26th Dec 2024 - Morning Daily News by Radio NUG

၂၀၂၄ ဒီဇင်ဘာလ ၂၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌၁။ NUG ပြည်ထောင်စုဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် အာရက္ခတပ်တော်တို့မှ ခရစ်စမတ် ဆုမွန်ကောင်းတောင်း

📌၂။ မင်းတပ်နှင့် ကန်ပက်လက်မြို့သိမ်းအောင်ပွဲများအတွက် ဂုဏ်ပြုဝမ်းမြောက်သဝဏ်လွှာ NUG ကာကွယ်ရေးဝန်ကြီးဌာန ပေးပို့

📌၃။ ဘုရားကျောင်းတွေ ခေါင်းလောင်းသံတွေ တိတ်၊ ဘုရားကျောင်းကို မသွားရဲဘဲ ပုန်းအောင်းနေရတဲ့ ခရစ်ယာန်ဘာသာဝင် လူငယ်၊ ကလေး၊ မိသားစုတွေရဲ့ အခြေအနေတွေကို စဥ်းစားမိတိုင်း စိတ်မကောင်းဖြစ်ရဟု လူ့အခွင့်အရေးဝန်ကြီး ဆို

📌၄။ အာရက္ခတပ်တော်ရဲ့ အောင်ပွဲဟာ ရက္ခိုင်ပြည်သူတို့ရဲ့ အောင်ပွဲဖြစ်သကဲ့သို့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထု တစ်ရပ်လုံးရဲ့ အောင်ပွဲလည်း ဖြစ်ကြောင်း မွန်၊ ပအိုဝ့် တော်လှန်ရေး အဖွဲ့တွေ သဝဏ်လွှာ ပေးပို့

📌၅။ (၁၃၅) မီတာဖရီးဂိတ် သာလွန်မင်း စစ်ရေယာဉ်ကို သန်လျင်တပ်နယ်ရှိ ရေတပ်သင်္ဘောကျင်းဌာနချုပ်မှာ မင်းအောင်လှိုင် ရေချ

📌၆။ ဟောင်စု ဆေးဝါးကြော်ငြာနှင့် ပတ်သက်ပြီး အဖွဲ့တစ်ဖွဲ့မှ အသိပေးစာထုတ်ပြန်ပြီးနောက် Cele ဖြူဖြူထွေး ပြန်လည်တောင်းပန်သော်လည်း ထိုက်တန်တဲ့ ပြစ်ဒဏ်ခံရမယ်လို့ ဆို၊ ခြိမ်း​​ခြောက်သည့် Black Hero UG PDF ​မြေပြင်တွင် မရှိ


၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ တောင်သာမှာ စစ်ကောင်စီလေတပ်၊ ကကထုတ် လေထီးတပ် စက်များဖြင့် ဗုံးကြဲတိုက်ခိုက်

🚩 ၂။ နွားထိုးကြီး မြိုင်သာရွာနှင့် ဒေါင့်ဘိုးရွာကို စစ်တပ်က လေကြောင်းဖြင့် ရက်ဆကိုက် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူ ဦး သေဆုံး

🚩 ၃။ မွန်ပြည် လွတ်မြောက်ရေး တပ်တော် (MLA) အပတ်စဉ် စစ်သင်တန်းဆင်းပွဲ ပြုလုပ်

🚩 ၄။ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့ရဲ့ ပြန်လည် နေထိုင်နိင်ကြောင်း ထုတ်ပြန်ချက် မထွက်မီအထိ မင်းတပ်မြို့ပေါ်ကို သွားလာနေထိုင်ခြင်း မပြုဖို့ အသိပေး

🚩 ၅။ စစ်တပ်ထုတ်ကုန် အရက်ဘီယာ ရောင်းချနေမှုကို စစ်ဆေးတွေ့ရှိသဖြင့် ဖျက်ဆီးအရေးယူ

🚩 ၆။ ထီးလင်း မြို့မစခန်းမှ ရဲတပ်သား တဦး လက်နက်နှင့်တကွ အလင်းဝင် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌၁။ NUG ပြည်ထောင်စုဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် အာရက္ခတပ်တော်တို့မှ ခရစ်စမတ် ဆုမွန်ကောင်းတောင်း


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ကာကွယ်ရေးဝန်ကြီးဌာန နှင့် အာရက္ခတပ်တော် AA တို့မှ ဒီဇင်ဘာလ (၂၅) ရက်နေ့မှာ ခရစ်စမတ်ဆုမွန်ကောင်းများ တောင်းပေးခဲ့ကြပါတယ်။

" ကြမ်းတမ်းခက်ခဲတဲ့ တော်လှန်ရေး အချိန်ကာလမှာ ခရစ္စမတ်ကပေးတဲ့ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းမေတ္တာများနှင့် အတူတကွ ရင်ဆိုင်ဖြတ်သန်းကြပါစို့" လို့ ဝန်ကြီးချုပ်မှ ဆုတောင်းမေတ္တာပို့သထားပါတယ်။

အလားတူ ကာကွယ်ရေးဝန်ကြီးဌာနမှလည်း " ပျော်ရွှင်နွေးထွေးပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြည်လင်သော ခရစ္စမတ်စ်အခါသမယ ဖြစ်ပါစေ" လို့ ဆုတောင်းပေးထားပါတယ်။

"ကမ္ဘာတစ်ဝန်းလုံး နှင့် မြန်မာနိုင်ငံအနှံ့အပြားမှ ခရစ်ယာန်ဘာသာဝင်များ၊ အာရက္ခဒေသ နှင့် ပလက်ဝဒေသအတွင်းရှိ ခရစ်ယာန်ဘာသာဝင်များအားလုံး ခရစ္စမတ်အခါသမယတွင် ငြိမ်းအေးသာယာမှုရရှိကြစေပြီး စစ်မှန်သော လွတ်မြောက်မှုများနှင့်အတူ လိုအင်ဆန္ဒများ တစ်လုံးတစ်ဝ ပြည့်စုံနိုင်ကြပါစေ" လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) မှ ဆုတောင်းမေတ္တာပို့သထားပါတယ်။


========================


📌📌၂။ မင်းတပ်နှင့် ကန်ပက်လက်မြို့သိမ်းအောင်ပွဲများအတွက် ဂုဏ်ပြုဝမ်းမြောက်သဝဏ်လွှာ NUG ကာကွယ်ရေးဝန်ကြီးဌာန ပေးပို့


ပြည်ထောင်စုတိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် မင်းတပ်နှင့် ကန်ပက်လက်နှစ်မြို့ကို နှစ်သစ်လက်ဆောင်အဖြစ် ရယူပေးခဲ့သော ချင်းညီနောင် နှင့် မဟာမိတ်တပ်ဖွဲ့များအား ချီးကျူးဂုဏ်ပြုပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး တိုက်ပွဲများအတွင်း အသက် နှင့် ခန္ဓာပေးဆပ်ခဲ့သည့် ချင်းသူရဲကောင်းများအတွက်လည်း လေးစားဂုဏ်ယူပါကြောင်း ရေးသားထားပါတယ်။

မင်းတပ်နှင့် ကန်ပက်လက်မြို့များ လွတ်မြောက်မှုမှသည် ချင်းပြည်တခုလုံး လွတ်မြောက်ရေး၊ ထိုမှ ပြည်ထောင်စုတခုလုံး လွတ်မြောက်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ချင်းတော်လှန်ရေးအဖွဲ့များအပါအဝင် တော်လှန်ရေးအဖွဲ့အစည်းအားလုံးနှင့် လက်တွဲကြိုးပမ်းသွားမည်ဖြစ်ကြောင်း အသိပေးရင်း မြို့သိမ်းအောင်ပွဲများအတွက် ဤဂုဏ်ပြုဝမ်းမြောက်သဝဏ်လွှာ ပါးအပ်ပါကြောင်း ဖော်ပြပါရှိပါတယ်။


========================


📌📌၃။ ဘုရားကျောင်းတွေ ခေါင်းလောင်းသံတွေ တိတ်၊ ဘုရားကျောင်းကို မသွားရဲဘဲ ပုန်းအောင်းနေရတဲ့ ခရစ်ယာန်ဘာသာဝင် လူငယ်၊ ကလေး၊ မိသားစုတွေရဲ့ အခြေအနေတွေကို စဥ်းစားမိတိုင်း စိတ်မကောင်းဖြစ်ရဟု လူ့အခွင့်အရေးဝန်ကြီး ဆို


မြန်မာပြည်တွင်းမှာရှိတဲ့ ခရစ်ယာန်ဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ ဘာသာရေး အဆောက်အဦးတွေအပေါ် အကြမ်းဖက်စစ်အုပ်စုရဲ့တိုက်ခိုက်မှုတွေ ဆက်လက်ရှိနေပြီး ပျော်ရွင်စရာကောင်းတဲ့ ခရစ္စမတ်ကာလအတွင်း ဘုရားကျောင်းတွေမှာ ခေါင်းလောင်းသံတွေ တိတ်၊ ဘုရားကျောင်းကို မသွားရဲဘဲ ပုန်းအောင်းနေရတဲ့ ခရစ်ယာန်ဘာသာဝင် လူငယ်တွေနဲ့ ကလေးတွေရဲ့ဘဝ၊ ဘယ်အချိန်မှာ ပဗုံးကြဲတိုက်ခိုက်ခံရမလဲဆိုပြီး စိုးရိမ်နေရတဲ့ ခရစ်ယာန်ရွာတွေက မိသားစုတွေရဲ့ အခြေအနေတွေကို စဥ်းစားမိတိုင်း စိတ်မကောင်းဖြစ်ရပါတယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ရေးသားထားပါတယ်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ရရှိထားတဲ့ ကိန်းဂဏန်းတွေအရဆိုရင် ၂၀၂၃ တနှစ်တာအတွင်းမှာ ခရစ်ယာန် ဘာသာရေးအဆောက်အဦးပေါင်း (၆၇) ခု ဖျက်စီးခံခဲ့ရပြီးတော့ ၂၀၂၄ နိုဝင်ဘာလကုန်အထိ ခရစ်ယာန် ဘာသာရေးအဆောက်အဦးပေါင်း (၈၀)ဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ မီးရှို့ဖျက်စီးမှု၊ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် ဖျက်စီးခံခဲ့ရတယ်လို့ အထောက်အထားတွေ ရရှိထားတယ်လို့ ဖော်ပြထားပါတယ်။

ဘာသာတိုင်း ဘာသာတိုင်း ငြိမ်းချမ်းစွာနဲ့ မိမိယုံကြည်တဲ့ဘာသာကို အနှောင့်အယှက်ကင်းကင်းနဲ့ ယုံကြည် ကိုးကွယ်ခွင့်တွေ ရရှိနိုင်ကြပါစေ၊ အနာဂတ်မှာ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ခရစ္စမတ်နေ့ပေါင်းများစွာကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဝန်ကြီးက ဆုတောင်းပေးထားပါတယ်။


========================


📌📌၄။ အာရက္ခတပ်တော်ရဲ့ အောင်ပွဲဟာ ရက္ခိုင်ပြည်သူတို့ရဲ့ အောင်ပွဲဖြစ်သကဲ့သို့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထု တစ်ရပ်လုံးရဲ့ အောင်ပွဲလည်း ဖြစ်ကြောင်း မွန်၊ ပအိုဝ့် တော်လှန်ရေး အဖွဲ့တွေ သဝဏ်လွှာ ပေးပို့


အာရက္ခတပ်တော် (AA) က အနောက်ပိုင်းတိုင်းစစ်ဌာချုပ် (နပခ) ကို သိမ်းပိုက်နိင်ခဲ့ပြီး ရက္ခိင်တပြည်လုံး လွတ်မြောက်နိုင်တော့မယ့် အောင်ပွဲအတွက် မွန်နဲ့ ပအိုဝ့် တော်လှန်ရေး အဖွဲ့ ဖွဲ့က ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ ခဲ့ပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်‌ရေး) NMSP-AD ပအိုဝ့်အမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) နဲ့ ပအိုဝ့်အမျိုးသား လွတ်မြောက်‌ရေး အဖွဲ့ချုပ် (PNLO) တို့က ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ သဝဏ်လွှာပေးပို့ခဲ့တာပါ။

ယခု အောင်ပွဲဟာ ရက္ခိုင်ပြည်သူတို့ရဲ့ အောင်ပွဲ ဖြစ်သကဲ့သို့ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူလူထု တစ်ရပ်လုံးရဲ့ အောင်ပွဲလည်း ဖြစ်တယ်လို့ ခံယူထားပြီး အားလုံး လွတ်မြောက်နိုင်ရေး အတွက် စုပေါင်း တိုက်ပွဲဝင် နေတယ်လို့သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) အပြီးသတ် သိမ်းပိုက်လိုက်ပြီးနောက် ရက္ခိုင်ပြည်ဟာ စစ်အာဏာရှင် လက်အောက်မှ ပထမဆုံး လွတ်မြောက်နိုင်မယ့် အလားလာကောင်းများ ရှိနေတာဖြစ်ပါတယ်။

ULA/AA အနေနဲ့ ရက္ခိုင်ပြည် လွတ်မြောက်ရေးတွင်သာ ရပ်တန့်မနေဘဲ တစ်နိုင်ငံလုံးရှိ ဗမာ အပါအဝင် ဘဝတူ အဖိနှိပ်ခံ တိုင်ရင်းသားလူမျိုး အသီးသီးရဲ့ လွတ်မြောက်ရေး တိုက်ပွဲများ၊ ပြည်သူလူထု တစ်ရပ် လုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေးအတွက် နိုင်ငံရေး အမြင်ကျယ်စွာ ပူးပေါင်း ဆောင်ရွက် နေတာကို လည်း အထူးဂုဏ်ယူမိတယ်လို့ ဖော်ပြထားပါတယ်။

တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူတရပ်လုံး လိုလားတဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ဘုံလုပ်ငန်းစဉ်များတွင် ညီနောင်မဟာမိတ် သုံးဖွဲ့ အပါအဝင် ဘဝတူ ညီနောင်တော်လှန်ရေး အင်အားစုများနှင့်အတူ ခိုင်ခိုင်မာမာ လက်တွဲတိုက်ပွဲဝင် သွားမယ်လို့လည်း အသိပေးထားပါတယ်။


========================


📌📌၅။ (၁၃၅) မီတာဖရီးဂိတ် သာလွန်မင်း စစ်ရေယာဉ်ကို သန်လျင်တပ်နယ်ရှိ ရေတပ်သင်္ဘောကျင်းဌာနချုပ်မှာ မင်းအောင်လှိုင် ရေချ


ဒီဇင်ဘာလ ၂၄ရက်နေ့မှာ ပြုလုပ်တဲ့ရေတပ် နှစ်ပတ်လည် အခမ်းအနားမှာ (၁၃၅) မီတာဖရီးဂိတ် သာလွန်မင်းစစ်ရေယာဉ်ကို သန်လျင်တပ်နယ်ရှိ ရေတပ်သင်္ဘောကျင်းဌာနချုပ်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရေချခြင်း ပြုလုပ်ခဲ့တယ်လို့ စစ်တပ်မီဒီယာတွေမှာ ဖော်ပြပါတယ်။

စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ်အတွင်း အကြီးမားဆုံး ရေတပ်ဌာနချုပ်တွေထဲက တစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ်၊ သံတွဲမြို့က မောင်ရွှေလေး ရေတပ်စခန်းကိုလည်း လက်လွှတ်ဆုံးရှုံးထားရတာ ဖြစ်ပါတယ်။

 ရခိုင်ကမ်းရိုးတန်းက မြို့နယ် အများအပြားကို လက်လွှတ်ထားရချိန် မှာ စစ်ကောင်စီ က ခုလိုရေတပ်စစ်ရေယာဉ် ရေချပွဲပြုလုပ်လာတာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘော ၁၇ စီးထက်မနည်းကို AA နဲ့ KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ဖျက်ဆီး ရှင်းလင်းထားပါတယ်။

မြန်မာနိုင်ငံရဲ့ ပင်လယ်ပြင်နယ်စပ်တစ်လျှောက်မှာလည်း စစ်ကောင်စီက နယ်မြေတွေ ဆက်တိုက် လက်လွှတ်ဆုံးရှုံးထားရပြီး အာရက္ခတပ်တော် AA က နယ်စပ်ပင်လယ်ပြင် ကမ်းရိုးတန်းတွေကို အများဆုံး ထိန်းချုပ်ထားပါတယ်။


========================


📌📌၆။ ဟောင်စု ဆေးဝါးကြော်ငြာနှင့် ပတ်သက်ပြီး အဖွဲ့တစ်ဖွဲ့မှ အသိပေးစာထုတ်ပြန်ပြီးနောက် Cele ဖြူဖြူထွေး ပြန်လည်တောင်းပန်သော်လည်း ထိုက်တန်တဲ့ ပြစ်ဒဏ်ခံရမယ်လို့ ဆို၊ ခြိမ်း​​ခြောက်သည့် Black Hero UG PDF ​မြေပြင်တွင် မရှိ


ဒီဇင်ဘာ ၂၅ Radio NUG 


ဟောင်စုအမည်ရှိ ဆေးဝါးကြော်ငြာအား Cele ဖြူဖြူထွေးက လူမှုကွန်ရက်စာမျက်နှာ Facebookနှင့် Youtube တို့တွင် ဒီဇင်ဘာ ၂၃ ရက်က တင်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အား နှိမ့်ချစော်ကားသည်ဟုဆိုကာ ဝေဖန်မှုများ မြင့်တက်လာခဲ့ပြီး Black Hero UG PDF အဖွဲ့ဆိုတဲ့အဖွဲ့က အသိပေးစာ ထုတ်ပြန်ပြီးနောက် ပြန်လည်ဖြုတ်ချခဲ့ပြီး ဖြူဖြူထွေးမှ ပြန်လည်တောင်းပန်ခဲ့ပါတယ်။


အဆိုပါကြော်ငြာတွင် မယ်တော်တစ်ဦးပုံစံ အဖြူရောင် ဝမ်းဆက်ကို ဝတ်စားဆင်ယင်ထားပြီး ရောဂါများ ကုသပေးသူတစ်ဦးအဖြစ် ဖြူဖြူထွေးကသရုပ်ဆောင်ထားကာ ချဲဂဏန်းအဖြစ် ၇၉ နံပတ်ပေးခြင်း၊ ခြံစည်းရိုး အစရှိသည့် ပြောကြားချက်များကို ကြည့်ရှုသူများက ဝေဖန်ခဲ့ပါတယ်။


ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းတွင် ဖြူဖြူထွေးနှင့် ကြော်ငြာဇာတ်ညွန်းရေးသားသူတို့က အဆိုပါ ကြော်ငြာမှာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ စော်ကားလိုခြင်း မရှိကြောင်း၊ ထိခိုက်နစ်နာမှုများရှိပါ က တောင်းပန်ပါကြောင်း ပြန်လည်ဖြေရှင်းခဲ့ပါတယ်။


သို့သော်လည်း အသိပေးစာ ထုတ်ခဲ့တဲ့ အဖွဲ့မှ ထိုက်တန်တဲ့ ပြစ်ဒဏ်ခံရမယ်လို့ ထပ်မံထုတ်ပြန်ခဲ့ပါတယ်။


ကြေညာချက်ထုတ်ပြန်သည့်အဖွဲ့နှင့်ပတ်သက်၍ ရန်ကုန်မြေပြင်မှတော်လှန်ရေးအင်အားစုများကို People's Spring မှ အတည်ပြုရာတွင် ယင်းအဖွဲ့အမည်ဖြင့် လှုပ်ရှားသည့် အဖွဲ့ မရှိကြောင်းတော်လှန်ရေးအဖွဲ့များက အတည်ပြုထားပါတယ်။


စောမောင်ခေတ်ကနေ သန်းရွှေခေတ်အတွင်း စစ်အစိုးရ သတင်းစာတွေရဲ့ အမေစုကို ပုတ်ခတ်တဲ့ ဆောင်းပါးတချို့မှာ အကျယ်ချုပ်ကျခံထားရတဲ့

အမေစုရဲ့ ခြံစည်းရိုးအတွင်းက လူထုတွေ့ဆုံမှုကို

ခြံစည်းရိုးမယ်တော် လို့ စစ်တပ်ကလောင်ရှင်တွေက ထည့်သွင်းရေးသား လှောင်ပြောင်ခဲ့ဖူးတယ်လို့ Freedom Fighter မှ ထောက်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။



========================

========================



🚩🚩 ၁။ တောင်သာမှာ စစ်ကောင်စီလေတပ်၊ ကကထုတ် လေထီးတပ် စက်များဖြင့် ဗုံးကြဲတိုက်ခိုက်


မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ စစ်ကောင်စီက လေတပ်နဲ့ (ကက)ထုတ် လေထီးတပ် စက်များ ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ လူထုလှုပ်ရှားမှု ကော်မတီ (တောင်သာ) ထံက သိရပါတယ်။

ဒီဇင်ဘာလ ၂၅ ရက် နေ့လည် ၁၂ နာရီက တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာ စာသင်ကြောင်းကို ဂျက်ဖိုက်တာ တစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နာရီခန့်မှာ လေထီး (အင်ဂျင်တပ်) စက်များဖြင့် ထပ်မံ ဗုံးသီးချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဂျက်ဖိုက်တာဖြင့် လေကြောင်း တိုက်ခိုက်ရာမှာ ပြည်သူတဦး ဒဏ်ရာရခဲ့ပြီး လေထီးစက်ဖြင့် ထပ်မံ ဗုံးချခဲ့ရာမှာ ပြည်သူ တဦး ထပ်မံ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

လာရောက်ဗုံးချခဲ့တဲ့ လေထီးစက်များဟာ မလှိုင်မြို့နယ်က နေရာတခုမှာ ပြန်လည်ဆင်းသက် သွားတယ်လို့ သိရ ပါတယ်။

စစ်ကောင်စီတပ်ဟာ လေယာဉ်ဆီ ပြတ်လတ်မှုကြောင့် ယခုလို လေထီးတပ်စက်များကို ပိုမိုအသုံးပြုလာနိုင်ပြီး ၎င်း လေထီးများ လာရာအရပ်မှ ပြည်သူ အချင်းချင်း အသိပေး၊ သတင်းပေး ကြဖို့ကိုလည်း တိုက်တွန်း နှိုးဆော်ထားပါတယ်။


========================


🚩🚩 ၂။ နွားထိုးကြီး မြိုင်သာရွာနှင့် ဒေါင့်ဘိုးရွာကို စစ်တပ်က လေကြောင်းဖြင့် ရက်ဆကိုက် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူ ဦး သေဆုံး


ဒီဇင်ဘာလ ၂၄ ရက်နှင့် ဒီဇင်ဘာ ၂၃ ရက်နေ့တွင်  နွားထိုးကြီးမြို့နယ်၊ မြိုင်သာရွာနှင့် ဒေါင့်ဘိုးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ရက်ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် ပကဖထံမှ သိရပါတယ်။

တိုက်ခိုက်မှု အတွင်း ဒေါင့်ဘိုးရွာမှ ပြည်သူ တစ်ဦး သေဆုံးခဲ့သည့် အပြင် မြိုင်သာကျေးရွာကိုလည်း ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်းတွင် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။


========================


🚩🚩 ၃။ မွန်ပြည် လွတ်မြောက်ရေး တပ်တော် (MLA) အပတ်စဉ် စစ်သင်တန်းဆင်းပွဲ ပြုလုပ်


မွန်ပြည်လွတ်မြောက်ရေး တပ်တော် (MLA) ရဲ့ အပတ်စဉ် အခြေခံ စစ်ပညာသင်တန်း ဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၂၅ ရက်နေ့ ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။

သင်တန်းဆင်းပွဲမှာ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) စစ်ဦးစီးရုံးချုပ် (GSO) ဗညားမင်းကန်စီ က "အို စစ်သည်တို့ ….. ငါတို့ မွန်လူမျိုးသည် ဧကရာဇ်မျိုး ဖြစ်သည်။ ယဉ်ကျေးမှု လည်းကောင်း၊ အုပ်ချုပ်မှုဆိုင်ရာ လည်းကောင်း ခေတ်အဆက်ဆက် အာဏာဖြင့် ပြည့်ပြည့်စုံစုံ ဦးစွာရပ်တည်လာခဲ့သည်။ မြတ်စွာဘုရားရဲ့ သာသနာတော် () ပါးလည်း ငါတို့သည်သာ ရှေးဦးစွာ တည်ထားသည်။

အိုမွန်အမျိုးတို့အိုမွန်စစ်သည်တို့ .. ဒီနေ့သည် ငါတို့နိုင်ငံ မရှိတော့ပါ။ သူများလက်အောက်မှာ ရောက်သွားပြီး ကျွန်အမျိုး ဖြစ်သွားပါပြီ။ ထို့ကြောင့် ကျွန်ဘဝမှ လွတ်မြောက်အောင် မွန်ရဟန်းတော်လည်းကောင်း၊ မွန်တိုင်းသူပြည်သားလည်းကောင်း၊ မွန်စစ်သည် တော်တွေ လည်းကောင်း အားလုံးမှာ တာဝန်ရှိပါသည်။ 

အကယ်၍ ငါတို့မွန်လူမျိုး ကျွန်ဘဝမှ မလွတ်မြောက်ရင် ဘယ်နေရာ ဒေသပဲ သွားသွား၊ သူဌေးပါ ဖြစ်ဖြစ်၊ သေပြီး နတ်ဖြစ်သွား တာတောင်မှ ငါတို့သည် ကျွန်အမျိုးသာ ဖြစ်သည်။ ထို့ကြောင့် ကျွန်ဘဝမှ လွတ်မြောက်အောင် စိတ်စွဲလမ်းခြင်းကိုလည်းကောင်း၊ ကိုယ့်ကိုယ်ကို ချစ်ခြင်းကို လည်းကောင်း၊ စည်းစိမ်ဥစ္စာကိုချစ်ခြင်းကို လည်းကောင်း၊ ကို့အသက်ကို ချစ်ခြင်းကိုလည်းကောင်း စသည့် သံယောဇဉ်တွေကို အကုန်လုံး စွန့်လွှတ်ရမည်။ လွတ်မြောက်ခြင်းရဲ့ အခွင့်အရေးမှလွဲ၍  ဘာကိစ္စမှ အရေးမကြီးပါ။

ထို့ကြောင့် အို စစ်သည်တို့ ကျိုက်ထီးရိုးဘုရား၊ ရွှေတိဂုံဘုရားတို့ကို သစ္စာပြုပြီး၍ ညီညီညာညာ မှန်မှန်ကန်ကန် ရိုးသားစွာဖြင့် အမျိုးရေးကို ထမ်းဆောင်ကြပါလို့ နှိုးဆော်စေ၍ နိဂုံးချုပ်အပ်ပါသည်" လို့ ပြောကြားခဲ့ပါတယ်။

ထို့အပြင် အခြေခံ စစ်သင်တန်းအား ပြီးဆုံးတဲ့အထိ တက်ရောက်ပညာ သင်ကြားခဲ့ကြတဲ့ ရဲဘော်၊ ရဲမေများရဲ့ တော်လှန်ယုံကြည်ချက် ခိုင်မာမှုနဲ့ ဇွဲ၊ လုံ့လကြီးမှုကို အထူးပင် ဂုဏ်ယူဝမ်းမြောက်မိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


🚩🚩 ၄။ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့ရဲ့ ပြန်လည် နေထိုင်နိင်ကြောင်း ထုတ်ပြန်ချက် မထွက်မီအထိ မင်းတပ်မြို့ပေါ်ကို သွားလာနေထိုင်ခြင်း မပြုဖို့ အသိပေး


ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့ရဲ့ ပြန်လည် နေထိုင်နိုင်ကြောင်း ထုတ်ပြန်ချက် မထွက်ပေါ်ခင်ထိ မြို့ပေါ်ကို သွားလာနေထိုင်ခြင်း မပြုကြရန် Mindat Township IDPs Camp Management Committee က အသိပေးထားပါတယ်။

ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ မင်းတပ်မြို့ထဲက စစ်ကောင်စီ တပ်အားလုံးကို ချင်းညီနောင် (CB) နဲ့ မဟာမိတ်တပ် များက အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့ပြီး နှစ်နီးပါး စစ်ရှောင်ခဲ့ရတဲ့ မိသားစုတွေ အိမ်ပြန်နိုင်မယ့် အခွင့်အရေး ဟာ လက်တကမ်း အကွာကို ရောက်ရှိလာပြီလို့ ဆိုပါတယ်။

သို့ပေမယ့် စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုများ၊ လက်နက်ကြီး ပစ်ခတ်မှုများ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများကြောင့် အိမ်ခြေ ၂၀၀ ခန့် မီးလောင်ပြာကျ ခဲ့ရပြီး တချို့ မိသားစုတွေ ပြန်စရာအိမ် မရှိတော့ဘူးလို့ သိရပါတယ်။

မြို့သိမ်းတိုက်ပွဲအတွင်း နေရာဒေသ တချို့က စစ်ဘေးရှောင်များကို ကော်မတီ အနေဖြင့် ငွေသား၊ အနွေးထည်၊ စောင်၊ ဖျာ နှင့် စားနပ်ရိက္ခါများကို ဖြန့်ဝေပေးနိုင် ခဲ့ပေမယ့် လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲတဲ့ တိုက်နယ် ၁၀၊ ၁၁၊ ၁၃ နဲ့ ၁၄ တို့ကို ရောက်ရှိနိုင်ဖို့ အကူအညီများ ဆက်လက် လိုအပ်နေတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၅။ စစ်တပ်ထုတ်ကုန် အရက်ဘီယာ ရောင်းချနေမှုကို စစ်ဆေးတွေ့ရှိသဖြင့် ဖျက်ဆီးအရေးယူ


ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အတွင်းက ဈေးဆိုင်များမှာ စစ်တပ် ထုတ်ကုန် အရက်နဲ့ ဘီယာများ ရောင်းချနေမှုကို စစ်ဆေးတွေ့ရှိသဖြင့် အရေးယူဖျက်ဆီး၊ သတိပေးခြင်းများ လုပ်ဆောင်ခဲ့တယ်လို့ မြေအောက် ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ အမှတ် () စစ်ဒေသခွဲ၊ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေး၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ မြေအောက် ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုက မြို့နယ်အတွင်းရှိ ဈေးဆိုင်များကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။

ထိုသို့ စစ်ဆေးရာမှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ထုတ်ကုန်ဖြစ်တဲ့ အရက်၊ ဘီယာများကို တွေ့ရတာကြောင့် အရေးယူ ဖျက်ဆီးခဲ့ကာ စစ်တပ်ထုတ်ကုန်များ အသုံးမပြုရေးအတွက် သတိပေးခြင်းများ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး ပြည်သူများကို ဖမ်းဆီးသတ်ဖြတ် အမျိုးမျိုးဒုက္ခပေးနေတဲ့ အကြမ်းဖက်စစ်တပ်ကို ဝင်ငွေရစေတဲ့ စစ်တပ်ထုတ် အရက်ဘီယာ ရောင်းချတဲ့ ဆိုင်များကို ဝင်ရောက်ဖမ်းဆီး ဖျက်ဆီးမှုများအား ထိထိရောက်ရောက် လုပ်ဆောင်သွားမှာ ဖြစ်တဲ့အတွက် ပြည်သူများအနေနဲ့ အသုံးမပြုကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၆။ ထီးလင်း မြို့မစခန်းမှ ရဲတပ်သား တဦး လက်နက်နှင့်တကွ အလင်းဝင် 


စစ်ကိုင်းတိုင်း၊ ထီးလင်းမြိုနယ်၊ မြို့မရဲစခန်းမှ ရဲတပ်သား တဦးဟာ လက်နက်နှင့်တကွ အလင်းဝင် လာတယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ရင်းများက ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ထီးလင်းမြို့မ ရဲစခန်းက ရဲတသားထန်းဖေဟာ ဗျူဟာ အမှတ် - ၈၁ (ယောဗျူဟာ) နှင့် အမှတ် () စစ်ဒေသ ဂန့်ဂေါခရိုင် အမှတ် ( / / ၁၀) တပ်ရင်းတို့ထံ ဆက်သွယ်ပြီး အလင်းဝင် လာတာလို့ ဆိုပါတယ်။

၎င်းအလင်းဝင် ရဲတပ်သားဟာ G-3 သေနတ် တလက်၊ ကျည်ဘောက် ခုနှင့် 7.62 ကျည် (၁၉၄) တောင့်တို့ကို တပါတည်း ယူဆောင်လာခဲ့ပြီး မိသားစုနှင့်အတူ အလင်းဝင်လာတာပါ။

လက်နက်နှင့်တကွ အလင်းဝင်လာခဲ့တဲ့ ၎င်းရဲတပ်သားကို ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ပြီး လွတ်မြောက် နယ်မြေ ကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

CDM ပြုလုပ်ရင် ကာကွယ်ရေးတပ်ဖွဲ့များက သတ်ဖြတ်တာ ခံရမယ်ဆိုပြီး စစ်ကောင်စီရဲ့ အယုံသွင်းတာခံရပြီး မှိုင်းမိနေတဲ့ စစ်ကောင်စီ တပ်သားများ အနေနဲ့ အချိန်မီ အမြန်ဆုံး CDM ပြုလုပ်ပါက ကြိုဆိုနေမှာ ဖြစ်တယ်လို့ အသိပေးဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment