၂၀၂၄ အောက်တိုဘာလ ၃၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ဒေဝါလီ (ဒီပါဝလီ) နေ့ထူးနေ့မြတ် အခါသမယတွင် ပြည်တွင်းပြည်ပရှိ ဟိန္ဒူဘာသာဝင်များ အားလုံးနှင့်တကွ မြန်မာလူထုတရပ်လုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများ ရရှိဖို့ပြည်ထောင်စုဝန်ကြီးချုပ်ဆုမွန်ကောင်းတောင်း
📌 ၂။ ဟိန္ဒူဘာသာဝင်များ၏ မီးထွန်းပွဲတော် ဒီပါဝါလီနေ့အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကသဝဏ်လွှာထုတ်ပြန်
📌 ၃။ ”နွေဦးထီဆိုတာ စကစရဲ့ အောင်ဘာလေထီကို ယှဉ်ပြိုင်ရိုက်ချိုးရင်း CDM သူရဲကောင်းတွေအတွက်စွမ်းနိုင်သမျှ ချီးကြူးဂုဏ်ပြုနေတဲ့ အစီအစဉ်ဖြစ်တယ်"လို့ဆို
📌 ၄။ မြန်မာနိုင်ငံမှာကျန်းမာရေး အခွင့်အရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အခြေအနေများကို ကမ္ဘာကြီးအနေဖြင့် နှုတ်ဆိတ် မနေသင့်ဘူးလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးပြောကြား
📌 ၅။ မြန်မာနိုင်ငံမှာ စကစကလူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ကုလသမဂ္ဂနဲ့ ပတ်သက်ပြီးတော့ အရေးယူဆောင်ရွက်မှုတွေ နှေးကွေးမှုအားဆွေးနွေးခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းအသိပေးဆို
📌 ၆။ ထိုင်းနိုင်ငံ လယောင်မြို့ရှိ ရေပိုက်လိုင်းတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမား (၁၁) ဦး လုပ်အားခလစာများပြန်လည်ရရှိရေး ကူညီပေးနိုင်ခဲ့
📌 ၇။ မိုးမိတ်မြို့နယ်အတွင်းက အခြေခံပညာကျောင်းတွေကို နိုဝင်ဘာလ ၁ ရက်နေ့မှာ ဖွင့်လှစ်နိုင်ရေးအတွက် မိုးမိတ်ခရိုင်ပကဖက ပူးပေါင်းပါဝင်ဆွေးနွေး
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ KIA တပ်မဟာ (၉) ဌာနချုပ်ဧရိယာကို စစ်ကောင်စီ လေကြာင်းကနေတိုက်ခိုက်
🚩 ၂။ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်တာကြောင့် ၂လအတွင်း အရပ်သား ၇ ဦးသေဆုံးကာ ၅၇ ဦး ဒဏ်ရာရ
🚩 ၃။ PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနက ကျေးရွာပေါင်း ၃၀ ကွင်းဆင်းအသိပညာပေး
🚩 ၄။ ရန်ကုန်မြို့လယ်မှာ "ကြောက်ခေတ်ကိုမှောက်ပစ်"ဆိုတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ဒေဝါလီ (ဒီပါဝလီ) နေ့ထူးနေ့မြတ် အခါသမယတွင် ပြည်တွင်းပြည်ပရှိ ဟိန္ဒူဘာသာဝင်များ အားလုံးနှင့်တကွ မြန်မာလူထုတရပ်လုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများ ရရှိဖို့ပြည်ထောင်စုဝန်ကြီးချုပ်ဆုမွန်ကောင်းတောင်း
အောက်တိုဘာ၃၁ရက်
ဒေဝါလီ (ဒီပါဝလီ) နေ့ထူးနေ့မြတ် အခါသမယတွင် ပြည်တွင်းပြည်ပဟိန္ဒူဘာသာဝင်များ အားလုံးနှင့်တကွ မြန်မာလူထုတရပ်လုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများ ရရှိဖို့ပြည်ထောင်စုဝန်ကြီးချုပ် မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
အောက်တိုဘာ၃၁ရက် ယနေ့က်မှာကျရောက်သော ဟိန္ဒူဘာသာဝင်တို့၏ ဒေဝါလီ (ဒီပါဝလီ) နေ့ထူးနေ့မြတ် အခါသမယတွင် ပြည်တွင်းပြည်ပရှိ ဟိန္ဒူဘာသာဝင်များ အားလုံးနှင့်တကွ မြန်မာလူထုတရပ်လုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများ ရရှိလျက် ဘေးကင်းရန်ကွာ လုံခြုံသာယာပြီး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆက်လက်လှမ်းချီနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်"လို့ဝန်ကြီးချုပ်ကဆိုထားပါတယ်။
========================
📌📌 ၂။ ဟိန္ဒူဘာသာဝင်များ၏ မီးထွန်းပွဲတော် ဒီပါဝါလီနေ့အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကသဝဏ်လွှာထုတ်ပြန်
အောက်တိုဘာလ ၃၁ ရက်
ဟိန္ဒူဘာသာဝင်များ၏ မီးထွန်းပွဲတော် ဒီပါဝါလီနေ့အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက အောက်တိုဘာ၃၁ရက်မှာ သဝဏ်လွှာထုတ်ပြန်လိုက်ပါတယ်။
ဟိန္ဒူဘာသာဝင်များ၏ မီးထွန်းပွဲတော် ဒီပါဝါလီနေ့ နေ့ထူးနေ့မြတ် အချိန်အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ဟိန္ဒူဘာသာဝင်များအားလုံး ဘေးကင်းလုံခြုံကြပါစေကြောင်းနှင့် မီးထွန်းညှိပူဇော်ခြင်းဖြင့် အမှောင်ကိုခွင်း၍ အလင်းကိုဆောင်ကာ အဆိုးအညံ့များ ကင်းဝေးလျက် ကောင်းသောအရာများ ရရှိပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်လို့ဖော်ပြပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က အာဏာသိမ်းယူလိုက်ခြင်းကြောင့် ဟိန္ဒူဘာသာဝင်များအပါအဝင် အခြားသော ဘာသာဝင်များနှင့် လူမျိုးပေါင်းစုံတို့၏ နှစ်စဥ်ကျင်းပလေ့ရှိသော ရိုးရာဓလေ့ပွဲတော်များသည်လည်း ပျော်ရွှင်စွာ ဆင်နွှဲနိုင်ခြင်း မရှိတော့ဘဲ အကြမ်းဖက်စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းမှသာလျှင် နိုင်ငံတစ်ဝှမ်းတွင် ပြည်သူလူထုအနေဖြင့် လွတ်လပ်စွာ ဆင်ယင်ကျင်းပလေ့ရှိသော ရိုးရာပွဲတော်များကို ပျော်ရွှင်စွာ ပြန်လည်ကျင်းပနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။
တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ဘာသာဝင်ပေါင်းစုံတို့အားလုံး အတူတကွ ယှဉ်တွဲနေထိုင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော၊ တန်းတူညီမျှသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် ဟိန္ဒူဘာသာဝင်များအနေဖြင့် တော်လှန်ရေးအင်အားစုများအားလုံးတို့နှင့်အတူ စုစည်းညီညွတ်မှုနှင့် ယုံကြည်နားလည်မှုတို့ဖြင့် ရှေ့ဆက်ချီတက်နေသည့်အတွက် မိမိတို့အနေဖြင့် ဝမ်းမြောက်စွာ ဂုဏ်ပြုလိုတယ်လို့ဖော်ပြပါတယ်။
နွေဦးတော်လှန်ရေးသည် လူမျိုးစုတစ်ခု၊ ဘာသာတရားတစ်ခု၊ တစ်ဦးတစ်ယောက် အတွက်ဆင်နွှဲနေသည့် တော်လှန်ရေးမဟုတ်ဘဲ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာဝင်ပေါင်းစုံအားလုံးအတွက် တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ရရှိနိုင်ရန် ကြိုးပမ်းနေသည့် တော်လှန်ရေး ဖြစ်ပြီးပြည်သူလူထုအနေဖြင့် နွေဦးတော်လှန်ရေးအောင်ပွဲများ ပိုမိုပီပြင်စွာ ဖော်ဆောင်နိုင်လာသည်နှင့်အမျှ အကြမ်းဖက်စစ်အာဏာရှင်အုပ်စုအနေဖြင့် များစွာ တုန်လှုပ်ခြောက်ခြားလျက်ရှိတယ်လို့ဆိုပါတယ်။
ဒီပါဝါလီနေ့တွင် မီးထွန်းပူဇော်ရခြင်းအကျိုးကြောင့် ကာလီမယ်တော်နှင့် လက်ချ်မီးမယ်တော်တို့၏ စောင့်ရှောက်မှုများရရှိကာ ဟိန္ဒူဘာသာဝင်များနှင့်အတူ အခြားသော ဘာသာဝင် တိုင်းရင်းသားပြည်သူများအားလုံး စစ်အာဏာရှင်စနစ်ဆိုးအမှောင်ထုအား အပြီးတိုင်ဖြိုခွင်းလျက် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် အလင်းရောင်ကို စုပေါင်းအားဖြင့် ဖော်ဆောင်ထွန်းညှိသွား နိုင်မည် အကြွင်းမဲ့ယုံကြည်လျက် ဤသဝဏ်လွှာအား ထုတ်ပြန်အပ်တယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၃။ ”နွေဦးထီဆိုတာ စကစရဲ့ အောင်ဘာလေထီကို ယှဉ်ပြိုင်ရိုက်ချိုးရင်း CDM သူရဲကောင်းတွေအတွက်စွမ်းနိုင်သမျှ ချီးကြူးဂုဏ်ပြုနေတဲ့ အစီအစဉ်ဖြစ်တယ်"လို့ဆို
အောက်တိုဘာ၃၁ရက်
"နွေဦးထီဆိုတာ စကစရဲ့ အောင်ဘာလေထီကို ယှဉ်ပြိုင်ရိုက်ချိုးရင်း CDM သူရဲကောင်းတွေအတွက် စွမ်းနိုင်သမျှ ချီးကြူးဂုဏ်ပြုနေတဲ့ အစီအစဉ်ဖြစ်တယ်"လို့ စီမံကိန်းနဲ့ဘဏ္ဍာရေး၊ရင်းနှီးမြုပ်နှံမှုဝန်ကြီး
ဦးတင်ထွန်းနိုင်က အောက်တိုဘာနောက်ဆုံးမှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် ဆိုထားပါတယ်။
"နွေဦးထီဆိုတာ စကစရဲ့ အောင်ဘာလေထီကို ယှဉ်ပြိုင်ရိုက်ချိုးရင်း CDM သူရဲကောင်းတွေအတွက်စွမ်းနိုင်သမျှ ချီးကြူးဂုဏ်ပြုနေတဲ့ အစီအစဉ်ဖြစ်ပါတယ်။ ဒီတော်လှန်ရေးကို ရှုမြင်သုံးသပ်ချဉ်းကပ်ကြတဲ့အခါ နဝလီ ဆိုတာထက် တစုံလုံးအမြင်နဲ့ ချဉ်းကပ်လိုက်ပါကြဖို့ အထူး.. အထူး.. မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်။ နွေဦးထီ အောင်မြင်ခြင်းသည် တော်လှန်ရေးအောင်မြင်ခြင်း မည်ပါပေတယ်"လို့ဆိုထားပါတယ်။အောင်လံလွှင့်ချီနွေဦးထီမှရောင်းချရငွေအများစုကို CDMဝန်ထမ်းများအားပြန်လည်ထောက်ပံ့ခြင်းတို့ကိုပါလုပ်ဆောင်ပေးလျက်ရှိပါတယ်။
========================
📌📌 ၄။ မြန်မာနိုင်ငံမှာကျန်းမာရေး အခွင့်အရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အခြေအနေများကို ကမ္ဘာကြီးအနေဖြင့် နှုတ်ဆိတ် မနေသင့်ဘူးလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးပြောကြား
အောက်တိုဘာ၃၁ရက်
မြန်မာနိုင်ငံမှာကျန်းမာရေး အခွင့်အရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အခြေအနေများကို ကမ္ဘာကြီးအနေဖြင့် နှုတ်ဆိတ် မနေသင့်ဘူးလို့ The Edward Barsky Award ဆု ချီးမြှင့်ပွဲအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးကပြောကြားလိုက်ပါတယ်။
အောက်တိုဘာလ (၂၇) ရက်နေ့၊ ညနေ (၆) နာရီက အမေရိကန်ပြည်ထောင်စု၊ Minnesota ပြည်နယ်၊ Minneapolis မြို့၌ အမေရိကန်ပြည်သူ့ကျန်းမာရေးအဖွဲ့ (American Public Health Association) ၏ ၂၀၂၄ ခုနှစ် ညီလာခံက ကျင်းပပြုလုပ်သည့် 2024 Health Activist Dinnerတွင် ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။
"ယခုဆုသည် နွေဦးတော်လှန်ရေးအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ လက်ချက်ဖြင့် ထိခိုက်ကျဆုံးခဲ့ရသည့် ကျန်းမာရေးဝန်ထမ်းများ၊ ဖမ်းဆီးနှိပ်စက်ခံရသည့် ကျန်းမာရေးဝန်ထမ်းများ၊ ရှေ့တန်းစစ်မြေပြင်နှင့် ဒေသအသီးသီးတွင် ပြည်သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်စွန့်ကြိုးပမ်းဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများကို ရည်ညွှန်းဂုဏ်ပြုပါကြောင်း၊ ယခုကဲ့သို့ ကျန်းမာရေး အခွင့်အရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည့် အခြေအနေများကို ကမ္ဘာကြီးအနေဖြင့် နှုတ်ဆိတ် မနေသင့်ကြောင်း၊ မြန်မာပြည်သူများ အထူးသဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံဆေးခန်းများအား ပစ်မှတ်ထား၍ တိုက်ခိုက်နေခြင်းကို ကာကွယ်အဆုံးသတ်ပေးရန် မိမိတို့၏ အသံများကို မြှင့်တင်ရမည်ဖြစ်ကြောင်း"ဝန်ကြီးကပြောပါတယ်။
အခမ်းအနားသို့ NUG ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုး ဦးဆောင်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့် CDM ကျန်းမာရေးဝန်ထမ်းများ ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၅။ မြန်မာနိုင်ငံမှာ စကစကလူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ကုလသမဂ္ဂနဲ့ ပတ်သက်ပြီးတော့ အရေးယူဆောင်ရွက်မှုတွေ နှေးကွေးမှုအားဆွေးနွေးခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းအသိပေးဆို
အောက်တိုဘာ၃၁ရက်
"New York မြို့မှာ ကျင်းပတဲ့ Action Day For Burma/Myanmar အခမ်းအနားကို လူ့အခွင့်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်း တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အစီရင်ခံစာတင်သွင်းခဲ့တဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအရာရှိ Mr. Tom Andrew က သူ့ရဲ့နောက်ဆုံး မစီရင်ခံစာနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေ၊ အကြမ်းဖက် စစ်အုပ်စုအပေါ်မှာ နိုင်ငံတကာအနေနဲ့ ဒိထက်ပိုမိုထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ဖြစ်လာဖို့ အကြောင်းတွေကို ပြောကြားသွားခဲ့ပါတယ်။ ဆွေးနွေးပွဲမှာတော့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးအနေနဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ နိုင်ငံတကာရာဇဝတ်မှု အခြေအနေတွေ၊ ဒါ့အပြင် ကုလသမဂ္ဂနဲ့ ပတ်သက်ပြီးတော့ အရေးယူဆောင်ရွက်မှုတွေ နှေးကွေးမှုအပေါ်မှာ ဒိထက် ပိုမိုပြင်းထန်ထိရောက်တဲ့ လုပ်ဆောင်ချက်တွေကို မြန်မာပြည်သူတွေက မျှော်လင့်နေတဲ့အကြောင်း၊ နိုင်ငံတကာအနေနဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ ဘယ်လှည့်ကွက်ကိုမှ မယုံကြည်ပဲ အမြန်ဆုံးထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်နိုင်ဖို့အတွက် ပြောကြားခဲ့ပါတယ်"လို့ အောက်တိုဘာ၃၁ရက်ဆိုရှယ်မီဒီယာမှာ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းက ဆိုထားပါတယ်။
အခမ်းအနားမှာ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက အဖွင့်စကားပြောကြားပြီးတော့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာတို့ကအပိတ်အမှာစကား ပြောကြားခဲ့ပါတယ်။
========================
📌📌 ၆။ ထိုင်းနိုင်ငံ လယောင်မြို့ရှိ ရေပိုက်လိုင်းတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမား (၁၁) ဦး လုပ်အားခလစာများပြန်လည်ရရှိရေး ကူညီပေးနိုင်ခဲ့
အောက်တိုဘာ၃၁ရက်
ထိုင်းနိုင်ငံ လယောင်မြို့ရှိ ရေပိုက်လိုင်းတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမား (၁၁) ဦး လုပ်အားခလစာများပြန်လည်ရရှိရေး ကူညီပေးနိုင်ခဲ့တယ်လို့ အောက်တိုဘာ၃၁ရက်မှာ NUGအလုပ်သမားဝန်ကြီးဌာနက ဖော်ပြပါတယ်။
လယောင်မြို့ရှိ ရေပိုက်လိုင်းတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမား (၁၁) ဦးအား အလုပ်ရှင်မှ လုပ်အားခလစာများကို မရှင်းပေးသဖြင့် နစ်နာသူ အလုပ်သမားများမှ အကူအညီ တောင်းခံလာခဲ့တယ်လို့ဖော်ပြပါတယ်။
အဆိုပါအလုပ်သမားအရေးအားလယောင်မြို့ ဆာဝါဒီကန်ရုံးတွင်တိုင်ကြားပေးခဲ့ပြီး အလုပ်ရှင်ထံမှ လုပ်အားခများ ပြန်လည်ရရှိအောင် ( MHAC) မဟာမိတ်အဖွဲ့နှင့်ပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့တယ်လို့သတင်းထုတ်ပြန်ပါတယ်။
========================
📌📌 ၇။ မိုးမိတ်မြို့နယ်အတွင်းက အခြေခံပညာကျောင်းတွေကို နိုဝင်ဘာလ ၁ ရက်နေ့မှာ ဖွင့်လှစ်နိုင်ရေးအတွက် မိုးမိတ်ခရိုင်ပကဖက ပူးပေါင်းပါဝင်ဆွေးနွေး
အောက်တိုဘာ၃၁ရက်
မိုးမိတ်မြို့နယ်အတွင်းက အခြေခံပညာကျောင်းတွေကို နိုဝင်ဘာလ ၁ ရက်နေ့မှာ ဖွင့်လှစ်နိုင်ရေးအတွက် မိုးမိတ်ခရိုင်ပကဖက ပူးပေါင်းပါဝင်ဆွေးနွေးခဲ့တယ်လို့ အောက်တိုဘာ၃၁ရက်မှာ ပကဖအသံကသတင်းထုတ်ပြန်ဖော်ပြပါတယ်။
မိုးမိတ်မြို့နယ်အတွင်းက အခြေခံပညာကျောင်းတွေကို နိုဝင်ဘာလ ၁ ရက်နေ့မှာ ဖွင့်လှစ်နိုင်ရေးအတွက် မိုးမိတ်ခရိုင်ပကဖက ပူးပေါင်းပါဝင်ကူညီခဲ့ပြီး CDM ဆရာ/ဆရာမတွေ ၊ Volunteerတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ KIA တပ်မဟာ (၉) ဌာနချုပ်ဧရိယာကို စစ်ကောင်စီ လေကြာင်းကနေတိုက်ခိုက်
အောက်တိုဘာလ ၃၁ ရက်
ကချင်လွတ်လပ်ရေးတပ်မတော်-KIA တပ်မဟာ-၉ ဌာနချုပ်နယ်မြေကို စစ်ကောင်စီက ဒီနေ့မနက် ၁ဝ နာရီ ဝန်းကျင် ကစပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
KIA တပ်မဟာ-၉ ဌာနချုပ်ဧရိယာကို စစ်ကောင်စီက ဒီနေ့ မနက် ၉နာရီ ၄၀ ဝန်းကျင်ကစပြီး ၁၁ နာရီ ၁၅ မိနစ်အထိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ ၅ ကြိမ်ရှိသွားပြီလို့ ကချင်စစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။
KIA တပ်မဟာ-၉ ဌာနချုပ်ဧရိယာဟာ ဖားကန့်မြို့နယ်အတွင်းမှာရှိပြီး ပြီးခဲ့တဲ့စက်တင်ဘာအတွင်းက ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာမှာ တိုက်ပွဲတွေပြင်းထန်ခဲ့တာရှိပါတယ်။
စစ်ကောင်စီလေတပ်စခန်းတွေက စစ်ရေးလှုပ်ရှားမှုတွေဆက်တိုက်လုပ်နေတဲ့အတွက် ဒေသခံပြည်သူများအနေနဲ့ လေကြောင်းရန်ကို အထူးသတိပြုနေထိုင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးပြောဆိုနေကြပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီဟာ သူတို့လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ ရှမ်းမြောက်ဒေသက ကိုးကန့်တပ်မတော်- MNDAA နဲ့ တအာင်းတပ်မတော် - TNLA ထိန်းချုပ်ရာမြို့ရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေသလို အညာ ဒေသက တော်လှန်ရေးတပ်တွေအားကောင်းရာ မြို့ရွာတွေကိုလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်လျက်ရှိပါတယ်။
========================
🚩🚩 ၂။ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်တာကြောင့် ၂လအတွင်း အရပ်သား ၇ ဦးသေဆုံးကာ ၅၇ ဦး ဒဏ်ရာရ
အောက်တိုဘာလ ၃၁ ရက်
ကိုးကန့်တပ်မတော်-MNDAA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် ၂ လအတွင်း အရပ်သား ၇ ဦးသေဆုံးပြီး ၅၇ ဦးဒဏ်ရာရခဲ့တယ်လို့ MNDAA က ထုတ်ပြန် ထားပါတယ်။
MNDAA ဘက်က လားရှိုးမြို့ကို သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း ဩဂုတ်လကုန်ပိုင်းကစပြီး စစ်ကောင်စီက လားရှိုးမြို့ပေါ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တွေနဲ့ပတ်သက်လို့ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးရတဲ့အခြေအနေကို အသိပေးလိုက်တာဖြစ်ပါတယ်။
၂ လအတွင်း တိုက်လေယာဉ်တွေနဲ့ ဗုံး ၇၀ ကျော်ကြဲချခဲ့တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရတာနဲ့ သေဆုံး တာတွေရှိခဲ့တဲ့အပြင် လူနေအိမ်နဲ့ အဆောက်အအုံများ၊ စာသင်ကျောင်း၊ ဈေး၊ ဆေးရုံ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ လမ်း တွေအပါအဝင် ပြည်သူလူစုဝေးရာနေရာတွေနဲ့ အများသုံးအခြေခံအဆောက်အအုံတွေ ဖျက်ဆီးခံခဲ့ရတယ်လို့ MNDAA က ဆိုပါတယ်။
စစ်ရေးမှာ ရှုံးနိမ့်နေတဲ့စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာမှာ ဒေသတွင်းဘာသာရေး အဆောက် အအုံတွေဟာ အဓိကပစ်မှတ်အနေနဲ့ တိုက်ခိုက်ခံလာရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အောက်တိုဘာအတွင်း တရုတ် ကွမ်ရင်ဘုရားကျောင်း၊ သာသနာ ၂၅၀၀ ပြည်လုံးချမ်းသာစေတီတော်၊ အီနိုင်းရွာက ခရစ်ယာန်ဘုရားကျောင်းနဲ့ သိန္နီမြို့က ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ ရည်ညွှန်းလိုက်တာဖြစ်ပါတယ်။
တိုက်ပွဲမရှိတဲ့ကာလမှာ စစ်ရေးနဲ့မသက်ဆိုင်တဲ့နေရာတွေကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်တာဟာ လုံး၀ မလုပ်သင့်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ လားရှိုးမြို့ပြန်လည်ထူထောင်ရေးအဖွဲ့ကလည်း ပြောထားပါတယ်။
အခုလို စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေရှိတဲ့နေရာတွေနဲ့ ဘာသာရေးအဆောက်အအုံတွေကို စစ်ကောင်စီ ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာဟာ နိုင်ငံတကာ စစ်ရာဇဝတ်မှုကိုကျူးလွန်တာလည်းဖြစ်သလို အခြေခံ လူ့အခွင့်အရေးတွေကို ပြောင်ပြောင် တင်းတင်းကျူးလွန်တာလည်းဖြစ်တာကြောင့် ကျူးလွန်သူတွေကို အရေးယူဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုတာတွေလည်းရှိနေပါတယ်။
========================
🚩🚩 ၃။ PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနက ကျေးရွာပေါင်း ၃၀ ကွင်းဆင်းအသိပညာပေး
အောက်တိုဘာလ ၃၁ ရက်
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF/ TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနက အောက်တိုဘာလအတွင်း ကျေးရွာပေါင်း ၃၀ ရွာက ဒေသခံပြည်သူတွေကို အသိပညာပေးမှုတွေ ကွင်းဆင်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
တအာင်းတပ်မတော်ထိန်းချုပ်ထားရာ နမ့်ဆန်၊ နမ္မတူ၊ မန်တုံနဲ့ မိုင်းငေါ့မြို့နယ်တို့မှာရှိတဲ့ ကျေးရွာပေါင်း ၃၀ က ဒေသခံ ပြည်သူတွေက်ု အမျိုးသမီးတွေနဲ့သက်ဆိုင်တဲ့ ပညာရေးနဲ့ လိင်ပိုင်းဆိုင်ရာတွေအပြင် အမျိုးသမီးများနှင့် ပျော်ရွှင်သော မိသားစု၊ အမျိုးသမီးနှင့်ကျန်းမာရေး၊ အမျိုးသမီးနှင့်မူးယစ်ဆေးဝါး၊ အမျိုးသမီးများ အရွယ်မတိုင်မီ စောစီးစွာ အိမ်ထောင်ပြုခြင်း စတဲ့ အကြောင်းအရာတွေကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့တာလို့ PSLF/ TNLA သတင်းနှင့် ပြန်ကြားရေးဌာနက အသိပေးထားပါတယ်။
အခုလို ပညာပေးဟေပြောမှုတွေမှာ ဒေသခံပြည်သူတွေရဲ့ မေးမြန်းဆွေးနွေးမှုတွေကိုလည်း PSLF/TNLA အမျိုးသမီးဖွံ့ဖြိုး တိုးတက်ရေးဌာန တာဝန်ရှိသူတွေက အသေးစိတ် ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့တယ်လို့ သိရပါတယ်။
PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနဟာ တအာင်းပြည်အတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု လျော့ကျ စေရေးလုပ်ငန်းစဉ်များ၊ အမျိုးသမီးစွမ်းရည်မြင့်တင်ရေးနှင့် စည်းရုံးရေးလုပ်ငန်းစဉ်များ၊ အိမ်တွင်းမှုနှင့် ဝင်ငွေလှည့်ပတ် စီးဆင်းမှုလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ဌာနတခုဖြစ်ပါတယ်။
========================
🚩🚩 ၄။ ရန်ကုန်မြို့လယ်မှာ "ကြောက်ခေတ်ကိုမှောက်ပစ်"ဆိုတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်
အောက်တိုဘာလ ၃၁ ရက်
ရန်ကုန်မြို့လယ်မှာရှိတဲ့ ဆူးလေဘုရားအနီးမှာ ဓာတ်ပုံဘောင်ကိုသုံးပြီး 'ကြောက်ခတ်ကိုမှောက်ပစ်' ကြွေးကြော်သံနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတခုကို ရန်ကုန်လူထုသပိတ်အဖွဲ့က ဒီနေ့မနက်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။
စစ်ကောင်စီဖိနှိပ်မှုအောက်မှာ ငြိမ်သက်နေတဲ့ ရန်ကုန်မြို့တော်ကပြည်သူလူထုကို ရန်ကုန်လူထုသပိတ်အဖွဲ့က စစ်အာဏာ ရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်ကြဖို့ ဒီနေ့ အောက်တိုဘာ ၃၁ ရက်နေ့မှာ တွန်းအားပေးလိုက်တာလည်းဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုဟာ ပြည်သူလူထုကို တော်လှန်ရေးအသိပေးနိုင်ဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာလို့ ရန်ကုန်လူထုသပိတ်အဖွဲ့ ဆိုပါ တယ်။
ယနေ့ချိန်တွင် ဖက်ဆစ်တပ်၏အင်အားသည် ရန်ကုန်မြို့နေလူထု၏ ထက်ဝက်မျှပင်မရှိနိုင်တော့ပါ။ ရန်သူသည် အင်အားရှိ၍ ဖိနှိပ်အုပ်ချုပ်နိုင်နေခြင်းမဟုတ်ပါ။ အကြောက်တရားကြောင့်သာအုပ် ချုပ်ခွင့်ရနေခြင်းဖြစ်သည်။ ကျွန်ုပ်တို့ ငြိမ်ခံနေ၍သာ ဖိနှိပ်နိုင်နေခြင်းဖြစ်သည်" ဟု ရန်ကုန်လူထုသပိတ်အဖွဲ့က သူတို့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသား ဖော်ပြထားပါတယ်။
"ကြောက်ခတ်ကိုမှောက်ပစ်" ဆိုတဲ့စာရေးသားထားဓာတ်ပုံတွေကို အဖြူအမဲပြုလုပ်ထားခြင်းဟာ အမှောင်ကြနေတဲ့ တိုင်းပြည်ကိုရည်ရွယ်ပြီး အနီရောင်တခုကိုသာဖော်ပြထားခြင်းသည် အသက်သွေးများရင်းနှီး၍ ရှေ့ဆက်နေရသော တော်လှန်ရေးကိုရည်ရွယ်ကြောင်း ရန်ကုန်လူထုသပိတ်အဖွဲ့က ရှင်းပြထားပါတယ်။
တော်လှန်ရေးရဲ့ အသက်သွေးကြောဟာ ပြည်သူလူထုသာဖြစ်တဲ့အတွက် လူထုရဲ့ ရုန်းကန်မှု၊ လူထုရဲ့ အသံကသာ အင်အား အကြီးဆုံးဖြစ်တာကြောင့် ဒီအခွင့်အရေးကိုအသုံးချနိုင်ဖို့လည်း တိုက်တွန်းထားပါတယ်။
ဒါကြောင့် ပြည်သူအားလုံး လူထုတိုက်ပွဲဆင်နွှဲခြင်းဖြင့် အတူတကွရင်ဆိုင်ကျော်လွှားကြဖို့ ရန်ကုန်လူထုသပိတ်အဖွဲ့က ရန်ကုန်မြို့လယ်မှာ 'ကြောက်ခတ်ကိုမှောက်ပစ်' ဆိုတဲ့ကြွေးကြော်သံနဲ့ တပ်လှန့်နှိုးဆော်လိုက်တာလည်း ဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment