၂၀၂၄ နိုဝင်ဘာလ ၁၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်း ကိုယ်တိုင်အာဏာရှင်မဖြစ်ရန်၊ လူမျိုး၊ ဘာသာ၊ ဒေသ မခွဲခြားဘဲ စစ်အာဏာရှင်ကို ညီညီညွတ်ညွတ် တိုက်ထုတ်ကြရန် က.လ.လ.တ ဗျူဟာမှူးနှင့် KA တပ်မှူးပြောကြား
📌 ၂။ သြစတြေးလျနိုင်ငံတွင် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကျဆုံးခြင်း တစ်လပြည့် အောက်မေ့ဖွယ် အခမ်းအနား လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်
📌 ၃။ တအာင်းပြည်နယ်တစ်ခုလုံးကို လွှမ်းခြုံနိုင်သော ကျန်းမာရေးယန္တရား တည်ဆောက်နိုင်ရန် ကျန်းမာရေးတတ်သိပညာရှင်များ ဖိတ်ကြား
📌 ၄။ ADMM နှင့် ADMM Plus အစည်းအဝေးများမှ စစ်အုပ်စုအား ဖယ်ရှား၍ မြန်မာနိုင်ငံ၏ ဒီမိုကရေစီနည်းကျကိုယ်စားပြုမှု ရရှိစေရေး အရပ်ဖက် အဖွဲ့အစည်း (၈၀) မှ တောင်းဆို
📌 ၅။ သာယာဝတီထောင်တွင် နိုင်ငံရေးအကျဉ်းသား နှစ်ဦးအား ထောင်အာဏာပိုင်များမှ အကြောင်းမဲ့ ရိုက်နှက်တိုက်ပိတ်ထား
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ချီဖွေခရိုင်၊ ဆော့လော်မြို့နယ်၊ လန်ဆယ် (Lanse) မြို့ကို KIA သိမ်းပိုက်လိုက်ပြီး နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်နေ
🚩 ၂။ နပခသို့ ရိက္ခာနှင့် လက်နက်ခဲယမ်းများ လာရောက်ပို့ဆောင်ပြီး ဒဏ်ရရှိသူများကို တင်ဆောင်သွားသည့် MI-17 ရဟတ်ယာဉ် အပစ်ခံရ
🚩 ၃။ ပုလောမြို့နယ်၊ မြိတ်မြို့နယ် နှင့် တနင်္သာရီမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား စစ်ရေးတင်းမာလျက် ရှိ
🚩 ၄။ ၁၁.၁၁ စစ်ဆင်ရေး တနှစ်ပြည့်တွင် ကျဆုံးခဲ့ရတဲ့ ရဲဘော်များနဲ့ ပြည်သူများကို KNDF - Pekhon အလေးနီပြု
🚩 ၅။ ၁၁.၁၁ စစ်ဆင်ရေး တနှစ်ပြည့် ဂုဏ်ပြုသောအားဖြင့် ရွာမအစု အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်
🚩 ၆။ မင်းတုန်းတွင် စစ်ကောင်စီ စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပကဖ ရဲဘော်တဦး လက်နက်ကြီး ထိမှန်ဒဏ်ရာရ
🚩 ၇။ PDF ထိန်းချုပ်နယ်မြေထဲ ဝင်လာတဲ့ SNA တပ်သား (၃) ဦး ပစ်ခတ်ခံရပြီး တဦး သေဆုံး၊ တဦး အရှင်ဖမ်းမိ
🚩 ၈။ မုံရွာတွင် စစ်ကောင်စီနဲ့ ပျူ ပူးပေါင်းစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး (၆) ဦး သေဆုံး (၇) ဦး ဒဏ်ရာရ
🚩 ၉။ ယင်းမာပင် ပကဖ လက်ရုံးတပ် ဖွဲ့စည်းခြင်း အခမ်းအနား ကျင်းပခဲ့
🚩 ၁၀။ အလုပ်ထွက်ချင်သော်လည်း ထွက်ခွင့်မရလို့ ရွှေထီးခန်းမက တပ်ကြပ်ကြီး တစ်ဦး ကိုယ့်ကိုယ်ကို အ-ဆုံး-စီ-ရင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်း ကိုယ်တိုင်အာဏာရှင်မဖြစ်ရန်၊ လူမျိုး၊ ဘာသာ၊ ဒေသ မခွဲခြားဘဲ စစ်အာဏာရှင်ကို ညီညီညွတ်ညွတ် တိုက်ထုတ်ကြရန် က.လ.လ.တ ဗျူဟာမှူးနှင့် KA တပ်မှူးပြောကြား
နိုဝင်ဘာလ (၁၀) ရက်နေ့တွင် ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA) တပ်ရင်းအမှတ် - 9425 (၁) နှစ်ပြည့်အခမ်းအနားကို ကျင်းပြုလုပ်ခဲ့ပြီး က.လ.လ.တ ဗဟိုကော်မတီဝင်များ၊ တပ်မှူး ၊ တပ်သားများနှင့် မဟာမိတ်အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ တက်ရောက်ကာ ဂုဏ်ပြုပေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။
" စစ်အာဏာရှင်စနစ်ကိုတော်လှန်ရင်း ကိုယ်တိုင်အာဏာရှင်မဖြစ်ဖို့ လိုပါတယ်။ ဒါကြောင့် အဖွဲ့အစည်းရဲ့အရေးကြီး စည်းကမ်းကြီး (၃) ရပ် ၊ သတိပြုရန် (၈) ချက် ကို အလေးထားလိုက်နာကြဖို့ မှာကြားလိုပါတယ် " ဟု ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး - က.လ.လ.တ စစ်ဗျူဟာမှူး ဦးအောင်မြင့် က ပြောကြားခဲ့ပါတယ်။
ထို့အပြင် တပ်မှူး ၊တပ်သားများအနေဖြင့် ပြည်သူကိုလက်နက်ဖြင့်အနိုင်ကျင့်မှု မပြုလုပ်မိစေရန် နှင့် ပြည်သူအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် မှာကြားခဲ့ပြီး ကရင်နီပြည်နယ်တစ်ခုတည်း လွတ်မြောက်ရန် တိုက်ပွဲဝင်နေခြင်း မဟုတ်ကြောင်းနှင့် တစ်နိုင်ငံလုံး စစ်အာဏာရှင်စနစ်လက်အောက်က လွတ်မြောက်ရန်အတွက် မဟာမိတ်တပ်ပေါင်းစုများနှင့် လက်တွဲကာ တိုက်ပွဲ ဝင်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အလားတူ ကရင်နီတပ်မတော် (KA) တပ်ရင်း - ၅ တပ်ရင်းမှူး ဗိုလ်ပလော်ရီ က "လူမျိုးမခွဲခြားဘဲ ၊ ဘာသာရေးမခွဲခြားဘဲနဲ့ ညီညီညွတ်ညွတ်နဲ့ တိုက်ပွဲဝင်ကြမယ်။ ဒေသမခွဲ ခြားဘဲနဲ့ စစ်ကောင်စီရှိတဲ့နေရာမှန်သမျှကိုတိုက်ထုတ်ရမယ်။ဒါမှသာလျှင် ကရင်နီပြည်ဟာ သီးခြားလွတ်လပ်နိုင်မယ်။ မဟုတ်ရင်ကြာရှည်သွားလိမ့်မယ်။ညီညီညွတ်ညွတ်နဲ့လုပ်သွားရင် ကျွန်တော်တို့ အောင်ပွဲကို မြန်မြန်ဆန်ဆန်ရောက်နိုင်လိမ့်မယ် " ဟု ဆိုထားပါတယ်။
ထို့အပြင် တပ်မှူးတပ်သားများအနေဖြင့် ခဲယမ်းများကိုခြွေတာကြရန်နှင့် ကျည်တစ်တောင့်လျှင် ရန်သူတစ်ယောက် ဟူသည့် စိတ်ဓာတ်မျိုးဖြင့် တိုက်ကြရန် တိုက်တွန်းထားပါတယ်။
========================
📌📌 ၂။ သြစတြေးလျနိုင်ငံတွင် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကျဆုံးခြင်း တစ်လပြည့် အောက်မေ့ဖွယ် အခမ်းအနား လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်
သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၊ Werribee တွင် နိုဝင်ဘာလ (၉) ရက်နေ့က ကျင်းပတဲ့ ”အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ (၂)၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကျဆုံးခြင်း တလပြည့် အောက်မေ့ဖွယ် အခမ်းအနား" ကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်ခဲ့ပြီး အောက်မေ့သတိရစကား ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။
အဆိုပါ အခမ်းအနားတွင် ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်က "ဒေါက်တာ ဇော်မြင့်မောင် ကျဆုံးမှုသည် တိုင်းပြည်အတွက် ဆုံးရှုံးမှုကြီးတခု ဖြစ်ပါကြောင်း၊ ၎င်း၏ ဖြတ်သန်းမှုနှင့် ဦးဆောင်မှုများသည် လေ့လာသင်ယူစရာ အတုယူစရာများစွာ ရှိပါကြောင်း၊ ဒေါက်တာဇော်မြင့်မောင်၏ နောက်ဆုံးဆန္ဒဖြစ်သည့် နွေဦးတော်လှန်ရေးအား အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး၊ အာဏာရှင်စနစ် နိဂုံးချုပ်နိုင်ရေးတို့အတွက် မိမိတို့ အားလုံံး တက်ညီလက်ညီ ဆောင်ရွက်သွားရန် တာဝန်ရှိပါကြောင်း” စသည့် အကြောင်းအရာများကို ထည့်သွင်းပြောကြားခဲ့ပါတယ်။
အဆိုပါ အောက်မေ့ဖွယ် အခမ်းအနားအား ပြည်သူ့လွှတ်တော်အမတ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ သြစတြေးလျနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေနှင့် အဖွဲ့ဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ CRPH/NUG Support Group (Australia) အဖွဲ့ဝင်များ၊ တိုင်းရင်းသားအင်အားစုများ၊ တော်လှန်ရေးအင်အားစုများ၊ ဒေါက်တာဇော်မြင့်မောင်၏ မိသားစုဝင်တစ်ဦးဖြစ်သည့် ဒေါက်တာ ယုယုချစ်နှင့် မြန်မာမိသားစုများ တက်ရောက်ခဲ့ကြကာ ဒေါက်တာဇော်မြင့်မောင်အား အောက်မေ့သတိရစကားများ အသီးသီး ပြောကြားခဲ့ကြပြီး သဝဏ်လွှာများအား ဖတ်ကြားခဲ့ကြောင်း သိရှိရပါတယ်။
========================
📌📌 ၃။ တအာင်းပြည်နယ်တစ်ခုလုံးကို လွှမ်းခြုံနိုင်သော ကျန်းမာရေးယန္တရား တည်ဆောက်နိုင်ရန် ကျန်းမာရေးတတ်သိပညာရှင်များ ဖိတ်ကြား
တအာင်းပြည်နယ်တစ်ခုလုံးကို လွှမ်းခြုံနိုင်သော ကျန်းမာရေးယန္တရား တည်ဆောက်နိုင်ရန်အတွက် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/ TNLA) နှင့်လက်တွဲ၍ တအာင်းပြည်နယ်အတွင်းရှိ ဆေးရုံ၊ ဆေးခန်းများနှင့် ကျန်းမာရေးဌာနများ၌ တာဝန်ထမ်းဆောင်လိုသော ကျန်းမာရေး CDMers များ၊ Non-CDM မဟုတ်သော ကျန်းမာရေးတတ်သိပညာရှင်များအား တအာင်းပြည်နယ်ကျန်းမာရေးကောင်စီ (THC) နှင့် ကျန်းမာရေးမိသားစု - မန္တလေး (MFM) တို့မှ ဂုဏ်ယူလှိုက်လှဲစွာ ဖိတ်ကြားအပ်ပါကြောင်း THC မှ သတင်းထုတ်ပြန်ပါတယ်။
တအာင်းပြည်ကျန်းမာရေးကောင်စီ (THC) သည် တအာင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် ကျန်းမာရေးမိသားစု - မန္တလေး (MFM)၊ နွေဦးတော်လှန်ရေး၏ မိတ်ရင်း ကျန်းမာရေး တတ်သိပညာရှင်များ၊ ကျန်းမာရေး CDMers များနှင့်အတူ လက်တွဲ၍ တအာင်းပြည်နယ်၏ ကျန်းမာရေးယန္တရားကို လည်ပတ်လျက်ရှိပါသည်။
သို့သော်လည်း တအာင်းပြည်နယ်တစ်ခုလုံးကို လွှမ်းခြုံနိုင်သော ကျန်းမာရေးယန္တရားကို တည်ဆောက်နိုင်ရန်အတွက် တအာင်းပြည်ကျန်းမာရေးကောင်စီ (THC) အနေဖြင့် ကျန်းမာရေးဝန်ထမ်းအင်အားများ များစွာ လိုအပ်လျက် ရှိနေပါသေးတယ်လို့ ဖော်ပြထားပါတယ်။
တအာင်းပြည်ကျန်းမာရေးကောင်စီ (THC) နှင့်အတူ လက်တွဲ၍ တအာင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ ကျန်းမာရေးလိုအင်များကို ဖြည့်တင်းမြှင့်တင်ပေးလိုသော ကျန်းမာရေးတတ်သိပညာရှင်များအနေဖြင့် ပေးထားသော google form ကို ဖြည့်သွင်း၍သော်လည်းကောင်း၊ Telegram Channel ကို ချိတ်ဆက်မေးမြန်း၍သော်လည်းကောင်း၊ THC Email ကို ဆက်သွယ်၍သော်လည်းကောင်း လျှောက်ထားနိုင်ပါကြောင်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၄။ ADMM နှင့် ADMM Plus အစည်းအဝေးများမှ စစ်အုပ်စုအား ဖယ်ရှား၍ မြန်မာနိုင်ငံ၏ ဒီမိုကရေစီနည်းကျကိုယ်စားပြုမှု ရရှိစေရေး အရပ်ဖက် အဖွဲ့အစည်း (၈၀) မှ တောင်းဆို
မကြာမီ ကျင်းပမည့် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ADMM နှင့် ADMM Plus အစည်းအဝေးများမှ စစ်အုပ်စုအား ဖယ်ရှား၍ မြန်မာပြည်သူတို့၏ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီနည်းကျ ကိုယ်စားပြုခွင့်ကို ထောက်ခံအားပေးရန် အရပ်ဖက် အဖွဲ့အစည်း (၈၀) မှ အိပ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်ကြောင်း Defend Myanmar Democracy မှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ အိပ်ဖွင့်ပေးစာတွင်
၁။ လာအိုနိုင်ငံ၌ မကြာမီကျင်းပမည့် (၁၈) ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး (ADMM) နှင့် (၁၁) ကြိမ်မြောက် ADMM Plus နှင့် ဆက်စပ်အစည်းအဝေးများတွင် မြန်မာပြည်သူများ၏ ဒီမိုကရေစီနည်းကျကိုယ်စားပြုမှု ရရှိစေရန်။
၂။ အဆိုပါအစည်းအဝေးများ၊ နောင်တွင်ကျင်းပမည့် ADMM နှင့် ADMM Plus အစည်းအဝေးများ၊ လှုပ်ရှားမှုများမှ မြန်မာစစ်အုပ်စုအဖွဲ့ဝင်များကို ဖယ်ရှားရန်။
၃။ ADMM နှင့် ADMM Plusအတွင်း မြန်မာနိုင်ငံကိုယ်စား လက်ရှိရယူထားသည့် တရားဝင် ရာထူးတာဝန်များအားလုံးမှ စစ်အုပ်စုအဖွဲ့ဝင်များအား ဖယ်ရှားရန် တို့ ပါဝင်ပါတယ်။
ADMM နှင့် ADMM Plus လှုပ်ရှားဆောင်ရွက်မှုများမှ မြန်မာစစ်တပ်အား ဖယ်ရှားခြင်းမပြုပါက မြန်မာစစ်တပ် ပါဝင်တက်ရောက်မည့် ADMM နှင့် ADMM Plus လှုပ်ရှားဆောင်ရွက်မှုအားလုံးသို့ တက်ရောက်ရန် ငြင်းဆိုမှုကို လူသိရှင်ကြားလုပ်ဆောင်ရန် အာဆီယံအဖွဲ့ဝင် အစိုးရများနှင့် ဆွေးနွေးဖက် မိတ်ဖက်နိုင်ငံ အစိုးရများအား တောင်းဆိုထားပါတယ်။
မြန်မာစစ်တပ်သည် မြန်မာပြည်သူများအား ပြည်ပခြိမ်းခြောက်မှုအန္တရာယ်များမှ ကာကွယ်ပေးသည့် အရပ်ဘက်ထိန်းချုပ်မှုအောက်ရှိ လက်နက်ကိုင်အဖွဲ့အစည်းမဟုတ်ကြောင်း၊ စစ်အုပ်စုသည် မြန်မာစစ်တပ်အတွင်းမှ ဖွဲ့စည်းထားသည့် တရားမဝင်ရာဇဝတ်အဖွဲ့အစည်းတစ်ရပ် ဖြစ်ကြောင်း၊ စစ်အုပ်စုသည် မည်သည့်အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြင့်မှ အစိုးရတစ်ရပ်မဟုတ်သည့်အတွက် စစ်အုပ်စုက ခန့်အပ်သူများသည် အာဆီယံအစည်းအဝေးများနှင့် လှုပ်ရှားဆောင်ရွက်မှုအားလုံးတွင် မြန်မာပြည်သူများအား ကိုယ်စားပြုရန် တရားမဝင်မှု မရှိကြောင်း ဖော်ပြထားပါတယ်။
“စစ်အုပ်စု ဝန်ထမ်းများအား ဖိတ်ကြားခြင်းကို ပြန်လည် မရုတ်သိမ်းပါက အစည်းအ၀ေးမတက်ရောက်ကြရန်” အာဆီယံအဖွဲ့ဝင်နိုင်ငံများကို တောင်းဆိုထားသည့်အပြင် အထူးကိုယ်စားလှယ်က “လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် မြန်မာပြည်သူများ၏ ဆန္ဒကို ထောက်ခံသော အဖွဲ့ဝင်နိုင်ငံများသည် စစ်ကောင်စီ၏ တရားဝင် အစိုးရဖြစ်ကြောင်း မှားယွင်းသောအဆိုကို လူသိရှင်ကြား ဆန့်ကျင်ရန်နှင့် NUG ကို မြန်မာပြည်သူလူထု၏ တရားဝင် ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုရန်” တိုက်တွန်းထားပါတယ်။
========================
📌📌 ၅။ သာယာဝတီထောင်တွင် နိုင်ငံရေးအကျဉ်းသား နှစ်ဦးအား ထောင်အာဏာပိုင်များမှ အကြောင်းမဲ့ ရိုက်နှက်တိုက်ပိတ်ထား
သာယာဝတီထောင်တွင် မိသားစုဝင် ပေးပို့သည့် ပါဆယ်စာအုပ်ထဲတွင် ဖုန်းဆင်းကဒ် ပါသည်ဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံရေးအကျဉ်းသား ကိုထွဋ်ပိုင်မှူး နှင့် ကိုပြည့်စုံအောင်တို့နှစ်ဦးအား ရိုက်နှက်ပြီး တိုက်ပိတ်ထားသည့်အပြင် ခြေကျင်းများပါ ခတ်ခံထားရကြောင်း အကျဉ်းထောင် အာဏာပိုင်နှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရကြောင်း PPNM မှ သတင်းထုတ်ပြန်ထားပါတယ်။
ထို့အပြင် ကိုထွဋ်ပိုင်မှူး နှင့် ကိုပြည့်စုံအောင်တို့သည် အကျဉ်းထောင်တွင်း အဖိနှိပ်ခံအကျဉ်းသားအရေးကို ဆောင်ရွက်ခြင်းနှင့် ထောင်အာဏာပိုင်များ၏ ဥပဒေမဲ့လုပ်ဆောင်မှုများကို ဝေဖန်ထောက်ပြလေ့ရှိသည့်အတွက် အကျဉ်းထောင်အာဏာပိုင်များက ယခုကဲ့သို့ လုပ်ဆောင်ခြင်းပင်ဖြစ်ကြောင်း အကျဉ်းဦးစီးနှင့်နီးစပ်သူထံမှ ထပ်မံ သိရှိခဲ့ရပြီး PPNM မှလည်း မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အကျဉ်းထောင် ပါဆယ်ဌာနသည် မိသားစုဝင် ပေးပို့သည့် ပါဆယ်၊ ဆေးဝါး၊ စာအုပ်များကို တင်းကြပ်စွာ စိစစ်ပြီးမှသာ အကျဉ်းသားများလက်ဝယ် ရောက်ရှိခြင်းဖြစ်ပြီး ပါဆယ် စာအုပ်ထဲတွင် ဖုန်းဆင်းကဒ် ပါဝင်လာသည်ဟူသော အကြောင်းပြချက်သည် လုံးဝအဓိပ္ပာယ်မရှိသည့် အကြောင်းပြချက်ဖြစ်တယ်လို့ ဆိုထားပါတယ်။
လက်ရှိသာယာဝတီထောင်တွင် ထောင်အာဏာပိုင် ရဲရင့်နိုင် သည် စစ်ကောင်စီအလိုကျ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများကို ဖိနှိပ်သည့်အချိန်တိုင်း စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများကပါ လူ့အခွင့်အရေးချိုးဖောက်နေသည့် အကျဉ်းဦးစီးဝန်ထမ်းများ၏ ချိုးဖောက်မှုများကို သတင်းဖုံးပေးလျက်ရှိကြောင်း မိဘပြည်သူများအား အသိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေး နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ချီဖွေခရိုင်၊ ဆော့လော်မြို့နယ်၊ လန်ဆယ် (Lanse) မြို့ကို KIA သိမ်းပိုက်လိုက်ပြီး နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်နေ
နိုဝင်ဘာလ (၁၀) ရက်နေ့ မနက်ပိုင်း (၇) နာရီခန့်တွင် တန်ဂူးတန် ပြည်သူ့စစ်အဖွဲ့ အင်အား (၃၀) ခန့် ထိန်းချုပ်ထားတဲ့ ချီဖွေခရိုင်၊ ဆော့လော်မြို့နယ်၊ လန်ဆယ် (Lanse) မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်လိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ KIO ပြောပါတယ်။
တန်ဂူးတန် ပြည်သူ့စစ်အဖွဲ့တွေ ကိုယ်တိုင်လည်း လက်ရှိ အခြေအနေကို နားလည်သဘောပေါက်ကြတဲ့အတွက် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်တာမရှိဘဲ KIA ပူးပေါင်းတပ်တွေ ဝင်ရောက်လာတဲ့အချိန် တန်ဂူးတန် ဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဘက်လည်း နားလည်သဘောပေါက်စွာနဲ့ တပ်ဆုတ်ခွာသွားကြတာကြောင့် လန်ဆယ်တိုက်ပွဲမှာ နှစ်ဖက်တပ် ထိခိုက်သေဆုံးမှု မရှိတဲ့အပြင် တစ်ရက်အတွင်းမှာပဲ သိမ်းပိုက်နိုင်ခဲ့ပြီး ဒေသတစ်ခုလုံးကို KIA ပူးပေါင်းတပ်တွေ တပ်ချကာ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောထားပါတယ်။
လန်ဆယ်မြို့ဟာ ဆော့လော်မြို့နယ်ထဲမှာ နောက်ဆုံးကျန်ရှိနေတဲ့ BGF တပ်စခန်းရှိတဲ့ နေရာဖြစ်ပြီး ဆော့လော်မြို့နယ်တစ်ခုလုံး KIA ထိန်းချုပ်နယ်မြေထဲ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
========================
🚩🚩 ၂။ နပခသို့ ရိက္ခာနှင့် လက်နက်ခဲယမ်းများ လာရောက်ပို့ဆောင်ပြီး ဒဏ်ရရှိသူများကို တင်ဆောင်သွားသည့် MI-17 ရဟတ်ယာဉ် အပစ်ခံရ
နိုဝင်ဘာလ (၁၀) ရက် နေ့လယ် (၂) နာရီ၊ (၃၀) မိနစ်ခန့်တွင် အမ်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) အတွင်း စစ်လက်နက် ပစ္စည်းများ လာရောက်ပို့ဆောင်ပြီး ပြန်လာသည့် ရဟတ်ယာဉ်လေးစင်းအနက် MI-17 ရဟတ်ယာဉ်ကို AA က ပစ်ခတ်ခဲ့လို့ အမြီးပိုင်း ထိမှန်သွားကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခမှ ပြောကြားထားပါတယ်။
"မနေ့က အကြမ်းဖက် စစ်ကောင်စီက အမ်း၊ နပခ ဌာနချုပ် ပတ်ဝန်းကျင်မှာ သူတိုရဲ့တပ်ဖွဲဝင် လူနာတွေ၊ လက်နက်ခဲယမ်း၊ ရိက္ခာ၊ စစ်အင်အား လာပို့တဲ့ ရဟတ်ယာဉ် (၄) စီး၊ ရှေ့ဆင့် နောက်ဆင့် ဆင်းသက်လာတာရှိပါတယ်။ ကျနော်တို့ဘက်က (၄) စီးစလုံးကို လိုက်ပစ်တာ (၁) စီးက အမြီးပိုင်းကို ထိသွားပါတယ်။ ဒါပေမယ့် အဲဒီထိသွားတဲ့ ရဟတ်ယာဉ်ဟာ အဲဒီနေရာမှာ ထိုးကျပျက်စီးသွားတာမျိုးမဟုတ်ဘဲ သူတို့အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နေရာအထိရောက်အောင် သူတို့ကြိုးစားထိန်းမောင်းပြီးမှ သတ်မှတ်နေရာကို မရောက်ဘဲ အဆင်ပြေတဲ့ တစ်နေရာမှာ ဆင်းသက်သွားတယ်လို့ ကျနော်တို့ သိရပါတယ်။ နောက်ထပ် ကျနော်တို့ စုံစမ်းသိရှိရသလောက် အဲဒီရဟတ်ယာဉ်ဆင်းသက်သွားတာကတော့ မကွေးတိုင်း၊ ငဖဲမြိုနယ်၊ ကျောက်ဆုံရွာအနီးကို ဆင်းသွားတယ်လို့ စုံစမ်းသိရှိရတယ်" ဟု ခိုင်သုခက ပြောဆိုထားပါတယ်။
အမ်း နပခဝင်းအတွင်း လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာ လာရောက်ပို့ဆောင်သည့် ကျန်သည့် ရဟတ်ယာဉ် သုံးစင်းမှာ မူလရည်ရွယ်ရာလမ်းကြောင်းဖြစ်သည့် မကွေးတပ်မ (၈၈) သို့ ပြန်လည်ဆင်းသက်သွားနိုင်ကြောင်း သိရပါတယ်။
========================
🚩🚩 ၃။ ပုလောမြို့နယ်၊ မြိတ်မြို့နယ် နှင့် တနင်္သာရီမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား စစ်ရေးတင်းမာလျက် ရှိ
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်းရှိ ပုလောမြို့နယ်၊ မြိတ်မြို့နယ် နှင့် တနင်္သာရီမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား စစ်ရေးတင်းမာလျက် ရှိတယ်လို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နိုဝင်ဘာလ (၁၁) ရက်မှာ အသိပေးပါတယ်။
"အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ စစ်ကြောင်းထိုးလှုပ်ရှားနေသည့် နေရာတိုင်းတွင် အရပ်သားပြည်သူများအား အဓမ္မဖမ်းဆီးခြင်း၊ ပေါ်တာ ဆွဲခြင်း၊ အရပ်သားပြည်သူများကို အကာအကွယ်ယူ၍ စစ်ရေးလှုပ်ရှားခြင်းများ ပြုမူဆောင်ရွက်နေပြီး ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိပါတယ်" လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးထောက်တိုင်ဖြစ်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများသည် အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှု မထမ်းမနေရ ဥပဒေကို အသက်သွင်းလျက် ပြည်သူများအား အဓမ္မစစ်မှုထမ်းစေရန် လုပ်ဆောင်လျက်ရှိရာ တိုင်းစစ်ဌာန (တနင်္သာရီ) ဗျူဟာ (၃၅) နယ်မြေ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များ၊ ပူးပေါင်းစစ်ကြောင်းများမှ အထက်ပါမြို့နယ်များအတွင်း စစ်ရေးတိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်၊ အုပ်ချုပ်ရေးပစ်မှတ်များကိုပါ တိုက်ခိုက်ရှင်းလင်းသွားမယ်လို့ ဖော်ပြပါတယ်။
အထက်ပါ မြို့နယ်များအတွင်းရှိ ပြည်သူများအနေဖြင့် ပုလောမြို့နယ်တွင် ပြည်ထောင်စုလမ်းမကြီးအပိုင်း၊ မြိတ်မြို့နယ်တွင် မြိတ်မြို့အထွက် ကျောက်ဖြူတောင်လမ်းဆုံမှ သာရမဲ၊ အင်္ဂမော်၊ ကြေးနန်းတိုင် လမ်းတစ်လျှောက်နှင့် တနင်္သာရီမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးများပေါ်၌ သွားလာရာတွင် နံနက် (၆) နာရီ မှ ည (၆) နာရီအတွင်းသာ သွားလာကြရန်၊ ခရီးသွားကားများအနေဖြင့် မှန်ချပြီးမှသာ မောင်းနှင်ကြရန်၊ ကုန်ကားများသည် အလုံပိတ်ဖုံးအုပ်ထားခြင်း (လုံးဝ) မပြုလုပ်ကြရန် အသိပေးကြေညာထားပါတယ်။
========================
🚩🚩 ၄။ ၁၁.၁၁ စစ်ဆင်ရေး တနှစ်ပြည့်တွင် ကျဆုံးခဲ့ရတဲ့ ရဲဘော်များနဲ့ ပြည်သူများကို KNDF - Pekhon အလေးနီပြု
ကရင်နီပြည်မှာ (၂၀၂၃) ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့က စတင်ခဲ့တဲ့ ၁.၁.၁.၁ စစ်ဆင်ရေးဟာ တစ်နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။
စစ်ဆင်ရေးကာလ တနှစ်အတွင်း ကျဆုံးခဲ့ရတဲ့ တပ်ဖွဲ့အသီးသီးမှ အာဇာနည်သူရဲကောင်းများနဲ့ အသက်အိုးအိမ်များ ဆုံးရှုံးခဲ့ရတဲ့ မိဘပြည်သူများကို အလေးနီပြုတယ်လို့ KNDF - Pekhon Zone က ထုတ်ပြန်ထားပါတယ်။
ထို့အပြင် ကရင်နီပြည်ရဲ့ ခက်ခဲကြမ်းတမ်းတဲ့ တော်လှန်ရေး ခရီးများမှ တော်လှန်ရေး အင်အားစုများ ညီညွတ်မှုနဲ့ တော်လှန်ရေး ပန်းတိုင်ဆီကို အမြန်ဆုံး လျောက်လှမ်းနိုင်ကြပါစေကြောင်းကိုလည်း KNDF - Pekhon Zone က ဆန္ဒပြုထားပါတယ်။
========================
🚩🚩 ၅။ ၁၁.၁၁ စစ်ဆင်ရေး တနှစ်ပြည့် ဂုဏ်ပြုသောအားဖြင့် ရွာမအစု အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်
ကရင်နီ ပြည်နယ်က “၁၁.၁၁ စစ်ဆင်ရေး” တစ်နှစ်ပြည့်ကို ဂုဏ်ပြုသော အားဖြင့် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမအစု ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ (၁၁) ရက်၊ နေ့လည် (၂) နာရီ (၃၀) မိနစ်တွင် အောင်မင်္ဂလာဒုံ လမ်းမပေါ်က အဆိုပါ အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်း အသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း ထိခိုက်မှု တစုံတရာကို မသိရသေးပေမယ့် Dark Shadow အဖွဲ့မှ ရဲဘော်များ အထိခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
ကရင်နီပြည်က ၁၁.၁၁ စစ်ဆင်ရေးမှာ ပါဝင်ဆင်နွှဲနေတဲ့ တော်လှန်ရေး အင်အားစုများနဲ့အတူ Dark Shadow အဖွဲ့က မြို့ပြတွင်လည်း အာဏာရှင် အမြစ်ပြတ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အသိပေးထားပါတယ်။
========================
🚩🚩 ၆။ မင်းတုန်းတွင် စစ်ကောင်စီ စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပကဖ ရဲဘော်တဦး လက်နက်ကြီး ထိမှန်ဒဏ်ရာရ
မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်း မြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ပကဖ ရဲဘော်တဦး လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့တယ်လို့ မင်းတုန်းမြို့နယ် ပကဖ မှ သတင်းထုတ်ပြန် ထားပါတယ်။
နို၀င်ဘာလ (၇) ရက်နေ့ ညနေ (၄) နာရီအချိန်မှာ ခုန်တိုင်ကျင်းရွာကို ရုတ်တရက် ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ မင်းတုန်း ပကဖ ရဲဘော်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး၊ ဒရုန်း များဖြင့် ပစ်ကူပေးခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ရုတ်တရက် ထွက်ပြေးတိမ်းရှောင်ကြရတဲ့ ကျေးရွာနေ ပြည်သူများကို ကာကွယ်ပေးရင်း ပကဖ ရဲဘော်တဦး လက်နက်ကြီး ထိမှန်ကာ မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီ စစ်ကြောင်းဟာ ခုန်တိုင်ကျင်းရွာမှာ ညအိပ်ခဲ့ပြီး နိုဝင်ဘာလ (၈) ရက်နေ့ မနက်ပိုင်းမှာ သပြေတောင်ရွာဘက်ကို ဆက်လက်စစ်ကြောင်းထိုးခဲ့ကာ နိုဝင်ဘာလ (၉) ရက်နေ့မှာ သပြေတောင် ကျေးရွာက ပြည်သူပိုင် နေအိမ် (၆) လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာလ (၁၀) ရက်နေ့မှာတော့ ၎င်းစစ်ကြောင်းဟာ သရက်မြို့နယ်က ကပစ (၁၂) နဲ့ မင်းတုန်းမြို့နယ်က (၅) မိုင် စခန်းများကို အသီးသီး ပြန်လည်ထွက်ခွာသွားခဲ့ကြတယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၇။ PDF ထိန်းချုပ်နယ်မြေထဲ ဝင်လာတဲ့ SNA တပ်သား (၃) ဦး ပစ်ခတ်ခံရပြီး တဦး သေဆုံး၊ တဦး အရှင်ဖမ်းမိ
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ထဲက PDF ထိန်းချုပ်နယ်မြေထဲကို ဝင်ရောက်လာတဲ့ ရှမ်းနီအမျိုးသားသားများ တပ်မတော် SNA တပ်ဖွဲ့ဝင် (၃) ဦး ပစ်ခတ်ခံရပြီး (၁) ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ (၈) ရက် မွန်းလွဲ (၂) နာရီ ခန့်တွင် PDF တပ်ပေါင်းစုက ထိန်းချုပ်ထားတဲ့ နောင်ပိုအောင် ကျေးရွာထဲကို စစ်ကောင်စီ လက်ဝေခံ SNA တပ်မှ တပ်သား (၃) ဦး ဝင်ရောက်လာရာက ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ပစ်ခတ်မှုအတွင်း SNA တပ်ဖွဲ့ဝင် တဦး သေဆုံးခဲ့ပြီး အသက် (၂၀) ကျော်အရွယ် SNA တပ်သား တဦးကိုလည်း အရှင် ဖမ်းမိထားပြီး နောက်တဦးကတော့ ထွက်ပြေးလွတ်မြောက် သွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း SNA တပ်ဘက်ကနေ PDF တပ်ပေါင်းစု ထိန်းချုပ်ရာ သဲနုတ်ဆွတ် ကျေးရွာဘက်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၈။ မုံရွာတွင် စစ်ကောင်စီနဲ့ ပျူ ပူးပေါင်းစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး (၆) ဦး သေဆုံး (၇) ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာမှ ညောင်ဖြူပင် ရဲစခန်းကို တပ်ချိန်းရန် ထွက်လာတဲ့ စစ်ကောင်စီ နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ (၆) ဦး သေဆုံးပြီး (၇) ဦး ဒဏ်ရာရခဲ့တယ်လို့ Chaung U PDF က သတင်းထုတ်ပြန် ထားပါတယ်။
နိုဝင်ဘာလ (၁၁) ရက် မနက် (၈) နာရီ (၁၅) မိနစ်တွင် ညောင်ဖြူပင် ရဲစခန်းကို တပ်အင်အား ချိန်းရန်လာတဲ့ အင်အား (၄၀) ခန့်ပါ အဆိုပါ စစ်ကြောင်းကို ပဒေသာမိုင်းပွိုင့် (၄) လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား (၆) ဦး နေရာမှာပဲ သေဆုံးခဲ့ကာ (၇) ဦး ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မိုင်းဆွဲတိုက်ခိုက် ခံရပြီးနောက် ဒဏ်ရာရ လူနာများအား ကန်တာ (၁၂) ပေ ကားအဖြူရောင် တစီးဖြင့် တင်သွားပြီး မုံရွာ - မန္တလေး လမ်းမပေါ်က စွမ်းရည်ထက် စကစ အထိုင်နေရာကို ပို့ဆောင်ခဲ့ပြီး မုံရွာမြို့ပေါ်ကို အိမ်စီးကား (၅) စီးဖြင့် ဆက်လက်ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၉။ ယင်းမာပင် ပကဖ လက်ရုံးတပ် ဖွဲ့စည်းခြင်း အခမ်းအနား ကျင်းပခဲ့
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) လက်ရုံးတပ် ရဲဘော်တွေ မွန်းမံသင်တန်း ဆင်းပွဲနဲ့ ခရိုင် လက်ရုံးတပ် ဖွဲ့စည်းခြင်း အခမ်းအနား ကျင်းပခဲ့တယ်လို့ ပကဖ အသံက ဖော်ပြထားပါတယ်။
နိုဝင်ဘာလ (၁၁) ရက်နေ့က လွတ်မြောက်နယ်မြေ တနေရာမှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ အခမ်းအနားကို သက်ဆိုင်ရာ တာဝန်ရှိသူများနဲ့ ပကဖ ရဲဘော်များ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အခမ်းအနားတွင် ယင်းမာပင် ခရိုင် ပကဖ တာဝန်ခံနှင့် ဒုတာဝန်ခံတို့က အမှာစကား တက်ရောက်ပြောကြားခဲ့ပြီး ဂုဏ်ပြုဆုငွေတွေ ပေးအပ်ခဲ့ ကြတယ်လို့ သိရပါတယ်။
========================
🚩🚩 ၁၀။ အလုပ်ထွက်ချင်သော်လည်း ထွက်ခွင့်မရလို့ ရွှေထီးခန်းမက တပ်ကြပ်ကြီး တစ်ဦး ကိုယ့်ကိုယ်ကို အ-ဆုံး-စီ-ရင်
နိုဝင်ဘာလ (၁၀) ရက်နေ့ညတွင် ယောနယ်၊ ထီးလင်းမြို့ ရွှေထီးခန်းမမှာ စစ်ကောင်စီတပ်သား တပ်ကြပ်ကြီးတစ်ဦး မိမိကိုယ်ကို အ-ဆုံး-စီ-ရင်သွားတယ်လို့ ယောအလင်းတန်းမှ ဖော်ပြထားပါတယ်။
အ-ဆုံး-စီ-ရင်သွားတဲ့ တပ်ကြပ်ကြီးဟာ ယောနယ်၊ ဆောမြို့နယ်၊ ကျောက်ထုမြို့ အမြောက်တပ်ကနေ ပြောင်းလာတာဖြစ်ပြီး စစ်ကောင်စီကို စိတ်ပျက် နေကာ ၎င်းတို့လက်အောက်မှာ အလုပ် မလုပ်ချင်တော့တဲ့ အသက် (၄၀) ကျော်အရွယ် တပ်ကြပ်ကြီး ဖြစ်တယ်လို့လည်း သိရပါတယ်။
"သူက အရက်တော့ နဲနဲ သောက်တတ်တယ်၊ အခင်းဖြစ်ပွားတဲ့ယမန်နေ့ညကလဲ အရက်တော့နဲနဲသောက်ထားပုံရတယ်၊ သူက စစ်ကောင်စီလက်အောက်က ထွက်ချင်နေတာကြာပါပြီ၊ အကြောင်းအမျိုးမျိုးကြောင့် ထွက်မရဖြစ်နေတာ၊ မနေ့ညကတော့ သူ့ကိုသူ သေန-တ် နဲ့ ပ-စ်ပြီး အ-ဆုံး- စီ-ရင်သွားတာပါ၊ တစ်ချက်ထဲနဲ့ အပြီးပါ" လို့ စစ်သတင်းရင်းမြစ်က ပြောပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေး နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment