၂၀၂၄ ဒီဇင်ဘာလ ၁၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရက (၂၇၁၆) နှစ်မြောက် တအာင်းနှစ်သစ်ကူးနေ့ အခမ်းအနားသို့ သဝဏ်လွှာ ပေးပို့
📌 ၂။ နွေဦးဘဏ်အစုရှယ်ယာ ရောင်းချရမှု အမေရိကန်ဒေါ်လာ ၁၃ သန်း၂ သိန်းကျော်အထိ ရောက်ရှိခဲ့ကြောင်း ဝန်ကြီး ဦးတင်ထွန်းနိုင် သတင်းစကားပါး
📌 ၃။ AA ရဲ့အောင်ပွဲဟာ အာဏာရှင်ကို အရှိုက်ကို ထိုးလိုက်သလို ဖင်ထိုင်ကျသွားစေတဲ့ပွဲ ဖြစ်တယ်လို့ ဝန်ကြီး ဦးထင်လင်းအောင် ဆို
📌 ၄။ ၄ လကြာ စစ်ရှောင်နေရတဲ့ ဒီပဲယင်း စစ်ရှောင်များအား ဟင်းချက်စရာ အသီးအရွက်နဲ့ ကုန်စိမ်းများ ထောက်ပံ
📌 ၅။ The Promise ကမ်ပိန်းမှ (၂၀၂၄) ခုနှစ် နိုဝင်ဘာလတွင် ကျန်းမာရေး CDM ဝန်ထမ်း ထိခိုက်နစ်နာသူ (၂၈) ဦးကို ထောက်ပံ့ကူညီနိုင်ခဲ့
📌 ၆။ မယ်ဆိုင်မြို့တွင်းသို့ ဆွမ်းခံသည့် တာချီလိတ်မှ ရဟန်းသံဃာများ နှင့် ပတ်သက်၍ ကြပ်မတ်ပေးရန် ထိုင်းဘက်က အကြောင်းကြား
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ စစ်ကောင်စီမှ လှိုင်းဘွဲ့မြို့ နယ်/ကျေးနယ် အုပ်ချုပ်ရေးမှုးများခေါ်ယူ၍ စစ်မှုထမ်းကောက်ခံရန် အတင်းအဓမ္မ တောင်းဆို
🚩 ၂။ တောင်သာတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့ရာ အမျိုးသမီး ၁ ဦး သေဆုံးပြီး ပြည်သူ ၅ ဦး ဒဏ်ရာရ
🚩 ၃။ လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ
🚩 ၄။ သပြေသာ ရွာကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ပြီး မီးရှို့ခံထားရတဲ့ အမည်မသိ Dead body ၄ ခု တွေ့ရှိ
🚩 ၅။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁၁၆) ဦးနှင့် အမျိုးသား (၁၂၁) ဦး စုစုပေါင်း (၂၃၇) ဦး သေဆုံးခဲ့ပြီးအသက် ၁၈ နှစ်အောက် ကလေးငယ် (၄၇) ဦး ပါဝင်
🚩 ၆။ မုံရွာ-မန္တလေး ကာလမ်းပေါ်မှာ စစ်ကောင်စီ သံချပ်ကာ ကား ၄ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၇ ဦး သေဆုံး
🚩 ၇။ ချင်းတွင်း မြစ်ကြောင်းအတိုင်း ရိက္ခာပို့ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ဖြတ်တောက်တိုက်ခိုက်
🚩 ၈။ မွမ်းမံစစ်ပညာသင်တန်းဆင်း လောင်းလုံးမြို့နယ် (ပကဖ) ရဲဘော်များအား ဂုဏ်ပြုခြင်းနှင့် လောင်းလုံးမြို့နယ် (ပအဖ)မှ ကျည်ကာဦးထုပ်များ တပ်ဆင်ခြင်း အခမ်းအနား ပြုလုပ်
🚩 ၉။ ရေးမြို့နယ်တောင်ပိုင်း ခမရ - ၂၉၉မှ ပသစတပ်သား လက်နက်နှင့်အတူ အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရက (၂၇၁၆) နှစ်မြောက် တအာင်းနှစ်သစ်ကူးနေ့ အခမ်းအနားသို့ သဝဏ်လွှာ ပေးပို့
ဒီဇင်ဘာလ ၁၁ ရက်တွင် ကျရောက်သည့် တအာင်းတိုင်းရင်းသားတို့၏ (၂၇၁၆) နှစ်မြောက် နှစ်သစ်ကူးနေ့ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးမှ သဝဏ်လွှာပေးပို့ထားပါတယ်။
နှစ်သစ်ကူးနေ့ အခါသမယတွင် မြန်မာပြည်ဖွား တအာင်းတိုင်းရင်းသားများအားလုံး ကောင်းခြင်းမင်္ဂလာအဖြာဖြာဖြင့် ပြည့်စုံနိုင်ကြပြီး ဒီမိုကရေစီအနှစ်သာရများဖြင့် ပြည့်စုံကြွယ်ဝသည့် တအာင်းပြည်သစ်ကို အတူတကွ ထူထောင်နိုင်ကြပါစေကြောင်း အလေးအနက်ဖော်ပြအပ်ပါတယ်လို့ သဝဏ်လွှာတွင် ဖော်ပြထားပါတယ်။
နှစ်ပေါင်းများစွာ တိုင်းရင်းသားလူမျိုးအသီးသီးအပေါ်တွင် အနိုင်ကျင့်၊ ဗိုလ်ကျစိုးမိုးလာခဲ့သည့် အကြမ်းဖက်စစ်အုပ်စုသည် ယခုအခါတွင် အဘက်ဘက်မှ ယိုယွင်းပျက်စီးလာလျက်ရှိပြီး ၎င်းတို့အနေဖြင့် ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် တရားမဝင် ရွေးကောက်ပွဲနည်းလမ်း ဖြင့် အသက်ဆက်နိုင်ရန် ကြိုးပမ်းလျက်ရှိကာ အကြမ်းဖက်စစ်အုပ်စုအနေဖြင့် တိုင်းရင်းသား အားလုံး လိုလားတောင့်တလျက်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် မည်သည့် အာမခံချက်မှ မပေးနိုင်သည်ကို အမျိုးသားညီညွတ်ရေးအစိုးရနှင့်တကွ တိုင်းရင်းသားတော်လှန်ရေး အင်အားစုများ အားလုံးက ခြွင်းချက်မရှိ လက်ခံထားပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
(၁၀၂၇) စစ်ဆင်ရေးမှ အစပြု၍ တအာင်းတိုင်းရင်းသား တော်လှန်ရေးအင်အားစုများ ပါဝင်သော ညီနောင်မဟာမိတ်တိုင်းရင်းသား (၃) ဖွဲ့၏ ရဲစွမ်းသတ္တိ ပြည့်ဝပြီး ထူးချွန်ပြောင်မြောက်မှု တို့ကြောင့် ရှမ်းပြည်နယ်မှ မြို့နယ်များအပြင် အကြမ်းဖက်စစ်အုပ်စု၏ တပ်ရင်း၊ တပ်မ၊ ဌာနချုပ် များ အပါအဝင် တိုင်းစစ်ဌာနချုပ်ကိုပါ သိမ်းပိုက်နိုင်သည်အထိ အောင်မြင်မှုများ ကြီးကြီးမားမား ရရှိခဲ့ပြီး မကြာမီကာလတွင် တအာင်းတိုင်းရင်းသားတို့ လိုလားတောင့်တလျက်ရှိသည့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် အမျိုးသားတန်းတူရေးတို့အတွက် ထိုက်တန်သည့် အောင်ပွဲကို နိုင်ငံတစ်ဝှမ်းမှ တိုင်းရင်းသားပြည်သူများနှင့်အတူ ရရှိခံစားပိုင်ဆိုင်နိုင်ကြပါစေကြောင်း၊ နောင်လာမည့် နှစ်သစ် ကူးအချိန် အခါသမယကို တိုင်းပြည်အတွင်း မိသားစုစုံညီစွာဖြင့် ကြီးကျယ်ခမ်းနားစွာ ကျင်းပနိုင်ကြပါစေကြောင်း ဆန္ဒပြုလျက် ဤဂုဏ်ပြုသဝဏ်လွှာကို ပေးပို့ကြောင်း ဖော်ပြထားပါတယ်။
========================
📌📌 ၂။ နွေဦးဘဏ်အစုရှယ်ယာ ရောင်းချရမှု အမေရိကန်ဒေါ်လာ ၁၃ သန်း၂ သိန်းကျော်အထိ ရောက်ရှိခဲ့ကြောင်း ဝန်ကြီး ဦးတင်ထွန်းနိုင် သတင်းစကားပါး
RM တွေကတဆင့် စာရင်းသွင်းထားပြီးသူတွေ၊ ဆက်လက်ဝယ်ယူမှုတွေကြောင့် နွေဦးဘဏ်အစုရှယ်ယာရောင်းချရမှု အမေရိကန်ဒေါ်လာ ၁၃ သန်း ၂ သိန်းကျော် အထိ ရောက်ရှိခဲ့တယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က
ဒီဇင်ဘာ ၁၁ ရက်မှာ အသိပေးထားပါတယ်။
"SDB Share ရောင်းချမှုကို တော်လှန်ပြည်သူတွေ ကိုယ်တိုင်ကိုယ်ကျ ဝယ်ယူနိုင်မှုကို ဒီဇင်ဘာ ၈ ရက်နေ့ နောက်ဆုံးဆိုသော်ငြား လက်လှမ်းမီရာ RM တွေကနေတဆင့် စာရင်းသွင်းထားပြီးသူတွေ၊ ဆက်လက်ဝယ်ယူမှုတွေကို နောက် ၃ ရက် - လက်ကမ်းကြိုဆိုထားတာမို့.. အားဖြည့်ပါဝင်ကြတာ တရိပ်ရိပ် တက်နေလျက်ရှိနေပါတယ်။ အခုဆို.. ၁၃ သန်းကို ၂ သိန်းကျော်နေပါပြီ" လို့ ဆိုပါတယ်။
နွေဦးဘဏ်အစုရှယ်ယာများ ဒုတိယအကြိမ်ရောင်းချခြင်းကို နိုဝင်ဘာလမှ ဒီဇင်ဘာလ (၈) ရက်နေ့အထိ ရောင်းချပေးခဲ့ပါတယ်။
========================
📌📌 ၃။ AA ရဲ့အောင်ပွဲဟာ အာဏာရှင်ကို အရှိုက်ကို ထိုးလိုက်သလို ဖင်ထိုင်ကျသွားစေတဲ့ပွဲ ဖြစ်တယ်လို့ ဝန်ကြီး ဦးထင်လင်းအောင် ဆို
AA ရဲ့အောင်ပွဲဟာ အာဏာရှင်ကို အရှိုက်ကိုထိုးလိုက်သလိုဖင်ထိုင်ကျသွားစေတဲ့ပွဲဖြစ်တယ်လို့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က ဒီဇင်ဘာလ ၁၁ ရက်မှာ ဆိုရှယ်မီဒီယာကတဆင့် ဆိုထားပါတယ်။
"ဒီကနေ့ AA ရဲ့အောင်ပွဲဟာ အာဏာရှင်ကို အရှိုက်ကို ထိုးလိုက်သလို ဖင်ထိုင်ကျသွားစေတဲ့ပွဲ ဖြစ်တယ်" လို့ ဝန်ကြီးက ဆိုပါတယ်။
နခခ (၅) စခန်းသည် မောင်တောမြို့၏ မြို့သူကြီးရပ်ကွက်တွင်တည်ရှိပြီး ရန်သူ အင်အား (၇၀၀) ကျော် စခန်းချ တပ်စွဲထားသော စခန်းကြီးတစ်ခု ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် နောက်ဆုံးလက်ကျန် စခန်းတစ်ခုအဖြစ် ကျန်ရှိနေသည့် အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့၊ နံနက် (၉) နာရီ (၃၀) မိနစ်အချိန်၌ အာရက္ခတပ်တော်မှ အပြီးသတ်ချေမှုန်း တိုက်ခိုက်နိုင်ခဲ့ပါတယ်။
ဤထိုးစစ်အတွင်း မှတ်တမ်းနှင့် သိမ်းဆည်းရမိသော အလောင်းများစာရင်းအရ ရန်သူ (၄၅၀) အထက် သေဆုံးခဲ့ပြီး စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
========================
📌📌 ၄။ ၄ လကြာ စစ်ရှောင်နေရတဲ့ ဒီပဲယင်း စစ်ရှောင်များအား ဟင်းချက်စရာ အသီးအရွက်နဲ့ ကုန်စိမ်းများ ထောက်ပံ
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းမှာ တိမ်းရှောင်နေတဲ့ ဒီပဲယင်းမြို့ပေါ်က စစ်ဘေးရှောင် ပြည်သူများအတွက် "ဖွယ်ဖွယ်ရာရာ ဟင်းချက်စရာ ထောက်ပို့ကူညီပါ" အစီအစဥ်ဖြင့် ရာသီပေါ် အသီးအနှံနဲ့ ကုန်စိမ်းမျိုးစုံကို ထောက်ပံလှူဒါန်းပေးခဲ့တယ်လို့ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေး က သတင်းထုတ်ပြန်ထားပါတယ်။
ရေဦးမြို့နယ်မှာ ၁ နှစ်ကျော်နဲ့ ၄ လကျော်ခန့် တိမ်းရှောင်နေကြရတဲ့ အိမ်ထောင်စု ၆၀ ကျော်ကို ဒီဇင်ဘာလ ၁၀ ရက်နေ့က ဟင်းချက်စရာ ရာသီပေါ် ကုန်စိမ်းအသီးအနှံ မျိုးစုံတို့ကို သွားရောက်ကူညီ ထောက်ပံလှူဒါန်းခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ လှူဒါန်းမှုကို ရေဦးမြို့နယ်အခြေစိုက် 𝐏𝐃𝐂 သတင်းပြန်ကြားရေးဌာနခွဲ၊ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ ထောက်ပံ့ရေး 'NGO’ နဲ့ ရွေဘိုခရိုင် ပင်မပြန်ကြားရေးဌာန တပ်ခွဲ ‘ရေခဲမြစ်ငယ်နွေ' တို့က ရဲဘော်များက အတူ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြတာပါ။
ရဲဘော်များနှင့်အတူ ကုန်စိမ်း အသီးအနှံများကို လုံလောက်မျှတအောင် ကူညီပေးနိုင်ဖို့ လှူဒါန်းပါဝင် ပေးခဲ့ကြတဲ့ ဒေါ်လေးချို နဲ့ မဝင်းမာ တို့ကိုလည်း အထူးဝမ်းမြောက်စွာ ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြထားပါတယ်။
========================
📌📌 ၅။ The Promise ကမ်ပိန်းမှ (၂၀၂၄) ခုနှစ် နိုဝင်ဘာလတွင် ကျန်းမာရေး CDM ဝန်ထမ်း ထိခိုက်နစ်နာသူ (၂၈) ဦးကို ထောက်ပံ့ကူညီနိုင်ခဲ့
"The Promise" ကတိကဝတ်ကမ်ပိန်းအနေဖြင့် (၂၀၂၄) နိုဝင်ဘာလတွင် ၁၇ သိန်း ၂သောင်း ငါးထောင်ကျပ် ဖြင့်ကျန်းမာရေး CDM ဝန်ထမ်း ထိခိုက်နစ်နာသူ ၂၈ ဦးကို ထောက်ပံ့ကူညီနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
"CDM Medical Network မှ ၂၀၂၄ ခုနှစ် November လ အတွင်း "The Promise" ကတိကဝတ်ကမ်ပိန်းအနေဖြင့် ကျန်းမာရေး CDM ဝန်ထမ်းများကို ထိခိုက်နစ်နာ အာမခံထောက်ပံ့ငွေများ ကူညီနိုင်ခဲ့မှု ရှင်းတမ်း" ကို ဒီဇင်ဘာ ၁၁ ရက်မှာ ဖော်ပြပါတယ်။
၂၀၂၄ ခုနစ် မေလက စတင်ပြီး ကတိကဝတ် အလှူရှင်များထံမှ လှူဒါန်းငွေများ စတင်ကောက်ခံခဲ့ပြီး ထောက်ပံ့ငွေများကို ကျန်းမာရေးဝန်ကြီးဌာန CDM ဝန်ထမ်းများထဲမှ ထိခိုက်နစ်နာမှု အသီးသီးခံစားခဲ့ရသူများအတွက် သက်ဆိုင်ရာ ထိခိုက်နစ်နာမှုအမျိုးအစားအလိုက် ထောက်ပံ့ကူညီခဲ့ရာ၊ ၂၀၂၄ နိုဝင်ဘာလတွင် ၁၇သိန်း ၂သောင်း ငါးထောင်ကျပ် (1,725,000 ကျပ်) ဖြင့် ထိခိုက်နစ်နာသူ ၂၈ ဦးကို ထောက်ပံ့ကူညီနိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။
လစဉ် အာမခံယူနစ်များ ဝယ်ယူလှူဒါန်းနေကြတဲ့ အဖွဲ့အသီးသီးမှ ကတိကဝတ်ရှင်များ အားလုံးနှင့်အတူ အာမခံယူနစ်များ ကူညီရောင်းချပေးခဲ့တဲ့ "နောက်မဆုတ်တမ်း - D2D" နှင့် "with Love Brunei" တို့ Fundraisers အဖွဲ့များကိုလည်း CDM Medical Network အနေနဲ့ ထောက်ပံ့ကြေးငွေရရှိခဲ့ကြသော ထိခိုက်နစ်နာကျန်းမာရေး CDMer များ အားလုံးကိုယ်စား အထူးကျေးဇူးတင်ရှိတယ်လို့ ဖော်ပြပါတယ်။
The Promise Campaign ကနေ လစဉ် အာမခံယူနစ် ၉၀၀ ရောင်းချနိုင်ဖို့ ရည်ရွယ်ထားပြီး လက်ရှိမှာ လစဉ်ပျှမ်းမျှ (၃၀၀) ယူနစ်ကျော် ခန့်သာ ရောင်းချနိုင်သေးတယ်လို့ ဆိုထားပါတယ်။
========================
📌📌 ၆။ မယ်ဆိုင်မြို့တွင်းသို့ ဆွမ်းခံသည့် တာချီလိတ်မှ ရဟန်းသံဃာများ နှင့် ပတ်သက်၍ ကြပ်မတ်ပေးရန် ထိုင်းဘက်က အကြောင်းကြား
တာချီလိတ်မြို့ကနေ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင်းသို့ ဆွမ်းခံကြွကြသည့် အချို့သော ရဟန်သံဃာများ၏ ဝတ်နည်းနှင့်မညီသည့် ကိစ္စနှင့် ပတ်သက်ပြီး အထူးကြပ်မတ်ပေးရန် ထိုင်းဘက်က အကြောင်းကြားလာမှုများ ရှိနေကြောင်း Tachileik News Agency မှာ ဖော်ပြထားပါတယ်။
အချို့ ဆွမ်းခံရဟန်းများ၏ ဝတ်နည်းနှင့်မလျော်ညီသည့် အပြုအမှုများကြောင့် စိတ်အနှောက်အယှက်ဖြစ်ရသည့်အတွက် တားဆီးပေးနိုင်ရန် ထိုင်းအွန်လိုင်း စာမျက်နှာများတွင် ထောက်ပြဝေဖန် ပြောဆိုမှုများ ရှိနေကြသလို မယ်ဆိုင်အာဏာပိုင်များကလည်း တာချီလိတ် ရဲနှင့် လဝကထံ တရားဝင် အကြောင်းကြားထားတယ်လို့ သိရပါတယ်။
တာချီလိတ်ကနေ မယ်ဆိုင်ဘက်သို့ ဆွမ်းခံကြွသည့် ရဟန်၊ သံဃာ၊ သာမဏေများ အနေဖြင့် မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ် (၁) တံတားကနေ နယ်စပ်ဖြတ်သန်းလက်မှတ် ပြုလုပ်ရန်မလိုဘဲ ကြွရောက်ဆွမ်းခံခွင့် ပြုနေရာမှ ယခုအခါ နယ်စပ်ဖြတ်သန်းလက်မှတ် မပါရှိပါက တားမြစ်သွားမယ်လို့ သိရပါတယ်။
မယ်ဆိုင်မြို့ထဲမှာ ကိုရင်လေးတွေ နဲ့ ဦးဇင်းတစ်ချို့ လူတွေကြားထဲ အတင်းတိုးဝင်ပြီး သပိတ်ထိုးကာ ငွေကြေးအလှူခံကြတဲ့အပြင် မုန့်တွေ လောင်းလှူရင် လက်မခံကြောင်း၊ သင်္ကန်းအဝါရောင် အညိုရောင်ခွဲပြီး မြန်မာရဟန်းနှင့် ထိုင်းရဟန်း ခွဲခြားပြီး ထိုင်းလူမျိုးတွေ လိုင်းပေါ် ပုံတွေတင်ပြီး ဝေဖန်ကြကြောင်း၊ မယ်ဆိုင်ဘက်ကို ကြွလာတာက ရဟန်း/ကိုရင် အတုလား အစစ်လား ဆိုတာလည်း မသိနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောကြားထားတယ်လို့ သတင်းရရှိပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ စစ်ကောင်စီမှ လှိုင်းဘွဲ့မြို့ နယ်/ကျေးနယ် အုပ်ချုပ်ရေးမှုးများခေါ်ယူ၍ စစ်မှုထမ်းကောက်ခံရန် အတင်းအဓမ္မ တောင်းဆို
စစ်ကောင်စီတပ်များသည် လှိုင်းဘွဲ့ဗျူဟာရုံးတွင် လှိုင်းဘွဲ့မြို့ပေါ်ရပ်ကွက် က,ဃ အုပ်ချုပ်ရေးမှူးများ နှင့် (ထော်ရွှဲ၊ အင်းနို့သိပ္ပံ၊ ကမော့လဲ၊ တခွက်ဖိုး၊ နိုးကော၊ ကွမ်မောင်၊ မြလေး၊ သာယာကုန်း၊ ဂျို့ချောင်း၊ ဥဒေါင်း၊ တဝန်ဖန်ရ၊ ကျုံပကို နှင့် တခင်းလုံ) ကျေးနယ်အုပ်ချုပ်ရေးမှူးများအား ခေါ်ယူ၍ လုံခြုံရေး အစည်းအဝေး နှင့် မြို့နယ်ထွေအုပ်ရုံးတွင် စစ်မှုထမ်းခြင်း အကြောင်းအရာဆိုင်ရာ အစည်းအဝေး များပြုလုပ်ခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုမှ သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါအစည်းအဝေးတွင် စစ်မှုထမ်းများ ကောက်ခံရန် ဆွေးနွေးခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် နောက်ဆုံးထား၍ အပါတ်စဉ် (၈) အတွက် စစ်မှုထမ်းတပ်သားအသစ်များကို ဗျူဟာရုံးသို့ အရောက်လာပို့ပေးရန် ဗျူဟာမှူး ဗိုလ်မှူးကြီးစိုးမင်းအောင် မှ ကျေးနယ်အုပ်ချုပ်ရေးမှူးများအား အမိန့်ပေး ညွှန်ကြားခဲ့ကြောင်း သိရသည်။ ကျေးနယ်တစ်ခုတွင် လူတစ်ဦးစီပေးရမည်ဖြစ်ပြီး လူမပေးနိုင်ပါက လူတစ်ယောက်အစား (ကျပ်ငွေသိန်းသုံးဆယ်) ပေးရမည်။ အထက်ပါအတိုင်း လိုက်နာဆောင်ရွက်ခြင်းမပြုပါက မြို့အဝင်အထွက်ဂိတ်များမှ နေ၍ အဆင်ပြေသလို စစ်မှုထမ်းပေါ်တာဆွဲဖမ်းဆီးမည် ဟု ခြိမ်းခြောက်ခဲ့ကြောင်းသိရပါတယ်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့ နေ့လယ် ၃ နာရီ ဝန်းကျင်၌ စစ်မှုထမ်းအကြောင်းအရာဆိုင်ရာနောက်ဆက်တွဲ သီးသန့်အစည်းအဝေးခေါ်ယူ၍ အပါတ်စဉ် (၇) တွင် ပို့ဆောင်ခြင်းမရှိသေးသော ကျေးနယ်များအနေဖြင့် ယခု အပါတ်စဉ် (၈) တွင် တစ်အုပ်စုတွင် တစ်ယောက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် နောက်ဆုံးထား၍ မဖြစ်မနေပေးရမည်ဟု ထပ်မံပြောကြားခဲ့ကြောင်း သိရပါတယ်။
ထိုကဲ့သို့ အတင်းအဓမ္မ စစ်မှုထမ်းကောက်ခံနေမှုကြောင့် မြို့နယ်/ကျေးနယ်များအတွင်းနေထိုင်နေကြရသော ပြည်သူလူထုများအနေဖြင့် စိုးရိမ်ထိတ်လန့်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၂။ တောင်သာတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့ရာ အမျိုးသမီး ၁ ဦး သေဆုံးပြီး ပြည်သူ ၅ ဦး ဒဏ်ရာရ
မန္တလေးတိုင်း၊ မြင်းခြံ ခရိုင်၊ တောင်သာ မြို့နယ်၊ မိုးနှောင်းခင်း ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အမျိုးသမီး တဦး သေဆုံးခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ထုတ်ပြန် ထားပါတယ်။
ဒီဇင်ဘာလ ၁၀ ရက် ညနေ ၄ နာရီခွဲ အချိန်မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက် ခဲ့တာလို့ ဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုအတွင်း အသက် ၅၀ အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့ပြီး အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ပြည်သူပိုင် နေအိမ် ၁၂ လုံးလဲ ပျက်စီးဆုံးရှုံး ခဲ့ပြီး ဒဏ်ရာရခဲ့တဲ့ ပြည်သူ ၅ ဦးကို ပြည်သူ့ကာကွယ်ရေး ရဲဘော်များက ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက် စစ်တပ်က ပြည်သူကို ရန်သူသဖွယ် သဘောထားပြီး လေကြောင်းမှ တိုက်ခိုက်ဖြတ်ဆီး သတ်ဖြတ်
နေတာကြောင့် ပြည်သူများအနေနဲ့ လေကြောင်းအန္တရယ် သတိပြုကာ အိမ်တိုင်းမှာ ဗုံးခိုကျင်းများ တူးထားကြဖို့ ကိုလည်း တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၃။ လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ
ကရင့်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ ခရိုင်၊ လယ်ဒိုမြို့နယ် နှင့် ဆောထိ မြို့နယ်တို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာ ရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
လယ်ဒိုမြို့နယ်မှာ ဒီဇင်ဘာ ၆ ရက်နေ့က ပိန်းဇလုပ် အခြေစိုက် ခလရ (၂၆၄) တပ်ကနေ ဝါးပင်စုရွာကို ၁၂၀ မမ ၁ လုံး၊ လိန်ပင်ရွာကို ၁၂၀ မမ ၁ လုံး ပစ်ခတ်ခဲ့ကာ ဒီဇင်ဘာ ၇ ရက်နေ့မှာလည်း အင်းနက်ရွာကို ၁၂၀ မမ ၂ လုံးနဲ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ နတ်သံကွင်းတွင် နေရာယူထားတဲ့ စစ်ကောင်စီ တပ်က သောင်ပုရွာကို ၁၂၀ မမ ၁ လုံး၊ ရွေဝါတပ်ရင်း (ခမရ ၃၀၇) မှ ခြောက်တဲစုရွာကို ၁၂၀ မမ ၂ လုံး၊ ဒီဇင်ဘာ ၉ ရက်နေ့မှာ ကုန်းချောင်းဝရွာကို ၁၂၀ မမ ၂ လုံး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
၎င်းလက်နက်ကြီး ပစ်ခတ်မှုများကြောင့် သောင်ပုကျေးရွာမှ အသက် ၃၅ နှစ်အရွယ် စောကျော်သူထွန်း၊ အသက် ၄၁ နှစ်ရွယ် စောဆဲဂေးနဲ့ အသက် ၁ နှစ်အရွယ် နော်သွန်းရနာထွန်း တို့သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ထို့အပြင် ဆောထိမြို့နယ်မှာလည်း တော်ဝိရွာမှာ နေရာယူထားတဲ့ စစ်ကောင်စီရဲ့ ခမရ ၂၀ တပ်ရင်းက ဂွေးကုန်း ရွာထဲကို ၁၂၀ မမ ၄ လုံး ပစ်ခတ်ခဲ့ ပါသေးတယ်။
========================
🚩🚩 ၄။ သပြေသာ ရွာကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ပြီး မီးရှို့ခံထားရတဲ့ အမည်မသိ Dead body ၄ ခု တွေ့ရှိ
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သပြေသာရွာကို ရွှေဘို မြို့ပေါ်က စစ်ကောင်စီ စစ်ကြောင်းနဲ့ ရွေဘို အနောက်ဘက် ကျေးရွာများက ပျူစောထီးများ ပူးပေါင်းပြီး မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ က သတင်းထုတ်ပြန် ထားပါတယ်။
ထိုသို့ မီးရှို့ခံခဲ့ရတာကြောင့် သပြေသာ ကျေးရွာမှ အိမ်ခြေ ၂၀၀ နီးပါး မီးလောင်ပျက်စီး ခဲ့ရသလို မီးရှို့ခံထားရတဲ့ အမည်မသိ Dead Body ၄ ခုကိုလဲ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါ ရုပ်အလောင်းများကို စစ်ကောင်စီဘက်က ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေလို့ ထုတ်ပြန်ထားပေမယ့် ကာကွယ်ရေး တပ်ဖွဲ့ဝင်များ မဟုတ်သလို ဒေသခံ ပြည်သူများ ထဲမှာလည်း ပျောက်ဆုံးနေတာ မရှိတာကြောင့် မည်သူမည်ဝါ ဖြစ်ကြောင်းကို အတည်မပြု နိုင်သေးဘူးလို့ ဆိုပါတယ်။
ဒီဇင်ဘာ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ စစ်ကြောင်းထိုးနေတဲ့ အဆိုပါ စစ်ကောင်စီ ပူးပေါင်းစစ်ကြောင်းဟာ ရွှေဘို ပကဖ တိုက်ခိုက်ရေးအဖွဲ့ (PDO) နဲ့ နယ်မြေခံ ပကဖ များ ခင်းထားတဲ့ မိုင်းကွင်းများကြောင့် ပျူစောထီး တဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါဏ်ရာရ ပျူများထဲမှာ ပန်းရံ ပျူခေါင်းဆောင် အောင်ကျော် လဲ ပါဝင်နေတယ်လို့ သိရပြီး ပြည်သူ့ကာကွယ်ရေး တပ်ဘက်မှလဲ ရဲဘော် ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၅။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁၁၆) ဦးနှင့် အမျိုးသား (၁၂၁) ဦး စုစုပေါင်း (၂၃၇) ဦး သေဆုံးခဲ့ပြီးအသက် ၁၈ နှစ်အောက် ကလေးငယ် (၄၇) ဦး ပါဝင်
နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁၁၆) ဦးနှင့် အမျိုးသား (၁၂၁) ဦး စုစုပေါင်း (၂၃၇) ဦး သေဆုံးခဲ့ပြီးအသက် ၁၈ နှစ်အောက် ကလေးငယ် (၄၇) ဦး ပါဝင်တယ်လို့သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁၁၆) ဦးနှင့် အမျိုးသား (၁၂၁) ဦး စုစုပေါင်း (၂၃၇) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၄၇) ဦး ပါဝင်တယ်လို့ဖော်ပြပါတယ်။
အဆိုပါ (၂၃၇) ဦးအနက် ရခိုင်ပြည်နယ်မှာ (၈၈) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး ရှမ်းပြည်နယ်မှာ (၄၃) ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသ ဖြစ်ပါတယ်။
ထို့ပြင် အဆိုပါကာလအတွင်း နိုင်ငံတဝန်း စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၅၃) ဦးနှင့် အမျိုးသား (၅၁) ဦး စုစုပေါင်း (၁၀၄) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ၎င်းအရေအတွက်တွင် အသက် ၁၈ နှစ်အောက် သေဆုံးသူ (၁၉) ဦး ပါဝင်ကာ အဆိုပါ (၁၀၄) ဦးအနက် သေဆုံးမှု အများဆုံးဒေသမှာ (၃၂) ဦးဖြင့် စစ်ကိုင်းတိုင်းမှဖြစ်ပြီး ရခိုင်ပြည်နယ်မှာ (၂၀) ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသ ဖြစ်တယ်လို့သိရပါတယ်။
========================
🚩🚩 ၆။ မုံရွာ-မန္တလေး ကာလမ်းပေါ်မှာ စစ်ကောင်စီ သံချပ်ကာ ကား ၄ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၇ ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကနေ မန္တလေးမြို့ ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီ သံချပ်ကာကား ၄ စီးကို မိုင်းဆွဲခဲ့ပြီး စစ်ကောင်စီ တပ်သား ၇ ဦး သေဆုံးခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ (မုံရွာ ခရိုင် အမှတ် - ၁၂ တပ်ရင်း၊ တပ်ခွဲ - ၃) က သတင်းထုတ်ပြန် ထားပါတယ်။
ဒီဇင်ဘာလ ၁၁ ရက် မနက် ၁၀ နာရီခန့်မှာ မုံရွာ-မန္တလေး ကာလမ်းအတိုင်း ထွက်လာတဲ့ စစ်ကောင်စီ ယာဉ်တန်း ကို ချောင်းဦးမြို့ အရှေ့ဘက် ချောင်းဦး - မြင်းမူ လမ်းပိုင်း တနေရာမှာ မိုင်းဆွဲတိုက်ခိုက် ခဲ့တာလို့ ဆိုပါတယ်။
ရှေ့ထွက်မိုင်း ၆ လုံး၊ ပဒေသာမိုင်း ၉ လုံးတွဲ စုစုပေါင်း ၁၅ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၇ ဦး နေရာမှာပဲ သေဆုံးခဲ့ရပြီး တဦး အပြင်းအထန် ဒဏ်ရာရခဲ့ကာ သံချပ်ကာကား နှစ်စီးလည်း ပျက်စီးသွားခဲ့ တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ (မုံရွာခရိုင်၊ အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃) ၊ ရေနဂါး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၊ Seven Defence Force (ပြည်သူ့ တော်လှန်ရေးတပ်) ၊ Eleven People Defence Force အဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၇။ ချင်းတွင်း မြစ်ကြောင်းအတိုင်း ရိက္ခာပို့ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ဖြတ်တောက်တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အုန်းပင်ဆိပ်ကမ်းကနေ ကံကြီးကုန်း ပျူရွာနဲ့ အမြင့်ရဲစခန်းကို ရိက္ခာပို့ ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ဖြတ်တောက်တိုက်ခိုက် ခဲ့တယ်လို့ Nga Moe Yeik Column က သတင်း ထုတ်ပြန်ထား ပါတယ်။
ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက် ၉ နာရီ ၄၅ မိနစ်ခန့်မှာ အုန်းပင် ဆိပ်ကမ်းကနေ ချင်းတွင်း မြစ်ကြောင်းအတိုင်း ရိက္ခာပို့ ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ကြားဖြတ်တိုက်ခိုက် ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးပြီး ၆ ဦးထပ်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၈။ မွမ်းမံစစ်ပညာသင်တန်းဆင်း လောင်းလုံးမြို့နယ် (ပကဖ) ရဲဘော်များအား ဂုဏ်ပြုခြင်းနှင့် လောင်းလုံးမြို့နယ် (ပအဖ)မှ ကျည်ကာဦးထုပ်များ တပ်ဆင်ခြင်း အခမ်းအနား ပြုလုပ်
မွမ်းမံစစ်ပညာသင်တန်းဆင်း လောင်းလုံးမြို့နယ် (ပကဖ) ရဲဘော်များအား ဂုဏ်ပြုခြင်းနှင့် လောင်းလုံးမြို့နယ် (ပအဖ)မှ ကျည်ကာဦးထုပ်များ တပ်ဆင်ခြင်း အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
မွမ်းမံစစ်ပညာသင်တန်းဆင်း လောင်းလုံး (ပကဖ)ရဲဘော်များအား ဂုဏ်ပြုခြင်းအခမ်းအနားသို့ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ လောင်းလုံး (ပကဖ) တာ၀န်ရှိသူများနှင့် ရေးရာတာ၀န်ခံများ၊ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာ၀န်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းရဲဘော်များအား ကျည်ကာဦးထုပ်များ ပေးအပ်ဂုဏ်ပြုခဲ့ကြောင်း သိရပါတယ်။
========================
🚩🚩 ၉။ ရေးမြို့နယ်တောင်ပိုင်း ခမရ - ၂၉၉မှ ပသစတပ်သား လက်နက်နှင့်အတူ အလင်းဝင်
ရေးမြို့နယ်တောင်ပိုင်း ခမရ - ၂၉၉ မှ ကိုယ်ပိုင်အမှတ် - ပစ ၁၀၀၆၁၇ (တကက - ၆) ပသစ တပ်သား စောစိုးထက်အေးသည် ရေးမြို့မြောက်ပိုင်းတပ်ခွဲ (ရာမညပြောက်ကျားတပ်ခွဲ) RGF ထံသို့ လက်နက်နှင့်အတူ ဆက်သွယ်ပူးပေါင်း အလင်းဝင်ရောက်လာခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
အမ်အေ - 11 တစ်လက်၊ ကျည် ၁၂၀ အတောင့်၊ အီနာဂါ တစ်လုံး၊ လက်ပစ်ဗုံးတစ်လုံး၊ နင်းမိုင်းတစ်လုံး၊ ကျည်ကာအင်္ကျီ တစ်ထည်နှင့် အီကွေးမန့် အပါအဝင် တပ်ခွဲတာဝန်ရှိသူ ကိုရဲရင့်သွေးထံ အပ်နှံခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရာမညပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မည့် နည်းလမ်းများ (စကစ တပ်တွင်းဖရဲသီး)အား ဖြန့်ဝေထားခဲ့ဖြစ်ပြီး အိုင်စီစီ တရားရုံးမှ ဖမ်းဝရမ်းထုတ်ခံရတော့မည့် စစ်ကောင်စီအကြမ်းဖက် အုပ်စု၏ အဓမ္မစေခိုင်းမှုအား အသက်နှင့်ခန္ဓာ ပေးဆပ်နေခြင်းကို ရဲဝံ့စွာ ရုန်းထွက်နိုင်စေဖို့ တိုက်တွန်းရင်း အစဥ်တစိုက် ကမ်းလှမ်းနေတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment