၂၀၂၄ နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ဖို့ ကမ္ဘာ့ရာဇဝတ်တရားရုံး ICC ကို လျှောက်ထားမှု ကမ္ဘာ့ထိပ်တန်း သတင်းအဖြစ်ဖော်ပြ
📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့လည်း အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအားလုံးနဲ့ပတ်သက်ပြီး တရားမျှတမှုဖော်ဆောင်နိုင်ဖို့အတွက် ICC တရားရုံးအပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ဆို
📌 ၃။ မြန်မာစစ်ကောင်စီက ကမ္ဘာပေါ်မှာ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတဲ့ အဆိုးရွားဆုံးထောင်မှူး ဖြစ်လာတယ်လို့ အမေရိကန်သံရုံးရန်ကုန်က ထုတ်ပြန်
📌 ၄။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်မှာ"အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့" အခမ်းအနားကျင်းပ
📌 ၅။ နွေဦးဘဏ်အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန် ဒေါ်လာ ၅.၅ သန်း ကျော် ရောက်ရှိလာခဲ့ပြီ ဖြစ်
📌 ၆။ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းခြောက်ထောင်နီးပါးရှိလာ
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ တောင်ကုတ်မြို့ အခြေစိုက် ခမရ ၃၄၆ နဲ့ ခမရ ၅၄၄ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ AA ထံ လက်နက်ချအညံ့ခံတာ ရှိတယ်လို့ သတင်းထွက်
🚩 ၂။ ရှေ့တန်းထွက်နေတဲ့ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီး နာမကျန်ဖြစ်ပြီး ကွယ်လွန်
🚩 ၃။ လုမ်သဲပြည်သူ့ဆေးရုံလေကြောင်းတိုက်ခိုက်ခံရမှုမှာ ကျန်းမာရေးဝန်ထမ်း၂ဦးအပါအဝင် ၇ ဦးသေဆုံးသွားတယ်လို့ ချင်းပြည်အစိုးရ ထုတ်ပြန်
🚩 ၄။ စစ်ရေးတင်းမာနေတဲ့ တောင်ပိုင်းစစ်ဒေသ ၁၇၁ မှာ UWSA က စစ်မှုထမ်းသင်တန်းစပေး
🚩 ၅။ မုဒုံမှာရှိတဲ့ အမြောက်တပ်နဲ့ သံဖြူဇရပ်က စစ်တပ်ဂိတ်ကို တိုက်ခိုက်မှု စစ်တပ်အရာရှိအပါအဝင် ၈ ဦးသေဆုံး
🚩 ၆။ PSLF/TNLA မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနက မြေယာမူဝါဒနဲ့ ရှေးလုပ်ငန်းစဥ်အကောင်အထည် ဖော်ရေး နှီးနှောဖလှယ်ပွဲကျင်းပ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ဖို့ ကမ္ဘာ့ရာဇဝတ်တရားရုံး ICC ကို လျှောက်ထားမှု ကမ္ဘာ့ထိပ်တန်း သတင်းအဖြစ်ဖော်ပြ
နိုဝင်ဘာ၂၈ရက်
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အဖွဲ့ဝင် ၁၂၅ နိုင်ငံပါဝင်တဲ့ နိုင်ငံတကာရာဇဝတ်တရားရုံး-ICC ကနေ ဖမ်း၀ရမ်းထုတ်ဖို့ လျှောက်ထားတဲ့သတင်းဟာ ကမ္ဘာ့ထိပ်တန်းသတင်းအဖြစ် နိုင်ငံတကာသတင်းဌာနကြီးတွေက ဖော်ပြလိုက်ပါတယ်။။
ရခိုင်ပြည်က ရိုဟင်ဂျာတွေနနဲ့ပတ်သက်လို့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများအတွက် ပြစ်မှုထင်ရှားတဲ့ အတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးရန် နိုင်ငံတကာရာဇဝတ်တရားရုံး-ICC ရှေ့နေချုပ် Karim A.A. Khan KC က ICC တရားရုံးမှာ မနေ့ကပဲ လျှောက်ထားလိုက်တာကြောင့် ကမ္ဘာ့ထိပ်တန်းသတင်းဖြစ်လာခဲ့တာပါ။
ဒီသတင်းကို နိုင်ငံတကာသတင်းဌာနကြီးတွေဖြစ်တဲ့ CNN ၊ Reuters ၊ AP ၊ AFP ၊ BBC အပါအဝင် နာမည်ကျော်သတင်း ဌာနအားလုံးက ထိပ်တန်းသတင်းအဖြစ်ဖော်ပြနေပြီး ICC က ဖမ်း၀ရမ်းထုတ်တော့မယ့် မင်းအောင်လှိုင်ဟာ ဘယ်လိုလူစား လဲဆိုတဲ့ သုံးသပ်ချက် ဆောင်းပါးတွေလည်း The New York Times သတင်းစာကြီးက ဖော်ပြထားပါတယ်။
ထို့အတူ နာမည်ကျော် The guardian နဲ့ AL JAZEERA သတင်းဌာနကြီးတွေကလည်း မင်းအောင်လှိုင်နဲ့ စစ်အာဏာသိမ်းမှု အခြေအနေ ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများကျူးလွန်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေကြတာတွေ့ရပါတယ်။
အခုလို ကမ္ဘာထိပ်တန်းသတင်းအဖြစ် ဖော်ပြခြင်းခံရတဲ့ မင်းအောင်လှိုင်နဲ့ပတ်သက်လို နာမည်ကျော်သတင်းစာဆရာ Igor Blazevic က မြန်မာပြည်က လူသတ်တရားခံ၊ အယောင်ဆောင်သမား အာဏာရှင်ဟာ နောက်ဆုံးတော့ သူပြုခဲ့တာတွေနဲ့ ထိုက်တန်တဲ့ ရလဒ်ကို ရရှိသွားပြီ ဖြစ်ပါတယ်လို့ မှတ်ချက်ပြုပါတယ်။
ဒါ့အပြင် မင်းအောင်လှိုင်ကြောင့် မြန်မာကို ကမ္ဘာကသိပြန်ပြီ...နိုင်ငံတကာမီဒီယာတွေမှာ နာမည်ကျော်ဖြစ်သွားတဲ့ မင်းအောင်လှိုင်...နေရာစုံမှာ သူ့နာမည်တွေချည်းပဲလို့ သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရိုဟင်ဂျာ များကို မောင်းထုတ်မှုများအတွက် မင်းအောင်လှိုင်မှာ တာဝန်ရှိတယ်လို့ ICC တရားရုံးကဆုံးဖြတ်ချက်ချခဲ့ပြီး စစ်တပ်က ကျူးလွန်ထားတဲ့ သက်သေအထောက်အထားအပြည့်အစုံရရှိထားတယ်လို့ ICC တရားရုံးက ထုတ်ပြန်ထားပါတယ်။
ICC တရားရုံးရဲ့ ထုတ်ပြန်ချက်နဲ့ မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ဖို့ စီစဉ်နေတာကို မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ကောင်စီ -SAC-M က ကြိုဆိုလိုက်ပြီး ICC တရားရုံးက တရားသူကြီးတွေအနေနဲ့ အမြန်ဆုံး ဖမ်း၀ရမ်းထုတ်ဖို့ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ထို့အတူ Burma Campaign for UK ၊ Human Rights Watch အပါအဝင် နိုင်ငံတကာအဖွဲ့အချို့ကလည်း ICC တရားရုံးရဲ့ ထုတ်ပြန်ချက်အပေါ် အပြုသဘောရှုမြင်ကြပြီး ICC တရားရုံးရဲ့လုပ်ရပ်ဟာ မှန်ကန်ကြောင်းနဲ့ ICC အဖွဲ့ဝင် ၁၂၅ နိုင်ငံအနေ ဖြင့် ICC တရားရုံးရဲ့ ဆောင်ရွက်ချက်တွေအပေါ် ပူးပေါင်းထောက်ခံကြဖို့ တိုက်တွန်းနေကြပါတယ်။
========================
📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့လည်း အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအားလုံးနဲ့ပတ်သက်ပြီး တရားမျှတမှုဖော်ဆောင်နိုင်ဖို့အတွက် ICC တရားရုံးအပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ဆို
နိုဝင်ဘာ၂၈ရက်
အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့လည်း အကြမ်းဖက်စစ်အုပ်စုက ကျူးလွန် ခဲ့တဲ့ ရာဇဝတ်မှုတွေ အားလုံးနဲ့ ပတ်သက်ပြီး တရားမျှတမှု ဖော်ဆောင်နိုင်ဖို့ အတွက် ICC တရားရုံးအပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းက နိုဝင်ဘာ၂၈ရက်မှာ ဆိုရှယ်မီဒီယာမှတဆင့် ဆိုထားပါတယ်။
"အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင်မင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) မှာရုံးတင်စစ်ဆေးနိုင်ရေးအတွက် ဖမ်းဝရမ်းထုတ်ဖို့ အမှုလိုက်ရှေ့နေMr. Karim Khan က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့က ဦးတိုက်လျှောက်ထား လိုက်ပါတယ်။ လျှောက်ထားဆဲ ဖြစ်တဲ့အတွက်ကြောင့်တရားရုံးတော်က ဘယ်လိုမျိုးဆက်ပြီး ဆုံးဖြတ်မယ်ဆိုတာကိုမသိသေးပါဘူး။ ဒါပေမယ့်ဒီလိုတင်သွင်းလိုက် တဲ့အချက်က မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်မှာ ရိုဟင်ဂျာ များအပေါ် ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေကို အသေးစိတ် လေ့လာစုံစမ်းပြီး တောင်းဆိုတာ ဖြစ်တဲ့ အတွက် ဒီအမှုတွေမှာ တကယ်ကို ကျူးလွန်ခဲ့တယ်ဆိုတဲ့ တိကျခိုင်မာတဲ့ အချက်တွေကို တွေ့ရှိခဲ့ပြီလို့ ယူဆလို့ရပါတယ်။ဒီလိုတောင်းဆိုမှုနဲ့ ပတ်သက်ပြီးတော့ ကြိုဆိုပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့လည်း အကြမ်းဖက်စစ်အုပ်စုက ကျူးလွန် ခဲ့တဲ့ ရာဇဝတ်မှုတွေ အားလုံးနဲ့ ပတ်သက်ပြီး တရားမျှတမှု ဖော်ဆောင်နိုင်ဖို့ အတွက် ICC တရားရုံးအပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မယ် ဆိုတာ အတိအလင်း ဖော်ပြထားသားဖြစ်ပါတယ်"လို့ဆိုပါတယ်။
တရားစီရင်မှုတွေကနေ ကျူးလွန်သူကို ထိရောက်တဲ့စီရင်ချက်တွေ ချမှတ်စေမှာ ဖြစ်ပြီး တရားမျှတမှုကို ဖော်ဆောင်နိုင်မှာ ဖြစ်တဲ့အတွကကြောင့်မို့ ပထမဆုံး အဆင့်မှာပဲ တကယ်ကို ပြည်သူတွေအတွက် အားရစရာ အားတက်စရာ ဝမ်းသာ စရာဖြစ်တယ်လို့ လူ့အခွင့်ရေးဝန်ကြီးကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၃။ မြန်မာစစ်ကောင်စီက ကမ္ဘာပေါ်မှာ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတဲ့ အဆိုးရွားဆုံးထောင်မှူး ဖြစ်လာတယ်လို့ အမေရိကန်သံရုံးရန်ကုန်က ထုတ်ပြန်
နိုဝင်ဘာ၂၈ရက်
မြန်မာစစ်ကောင်စီက ကမ္ဘာပေါ်မှာ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတဲ့ အဆိုးရွားဆုံးထောင်မှူး ဖြစ်လာတယ်လို့ နိုဝင်ဘာ၂၈ရက်မှာ အမေရိကန်သံရုံးရန်ကုန်က ထုတ်ပြန်ဖော်ပြပါတယ်။
"၂၀၂၁ ခုနှစ်အာဏာသိမ်းလိုက်တဲ့အချိန်ကစပြီး မြန်မာနိုင်ငံစကစဟာ ကမ္ဘာပေါ်မှာ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတဲ့ အဆိုးရွားဆုံးထောင်မှူး ဖြစ်လာခဲ့ပါတယ်။ USAID ကငွေကြေးထောက်ပံ့ထားတဲ့ လေ့လာသုံးသပ်မှုတွေအရ ၂၀၂၄ သြဂုတ်လအထိ သတင်းထောက်ပေါင်း ၁၇၂ ဦး ဖမ်းဆီးထိမ်းသိမ်းခံခဲ့ကြရပြီး သူတို့ထဲမှာ အမျိုးသား ၁၄၄ ယောက်နဲ့ အမျိုးသမီး ၂၈ ယောက်ပါဝင်ပါတယ်။ စကစရဲ့ ဖြိုခွင်းမှုဟာ သတင်းမီဒီယာအဖွဲ့အစည်းတွေ ၈၇ ရာခိုင်နှုန်းကို အကျိုးသက်ရောက်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
မီဒီယာကဏ္ဍမှာ လုပ်နေကြတဲ့ အမျိုးသမီးတွေဟာလည်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရမှု၊ နှိပ်စက်ကလူပြုခံရမှု၊ ထောင်သွင်းအကျဥ်းချခံရမှုတွေအပါအဝင် ကြီးမားတဲ့အန္တရာယ်တွေနဲ့ ရင်ဆိုင်ကြရပြီးအမှုပေါင်းများစွာဟာလည်း မှတ်တမ်းတင်နိုင်ခြင်းမရှိခဲ့ဘူးလို့ဆိုပါတယ်။
========================
📌📌 ၄။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်မှာ"အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့" အခမ်းအနားကျင်းပ
နိုဝင်ဘာလ ၂၈ ရက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင် အတွင်းရှိ မြို့နယ်အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဌာနမှ တာဝန်ရှိသူများက နိုဝင်ဘာ ၂၅ ရက်နေ့တွင် ကျရောက်သော "အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့" အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားညီညွတ်ရေး အစိုးရအထက်တန်းကျောင်း၌ ကျင်းပခဲ့ပါတယ်။
အဆိုပါအခမ်းအနားတွင် မြို့နယ်အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဌာနမှ တာဝန်ခံများက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေးနေ့ (နိုဝင်ဘာလ ၂၅ ရက်နေ့) ဖြစ်ပေါ်လာခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊
"အမျိုးသမီးနှင့်မိန်းကလေးများကို လိင်အကြမ်းဖက်မှုအဆုံးသတ်ဖို့တို့များ အတူပူးပေါင်းစို့" ခေါင်းစဥ်ဖြင့် လည်းကောင်း ဆွေးနွေးဟောပြောခဲ့ပြီး (၁၆) ရက်တာ လှုပ်ရှားမှု အစီအစဥ်များကိုလည်း အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
========================
📌📌 ၅။ နွေဦးဘဏ်အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန် ဒေါ်လာ ၅.၅ သန်း ကျော် ရောက်ရှိလာခဲ့ပြီ ဖြစ်
နိုဝင်ဘာ၂၈ရက်
နွေဦးဘဏ်အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းအမေရိကန်ဒေါ်လာ ၅.၅ သန်းကျော် ရောက်ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုဝင်ဘာ၂၈ရက်မှာ နွေဦးဘဏ်က တရားဝင်အသိပေးဆိုထားပါတယ်။
"နိုဝင်ဘာ ၂၈ ရက်နေ့ မနက် ၉ နာရီမှာ နွေဦးဘဏ်အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းအမေရိကန်ဒေါ်လာ ၅.၅ သန်းကျော် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ကျန်ရှိတဲ့ (၁) ပတ်အတွင်း အိမ်ပြန်လှိုင်းသစ် အောင်လံစိုက်ထူနိုင်ဖို့ ပြည်တွင်းပြည်ပ စံချိန်တင် အင်အားဖြည့် စည်းလုံးပြီး အကျိုးအမြတ်များစေမယ့် ဘုံအနာဂတ်ကို အတူပိုင်ဆိုင်ကြရအောင်"လို့ဆိုပါတယ်။
နွေဦးဘဏ်အစုရှယ်ယာများကို ဒီဇင်ဘာလ၅ရက်နေ့အထိရောင်းချသွားမှာဖြစ်ပြီးတော့ များများဝယ်ယူပါက ရှယ်ယာတန်ဖိုးအများစုမြင့်တက်ပါက တန်ဖိုးနှစ်ဆပိုင်ဆိုင်မှာလည်းဖြစ်ပါတယ်။
========================
📌📌 ၆။ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းခြောက်ထောင်နီးပါးရှိလာ
နိုဝင်ဘာ၂၈ရက်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ နိုဝင်ဘာလ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၉၉၀) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)ကဖော်ပြပါတယ်။
အဆိုပါသေဆုံးသူများထဲတွင်အမျိုးသမီးနဲ့ကလေးငယ်များအပါအဝင်ဖမ်းဆီးပြီးနောက်သတ်ဖြတ်ခြင်းခံရသူနဲ့အကျဥ်းထောင်တွင်း ဆေးကုသမှုမခံယူရ၍သေဆုံးသူများလည်းပါဝင်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာနယ်မြို့များမှာအရပ်သားများကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများအပြင် အရပ်သားနေအိမ်များကိုမီးရှို့ဖျက်ဆီးမှုများပါကျူးလွန်လျက်ရှိပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ တောင်ကုတ်မြို့ အခြေစိုက် ခမရ ၃၄၆ နဲ့ ခမရ ၅၄၄ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ AA ထံ လက်နက်ချအညံ့ခံတာ ရှိတယ်လို့ သတင်းထွက်
နိုဝင်ဘာ၂၈ရက်
ရခိုင်ပြည်နယ် တောင်ကုတ်မြို့အခြေစိုက် ခမရ ၃၄၆ နဲ့ ခမရ ၅၄၄ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရခိုင့်တပ်တော် AA ထံမှာ အလံဖြူထောင်ပြီး လက်နက်ချအညံ့ခ့တာတွေရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
တောင်ကုတ်အခြေစိုက် အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်က ခမရ ၃၄၆ နဲ့ ခမရ ၅၄၄ တို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလံဖြူထောင်ပြီး AA ထံမှာ လက်နက်ချလာတဲ့အတွက် တောင်ကုတ်မြို့ကို AA က ထိန်းချုပ် ထားတယ်လို့ ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ရိက္ခာပြတ်လပ်လာတာကြောင့် အလံဖြူထောင်ပြီး လက်နက်ချလာတဲ့သူတွေရှိသလို လက်နက်မချဘဲ ဆက်တိုက်နေသူတွေ လည်းရှိတဲ့အတွက် တိုက်ပွဲတွေကတော့ ဆက်ရှိနေဆဲလို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
တောင်ကုတ်မှာ အဓိက တပ်တွေဖြစ်တဲ့ စကခ ၅ တပ်မ၊ ခမရ ၅၄၄ တပ်ရင်းနဲ့ ခမရ ၃၄၆ တပ်ရင်းတို့အပြင် ထောက်ပို့တပ် ၊ မိုင်းရှင်းလင်းရေးတပ်နဲ့ ဆက်သွယ်ရေးတပ်တို့ရှိတာကြောင့် တပ်ဖွဲ့ဝင်အင်အား ၇ဝဝ ကျော်ရှိတယ်လို့ သတင်းရင်းမြစ် တွေရဲ့ ခန့်မှန်းပြောဆိုချက်ကို ကိုးကားပြီး Western News က ဖော်ပြပါတယ်။
အောက်တိုဘာ ၃၀ ကစပြီး ပြင်းထန်နေတဲ့ တောင်ကုတ်တိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူကလွဲပြီး ရိက္ခာ ပို့ပေးတာ တပ်ကူအင်အားပို့ပေးတာမျိုးမရှိတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချအလင်းဝင်လာတယ်ဆိုတာ ဖြစ်နိုင်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ခန့်မှန်းထားပါတယ်။
အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၅ လက်အောက်ခံ တပ်ရင်း ၂ ခုက အရာရှိစစ်သည်တွေနဲ့ မိသားစုဝင်တွေ ဟာ ရခိုင့်တပ်တော် AA ထံမှာ နိုဝင်ဘာ ၂၅ ရက်နေ့ အမျိုးသားနေ့က အလံဖြူထောင် လက်နက်ချခဲ့တာလို့သတင်းထွက် နေပေမယ့် ရခိုင့်တပ်တော် AA ကတော့ ဒီနေ့ နိုဝင်ဘာ ၂၈ ရက် မွန်းတည့် ၁၂ နာရီအချိန်ထိ တရားဝင်ထုတ်ဖော်ပြောဆိုတာ မျိုး မရှိသေးပါဘူး။
========================
🚩🚩 ၂။ ရှေ့တန်းထွက်နေတဲ့ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီး နာမကျန်ဖြစ်ပြီး ကွယ်လွန်
နိုဝင်ဘာ၂၈ရက်
ကချင်အထူးဒေသ-၁ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးချန်းဆင်ဇီ (ခ) ချန်းဂျောရ်ရမ် ဟာ မနေ့ နိုဝင်ဘာ ၂၇ ရက် ည ၁၀ နာရီခွဲခန့်မှာ နာမကျန်းဖြစ်ပြီး ကွယ်လွန်သွားတယ်လို့ Kagabu People's Force – KPF က ဒီနေ့ နိုဝင်ဘာ ၂၈ မနက်မှာ ထုတ်ပြန်ပါတယ်။
ဆော့လော့မြို့နယ် လန်ဆယ်ကျေးရွာကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နာမကျန်းဖြစ်နေတာကြောင့် ဆေးကုသဖို့ ပြင်ဆင် နေချိန်မှာ ကွယ်လွန်သွားတာ်လို့ KPF တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစောနွဲ့ခွန်ဆိုင်ခမ်းက ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ The 74 Media ကိုပြောထားပါတယ်။
လန်ဆယ်ကျေးရွာကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ခရီးပန်းတာကြောင့် နေမကောင်းဖြစ်ပြီး ဆေးကုသဖို့ ဌာနချုပ်ကိုပြန် လာဖို့ လုပ်ဆောင်နေချိန် ဆေးချိန်နေရင်းနဲ့ သတိလစ်ပြီး သေဆုံးသွားတာလို့ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီးနဲ့အတူ ရှေ့တန်းကိုသွားခဲ့တဲ့ KPF တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ရှင်းပြထားပါတယ်။ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီးဟာ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်းနဲ့ ရှေ့တန်းတနေမှာ ဆုံးသွားတာပဲဖစ်ပါတယ်။ ဦးချန်းဆင်ဇီ (ခ)ချန်းဂျောရ်ရမ်ဟာ ၁၉၇၃ ခုနှစ်မှာမွေးဖွားခဲ့သူဖြစ်တာကြောင့် ကွယ်လွန်ချိန်မှာ အသက် ၅၁ နှစ်ရှိပြီလို့ သိရပါတယ်။
သူဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ်အနိုင်ရရှိခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် Kagabu People's Force – KPF မှာ ဦးဆောင်ကော်မတီအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလို့လည်း သိရပါတယ်။
ဒါ့အပြင် ဦးချန်းဆင်ဇီ(ခ) ချန်းဂျောရ်ရမ်ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ - CRKH ကော်မတီအဖွဲ့ဝင်တဦး လည်းဖြစ်ပြီး ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အတွင်း ဖားကန့်မြို့နယ် ရဝမ်စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ရဝမ်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီဝင်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူလို့ မှတ်တမ်းတွေအရ သိရပါတယ်။
========================
🚩🚩 ၃။ လုမ်သဲပြည်သူ့ဆေးရုံလေကြောင်းတိုက်ခိုက်ခံရမှုမှာ ကျန်းမာရေးဝန်ထမ်း၂ဦးအပါအဝင် ၇ ဦးသေဆုံးသွားတယ်လို့ ချင်းပြည်အစိုးရ ထုတ်ပြန်
နိုဝင်ဘာ၂၈ရက်
ချင်းပြည်နယ် ဖလမ်းမြို့နယ်က လုမ်သဲကျေးရွာရှိပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှု ကြောင့် ကျန်းမာရေးဝန်ထမ်း ၂ဦး အပါအဝင် အရပ်သားပြည်သူ ၇ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရသွားတယ်လို့ ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရက ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၆ ရက်က လုမ်သဲပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံ အဆောက်အအုံ အနီးမှာရှိတဲ့ အရပ်သားပြည်သူနေအိမ်များစွာ မီးလောင်ပျက်စီးခဲ့ပြီး လူသေဆုံးထိခိုက်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
လုမ်သဲပြည်သူ့ဆေးရုံ ပျက်စီးဆုံးရှုံးမှုနဲ့ အပြစ်မဲ့ပြည်သူများ သေဆုံးမှုအပေါ် ဝမ်းနည်းရတဲ့အကြောင်းနဲ့ အပြစ်မဲ့ ပြည်သူတွေနဲ့ ပြည်သူ့ဆေးရုံကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ပြီး စစ်ရာဇဝတ်ကျူးလွန်တဲ့ စစ်ကောင်စီကို ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ပြီး ချင်းပြည်နယ်က အပြစ်မဲ့အရပ်သားပြည်သူတွေရဲ့ အသက်အိုး အိမ်စည်းစိမ်တွေကို နေ့စဉ်နဲ့အမျှ ခြိမ်းခြောက်နေတဲ့အပြင် လူမျိုးတုံးသတ်ဖြတ်မှုတွေလည်း ရက်စက်စွာကျူးလွန်နေ တယ်လို့လည်း အသိပေးထားပါတယ်။
လုမ်သဲပြည်သူ့ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး ချင်းပြည်အစိုးရက လူသားချင်း စာနာထောက် ထားမှု အကူအညီတွေ ပေးအပ်သွားမှာဖြစ်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေကို ပြင်းထန်တဲ့အရေးယူမငတွေလုပ်သွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
လုမ်သဲဆေးရုံတိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့သူတွေထဲမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ချင်းအမျိုးသား ကာကွယ် ရေးတပ်ဖွဲ့-CNDF က ရဲဘော်တွေ ပါဝင်နေတယ်လို့သတင်းတွေထက်နေပေမယ့် ချင်းညီနောင်အဖွဲ့က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
========================
🚩🚩 ၄။ စစ်ရေးတင်းမာနေတဲ့ တောင်ပိုင်းစစ်ဒေသ ၁၇၁ မှာ UWSA က စစ်မှုထမ်းသင်တန်းစပေး
နိုဝင်ဘာ၂၈ရက်
မြန်မာ-ထိုင်းနယ်စပ်မှာ စစ်ရေးတင်းမာနေချိန်မှာ "ဝ" ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် - UWSA တောင်ပိုင်း -၁၇၁ စစ်ဒေသက စစ်မှုထမ်းသင်တန်း ပထမသုတ်စတင်ပေးနေပြီလို့ ဒေသတွင်း သတင်းတွေက ဆိုပါတယ်။
စစ်မှုထမ်းပထမအသုတ် သင်တန်းကျောင်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့တာနဲ့ပတ်သက်လို့ဒေသတွင်း သတင်းတွေ အခုလိုပြောတာဖြစ်ပါတယ်။
ဒါဟာ “ဝ”ပြည်တောင်ပိုင်း ၁၇၁ ဒေသ ဧရိယာအတွင်းမှာရှိတဲ့ တပ်စခန်းတွေကို ထိုင်းစစ်တပ်က ဖယ်ရှားခိုင်းနေတာ ကြောင့် နှစ်ဖက် စစ်ရေးတင်းမာနေချိန်လည်း ဖြစ်နေပါတယ်။
အဲဒီစစ်မှုထမ်း သင်တန်းကျောင်းကို ၁၇၁ စစ်ဒေသက တာဝန်ရှိလူကြီးများ၊ အမျိုးသမီးရေးရာအဖွဲ့၊ ရပ်မိရပ်ဖက ဒေသခံ တွေအပြင် တပ်မိသားစုဝင်တွေ တက်ရောက်ခဲ့ကြပြီး ဖွင့်ပွဲအစမှာ ရွေချယ်ခြင်းခံရတဲ့ တပ်သားသစ်တွေက အမိမြေ ဝ ပြည်ကိုချစ်တယ်ဆိုတဲ့ နိုင်ငံတော်သီချင်းကိုသီဆိုပြီး စီတန်းလှည့်လည် ကာ မြန်မာနိုင်ငံအလံ "ဝ" အမျိုးသားအလံ နဲ့ "ဝ " တပ်မတော်အလံတော်တွေကို လွှင့်ထူကာ အလေးပြုခဲ့ကြတယ်လို့ UWSA ဘက်က ထုတ်ပြန်ထားပါတယ်။
စစ်မှုထမ်း သင်တန်းကျောင်း ဖွင့်လှစ်ရတာဟာ ဝ ပြည်သူ ပြည်သားများ ဝ ပြည်တပ်မတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမို သိရှိလာစေဖို့ ဝ ပြည်သူတွေကို ပြည်ပရန်ကာကွယ်ခြင်းအကြောင်း သိရှိစေဖို့နဲ့ စစ်မှုထမ်းခြင်းဟာ ဝ ပြည်သူများရဲ့ တာဝန်တခု ဖြစ်တယ်ဆိုတာသိရှိစေဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။
“ဝ” ပြည်အတွင်းနေထိုင်ကြတဲ့ အသက်ပြည့်ပြီးသူတွေအနေနဲ့ တအိမ်တယောက် မဖြစ်မနေစစ်မှုထမ်းကြဖို့ UWSA က ပြဌာန်းထားပြီး အဲ့ဒီထဲမှာ "ဝ" ပြည်၊ တောင်ပိုင်း ၁၇၁ ဒေသအတွင်းနေထိုင်ပြီး ပြည်ပနိုင်ငံကို အလုပ်သွား လုပ်ကိုင်ကြ သူတွေ၊ စစ်မှုထမ်းဖို့ တိမ်းရှောင်နေသူတွေလည်း နေရပ်ပြန်လာပြီး စစ်မှုထမ်းကြဖို့ ဖော်ပြထားပါတယ်။
အဲဒီစစ်မှုထမ်းဥပဒေအရ ဝ ပြည်သူတွေဟာ အမျိုးသမီးဆိုရင် ၅ နှစ် ၊ အမျိုးသားဆိုရင် ၉ နှစ် စစ်မှုထမ်းရမယ်လို့သတ်မှတ် ထားပြီး “ဝ” လူငယ့်အသံကွန်ရက်ရဲ့ဖော်ပြချက်အရ စစ်မှုထမ်းဖို့အတွက် "ဝ" ပြည်တောင်ပိုင်းနဲ့မြောက်ပိုင်းက တပ်သား အင်အား ၄ထောင်စီ ကောက်ခံသွားမယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ မုဒုံမှာရှိတဲ့ အမြောက်တပ်နဲ့ သံဖြူဇရပ်က စစ်တပ်ဂိတ်ကို တိုက်ခိုက်မှု စစ်တပ်အရာရှိအပါအဝင် ၈ ဦးသေဆုံး
နိုဝင်ဘာ၂၈ရက်
မွန်ပြည်နယ် သံဖြူဇရပ်မှာရှိတဲ့ စစ်တပ်စစ်ဆေးရေးဂိတ်နဲ့ မုဒုံမြို့က စစ်ကောင်စီ အမြောက်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က အရာရှိအပါအဝင် ၈ ဦးသေဆုံးသွားတယ်လို့ မွန်ပြည်သစ်ပါတီ- စစ်အာဏာရှင်တိုက်ဖျက်ရေး -NMSP-AD က ဒီနေ့ နိုတင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၆ ရက်က မုဒုံမြို့နယ် အဘစ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီအမြောက်တပ်စခန်းနဲ့ နိုဝင်ဘာ ၂၃ ရက်က သံဖြူဇရပ် မြို့အဝင်မှာရှိတဲ့ စစ်ဆေးရေးဂိတ်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
သံဖြူဇရပ်မြို့အဝင် ဖောင်စိန်စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ တိုက်ခိုက်ရာမှာ အရာရှိ ၂ဦးအပါအဝၚ် စစ်ကောင်စီတပ်ဘက်က ၃ ဦးသေဆုံးပြီး ၂ဦးဒဏ်ရာရသွားတယ်လို့ အသိပေးပါတယ်။
ထို့အတူ မုဒုံမြို့နယ် အဘစ်ကျေးရွာက စစ်ကောင်စီရဲ့ အမှတ်- ၃၁၈ အမြောက်တပ်ကို ဒရုန်းနဲ့ ထပ်မံ တိုက်ခိုက်ရာမှာလည်း စစ်ကောင်စီတပ်ဘက်က ၅ ဦးသေဆုံးကာ တဦးဒဏ်ရာရသွားတယ်လို့ အသိပေးထားပါတယ်။
NMSP-AD ဟာ မွန်ပြည်သစ်ပါတီကခွဲထွက်ပြီး ဒေသတွင်း မွန်တော်လှန်ရေးတပ်တွေအပါအဝင် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ တွေနဲ့အတူ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတဲ့ မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်
========================
🚩🚩 ၆။ PSLF/TNLA မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနက မြေယာမူဝါဒနဲ့ ရှေးလုပ်ငန်းစဥ်အကောင်အထည် ဖော်ရေး နှီးနှောဖလှယ်ပွဲကျင်းပ
နိုဝင်ဘာ၂၈ရက်
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ ဌာနခွဲတခုဖြစ်တဲ့ မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေး ဌာနက ဦးဆောင်ပြီး မြေယာနှင့်သစ်တော မူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်များအကောင်အထည်ဖော်လုပ်ဆောင်နိုင်ရေး နှီးနှော ဖလှယ်ပွဲကို တအာင်းပြည်တနေရာမှာ ၂ ရက်ကြာ ကျင်းပခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
အဲဒီနှီးနှောဖလှယ်ပွဲကို PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး-၁ ဗိုလ်မှူးချုပ် တားအိုမ်တမာဝ်း၊ ဗဟိုအုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူ;ဇာရ်၊တွဲဖက်အထွေအထွေအတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး တားပန်လနဲ့ အရပ်ဖက်အဖွဲ့အစည်းများ၊ မြေစာရင်းဌာနက CDM ဝန်ထမ်းများ၊ မြေယာနှင့်သစ်တောဌာနက ဝန်ထမ်းတွေအပါအဝင် လူဦးရေ ၅၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မြေယာနှင့်သစ်တောဌာနကတင်ပြတဲ့ မူဝါဒနဲ့ ရှေ့လုပ်ငန်းစဥ်ပါအကြောင်းအရာတွေကို ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်း CSO များနဲ့ မြန်မာနိုင်ငံသစ်တောဌာနက CDM ဝန်းထမ်းများက အဖွဲ့လိုက်တင်ပြဆွေးနွေးခဲ့ကြပြီး လိုအပ်တာတွေကို အပြန်အလှန်သုံးသပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ထို့အတူ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း သိမ်းပိုက်ရရှိထားတဲ့ ဌာနဆိုင်ရာမြေနေရာများ၊ စစ်ကောင်စီထိပ်ပိုင်း ခေါင်းဆောင်တွေ သိမ်းယူထားတဲ့မြေများ၊ အသင်းအဖွဲ့နဲ့ကုမ္ပဏီဆိုင်ရာမြေများ၊ နယ်နိမိတ်မြေနဲ့ကျူးကျော်မြေများ၊ အငှားမြေနဲ့ မြေအရောင်းအဝယ်ကိစ္စတွေမှာ ဖြစ်ပေါ်တတ်တဲ့ ပြဿနာတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
၂ ရက်တာဆွေးနွေးခဲ့တဲ့ မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနရဲ့ ရှေ့လုပ်ငန်းစဥ် နှီးနှောဖလှယ်ပွဲအတွင်း ဆုံးဖြတ်ချက် ၄ ချက်နဲ့ မြေယာမူဝါဒ ပြင်ဆင်ချက် ၁၁ ချက်ကို အတည်ပြုပြီး သဘောတူချမှတ်နိုင်ခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ဒီနေ့ နိုဝင်ဘာ ၂၈ မှာ ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment