"ငရုပ်ဈေးကောင်းပေမယ့် တောင်ပြိုကျပြီး ရေဘေးကြောင့် ငရုပ်နဲ့အတူ အခြားသီးနှံများ ပျက်စီးဆုံးရှုံးခဲ့"



"ငရုပ်ဈေးကောင်းပေမယ့် တောင်ပြိုကျပြီး ရေဘေးကြောင့် ငရုပ်နဲ့အတူ အခြားသီးနှံများ ပျက်စီးဆုံးရှုံးခဲ့"

(စိုက်ပျိုးစီးပွား တောင်သူစကားသံ)

မကြေးမုံ (Radio NUG) စက်တင်ဘာ ၁၈၊ ၂၀၂၄


ငရုတ်စို ၁ ပိဿာကို ကျပ် ၂၈၀၀ နဲ့ ငရုတ်ခြောက် ၁ ပိဿာကို ကျပ် ၁၂,၅၀၀ အထိ ပေါက်ဈေးရှိပြီး ထိုင်းနဲ့ မလေးရှား နိုင်ငံဈေးကွက်တွေ ကောင်းမွန်နေပေမယ့် အသီးတွေ လှိုင်လှိုင်ပေါ်ချိန်မှာ ရေနစ်မြုပ် ပျက်စီးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဈေးကွက်ကောင်းမွန်နေပေမယ့် တင်ပို့နိုင်တာမရှိဘဲ ၂၀၂၄ ငရုတ်ရာသီဟာ အကောင်းဆုံးအချိန်မှာ ရပ်တန့်သွားရတာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ရမည်းသင်းမြို့နယ်က ငရုတ်ပွဲရုံပိုင်ရှင်တစ်ဦးက အခုလို ပြောပါတယ်။

“ငရုတ်ဈေးကွက်ကတော့ တရုတ်ဘက်မှာလည်း ရေကြီးသွားတယ်လေ။ နောက်ပြီးကျတော့ ဒီဘက်မှာလည်း ရေကြီးတော့ အစ်မတို့ ရမည်းသင်းနယ်ကတော့ မရှိသလောက် ဖြစ်သွားပြီ။ အခုရှိရင် အမြန်လမ်းဘက်ပဲ။ အမြန်လမ်းဘက်ကလည်း အရင်တုန်းက တစ်ရာ ရာခိုင်နှုန်းဆိုရင် အခုဆိုရင် ငါးဆယ်၊ ခြောက်ဆယ် ရာခိုင် နှုန်းပဲ ရှိတော့မှာ။ အပြည့်မရှိတော့ဘူး။ ဒီဘက်က အစ်မတို့ မြန်မာနိုင်ငံရဲ့ သုံးသပ်ချက်ကတော့ ငရုတ်ဈေးကောင်း မှာပါ။ ၄-၁၂-၇၈ ရှိမှမရှိတာကိုး။ တောင်သူတွေ အခုဆို ပြောတယ်လေ၊ တစ်သိန်းဈေးပေးလည်း ရောင်းစရာ မရှိတော့ဘူး။ ငရုတ်တွေ သေကုန်ပြီ”

ယာဂီမုန်တိုင်း အဖျားခတ်ခံရတဲ့ မြန်မာနိုင်ငံမှာ အဲဒီမုန်တိုင်းအရှိန်ကြောင့် လူသေဆုံး ထိခိုက်တဲ့အပြင် သီးနှံစိုက်ခင်းတွေလည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ တောင်ပြိုမှုကြောင့် အသက်အိုးအိမ်ပျက်စီးဆုံးရှုံးမှု ပိုများတဲ့ ရမည်းသင်းမြို့မှာ စပါး အပါအဝင် နေကြာ၊ ငရုတ်၊ ဝါနဲ့ မြေပဲခင်းတွေလည်း ပျက်စီးခဲ့တာ ဖြစ်ပါတယ်။

“မိုးတစ်သီးကတော့ ဘာမှ မရတော့ဘူး။ ခုတစ်နှစ်တော့ဘာမှ မရတော့ဘူး။ သွားပြီ။ အခုတစ်နှစ်ကတော့ အကုန်အပျက်ပဲ။ ဝါ၊ ငရုတ်၊ စပါး။ စပါးကတော့ ဒီနားကဟာတွေကတော့ ရတယ်။ ကျွန်တော်တို့ဘက်မှာတော့ ဘာမှ မရတော့ဘူး။ ဒီ ရမည်းသင်းရှေ့ဘက်ကတော့ ရတယ်။ သိမ်ကုန်းကတော့ ဘာမှ မရတော့ဘူး။ အပင် တွေက ရွှေတောက မြေတွေဆိုတော့ မြေနီတွေ။ အဲဒါတွေ ပိကုန်တာ။ ရေတအားလာတော့ အဖျားတွေ နာပြီး သေကုန်တာ ”

အကြမ်းဖက်စစ်တပ်က တနိုင်ငံလုံး ရေကြီးနစ်မြုပ်မှုကြောင့် အသက်ဆုံးရှုံးသူ ၂၂၆ ဦးနဲ့ ပျောက်ဆုံးသူ ၇၇ ဦးရှိပြီး စုစုပေါင်းသီးနှံစိုက်ဧက ၆ သိန်းခွဲနဲ့ အိမ်မွေးတိရစ္ဆာန် တစ်သိန်းကျော် သေဆုံးခဲ့တယ်လို့ စာရင်းထုတ်ပြန်ထားပြီး အဲဒီထက်မက သေကျေပျက်စီးဆုံးရှုံးနိုင်တယ်လို့ မြေပြင် သတင်း အရင်းမြစ်တွေက ပြောဆိုထားပါတယ်။
Share:

No comments:

Post a Comment