၂၀၂၄ နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ဒေါက်တာမီမီဝင်းဘတ်နှင့် ဖို့ဝိန်းမြို့ရှိ မြန်မာပြည်ဖွားတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်
📌 ၂။ MOCITရဲ့ITဌာနကနေ VPN တခုကို ဖန်တီးနိုင်ခဲ့ပြီး စမ်းသပ်ကာလအနေနဲ့ လူဦးရေ ၁၀၀၀ စတင်သုံးစွဲနေကြောင်း ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်အသိပေး
📌 ၃။ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မြန်မာဒုက္ခသည်တွေကို အကြမ်းဖက်စစ်အုပ်ထံပြန်မအပ်ဖို့NUGက မေတ္တာရပ်ခံ
📌 ၄။ မြန်မာနိုင်ငံရှိကလေးများဟာ အခြေခံအခွင့်အရေးတွေဖြစ်တဲ့ ဘေးကင်းလုံခြုံရေး၊ ပညာရေးနဲ့ ငြိမ်းချမ်းတဲ့ကလေးဘဝတွေကို ငြင်းပယ်ခံနေရတယ်လို့ ယူနီဆတ်ထုတ်ပြန်
📌 ၅။ ဒေါ်နယ်ထရန့်ခန့်အပ်မယ့်အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး Mike Waltzဟာ မြန်မာ့အရေးကို အာရုံစိုက်သူဖြစ်
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ PDF တပ်ရင်းအားလုံးကို ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ တသန်းကျော်ကုန်ကျပြီး လိုငွေကို ပြည်ထောင်စုဘက်ဂျက်ကနေ ဖြည့်ဆည်းပေးနေတယ်လို့ဆို
🚩 ၂။ အကြမ်းဖက်စစ်ရှုံးကောင်စီ၏ကူးဆိပ်တံတားလုံခြုံရေးစခန်းအားတိုက်ခိုက်သိမ်းပိုက်ရာတွင်လက်နက်ကြီး၊ လက်နက်ငယ်နှင့် ဒရုန်းကာကွယ်ရေးဂျန်ပါများလည်းသိမ်းဆည်းရရှိခဲ့
🚩 ၃။ ဝမ်ပေါင်မှစစ်ကိုင်းမြို့သို့ ထွက်လာသော စစ်ကောင်စီယာဉ်တန်းအား မုံရွာ-မန္တလေး လမ်းမကြီး၏ လမ်းပိုင်းတစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ဒေါက်တာမီမီဝင်းဘတ်နှင့် ဖို့ဝိန်းမြို့ရှိ မြန်မာပြည်ဖွားတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်
နိုဝင်ဘာ၁၂ရက်
ဒေါက်တာမီမီဝင်းဘတ်နှင့် ဖို့ဝိန်းမြို့ရှိ မြန်မာပြည်ဖွားတိုင်းရင်းသားပြည်သူများ၏တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းမှ အထူးဧည့်သည်အဖြစ် တက်ရောက်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့လယ်စာကြည့်တိုက်(Allen Country Public Library) တွင် ဒေါက်တာမီမီဝင်းဘတ်နှင့် ဖို့ဝိန်းမြို့ရှိ မြန်မာပြည်ဖွားတိုင်းရင်းသားပြည်သူများ၏ တွေ့ဆုံပွဲကို နိုဝင်ဘာ ၁၀ ရက်နေ့တွင် ကျင်းပခဲ့တယ်လို့သိရပါတယ်။
အဆိုပါတွေ့ဆုံပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက အထူးဧည့်သည်အဖြစ်တက်ရောက်ကာ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
တွေ့ဆုံပွဲတွင် တက်ရောက်လာသူများက အမျိုးသားညီညွတ်ရေးအစိုးရနှင့်တိုင်းရင်းသားအင်အားစုများ အကြား ပူးပေါင်းဆောင်ရွက်မှုနှင့်တပ်ပေါင်းစုအသွင်ဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကျင်းပရန် ကြိုးစားနေမှုအပေါ်သဘောထားအမြင်၊ မြေပြင်တွင် ဖြစ်ပွါးနေသည့် အရပ်သားပြည်သူအပေါ်အကြမ်းဖက်မှုများ အား ကိုင်တွယ်ဖြေရှင်းနေပုံတို့နှင့် ပတ်သက်၍ မေးမြန်းလာမှုအပေါ် ပြည်ထောင်စုဝန်ကြီးက တက်ရောက်လာသူများအား ရင်းနှင်းပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေး ဖြေကြားခဲ့ပါတယ်။
========================
📌📌 ၂။ MOCITရဲ့ITဌာနကနေ VPN တခုကို ဖန်တီးနိုင်ခဲ့ပြီး စမ်းသပ်ကာလအနေနဲ့ လူဦးရေ ၁၀၀၀ စတင်သုံးစွဲနေကြောင်း ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်အသိပေး
နိုဝင်ဘာ၁၂ရက်
MOCITရဲ့ITဌာနကနေ VPN တခုကို ဖန်တီးနိုင်ခဲ့ပြီး စမ်းသပ်ကာလအနေနဲ့ လူဦးရေ ၁၀၀၀ စတင်သုံးစွဲနေကြောင်း ဆက်သွယ်ရေးသတင်းအချက်အလက်နဲ့နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်မှ နိုဝင်ဘာ၁၂ရက်မှာ ဆိုရှယ်မီယာကနေ အသိပေးဆိုထားပါတယ်။
"ပြည်သူလူထုကို နည်းမျိုးစုံနဲ့ နှိပ်စက်နေတဲ့ စကစဟာ သတင်းလွတ်လပ်ခွင့်နဲ့ အင်တာနက်သုံးစွဲမှုကို ဖြတ်တောက်ခဲ့တယ်။ VPN ဆိုတဲ့ နည်းကိုသုံးစွဲပြီး လူမှုကွန်ယက်စာမျက်နှာတွေသုံးစွဲနေတဲ့ ပြည်သူတွေကိုလည်း သုံးစွဲလို့မရအောင် VPN တွေကို ပိတ်ဆို့တားဆီးထားလိုက်တယ်။ ဒါပေမယ့် နည်းပညာဆိုတာ ဘယ်လိုမှ တားဆီးမရဘူးဆိုတာကိုပြသဖို့နဲ့ တော်လှန်ရေးအတွက် အဓိကအထောက်အကူဖြစ်စေဖို့ ကျနော်တို့ရဲ့ IT ဌာနကနေ VPN တခုကို ဖန်တီးနိုင်ခဲ့ပါပြီ။ မြောက်ပိုင်းရဲ့ အင်အားစုတွေက စမ်းသပ်သုံးစွဲပြီး အတားအဆီးတွေကို ကျော်လွန်အောင်မြင်စွာနဲ့ အမြန်နှုန်းလည်း မကျပဲ NUG အစိုးရရဲ့ အလုပ်တွေကို လုပ်နေနိုင်ပြီဖြစ်ပါတယ်။ ပထမဆုံး စမ်းသပ်ကာလအနေနဲ့ လူဦးရေ ၁၀၀၀ စတင်သုံးစွဲနေပြီဖြစ်ပါတယ်။ ဘယ် Service Provider ကိုပဲသုံးသုံး အောင်မြင်စွာနဲ့ ကျော်လွှားနိုင်ခဲ့ပြီဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေနဲ့အတူ လူထုကပါ သုံးစွဲနိုင်ဖို့လည်း ရည်ရွယ်ထားပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ဆက်သွယ်ရေးသတင်းအချက်အလက်နဲ့နည်းပညာဝန်ကြီးဌာနဟာ ဖက်ဒရယ်နက်ခ်ကိုလည်း ဖန်တီးနိုင်ခဲ့ပြီး အညာဒေသတွင် လူထုသတင်းအချက်အလက်သိရှိစေရေးကို ဦးစားပေးဆောင်ရွက်ခဲ့ပါတယ်။
========================
📌📌 ၃။ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မြန်မာဒုက္ခသည်တွေကို အကြမ်းဖက်စစ်အုပ်ထံပြန်မအပ်ဖို့NUGက မေတ္တာရပ်ခံ
နိုဝင်ဘာ၁၂ရက်
အိမ်နီးချင်းနိုင်ငံ တွေ အနေနဲ့မြန်မာဒုက္ခသည်တွေကိုအကြမ်းဖက်စစ်အုပ်ထံပြန်မအပ်ဖို့NUGက မေတ္တာရပ်ခံကြောင်းကို နိုဝင်ဘာလ ၁၂ ရက်နေ့ “ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်”တွင် ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကဆိုပါတယ်။
“အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က တရုတ်နိုင်ငံမှာ ထိုင်း ဝန်ကြီးချုပ်နဲ့တွေ့ဆုံတဲ့ အခါ မှာ ထိုင်းရောက်မြန်မာနိုင်ငံသားတွေရဲ့အချက် အလက်တွေကို တောင်းခံ ခဲ့တယ်လို့ ကြားသိရပါ တယ်။ ဒီလိုတောင်းခံမှုဟာ သွေးရိုးသားရိုးမဟုတ်ပါဘူး။ အကြမ်းဖက်စစ်အုပ် စုလက်ထဲပြန်လည် လွှဲပြောင်းခံရတဲ့ ခိုလှုံသူတွေဟာ ထောင်သွင်းအကျဉ်းချခံရတာ၊ အဓမ္မစစ်သား စုဆောင်းခံရပြီး ရှေ့တန်းစစ်မျက်နှာတွေမှာလူသားဒိုင်းအဖြစ်စေခိုင်းခြင်းခံရတာတွေရှိနေတာကြောင့် အိမ်နီးချင်းနိုင်ငံ တွေ အနေနဲ့လူသားချင်းစာနာထောက်ထားရေးရှုထောင့်ကနေစဉ်းစားပြီး စစ်အုပ်စု လက်ကို ပြန်အပ် တာမျိုးတွေ မပြုလုပ်ဘဲ တတ်နိုင်သမျှ ကူညီဖေးမပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်"လို့ဆိုပါတယ်။
ထိုင်းနိုင်ငံတွင် ရက်ပေါင်း ၁၂၀ စီမံချက်ဖြင့် ဇွန်လ ၅ ရက်နေ့မှ စက်တင်ဘာလ ၁၉ ရက်နေ့အထိ မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား စသည့်နိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမား ၂၅၆,၂၁၃ ဦးဖမ်းဆီးရမိခဲ့ရာတွင်မြန်မာနိုင်ငံသား၁သိန်းကျော်ပါဝင်ခဲ့ပါတယ်။
========================
📌📌 ၄။ မြန်မာနိုင်ငံရှိကလေးများဟာ အခြေခံအခွင့်အရေးတွေဖြစ်တဲ့ ဘေးကင်းလုံခြုံရေး၊ ပညာရေးနဲ့ ငြိမ်းချမ်းတဲ့ကလေးဘဝတွေကို ငြင်းပယ်ခံနေရတယ်လို့ ယူနီဆတ်ထုတ်ပြန်
နိုဝင်ဘာ၁၂ရက်
မြန်မာနိုင်ငံရှိကလေးများဟာ အခြေခံအခွင့်အရေးတွေဖြစ်တဲ့ ဘေးကင်းလုံခြုံရေး၊ ပညာရေးနဲ့ ငြိမ်းချမ်းတဲ့ကလေးဘဝတွေကို ငြင်းပယ်ခံနေရတယ်လို့ ယူနီဆတ်က နိုဝင်ဘာ၁၂ရက်မှာ ယူနီဆတ်မြန်မာက တရားဝင်အသိပေးထုတ်ပြန်ပါတယ်။
"မြန်မာနိုင်ငံမှာ ကလေးသူငယ်အခွင့်အရေးတွေဟာ မကြုံစဖူးစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ပဋိပက္ခဒဏ်သင့်ဒေသတွေကနေ မြို့ပြဒေသတွေအထိ ကလေးတွေဟာ သူတို့ရဲ့အခြေခံ အခွင့်အရေးတွေဖြစ်တဲ့ ဘေးကင်းလုံခြုံရေး၊ ပညာရေးနဲ့ ငြိမ်းချမ်းတဲ့ကလေးဘဝတွေကို ငြင်းပယ်ခံနေရပါတယ်။ကလေးတွေက ငြိမ်းချမ်းရေး၊ အကာအကွယ်နဲ့ ကလေးတိုင်းအတွက် ပိုကောင်းတဲ့အနာဂတ်တည်ဆောက်နိုင်ဖို့ အခွင့်အရေးတွေ တောင်းဆိုနေကြချိန်မှာ ကလေးတွေနဲ့အတူ ခိုင်ခိုင်မာမာ ရပ်တည်ပေးကြပါစို့"လို့ဆိုထားပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့ဖိနှိပ်သတ်ဖြတ်မှုတွေထဲမှာ ကလေးသူငယ်တွေနဲ့အမျိုးသမီးများအများစုပါဝင်ပါတယ်။
========================
📌📌 ၅။ ဒေါ်နယ်ထရန့်ခန့်အပ်မယ့်အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး Mike Waltzဟာ မြန်မာ့အရေးကို အာရုံစိုက်သူဖြစ်
နိုဝင်ဘာ၁၂ရက်
ဒေါ်နယ်ထရန့်ခန့်အပ်မယ့်အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး Mike Waltzဟာ မြန်မာ့အရေးကို အာရုံစိုက်သူဖြစ်တယ်လို့သိရပါတယ်။
အမေရိကန်အစိုးရအသစ်ရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးအဖြစ်လျာထားခြင်းခံထားရတဲ့ အောက်လွှတ်တော်အမတ် Mike Waltz ဟာ မြန်မာအရေးကိုပစ်ပယ်သူမဟုတ်ဘူးလို့ အမေရိကန်အခြေစိုက်နိုင်ငံတကာသတင်းဌာနများက တညီတညွတ်တည်းဖော်ပြကြပါတယ်။၎င်းဟာမြန်မာနိုင်ငံနှင့် ပတ်သက်၍ စိတ်ဝင်စားသူဖြစ်ပြီးတော့မြန်မာနိုင်ငံနှင့် သက်ဆိုင်တဲ့ 2021 BURMA Act ကို ရေးဆွဲပြဌာန်းရာမှာတက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့တယ်လို့ဖော်ပြကြပါတယ်။Waltz ကိုယ်တိုင်က မြန်မာစစ်တပ်၏ စီးပွားရေး အကျိုးစီးပွားများနှင့် အဓိကဝင်ငွေဖြစ်တဲ့အရင်းအမြစ်ပေါင်းများစွာကိုပိတ်ဆို့အရေးယူမှုများ ချမှတ်ရာမှာ ထောက်ခံခဲ့သူတဦးလည်းဖြစ်ပါတယ်။
အထက်ပါအကြောင်းအရာများကြောင့် အမေရိကန်ရှိ မြန်မာ့အရေးလှုံ့ဆော်သူများအနေနဲ့ မြန်မာ့အရေးကို ထရန့်အစိုးရသစ်က ဆက်လက် စိတ်ဝင်တစား အရေးယူဆောင်ရွက်နေစေရေးအတွက် အသစ်ခန့်အပ်မယ့် မိုက်ဝပ်ဇ်အပေါ် ကောင်းမွန်တဲ့ မျော်လင့်ချက်များ ထားရှိနေကြတယ်လို့ ဆိုပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ PDF တပ်ရင်းအားလုံးကို ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ တသန်းကျော်ကုန်ကျပြီး လိုငွေကို ပြည်ထောင်စုဘက်ဂျက်ကနေ ဖြည့်ဆည်းပေးနေတယ်လို့ဆို
နိုဝင်ဘာ၁၂ရက်
PDF တပ်ရင်းအားလုံးကို ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာတသန်းကျော်ကုန်ကျပြီး လိုငွေကို ပြည်ထောင်စုဘက်ဂျက်ကနေ ဖြည့်ဆည်းပေးနေတယ်လို့ဆိုပါတယ်။
နိုဝင်ဘာ၁၂ရက် အမျိုးသားညီညွတ်ရေးအစိုးရ “ပြည်သူလူထု နှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်”မှာပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကဆိုပါတယ်။
"တပ်ရင်းတွေရဲ့ ရိက္ခာဖိုးနဲ့ အထွေထွေ အသုံးစရိတ် တွေကို ပို့ရာမှာ လစဉ်ပို့ဆောင်ခြင်းမျိုးမဟုတ်ပဲ ရက် ၄၀ ဒါမှမဟုတ် ၅၀ မှ တကြိမ်ပို့ဆောင် ခြင်းဖြစ်ပါတယ်။ PDF တပ်ရင်းအားလုံးကို အကြိမ် တကြိမ်ပို့ပေးရင် အမေရိကန်ဒေါ်လာ တသန်း ကျော် ကျသင့်ပါတယ်။ လက်ရှိ PRF က ပြီးခဲ့တဲ့ တနှစ်စာ အကျဉ်းချုပ်ကို ကြည့်ပြီးတွက်ရင် တလ ပျမ်းမျှ ဒေါ်လာ ၈ သိန်း နီးပါးရရှိတဲ့အတွက် PRF ထောက်ပို့တပ်သားအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ လိုငွေကို ပြည်ထောင်စုဘက်ဂျက် ကနေ ဖြည့်ပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာPRFထောက်ပို့မိသားစုမှ အောက်တိုဘာလအတွင်းထောက်ပို့တပ်သားဦးရေ (၂၆,၆၈၂)ဦးမှ (၇၃၈,၄၂၇ )ခန့်မှန်း အမေရိကန်ဒေါ်လာကို ထောက်ပို့ခဲ့ကြပါတယ်။
========================
🚩🚩 ၂။ အကြမ်းဖက်စစ်ရှုံးကောင်စီ၏ကူးဆိပ်တံတားလုံခြုံရေးစခန်းအားတိုက်ခိုက်သိမ်းပိုက်ရာတွင်လက်နက်ကြီး၊ လက်နက်ငယ်နှင့် ဒရုန်းကာကွယ်ရေးဂျန်ပါများလည်းသိမ်းဆည်းရရှိခဲ့
နိုဝင်ဘာ၁၂ရက်
အကြမ်းဖက်စစ်ရှုံးကောင်စီ၏ ကူးဆိပ်တံတားလုံခြုံရေးစခန်းအား တိုက်ခိုက်သိမ်းပိုက်ရာတွင် လက်နက်ကြီး၊ လက်နက်ငယ်နှင့် ဒရုန်းကာကွယ်ရေးဂျန်ပါများလည်းသိမ်းဆည်းရရှိခဲ့တယ်လို့ နိုဝင်ဘာ၁၂ရက်မှာ ကေအဲန်ယူ-မူတြော်သတင်းကဖော်ပြပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အမှတ်(၅)တပ်မဟာနှင့် မဟာမိတ်စစ်သည်တော်များပူးပေါင်းကာ အကြမ်းဖက်စစ်ရှုံးကောင်စီ၏ ကူးဆိပ်တံတားလုံခြုံရေးစခန်းအား နိုဝင်ဘာလ(၉)ရက်နေ့တွင် အလုံးစုံတိုက်ခိုက်သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ပါတယ်။စခန်းသိမ်းတိုက်ပွဲအတွင်း မိမိတို့စစ်သည်တော်များမှ အကြမ်းဖက်စစ်ရှုံးကောင်စီ၏ လက်နက်ကြီး၊ လက်နက်ငယ်နှင့် ဒရုန်းကာကွယ်ရေးဂျယ်မာစက်များလည်းသိမ်းဆည်းရရှိခဲ့တယ်လို့ဆိုပါတယ်။
အမှတ်(၅)တပ်မဟာစစ်သည်တော်များနှင့် မဟာမိတ်ပူးပေါင်းစစ်သည်များသိမ်းဆည်းရရှိသည့်လက်နက်များတွင် မောင်းပြန်ရိုင်ဖယ်(၃)လက်၊ ကျည်ဖူး(၂၇)လုံး၊ ၆၀မမကျည်ဖူး(၂၂)လုံး၊ ဒရုန်းဖျက်ဂျယ်မာ(၃)ခုနှင့် မောင်းပြန်ရိုင်ဖယ်ကျည်တောင့်(၂၀၀၀)ကျော်အသီးသီးသိမ်းဆည်းရမိခဲ့ပါတယ်။ဤ အကြမ်းဖက်စစ်ရှုံးကောင်စီ၏ကူးဆိပ်တံတားလုံးခြုံရေးတပ်စခန်းအား အမှတ်(၅)တပ်မဟာစစ်သည်တော်များနှင့် မဟာမိတ်ပူးပေါင်းစစ်သည်များမှ နိုဝင်ဘာလ(၆)ရက်နေ့မှစတင်တိုက်ခိုက်ကာ နိုဝင်ဘာလ(၉)ရက်နေ့၌ အလုံးစုံတိုက်ခိုက်သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ပါတယ်။
အကြမ်းဖက်စစ်ရှုံးကောင်စီ၏ ကူးဆိပ်တံတားလုံခြုံရေးစခန်းအားတိုက်ခိုက်သိမ်းပိုက်ရာတွင် အကြမ်းဖက်စစ်ရှုံးကောင်စီဖက်မှ(၈)ဦးသေဆုံးရုပ်အလောင်းကျန်ရှိခဲ့ကာ တော်လှန်ရေးဖက်မှ (၂)ဦး အနည်းငယ်ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။
========================
🚩🚩 ၃။ ဝမ်ပေါင်မှစစ်ကိုင်းမြို့သို့ ထွက်လာသော စစ်ကောင်စီယာဉ်တန်းအား မုံရွာ-မန္တလေး လမ်းမကြီး၏ လမ်းပိုင်းတစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့
နိုဝင်ဘာ၁၂ရက်
ဝမ်ပေါင်မှစစ်ကိုင်းမြို့သို့ ထွက်လာသော စစ်ကောင်စီယာဉ်တန်းအား မုံရွာ-မန္တလေး လမ်းမကြီး၏ လမ်းပိုင်းတစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
နိုဝင်ဘာ၈ရက်နေ့၊ မနက် (၁၁:၂၀) အချိန်ခန့်တွင် ဝမ်ပေါင် မှ စစ်ကိုင်းမြို့သို့ ထွက်လာသော စစ်ကောင်စီယာဉ်တန်းအား မုံရွာ-မန္တလေး လမ်းမကြီး၏ လမ်းပိုင်းတစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ကိုင်းခရိုင် အမှတ်(၅)တပ်ရင်း(MRA)ကအတည်ပြုဆိုပါတယ်။ယင်းတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် အမှတ်(၅)တပ်ရင်း(MRA) နှင့် Brave Heart Army (BHA) အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။
စစ်ကောင်စီတပ်သား ထိခိုက်၊သေဆုံးမှုအား စိစစ်ဆဲဖြစ်ပြီး တော်လှန်ရေးရဲဘော်များမှာ အထိအခိုက်မရှိ ဆုတ်ခွာနိူင်ခဲ့ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment