၂၀၂၄ နိုဝင်ဘာလ ၁၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ကမ္ဘာ့ကလေးများနေ့" အထိမ်းအမှတ် (အကြို)၊ ကလေးသူငယ်များအတွက် အသိပညာပေးအစီအစဉ်များ၊ ပျော်ရွှင်စရာ ကစားနည်း အမျိုးမျိုးနှင့် အားကစားပြိုင်ပွဲများ ကျင်းပ
📌 ၂။ ဖားဆောင်းမြို့မှ စစ်ဘေးရှောင်ပြည်သူများထံ သွားရောက်၍ အာဟာရ ကျွေးမွေးခြင်း ၊ အ၀တ်အထည်များ လှူဒါန်းခြင်းနှင့် နှစ်သိမ့်အားပေးခြင်း ပြုလုပ်
📌 ၃။ ကရင်နီအမျိုးသားများကာကွယ်ရေး တပ်ရင်းအမှတ် (၅) နှင့် ဗဟိုကော်မတီ တွေ့ဆုံပွဲကျင်းပ
📌 ၄။ ဒိုက်ဦးအကျဉ်းထောင်တွင် ပန်းနာရင်ကြပ်ရောဂါခံစားနေရသူ နိုင်ငံရေးအကျဉ်းသားတစ်ဦး အပြစ်ကျူးလွန်ခြင်းမရှိပဲ တိုက်ပိတ်ခံထားရ
📌 ၅။ တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူး၊ အင်ချွန်း၊ ချွန်းနန်း မြို့များတွင် စစ်အာဏာသိမ်းမှုအလိုမရှိ ဆန့်ကျင် ဆန္ဒပြပွဲနှင့် တော်လှန်ရုပ်ရှင်၊ ဂီတဖျော်ဖြေပွဲများကျင်းပ
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ပုလဲမြို့သိမ်း တိုက်ပွဲတွင် စစ်သုံ့ပန်း ၂၅ ဦး ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
🚩 ၂။ မြင်းခြံတွင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၇ ဦး သေဆုံး
🚩 ၃။ ရေးမြို့နယ်တွင် ခမရ ၃၄၃ မှ စစ်သား ၁ ဦး အရပ်ဝတ်ဖြင့် စုံစမ်းရေး လုပ်နေစဉ် ရေးဘီလူး အဖွဲ့က အရှင်ဖမ်းဆီး
🚩 ၄။ မိုင်းငေါ့မြို့မှာ စစ်ကောင်စီက ပေါင် ၃၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ဦး ဒဏ်ရာရ
🚩 ၅။ ရွှေဘို၊ နှမစားရစ်ကျေးရွာမှ စစ်ဘေးရှောင် ပြည်သူ ၂ ဦးကို ဆိုင်ကယ် ရပ်မပေး၍ စစ်တပ်က ပစ်သတ်၊ လက်ပစ်ဗုံးတွေ့သည်ဟု သတင်းလိမ်လည် ထုတ်ပြန်
🚩 ၆။ စစ်တပ်ထောင်ထားသည့် နင်းမိုင်းများ ပြည်သူများ မထိခိုက်စေဖို့အတွက် ရှင်းလင်းရေး ပြုလုပ်
🚩 ၇။ နဝရတ်ရွှေဆိုင် ဓါးပြမှုမှာ ပါဝင်ခဲ့သူတဦး မုံရွာ ပလဖ ထံ လာရောက်ဖမ်းဆီးခံ
🚩 ၈။ နတ်မောက်ဂဠုန် အဖွဲ့က သယ်ယူလာတဲ့ ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးခံရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ကမ္ဘာ့ကလေးများနေ့" အထိမ်းအမှတ် (အကြို)၊ ကလေးသူငယ်များအတွက် အသိပညာပေးအစီအစဉ်များ၊ ပျော်ရွှင်စရာ ကစားနည်း အမျိုးမျိုးနှင့် အားကစားပြိုင်ပွဲများ ကျင်းပ
နိုဝင်ဘာ ၁၇
Radio NUG
"ကမ္ဘာ့ကလေးများနေ့" အထိမ်းအမှတ် (အကြို)၊ ကလေးသူငယ်များအတွက် အသိပညာပေးအစီအစဉ်များ၊ ပျော်ရွှင်စရာ ကစားနည်း အမျိုးမျိုးနှင့် အားကစားပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ ကလေးသူငယ်ရေးရာဌာန၏ လမ်းညွှန်ချက်ဖြင့် "ကမ္ဘာ့ကလေးများနေ့" အထိမ်းအမှတ် (အကြို)၊ ကလေးသူငယ်များအတွက် ကလေးသူငယ်အခွင့်အရေးများနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ အသိပညာပေးအစီအစဉ်များ၊ ပျော်ရွှင်စရာ ကစားနည်းအမျိုးမျိုးနှင့် အားကစားပြိုင်ပွဲများကို ( နို၀င်ဘာလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ) တိုင်းဒေသကြီးအသီးသီးရှိ သက်ဆိုင်ရာမြို့နယ်များတွင် တာဝန်ရှိသူများက ဦးဆောင်၍ ပျော်ရွှင်စွာကျင်းပ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၂။ ဖားဆောင်းမြို့မှ စစ်ဘေးရှောင်ပြည်သူများထံ သွားရောက်၍ အာဟာရ ကျွေးမွေးခြင်း ၊ အ၀တ်အထည်များ လှူဒါန်းခြင်းနှင့် နှစ်သိမ့်အားပေးခြင်း ပြုလုပ်
နို၀င်ဘာ ၁၇
Radio NUG
ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် ၊ ရဲမေများသည် ဖားဆောင်းမြို့မှ စစ်ရှောင်နေသော ပြည်သူများထံသို့ သွားရောက်ကာ ကလေးများအား အာဟာရ ကျွေးမွေးခြင်း၊ အ၀တ်အထည်များ ပေးလှူခြင်းနှင့် ရဲဘော်/ရဲမေများမှ နှစ်သိမ့်အားပေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။
တဖက်တွင်လည်း ဖားဆောင်းမြို့ကို အမြန်ဆုံး သိမ်းပိုက် ရရှိနိုင်စေရန်အတွက်လည်းကောင်း ၊ သိမ်းပိုက်ရရှိထားတဲ့ စကစ စခန်းများအား ဆက်လက်ထိန်းသိမ်းနိုင်စေရန်အတွက် လည်းကောင်း ပြည်သူ့ကာကွယ်ရေး တပ်သားများနှင့် တပ်ပေါင်းစုတို့မှ အသီးသီးကြိုးစားလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိတွင် စစ်ကောင်စီတပ်သားများသည်လည်း လေကြောင်းစစ်ဆင်ရေးများ နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ခိုက်လာနေသောကြောင့် ပြည်သူများ အသိ၊ သတိဖြင့် သွားလာနေထိုင်ကြပါရန် အသိပေးထားပါတယ်။
========================
📌📌 ၃။ ကရင်နီအမျိုးသားများကာကွယ်ရေး တပ်ရင်းအမှတ် (၅) နှင့် ဗဟိုကော်မတီ တွေ့ဆုံပွဲကျင်းပ
နိုဝင်ဘာ ၁၇
Radio NUG
တော်လှန်ရေးအရှိန်အဟုန် စစ်ရေးအရှိန်အဟုန် တိုးလာသည်နှင့်အမျှ ရဲဘော်ရဲဘက်များလည်း စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှုများလည်း အနည်းငယ်ရှိလာကြတာကြောင့် KNDF ဒုစစ်ဦးစီးချုပ် ၊ ဗျူဟာ အမှတ် (၄) ဗျူဟာမှူး/စစ်နည်းဗျူဟာမှူးနှင့် တပ်ရင်းအမှတ် ၅ တပ်ရင်းမှူး / ဒုတပ်ရင်းမှူးတို့မှ စိတ်ဓာတ်ပိုင်းဆိုင်ရာ ၊ စိတ်ခွန်အားမြင့်တင်ရေးအတွက် ရဲဘော်များကို အားပေးစကားပြောကြားပြီး ရဲဘော်များနှင့်အတူ အပြန်အလှန်ဆွေးနွေးသော အခမ်းအနားတစ်ရပ် ပြုလုပ်ခဲ့ကြောင်း KNDF တပ်ရင်းအမှတ် (၅)မှ သတင်းထုတ်ပြန်ပါတယ်။
၃ နှစ်ကျော် ကြာမြင့်လာသော ခရီးကြမ်းအတွင်း ပင်ပန်းလာခဲ့သော်လည်း တပ်ဗိုလ် တပ်မှူးများ၏ အားပေးစကားများကြောင့် ရဲဘော်ရဲဘက်များမှာလည်း စိတ်ဓာတ်ခွန်အား များစွာရရှိပြီး ဒီထက်မက အောင်မြင်မှုများကို ယူဆောင်လာနိုင်အောင် အကောင်းဆုံးကြိုစားသွားပါမည် ဟု ဂတိသိစ္စာပြုအပ်ပါတယ်လို့ ဖော်ပြထားပါတယ်။
========================
📌📌 ၄။ ဒိုက်ဦးအကျဉ်းထောင်တွင် ပန်းနာရင်ကြပ်ရောဂါခံစားနေရသူ နိုင်ငံရေးအကျဉ်းသားတစ်ဦး အပြစ်ကျူးလွန်ခြင်းမရှိပဲ တိုက်ပိတ်ခံထားရ
နိုဝင်ဘာ ၁၇
Radio NUG
နိုဝင်ဘာ (၁၀)ရက်နေ့ ညနေ ခြောက်နာရီဝန်းကျင်ခန့်တွင် ဒိုက်ဦးအကျဉ်းထောင်၊ အဆောင်(၃)၊ အခန်း (၁)မှ ပန်းနာ ရင်ကြပ်ရောဂါခံစားနေရသူ နိုင်ငံရေးအကျဉ်းသား ကိုထက်လင်းဦး (ခ) အိုဝမ်းအား အဆောင်(၁)မှ အဆောင်မှုး သီဟအောင် (ခ) ရခိုင် ဦးဆောင်သော ထောင်ဝန်ထမ်းများမှ ဝင်ရောက် ဆွဲထုတ်သွားပြီး ဥပဒေမဲ့ ခြေချင်းဒေါက်များခတ်၍ တိုက်ပိတ်အပြစ်ပေးမှုကို ပြုလုပ်ခဲ့ကြောင်း PPNM မှ သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ (၁၄) ရက်နေ့မှစ၍ တိုက်ပိတ်မှုကို ရပ်တန့်ခဲ့သည်ဟု အကျဉ်းဦးစီးဌာန ဝန်ထမ်းအရာရှိများထံမှ သိရှိခဲ့ရသော်လည်း ဒေါက်ခြေချင်းများဖြင့် အဆောင်များအတွင်း ပတ်ပြေးခိုင်းခြင်း စသည့် မတရားသော အမိန့်များကို မျိုးသီဟအောင် ကိုယ်ပိုင်အမှတ် (က) ၄၉၀၀ လခဂ ရမ(၂)မှ ထပ်မံစေခိုင်းလျက် ရှိတယ်လို့ သိရပါတယ်။
ပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစုများအနေဖြင့်လည်းကောင်း လူ့အခွင့်အရေးအဖွဲ့အစည်းအများအနေဖြင့်လည်းကောင်း အကျဉ်းဦးစီးဌာနများကို မေ့မထားကြဘဲ ဝိုင်းဝန်းကူညီစောင့်ကြည့်၍ တရားမျှတမှုရရှိအောင် ကြိုးစားလုပ်ဆောင်ပေးကြပါရန် တိုက်တွန်းထားပါတယ်။
========================
📌📌 ၅။ တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူး၊ အင်ချွန်း၊ ချွန်းနန်း မြို့များတွင် စစ်အာဏာသိမ်းမှုအလိုမရှိ ဆန့်ကျင် ဆန္ဒပြပွဲနှင့် တော်လှန်ရုပ်ရှင်၊ ဂီတဖျော်ဖြေပွဲများကျင်းပ
နိုဝင်ဘာ ၁၇
Radio NUG
တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူး၊ အင်ချွန်း၊ ချွန်းနန်း မြို့များတွင် မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုအလိုမရှိ ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲနှင့် တော်လှန်ရေး ရန်ပုံငွေထောက်ပို့နိုင်ရေး တော်လှန်ရုပ်ရှင်၊ ဂီတဖျော်ဖြေပွဲများ ကျင်းပခဲ့ကြောင်း သိရပါတယ်။
တော်လှန်ရေးတက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းက ပြည်တွင်းရှိ တော်လှန်ရေးကြိုးစားနေသည့် ပြည်သူ့ကာကွယ်ရေးများ၊ စစ်ဘေးရှောင်ပြည်သူများကို အတတ်နိုင်ဆုံး ထောက်ပို့နိုင်ရန် ရန်ပုံငွေ ရရှိပွဲများကို ကိုရီးယားရောက် မြန်မာနိုင်ငံသူ နိုင်ငံသားများအနေနှင့် ကြိုးစားအားထုတ်နေသလို နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများအနေနှင့်လည်း ကိုယ်စွမ်းနိုင်ရာဖြင့် ပါဝင်ဆင်နွဲပေးရန်နှင့် ငွေကြေးထောက်ပို့ အဓိကလိုအပ်ကြောင်း၊ ပြည်တွင်းပြည်ပ ဟန်ချက်ညီစွာ ပြုလုပ်ဆောင်ရွက်သွားပါက စစ်အာဏာရှင်စနစ်ဆိုးမှ အမြန်ဆုံးလွတ်မြောက်မည်ဖြစ်ကြောင်း မိန့်ကြားခဲ့ကြောင်း သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ပုလဲမြို့သိမ်း တိုက်ပွဲတွင် စစ်သုံ့ပန်း ၂၅ ဦး ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
နိုဝင်ဘာလ ၁၇ ရက်၊
Radio NUG
နိုဝင်ဘာလ ၁၁ ရက် မနက်ပိုင်း ၄ နာရီခွဲတွင် စတင်ခဲ့တဲ့ ပုလဲမြို့သိမ်း တိုက်ပွဲမှာ စစ်သုံ့ပန်း ၂၅ ဦး ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) က ထုတ်ပြန်ထားပါတယ်။
စစ်ဆင်ရေး စတင်ပြီး ၄၈ နာရီ အတွင်းမှာ ပုလဲမြို့ပေါ်က စစ်ကောင်စီရဲ့ နောက်ဆုံးခံတပ် ဖြစ်သော ထွေအုပ်ရုံးနဲ့ ရဲစခန်း တို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ကို ထိန်းချုပ်နိုင်ခဲ့ကာ ဆက်လက်ထိန်းချုပ်ထားနိုင်ဖို့ ကြိုးစားပြင်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။
သို့ပေမယ့် စစ်ကောင်စီရဲ့ နမခ၊ တံတားဦး လေတပ်၊ ရှမ်းတဲလေတပ်၊ မကွေး ကလခ တပ်တွေကနေ အကြိမ်ရေ ၇၀ ကျော် လေကြောင်းပစ်ကူပေးခဲ့ပြီး ဝေဟင်ဖြင့် စစ်ကူချခြင်းများ ပြုလုပ်ခဲ့တာကြောင့် နိုဝင်ဘာလ ၁၄ ရက် နေ့မှာ မြို့ပေါ်မှာ ပြန်လည်ဆုတ်ခွာ ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၅ ဦးကို စစ်သုံပန်း ဥပဒေနဲ့အညီ ဖမ်းဆီးထိန်းသိမ်းထားပြီး MA1 တလက်၊ MA2 နှစ်လက်၊ MA3 လေးလက်၊ MA4 ထောက်တွဲ တလက်၊ G3 ခြောက်လက်၊ G4 နှစ်လက်၊ MA 5 ပစ်စတို တလက်၊ M9 ဗုံးသီး ၆၀ လုံး၊ လက်ပစ်ဗုံး ၂ လုံး၊ တိုက်မိုင်း ၃ လုံး၊ နင်းမိုင်း ၁ လုံး၊ လက်ပစ်စနစ်တံ ၆ ခု ၊ တိုက်မိုင်းဖြူး ၃ ခု၊ G3 ကျည်နှင့် ကပစ ၅.၅၆ ကျည် အများအပြားနဲ့ ကျည်ဘောက် အပို (၃၃) ဘောက်တို့ကို သိမ်းဆည်းရရှိ ခဲ့တယ်လို့ သိရပါတယ်။
တဖက်မှာလည်း BNRA မှ ရဲဘော် ၉ ဦး ကျဆုံးခဲ့ပြီး BNRA ရဲဘော် ၁၀ ဦးနဲ့ GZA ရဲဘော်တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပုလဲမြို့သိမ်းစစ်ဆင်ရေးကို BNRA, Generation Z Army (GZA) နဲ့ Southern Yesagyo (SYSO) တပ်ဖွဲ့တို့ ပူးပေါင်းပြီး ‘ချင်းညီနောင် စစ်ဆင်ရေး’ (CB Operation) နဲ့ ချိတ်ဆက်ကာ Coordinated Movement အဖြစ် လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ထို့အပြင် ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း အရေးကြီးတဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင် လိုအပ်သည်များကို အချိန်နဲ့တပြေးညီ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့တဲ့ ပုလဲမြို့နယ် ပကဖ ဒုတာဝန်ခံ ဒေါက်တာနန်းဝင်း ကိုလည်း BNRA မှ ကျေးဇူးအထူးတင်ကြောင်း ဖော်ပြထားပါတယ်။
========================
🚩🚩 ၂။ မြင်းခြံတွင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၇ ဦး သေဆုံး
နိုဝင်ဘာလ ၁၇ ရက်၊
Radio NUG
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ သဲတောကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ ၇ ဦး သေဆုံးခဲ့တယ်လို့ Myingyan 21 Guerilla Force က သတင်းထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၁၅ ရက်နေ့တွင် သဲတောရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်နဲ့ ပျူစောထီး ပူပေါင်းတပ်ဖွဲ့ ကို Myingyan 21 Guerilla Force (မြင်းခြံခရိုင် တပ်ရင်း (၂) တပ်ခွဲ (၁)) နဲ့အတူ မဟာမိတ်တပ်များက ပူပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဘက်မှ ၇ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသွားတဲ့ စစ်သားများကို ဆေးရုံကား ၂ စီး ဖြင့် သယ်သွားကြတယ်လို့ သိရပါတယ်။
ထို့အပြင် တိုက်ပွဲအတွင်း Myingyan 21 Guerilla Force ( မြင်းခြံခရိုင် တပ်ရင်း (၂) တပ်ခွဲ (၁) ) မှ တပ်စိတ်မှူး ရဲဘော် ဖော်ကာ (ခ) နေမျိုးဦး ဆိုသူ ဂုဏ်ရောင်ထွန်းပြောင်စွာ ကျဆုံးခဲ့တယ်လို့ အသိပေးထားပါတယ်။
========================
🚩🚩 ၃။ ရေးမြို့နယ်တွင် ခမရ ၃၄၃ မှ စစ်သား ၁ ဦး အရပ်ဝတ်ဖြင့် စုံစမ်းရေး လုပ်နေစဉ် ရေးဘီလူး အဖွဲ့က အရှင်ဖမ်းဆီး
နိုဝင်ဘာ ၁၇
Radio NUG
နိုဝင်ဘာ ၁၇ ရက်နေ့တွင် ရေးမြို့နယ်၊ အာယုတောင်လမ်းဝရှိ အကြမ်းဖက် စစ်တပ် ခမရ ၃၄၃ တပ်အနီး ရော်ဘာခြံ တစ်ခြံတွင် အရပ်ဝတ်ဖြင့် စုံစမ်းရေး လုပ်နေသည့် အကြမ်းဖက်စစ်သား ၁ ဦး ရောက်ရှိနေသောကြောင် သတင်းရရှိ၍ သွားရောက် ဖမ်းဆီးခဲ့ကြောင်း ရေးဘီလူးမှ သတင်းထုတ်ပြန်ပါတယ်။
အဲဒီနယ်မြေမှာ ရော်ဘာခြစ်သမားယောင်ဆောင်တဲ့ ပုံစံမျိုးနဲ့ နေထိုင်ပြီး သတင်းပေး လုပ်နေတာကြာပြီ ဖြစ်ကာ သတင်းအပိုင်ရလို့ သွားရောက်ဖမ်းဆီးတဲ့အချိန်မှာ ပြန်ခုခံတာမျိုးမရှိဘူးလို့ သိရပါတယ်။
အမြဲတမ်းသတင်းတွေ လိုက်ယူပြီး ပျူစောထီးတွေနှင့် ၃၄၃ တပ်မတွေကို သတင်းတွေ လိုက်ပေးတယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိသော အကြမ်းဖက် စစ်သားကို အပြစ်ပေး အရေးယူသွားမည်ဖြစ်ပြီး စစ်သား ဖြစ်သည့်အတွက် ပြစ်ဒဏ်မှာ ကြီးမားမည်ဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောဆိုထားပါတယ်။
========================
🚩🚩 ၄။ မိုင်းငေါ့မြို့မှာ စစ်ကောင်စီက ပေါင် ၃၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ဦး ဒဏ်ရာရ
နိုဝင်ဘာလ ၁၇ ရက်၊
Radio NUG
ရှမ်းပြည်နယ် မြောက်ပိုင်းက တအောင်းတပ်မတော် TNLA တပ်မဟာ (၂) ထိန်းချုပ် နယ်မြေ၊ မိုင်းငေါ့မြို့၊ မန်လုံ ရပ်ကွက်ကို စစ်ကောင်စီက ပေါင် ၃၀၀ ဗုံး ကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၁၇ ရက်နေ့ မနက် ၁၁ နာရီ ၃၅ မိနစ်တွင် စစ်ကောင်စီ လေတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံး ၂ လုံး လာရောက်ကြဲချ ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသမီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ပြည်သူပိုင် နေအိမ် ၁၅ လုံး ထိမှန်ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ဒုဌဝတီတံတားနှင့် ကျောက်ဂူလမ်းမှာ ရှိနေတဲ့ စစ်ကောင်စီ တပ်က (၁၂၂ မမ) လက်နက်ကြီး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နောင်ချိုမြို့နယ် သရက်ချိုကျေးရွာမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ ၂ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။
========================
🚩🚩 ၅။ ရွှေဘို၊ နှမစားရစ်ကျေးရွာမှ စစ်ဘေးရှောင် ပြည်သူ ၂ ဦးကို ဆိုင်ကယ် ရပ်မပေး၍ စစ်တပ်က ပစ်သတ်၊ လက်ပစ်ဗုံးတွေ့သည်ဟု သတင်းလိမ်လည် ထုတ်ပြန်
နိုဝင်ဘာ ၁၇
Radio NUG
နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၉ နာရီအချိန် ရွှေဘိုမြို့ ၊ အမှတ် ၃ အခြေခံပညာကျောင်းရှေ့လမ်းတွင် စစ်တပ်က စစ်ဘေးရှောင် ပြည်သူ ၂ ဦးကို ဆိုင်ကယ်ရပ်မပေး၍ ပစ်သတ်လိုက်ပြီး လက်ပစ်ဗုံးတွေ့ရှိရတယ်လို့ သတင်းလိမ်လည်ထုတ်ပြန်ကြောင်း ဒေသခံများထံမှ သိရပါတယ်။
စစ်ဘေးရှောင် ပြည်သူ ၂ ဦး စီးနင်းလာသော ဆိုင်ကယ်ကို တားဆီးခဲ့ပြီး ဆိုင်ကယ်ကို ရပ်မပေးဘဲ ဆက်လက် မောင်းနှင်သွားလို့ စစ်တပ်က လိုက်လံပစ်ခတ်ခဲ့ရာ သီတဂူလမ်းပေါ်တွင် စစ်တပ်က အမီလိုက်ပါခဲ့ကာ ဆိုင်ကယ်စီးသူ ၂ ဦးစလုံးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ လက်ပစ်ဗုံး ၁ လုံးနှင့် လောက်လေးဂွများ တွေ့ရှိကြောင်း သတင်းလိမ်လည်ထုတ်ပြန်ခဲ့တာပါ။
ပစ်ခတ်မှုကြောင့် လမ်းဘေးဝဲယာမှာ သွားလာနေသူ အမျိုးသား ၂ ဦးနှင့် ကလေး ၁ ဦးလည်း ခြေထောက် ကျည်ထိမှန်တယ်လို့ သိရပါတယ်။
စစ်တပ်က ပြည်သူ ၂ ဦးကို ပစ်သတ်ပြီးနောက် အလောင်းများကို သက်ဆိုင်ရာ မိသားစုထံ ပြန်လည် ပေးအပ်ခြင်းမရှိဘဲ ဖျောက်ဖျက်သဂြိုလ်လိုက်တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၆။ စစ်တပ်ထောင်ထားသည့် နင်းမိုင်းများ ပြည်သူများ မထိခိုက်စေဖို့အတွက် ရှင်းလင်းရေး ပြုလုပ်
နိုဝင်ဘာ ၁၇
Radio NUG
စစ်တပ် ထောင်ထားသည့် (နင်းမိုင်းများ) ရှိသော အများပြည်သူသွားရာ လမ်းများအား ပြည်သူများ မထိခိုက်စေဖို့အတွက် ရှင်းလင်းရေးများ ပြုလုပ်ခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊ ကျွဲချိုတပ်ခွဲမှ သတင်းထုတ်ပြန်ပါတယ်။
ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ဖူးတဲ့ ရဲဘော်တိုင်း များသောအားဖြင့် "နင်းမိုင်း"များကြောင့် ပိုင်ဆိုင်ထားခဲ့သည့် မိဘနှစ်ပါးမှ ပေးထားသော ကိုယ်လက်အင်္ဂါအစုံကို ဆုံးရှုံးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
ထိုဆုံးရှုံးမှုများအား တော်လှန်ရေးရဲဘော်များ၏ ဒုတိယမိသားစုများ ဖြစ်သော မိဘပြည်သူများထံ မသက်ရောက်နိုင်ရေးအတွက် တပ်ရင်း၊ တပ်ဖွဲ့မှ နောင်ရေးကို ရှေးရှု၍ ရှင်းလင်းပေစခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ နဝရတ်ရွှေဆိုင် ဓါးပြမှုမှာ ပါဝင်ခဲ့သူတဦး မုံရွာ ပလဖ ထံ လာရောက်ဖမ်းဆီးခံ
နိုဝင်ဘာလ ၁၇ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း မုံရွာမြို့နယ်က နဝရတ်ရွှေဆိုင် ဓါးပြမှုမှာ ပါဝင်ခဲ့သူတဦး မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေး အဖွဲ့ထံမှာ လာရောက်ဖမ်းဆီး ခံခဲ့တယ်လို့ မုံရွာ ပလဖ က ထုတ်ပြန်ထားပါတယ်။
ဓါးပြတိုက်မှု ဖြစ်စဉ်တွင် ပါဝင်ခဲ့သူ တဦးဖြစ်တဲ့ မေလရောင် (ခ) အမွှေစိန်၊ အသက် (၂၂) နှစ်ဟာ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ မိမိသဘောဆန္ဒအလျောက် လာရောက်ဆက်သွယ်ပြီး ဖမ်းဆီးခံခဲ့တာလို့ ဆိုပါတယ်။
ကျန်ရှိနေတဲ့ တရားခံများအနေနဲ့လည်း မိမိအမှားကို မိမိကိုယ်တိုင် သိမြင်ပြီး အချိန်မလွန်ခင် မုံရွာမြို့နယ် ပလဖ ထံမှာ လာရောက်ဖမ်းဆီးခံကြဖို့ကိုလည်း နောက်ဆုံးအနေနဲ့ သတိပေးထားပါတယ်။
========================
🚩🚩 ၈။ နတ်မောက်ဂဠုန် အဖွဲ့က သယ်ယူလာတဲ့ ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးခံရ
နိုဝင်ဘာလ ၁၇ ရက်၊
Radio NUG
မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ မိတ္ထီလာ - နတ်မောက်လမ်းပိုင်း၊ ကျောက်ခွက်ရွာ အနီးမှာ နတ်မောက် ဂဠုန် အဖွဲ့က သယ်ယူလာတဲ့ ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၁၅ ရက် ညနေပိုင်းမှာ အဆိုပါ ခဲယမ်းတွေသယ်လာတဲ့ ဆိုင်ကယ်ဟာ စစ်ကောင်စီ ကင်းပုန်းနဲ့တိုးပြီး ပစ်ခတ်ဖမ်းဆီး ခံခဲ့ရတာလို့ ဆိုပါတယ်။
ပစ်ခတ်ဖမ်းဆီးချိန်မှာ ဆိုင်ကယ်မောင်းလာတဲ့ ရဲဘော်ကတော့ ထွက်ပြေး လွတ်မြောက်ခဲ့ပြီး ဆိုင်ကယ်၊ TNT နဲ့ ယမ်းပျော့ ၅ ဖာ၊ AK 47 ကျည် ၃,၀၀၀ ကျော်၊ မိုင်းပြုလုပ်ရာမှာ သုံးရတဲ့ ကပ်သီးနဲ့ ဒီတိုနေတာတွေကိုတော့ စစ်ကောင်စီက ယူဆောင်သွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်က အတွင်းသတင်း ရသွားခဲ့တာကြောင့် အခုလို ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး နောက်နောင် ဒီလိုမျိုး ဖမ်းဆီးခံရတာမျိုး မရှိအောင် သတိထားပြီး လုပ်ဆောင်သွားဖို့ ရှိတယ်လို့ နတ်မောက်ဂဠုန် PDF အဖွဲ့ တာဝန်ခံက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကလည်း နတ်မောက်မြို့နယ်၊ ရွှေကွေ့ကျေးရွာ အနီးမှာ နတ်မောက်ဂဠုန် တပ်ဖွဲ့က သယ်ယူလာတဲ့ လက်နက် ၁၀ လက်နဲ့ ဆက်စပ်ပစ္စည်းတွေကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါသေးတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment