၂၀၂၄ ဒီဇင်ဘာလ ၃၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ချင်းအမျိုးသားများရဲ့ ပေါင်းစည်းညီညွတ်ရေး လုပ်ငန်းစဥ်တွေမှာ ဝိုင်းဝန်းအားဖြည့်ကူညီဖို့ အမြဲအသင့်ရှိနေကြောင်း ယာယီသမ္မတသတင်းစကားပါး
📌 ၂။ International IDEA ၏ ထောက်ပံ့ကူညီမှုဖြင့် ဖက်ဒရယ်နိုင်ငံများ၏ ဖက်ဒရယ်စနစ်ကျင့်သုံးမှုဆိုင်ရာ ဆွေးနွေးပွဲများကျင်းပပြီးစီး
📌 ၃။ မြန်မာ့အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ကို ပြန်လည်ဖွဲ့စည်းရေး ကိုရီးယားလွှတ်တော်အမတ် အီဂန်းအီလ်နှင့် NUGကိုယ်စားလှယ်ရုံးတို့ ဆွေးနွေး
📌 ၄။ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) သဝဏ်လွှာပေးပို့
📌 ၅။ ဒီးမော့ဆိုမြို့နယ်မှာ (၂၇၆၄)နှစ် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို စုပေါင်းပြုလုပ်
📌 ၆။ နွေဦးဘဏ်မှ ကရင်နှစ်သစ်ကူးနေ့ ဂုဏ်ပြုကြိုဆို
📌 ၇။ မြန်မာ့အရေးကို အစဉ်တစိုက် နှိုးဆော်သူ၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးသူ အမေရိကန်၏ ၃၉ဦးမြောက် သမ္မတ ဂျင်မီကာတာ အသက် ၁၀၀ မှာ ကွယ်လွန်
📌 ၈။ မိတ္ထီလာမှာ သမီးရည်းစား အဆက်ဖြတ်တာ မကျေနပ်လို့ သားအမိနှစ်ဦး သတ်ဖြတ်ခံရ၊ ရပ်ကွက်က ဝိုင်းဖမ်းလို့ ကျူးလွန်သူ သုံးဦးကို ဖမ်းမိ
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ၂၀၂၅ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၌ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ တပ်မဟာအသစ် တစ်ခုဖွဲ့စည်း၍ စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင်သွားမည်
🚩 ၂။ ချင်းညီနောင်စစ်ဆင်ရေး တစ်နှစ်တာအတွင်း လက်နက်ကြီးငယ် ၁ ထောင်ခန့်၊ စစ်သုံ့ပန်း ၆၀၀ခန့် ရရှိဖမ်းမိခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၃၀ခန့် ကယ်ဆယ်နိုင်ခဲ့ကာ တပ်ဖွဲ့ဝင်ရဲဘော် ၂၅၀ ခန့် ကျဆုံး
🚩 ၃။ မယ်လယုတပ်စခန်းက စစ်ကောင်စီတပ်တွေ ဆုတ်ခွာ၊ လက်ကျန် လက်နက်ခဲယမ်းအများအပြားနဲ့ ကား၊ ဆိုင်ကယ်အချို့ ကရင်နီပြည်တပ်မတော်က သိမ်းဆည်း
🚩 ၄။ စစ်တပ်ထောက်ခံသူ အဆိုတော် ယုန်လေးရဲ့ မော်တော်ယာဉ် ဖောက်ခွဲတိုက်ခိုက်ခံရ
🚩 ၅။ မြဝတီ ခရိုင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့
🚩 ၆။ မြင်းခြံတွင် စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး
🚩 ၇။ ဒွဲ့လိုးမြို့နယ်တွင် ရဟန်း ၂ ပါး မိုင်းနင်းမိပြီး တစ်ပါး ပျံလွန်တော်မူ
🚩 ၈။ စစ်တပ်ရဲ့ မူပိုင်နာမည် ယူသုံးမိတဲ့ မုဆိုးမတို့ရွာ မုန့်ဟင်းခါးဆိုင်ကို စစ်ကောင်စီ ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ ဆို
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ချင်းအမျိုးသားများရဲ့ ပေါင်းစည်းညီညွတ်ရေး လုပ်ငန်းစဥ်တွေမှာ ဝိုင်းဝန်းအားဖြည့်ကူညီဖို့ အမြဲအသင့်ရှိနေကြောင်း ယာယီသမ္မတသတင်းစကားပါး
ဒီဇင်ဘာ၃၀ရက်
Radio NUG
ချင်းအမျိုးသားများရဲ့ ပေါင်းစည်းညီညွတ်ရေး လုပ်ငန်းစဥ်တွေမှာ ဝိုင်းဝန်းအားဖြည့်ကူညီဖို့ အမြဲအသင့်ရှိနေကြောင်း ဒီဇင်ဘာ ၃၀ရက် ကျင်းပတဲ့ ချင်းညီနောင် [Chin Brotherhood] ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနားမှာ ယာယီသမ္မတ ဒူဝါလရှီးလက ဆိုခဲ့ပါတယ်။
“ကျွန်တော်တို့ အစိုးရအနေနဲ့လည်း ချင်းအမျိုးသားများရဲ့ ပေါင်းစည်းညီညွတ်ရေး လုပ်ငန်းစဥ်တွေမှာ ဝိုင်းဝန်းအားဖြည့်ကူညီဖို့ အမြဲအသင့်ရှိနေကြောင်း ယနေ့ အခမ်းအနားကနေ သတင်းစကားပါးချင်ပါတယ်။ ကျွန်တော့်အနေဖြင့် ချင်းအမျိုးသားများ ပေါင်းစည်းညီညွတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကိုလည်း အသိအမှတ်ပြုလိုပါတယ်။ဒီကြိုးပမ်းဆောင်ရွက်မှုအတွက် အမြန်ဆုံး အောင်မြင်နိုင်ဖို့လည်း ကျွန်တော့်အနေဖြင့် ဆန္ဒပြုအပ်ပါတယ်"လို့ ယာယီသမ္မတက ဆိုပါတယ်။
ဒါ့အပြင် ချင်းညီနောင်တို့ဟာ ချင်းပြည်နယ်မှာ စစ်ရေးအရ ရွပ်ရွပ်ချွန်ချွန် တော်လှန်တဲ့ စစ်ရေးရလဒ်တွေကို အပီအပြင် ပြသနိုင်တာ ဖြစ်တာကြောင့် အံ့ဩဝမ်းသာမိတယ်လို့ ယာယီသမ္မတက ဆိုပါတယ်။
========================
📌📌 ၂။ International IDEA ၏ ထောက်ပံ့ကူညီမှုဖြင့် ဖက်ဒရယ်နိုင်ငံများ၏ ဖက်ဒရယ်စနစ်ကျင့်သုံးမှုဆိုင်ရာ ဆွေးနွေးပွဲများကျင်းပပြီးစီး
ဒီဇင်ဘာ၃၀ရက်
Radio NUG
International IDEA ၏ ထောက်ပံ့ကူညီမှုဖြင့် ဖက်ဒရယ်နိုင်ငံများ၏ ဖက်ဒရယ်စနစ်ကျင့်သုံးမှုဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပပြီးစီးခဲ့တယ်လို့ ဒီဇင်ဘာ၃၀ရက်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သတင်းထုတ်ပြန်ပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ဖက်ဒရယ်ရေးရာကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် NUCC ရေးရာကော်မတီတို့သည် International IDEA ၏ ထောက်ပံ့ကူညီမှုဖြင့် ဖက်ဒရယ်နိုင်ငံများ၏ ဖက်ဒရယ်စနစ်ကျင့်သုံးမှုဆိုင်ရာ ဆွေးနွေးပွဲများအား အပတ်စဥ် တနင်္ဂနွေနေ့တွင် ဗီဒီယိုကွန် ဖရင့်မှတဆင့် စီစဥ်ကျင်းပခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှ ဒီဇင်ဘာလအတွင်း အပတ်စဥ် ဆွေးနွေးပွဲ (၁၇) ကြိမ်အား ပြည်တွင်းကျွမ်းကျင်ပညာရှင် ဦးကျော်စွာက ဦးဆောင်ဆွေးနွေးခဲ့ကာ ယင်းဆွေးနွေးပွဲများတွင် ဖက်ဒရယ်နိုင်ငံများအနေဖြင့် ရေးဆွဲကျင့်သုံးလျက်ရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေများ၊ ပြည်ထောင်စုမြေပုံအသစ်ရေးဆွဲရေးအတွေ့အကြုံများ၊ အာဏာခွဲဝေမှုများ၊ ဥပဒေပြုရေးစနစ်၊ တရားစီရင်ရေးစနစ်၊ ဘဏ္ဍာရေးစနစ်များ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲခြင်းနှင့် ဖက်ဒရယ်နိုင်ငံအချို့မှ စံနမူနာယူရမည့် ဖက်ဒရယ်ပြောင်းလဲမှုဖြစ်စဥ်များနှင့် သင်ခန်းစာယူသင့်သည့် အကြောင်းအရာများကို တစ်နိုင်ငံချင်းစီအလိုက် အသေးစိတ်လေ့လာချက်များကို ဆွေးနွေးမျှဝေခဲ့ကြပါတယ်။
ဆွေးနွေးပွဲများသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက် လေ့လာဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၃။ မြန်မာ့အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ကို ပြန်လည်ဖွဲ့စည်းရေး ကိုရီးယားလွှတ်တော်အမတ် အီဂန်းအီလ်နှင့် NUGကိုယ်စားလှယ်ရုံးတို့ ဆွေးနွေး
ဒီဇင်ဘာ၃၀ရက်
Radio NUG
မြန်မာ့အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ကို ပြန်လည်ဖွဲ့စည်းရေး ကိုရီးယားနိုင်ငံ အမျိုးသားလွှတ်တော် အမျိုးသားမူဝါဒကော်မတီအဖွဲ့ဝင် အမတ် အီဂန်းအီလ် (Lee Kang-il) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးအဖွဲ့ဟာ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
NUGကိုယ်စားလှယ်ရုံးဘက်မှ တင်ပြရာတွင် ယခင်က ရှိခဲ့ဖူးသော မြန်မာ့အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ကို ပြန်လည်ဖွဲ့စည်းရေး၊ လွှတ်တော်တွင်း ကြားနာပွဲများ ကျင်းပရေး၊ NUG, CRPH တို့နှင့် ကိုရီးယားလွှတ်တော် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ယခုနှစ်အတွင်း ဆောင်ရွက်ရန် ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
ချောင်ဂျူး ဆန်ဒန်မြို့နယ်မှ ရွေးကောက်ခံအမတ် အီဂန်းအီလ်နှင့်အတူ အတွင်းရေးမှူး ဂွန်ထဲဟွန်တို့က မြန်မာ့တော်လှန်ရေး၏ လက်ရှိအခြေအနေနှင့် ကိုရီးယားရောက် မြန်မာနိုင်ငံသားများ၏ အခြေအနေကို အသေးစိတ် မေးမြန်းဆွေးနွေးရာ၊ NUGကိုယ်စားလှယ်ရုံးမှ ရုံးအဖွဲ့မှူး ဦးစိုးမိုးသူနှင့် စီမံရေးရာတာဝန်ခံ ဦးဝင်းပေါ်မောင်တို့က ပြန်လည် ဖြေကြားဆွေးနွေးခဲ့ကြပါတယ်။
လွှတ်တော်အမတ် အီက လူ့အခွင့်အရေး၊ ဒုက္ခသည်အရေးနှင့် အလုပ်သမားရေးတို့ကို စိတ်ဝင်စားသူဖြစ်၍ မြန်မာ့တော်လှန်ရေးအတွက် အဆိုပါကဏ္ဍတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့တယ်လို့သိရပါတယ်။
အဓိကအားဖြင့် ကိုရီးယားနေ တော်လှန်ပြည်သူများ၏ ဗီဇာဆိုင်ရာ အခက်အခဲများကို အလေးထား ဆောင်ရွက်ရန်နှင့် မတရားဖမ်းဆီးခံရသူများ၊ စစ်ဘေးကြောင့် အကြပ်အတည်းဖြစ်နေရသူများကို ကူညီနိုင်ရန် နည်းလမ်းရှာသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
========================
📌📌 ၄။ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) သဝဏ်လွှာပေးပို့
ဒီဇင်ဘာ ၃၀ ရက်၊
Radio NUG
ဒီဇင်ဘာလ ၃၀ ရက်နေ့ ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ် သလေးထိုင်ခုတ်ဖို၊ သလေးလားထော်၊ ပြာသိုလဆန်း (၁) ရက်နေ့မှာ ကျရောက်တဲ့ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) က ဝမ်းမြောက်ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခဲ့တယ်လို့ သိရပါတယ်။
လွတ်လပ်ရေး မတိုင်မီ (၁၉၈၃) ခုနှစ်ထဲက ကရင်ခေါင်းဆောင်များရဲ့ အမြော်အမြင်ကြီးမှုနဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် ကရင့် အမျိုးသား အမွေအနှစ်များ၊ တစ်မျိုးသားလုံးရဲ့ ကိုယ်ပိုင် ဝိသေသ လက္ခဏာများ ဖြစ်ကြတဲ့ ကရင်အမျိုးသား နှစ်သစ်ကူးနေ့၊ အမျိုးသားအလံတော်၊ အမျိုးသားသီချင်း၊ အမျိုးသားစာပေနှင့် စကားများ ရရှိခဲ့ကာ ယနေ့အထိ ထိန်းသိမ်းကျင့်သုံး ဆင်နွှဲလာနိုင်တဲ့အတွက် လေးစားဂုဏ်ယူတယ်လို့ ဆိုပါတယ်။
ထို့ပြင် သမိုင်းတလျောက် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး နှင့် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ကရင် အမျိုးသားများရဲ့ ရွတ်ရွတ်ချွံချွံ တော်လှန်တိုက်ပွဲ ဝင်ခဲ့တဲ့အပြင် တိုင်းရင်းသားအားလုံး တန်းတူမှု ရရှိရေး၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး လှုပ်ရှားမှုများမှာ အခြားသော တိုင်းရင်းသားများနှင့်အတူ ယနေ့တိုင် ခံယူချက် ပြင်းပြ၊ တက်ကြွစွာ ပါဝင်နေတာကိုလည်း တွေ့မြင်ရတယ်လို့ ဆိုပါတယ်။
တိုင်းရင်းသားများ ခေတ်အဆက်ဆက် ကြုံတွေ့ခံစားခဲ့ရတဲ့ နည်းမျိုးစုံဖြင့် ဖိနှိပ်မှုမှ ကင်းဝေးပြီး စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ် ဟူသမျှ ကင်းစင်တဲ့ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအား တည်ဆောက်နိုင်ရန် ကရင် အမျိုးသားများက တခြားသော တိုင်းရင်းသားများ နှင့်အတူ လက်တွဲညီစွာ ဆက်လက်ကြိုးပမ်း သွားနိုင်ပါစေကြောင်း KSCC ဆန္ဒပြု ထားပါတယ်။
========================
📌📌 ၅။ ဒီးမော့ဆိုမြို့နယ်မှာ (၂၇၆၄)နှစ် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို စုပေါင်းပြုလုပ်
ဒီဇင်ဘာ ၃၀
Radio NUG
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက ကျေးရွာတစ်ရွာမှာ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ကျရောက်တဲ့ (၂၇၆၄)နှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ဒေသခံကရင်လူမျိုး နဲ့ တခြားသော တိုင်းရင်းသားလူမျိုးစုတွေ စုပေါင်းပြီး ကျင်းပပြုလုပ်ခဲ့ကြတယ်လို့ ဒေသသတင်းများမှ သိရပါတယ်။
ကရင်နီပြည်မှာ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို စစ်ကောင်စီအာဏာသိမ်းပြီးကတည်းက လုံခြုံရေးအရ မပြုလုပ်ရတာ လေးနှစ်တိုင်ရှိခဲ့ပြီလို့ ကရင်နှစ်သစ်ကူး အခမ်းအနားဖြစ်မြောက်ရေး ကော်မတီ အထွေထွေ အတွင်းရေးမူး စအိုင်စူး က ဆိုပါတယ်။
ကရင်နှစ်သစ်ကူးပွဲတော်အခမ်းအနားကို ကရင်နီပြည်မှာရှိတဲ့ တိုင်းရင်းသားမျိုးနွယ်စုများ၊ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ (IEC)၊ ဘာသာရေး အဖွဲ့အစည်းများနဲ့ မွတ်စလင်လူငယ်များ အပါအ၀င် လူဦးရေ (၃၀၀)ဝန်းကျင် တက်ရောက်ခဲ့ကြပါတယ်လို့ သိရပါတယ်။
ကရင်အမျိုးသားအလံတော်လွှင့်ထူကာ အလေးပြုခြင်း၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များက ဂုဏ်ပြုစကားများပြောကြားခြင်း၊ ပေးပို့လာသော သ၀ဏ်လွှာများဖတ်ကြားခြင်း၊ ကြွရောက်လာကြတဲ့ ဧည့်သည်တော်များကို မေတ္တာလက်ဆောင်များပေးအပ်ခြင်းနဲ့ အားကစားပြိုင်ပွဲများ ကျင်းပခြင်းများ ပြုလုပ်ခဲ့ပြီး အလံတော်အားပြန်လည်ရုတ်သိမ်းကာ အခမ်းအနား အဆုံးသတ်ခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၆။ နွေဦးဘဏ်မှ ကရင်နှစ်သစ်ကူးနေ့ ဂုဏ်ပြုကြိုဆို
ဒီဇင်ဘာ ၃၀
Radio NUG
ဒီဇင်ဘာလ ၃၀ရက်နေ့မှာ ကျရောက်တဲ့ ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ် ကရင်နှစ်သစ်ကူးနေ့ မှာ ကရင်ပြည်သူလူထုအားလုံးအတွက် မင်္ဂလာအခါသမယ ချစ်စရာ နှစ်သစ်ကို ရောင်စုံရိုးရာ အစဉ်အလာများနှင့်အတူ တရင်းတနှီး ဂုဏ်ပြုကြိုဆိုပါကြောင်း Spring Development Bank နွေဦးဘဏ်မှာ ဖော်ပြထားပါတယ်။
ကရင်အမျိုးသားများနှင့် တိုင်းရင်းသားသွေးချင်းပြည်သူတို့ အားလုံး စည်းလုံးညီညွတ်ကာ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်ရေး ဆင်နွှဲနိုင်ဖို့ နွေဦးဘဏ်မှ တောင်းဆု ဆန္ဒပြုထားပါတယ်။
========================
📌📌 ၇။ မြန်မာ့အရေးကို အစဉ်တစိုက် နှိုးဆော်သူ၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးသူ အမေရိကန်၏ ၃၉ဦးမြောက် သမ္မတ ဂျင်မီကာတာ အသက် ၁၀၀ မှာ ကွယ်လွန်
ဒီဇင်ဘာ ၃၁၊ ၂၀၂၄
Radio NUG
ဒီဇင်ဘာ ၂၉ ရက်နေ့က အမေရိကန်၏ ၃၉ဦးမြောက် သမ္မတ ဂျင်မီကာတာဟာ အသက် ၁၀၀ မှာ ကွယ်လွန်ခဲ့ပါတယ်။
ဂျင်မီကာတာသည် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဖြစ်ပြီး ၂၀၀၂ခုနှစ်မှာ ဆုချီမြှင့်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။
Jimmy Carter ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများအား မြှင့်တင်ရန်အတွက် အားထုတ်ကြိုးပမ်းခဲ့သူတစ်ဦး ဖြစ်ပါတယ်။ နေအိမ်အကျယ်ချုပ်ကျနေခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဖိအားပေးမှုများ လုပ်ဆောင်ပေးခဲ့ပြီး မြန်မာနိုင်ငံအတွင်း သာမန်ပြည်သူများ၏ ဒီမိုကရေစီဆန္ဒကို ကမ္ဘာ့အသိုင်းအဝိုင်းအတွင်း သိကြားထင်ရှားအောင် ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။
ဂျင်မီကာတာဟာ တောင်အာဖရိကနိုင်ငံ၏ ဒီမိုကရေစီခေါင်းဆောင်နဲ့ နိုဘယ်ဆုရှင် နယ်ဆင်မန်ဒဲလားနဲ့အတူ The Elders အမည်ရ ဩဇာရှိလူကြီးများအသင်းကို ၂၀၀၇ မှာ ထူထောင်ပြီး ဒီမိုကရေစီရေး လူ့အခွင့်အရေးများအတွက် နှိုးဆော်တိုက်တွန်းသည့် အလုပ်များ လုပ်ဆောင်ခဲ့ပါတယ်။ အဆိုပါကာတာစင်တာကနေ မြန်မာပြည်နဲ့တကွ နိုင်ငံတကာက ရွေးကောက်ပွဲများ တရားမျှတရေး စောင့်ကြည့်လေ့လာအလုပ်များ ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၇၇ က ၁၉၈၁ အထိ အမေရိကန်သမ္မတအဖြစ် ထမ်းဆောင်ခဲ့သူ သမ္မတ ကာတာဟာ သမ္မတဟောင်းဘ၀မှာ ဩဇာပိုပြီး ကြီးသူ၊ နိုင်ငံတကာငြိမ်းချမ်းရေးကို အားပေးနှိုးဆော်သူအဖြစ် ထင်ရှားသူ ဖြစ်ခဲ့ပါတယ်။
မြန်မာ့အရေးကို အထူးအာရုံစိုက် အားပေးသူ အမေရိကန်သမ္မတဟောင်း ကွယ်လွန်ရခြင်းအတွက် အမေရိကန်ပြည်သူတွေနဲ့အတူ ဝမ်းနည်းမှတ်တမ်းပြုလိုက်ပါတယ်။
========================
📌📌 ၈။ မိတ္ထီလာမှာ သမီးရည်းစား အဆက်ဖြတ်တာ မကျေနပ်လို့ သားအမိနှစ်ဦး သတ်ဖြတ်ခံရ၊ ရပ်ကွက်က ဝိုင်းဖမ်းလို့ ကျူးလွန်သူ သုံးဦးကို ဖမ်းမိ
ဒီဇင်ဘာ ၃၀
Radio NUG
ဒီဇင်ဘာလ ၂၉ရက် ည ၇နာရီကျော်အချိန်တွင် မိတ္တီလာမြို့၊ ကျီတော်ကုန်းရပ်ကွက်၊ ဝမ်းတော်ပြည့်တိုးချဲ့ နယ်မြေ ၈ က နေအိမ်မှာ အိမ်ရှင်သားအမိ နှစ်ဦးတည်း ရှိနေချိန် လူငယ် သုံးဦးက ဝင်ရောက်ပြီး အိမ်ရှင် သားအမိနှစ်ဦး စလုံးကို ဓားနဲ့ထိုး သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
သမီးရည်းစား ကိစ္စကြောင့် ဖြစ်တယ်လို့ စစ်အုပ်စု ရဲမှတ်တမ်းမှာ ဖော်ပြထားပြီး ဒေါ်တင်မာဝင်း၊ ၅၃ နှစ်နဲ့ သမီးဖြစ်သူ မခိုင်ယဉ်ထွေး၊ ၁၉ နှစ်တို့ သတ်ဖြတ်ခံရကာ သတ်ဖြတ်သူတွေဟာ တောင်သာမြို့နယ်၊ သဘွတ်စုကျေးရွာအုပ်စုနေ ခန့်ဇော်ဟိန်း ၁၇ နှစ်၊ တပ်ကုန်းမြို့၊ ဆရာစံရပ်ကွက်၊ နယ်မြေ ၄ နေ စွမ်းပြည့်ပိုင် ၂၀ နှစ်နဲ့ တပ်ကုန်းမြို့ ဘုရင့်နောင်ရပ်ကွက်နေ ထက်မင်းခန့် ၂၂ နှစ်တို့ ဖြစ်တယ်လို့ စစ်အုပ်စု ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။
၎င်းတို့ သုံးဦးသည် စွမ်းပြည့်ပိုင်နှင့် လွန်ခဲ့သော နှစ်လခန့်က လူငယ်သဘာဝ ချစ်ကြိုက်ခဲ့ကြပြီး အဆက်အသွယ် ဖြတ်သွားခဲ့သည့် မခိုင်ယဥ်ထွေး အား မကျေနပ်သဖြင့် ၎င်း၏ နေအိမ်သို့ သွားရောက်ခဲ့ကြောင်း၊ မခိုင်ယဥ်ထွေး၏ နေအိမ်သို့ ရောက်ရှိစဥ် နေအိမ်တံခါး ဖွင့်ခိုင်းရာ ဒေါ်တင်မာဝင်း မှ တံခါးဖွင့်ပေးသဖြင့် နေအိမ်ဧည့်ခန်းအတွင်း စကားများ ရန်ဖြစ်ရာ ဒေါ်တင်မာဝင်း က ပတ်ဝန်းကျင်သို့ အော်ဟစ် အကူအညီ တောင်းခဲ့သောကြောင့် စွမ်းပြည့်ပိုင် က အသင့်ပါလာသော ဓါးဖြင့် မခိုင်ယဥ်ထွေး အား ထိုးသတ်ခဲ့ကြောင်း၊ ခန့်ဇော်ဟိန်းက ဒေါ်တင်မာဝင်းအား ထိုးသတ်ခဲ့ပြီး ထက်မင်းခန့်မှ ဝိုင်းဝန်းချုပ်နှောင် ပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏ ထွက်ဆိုချက် အရ သိရပါတယ်။
မိခင်ဖြစ်သူ ဒေါ်တင်မာဝင်းမှာ ယာလည်ပင်းပြတ်ရှဒဏ်ရာ၊ ဝမ်းဗိုက်အလယ် ထိုးသွင်းဒဏ်ရာ သုံးချက်၊ ရင်ညွန့် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဝဲ-လက်ခလယ် ပြတ်ရှဒဏ်ရာ၊ ဝဲ-နံစောင်းထိုးသွင်းဒဏ်ရာ တစ်ချက်၊ စုစုပေါင်း ဓားဒဏ်ရာ ခုနှစ်ချက်၊ သမီးဖြစ်သူ မခိုင်ယဉ်ထွေးမှာ ဝဲ-ရင်အုံ ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ ဝဲ-နံစောင်းထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဆီးခုံပေါ်ပြတ်ရှဒဏ်ရာ တစ်ချက်၊ နောက်ကျော ထိုးသွင်းဒဏ်ရာ သုံးချက်၊ ဝဲ/ယာခါးထိုးသွင်းဒဏ်ရာ နှစ်ချက်၊ ဝဲ-ပေါင်ရင်း ပြတ်ရှဒဏ်ရာ တစ်ချက်၊ စုစုပေါင်း ဓားဒဏ်ရာ ၁၀ ချက်နဲ့ နေအိမ်ဧည့်ခန်း ထဲမှာပဲ သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ၂၀၂၅ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၌ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ တပ်မဟာအသစ် တစ်ခုဖွဲ့စည်း၍ စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင်သွားမည်
ဒီဇင်ဘာ၃၀ရက်
Radio NUG
၂၀၂၅ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၌ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ တပ်မဟာအသစ် တစ်ခုဖွဲ့စည်း၍ စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ၃၀ရက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန် ဖော်ပြပါတယ်။
မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း အကြမ်းဖက် စစ်ကောင်စီအား အထိနာစေသည့် စစ်ဆင်ရေးကြီးများကို မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ စဉ်ဆက်မပြတ်ဖော်ဆောင်ခဲ့ပြီး ထိန်းချုပ်စိုးမိုးနယ်မြေ အမြောက်အမြားလည်း ရရှိခဲ့ပါတယ်။ မိမိတို့အနေဖြင့် လာမည့် ၂၀၂၅ ခုနှစ်တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၌ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ တပ်မဟာအသစ် တစ်ခုဖွဲ့စည်း၍ စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင်သွားမှာဖြစ်တယ်လို့ ဖော်ပြပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ စစ်ကိုင်း တပ်မဟာတွင် လာရောက်ပူးပေါင်းမည့် စစ်သည်တော်များနှင့် မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များကို ကြိုဆိုဖိတ်ခေါ်ကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့်လည်း စစ်ဆင်ရေးများကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားရန် အဆင်သင့်ရှိကြောင်းဆိုပါတယ်။
========================
🚩🚩 ၂။ ချင်းညီနောင်စစ်ဆင်ရေး တစ်နှစ်တာအတွင်း လက်နက်ကြီးငယ် ၁ ထောင်ခန့်၊ စစ်သုံ့ပန်း ၆၀၀ခန့် ရရှိဖမ်းမိခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၃၀ခန့် ကယ်ဆယ်နိုင်ခဲ့ကာ တပ်ဖွဲ့ဝင်ရဲဘော် ၂၅၀ ခန့် ကျဆုံး
ဒီဇင်ဘာ ၃၀
Radio NUG
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ကနေ စတင်ခဲ့တဲ့ ချင်းညီနောင်ရဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင် ရဲဘော် အယောက် ၁၀၀ ခန့် ကျဆုံးခဲ့ရတယ်လို့ ချင်းညီနောင်အဖွဲ့ စစ်ရေးဥက္ကဋ္ဌ ထန်ချွန်းဖေက ဒီဇင်ဘာလ ၃၀ ရက်နေ့၊ ချင်းညီနောင်အဖွဲ့ရဲ့ တစ်နှစ်ပြည့်ခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။
ချင်းညီနောင်အဖွဲ့ဝင် ရဲဘော်တွေဟာ တစ်နှစ်တာကာလအတွင်း မြို့သိမ်း၊ စခန်းသိမ်းတွေ အပါအဝင် တိုက်ပွဲပေါင်း ၁၀၀၀ ကျော်ကို ချင်းပြည်နယ်တင်မက မကွေး၊ စစ်ကိုင်းနဲ့ ယောနယ်တွေမှာပါ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြောင်း ထန်ချွန်းဖေက ပြောခဲ့ပါတယ်။
ချင်းညီနောင် စစ်ဆင်ရေး ၁ နှစ်အတွင်း တိုက်ပွဲတွေမှာ ကျင်ဒွေး၊ မတူပီ၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့တွေကို သိမ်းပိုက်ခဲ့ပြီး လေယာဉ်ပစ်စက်သေနတ် အပါအဝင် လက်နက်ကြီးငယ် ၁၀၀၀ ခန့် ရရှိခဲ့တယ်လို့ ဆိုပါတယ်။
မြို့သိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီလက်အောက်ခံ စစ်သုံ့ပန်း ၆၀၀ ခန့် ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီရဲ့ အဓမ္မဖမ်းဆီးချုပ်နှောင် ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀ ခန့်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။
တစ်ဖက်မှာတော့ အာဏာသိမ်းပြီးနောက်ပိုင်း ၄နှစ်တာ ကာလအတွင်း စစ်ဆင်ရေးတွေမှာ ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့တွေက ရဲဘော်တွေ ၂၅၀ ခန့် ကျဆုံးခဲ့ပြီး ၄၀၀ ခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
ချင်းညီနောင်အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိပညာဉ် (၂) အရ ဖွဲ့စည်းထားတဲ့ ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) မှာ အပြည့်အဝပါဝင်နေတယ်လို့လည်း တစ်နှစ်ပြည့်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထို့အပြင် စိုးမိုးထိန်းချုပ်ရာ တွန်းဇံ၊ တီးတိန်၊ ဖလမ်း၊ ကန်ပက်လက်၊ မင်းတပ်၊ မတူပီ၊ ကျင်ဒွေးနဲ့ မရာနယ်မြေတွေအတွင်း အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး၊ တရားစီရင်ရေးနဲ့ အခြားပြည်သူ့ဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ချင်းညီနောင်ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါးလရှီးလ၊ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးတို့အပြင် မဟာမိတ်အဖွဲ့တွေက ကိုယ်စားလှယ်တွေ ဂုဏ်ပြုတက်ရောက်ခဲ့ကြပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်နဲ့ တော်လှန်ရေး မဟာမိတ် အဖွဲ့ပေါင်း ၂၀ ကျော်ကလည်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြတယ်လို့ သိရပါတယ်။
ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) ၊ ဇိုမီးဖက်ဒရယ်ယူနီယံ (ZFU) ၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC - Mindat) ၊ မရာနယ်မြေအုပ်ချုပ်ကောင်စီ (MTC) ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) (CDF - Kanpetlet) နဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) တပ်မဟာ(၁) တို့ ပူးပေါင်းပြီး ချင်းညီနောင်အဖွဲ့ကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၃၀ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၃။ မယ်လယုတပ်စခန်းက စစ်ကောင်စီတပ်တွေ ဆုတ်ခွာ၊ လက်ကျန် လက်နက်ခဲယမ်းအများအပြားနဲ့ ကား၊ ဆိုင်ကယ်အချို့ ကရင်နီပြည်တပ်မတော်က သိမ်းဆည်း
ဒီဇင်ဘာ ၃၀
Radio NUG
ဒီဇင်ဘာလ ၂၈ရက်နေ့ မနက် ၅နာရီကနေ ၇ နာရီအထိ ကရင်နီပြည်၊ ဆိုတရှားမြို့ နယ် (ထိုင်း-ကရင်နီနယ်စပ်) မှာရှိတဲ့ မယ်လယု တပ်စခန်းကို ကရင်နီပြည်တပ်မတော် KA က သွားရောက် တိုက်ခိုက်ခဲ့ပြီးနောက် ခလရ-၁၃၄ တပ်သားတွေဟာ အဲ့နေ့မှာပဲ ဆုတ်ခွာသွားတယ်လို့ ကရင်နီပြည်တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောထားပါတယ်။
တပ်ဆုတ်ခွာသွားခဲ့တဲ့ မယ်လယု တပ်စခန်းမှာ စစ်ကောင်စီ တပ်အင်အား ၈၀ ဝန်းကျင် ရှိပြီး တပ်ဆုတ်သွားတာဟာ သူတို့(စကစ)ရဲ့ စားနပ်ရိက္ခာအခက်အခဲတွေကြောင့် ဖြစ်မယ်လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က သုံးသပ်ပြောဆိုထားပါတယ်။
၆၀ မမ (၂၁၂)လုံး၊ MA 1 ကျည်အိမ် (၁၂) တောင့်၊ A 1 ကျည် (၅၄၇၀)တောင့်၊ နောင်တိုကျည်(၁၀၂၂၈)တောင့်၊ တိုဘီတို(၁၄)ချောင်း၊ RPG (၆၀ ) လုံး၊ လက်ပစ်ဗုံး (၁၁၉) လုံး နဲ့ ၈၁ မမ သီး(၃၃)လုံး သိမ်းဆည်းရခဲ့ပြီး ၁၄ မိုင်း၊ ၁၆မိုင်းနဲ့ ၁၈ မိုင်းနဲ့ ဖိုးဝီး ကား (၇)စီး ၊ ၆ ဘီးကား (၃)စီး ၊ ဒိုဇာကား (၁)စီးနဲ့ ဆိုင်ကယ် ၂စီး သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
တပ်ကနေ ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ တောင်ကတုံး(ဒေသအခေါ်) ကနေ ရှမ်းပြည်ဖက်ကို ဖြတ်သန်းဆုတ်ခွာသွားကြတာ ဖြစ်တယ်လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောဆိုထားပါတယ်။
========================
🚩🚩 ၄။ စစ်တပ်ထောက်ခံသူ အဆိုတော် ယုန်လေးရဲ့ မော်တော်ယာဉ် ဖောက်ခွဲတိုက်ခိုက်ခံရ
ဒီဇင်ဘာ ၃၀ ရက်၊
Radio NUG
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်မှာ စစ်တပ်ထောက်ခံသူ အဆိုတော် ယုန်လေးရဲ့ မော်တော်ယာဉ် ဖောက်ခွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၃၀ ရက်နေ့ မနက် ၉ နာရီ ဝန်းကျင်မှာ စမ်းချောင်းမြို့နယ်၊ ဖျာပုံလမ်းအတွင်းရှိ ၎င်းရဲ့ နေအိမ်ရှေ့မှာ ရပ်ထားတဲ့ မော်တော်ယာဉ် အနီးတွင် နှစ်ကြိမ်တိုင် ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပေါက်ကွဲမှုအတွင်း ယုန်လေးရဲ့ ကားနဲ့ အခြားကား တစ်စီး ပျက်စီးသွားခဲ့ပြီး လူတစ်ဦးလည်း အနည်းငယ် ထိခိုက်မှု ရှိခဲ့တယ်လို့ သိရပါတယ်။
ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ချက်ချင်း ရောက်လာကာ လမ်းနှစ်ဖက်လုံး ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲမှု မဖြစ်ပွားမီ ဒီဇင်ဘာ ၂၉ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က ဖျာပုံလမ်းအတွင်း ဗုံးထောင်ထားတယ်လို့ သတင်းရတာကြောင့် လာရောက်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပါသေးတယ်။
အဆိုတော် ယုန်လေးဟာ စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်တာ၊ စစ်ကောင်စီက စီစဉ်တဲ့ ပွဲအခမ်းအနားများမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက် နေတာကြောင့် ဝေဖန်ခံနေရသလို တော်လှန်ရေး အင်အားစုများ ကလည်း Social Punishment (လူမှုရေး ပစ်ဒဏ်) ပြုလုပ်ဖို့ကို အကြိမ်ကြိမ် တိုက်တွန်းထားကြပါတယ်။
========================
🚩🚩 ၅။ မြဝတီ ခရိုင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့
ဒီဇင်ဘာ ၃၀ ရက်၊
Radio NUG
ကရင်ပြည်နယ်၊ မြဝတီခရိုင်ရှိ ခရိုင်ရဲစခန်းကို ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ Cobra Column (Federal Wings) ဒရုန်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ပြည်သူလူထုအပေါ် ခြိမ်းခြောက်ငွေညှစ် ဖမ်းဆီးနေတဲ့ လုပ်ရပ်များ ရပ်တန်းကရပ်ဖို့ သတိပေးတဲ့အနေနဲ့ ၂၀၂၄၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ဗုံးသီးချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ပြည်သူလူထုကို ခြိမ်းခြောက်ငွေညှစ် ဖမ်းဆီးနေတဲ့ လုပ်ရပ်များကို ရပ်တန်းကရပ်ဖို့နဲ့ လိုက်နာခြင်း မရှိပါက ပိုမို ပြင်းထန်တဲ့ အကျိုးဆက်များကို ခံစားရမယ်လို့လည်း သတိပေးထားပါတယ်။
မြဝတီမြို့က ပြည်သူလူထုအနေနဲ့လည်း စစ်ကောင်စီတပ် အခြေချနေထိုင်ရာ နေရာများနဲ့ နီးကပ်စွာ နေထိုင်ခြင်း မပြုကြဖို့ကို Cobra Colum က မေတ္တာရပ်ခံ ထားပါတယ်။
========================
🚩🚩 ၆။ မြင်းခြံတွင် စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး
ဒီဇင်ဘာ ၃၀ ရက်၊
Radio NUG
မန္တလေးတိုင်း၊ မြင်းခြံ မြို့နယ်၊ လယ်သစ်ရွာမှ အင်အား အလုံးအရင်းဖြင့် ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက် ခံရပြီး ၂ ဦးသေဆုံးခဲ့တယ်လို့ Freedom Fighter Guerrilla Force က သတင်းထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၃၀ ရက်နေ့က လယ်သစ်ရွာအနီး တောလမ်းတနေရာမှာ လက်ဦးမှု ရယူပြီး ကြားဖြတ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး မိနစ် ၃၀ ခန့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး ၂ ဦး လဲကျသေဆုံးခဲ့တာကို မျက်မြင်တွေ့ရကာ သုံးဦး ထိခိုက် ဒဏ်ရာရခဲ့ပြီး လယ်သစ်ရွာအတွင်းကို ပြန်ဆုတ်ခွာသွားတယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို Freedom Fighter Guerrilla Force, LACR, 8 Stars နဲ့ တော်လှန်ရေး မဟာမိတ် တပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၇။ ဒွဲ့လိုးမြို့နယ်တွင် ရဟန်း ၂ ပါး မိုင်းနင်းမိပြီး တစ်ပါး ပျံလွန်တော်မူ
ဒီဇင်ဘာ ၃၀
Radio NUG
ဒီဇင်ဘာလ ၂၈ ရက်နေ့ နေ့လယ်ခန့်က ဖာပွန်(မူတြော်)ခရိုင်၊ ဒွဲ့လိုးမြို့နယ်၊ ဝါးဒူး၊ ကျောက်ကွင်း အောက်ရွာလမ်းဆုံတွင် ရဟန်း ၂ ပါး မိုင်းနင်းမိပြီး တစ်ပါးပျံလွန်တော်မူပြီး ကျန်တစ်ပါးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ Burma Human Rights Networkမှာ ဖော်ပြထားပါတယ်။
မိုင်းနင်းမိခဲ့တဲ့ တခေါ်ခို့ရွာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ဝါကော်ကျေးရွာမှ ရဟန်းတစ်ပါးလည်း ပြင်းထန်ဒဏ်ရာရရှိပြီး ခြေတစ်ဖက်နဲ့ လက်တစ်ဖက် ကြေမွဒဏ်ရာရရှိသွားတာကြောင့် ဒဏ်ရာရ ရဟန်းကို ဘားအံဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
ဝါကော်(ဝတမို)ကျေးရွာက ကျောင်းထိုင် ဆရာတော်ဟာ ဘုရားလာတည်တာ ဖြစ်ပြီး ရွာကဘုန်းကြီးကျောင်းမှာ ပစ္စည်းကျန်ခဲ့တဲ့အတွက်ကြောင့် ပြန်ယူချိန် မိုင်းထိတာဖြစ်ကာ ဒဏ်ရာရ ရဟန်းတစ်ပါးက အဖော်လိုက်ပါသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက “ဘယ်အချိန်ပြန်သွားကြလဲ မသိလိုက်ဘူး။ လမ်းက စစ်ကောင်စီတပ်နဲ့ KNUနှစ်ဖက်လုံး ပိတ်ထားတယ်။ လမ်းပိတ်ထားတာကို ဆရာတော်တို့ မသိပုံရတယ်။ ဝါးဒူးကနေ တခေါ်ခို့သွားမယ့် ကျောက်ကွင်းအောက်ရွာလမ်းဆုံမှာ မိုင်းထိတာ”လို့ ပြောဆိုထားပါတယ်။
မိုင်းနင်းမိလို့ ပျံလွန်တော်မူသွားတဲ့ တခေါ်ခို့ဆရာတော်ကို ဝါကော်ကျေးရွာမှာ မီးသဂြိုလ်လိုက်ပြီး လက်ရှိအချိန်အထိ ဒေသခံတွေဟာ နယ်မြေမတည်ငြိမ်မှုကြောင့် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ဒါအပြင် ဒီဇင်ဘာလ ၂၈ ရက်နေ့က ဝါကော်ကျေးရွာအဝင် ဆိုင်းဘုတ်အနီး တစ်ဝိုက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လာရောက်နေထိုင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
========================
🚩🚩 ၈။ စစ်တပ်ရဲ့ မူပိုင်နာမည် ယူသုံးမိတဲ့ မုဆိုးမတို့ရွာ မုန့်ဟင်းခါးဆိုင်ကို စစ်ကောင်စီ ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ ဆို
ဒီဇင်ဘာ ၃၀
Radio NUG
မန္တလေးမြို့တွင် ဒီဇင်ဘာလ ၂၉ရက်နေ့က ဖွင့်လှစ်ခဲ့တဲ့ မုဆိုးမတို့ရွာ မုန့်ဟင်းခါးဆိုင်ကို စစ်ကောင်စီက ဒီဇင်ဘာလ (၃၀)ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ ဒေသသတင်းများအရ သိရပါတယ်။
စည်ပင်ဝန်ထမ်းများနှင့် စစ်ကောင်စီတပ်သားများက စစ်ကားတစ်စီးနှင့် ရောက်လာပြီး စစ်ဆေးပြီးနောက် ဆိုင်းဘုတ်များ ဖြုတ်ချခြင်းနှင့် အတွင်းပစ္စည်းများကို ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
မုဆိုးမတို့ရွာ မုန့်ဟင်းခါးဆိုင်နဲ့ ပတ်သက်ပြီး တပ်မိသားစုဝင်တွေနဲ့ တပ်ထောက်ခံသူတွေကြား အကြီးအကျယ် ဂယက်ရိုက်နေကြတယ်လို့ သိရပါတယ်။
မုဆိုးမဆိုတဲ့ နာမည်ဟာ အသေအပျောက် အရှူံးအနိမ့်များနေတဲ့ စစ်ကောင်စီတပ်တွင်းမှာ ခေတ်စားနေတဲ့အတွက် အခုလိုတပ်တောက်ခံသူတွေကြားမှာ ဂယက်ရိုက်နေတာ ဖြစ်ပါတယ်။
စစ်တပ်လော်ဘီတချို့ကတော့ မုဆိုးမတို့ရွာ မုန့်ဟင်းခါးဆိုင်သည် ဆိုင်ရှင်ဆန္ဒအရ ပိတ်သိမ်းခြင်းဖြစ်ပြီး လုပ်ငန်းလိုင်စင် လျှောက်ထားရန် လိုအပ်ချက်ရှိသည်ကို လိုင်စင်ပြုလုပ်နေတယ်လို့ ရေးသားနေကြပါတယ်။
မုဆိုးမတို့ရွာ မုန့်ဟင်းခါးဆိုင် လူမှုကွန်ယက်စာမျက်နှာတွင် စျေးရောင်းချကြသည့် ဝန်ထမ်းများမှာ ခင်ပွန်းသည် ဆုံးပါးသွားပြီဖြစ်သဖြင့် ဆိုင်နာမည်ကို မုဆိုးမတို့ရွာဟု နာမည်ပေးထားခြင်းဖြစ်သည်ဟု ဖော်ပြခဲ့ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment