၂၀၂၄ ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မြန်မာအရေးကို ဖြေရှင်းဖို့ ကြိုးပမ်းလုပ်ဆောင်မှုတွေဟာမြန်မာပြည်သူလူထုရဲ့ဆန္ဒ၊ အကျိုးစီးပွားနဲ့အညီပဲ ဖြစ်သင့်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြား
📌 ၂။ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင် အမျိုးသမီးနှင့် ကလေးများအပါအဝင် လူ (၃၀) ကျော် ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရတဲ့အမှုဟာ စစ်ရာဇဝတ်မှုမြောက်နိုင်ကြောင်း (၃) နှစ်ပြည့်နေ့မှာ IIMM ထုတ်ပြန်
📌 ၃။ ပြည်သူတွေအနေနဲ့ AIRBUS ကAVIC အပေါ် ဒီလို ဖိအားပေး အရေးယူမှုတွေ ပြုလုပ်လာအောင် AIRBUS ကို ဆက်လက်ဖိအားပေး တောင်းဆိုနေဖို့ လိုအပ်
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် ဥက္ကဌနှင့်ထိခိုက်ရဲဘော်များ တွေ့ဆုံပွဲအောင်မြင်စွာကျင်းပပြီးစီး
🚩 ၂။ ဘီယာဆိုင်မှ ပြန်လာသော ပျူစောထီးများ၏ကားကို စစ်ကိုင်း - မင်းကွန်းလမ်းတွင် ပစ်ခတ်တိုက်ခိုက်မှု ပျူစောထီးနှစ်ဦးသေဆုံး
🚩 ၃။ သူရိယစစ်ကြောင်းထံသို့ MFDMC မှ ထိုင်းဘတ်ငွေ နှစ်သိန်းလေးသောင်း ထောက်ပို့
🚩 ၄။ မန္တလေး၊ ကျောက်ဆည် ဆက်သွယ်ရေးတပ်မှ စစ်သားတစ်ဦး လက်နက်မဲ့ အလင်းဝင်ရောက်လာ
🚩 ၅။ မကြာခင်ကာလမှာ အမြန်လမ်းဒေသတခုလုံးကိုပါ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်စိုးမိုးမှု တိုးတက်လာတော့မယ်လို့ဆို
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ မြန်မာအရေးကို ဖြေရှင်းဖို့ ကြိုးပမ်းလုပ်ဆောင်မှုတွေဟာမြန်မာပြည်သူလူထုရဲ့ဆန္ဒ၊ အကျိုးစီးပွားနဲ့အညီပဲ ဖြစ်သင့်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြား
မြန်မာအရေးကို ဖြေရှင်းဖို့ ကြိုးပမ်းလုပ်ဆောင်မှုတွေဟာမြန်မာပြည်သူလူထုရဲ့ဆန္ဒ ၊အကျိုးစီးပွားနဲ့အညီပဲဖြစ်သင့်တယ်လို့ ဒီဇင်ဘာလ (၂၄) ရက်နေ့ "ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing)" အစီအစဉ်မှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။
"ထိုင်းနိုင်ငံမှာ ဒီဇင်ဘာ (၁၉) ရက်နေ့က တွေ့ဆုံဆွေးနွေးတာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ကိုယ်စားလှယ်ကိုပဲ ဖိတ်ကြားဆွေးနွေးတာ ပြဿနာကို မပြေလည်စေဘဲနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကိုပဲ ဆိုးရွားလာစေဖို့ အားပေးသလိုဖြစ်စေနိုင်တာကို စိုးရိမ်မိပါတယ်။ မြန်မာလက်လို့အမည်ပေးထားတဲ့ ဆွေးနွေးပွဲမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ပဲ စကားပြောခြင်းကိုပဲ ဆိုလိုသလားလို့ မေးခွန်းထုတ်စရာဖြစ်သွားစေခဲ့ပါတယ်။ မြန်မာ့အရေးကိုဖြေရှင်းဖို့ ကြိုးစားတဲ့အခါမှာ သက်ဆိုင်ရာ Stat hoder စတိတ်ဟိုဒါတွေ အကုန်လုံးနဲ့ ထိတွေ့ဖို့အရေးကြီးပါတယ်။ စတိတ်ဟိုဒါတွေနဲ့ ယုံကြည်မှုပျက်ပြားစေမယ့်လုပ်ရပ်တွေကို သတိထားရှောင်ကြဥ်စေချင်ပါတယ်။ ဒီကြိုးပမ်းလုပ်ဆောင်မှုတွေဟာ မြန်မာပြည်သူလူထုရဲ့ဆန္ဒ ၊အကျိုးစီးပွားနဲ့အညီ ဖြစ်သင့်ပါတယ်" လို့ ပြောပါတယ်။
ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ဒီဇင်ဘာ (၁၉) ရက်နဲ့ (၂၀) ရက်မှာ မြန်မာအရေးအလွတ်သဘောဆွေးနွေးပွဲကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခဲ့ပြီး စစ်ကောင်စီရဲ့ကိုယ်စားလှယ်ကို ဖိတ်ကြားခဲ့ပါတယ်။
========================
📌📌 ၂။ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင် အမျိုးသမီးနှင့် ကလေးများအပါအဝင် လူ (၃၀) ကျော် ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရတဲ့အမှုဟာ စစ်ရာဇဝတ်မှုမြောက်နိုင်ကြောင်း (၃) နှစ်ပြည့်နေ့မှာ IIMM ထုတ်ပြန်
ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင် အမျိုးသမီးနှင့် ကလေးများအပါအဝင် လူ (၃၀) ကျော် ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရတဲ့အမှုဟာ စစ်ရာဇဝတ်မှုမြောက်နိုင်ကြောင်း ဒီဇင်ဘာ (၂၄) ရက်နေ့မှာကျရောက်တဲ့ (၃) နှစ်ပြည့်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား IIMM က ထုတ်ပြန်လိုက်ပါတယ်။
"လွန်ခဲ့သော (၃) နှစ် ခရစ်စမတ်အကြိုနေ့တွင် ကယား (ကရင်နီ) ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင် အမျိုးသမီးနှင့် ကလေးများအပါအဝင် လူ (၃၀) ကျော် ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရပြီး ၎င်းတို့၏ ရုပ်အလောင်းများ မီးရှို့ခံခဲ့ရပါတယ်။ လူများစွာသည်လည်း ယင်းနေရာမှ ရွှေ့ပြောင်းခဲ့ကြရတယ်" လို့ ဖော်ပြပါတယ်။
အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ၎င်းတို့ နေရပ်မှ ရွှေ့ပြောင်းရသည့် အခြေအနေဖြစ်စေခြင်းသည် နိုင်ငံတကာဥပဒေချိုးဖောက်မှုဖြစ်ပြီး စစ်ရာဇဝတ်မှု သို့မဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု မြောက်နိုင်တယ်လို့ဆိုပါတယ်။
IIMMယန္တရားသည် ဤဖြစ်ရပ်အပါအဝင် အရပ်သားများအား ထိခိုက်သည့် အခြားသော ဖြစ်ရပ်များနှင့် ဆက်စပ်သည့် အချက်အလက်များကို စုဆောင်းနေတယ်လို့ဆိုပါတယ်။
========================
📌📌 ၃။ ပြည်သူတွေအနေနဲ့ AIRBUS ကAVIC အပေါ် ဒီလို ဖိအားပေး အရေးယူမှုတွေ ပြုလုပ်လာအောင် AIRBUS ကို ဆက်လက်ဖိအားပေး တောင်းဆိုနေဖို့ လိုအပ်
ပြည်သူတွေအနေနဲ့ AIRBUS ကAVIC အပေါ် ဒီလို ဖိအားပေး အရေးယူမှုတွေ ပြုလုပ်လာအောင် AIRBUS ကို ဆက်လက်ဖိအားပေး တောင်းဆိုနေဖို့ လိုအပ်တယ်လို့ BloodMoneyCampaignMM က ဒီဇင်ဘာ (၂၄) ရက်က အသိပေးဆိုပါတယ်။
ဒီဇင်ဘာ (၁၅) ရက်နေ့က ပြုလုပ်တဲ့ စစ်အုပ်စုရဲ့ လေတပ် (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့မှာ FTC - 2000 G တိုက်လေယာဉ် (၃) စီး၊ K - 8W လေယာဉ် (၁) စီး၊ Y - 8 ထောက်ပို့လေယာဉ် (၁) စီး နဲ့ Mi - 17 ထောက်ပို့ရဟတ်ယာဉ် (၃) စီး စုစုပေါင်း (၈) စီးကို ပြည်သူကို ဆက်လက်ဗုံးကြဲနိုင်ဖို့အတွက် တပ်တော်ဝင် (စတင်အလုပ်လုပ်) စေခဲ့ပါတယ်။ လေယာဉ် (၃) မျိုးဖြစ်တဲ့ FTC - 2000G, K - 8W နဲ့ Y - 8 လေယာဉ်တွေဟာ ဥရောပရဲ့ လေကြောင်းကုမ္ပဏီကြီး AIRBUS ရဲ့ စီးပွါးမိတ်ဖက် တရုတ်နိုင်ငံပိုင် AVIC နဲ့ AVIC ကုမ္ပဏီခွဲတွေကနေ ထုတ်လုပ်တင်ပို့တာပါ။ ဒါကြောင့် AIRBUS အနေနဲ့ ၎င်းတို့ရဲ့ လူ့အခွင့်အရေး လေးစားလိုက်နာမည့်မူဝါဒများကို လက်တွေ့ အကောင်အထည်ဖော်ပြီး AVIC အနေနဲ့ စစ်အုပ်စုရဲ့ အစုလိုက်အပြုံလိုက် သေဆုံးစေမှုတွေအတွက် စစ်အုပ်စုကို တင်ပို့ရောင်းချနေတာတွေ ရပ်တန့်ဖို့ ဒါမှမဟုတ် AIRBUS ဟာ AVIC နဲ့ လမ်းခွဲဖို့ ဖိအားပေးလုပ်ဆောင်ရမှာ ဖြစ်ပါတယ်လို့ ဖော်ပြပါတယ်။
၂ဝ၂၁ ခုနှစ် မတရားသဖြင့် မအောင်မြင်တဲ့ အာဏာသိမ်းမှု ပြုလုပ်ပြီးနောက် လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် လေကြောင်းတိုက်ခိုက်ခံရမှု (၇ဝဝဝ)ထောင်ကျော် ရှိပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို RADIO NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် ဥက္ကဌနှင့်ထိခိုက်ရဲဘော်များ တွေ့ဆုံပွဲအောင်မြင်စွာကျင်းပပြီးစီး
ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် ဥက္ကဌနှင့် ထိခိုက်ရဲဘော်များ တွေ့ဆုံခဲ့တယ်လို့ သတင်းရရှိပါတယ်။
ထိုတွေ့ဆုံခြင်းအခမ်းအနားကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် အမှတ် (၁) ဗျူဟာမှ ဦးစီးကာ ဒီဇင်ဘာ၁၉ရက်ကကျင်းပခဲ့ပါတယ်။
အခမ်းအနားတွင် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ဥက္ကဌ ခွန်းဘီထူး၊ဗဟိုကော်မတီအဖွဲ့ဝင်များ၊အမှတ် (၁) ဗျူဟာနှင့် အမှတ် (၈) ဗျူဟာရှိ တပ်ဗိုလ်၊တပ်မှူးများနှင့် ထိခိုက်ရဲဘော်များ တက်ရောက် တွေ့ဆုံခဲ့ကြပြီးနောက် တာဝန်ရှိသူများမှ ထိခိုက်ရဲဘော်များကို စိတ်ဓာတ်မြှင့်တင်စေရန် အားပေးစကားပြောကြားခဲ့တယ်လို့သိရပါတယ်။
အခမ်းအနားကို နေ့လည် ၁:၀၀ နာရီတွင် စတင်ခဲ့ပြီး ညနေ (၄:၃၀) ခန့်တွင် အခမ်းအနားအား အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါတယ်။
========================
🚩🚩 ၂။ ဘီယာဆိုင်မှ ပြန်လာသော ပျူစောထီးများ၏ကားကို စစ်ကိုင်း - မင်းကွန်းလမ်းတွင် ပစ်ခတ်တိုက်ခိုက်မှု ပျူစောထီးနှစ်ဦးသေဆုံး
ဘီယာဆိုင်မှ ပြန်လာသော ပျူစောထီးများ၏ကားကို စစ်ကိုင်း - မင်းကွန်းလမ်းတွင် ပစ်ခတ်တိုက်ခိုက်မှု ပျူစောထီးနှစ်ဦးသေဆုံးခဲ့တယ်လို့သတင်းရရှိပါတယ်။
Road to Mandalay(RTM) ၏ ပထမဆုံး mission အနေဖြင့် ဘီယာဆိုင်မှ ပြန်လာသော ပျူစောထီးများ၏ကားကို စစ်ကိုင်း -မင်းကွန်းလမ်းတွင် ပစ်ခတ်တိုက်ခိုက်မှု ပျူစောထီး နှစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆင်ရေးကို ဒီဇင်ဘာ (၂၀) ရက် ညနေ (၆) နာရီခန့်တွင်လုပ်ဆောင်ခဲ့ပြီး ပျူတဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အရှိန်နဲ့ မောင်းလာသောကားကို တစီးလုံးစုတ်ပြတ်နေပြီး ဘီးတွေပေါက်အောင် ချေမှုန်း နိုင်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် ကားရပ်တန့်မှု မရှိ၍ လက်နက်ရယူနိုင်ခဲ့ခြင်းမရှိဘူးလို့ဆိုပါတယ်။
ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ယူနီကွန်းပျောက်ကြားတပ်က ဆိုပါတယ်။
========================
🚩🚩 ၃။ သူရိယစစ်ကြောင်းထံသို့ MFDMC မှ ထိုင်းဘတ်ငွေ နှစ်သိန်းလေးသောင်း ထောက်ပို့
သူရိယစစ်ကြောင်းထံသို့ ထိုင်းဘတ်ငွေနှစ်သိန်းလေးသောင်းကို ထောက်ပို့ခဲ့တယ်လို့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် - MFDMC က ဒီဇင်ဘာ (၂၄) ရက်မှာ အသိပေးဖော်ပြပါတယ်။
"သူရိယစစ်ကြောင်းထံသို့ ထိုင်းဘတ်ငွေနှစ်သိန်းလေးသောင်းစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် ထူထောင်ရေးအတွက် မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် - MFDMC ထောက်ပို့တပ်သားများ၏ ထောက်ပို့ငွေများထဲမှ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ(၂)၊ အမှတ် (၇၈၀၅) တပ်ရင်း၊ သူရိယစစ်ကြောင်းထံသို့ ထိုင်းဘတ်ငွေ နှစ်သိန်းလေးသောင်း တိတိကို ထောက်ပို့ခဲ့တယ်" လို့ ဆိုပါတယ်။
MFDMC ၏ မူဝါဒအတိုင်း ကာကွယ်ရေးဝန်ကြီးဌာနလမ်းညွှန်ချက်ဖြင့် မြေပြင်သို့ တိုက်ရိုက် မြန်ဆန်တိကျစွာ ပေးပို့ဆောင်ရွက်ခဲ့ပြီး ထိရောက်သော ထောက်ပံ့မှုများကို ဆက်လက်ဆောင်ရွက် ပို့ဆောင်နေလျက် ရှိပါတယ်။
========================
🚩🚩 ၄။ မန္တလေး၊ ကျောက်ဆည် ဆက်သွယ်ရေးတပ်မှ စစ်သားတစ်ဦး လက်နက်မဲ့ အလင်းဝင်ရောက်လာ
မန္တလေး၊ ကျောက်ဆည် ဆက်သွယ်ရေးတပ်မှ စစ်သားတစ်ဦး လက်နက်မဲ့ အလင်းဝင်ရောက်ခဲ့တယ်လို့ ဒီဇင်ဘာ (၂၄) ရက် ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က တရားဝင်အသိပေးဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ ပကဖများ သို့ ဆက်သွယ်ကာ (၂၀၂၄) ခုနှစ်၊ နိုဝင်ဘာလအတွင်း တပ်သားနှင့် ရဲ (၃၃) ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ပြီး အရာရှိအဆင့် ဗိုလ်မှူး (၁) ဦးအပါအဝင် တပ်သားနှင့်ရဲ (၃၃) ဦး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာကာ ပြည်သူ့ဘက်သို့ ရပ်တည် ကူးပြောင်းလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ မကြာခင်ကာလမှာ အမြန်လမ်းဒေသတခုလုံးကိုပါ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်စိုးမိုးမှု တိုးတက်လာတော့မယ်လို့ဆို
မကြာခင်ကာလမှာ အမြန်လမ်းဒေသတခုလုံးကိုပါ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်စိုးမိုးမှု တိုးတက်လာတော့မယ်လို့ စစ်ရေးသုံးသပ်ချက်များရေးသားတဲ့ PDFInsight က ဒီဇင်ဘာလအတွင်းမှာ ဖော်ပြပါတယ်။
"ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၃၁၇) နားက ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် အမှတ် (၄)၊ အမှတ် (၁၀) တပ်ရင်း၊ နဲ့ ရှာထူးဝေါ ဒရုန်းအဖွဲ့တို့ ပူးပေါင်းပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့၊ ညနေ (၃) နာရီ အချိန်မှာ တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှု ကြာချိန် (၁) နာရီ ကြာမြင့်ခဲ့ပြီး ရန်သူ့ စစ်ကူတွေ ရောက်လာတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကို ကြည့်ရင် အမြန်လမ်း ဒေသ ကိုပါ PDF နဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ ထိုးဖောက် တိုက်ခိုက်နိုင်လာတာ၊ တနိုင်ငံလုံးမှာ တလမ်းပဲ ရှိတဲ့ အမြန်လမ်း ဒေသ ကိုပါ စစ်အုပ်စု က ထိန်းချုပ်နိုင်ခြင်းမရှိတော့တာ တွေ့ရပါတယ်။ မကြာခင် ကာလမှာ အမြန်လမ်းဒေသတခုလုံးကိုပါ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်စိုးမိုးမှု တိုးတက်လာတော့မှာ ဖြစ်ပါတယ်"လို့ ဖော်ပြပါတယ်။
လက်ရှိ ကာလမှာ အမြန်လမ်းဒေသသာမကဘဲ နိုင်ငံတွင်းမှာရှိတဲ့ တခြားလမ်းပိုင်းတွေပေါ်မှာ စိုးမိုးထားမှု၊ တိုက်ခိုက်မှုတွေ တိုးပွားလာနေပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို RADIO NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment