလဲဆိုတော့ ပစ္စည်းတွေက ဈေးတက်တယ်။ ဒီကပစ္စည်းတွေကျတော့ ရောင်းရင် ဈေးမရဘူး။ အဲဒီတော့ အမြတ်မရကြဘူး။ အမြတ်နည်းကြတယ်။ စားဖို့ သိပ်နည်းနည်းခက်ခဲသွားတာပေါ့”

အကြမ်းဖက်စစ်တပ်က ပစ္စည်းအဟောင်းတွေကို တရားဝင် တင်သွင်းခွင့်မပြုထားပေမယ့် အများပြည်သူ လိုအပ်ချက်အရ နယ်စပ်ကတဆင့် တရားမဝင် တင်သွင်းအသုံးပြုနေကြ တာြဖစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာ လှည့်လည်သုံးစွဲနေတဲ့ သွင်းကုန်ပစ္စည်းတွေကိုလည်း အဟောင်းတန်းမှာ တွေ့မြင်ရမှာဖြစ်ပြီး အဲဒီမှာ လာရောက် လေ့လာ ရှာဖွေဝယ်ယူသူ တစ်ဦးကလည်း အခုလို ပြောပါတယ်။

“ဝယ်ဖို့ စိတ်ကူးတာလား ဆိုတော့ ဟုတ်ကဲ့၊ ဘယ်လိုပြောရမလဲ လေ့လာတာပေါ့။ လေ့လာရင်းနဲ့ ပါဝါ Bank လိုနေတော့ ပါဝါ Bank တစ်ချက် လာကြည့်တာ။ ကြည့်ဖြစ်တာကတော့ ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ်နဲ့ လေ့လာရင်းနဲ့ ကြည့်တာပေါ့။ အပြင်ဆိုင်တွေ နဲ့ ဒီဘက်နဲ့ဘယ်လိုကွာဟလည်း ဒီလိုမျိုးကြည့်တာပေါ့နော် ”

စမ်းချောင်းမြို့နယ်ကနေ ပန်းဆိုးတန်းအရောက် စက်ဘီးနဲ့လာပြီး ဝါသနာအရ အဟောင်းပစ္စည်းတွေကို ပုံမှန် လာရောက်ကြည့်ရှုလေ့ရှိသူတစ်ဦးကလည်း အခုလို ပြောပါတယ်။

“ဘယ်လို ပြောရမလဲ၊ ဝါသနာပါလို့ လိုက်ကြည့်တာ။ တခါတလေကျရင် ကိုယ်က နားမလည်ဘူး။ နားမလည်တော့ တိုက်ဆိုင်တဲ့ဟာလေး နည်းနည်းသေးသေးမွှားမွှား လွှင့်ပစ်ရမယ့်ဟာလေးတွေ ဝယ်သွားတာပေါ့။ အိမ်ကျရင် ကောင်းရင်လည်း ကောင်း၊ မကောင်းရင်လည်း ပစ်လိုက်တယ်။ ဒီလိုပဲ ခဏခဏပဲ ဝါသနာအရ လျှောက်ကြည့်နေတာ။ ဝါသနာပါလို့လျှောက်ကြည့်နေတာ။ သူတို့ဆီက ပညာရတယ်”

အာဏာရှင်နေဝင်းလက်ထက် ၁၉၆၄ ခုနှစ်မှာ သတ္တုလုပ်ငန်းကအစ စီးကရက်၊ ဆပ်ပြာ၊ ထီး၊ ပုံနှိပ်စက် စတဲ့ စက်မှုလက်မှုလုပ်ငန်းတွေနဲ့ ပုဂ္ဂလိကစာသင်ကျောင်းပေါင်း ၈၁၄ ကျောင်း၊ ရုပ်ရှင်ရုံ ၁၈၂ ရုံနဲ့ လက်လီလက်ကား ကုန်စည် ဆိုင်ပေါင်း တစ်သောင်းသုံးထောင်နီးပါးကို သိမ်းယူဖျက်ဆီးတဲ့ အကျိုးဆက်က သွင်းကုန်အပေါ် အဆမတန် မှီခိုလာရတဲ့ နိုင်ငံအဖြစ်ကို ရောက်ရှိခဲ့ပါတယ်။

ဒါ့အပြင် ပြည်တွင်းထုတ်ကုန် မရှိသလောက် နည်းပါးတဲ့အတွက် အခြားနိုင်ငံတွေရဲ့ အသုံးပြုပြီးသားဖြစ်တဲ့ မော်တော်ယာဥ်ကအစ အဝတ်အထည်၊ ဖိနပ်၊ အိုးခွက်ပန်းကန် စတဲ့ လူသုံးကုန်ပစ္စည်းတွေပေါ်မှာ မှီခိုလာကြရပါတယ်။

အာဏာရှင်နေဝင်းကြောင့် ပြည်တွင်း စက်မှုလက်မှုလုပ်ငန်းတွေ အဖျက်ဆီးခံခဲ့ရသလို မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်ကြောင့်လည်း ငွေကြေးဖောင်းပွတာ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာတာတွေက သွင်းကုန်အပြင် ပစ္စည်းအဟောင်းတွေပေါ်မှာပါ ဆက်လက်မှီခိုလာရတဲ့အထိ ပျက်စီးဆုံးရှုံးလာရတာ ဖြစ်ပါတယ်။
Share:

No comments:

Post a Comment