26th OCT 2024 - Evening Daily News by Radio NUG

 

၂၀၂၄ အောက်တိုဘာလ ၂၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ မြောက်ပိုင်းကယ်လီဖိုးနီးယားမြန်မာမိသားစုများ တွေ့ဆုံ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဝိုင်းဝန်းထုတ်ဖော်ကြဖို့ ပြောကြား

📌 ၂။ ⁨SNLD ပါတီ တည်ထောင်ခြင်း ၃၆ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် KNU သဝဏ်လွှာပို့ 

📌 ၃။⁨⁨ ပြည်ထောင်စုတခုလုံး လွတ်မြောက်အေးချမ်းနိုင်ရေး စုစည်းညီညွတ်ကြဖို့ SNLD တိုက်တွန်း

📌 ၄။တိုက်ပေါ်က ပြုတ်ကျခါနီး ကလေးငယ်တဦးကို ကယ်တင်ခဲ့တဲ့ မြန်မာနိုင်ငံသားတဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတဦးကို Singapore Civil Defense Force -SCDF က Community Lifesaver Award ဆုချီးမြှင့်


၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။⁨⁨ ၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်တဲ့နေ့မှာ တိုက်ခိုက်ခံရမှာစိုးလို့ စစ်ကောင်စီက ပြင်ဦးလွင်မှာ လုံခြုံရေးတပ်လှန့်ကာ ဖုန်းလိုင်း နဲ့ အင်တာနက်လိုင်းတွေဖြတ်ထား

🚩 ၂။ရေစကြိုနယ်ထဲက စစ်တပ်အထိုင်စခန်းကို ကြိမ်တိုင် ဒရုန်းနဲ့ဗုံးကြဲ

🚩 ၃။ ဒဂုံ ၂၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့် အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်

🚩 ၄။မြင်းခြံမြို့နယ်တွင် ပျူစောထီးတွေက ကုန်စုံဆိုင်ပိုင်ရှင်ကိုသတ်ပြီး လက်ဝတ်ရတနာတွေယူသွား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ မြောက်ပိုင်းကယ်လီဖိုးနီးယားမြန်မာမိသားစုများ တွေ့ဆုံ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဝိုင်းဝန်းထုတ်ဖော်ကြဖို့ ပြောကြား


အောက်တိုဘာ၂၆ရက်၊ Radio NUG

အောက်တိုဘာ ၂၅၊ ဒေသစံတော်ချိန် ညနေ နာရီကနေ နာရီအထိ ဆန်ဖရန်စစ္စကိုဘေးဧရိယာရှိ မြန်မာတိုင်းရင်းသားမိသားစုများနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုး တွေ့ဆုံပွဲကို Free Burrma Action Committee က One Myanmar Community Center မှာ ကျင်းပခဲ့ပါတယ်။ မြန်မာမိသားစု ပရိသတ် ၁၀၀ ကျော် တက်ရောက်ကြပြီး ဒေါက်တာဇော်ဝေစိုးက နွေဦးတော်လှန်ရေးမျက်မှောက်နဲ့ အနာဂတ် ဖြတ်သန်းမှု အလားအလာများကို ပွင့် လင်းလွတ်လပ်စွာ ရှင်းပြပြီး ပရိသတ်အတွင်းက မေးခွန်းများကိုလည်း ဖြေကြားပေးခဲ့ပါတယ်။

ဒေါက်တာဇော်ဝေစိုးက အကြမ်းဖက်စစ်ကောင်စီမတရား ဖမ်းဆီးချုပ်နှောင်ထားတဲ့ တိုင်းပြည်၏ ခေါင်းဆောင်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို စိုးရိမ်ပူပန်ကြောင်း ပြောကြားပြီး ပြည်တွင်း ပြည်ပ မြန်မာများက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို အထူးအလေးထား ထုတ်ဖော်ပြောဆိုကြဖို့ တိုက်တွန်းလိုက်ပါတယ်။ တရုတ်ပြည်သူတွေအားလုံးနဲ့ မြန်မာပြည်သူတွေဟာ မိတ်ဆွေတွေ ဆွေမျိုးပေါက်ဖော်တွေဖြစ်ကြောင်း၊ သို့သော် တရုတ်ပြည်အစိုးရနဲ့ တရုတ်ခေါင်းဆောင်များက စစ်ကောင်စီအပေါ်ထားတဲ့ ပေါ်လစီကို ပြန်လည်စဉ်းစားဖို့ မြန်မာအရေးလှုပ်ရှားသူများက တောင်းဆိုဝေဖန်ကြရန် သဘောထားမှတ်ချက်ပေးလိုက်ပါတယ်။ နွေဦးတော်လှန်ရေးသည် ရှေ့ကို တိုးတက်နေပြီ ဖြစ်တဲ့အကြောင်း တိုင်းရင်းသားတွေအားလုံးနဲ့ အတူတကွ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေး ဦးတည်နေကြောင်းကိုလည်း အထူးအလေးပေး ပြောဆိုသွားပါတယ်။

ဆရာကြီးဒေါက်တာဇော်ဝေစိုးက မိမိ ဘယ်တော့မှ စိတ်ဓာတ်မကျကြောင်း၊ တွေဝေခြင်း မရှိကြောင်း၊ တော်လှန်ရေးအစကတည်းက ငါသေလို့ ရပြီ ဆိုတဲ့ စိတ်နဲ့ တောက်လျောက် လုပ်ကိုင်နေတယ်လို့ ပြတ်ပြတ်သားသား ပြောကြားသွားပါတယ်။ ဆရာကြီးက "အနာဂတ်အတွက် ထာဝရအာမခံချက်ရှိတဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် နေ့သစ်တစ်ခု ခေတ်သစ်တစ်ခု စနစ်သစ်တစ်ခု ရရင် ငါ သေလို့ရပြီ။လို့ ပြောခဲ့တာဖြစ်ပြီး ဒီစိတ်တခုတည်းနဲ့ မြုတ်နှံ ချီတက်နေတယ်လို့ ထပ်လောင်း ပြောကြားသွားတာ ဖြစ်ပါတယ်။ 

ယခုခရီးစဉ်မှာ ဒေါက်တာဇော်ဝေစိုးကို လူ့အခွင့် အရေးနဲ့ လူမှုတရားမျှတမှုဆိုင်ရာ ကျန်းမာရေးဆိုင်ရာလုပ်ဆောင်ချက်တွေအတွက် ပေးအပ်တဲ့ The Edward Barsky Award ကို လာမယ့် တနင်္ဂနွေနေ့မှာ လက်ခံရယူမှာ ဖြစ်ပါတယ်။ အသက် ဘ၀တွေ စွန့်ပြီး ပြည်သူတွေကို အလုပ်အကျွေးပြုနေကြတဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေကိုယ်စား ဆရာကြီးက ဆုကို လက်ခံရယူမှာ ဖြစ်လို့ မီမိအနေနဲ့ စွန့်လွှတ်စွန့်စားနေကြသူတွေအတွက် ဂုဏ်ယူတာနဲ့အတူ စိတ်လည်း ထိခိုက်ရပါတယ်လို့လည်း ပြောသွားပါတယ်။


========================


📌📌 ၂။ ⁨SNLD ပါတီ တည်ထောင်ခြင်း ၃၆ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် KNU သဝဏ်လွှာပို့ 


အောက်တိုဘာ၂၆ရက်


ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ တည်ထောင်ခြင်း ၃၆ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားသို့ ကရင်အမျိုးသားအစည်းအရုံး- KNU က သဝဏ်လွှာတစောင် ပေးပို့လိုက်ပါတယ်။ 

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဟာ ရှမ်းအမျိုးသားတွေအတွက် ပါတီနိုင်ငံရေးအရ ဦးဆောင်နေတဲ့ နိုင်ငံရေးပါတီတခုဖြစ်တာကြောင့် ကရင်အမျိုးသားအစည်းအရုံး- KNU အနေနဲ့ အထူးအလေးထား ဂုဏ်ယူပါတယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

SNLD ပါတီဟာ ဒီ ၃၆ နှစ်တာကာလအတွင်းမှာ နိုင်ငံရေးအချိုးအကွေ့ အလှည့်အပြောင်းတွေ ဘယ်လိုပဲရှိနေပါစေ ပါတီက ချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ခိုင်မာစွာရပ်တည်ခဲ့သလို ပါတီသက်တမ်းတလျောက်မှာလည်း အစိုးရအဖွဲ့တွေရဲ့ မှားယွင်း တဲ့ဆောင်ရွက်မှုတွေနဲ့ပတ်သက်ရင်လည်း ရဲရဲဝံ့ဝံ့ ဆန့်ကျင်ခဲ့သလို အမျိုးသားရေးအတွက် မှန်ကန်တဲ့ဆောင်ရွက်ချက်တွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံရေးအရ လိုအပ်နေတဲ့ တိုင်းရင်းသားလူမျိုးများတို့ရဲ့ နိုင်ငံရေးစုစည်းမှုအားကိုရယူဖို့နဲ့ တိုင်းရင်းသားနိုင်ငံရေး ပါတီများကြား ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ရည်ရွယ်ချက်ထားရှိတဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိတ်အဖွဲ့ UNA ကို ဦးဆောင်ဖွဲ့စည်းခဲ့ခြင်းတို့ဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ မော်ကွန်းတင်ရမယ့်ပါတီ ဖြစ်တယ်လို့လည်း ညွှန်းဆိုထားပါတယ်။

ဒါကြောင့် ၃၆ နှစ်ပြည့်တဲ့နေကစပြီး ရှမ်းအမျိုးသားများ လိုလားတောင့်တနေတဲ့ အမျိုးသားရေးမျှော်မှန်းချက်၊ နိုင်ငံရေး ရည်မှန်းချက်များ အပြည်အဝရရှိစေဖို့ ဦးဆောင်အကောင်အထည်ဖော်ပေးနိုင်မယ့် မျိုးဆက်သစ် ပါတီခေါင်းဆောင်ကောင်း တွေ ပေါ်ထွက်လာစေဖို့ KNU က ဆုမွန်ကောင်းတောင်းပေးထားပါတယ်။

ဒါ့အပြင် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအပါအဝင် ပတ်သက်သူတွေအားလုံးပါဝင်တဲ့ နိုင်ငံရေးအင်းအကျင်းသစ်တခုရအောင် ဖန်တီးပြီး အတူလက်တွဲဆောင်ရွက်သွားမယ်လို့ သံဓိဌာန်ပြုကြောင်း ကရင်အမျိုးသားအစည်းအရုံး- KNU ဗဟို အလုပ်အမှုဆောင်ကော်မတီက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။⁨⁨ ပြည်ထောင်စုတခုလုံး လွတ်မြောက်အေးချမ်းနိုင်ရေး စုစည်းညီညွတ်ကြဖို့ SNLD တိုက်တွန်း


အောက်တိုဘာ၂၆ရက်


ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်-SNLD ပါတီ တည်ထောင်ခြင်း ၃၆ နှစ်ပြည့်အခမ်းအနားကို ဒီနေ့ အောက်တိုဘာ ၂၆ ရက် မနက်ပိုင်းမှာကျင်းပခဲ့ရာ ပြည်ထောင်စုတခုလုံး လွတ်မြောက်အေးချမ်းနိုင်ရေး စုစည်းညီညွတ်ကြဖို့ SNLD ပါတီ ဒုတိယဥက္ကဋ္ဌ စိုင်းခမ်းပိုင်ဖ က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒီအခမ်းအနားကို အွန်လိုင်းကနေကျင်းပခဲ့တာဖြစ်ပြီး ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ ရှမ်းပြည်တိုးတက် ရေးပါတီ-SSPP ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ-RCSS ကရင်အမျိုးသားအစည်းအရုံး-KNU အပါအဝင် တိုင်းရင်းသားတပ်ဖွဲ့ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့များနဲ့ SNLD ခေါင်းဆောင် ပါတီဝင်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားမှာ SNLD ပါတီဒုဥက္ကဋ္ဌ စိုင်းခမ်းပိုင်ဖက ပါတီအနေနဲ့ လက်ရှိအခြေအနေမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ မဆောင်ရွက်နိုင်တဲ့ကာလဖြစ်တဲ့အတွက် ပြည်သူလူထု သက်သာရာသက်သာကြောင်းလုပ်ရပ်တွေကို တက်နိုင်သမျှ လုပ်နေပြီး တိုင်းပြည်နဲ့လူထုရဲ့ အဓိကလိုအပ်ချက်ဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို မမေ့မလျော့ ပါဝင်ရုန်းကန်နေတယ် လို့ အသိပေးထားပါတယ်။

ဒါ့အပြင် တစိတ်တဒေသ စုစည်းညီညွတ်ရုံနဲ့ တတိုင်းပြည်လုံး စုစည်းညီညွတ်ရာမရောက်သလို လူမျိုးတမျိုး ဒေသတခု တည်း လွတ်မြောက်အေးချမ်းရုံနဲ့ ပြည်ထောင်စုတခုလုံး လွတ်မြောက်အေးချမ်းရာမရောက်ဘူးလို့လည်း ဆိုပါတယ်။ 

အခုချိန်ဟာ နိုင်ငံရေးထက် စစ်ရေးဘောင် ပိုမိုကျယ်ပြန့်လာတယ်ဆိုပေမယ့် ပြည်တွင်းငြိမ်းချမ်းရေးရဖို့ဆိုရင် နိုင်ငံရေး နည်းနဲ့ ငြိမ်းချမ်းဖို့လိုအပ်သလို အမှန်တကယ်လိုလားတဲ့ ဒီမိုကရေစီဘက်တော်သားအစုအဖွဲ့တွေ ဘက်တဖက်တည်းမှာ ခိုင်မာပြတ်သားစွာ ပူးပေါင်းရပ်တည်ကြဖို့လည်း အထူးလိုအပ်ပါတယ်လို့ SNLD ပါတီဒုဥက္ကဋ္ဌ စိုင်းခမ်းပိုင်ဖက ပြောပါတယ်။ 

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကလည်း SSPP ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဆေထင် ပြောကြားခဲ့တဲ့ အလျှော့ပေးရေးဝါဒဟာ အရှုံးပေးရေးဝါဒဖြစ်သည်၊ အောင်ပွဲသည် တိုက်ရဲသူအတွက်ဖြစ်သည်ဆိုတဲ့ အချက်ကို အလေးအနက်ထားဖို့ ပြောကြားခဲ့ပါတယ်။


========================


📌📌 ၄။တိုက်ပေါ်က ပြုတ်ကျခါနီး ကလေးငယ်တဦးကို ကယ်တင်ခဲ့တဲ့ မြန်မာနိုင်ငံသားတဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတဦးကို Singapore Civil Defense Force -SCDF က Community Lifesaver Award ဆုချီးမြှင့်


အောက်တိုဘာ၂၆ရက်


စင်ကာပူနိုင်ငံမှာရှိတဲ့ တိုက်ခန်းတခုက လွှာတိုက်ခန်းအစွန်းကိုရောက်နေပြီး ပြုတ်ကျမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ကလေးငယ်ကို ကယ်တင်ခဲ့တဲ့ မြန်မာနိုင်ငံသားတဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတဦးကို Singapore Civil Defense Force -SCDF က Community Lifesaver Award ဆုချီးမြှင့်ခဲ့ပါတယ်။

စင်ကာပူနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ကားဆရာ Jahir နဲ့ မြန်မာနိုင်ငံသား အလုပ်သမားတဦးဖြစ်တဲ့ ဆေးသုတ်သမား ကိုစသူရအောင်တို့က လွှာတိုက်ခန်‌ြအစွန်မြှာရောက်နေပြီး ပြုတ်ကျနိုင်တဲ့အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့ ကလေးငယ်တဦးကို အောက်တိုဘာ ၂၀ ရက်နေ့ မနက် ၁၁ နာရီ ၅၀ မိနစ်အချိန်မှာ မြင်တွေ့ခဲ့တာကြောင့် ကလေးငယ်ကို ကယ်ဆယ်ခဲ့တာလို့ သိရပါတယ်။

ကလေးငယ်ရှိနေတဲ့ တိုက်ခန်းအစွန်းပေါ်ရောက်အောင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ကားဆရာ Jahir က ကိုစသူရအောင်ကို ထမ်းပိုးကူညီပေးခဲ့ပြီး ကလေးငယ်ကို ကိုစသူရအောင်က ကယ်ဆယ်နိုင်ခဲ့တဲ့ရုပ်သံမှတ်တမ်းလဲ လူမှုကွန်ယက်မှာ ပျံ့နေ တာရှိပါတယ်။ 

ဒါကြောင့် အောက်တိုဘာ ၂၅ ရက်နေ့မှာ စင်ကာပူအာဏာပိုင်တွေက ကလေးငယ်ကိုကယ်ဆယ်ခဲ့တဲ့ မြန်မာနိုင်ငံသား စသူရအောင်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတို့ကို Community Lifesaver Award ဆုချီးမြှင့်လိုက်တာလို့ Singapore Civil Defense Force -SCDF က အသိပေးထုတ်ပြန်ထားပါတယ်။

တိုက်ခန်းအစွန်းပေါ်မှာရှိနေတဲ့ကလေးငယ်ကိုကယ်တင်ခဲ့တဲ့ ကိုစသူရအောင်က "ကလေးအတွက် အရမ်းစိုးရိမ် ကြောက်လန့်မိတယ်။ ငါ့အတွက်ငါတောင် မကြောက်ဘူး။ တကယ်တမ်း လူတွေ အများကြီး ၀ိုင်းကြည့်နေကြတော့ ပိုပြီး စိတ်လှုပ်ရှားရတယ်။ ကလေးက အရမ်းကို ကြောက်နေတယ်။ သူ့လက်တွေက အေးစက်နေတယ်။ ကလေးက ကျနော့် ပုခုံးကို တင်းတင်းကျပ်ကျပ်ကို ဖက်ထားတယ်" လို့ စင်ကာပူသတင်းဌာနတခုဖြစ်တဲ့ The Straits Times ကို ပြောကြားခဲ့ ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။⁨⁨ ၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်တဲ့နေ့မှာ တိုက်ခိုက်ခံရမှာစိုးလို့ စစ်ကောင်စီက ပြင်ဦးလွင်မှာ လုံခြုံရေးတပ်လှန့်ကာ ဖုန်းလိုင်း နဲ့ အင်တာနက်လိုင်းတွေဖြတ်ထား


အောက်တိုဘာ၂၆ရက်

မြောက်ပိုင်းညီနောင်မဟာမိတ်တွေစတင်ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်တဲ့ ဒီနေ့မှာ တိုက်ခိုက်ခံရမှာကို စိုးရိမ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ ပြင်ဦးလွင်မြို့မှာ လုံခြုံရေးတပ်လှန့်ထားပြီး ဖုန်းလိုင်းအချို့နဲ့Wifi အင်တာနက် လိုင်းအချို့ ဖြတ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့မှာစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမ လှိုင်းဟာ ဒီနေ့မှာ တနှစ်တင်းတင်းပြည့်မြောက်ခဲ့ပြီပဲဖြစ်ပါတယ်။ 

ဒီ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းမှာ အကြမ်းဖက်စစ်ကောင်စီဟာ အထိနာခဲ့ပြီး လောက်ကိုင်၊ ကွမ်းလုံ၊ ကျောက်ကြမ်း အပါအဝင် စစ်တပ်စိုးမိုးစခန်းများ၊ ဗျူဟာစခန်းများနဲ့ ဒကစဌာနချုပ်တွေ စွန့်လွှတ်ခဲ့ရတာကြောင့် စစ်ကောင်စီဘက်က ပြင်ဦးလွင်တမြို့လုံး တပ်လှန့်ထားတာလို့ သိရပါတယ်။ 

လက်ရှိမှာ ပြင်ဦးလွင်မြို့နယ်အတွင်းမှာရှိတဲ့ စိုးမိုးတောင်ကုန်တွေမှာလည်း စစ်ကောင်စီဘက်က အင်အားတိုးမြှင့်ချထား တာတွေ့ရတယ်လို့ ဒေသပြည်သူတွေက ဆိုပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြင်ဦးလွင်မှာရှိတဲ့ စစ်လက်ရုံးကို လာရောက်ခဲ့စဉ်က ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံခဲ့ရသလို လက်ရှိမှာလည်း ဒီနေ့မနက် ၁ဝ နာရီခန့်ကစပြီး ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းအချို့ အဖြတ်ခံထား ရတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ပြင်ဦးလွင်မြို့ကစစ်စခန်းတွေ တိုက်ခိုက်ခံရမှာ စိုးရိမ်တာကြောင့် ယခင်ကထက် လုံခြုံရေး တိုးမြှင့်ထားတဲ့အပြင် မြို့နယ်တခုလုံး ညပိုင်းတွေမှာပါ ဒရုန်းတွေနဲ့ကင်းထောက်နေတာတွေလည်းလုပ်ဆောင်နေတာရှိတယ် လို့လည်း သိရပါတယ်။ 

လက်ရှိမှာ ပြည်ဦးလွင်မြို့နဲ့ ၁၆ မိုင်ခန့်သာကွာဝေးတဲ့နေရာမှာ စစ်ကောင်စီနဲ့ TNLA ပါဝင်တဲ့ ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။


========================


🚩🚩 ၂။ရေစကြိုနယ်ထဲက စစ်တပ်အထိုင်စခန်းကို ကြိမ်တိုင် ဒရုန်းနဲ့ဗုံးကြဲ


အောက်တိုဘာ၂၆ရက်

မကွေးတိုင်း ရေစကြိုမြိုနယ် မင်းရွာကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ဒရုန်းနဲ့ ကြိမ်ဗုံးကြဲတိုက်ခိုက် ရာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိနိုင်တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။  

မင်းရွာကျေးရွာမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ်တွေက အောက်တိုဘာ ၂၄ ရက်နေ့မနက် ပိုင်းမှာ Fixed wing ဒရုန်းတွေနဲ့ ဗုံးသီး ၁ဝ လုံး၊ ညနေပိုင်းမှာ ဗုံးသီး လုံးကြဲချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုမှာ စစ်သားတွေတပ်စွဲနေတဲ့အိမ်တလုံး မီးလောင်သွားတာကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု တွေရှိနိုင်တယ်လို့ ရဲဘော်ညီနောင်ပြောက်ကျားတပ်ကလည်း အသိပေးထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေရှိနေတဲ့အိမ်ပေါ်ကို ဒရုံးဗုံးသီးကျပြီး မီးလောင်သွားတာကြောင့် စစ်သားတွေအော်ဟစ်ထွက်ပြေးနေ တဲ့ အသံတွေကြားနေရပေမယ့် စောင့်ကြည့်ဒရုန်းမရှိတဲ့အတွက် စောင့်ကြည့်ဒရုန်းတစင်း လှူဒါန်းပေးကြဖို့ တော်လှန်ရေး အဖွဲ့တွေက မေတ္တာရပ်ခံထားပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို ရဲဘော်ညီနောင်ပြောက်ကျားတပ် BlackTiger -Myingyan ဧရာဝတီမင်း သားပြောက်ကျားတပ်ဖွဲ့- မြင်းခြံနဲ့ NY Local PDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၃။ ဒဂုံ ၂၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့် အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်


အောက်တိုဘာ၂၆ရက်

ရန်ကုန်မြို့တော် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်က အမှတ် ၂၆ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်အဝေးထိန်းမိုင်း လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ Yangon UG People Army -YUPA က ထုတ်ပြန်ပါတယ်။

အမှတ် ၂၆ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ အကြမ်းဖက်စစ်သား၊ ရဲ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးတွေရှိနေတဲ့ အချိန် မနေ့ အောက်တိုဘာ ၂၅ ရက်နေ့ နာရီ ၃၀ မိနစ်မှာ ပြင်းအားမြင့် အဝေးထိန်းမိုင်း လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ တာနဲ့ပတ်သက်လို့ အသိပေးလိုက်တာဖြစ်ပါတယ်။

စစ်သား၊ ရဲ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးတွေရှိနေချိန်မှာ ဖောက်ခွဲနိုင်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုမှုတွေ ရှိနိုင်ပေမယ့် မီးအမှောင်ချလိုက်တဲ့အတွက် အသေးစိတ်မသိရသေးဘူးလို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကလည်း အသိပေးထားပါတယ်။

ဖောက်ခွဲတိုက်ခိုင်ပြီးချိန်မှာ ရုံးထဲကနေ မီးခိုးတွေအလုံးလိုက်ထွက်လာပြီး အမှောင်ချသွားပြီး ရုံးပတ်ဝန်းကျင်မှာ စစ်သားနဲ့ ရဲတွေ စောင့်ကြည့်နေတဲ့အပြင် ပိတ်ဆိုစစ်ဆေးတာတွေကြောင့် ထိခိုက်သေဆုံးမှုအခြေအနေကိုမသိနိုင်သေးတာလို့ ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့- နဲ့ YUPA တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဘေးအန္တရာယ်ကင်းစွာနဲ့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူးရုံးတွေကို ထပ်မံ တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် မိဘပြည်သူတွေ အနေနဲ့ အကြမ်းဖက်စစ်သား၊ ရဲ၊ အုပ်ချုပ်ရေးမှူးတွေရှိတဲ့နေရာကို မသွားလာကြဖို့နဲ့ စစ်ဆင်ရေးတွေဆက်လုပ်နိုင်ရေး ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြဖို့ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩 ၄။မြင်းခြံမြို့နယ်တွင် ပျူစောထီးတွေက ကုန်စုံဆိုင်ပိုင်ရှင်ကိုသတ်ပြီး လက်ဝတ်ရတနာတွေယူသွား


အောက်တိုဘာ၂၆ရက်

မန္တလေးတိုင်း မြင်းခြံမြို့နယ် ကူကျေးရွာက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေက ကုန်စုံဆိုင်ပိုင်ရှင်ကိုသတ်ပြီး လက်ဝတ်ရတနာတွေ ယူဆောင်သွားတယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။

မြင်းခြံမြို့နယ် ကူရွာကျေးရွာမှာနေတဲ့ အသက် ၅၅ နှစ်အရွယ် ဒေါပြုံးကြည်အိမ်ကို မြင်းခြံမြို့ပေါ်ကပျူစောထီး ဦး အောက်တိုဘာ ၂၄ ရက်နေ့ မနက် နာရီခွဲခန့်မှာ ဆိုင်ကယ်၃စီးနဲ့ရောက်ရှိလာပြီး သတ်ဖြတ်သွားတာလို့ ဒေသခံတွေက လည်း ပြောပါတယ်။

ပျူစောထီးတွေဟာ ဒေါပြုံးကြည်ကို သေနတ်နဲ့ပစ်သတ်ကာ လက်ဝတ်ရတနာတွေ ယူဆောင်သွားတာလို့ ဒေသတွင်း သတင်းတွေကိုဖော်ပြနေတဲ့ မြင်းခြံ News ကလည်း ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်ကို PDF တွေလုပ်သယောင် စစ်ကောင်စီဘက်က သတင်းလွှင့်နေပြီး ရုပ်အလောင်းကိုရွာထဲဝင်မယူဘဲ ရွာပြင်ထုတ် ပေးဖို့ ဖိအားပေးတာကြောင့် ဒေသခံတွေက ရွာပြင်ထုတ်ပေးခဲ့ရတယ်လို့လည်း အသိပေးထားပါတယ်။  

မြင်းခြံနယ်တဝိုက် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ သီတာယုမွန်ခေါင်းဆောင်တဲ့ ပျူစောထီးတွေဟာ မြင်းခြံ-မန္တလေးလမ်းပိုင်း မှာ ခရီးသွားယာဥ်တွေကိုလည်း ဖမ်းဆီးပြီး ခြိမ်းခြောက်ငွေညှစ်တာတွေ ပြုလုပ်နေရာ အောက်တိုဘာ၂၁ ရက်နေ့ကလည်း ဓူဝံရွာက ပြည်သူတွေပိုင်တဲ့ ကျပ်သိန်းတထောင်ဖိုးခန့်ရှိတဲ့ ရွှေ၊ငွေနဲ့တန်ဖိုးရှိပစ္စည်းတွေ ခိုးယူသွားခဲ့ကြတယ် သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment