၂၀၂၄ နိုဝင်ဘာလ ၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ စစ်ကောင်စီဟာ"နိုင်ငံရေးအကျဥ်းသားတွေကို ရည်ရွယ်ချက်ထားပြီးတော့ထောင်တွင်းအလုံပိတ်ကာ သတ်ဖြတ်မှုတွေသေဆုံးမှုတွေဖြစ်အောင်လုပ်ဆောင်နေတယ်လို့ဆို
📌 ၂။ “ပြည်သူချစ်တဲ့ ဆရာဇော်” စာအုပ်အား ebook အဖြစ် online မှ အခမဲ့ဖြန့်ချိပေးနေပြီဖြစ်၍ ဝင်ရောက်ဖတ်ရှုနိုင်"
📌 ၃။ IEC စီမံကိန်း၊ဘဏ္ဍာရေးနှင့်အခွန်ဌာနက တတိယ ၃ လပတ်အတွင်း အခွန်ငွေ သိန်းတသောင်းကျော်ရရှိ
📌 ၄။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော် ၃၆နှစ်မြောက် ဖွဲ့စည်းထည်ထောင်ခြင်း အထိမ်းအမှတ်သို့NUGကာကွယ်ရေးဝန်ကြီးဌာနကသဝဏ်လွှာပေးပို့
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ပင်လောင်း-ဖယ်ခုံအစပ်မှာ စစ်ရှောင်တွေကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတဦး သေဆုံးပြီး ၉ ဦးဒဏ်ရာရ
🚩 ၂။ ကချင်အထူးဒေသ-၁ က နောက်ဆုံးလက်ကျန် နယ်ခြားစောင့်တပ်စခန်းကို KIA သိမ်းပိုက်
🚩 ၃။ ကန့်ဘလူနယ်မှာ စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် ဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းတွေအပါအဝင် အိမ် ၇၀၀ ကျော် ပျက်စီး
🚩 ၄။ ကွတ်ခိုင်မြို့ပေါ်ကို စစ်တပ် ဂျက်ဖိုက်တာ ၂ စင်းက ဗုံး ၈ လုံး ကြဲချတိုက်ခိုက်
🚩 ၅။ Federal wingsက လူသုံးယောက်မယူရတဲ့ ဒရုန်းအကြီးစားကိုဖော်ထုတ်ပြသ
🚩 ၆။ ပခုက္ကူနဲ့စလင်းက စစ်သား၂ ဦး လက်နက်နဲ့အတူ အလင်းဝင်လာတဲ့အတွက် ကျပ်သိန်း ၄၀ စီ ချီးမြင့်
🚩 ၇။ အရှိုချင်းကာကွယ်ရေးတပ် - ACDF မှ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၆) အတွက် သင်တန်းသားများ ခေါ်ယူ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ စစ်ကောင်စီဟာ"နိုင်ငံရေးအကျဥ်းသားတွေကို ရည်ရွယ်ချက်ထားပြီးတော့ထောင်တွင်းအလုံပိတ်ကာ သတ်ဖြတ်မှုတွေသေဆုံးမှုတွေဖြစ်အောင်လုပ်ဆောင်နေတယ်လို့ဆို
နိုဝင်ဘာ၁ရက်
စစ်ကောင်စီဟာ"နိုင်ငံရေးအကျဥ်းသားတွေကို ရည်ရွယ်ချက်ထားပြီးတော့ထောင်တွင်းအလုံပိတ်ကာ သတ်ဖြတ်မှုတွေသေဆုံးမှုတွေဖြစ်အောင်လုပ်ဆောင်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက Human Rights Lens- လူ့အခွင့်အရေး အဝေးမြင်အနီးမြင်အစီစဉ်မှာ ဆိုပါတယ်။
"နိုင်ငံရေးအကျဥ်းသားတွေကို ရည်ရွယ်ချက်ထားပြီးတော့ကျန်းမာရေးစောင့်ရှောက်မှုမရရှိအောင်၊တခါတလေကြတော့တမင်သက်သက်အမှည့်ခြွေချွေသလို မျှင်းပြီးတော့သေဆုံးမှုအထိလုပ်ဆောင်နေတဲ့ပုံစံမျိုး တွေတွေ့ရပါတယ်။ဒါကြောင့်မလို့ ရောဂါတွေရှိလာတဲ့အခြေအနေမျိုးမှာ လိုအပ်တဲ့ဆေးဝါးကုသမှုမပေးတာ၊တကယ့်ကိုကုသဖို့ ပြင်ပကိုထုတ်ကုသလို့ရမယ့်အစားထောင်ထဲမှာသတင်းတွေအလုံပိတ်ပြီးတော့ သတ်ဖြတ်မှုတွေသေဆုံးမှုတွေဖြစ်အောင်လုပ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ စကစရဲ့ မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၆၁၂) ဦးရှိပြီး ထိုအထဲမှ (၂၁၀၆၂) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၄၇၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှတ်တမ်းများအရသိရပါတယ်။
========================
📌📌 ၂။ “ပြည်သူချစ်တဲ့ ဆရာဇော်” စာအုပ်အား ebook အဖြစ် online မှ အခမဲ့ဖြန့်ချိပေးနေပြီဖြစ်၍ ဝင်ရောက်ဖတ်ရှုနိုင်"
နိုဝင်ဘာ၁ရက်
“ပြည်သူချစ်တဲ့ ဆရာဇော်” စာအုပ်အား ebook အဖြစ် online မှ အခမဲ့ဖြန့်ချိပေးနေပြီဖြစ်၍ ဝင်ရောက်ဖတ်ရှုနိုင်"တယ်လို့ နိုဝင်ဘာ၁ရက် မန္တလေးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သတင်းနဲ့ပြန်ကြားရေးကဖော်ပြပါတယ်။“ပြည်သူချစ်တဲ့ ဆရာဇော်” စာအုပ်အား ယနေ့နိုဝင်ဘာ၁ရက်တွင် ebook အဖြစ် online မှ အခမဲ့ဖြန့်ချိပေးနေပြီဖြစ်ကြောင်း ပြည်သူများကို အသိပေးအပ်ပါတယ်"လို့ဖော်ပြပါတယ်။
မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်အား အကြမ်းဖက်စစ်ကောင်စီက အကျဥ်းထောင်တွင်းလုံလောက်သောဆေးဝါးကုသမှုများမပေးခဲ့၍ အောက်တိုဘာ၇ရက်နေ့တွင်ကျဆုံးခဲ့ရပါတယ်။
========================
📌📌 ၃။ IEC စီမံကိန်း၊ဘဏ္ဍာရေးနှင့်အခွန်ဌာနက တတိယ ၃ လပတ်အတွင်း အခွန်ငွေ သိန်းတသောင်းကျော်ရရှိ
နိုဝင်ဘာ၁ရက်
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ-IEC စီမံကိန်း၊ ဘဏ္ဍာရေးနှင့်အခွန်ဌာနအနေနဲ့ အခုနှစ် ဇူလိုင်လကနေ စက်တင်ဘာလအထိ အခွန်ငွေ ကျပ်သိန်း တသောင်းကျော်ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ-IEC ရဲ့ တတိယ ၃ လပတ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်တွေကို အောက်တိုဘာ ၃၁ ရက်က အသိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
IEC စီမံကိန်း၊ဘဏ္ဍာရေးနှင့်အခွန်ဌာနအနေနဲ့ အခုနှစ် တတိယ ၃ လပတ်အတွင်း ကျပ်သိန်း တသောင်း၃ထောင်ကျော် (၁,၃၂၉,၄၄၈,၁၀၀ ကျပ်) ရရှိခဲ့ရာ ရရှိထားတဲ့အခွန်ငွေတွေကို ကဏ္ဍ ၉ ခုအတွက် ခွဲဝေအသုံးပြုခဲ့ရာမှာ ပြည်ထဲရေးဌာန အောက်က ပြည်သူ့အုပ်ချုပ်ရေး၊ လူဝင်မှုကြီးကြပ်ရေး၊ အရေးပေါ်ကယ်ဆယ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ စည်ပင်ကဏ္ဍ အတွက် ၃၅ ဒသမ ၇ ရာခိုင်နှုန်းနဲ့ အများဆုံး အသုံးပြုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခြားကဏ္ဍတွေဖြစ်တဲ့ ကျန်းမာရေးကဏ္ဍအတွက် ၁၀ ဒသမ ၂ ရာခိုင်နှုန်း၊ ပညာရေးကဏ္ဍအတွက် ၈ ဒသမ ၂ ရာခိုင်နှုန်း၊ လူသားချင်းစာနာထောက်ထားရေးကဏ္ဍအတွက် ၈ ဒသမ ၂ ရာခိုင်နှုန်း၊ တရားရေးကဏ္ဍအတွက် ၁၂ ဒသမ ၂ ရာခိုင်နှုန်း၊ လွတ်လပ်သော တရားစီရင်ရေးကဏ္ဍအတွက် ၅ ဒသမ ၁ ရာခိုင်နှုန်း၊ ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ် ရေးကဏ္ဍအတွက် ၁၀ ဒသမ ၂ ရာခိုင်နှုန်း၊ စီမံကိန်းကဏ္ဍအတွက် ၅ ဒသမ ၁ ရာခိုင်နှုန်း၊ ဦးစီးကောင်စီရုံး စီမံခန့်ခွဲရေးနှင့် ဆက်သွယ်ဆက်ဆံရေးကဏ္ဍအတွက် ၅ ဒသမ ၁ ရာခိုင်နှုန်း အသီးသီးခွဲဝေသုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။
ဌာနအသီးသီး၊ ကဏ္ဍအသီးသီးရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ဘဏ္ဍာခွဲဝေတာတွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်တွေ ကိုလည်း IEC က အင်ဖိုဂရပ်နဲ့အတူ အသေးစိတ်ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၄။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော် ၃၆နှစ်မြောက် ဖွဲ့စည်းထည်ထောင်ခြင်း အထိမ်းအမှတ်သို့NUGကာကွယ်ရေးဝန်ကြီးဌာနကသဝဏ်လွှာပေးပို့
နိုဝင်ဘာ၁ရက်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော် ၃၆နှစ်မြောက် ဖွဲ့စည်းထည်ထောင်ခြင်း အထိမ်းအမှတ်သို့NUGကာကွယ်ရေးဝန်ကြီးဌာနကသဝဏ်လွှာပေးပို့ခဲ့ပါတယ်။
နိူဝင်ဘာ၁ရက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးကအသိပေးဖော်ပြပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော် ၃၆နှစ်မြောက် ဖွဲ့စည်းထည်ထောင်ခြင်း အထိမ်းအမှတ်သို့ ကာကွယ်ရေးဝန်ကြီးဌာနက
ပေးပို့သောသဝဏ်လွှာတွင် အထူးဝမ်းမြောက်ဂုဏ်ယူကြောင်းဆိုထားပြီး NUGနဲ့နားလည်းမှုစာချွန်လွှာများအတိုင်းအရှိန်မြှင့်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
ဒါ့အပြင်ပြည်သူနဲ့အတူ ၁၉၈၈မှစတင်၍ရပ်တည်တိုက်ပွဲဝင်နေသော ABSDFရဲဘော်များအားလုံးကိုလေးစားကြောင်းဖော်ပြထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ပင်လောင်း-ဖယ်ခုံအစပ်မှာ စစ်ရှောင်တွေကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတဦး သေဆုံးပြီး ၉ ဦးဒဏ်ရာရ
နိုဝင်ဘာ၁ရက်
ရှမ်းပြည်တောင်ပိုင်း ပင်လောင်း-ဖယ်ခုံအစပ်မှာ စစ်ရှောင်တွေကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား တဦး သေဆုံးပြီး ၉ ဦးဒဏ်ရာရသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
အောက်တိုဘာ ၃၁ ရက်နေ့ မနက် ၉ နာရီခန့်အချိန်မှာ စစ်ကောင်စီက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ မြေပြင်မှာ ကူညီ ကယ်ဆယ်ရေးလုပ်ပေးနေသူတွေကလည်း အသိပေးပါတယ်။
ပင်လောင်း-ဖယ်ခုံနယ်အစပ်မှာရှိတဲ့ ဗန်းမောက်ရွာမှာ စစ်ရေးတင်းမာနေတာကြောင့် စစ်ရှောင်တွေကို ကယ်ထုတ်ပေးနေတဲ့ အချိန်မှာ စစ်ရှောင်ဖို့ထွက်လာကြတဲ့သူတွေပါတဲ့ ထော်လာဂျီတစီးကို စစ်တပ်က ၁၂၀ မမ ဗုံးသီး ၂လုံး ကြဲချတိုက်ခိုက်ခဲ့ တာလို့ Karenni Hope အဖွဲ့က ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် အရပ်သားတဦးသေဆုံးကာ ကလေးငယ်တွေအပါအဝင် ၉ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
ဘယ်လိုစိတ်နဲ့များ ပြည်သူတွေကိုလုပ်ရက်တာလဲလို့ စဉ်းစားလို့တောင်မရပါဘူးဗျာ လို့ ဒဏ်ရာရသွားသူတွေကို ကူညီပေးခဲ့ တဲ့ Karenni Hope အဖွဲ့ တာဝန်ရှိသူတဦးက မှတ်ချက်ပြုပါတယ်။
ဒီလုပ်ရပ်ဟာ စစ်ကောင်စီတပ်အနေနဲ့ လူသားမဆန်မှုကို ပြသရာရောက်ပြီး အရပ်သားပြည်သူတွေကို စစ်ရှောင်ခွင့် မပေးတော့တဲ့လုပ်ရပ်လို့လည်း Karenni Hope အဖွဲ့က အကြမ်းဖက်စစ်ကောင်စီကို ဝေဖန်ထားပါတယ်။
ပင်လောင်းမြို့နဲ့ဖယ်ခုံမြို့ အနီးတဝိုက်မှာ စက်တင်ဘာ ၁၇ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဖယ်ခုံအင်း အနောက်ဖက်ကမ်းမှာရှိတဲ့ ကျေးရွာတွေက ဒေသခံတွေ ထောင်နဲ့ချီ စစ်ဘေးရှောင်နေရကာ အစားအသောက်နဲ့အမိုးအကာများ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ ကချင်အထူးဒေသ-၁ က နောက်ဆုံးလက်ကျန် နယ်ခြားစောင့်တပ်စခန်းကို KIA သိမ်းပိုက်
နိုဝင်ဘာ၁ရက်
ကချင်ပြည်နယ် အထူးဒေသ- ၁ နယ်မြေမှာ နောက်ဆုံးကျန်နေတဲ့ အမှတ် ၁၀၀၁ နယ်ခြားစောင့်တပ်စခန်းကို KIA ပါဝင်တဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ချီဖွေမြို့နယ် ဖိမော်ဒေသမှာအခြေစိုက်တဲ့ စစ်ကောင်စီလက်အောက်ခံ အမှတ် -၁၀၀၁ နယ်ခြားစောင့်တပ်ရဲ့ တပ်ရင်းဌာန ချုပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်-KIA ၊ KPDF ပူးပေါင်းတပ်တွေက အောက်တိုဘာ ၃၁ ရက်ည ၇ နာရီခန့်မှာ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ကချင်အထူးဒေသ-၁ နယ်မြေမှာရှိတဲ့ နယ်ခြားစောင့်တပ်ရင်း ၃ ခုနဲ့ ပြည်သူ့စစ်စခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက စက်တင်ဘာလကတည်းက ထိုးစစ်ဆင်တိုက်ခဲ့တာဖြစ်ပါတယ်။
KIA နဲ့ ပူးပေါင်းတပ်တွေဟာ လက်ရှိမှာ ကချင်အထူးဒေသ-၁ နယ်မြေက ဖီမော်ဒေသအခြေစိုက် BGF-၁၀၀၁ တပ်ရင်း၊ ပန်ဝါဒေသအခြေစိုက် BGF-၁၀၀၂ တပ်ရင်း၊ ကန်ပိုက်တီ စင်ကြိုင်ဒေသအခြေစိုက် BGF -၁၀၀၃ တပ်ရင်းတွေက တပ်ရင်း ဌာနချုပ်တွေကို သိမ်းပိုက်ရရှိထားပြီလို့ သိရပါတယ်။
အခုလို နယ်ခြားစောင့်တပ်ရင်းဌာနချုပ်တွေကို သိမ်းပိုက်နိုင်ပြီဖြစ်ပေမယ့် စစ်ကောင်စီတပ်စခန်းနဲ့ ပြည်သူ့စစ်စခန်းအချို့ သိမ်းပိုက်ဖို့ကျန်နေသေးတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
KIA နဲ့ KPDF ပူးပေါင်းတပ်တွေအနေနဲ့ ဇခုန်တန့်ယိန်းထိန်းချုပ်ထားတဲ့ ချီဖွေမြို့ကို စက်တင်ဘာ ၂၉ ၊ ဆော့လော်မြို့ကို စက်တင်ဘာ ၃၀ ၊ ပန်ဝါမြို့ကို အောက်တိုဘာ ၁၈ ရက်နေ့တို့မှာ သိမ်းပိုက်ထားနိုင်ပြီဖြစ်တာကြောင့် တရုတ်-မြန်မာနယ်စပ် ဖြစ်တဲ့ ဖီမော်မြို့နဲ့ ကန်ပိုက်တီးမြို့တို့ကိုသာ သိမ်းပိုက်ဖို့ ကျန်ရှိတော့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ ကန့်ဘလူနယ်မှာ စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် ဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းတွေအပါအဝင် အိမ် ၇၀၀ ကျော် ပျက်စီး
နိုဝင်ဘာ၁ရက်
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ထဲက ကျီစုရွာနဲ့ကျောက်တိုင်ရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းတွေအပါအဝင် အိမ်အလုံး ၇၀၀ ကျော် ပျက်စီးခဲ့ရတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ပြောပါတယ်။
အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတွေပါတဲ့ အင်အား ၁၆၀ ခန့်ဟာ အောက်တိုဘာ ၃၀ မွန်းလွဲပိုင်းက ကန့်ဘလူမြို့ နယ် ကာဘိုးတိုက်နယ်အတွင်းက ကျီစုရွာနဲ့ကျောက်တိုင်ရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးပြီး Drone နဲ့ ဗုံးသီးချ တိုက်ခိုက်တာ ကြောင့် ကျီစုရွာက ဘုန်းကြီးကျောင်း ၂ ကျောင်း၊ ပြည်သူပိုင်အိမ် ၄၀၀ ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ဆိုပါတယ်။
ထို့အတူ ကျောက်တိုင်ရွာက ဘုန်းကြီးကျောင်း၊ စာသင်ဆောင် တဆောင်နဲ့ ပြည်သူပိုင်အိမ် ၃၀၀ နီးပါး မီးလောင်ပြာကျ ပျက်စီးဆုံးရှုံးခဲ့ရာ ဒေသခံပြည်သူ တသောင်းကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ဗုံးသီချတိုက်ခိုက်တဲ့အတွက် အိုင်ပေါင်းချောင်ရွာက အမျိုးသားတဦး ဗုံးစထိမှန် ဒဏ်ရာရခဲ့သလို အိုင်ပေါင်းချောင်ရွာ ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ အမျိုးသား ၃၄ ဦးနဲ့ အမျိုးသမီး ၃ ဦးကို စစ်အုပ်စုက ဖမ်းဆီးပြီး ကန့်ဘလူ ၆၀၀၆ တကရ တပ်ကို ခေါ်ဆောင်သွားတာ အခုချိန်ထိ ပြန်မလွတ်လာသေးဘူးလို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က အသိပေးထားပါတယ်။
အခု မီးရှို့ဖျက်ဆီးခံရတဲ့ ကျီစုရွာနဲ့ကျောက်တိုင်ရွာဟာ လွန်ခဲ့၂ နှစ်ကလည်း စစ်အုပ်စုမီးရှို့ဖျက်ဆီးတာခံခဲ့ရတဲ့ရွာတွေဖြစ် ပြီး ဒေသခံပြည်သူတွေ အိမ်ပြန်ဆောက်ပြီး ဝင်ရောက်နေထိုင်ချိန်မှာ ထပ်မံဖျက်ဆီးခံခဲ့ရကာ ဒီကြိမ်မှာ ဘုန်းကြီးကျောင်းပါ မကျန် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ ကွတ်ခိုင်မြို့ပေါ်ကို စစ်တပ် ဂျက်ဖိုက်တာ ၂ စင်းက ဗုံး ၈ လုံး ကြဲချတိုက်ခိုက်
နိုဝင်ဘာ၁ရက်
တအာင်းပြည် တပ်မဟာ-၅ နယ်မြေ ကွတ်ခိုင်မြို့ပေါ်ကို စစ်ကောင်စီတပ်က ဒီနေ့မနက်မှာပဲ ဂျက်ဖိုက်တာ ၂ စင်းနဲ့ ဗုံး ၈ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
ဒီနေ့ မနက် ၃ နာရီ၂၈ မိနစ်၊ ၃ နာရီ ၃၃ မိနစ်နဲ့ ၃ နာရီ ၃၈ မိနစ်တို့မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ ၂စင်းနဲ့ ၃ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကွတ်ခိုင်မြို့ ရပ်ကွက်-၂ အတွင်းမှာရှိတဲ့ အကောက်ခွန်ဌာနရုံး၊ မီးသတ်ဌာနရုံး၊ န.တ.လ ကျောင်း၊ EPC ရုံး၊ အေရှာဝေါလ်တိုးဂိတ်အနီးနှင့် ယူကလစ်တောအနီးတို့မှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
အခုလို ဗုံးကြဲချတိုက်ခိုက်မှုကြောင့် တဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျွဲတကောင်သေဆုံးကာ ဌာနဆိုင်ရာအဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မပေါက်ကွဲသေးတဲ့ကျန်နေတဲ့ ဗုံးတလုံးကို PSLF/TNLA တပ် တာဝန်ရှိသူတွေက ဖယ်ရှားဖို့ ကြိုးစားနေတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက အသိပေးထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးပထမပိုင်းကတည်းက TNLA တပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို သြဂုတ်လ ၅ ရက်နေ့ ကလည်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ၄ ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် ကွတ်ခိုင်မြို့မစျေးက ဆိုင်ခန်းပေါင်း ၄ဝဝ ကျော်မီးလောင်ပျက်စီးပြီး ဒေသခံပြည်သူ ၆ ဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့ဖူးတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။
========================
🚩🚩 ၅။ Federal wingsက လူသုံးယောက်မယူရတဲ့ ဒရုန်းအကြီးစားကိုဖော်ထုတ်ပြသ
နိုဝင်ဘာ၁ရက်
Federal wingsက လူသုံးယောက် မ ယူရတဲ့ ဒရုန်းအကြီးစားကို နိုဝင်ဘာ၁ရက်မှာ FederalWings ဒရုန်းတပ်ဖွဲ့က ဖော်ထုတ်ပြသလိုက်ပါတယ်။
"မာလှပါချည်ရဲ့ဆိုတဲ့ စခန်းကုန်းတွေအတွက် FW ရဲ့ အထူးလက်ဆောင်အသစ်၊နာမည်က FW (Hercules)မြေပြင်ကရဲဘော်ရဲဘက်တွေအတွက် အားကိုးရတဲ့ကောင်ကြီးဖြစ်မှာ အသေအချာပါ။တော်လှန်ရေးရဲ့သည်းခြေကြိုက်ဒရုန်းတွေကို အခုအချိန်အထိရောင်းမစားခဲ့ဘဲ ပြည်သူလူထုရဲ့ထောက်ပံ့မှုနဲ့ရပ်တည်ခဲ့တယ်ဆိုတာ FW တွေအားလုံးရဲ့ လိပ်ပြာလုံစရာကိစ္စဖြစ်တယ်"လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း FederalWings ဒရုန်းတပ်ဖွဲ့ဟာ စကစရဲ့ဂျန်ပါများကိုကျော်လွန်နိုင်သော ဒီဇိုင်းသစ်ဒရုန်းကိုချပြခဲ့ပါတယ်။
========================
🚩🚩 ၆။ ပခုက္ကူနဲ့စလင်းက စစ်သား၂ ဦး လက်နက်နဲ့အတူ အလင်းဝင်လာတဲ့အတွက် ကျပ်သိန်း ၄၀ စီ ချီးမြင့်
နိုဝင်ဘာ၁ရက်
မကွေးတိုင်း ပခုက္ကူနဲ့စလင်းမြို့နယ်တို့က စစ်သား၂ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတဲ့အတွက် သူတို့ကို ကျပ်သိန်း ၄၀ စီ ပေးအပ်ချီးမြင့်ခဲ့တယ်လို့ Southern YSO PDF က ဒီနေ့ နိုယင်ဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ပခုက္ကူစက်မှုဇုန်စစ်ဆေးရေးဂိတ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ပခုက္ကူမြို့အခြေစိုက် အမှတ်-၂၅၉ ခြေလျင်တပ်ရင်းက တပ်သား ပြည့်ဖြိုးအောင်နဲ့ ပခုက္ကူမြို့နယ် မြောက်လူးကန်အထိုင်စခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ စလင်းမြို့အခြေစိုက် အမှတ်-၂၅၅ ခြေလျင်တပ်ရင်းက တပ်သား ကောင်းမင်းခန့်တို့ အောက်တိုဘာ ၁၇ရက်က အလင်းဝင်လာခဲ့လို့ Southern YSO PDF အဖွဲ့ တာဝန်ခံ ကိုအောင်မောင်းက ပြောပါတယ်။
သူတို့ဟာ ရေစကြိုတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Southern YSO PDF ထံ MA1 သေနတ် ၂ လက်၊ကျည်ဘောက် ၆ ခု၊ ကျည် ၁၂၀ တောင့် အပ်နှံခဲ့တာကြောင့် အလင်းယင်လာတဲ့ ရဲဘော် ၂ ဦးကို ကျပ်သိန်း ၄၀ စီ ပေးခဲ့တာလို့ ကိုအောင်မောင်းက ရှင်းပြပါတယ်။
ယခုအချိန်ထိ Southern YSO PDF အဖွဲ့ထံ အလင်းဝင်လာတဲ့စစ်သားတွေ အများအပြားရှိနေပြီး အချို့ကို သူတို့နေထိုင်လို တဲ့ ဒေသကိုပို့ဆောင်ပေးထားသလို အချို့က အာဏာရှင်တော်လှန်ရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်နေတယ်လို့ Southern YSO PDF အဖွဲ့က အသိပေးထားပါတယ်။
ဒါကြောင့် စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲဘော်တွေအနေနဲ့ အာဏာရှင်ခိုင်းဖက်အဖြစ်မခံဘဲ ပြည်သူရင်ခွင်ခိုလှုံကြဖို့ ရေစကြိုတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -Southern YSO PDF က တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၇။ အရှိုချင်းကာကွယ်ရေးတပ် - ACDF မှ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၆) အတွက် သင်တန်းသားများ ခေါ်ယူ
နိုဝင်ဘာ၁ရက်
အရှိုချင်းကာကွယ်ရေးတပ် - ACDF မှ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၆) အတွက် သင်တန်းသားများ ခေါ်ယူနေတယ်လို့သိရပါတယ်။
နို၀င်ဘာ၁ရက် အရှိုချင်းကာကွယ်ရေးတပ်ACDFက အသိပေးဆိုပါတယ်။
အရှိုချင်းကာကွယ်ရေးတပ် - ACDF မှ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်( 6) အတွက် သင်တန်းသားများ ခေါ်ယူနေပြီဖြစ်ပါတယ်။
အာဏာရှင်ကို ရွံမုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီကို လိုလားသော မည်သည့်လူမျိုး၊မည်သည့်ဘာသာဝင်မဆို လက်ခံသွားမယ်"လို့ဆိုပါတယ်။
ACDF တွင် လာရောက်စစ်မှုထမ်းလိုပါက စစ်အာဏာရှင်ကို ရွံမုန်း၍ လက်နက်ကိုင်တော်လှန်လိုသူ၊ကျန်းမာရေးအထူးကောင်းမွန်ပြီး အသက်( 18 )နှစ် မှ( 35 )နှစ်အတွင်းရှိသူ၊အခြေခံစစ်ပညာသင်တန်း (3) လ နှင့် ပင်ပန်းဆင်းရဲမှုဒဏ်ကို ခံနိုင်ရည်ရှိသူဖြစ်ရမယ်လို့ဖော်ပြပါတယ်။
အခြေခံစစ်ပညာသင်ယူပြီးပါက အနည်းဆုံး (4) နှစ် သို့မဟုတ် အာဏာရှင် ကျဆုံးသည်ထိ တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမယ်လို့သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUGသတင်းထောက် ကိုခန်နှင့်မင်းသီဟန်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment