၂၀၂၄ အောက်တိုဘာလ ၂၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ စုပေါင်း၊ ဆုတောင်း၊ တော်လှန် ဒေပါဝလီ တော်လှန်ရေးရန်ပုံငွေပွဲကို CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းအပါအဝင်မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ် ဦးကျော်မိုးထွန်းတို့ တက်ရောက်ခဲ့
📌 ၂။ စက်တင်ဘာလ အတွင်း စစ်ကိုင်းတိုင်းဒေသကြီးက လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးဖြစ်ခဲ့ပြီး ၁၀၁ မှုထိ ရှိခဲ့တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနထုတ်ပြန်
📌 ၃။ ကချင်ပြည်နယ်က IDP တွေအတွက် ကနေဒါနိုင်ငံတိုရွန်တိုမြို့မှာ ကျင်းပတဲ့ ရန်ပုံငွေပွဲ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ တက်ရောက်ခဲ့
📌 ၄။ ကရင်နီပြည်မှာ သဘာဝဘေးဆိုင်ရာအကျပ်အတည်းများနဲ့ လူသားချင်းဆိုင်ရာအကူအညီတွေ အလွန်ကြီးမားနေတယ်လို့ IEC ပြော
📌 ၅။ အကျဉ်းထောင်များတွင် သန်းခေါင်စာရင်းကဲ့သို့ အချက်အလက်များကို ထောင်အာဏာပိုင်များမှ ကောက်ယူနေ
📌 ၆။ မင်းမော်ကွန်းသရုပ်ဆောင်ထားတဲ့ "ဖြတ် - Wide Awake" ရုပ်ရှင်ဇာတ်လမ်းတိုကို ပထမဦးဆုံးပွဲစဉ်အဖြစ် နိုဝင်ဘာလ ၉ ရက်နေ့မှာ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ပြသသွားမယ်
📌 ၇။ "Operation 1027"တနှစ်ပြည့် အဖြစ် တော်လှန်ရေးအင်အားစုများ၊ မဟာမိတ်တပ်ဖွဲ့များအား ထောက်ခံကြောင်း ဂျပန်မှာ မြန်မာအင်အားစုများဆန္ဒဖော်ထုတ်
📌 ၈။ Airbus: End investment in AVIC စစ်ရာဇဝတ်မှုတွေမှာ ရင်းနှီးမြုပ်နှံနေတာ အဆုံးသတ်၊ ခေါင်းစဥ်နဲ့ လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက ပြုလုပ်
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ တောင်းပိုင်းစစ်ဒေသနယ်မြေမှာဖြစ်တဲ့ တိုက်ပွဲတွေမှာ ၃ ရက်အတွင်း စစ်သား ၁၇ ဦးသေဆုံး
🚩 ၂။ အာရှလမ်းမကြီးတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီဘက်ကအထိနာနေ၍ လက်နက်ကြီးပစ်ကူ၊ လေယာဉ်ပစ်ကူများ ဆက်တိုက်လုပ်ဆောင်
🚩 ၃။ အောင်လံမြို့နယ်က ကျေးရွာတွေကို ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ လိုက်ပါလာတဲ့ကားကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၇ ဦး ထက်မနည်းသေဆုံး
🚩 ၄။ ကြို့ပင်ကောက်တွင် စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၀ ဦးထက်မနည်း သေဆုံး
🚩 ၅။ ပခုက္ကူနယ် တင်းဂါတ်ရွာ ပြည်သူ့စစ်ဂိတ်ကို တိုက်ခိုက်မှု ပျူ ၂ ဦးသေဆုံး
🚩 ၆။ စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ်တွင် ပေါင်(၃၀၀)(၂)လုံးအပါအဝင် ဗုံး(၁၁)လုံး လာရောက်ကြဲချတိုက်ခိုက်၊ ဒေသခံ(၁)ဦးသေဆုံး၊ (၁)ဦး ထိခိုက်ဒဏ်ရာရ
🚩 ၇။ ရေတာရှည်မြို့နယ်က စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေ သေနတ် ၁ လက် သိမ်းဆည်းရရှိ
🚩 ၈။ သီလုံး ပြည်သူ့စစ် တဦး လက်နက် ခဲယမ်းများနဲ့ ပကဖထံ အလင်းဝင်
🚩 ၉။ ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှ အောင်မြင်စွာသိမ်းပိုက် ပြန်လာသောတော်လှန်ရေးရဲဘော်များကိုပြည်သူများကြိုဆို
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ စုပေါင်း၊ ဆုတောင်း၊ တော်လှန် ဒေပါဝလီ တော်လှန်ရေးရန်ပုံငွေပွဲကို CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းအပါအဝင်မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ် ဦးကျော်မိုးထွန်းတို့ တက်ရောက်ခဲ့
အောက်တိုဘာ၂၈ရက်
Radio NUG
စုပေါင်း၊ ဆုတောင်း၊ တော်လှန် ဒေပါဝလီ တော်လှန်ရေးရန်ပုံငွေပွဲကို CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်းအပါအဝင်မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ် ဦးကျော်မိုးထွန်း တို့တက်ရောက်ခဲ့ကြပါတယ်။
"အမေရိကန်နိုင်ငံ၊ Texas ပြည်နယ်၊ Amarillo မြို့မှာ ကျင်းပတဲ့ စုပေါင်း၊ ဆုတောင်း၊ တော်လှန် ဒေပါဝလီ တော်လှန်ရေးရန်ပုံငွေပွဲကို လေးစားရတဲ့ CRPH ဥက္ကဋ္ဌကြီး ဦးအောင်ကြည်ညွန့်၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ် ဦးကျော်မိုးထွန်းတို့နဲ့အတူ တက်ရောက်ခဲ့ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာရေးရာ အကြောင်းအရာတွေကို တင်ပြပြောဆိုခဲ့ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
ဒါ့အပြင်ပြည်ပရောက် ပြည်သူများအားလုံး မြန်မာ့ဒီမိုကရေစီအရေးမှာ ဆက်လက်ပြီး တက်တက်ကြွကြွ၊ ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်၊ တိုက်ပွဲဝင်သွားကြဖို့ကိုလည်း တိုက်တွန်းခဲ့တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးကဆိုပါတယ်။
========================
📌📌 ၂။ စက်တင်ဘာလ အတွင်း စစ်ကိုင်းတိုင်းဒေသကြီးက လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးဖြစ်ခဲ့ပြီး ၁၀၁ မှုထိ ရှိခဲ့တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနထုတ်ပြန်
အောက်တိုဘာ၂၈ရက်
Radio NUG
စက်တင်ဘာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးက လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးဖြစ်ခဲ့ပြီး ၁၀၁ မှုထိ ရှိခဲ့တယ်လို့ အောက်တိုဘာ၂၈ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကဖော်ပြပါတယ်။
"အကြမ်းဖက် စစ်အုပ်စုရဲ့ စက်တင်ဘာလအတွင်း လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှု စုစုပေါင်း (၆၃၇) မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ကောက်ယူ၊ မှတ်တမ်းတင်ထားရှိပါတယ်။ စက်တင်ဘာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးသည် လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးဖြစ်ခဲ့ပြီး ၁၀၁ မှုထိ ရှိခဲ့ပါတယ်"လို့ဆိုပါတယ်။
အလားတူရှမ်းပြည်နယ်သည် ၃၇ ကြိမ်အထိ လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံး ဖြစ်ပွားခဲ့ကြောင်းလည်း တွေ့ရှိရပြီး တခြားသော ချိုးဖောက်ခံမှု ဖြစ်စဉ်များ သေဆုံးသူအရေအတွက်နဲ့ ပျက်စီးဆုံးရှုံးမှုများကိုလည်း စနစ်တကျ မှတ်တမ်းတင်ထားရှိပြီးဖြစ်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကဖော်ပြပါတယ်။
========================
📌📌 ၃။ ကချင်ပြည်နယ်က IDP တွေအတွက် ကနေဒါနိုင်ငံတိုရွန်တိုမြို့မှာ ကျင်းပတဲ့ ရန်ပုံငွေပွဲ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ တက်ရောက်ခဲ့
အောက်တိုဘာ၂၈ရက်
Radio NUG
ကချင်ပြည်နယ်က IDP တွေအတွက် ကနေဒါနိုင်ငံတိုရွန်တိုမြို့မှာ ကျင်းပတဲ့ ရန်ပုံငွေပွဲ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် တက်ရောက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
အောက်တိုဘာနောက်ဆုံးပတ်မှာ အဆိုပါပွဲအခမ်းအနားကို ကျင်းပခဲ့တယ်လို့ သိရပြီးသမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးကျော်ဇော် အပါအဝင် မြန်မာအင်အားစုများ၊ တိုင်းရင်းသားများတက်ရောက်ခဲ့ကြပါတယ်။
ပွဲအခမ်းအနားတွင် ကချင်ရိုးရာအကအလှများနဲ့ ဖျော်ဖြေခဲ့ပြီး ကံစမ်းမဲများလည်း ဖောက်ပေးခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၄။ ကရင်နီပြည်မှာ သဘာဝဘေးဆိုင်ရာအကျပ်အတည်းများနဲ့ လူသားချင်းဆိုင်ရာအကူအညီတွေ အလွန်ကြီးမားနေတယ်လို့ IEC ပြော
အောက်တိုဘာ ၂၈
Radio NUG
အာဏာသိမ်းစစ်ကောင်စီက လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ထိန်းချုပ်ထားတဲ့အပြင် အကူအညီပေးတဲ့ အဖွဲ့အစည်းတွေကို ကန့်သတ်ကာ ကုန်စည်စီးဆင်းမှုကို တားမြစ်ထိန်းချုပ်ထားတဲ့အတွက် ကရင်နီပြည်ဟာ သဘာဝဘေးဆိုင်ရာ အကျပ်အတည်းများနဲ့ လူသားချင်းဆိုင်ရာအကူအညီတွေ အလွန်ကြီးမားနေတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
ကရင်နီပြည် စစ်ဘေးနှင့် ရေဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့် ပြည်လည်နေရာချထားရေးဆိုင်ရာ အကူအညီများပေးကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို အသိပေးပြီး ပန်ကြားဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။
IEC ကထုတ်ပြန်တဲ့ အချက်အလက်တွေအရ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ လိုအပ်နေတာတွေဟာ စားနပ်ရိက္ခာ၊ ပျက်စီးသွားတဲ့နေအိမ်တွေ ပြန်လည်ထူထောင်ဖို့ ရေလွှမ်းပျက်စီးတဲ့ လယ်ယာစိုက်ပျိုးသီးနှံတွေအတွက် ပြန်လည်ကုစားဖို့နဲ့ နေအိမ်အသုံးအဆောင်ပစ္စည်းတွေလို့ သိရပါတယ်။
ကဏ္ဍတခုချင်းစီအလိုက်ဆိုရင် ရေဘေးသင့်ပြည်သူနဲ့ စစ်ဘေးရှောင် လူဦးရေတသိန်းခွဲ တလတာစားနပ်ရိက္ခာအတွက် အမေရိကန်ဒေါ်လာ ၃သန်းကျော် ရေလွှမ်းပျက်စီးသွားတဲ့ စိုက်ပျိုးဧက တသောင်းကျော် ပြန်လည်ကုစားရေးအတွက် ဒေါ်လာ ၃ သန်းခွဲကျော် လိုအပ်နေတယ်လို့ IEC ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် ပျက်စီးသွားတဲ့ အိမ် ၁၉၄၇ လုံး ပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာ ၇ သိန်းကျော်နဲ့ အိမ်အသုံး ဆောင်ပစ္စည်းများအတွက် ဒေါ်လာ ၄ သောင်းနီးပါး လိုအပ်နေတယ်လို့ ဆိုပါတယ်။
ကရင်နီပြည်မှာ စက်တင်ဘာလကစပြီး ရေကြီးရေလျှံတာနဲ့ မြေပြိုမှုတွေကြောင့် လွိုင်ကော်၊ နန်းမယ်ခုံ၊ ဒီးမော့ဆို ၊ ဘောလခဲ၊ မော်ချီး၊ ရှားတော၊ မယ်စဲ့နဲ့ ဖယ်ခုံမြို့နယ်တွေက စစ်ဘေးရှောင်စခန်း ၁၆ ခုနဲ့ ကျေးရွာ ၅၄ ရွာက လူဦးရေ ၃သောင်းနီးပါး ရေဘေးသင့်ခဲ့ကာ ၂၅ ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ဒါကြောင့် စစ်ဘေးရှောင်ပြည်သူနဲ့ရေဘေးသင့်ပြည်သူတွေ ကြုံတွေ့နေရတဲ့ ခက်ခဲတဲ့စိန်ခေါ်မှုတွေကို နိုင်ငံတကာကသိရှိပြီး ပံ့ပိုးကူညီတာတွေ တိုးမြှင့်ပေးဖို့ IEC က မေတ္တာရပ်ခံထားတာဖြစ်ပါတယ်။
========================
📌📌 ၅။ အကျဉ်းထောင်များတွင် သန်းခေါင်စာရင်းကဲ့သို့ အချက်အလက်များကို ထောင်အာဏာပိုင်များမှ ကောက်ယူနေ
အောက်တိုဘာ (၂၈)၊
Radio NUG
အကျဉ်းထောင်များတွင် သန်းခေါင်စာရင်းကဲ့သို့ အချက်အလက်များကို ထောင်အာဏာပိုင်များမှ ကောက်ယူနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က အသိပေးဆိုပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်ကောင်စီ၏ လက်အောက်ခံ အကျဉ်းထောင်များတွင် ၂၀၂၄ခုနှစ် စက်တင်ဘာလမှစ၍ အကျဉ်းသား၊အကျဥ်းသူများ၏ အချက်အလက်အချို့ကို ထောင်အာဏာပိုင်များက မေးမြန်းမှုများ ပြုလုပ်လျက်ရှိတယ်လို့ PPNMက ဖော်ပြပါတယ်။
အကျဉ်းဦးစီးဝန်ထမ်းများ၏ မေးမြန်းမှုများတွင် အမည်၊ အဘအမည်၊ အသက်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာနှင့် အိမ်ထောင်ရှိမရှိကို အဓိက မေးမြန်းလျက်ရှိပြီး အကျဉ်းထောင်တစ်ခုနှင့် တစ်ခုတွင် မေးမြန်းမှုများ မတူညီကြသည်ကိုလည်း PPNMမှ စီစစ်တွေ့ရှိရတယ်လို့ ဖော်ပြပါတယ်။
ထိုကဲ့သို့ မေးမြန်းမှုများကို အကျဉ်းဦးစီး ဝန်ထမ်းများမှ တဆင့်မေးမြန်းခဲ့သည်ကို တွေ့ရှိရပြီး အကျဉ်းထောင်ရောက်ရှိချိန်မှစ၍ ထောင်အဝင်၌ ကိုယ်ရေးအချက်အလက်(၃၂)ချက်ကို ထောင်မှ ကောက်ထားပြီးဖြစ်သည့်အတွက် ထပ်မံကောက်ယူမှုအပေါ် နိုင်ငံရေးအကျဉ်းသားများအနေဖြင့် စိုးရိမ်ပူပန်မှုများလည်း ရှိနေကြတယ်လို့ဆိုပါတယ်။
လက်ရှိတွင် စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် သန်းခေါင်စာရင်းကောက်ယူမှုများကို ပြုလုပ်နေသောကြောင့် အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားများသည် မဲပေးခွင့်မရှိသော်လည်း မဲမသမာမှုများ ပြုလုပ်မည်ကိုလည်းကောင်း၊ စစ်ရေးအရ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်းများ ဖြစ်ပေါ်လာမည်ကိုလည်းကောင်း အသီးသီး စိုးရိမ်နေကြတယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၆။ မင်းမော်ကွန်းသရုပ်ဆောင်ထားတဲ့ "ဖြတ် - Wide Awake" ရုပ်ရှင်ဇာတ်လမ်းတိုကို ပထမဦးဆုံးပွဲစဉ်အဖြစ် နိုဝင်ဘာလ ၉ ရက်နေ့မှာ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ပြသသွားမယ်
အောက်တိုဘာ၂၈ရက်
Radio NUG
မင်းမော်ကွန်းသရုပ်ဆောင်ထားတဲ့ "ဖြတ် - Wide Awake" ရုပ်ရှင်ဇာတ်လမ်းတိုကို ပထမဦးဆုံးပွဲစဉ်အဖြစ် နိုဝင်ဘာလ ၉ ရက်နေ့မှာ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ပြသသွားမယ်လို့သိရပါတယ်။
သတ္တိနဲ့ပွင့်လန်းနေဆဲ ပန်းတပွင့်ဖြစ်တဲ့ သရုပ်ဆောင် မင်းမော်ကွန်း တော်လှန်ရေးကာလအတွင်း ပထမဆုံး ပြန်လည်သရုပ်ဆောင်ထားတဲ့ "ဖြတ် - Wide Awake" ရုပ်ရှင်ဇာတ်လမ်းတိုကို ရန်ပုံငွေပွဲအဖြစ် နိုင်ငံတကာမှာ မကြာခင် ပြသတော့မှာဖြစ်တယ်လို့ဆိုပါတယ်။
ဒီဇာတ်ကားကို Together Production က တင်ဆက်ရိုက်ကူးထားတာဖြစ်ပြီးတော့ အခြားသော တော်လှန်အနုပညာရှင်များစွာလည်း ပါဝင် သရုပ်ဆောင်ထားပါတယ်။
ပထမဦးဆုံးပွဲစဉ်အဖြစ် နိုဝင်ဘာလ ၉ ရက်နေ့မှာ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ပြသသွားမှာဖြစ်ပြီး လက်မှတ်တွေကို Helping Hands For Burma - H2B Page မှာ ကြိုတင် ဝယ်ယူအားပေးနိုင်ပြီလို့သိရပါတယ်။
========================
📌📌 ၇။ "Operation 1027"တနှစ်ပြည့် အဖြစ် တော်လှန်ရေးအင်အားစုများ၊ မဟာမိတ်တပ်ဖွဲ့များအား ထောက်ခံကြောင်း ဂျပန်မှာ မြန်မာအင်အားစုများဆန္ဒဖော်ထုတ်
အောက်တိုဘာ၂၈ရက်
Radio NUG
"Operation 1027"တနှစ်ပြည့် အဖြစ် တော်လှန်ရေးအင်အားစုများ၊ မဟာမိတ်တပ်ဖွဲ့များအား ထောက်ခံကြောင်း ဂျပန်မှာ မြန်မာအင်အားစုများ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီတပ်များအား တိုက်ခိုက်ချေမှုန်းကာ တော်လှန်ရေးချိန်ခွင်လျှာအား သိသိသာသာ အလှည့်အပြောင်းဖြစ်စေခဲ့သည့် "Operation 1027" တစ်နှစ်ပြည့်အဖြစ် အောက်တိုဘာ၂၇ရက်တွင် လူထုဆန္ဒဖော်ထုတ်ပွဲအား ဂျပန်နိုင်ငံ၊တိုကျိုမြို့ရှိ စစ်ကောင်စီလက်အောက်ခံ စစ်အခွန်ရုံးရှေ့တွင် စုစည်းပြုလုပ်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
တော်လှန်ရေးအင်အားစုများ၊ မဟာမိတ်တပ်ဖွဲ့များ၏ လုပ်ဆောင်ချက်များအား အပြည့်အဝထောက်ခံကြောင်း ၊ စွန့်လွှတ်အနစ်နာခံတိုက်ပွဲဝင်ခဲ့ကြသော သူရဲကောင်းအာဇာနည်များ၏ မပြီးဆုံးသေးသော တော်လှန်ရေးရည်မှန်းချက်များအား ဆက်လက်အကောင်အထည်ဖော် ပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ အရပ်သားများအား အကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်နေသည့် စစ်ကောင်စီအား အပြင်းအထန်ရှုတ်ချကြောင်း၊ သံတမန်ကျင့်ဝတ်နှင့် မညီသောသံဝန်ထမ်းများအားလည်း မိမိတို့ပြည်သူများမှ အလိုမရှိကြောင်း၊ ထိုက်သင့်သော အပြစ်ပေးအရေးယူမှုများ ဆောင်ရွက်နိုင်ရေး ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကြွေးကြော်သံများ တိုင်တည်ကာ ပြင်းပြင်းထန်ထန် ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့သိရပါတယ်။
========================
📌📌 ၈။ Airbus: End investment in AVIC စစ်ရာဇဝတ်မှုတွေမှာ ရင်းနှီးမြုပ်နှံနေတာ အဆုံးသတ်၊ ခေါင်းစဥ်နဲ့ လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက ပြုလုပ်
အောက်တိုဘာ၂၈ရက်
Radio NUG
Airbus: End investment in AVIC စစ်ရာဇဝတ်မှုတွေမှာ ရင်းနှီးမြုပ်နှံနေတာ အဆုံးသတ်၊ ခေါင်းစဥ်နဲ့ လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက ပြုလုပ်ခဲ့တယ်လို့ အောက်တိုဘာ၂၈ရက်မှာ လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက ဖော်ပြပါတယ်။
ပြည်သူတွေအပေါ် အကြမ်းဖက်ဖိနှိပ်ပြီး ရပ်ရွာလူနေအိမ်များနှင့် မြို့ပြတွေပေါ်အထိ တိုက်လေယာဥ်များဖြင့် ဗုံးကျဲတိုက်ခိုက်နေမှုကို ရပ်တန့်ပေးရန် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်တိုက်ပွဲက တောင်းဆိုလှုပ်ရှားမှုကို အောက်တိုဘာ ၂၈ ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုတွေကို အဆုံးသတ်ဖို့ Airbus: End investment in AVIC ခေါင်းစဥ်နဲ့ လှုပ်ရှားခဲ့ကြပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများနဲ့ ချီတက်သပိတ်ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးက ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ တောင်းပိုင်းစစ်ဒေသနယ်မြေမှာဖြစ်တဲ့ တိုက်ပွဲတွေမှာ ၃ ရက်အတွင်း စစ်သား ၁၇ ဦးသေဆုံး
အောက်တိုဘာ ၂၈
Radio NUG
တောင်းပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲနယ်မြေဖြစ်တဲ့ ပဲခူးတိုင်းအတွင်း တိုက်ပွဲတွေဖြစ်ခဲ့ရာမှာ ၃ ရက်အတွင်း စစ်သား ၁၇ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရသွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ် ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ပါတယ်။
တောင်းပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲနယ်မြေအတွင်းမှာရှိတဲ့ ပဲနွယ်ကုန်း၊ ကြိုပင်ကောက်၊ ကျောက်ကြီးနဲ့ တောင်ငူ မြို့နယ်တို့မှာရှိတဲ့ အထိုင်ချ စစ်ကောင်စီစခန်းတွေနဲ့ စစ်တပ်စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက စစ်ဆင်ရေးဖော်ဆောင်ပြီး တိုက်ခိုက်ခဲ့တာလို့သိရပါတယ်
ကြို့ပင်ကောက်မြို့နယ် ကွင်းချောင်းကျေးရွာဘက်ကထွက်လာတဲ့ အင်အား ၁ဝဝ ခန့်ပါ စစ်တပ်စစ်ကြောင်းကို သာယာဝတီ ခရိုင် တပ်ရင်း-၃၈၀၂ ၊ တပ်ခွဲ-၆ Black Dragon GBK-PDF ရဲဘော်တွေ အောက်တိုဘာ ၂၅ ရက်နေ့က မိုင်းဆွဲပြီး ၄ဝ မမ နဲ့ပါတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၁၁ ဦးသေဆုံးခဲ့တယ်လို့ တောင်းပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲကလည်း ထုတ်ပြန် ထားပါတယ်။
ဒါကြောင့် ပဲနွယ်ကုန်း၊ ကျောက်ကြီးနဲ့ တောင်ငူမြို့နယ်တို့မှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦး သေဆုံးခဲ့တယ်လို့ နားလည်ရပါတယ်။
တောင်ပိုင်းစစ်ဒေသအနေနဲ့ တိုက်ပွဲဖြစ်စဉ်တွေကို အသေးစိတ်ဖော်ပြမထားပေမယ့် တိုက်ပွဲတွေကတဆင့် ရန်သူ စကစ သေနတ်တလက်ကို ရေတာရှည်မြို့နယ် ပကဖ အဖွဲ့က သိမ်းဆည်းရမိခဲ့တယ်လို့ အသိပေးထားပါတယ်။
ဒီတိုက်ခိုက်မှုတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖနဲ့ KNLA တပ်ရင်း ၉ ဒရုန်းအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
========================
🚩🚩 ၂။ အာရှလမ်းမကြီးတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီဘက်ကအထိနာနေ၍ လက်နက်ကြီးပစ်ကူ၊ လေယာဉ်ပစ်ကူများ ဆက်တိုက်လုပ်ဆောင်
အောက်တိုဘာလ ၂၈ ရက်
Radio NUG
ကော့ကရိတ် မြဝတီ အာရှလမ်းမကြီးတွင် တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားရာ လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ရန် စစ်ကူတက်လာသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့တို့ အောက်တိုဘာ ၂၇ ရက်နေ့အထိ တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲဖြစ်တယ်လို့ တောင်ပိုင်းစစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က သတင်းထုတ်ပြန်ပါတယ်။
အဆိုပါတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် ၃၊ ဗျူဟာ ၃၂ ကော်ဘရာစစ်ကြောင်း ၁၊ ကော်ဘရာ စစ်ကြောင်း ၂၊ ကျားသစ်နက်စစ်ကြောင်း၊ရောင်နီ(တောင်ပိုင်းဒရုန်းအထူးတပ်ဖွဲ့)၊ Golden Eagle ဒရုန်းတပ်ဖွဲ့ နှင့် KNU-KNLA၊ Federal Wings၊ Justice Wings၊ Fixed Wings ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၇ဦး ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့တယ်လို့သိရပါတယ်။
အောက်တိုဘာ ၂၇ ရက်နေ့တိုက်ပွဲတွင် MA1 ၂လက်နှင့် ခဲယမ်းအချို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ထပ်မံသိမ်းဆည်းရမိခဲ့ပြီး လက်ရှိအချိန်တွင် အောင်ဇေယျစစ်ကြောင်းအနေဖြင့် သေဆုံးဒဏ်ရာရရှိမှုနှင့် လက်နက်ခဲယမ်းဆုံးရှုံးမှု များပြားသဖြင့် စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူ၊ လေယာဉ်ပစ်ကူများ ဆက်တိုက်လုပ်ဆောင်နေတယ်လို့သိရပါတယ်။
========================
🚩🚩 ၃။ အောင်လံမြို့နယ်က ကျေးရွာတွေကို ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ လိုက်ပါလာတဲ့ကားကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၇ ဦး ထက်မနည်းသေဆုံး
အောက်တိုဘာ ၂၈
Radio NUG
မကွေးတိုင်း အောင်လံမြို့နယ်ထဲက ကျေးရွာတွေကို ဖျက်ဆီးခဲ့ကြတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါတဲ့ ကားကို မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၇ ဦး ထက်မနည်း သေဆုံးသွားတယ်လို့ အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
အောင်လံမြို့အခြေစိုက် အမှတ် ၇၁ ခြေလျင်တပ်ရင်း၊ ကပစ-၁၅ နဲ့ ရွှေပန်းတောတိုက်နယ်အထိုင်စခန်းတို့က အင်အား ၅၂ ဦးပါ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဗိုလ်ကြီး မျိုးမြင့်လှိုင် ဦးဆောင်ပြီး တလုတ်ပင်အထိုင်စခန်းကတဆင့် တောလမ်း တွေကို အသုံးပြုကာ ကရင်မစမ်းကျေးရွာကို ဝင်ရောက်စီးနင်းပြီးနောက် အောက်တိုဘာ ၂၁ ကနေ ၂၆ အထိ တပ်စွဲခဲ့တယ်လို့ ဆိုပါတယ်။
ဒီစစ်ကြောင်းဟာ ကရင်မစမ်းကျေးရွာမှာ အထိုင်ချတပ်စွဲပြီး အနီးဝန်းကျင်ကကျေးရွာတွေကို ရှာဖွေရှင်းလင်းကာ လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး ပြည်သူပိုင် ကြက်များ၊ ကြက်ဥများနဲ့ စားနပ်ရိက္ခာတွေကို ခိုးယူစားသောက်သွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြည်သူပိုင်အိမ်တွေကို ဝင်ရောက်မွှေနှောက်ရှာဖွေပြီး စားနပ်ရိက္ခာနဲ့ ငွေကြေးတွေယူဆောင်ကာ အောက်တိုဘာ ၂၆ ရက်နေ့ ညနေပိုင်းမှာ တလုတ်ပင်အထိုင်စခန်းကို ပြန်လည်ရောက်ရှိခဲ့ပြီး အောက်တိုဘာ ၂၇ ရက်နေ့မှာ အောင်လံမြို့ကို ပြန်သွားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အောက်လံမြို့ကို ပြန်လာတဲ့ စစ်သား ၂၅ ဦးခန့် လိုက်ပါလာတဲ့ကားကို တော်လှန်ရေးတပ်ဖွဲ့တွေက ကျောက်ပုံကျေးရွာနဲ့ သံပုရာခုံကျေးရွာကြားမှာ အောက်တိုဘာ ၂၇ ရက် မနက် ၈ နာရီခွဲခန့်မှာ မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အကြမ်းဖက်စစ်သား ၇ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦး ပြင်းထန်ဒဏ်ရာရသွားတာလို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို သရက်ခရိုင် အမှတ် ၁ တပ်ရင်း၊ နေပြည်တော်တပ်ရင်း ၉၀၂ ၊ နေပြည်တော်တပ်ရင်း ၈၀၄ ၊ မကွေး တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အောင်လံ ပကဖတို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘူးလို့ အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ ကြို့ပင်ကောက်တွင် စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၀ ဦးထက်မနည်း သေဆုံး
အောက်တိုဘာ ၂၈
Radio NUG
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ အေးရွာလေးရွာတွင် စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၀ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ Black Dragon GBK - PDF အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၂၆ ရက်နေ့ မနက် ၆ နာရီခန့်မှာ ဥယျာဉ်ကြီးရွာမှ ထွက်လာတဲ့ အင်အား ၃၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို စောင့်ကြိုမိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သား ၁၀ ဦး နေရာမှာပဲ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ များပြားခဲ့ကာ စစ်ကူလာတဲ့ ဖောကား နှစ်စီးဖြင့် သယ်ယူပြီး တပ်ဆုတ်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုကို သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၆၊ Black Dragon GBK PDF အဖွဲ့က ဆောင်ရွက်ခဲ့တာဖြစ်ပြီး အထိနာသွားတဲ့ စစ်ကောင်စီတပ်က ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်တာတွေ ပြုလုပ်နေတာကြောင့် ၎င်းတို့အနီးမှာ သွားလာနေထိုင်ခြင်း မပြုကြဖို့ကို သတိပေး ထားပါတယ်။
========================
🚩🚩 ၅။ ပခုက္ကူနယ် တင်းဂါတ်ရွာ ပြည်သူ့စစ်ဂိတ်ကို တိုက်ခိုက်မှု ပျူ ၂ ဦးသေဆုံး
အောက်တိုဘာ ၂၈
Radio NUG
မကွေးတိုင်း ပခုက္ကူမြို့နယ် တင်းဂါတ်ရွာက ပြည်သူ့စစ်ဂိတ်စခန်းကို ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦး သေဆုံးသွားတယ်လို့ ဒေသတော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။
ပျူစောထီးတွေအထိုင်ချနေတဲ့ တင်းဂတ်ရွာ ပြည်သူ့စစ်ဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အောက်တိုဘာ ၂၇ ရက်နေ့က ဖျက်အားပြင်း ဗုံးသီးတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မနက် ၁ဝ နာရီကနေ မွန်းတည့် ၁၂ နာရီအထိ ဒရုန်းတွေနဲ့ ဖျက်အားပြင်းဗုံး ၁၆ လုံး ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ပျူစောထီး ၂ ဦးသေဆုံးသွားသလို ဒဏ်ရာရသွားသူတွေလည်း အများအပြားရှိတယ်လို့ အသိပေးထားပါတယ်။
တင်းဂါတ်ရွာပြည်သူ့စစ်ဂိတ်စခန်းဟာ ခရီးသွားပြည်သူတွေကို အနိုင်ကျင့်ဗိုလ်ကျနေပြီး ဆပ်ကြေးတွေ အဆမတန် ကောက်ခံတာနဲ့ ဖမ်းဆီးနှိပ်စက်တာတွေ လုပ်နေတဲ့ဂိတ်စခန်းတခုဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် မြိုင်ပကဖ ၊ ပေါက်ပကဖ ၊ Bly ပျောက်ကျားတပ်ဖွဲ့၊ PKU Thurain ၊ Black Cobra Force (ကမ္မတပ်ပါင်းစု) နဲ့ DMG ဓားမင်းကြီးအဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၆။ စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ်တွင် ပေါင်(၃၀၀)(၂)လုံးအပါအဝင် ဗုံး(၁၁)လုံး လာရောက်ကြဲချတိုက်ခိုက်၊ ဒေသခံ(၁)ဦးသေဆုံး၊ (၁)ဦး ထိခိုက်ဒဏ်ရာရ
အောက်တိုဘာလ ၂၈
Radio NUG
တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်က ပေါင်(၃၀၀)ဗုံး(၂)လုံးအပါအဝင် ဗုံး(၁၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူ(၁)ဦးသေဆုံးကာ (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။
အောက်တိုဘာလ(၂၇)ရက်နေ့ ည(၇း၄၅)မိနစ်အချိန်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် နောင်ချိုမြို့နယ်ရှိ သပြေရပ်ကွက်တွင် ပြည်သူများကို ဦးတည်ပြီး ပေါင်(၃၀၀) (၂)လုံးနှင့် ည(၈း၁၅)မိနစ်အချိန်တွင် ဗုံး(၉)လုံး စုစုပေါင်း(၁၁)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့နယ် သပြေရပ်ကွက်နေ အသက်(၆၀)နှစ်ရှိ ဦးသိန်းထွန်း အမျိုးသား(၁)ဉီး သေဆုံးခဲ့ရပြီး အသက်(၅၀)ဝန်းကျင်ရှိ ဒေါ်ပု အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၃)လုံး ထိခိုက်ပျက်စီးခဲ့ရပါတယ်။
အောက်တိုဘာလ(၂၈)ရက်နေ့၊ နံနက်အစောပိုင်း(၂)ခွဲနာရီအချိန်တွင်လည်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် မုံးစီးမြို့နယ် ရေပူစမ်းအနီးတွင် ဗုံး(၈)လုံးထက်မနည်း လာရောက်ကြဲချခဲ့ပြီး ဒေသခံများ၏ နေအိမ်အဆောက်အဦတချို့ ထိခိုက်ပျက်စီးခဲ့ရပါတယ်။
ထို့အပြင် အောက်တိုဘာလ(၂၇)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် (၃)ကြိမ်လာရောက်ကာ နမ့်ခမ်းမြို့ စခန်းသစ်အနီးတွင် ဗုံး(၂)လုံး၊ မန်ဆာနတ်စဉ်ကုန်းနှင့် လယ်ကွက်နားတွင် ဗုံး(၆) စုစုပေါင်း ဗုံး(၈)လုံး လာရောက်ကြဲချခဲ့ခြင်းကြောင့် လူထိခိုက်မှုမရှိသော်လည်း ဒေသခံများ၏ စပါးခင်းများ ထိခိုက်ပျက်စီးခဲ့ရတယ်လို့TNLAထံမှသိရပါတယ်။
========================
🚩🚩 ၇။ ရေတာရှည်မြို့နယ်က စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေ သေနတ် ၁ လက် သိမ်းဆည်းရရှိ
အောက်တိုဘာ ၂၈
Radio NUG
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကြို့ပင်ရွာ၊ အမြန်လမ်း ၁၆၄ မိုင် ၇ ဖာလုံမှာ ရှိတဲ့ စစ်ကောင်စီတပ် ဂိတ်စခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ ရေတာရှည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထံက သိရပါတယ်။
အောက်တိုဘာလ ၂၇ ရက် မနက်ပိုင်းမှာ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တွေက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်သား ၂ ဦး သေဆုံးကာ ၃ ဦး ထက်မနည်း ဒဏ်ရာရခဲ့ပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ဆင်ရေးကို ရေတာရှည်မြို့နယ် အနောက်ခြမ်း ပကဖ စနိုက်ပါအဖွဲ့က ဦးဆောင်ပြီး အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး အလယ်ထူး ၉၉၁၈ တပ်ဖွဲ့နဲ့ YDAF တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၈။ သီလုံး ပြည်သူ့စစ် တဦး လက်နက် ခဲယမ်းများနဲ့ ပကဖထံ အလင်းဝင်
အောက်တိုဘာ ၂၈
Radio NUG
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီလုံးကျေးရွာမှ ပြည်သူ့စစ် အဖွဲ့ဝင်တဦး လက်နက် ခဲယမ်းများနဲ့ နယ်မြေခံ ပကဖ Daung Mann ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံကို အလင်းဝင်လာခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၂၃ ရက်နေ့ ည ၉ နာရီခန့်မှာ အဆိုပါ ပြည်သူစစ် အဖွဲ့ဝင်ဟာ အလင်းဝင်ဖို့ ချိတ်ဆက် အကူအညီ တောင်းခံလာတာကြောင့် ပကဖ နဲ့ ရွှေဘိုခရိုင်၊ တပ်ရင်း ၄၊ တပ်ခွဲ ၃ မှ အန္တရာယ်ကင်းစွာ သွားရောက်ခေါ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
၎င်းဟာ သီလုံးပြည်သူ့စစ်များနဲ့ ပျူလက်နက်ကိုင်များရဲ့ ဖိအားပေးမှုကြောင့် ၂၀၂၄ နှစ်စပိုင်းမှာ ပြည်သူစစ်ထဲကို ဝင်ရောက်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ အလင်းဝင် ပြည်သူ့စစ်ဟာ ကာဘိုင်သေနတ် တလက်၊ ကျည်ဘောက် ၂ ခု၊ ကာဘိုင်ကျည် ၁၆၀ တို့ကို ၎င်းနဲ့အတူ ယူဆောင် လာခဲ့တယ်လို့ အသိပေး ဖော်ပြထားပါတယ်။
========================
🚩🚩 ၉။ ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှ အောင်မြင်စွာသိမ်းပိုက် ပြန်လာသောတော်လှန်ရေးရဲဘော်များကိုပြည်သူများကြိုဆို
အောက်တိုဘာ၂၈ရက်
Radio NUG
စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှ အောင်မြင်စွာသိမ်းပိုက်ပြန်လာသော တော်လှန်ရေးရဲဘော်များကို ပြည်သူများကြိုဆိုခဲ့တယ်လို့ အောက်တိုဘာ၂၈ရက်မှာ ပြည်သူ့အစေတော်လှန်ရေးတပ်ဖွဲ့က အသိပေးဖော်ပြပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှ အောင်မြင်စွာသိမ်းပိုက်ပြန်လာသော ပြည်သူ့အစေတော်လှန်ရေးတပ်ဖွဲ့ ရဲဘော်များကို ပြည်သူလူထုက ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်လို့ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲကို တော်လှန်ရေးတပ်ဖွဲ့များ စုပေါင်း၍ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment