အာဏာသိမ်းစစ်မြေပြင်မှာ အစေ့ထုတ်ပြောင်းနဲ့ပတ်သက်ပြီး ဒီမိုကရေစီနည်းအရ သတင်းစာရှင်းလင်းပွဲ တစ်ခုကို ထိုင်းနိုင်ငံက လာရောက်ကျင်းပ



အာဏာသိမ်းစစ်မြေပြင်မှာ အစေ့ထုတ်ပြောင်းနဲ့ပတ်သက်ပြီး ဒီမိုကရေစီနည်းအရ သတင်းစာရှင်းလင်းပွဲ တစ်ခုကို ထိုင်းနိုင်ငံက လာရောက်ကျင်းပ

Radio NUG အောက်တိုဘာ ၂၆၊ ၂၀၀၂၅

မီးခိုးမြူထွက်စေတဲ့ အစေ့ထုတ်ပြောင်းခင်းတွေက ထွက်လာတဲ့ ပြောင်းစေ့တွေကို ထိုင်းနိုင်ငံက ဝယ်ယူမှာ မဟုတ်တဲ့အကြောင်း မြန်မာဘက်ကို အသိပေးထားတာနဲ့ပတ်သက်ပြီး ထိုင်းသတင်းထောက်များနဲ့ မြန်မာ သတင်းထောက်အချို့ကို ထိုင်း CP ကုမ္ပဏီက ရန်ကုန်မြို့က Melia ဟိုတယ်လ်မှာ သတင်းစာရှင်းလင်းပွဲကို ပြီးခဲ့တဲ့အောက်တိုဘာလ ၂၄ ရက်နေ့က လာရောက်ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ ပွဲဦးဆောင်ကျင်းပသူ CP ကုမ္ပဏီနဲ့ နီးစပ်သူတစ်ဦးကတော့ သတင်းစာရှင်းလင်းပွဲနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ထိုင်းအစိုးရက မီဒီယာရဲ့ အားကောင်းတယ်လေ၊ ကောင်းတော့ ဒီမီးခိုးက သူ့နိုင်ငံကလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံက လာတာပါ ဆိုပြီးတော့ လုပ်တာ။ အဲဒီပြဿနာကို ကျွန်တော်တို့က ဒါ၊ အဲဒီလိုလုပ်ပြီးတော့ သူက ပေါ်လစီတွေ ချတော့မှာ။ အဲဒီလိုမျိုးတွေ မလွတ်တဲ့ဆီကဟာတွေကို ဝယ်တဲ့ အင်ပိုတာတွေကို လုံးဝလိုင်စင်မပေးတော့ဘူး”

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့တွေမှာ ပါဝင်ခဲ့ပြီး နောက်နှစ်ရက်အကြာမှာ မီးခိုးမြူထွက်စေတဲ့ စိုက်ပျိုးနည်းနဲ့ စိုက်ပျိုးထွက်ရှိလာတဲ့ အစေ့ထုတ်ပြောင်းတွေကို တားမြစ်ဖို့ ထိုင်းအစိုးရက အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ချင်းမိုင်ကောင်းကင်ယံက မီးခိုးမြူဟာ မြန်မာဘက်က ဝင်ရောက်လာတာလို့ ယူဆတဲ့ ထိုင်းမီဒီယာတွေကို မြန်မာ့အစေ့ထုတ်ပြောင်း စိုက်ပျိုးထုတ်လုပ်မှုမှာ မီးခိုးမြူထွက်ရှိတဲ့ အခြေအနေနဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံးမှာ စိုက်ပျိုးသမျှ ပြောင်းမျိုးစေ့ရဲ့ ၈၀ ရာခိုင်နှုန်းကို ရောင်းချနေတဲ့ CP ကုမ္ပဏီက ဦးဆောင်ပြီး သတင်းစာရှင်းလင်းပွဲကို ကျင်းပတာ ဖြစ်ပါတယ်။ မြန်မာ့ပြောင်းစိုက်ပျိုးရာဒေသတွေကို ထိုင်းသတင်းထောက်တွေ မရောက်နိုင်ပေမယ့် ရန်ကုန်မြို့ကို ရောက်ရှိလာတဲ့ ရှမ်းပြည်တောင်ပိုင်းက ပြောင်းစိုက်ပျိုးသူ ပအိုဝ်းအမျိုးသား တောင်သူတွေကတော့ ထိုင်းသတင်းထောက်တွေ စိုက်ပျိုးထုတ်လုပ်ပုံနဲ့ပတ်သက်ပြီး အင်တာဗျူး ဖြေကြားခဲ့တာကို တွေ့ရပါတယ်။ ထိုင်းသတင်းထောက်တွေရဲ့ မြန်မာ့ပြောင်း စိုက်ပျိုးထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး ထားရှိတဲ့အမြင်အပေါ် ပြောင်းစိုက်ပျိုးထုတ်လုပ်သူတစ်ဦးက အခုလို ပြောပါတယ်။

“အဓိက ထိုင်းမှာလည်း ပြောင်းအရမ်းစိုက်တာ၊ ချင်းမိုင်ဘက်အခြမ်းလေ။ ပြဿနာက ဘာလဲ ဆိုတော့ သူတို့လည်း ရှိတာပဲ။ ဒါပေမဲ့ ခက်နေတာက ပြစရာသက်သေက ဒီဟာပဲ ရှိတာကိုး။ သူတို့နိုင်ငံက ရှိတဲ့ဟာကို သူတို့လည်း ဖျောက်ထားတယ်လေ”

ထိုင်းနိုင်ငံရဲ့ အစေ့ထုတ်ပြောင်းသုံးစွဲမှုက တန်ချိန် ၈ သန်းလောက်ရှိပြီး ပြည်တွင်းထုတ်လုပ်မှုက တန်ချိန် ၄ သန်းသာရှိလို မြန်မာအပြင် အခြားနိုင်ငံတွေကပါ အစေ့ထုတ်ပြောင်းကို တင်သွင်းနေတာ ဖြစ်ပါတယ်။ မြန်မာတနိုင်ငံလုံးမှာ အစေ့ထုတ်ပြောင်းစိုက်ဧက တစ်သန်းလောက်ရှိပြီး အဲဒီက ထွက်ရှိလာတဲ့ ပြောင်းတွေထဲက တန်ချိန် ၁ သန်းနီးပါး ထိုင်းနိုင်ငံကို တင်ပို့နေတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မြန်မာ့ပြောင်းဈေးကွက်အတွက် သက်ရောက်မှုအနည်းငယ်သာ ရှိနိုင်တယ်လို့ ပြောင်းလုပ်ငန်း လုပ်ကိုင်သူတွေက သုံးသပ်ထားပါတယ်။ ထိုင်းသတင်းထောက်များ တက်ရောက်ခဲ့တဲ့ CP ကုမ္ပဏီရဲ့ သတင်းစာရှင်းလင်းပွဲကို မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်လည်း တက်ရောက်ခဲ့ပါတယ်။

Photo - ထိုင်းသတင်းချန်နယ်များ တက်ရောက်ခဲ့ကြတဲ့ အစေ့ထုတ်ပြောင်းသတင်းစာရှင်းလင်းပွဲကို ပြီးခဲ့တဲ့အောက်တိုဘာလ ၂၄ ရက်နေ့က ရန်ကုန်မြိုမှာ ကျင်းပနေစဥ်...
Share:

No comments:

Post a Comment