၂၀၂၅ ဇန်နဝါရီလ ၁၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်မှ ဦးဆောင်ကျင်းပသည့် ဖက်ဒရယ်ရေးရာဆွေးနွေးပွဲသို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့ တက်ရောက်ဆွေးနွေး
📌 ၂။ စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမည်ဖြစ်ကြောင်း (၆၂) နှစ်ပြည့်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့တွင် ထုတ်ပြန်
📌 ၃။ မန္တလေး ကမ္ဘောဇဘဏ်ခွဲတစ်ခုကို ဓားပြတိုက်သူအား ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ ကျူးလွန်သူအား ဖမ်းမိ၊ မန်နေဂျာ လက်မောင်း သေနတ် ထိမှန်
📌 ၄။ ဗကသရဲဘော်ဟောင်း ကိုသူရိန်ထက်(ခ)ရဲဘော်စည်သူ ကွယ်လွန်ခြင်း ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်
📌 ၅။ ဒီးမော့ဆိုမြို့နယ် ၊ ဆောင်ဒူကျေးရွာတွင် မယ်တော်ဆုတောင်းပွဲ ပြုလုပ်
========================
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်နဲ့ ဗျူဟာ ၃၂ လက်အောက်ခံ စစ်ကြောင်းများ တိုက်ပွဲ ၈၈ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်သား ၄၁၃ ဦး သေဆုံး
🚩 ၂။ KNU မြို့နယ်တရားသူကြီးရဲ့ သားဖြစ်သူ သတ်ဖြတ်ခံရပြီး အလောင်းဖျောက်ခံရ
🚩 ၃။ တောင်ငူ -သံတောင်လမ်း ၆ မိုင်တွင် တိုက်ပွဲဖြစ်ပွားကာ စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ
🚩 ၄။ ချောက်တွင် တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းကို လိုက်လံ စုံစမ်းနေသည့် စစ်တပ်ထောက်တိုင် ထွန်းနိုင် ပစ်ခတ်ခံရပြီး သေဆုံး
🚩 ၅။ ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး အထိနာသွားတဲ့ စစ်ကောင်စီ တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီးသွားပြီး နေအိမ် ၅ လုံး ကို မီးရှို့ဖျက်ဆီး
🚩 ၆။ ဆီဆိုင်မြို့နယ်က ပအိုဝ့်ရွာများကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံး
🚩 ၇။ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာအနီးကို စစ်ကောင်စီ ဗုံး ၄လုံး ကြဲချမှုကြောင့် နေအိမ် ၁လုံး ပျက်စီး
🚩 ၈။ စစ်မှုထမ်း အပတ်စဉ် (၅) သင်တန်းဆင်း တပ်သား ၂ ဦး ဒေါနတပ်ရင်းထံ လက်နက်နဲ့ အလင်းဝင်
🚩 ၉။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသတွင် မဟာမိတ်တပ်ပေါင်းစု သင်တန်းဆင်းပွဲ ပြုလုပ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး
ဇန်နဝါရီ ၁၂
RadioNUG
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်များသည် ဇန်နဝါရီလ ၁၂ ရက်နေ့၊ ၀၉၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။
တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌတို့က နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပြီးနောက် စစ်ကိုင်းဖက်ဒရယ်ယူနစ်မှ ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းစဉ်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ယူနစ်လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးက ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
ယင်းနောက်တွင် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ၏ အပေါ်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီမှ တက်ရောက်လာသူများက သုံးသပ်အကြံပြုဆွေးနွေးခဲ့ကြကာ ယူနစ်လွှတ်တော်ကိုယ်စားလှယ်များဘက်မှလည်း ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြပါသည်။ ထို့နောက် ရှေ့လုပ်ငန်းစဉ်ကိစ္စရပ်များအပေါ် အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြကာ ၁၁၅၀ နာရီအချိန်တွင် အစည်းအဝေးအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အဖွဲ့ဝင်များ၊ ဥပဒေရေးရာကော်မတီမှ အဖွဲ့ဝင်များ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်ဘက်မှ ယူနစ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။
========================
📌📌 ၂။ လွှတ်တော်၏ အခန်းကဏ္ဍအား ကြိုးစားဖော်ဆောင်လျက် မြန်မာတစ်နိုင်ငံလုံး စစ်အာဏာရှင် စနစ်ကင်းစင်ကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး အလေးပေး အကောင်အထည် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း (၆၂) နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့သို့ CRPH သဝဏ်လွှာ ပေးပို့
ဇန်နဝါရီ ၁၂
Radio NUG
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် လွှတ်တော်၏ အခန်းကဏ္ဍအား ဆက်လက်ကြိုးစားဖော်ဆောင်လျက် တော်လှန်ရေးအင်အားစုများအားလုံးနှင့်အတူ စုစည်း ညီညွတ်မှုများ ပိုပိုခိုင်မာအားကောင်းအောင် တည်ဆောက်၍ မြန်မာတစ်နိုင်ငံလုံး စစ်အာဏာရှင် စနစ်ကင်းစင်ကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး အလေးပေး အကောင်အထည် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုလျက် (၆၂) နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့သို့ သဝဏ်လွှာ ပေးပို့ကြောင်း သတင်းထုတ်ပြန်ပါတယ်။
ယနေ့ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေးတွင်လည်း တအာင်းတိုင်းရင်းသားပြည်သူများသည် အခြားသော တိုင်းရင်းသားပြည်သူများနှင့်အတူ အကြမ်းဖက်စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် စွမ်းစွမ်းတမံ တိုက်ပွဲဝင်လျက်ရှိကြောင်း၊ တအာင်းတိုင်းရင်းသား ပြည်သူများ၏ ခိုင်မာသော ဇွဲ၊ သတ္တိ၊ လုံ့လ၊ စုစည်းညီညွတ်မှုတို့နှင့် ရဲစွမ်းသတ္တိတို့ကြောင့် တအာင်းနယ်မြေသည် စစ်အာဏာရှင်စနစ်ကင်းစင်ကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသည့်နယ်မြေအဖြစ်သို့ ရောက်ရှိပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေပြီ ဖြစ်သည့်အတွက် လွန်စွာ ဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ ခေတ်အဆက်ဆက် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြရသော တအာင်း တိုင်းရင်းသားခေါင်းဆောင်ကြီးများနှင့်တကွ အာဇာနည်သူရဲကောင်း အပေါင်းတို့အား ဤသဝဏ်လွှာမှတစ်ဆင့် ဦးညွှတ်အလေးပြုအပ်ပါကြောင်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
မြန်မာတစ်နိုင်ငံလုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတို့တွင် တအာင်းတိုင်းရင်းသားပြည်သူများအနေဖြင့် အခြားသော တော်လှန်ရေးအင်အားစုများ အားလုံးတို့နှင့်အတူ ရှေ့ဆက်ချီတက်သွားမယ်လို့ အခိုင်အမာယုံကြည်ပါကြောင်း၊ တိုင်းရင်းသားပြည်သူများနှင့် တော်လှန်ရေးအင်အားစုများအားလုံး စုစည်းညီညွတ်မှုနှင့်အတူ စိတ်ဓာတ်များ ခိုင်မာနေသရွေ့ မည့်သည့်အခက်အခဲ ဒုက္ခကိုမဆို ရင်ဆိုင်ကျော်ဖြတ်သွားနိုင်ကာ ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ဆီသို့ မလွဲဧကန် ရောက်ရှိမည်ကိုလည်း အကြွင်းမဲ့ယုံကြည်ပါကြောင်း ဖော်ပြထားပါတယ်။
(၆၂) နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့ နေ့ထူး နေ့မြတ် အချိန်အခါသမယတွင် တအာင်းတိုင်းရင်းသားများနှင့်တကွ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ အားလုံး လွတ်လပ်၍ တရားမျှတသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆီသို့ အမြန်ဆုံးရောက်ရှိကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သထားပါတယ်။
========================
📌📌 ၃။ (၆၂) နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့သို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ဂုဏ်ပြုသဝဏ်လွှာ ပေးပို့
ဇန်နဝါရီ ၁၂
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် တအာင်းပြည်သူများအပါအဝင် တနိုင်ငံလုံးရှိ ပြည်သူများ၊ မဟာမိတ်အဖွဲ့အစည်းများအားလုံးနှင့် ညီညွတ်မှုကို တည်ဆောက်လျက် စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းနိုင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက် အားသွန်ခွန်စိုက် ကြိုးစားသွားမည် ဖြစ်ကြောင်း ကတိပြုရင်း (၆၂) နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့ သို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ သတင်းရရှိပါတယ်။
၁၉၆၃ ခုနှစ်မှ စတင်ကာ တအာင်းပြည်သူများ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်၊ တန်းတူညီမျှမှုနှင့် စစ်အာဏာရှင်စနစ်လက်အောက်မှ လွတ်မြောက်နိုင်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ကြသည်မှာ (၆၂) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပြီး ထူးမြတ်သည့်နေ့ရက်တွင် တအာင်းပြည်သူများနှင့်တကွ တိုင်းရင်းသားညီအကိုမောင်နှမများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သထားပါတယ်။
တအာင်းပြည်သူများသည် ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးတိုက်ပွဲများတွင် သာမက ယနေ့နွေဦးတော်လှန်ရေးတွင်လည်း အခြားသော တော်လှန်ရေးအဖွဲ့အစည်းများ နှင့်အတူ စစ်ရေး၊ နိုင်ငံရေး အခြေအနေများကို ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်ကာ အောင်ပွဲများစွာ ရရှိခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ပြုအပ်ကြောင်း၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး တိုက်ပွဲများတွင် အသက်၊ ခန္ဓာတို့ကို စွန့်လွှတ်ပေးဆပ်သွားသည့် တော်လှန်ရေးရဲဘော်များနှင့် တအာင်းပြည်သူများကိုလည်း ဦးညွှတ်ဂုဏ်ပြုအပ်ပါကြောင်း ဖော်ပြထားပါတယ်။
ယနေ့အချိန်အခါသည် စစ်အာဏာရှင်သမိုင်းတလျှောက် အားအနည်းဆုံးကာလဖြစ်သည့်အတွက် မိမိတို့တော်လှန်ရေးအဖွဲ့အစည်းများအားလုံး စုစည်းညီညွတ်စွာဖြင့် ရန်သူစစ်အာဏာရှင်များနှင့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရန် အကောင်းဆုံးအခွင့်အလမ်း ဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားပါတယ်။
(၆၂)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားသို့ မဟာမိတ်တပ်ပေါင်းစုများ ဖြစ်ကြသည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ကျောင်းသားလက်ရုံးတပ်တော်၊ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF/DPLA)၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF-SAGAING)၊ ပြည်သူ့ကွယ်ရေးတပ်မတော် TRIဗျူဟာနှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)တို့မှလည်း ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့ပါတယ်။
========================
📌📌 ၄။ ၆၂ နှစ်ပြည့် တအောင်းအမျိုးသားတော်လှန်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် PSLF/TNLA က အကျဉ်းသား ၅၅ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေး
ဇန်နဝါရီ ၁၂ ရက်၊
Radio NUG
ဇန်နဝါရီ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၆၂ နှစ်ပြည့် တအောင်းအမျိုးသား တော်လှန်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ PSLF/TNLA က အကျဉ်းသား ၅၅ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး ၅၄ ဦးကို ပြစ်ဒဏ်လျော့ပေါ့ ပေးခဲ့တယ်လို့ သိရပါတယ်။
၎င်းအကျဉ်းသားများဟာ တအောင်းပြည်အတွင်းရှိ အကျဉ်းထောင် အသီးသီးမှာ ပြစ်မှုကျူးလွန်ကာ အကျဉ်းကျနေသူများ ဖြစ်ပြီး ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအဘုင် မှ လက်မှတ်ထိုး လွတ်ငြိမ်းပေးခဲ့တာ ဖြစ်ပါတယ်။
ထို့အပြင် ပြစ်မှုများစွာ ကျူးလွန်ခဲ့တာကြောင့် နှစ်ရှည်ထောင်ဒဏ် ကျနေသူများကိုလည်း တအောင်းအမျိုးသား တော်လှန်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြစ်ဒဏ်လျော့ပေါ့ ပေးခဲ့ကာ လွတ်ငြိမ်းစေ့ရန် လပိုင်းသာ လိုအပ်တဲ့ အကျဉ်းသားများကိုတော့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ အကျဉ်းသားများဟာ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ အမျိုးသမီးများအပေါ် ကျူးလွန်မှု၊ အကြမ်းဖက်မှု၊ လူသတ်မှု၊ လူကုန်ကူးမှု၊ ဓါးပြတိုက်မှုနဲ့ ပြန်ပေးဆွဲမှုများ ကျူးလွန်ထားခဲ့ကြသူများ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ (၆၁) နှစ်ပြည့် တအာင်း အမျိုးသား တော်လှန်ရေးနေ့ ကလည်း အကျဉ်းသား (၂၃၂) ဦးကို လွတ်ငြိမ်းခွင့် ပေးခဲ့ပြီး (၆၀) ဦးအား ပြစ်ဒဏ်လျှော့ပေါ့ ပေးခဲ့ပါသေးတယ်။
========================
📌📌 ၅။ အာဏာသိမ်းပြီးနောက် 2024 နိုဝင်ဘာလအထိ ပြည်သူဆီ ဦးတည်ထားသည့် လေကြောင်းတိုက်ခိုက်မှု ၄ ထောင်ကျော် ပြုလုပ်ခဲ့ပြီး စစ်ရှောင် ၂.၇ သန်း ပိုများလာ
ဇန်နဝါရီ ၁၂
Radio NUG
မြန်မာနိုင်ငံမှာ စစ်အုပ်စုအာဏာသိမ်းပြီးနောက် ၂၀၂၄ နိုဝင်ဘာလအထိ ပြည်သူများကို ဦးတည်တိုက်ခိုက်သည့် လေကြောင်းတိုက်ခိုက်မှု ၄၀၂၂ကြိမ် ပြုလုပ်ခဲ့ပြီး ပြည်သူ ၂၂၅၇ဦး သေဆုံးခဲ့ကာ ဘာသာရေးအဆောက်အဦ ၂၉၈ ခု၊ စာသင်ကျောင်း ၁၈၃ ကျောင်းနှင့် ဆေးရုံဆေးခန်း ၈၂ ခု ထိခိုက်ပျက်စီးခဲ့ကြောင်း သွေးစွန်းငွေမှ သတင်းထုတ်ပြန်ထားပါတယ်။
၂၀၂၄ ခုနှစ်ထဲမှာ စစ်ကိုင်းတိုင်းက ခရစ်ယာန်ဘုရားကျောင်းမှာ တွေ့ဆုံပွဲလုပ်နေကြစဉ် စစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် (၉) ဦး အပါအဝင် ပြည်သူ (၁၇) ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အလားတူ ၂၀၂၄၊ စက်တင်ဘာလအစောပိုင်းမှာလည်း စစ်အုပ်စုရဲ့ စစ်လေယာဉ်တွေဟာ ပဋိပက္ခဖြစ်ပွါးရာ ဒေသများမှ ကျောင်း၊ ဆေးရုံ၊ ဆေးပေးခန်း၊ ဈေး၊ မြို့တွေနဲ့ စစ်ဘေးရှောင်စခန်းတွေပါ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေခြင်းဖြင့် ပြည်သူများကို ကြောက်ရွံ့ ပူပန်မှုများဖြစ်အောင် ပြုလုပ်လျက်ရှိပြီး တော်လှန်ရေး အင်အားစုများကို ဖိနှိပ်လျက်ရှိပါတယ်။
စစ်အုပ်စု အာဏာလုရန် စတင်ကြိုးစားခဲ့သည့် (၂၀၂၁) ခုနှစ် နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံတွင် စစ်ရှောင်ပြည်သူအရေအတွက်မှာ လူဦးရေ ( ၄ ) သန်း ကျော်အထိရှိလာခဲ့ပြီး ကုလသမဂ္ဂ၏ ထုတ်ပြန်သော ကိန်းဂဏန်းများအရ (၂၀၂၁) ခုနှစ် မတိုင်မီနှင့် နှိုင်းယှဉ်ပါက စစ်ရှောင်လူဦးရေမှာ (၂.၇) သန်း ခန့် ပိုများလာတယ်လို့ သိရပါတယ်။
အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်သည့် လေကြောင်းအန္တရာယ်ကြောင့် ပြည်သူများအနေဖြင့် အိုး၊အိမ်များ၊ စားနပ်ရိက္ခာများကို စွန့်ခွာ၍ ထွက်ပြေးကြရခြင်း သို့မဟုတ် စားနပ်ရိက္ခာများကို ဝယ်ယူနိုင်သည့်အခြေအနေတွင် မရှိတော့ခြင်းကြောင့် စားနပ်ရိက္ခာရှားပါးလာခြင်းကို ရင်ဆိုင်နေရပါတယ်။
========================
📌📌 ၆။ အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိ၍ ဒိုက်ဦးထောင်မှ နိုင်ငံရေးအကျဉ်းသားတစ်ဦး ကျဆုံး
ဇန်နဝါရီ ၁၂
Radio NUG
ပဲခူးတိုင်း ဒိုက်ဦးအကျဥ်းထောင်တွင် ပုဒ်မ ၅၁ (ဂ)/၅၂ (ခ)တို့ဖြင့် ထောင်ဒဏ် (၁၁)နှစ် အကျဉ်းချခံထားရသူ နိုင်ငံရေးအကျဉ်းသား မျိုးမင်းဦးသည် ထောင်ကျနေစဉ်အတွင်း လုံလောက်သည့် အခြေခံကျန်းမာရေး စောင့်ရှောက်မှု မရရှိခဲ့ခြင်းကြောင့် ဇန်နဝါရီလ (၁၀)ရက်နေ့တွင် ဆီးကျောက်ရောဂါကြောင့် ကျဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ သတင်းထုတ်ပြန်ပါတယ်။
ကိုမျိုးမင်းဦးအား စစ်ကောင်စီတပ်မှ ၂၀၂၂ခုနှစ် အောက်တိုဘာလ (၁၇)ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး အင်းစိန်အကျဥ်းထောင်တွင် ပုဒ်မ ၅၁(ဂ)၊ ၅၂(ခ)တို့ဖြင့် အမှုဖွင့်၍ အကျဉ်းချခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၄ခုနှစ် မေလ (၃၁)ရက်နေ့တွင် အမိန့်ကျပြီးနောက် အင်းစိန်အကျဥ်းထောင်မှ ဒိုက်ဦးထောင်သို့ ပြောင်းရွေ့ အကျဉ်းချခံခဲ့ရကာ ဒိုက်ဦးထောင်အတွင်း၌ အကျဉ်းကျခံနေစဉ် ဆီးကျောက်ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားခဲ့ရတယ်လို့ သိရပါတယ်။
သို့ရာတွင် ထောင်ပိုင် ထွဋ်ပိုင်မှူးနှင့် ထောင်ဆေးရုံ ဆရာဝန် သိုက်ထွေးတို့သည် ရောဂါခံစားနေရသူ ကိုမျိုးမင်းဦးအား လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှုကို မပေးခဲ့ဘဲ ဆီးကျောက်ရောဂါ ဆိုးရွားပြင်းထန်ချိန် ဒီဇင်ဘာလ(၂၆)ရက်နေ့တွင်မှ ပဲခူးပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် ဇန်နဝါရီလ (၁၀)ရက်နေ့၌ နိုင်ငံရေးအကျဉ်းသား ကိုမျိုးမင်းဦး ကျဆုံးခဲ့ရပါတယ်။
အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရရှိစေရေး ပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစုများ ၊ သပိတ်အင်အားစုများ ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများအနေဖြင့်လည်း အကျဉ်းထောင်များနှင့် အကျဉ်းဦးစီးဝန်ထမ်းများကို စောင့်ကြည့်ပြီး လက်တွေ့ကျသည့် ကူညီမှုများ၊ ထိရောက်သည့် အရေးယူမှုများ၊ လူမှုရေးပြစ်ဒဏ်ပေးမှုများကို ထိရောက်စွာ ပြုလုပ်ပေးကြပါရန် တိုက်တွန်းထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်နဲ့ ဗျူဟာ ၃၂ လက်အောက်ခံ စစ်ကြောင်းများ တိုက်ပွဲ ၈၈ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်သား ၄၁၃ ဦး သေဆုံး
ဇန်နဝါရီ ၁၂ ရက်၊
Radio NUG
၂၀၂၄ ခုနှစ်အတွင်း အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃)၊ ဗျူဟာ (၃၂) စစ်ကြောင်းများနဲ့ စစ်ကောင်စီ တပ်တို့ကြားတိုက်ပွဲ (၈၈) ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဗျူဟာ (၃၂) လက်အောက်ခံ စစ်ကြောင်းများ ဖြစ်ကြတဲ့ ကော်ဘရာ စစ်ကြောင်း၊ ကျားသစ်နက် စစ်ကြောင်းနှင့် Venom စစ်ကြောင်းတို့က ဗိုလ်ဒါဘော ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနဲ့ ပူးပေါင်းဖော်ဆောင်ခဲ့တဲ့ တိုက်ပွဲသတင်းများကို PDF Southern Military Region က ဇန်နဝါရီ ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။
၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲ ၈၈ ကြိမ်ထိ ရှိခဲ့ပြီး၊ တပ်ရင်း ၃ ရင်း၊ ဗျူဟာ ၁ ဗျူဟာနှင့် ကာကင်း/ တပ်စခန်းငယ် ၁၁ ခုတို့ကို တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်သား ၄၁၃ ဦး သေဆုံးကာ ၃၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ အတည်ပြု ဖော်ပြထားပါတယ်။
ထို့အပြင် စစ်ကောင်စီ တပ်ထံမှ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ခဲယမ်းများစွာကို ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်း ရမိခဲ့ပြီး တနှစ်အတွင်း စစ်ကောင်စီတပ်သား လက်နက်ဖြင့် ၁၇ ဦး လက်နက်မဲ့ ၆ ဦး စုစုပေါင်း ၂၃ ဦး အလင်းဝင် လာခဲ့ရာ ထိုက်တန်စွာ ဆုချီးမြှင့် ပေးခဲ့ပြီး ဘေးကင်းလုံခြုံစေဖို့ ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲများအတွင်းမှာလည်း စစ်သုံ့ပန်း ၂၁ ဦး ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ဘက်က လေကြောင်းပစ်ကူ အကြိမ် ၁၀၀ ကျော်နဲ့ လက်နက်ကြီး ပစ်ကူ အကြိန် ၆,၃၇၄ ကြိမ်နှင့် အထက် ရှိခဲ့ကာ တော်လှန်ရေး ပူးပေါင်းတပ်ဘက်မှ ရဲဘော် ၄၀ ဦး မြင့်မြတ်စွာ အသက်ပေးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၁၉၀ ဦး ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၂။ KNU မြို့နယ်တရားသူကြီးရဲ့ သားဖြစ်သူ သတ်ဖြတ်ခံရပြီး အလောင်းဖျောက်ခံရ
ဇန်နဝါရီ ၁၂
Radio NUG
KNU တပ်မဟာ ၄ (မြိတ်-ထားဝယ်ခရိုင်) ရဲ့ လယ်ဒိုစိုး (ထားဝယ်)မြို့နယ် တရားသူကြီး စောကဲဒိုရဲ့ ဒုတိယမြောက်သားဖြစ်သူ အသက် ၂၈ နှစ်အရွယ် စောကညောဒိုစိုး ပျောက်ဆုံးနေပြီး ရက်နှစ်ဆယ်ခန့်အကြာမှာ ရေတွင်းထဲ ပစ်ချခံထားရတဲ့ အလောင်းကို ပြန်တွေ့ခဲ့တယ်လို့ ဒေသသတင်းများအရ သိရပါတယ်။
စောကညောဒိုစိုးဟာ ဒီဇင်ဘာလ ၂၀ ရက်နေ့ အိမ်က ထွက်သွားပြီးတဲ့နောက် မိသားစုနဲ့အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးနေခဲ့ပြီး ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ထားဝယ်အရှေ့တောဒေသ၊ ဝကုန်းကျေးရွာက ရေတွင်းထဲမှာ တွေ့ခဲ့တယ်လို့ သိရပါတယ်။
ရေတွင်းဆယ်လိုက်ချိန်မှာတော့ စောကညောဒိုစိုးရဲ့ ဖိနပ်၊ မှတ်ပုံတင်နဲ့ ဆိုင်ကယ်ကိုတွေ့ရပြီး နောက်ဆုံးမှာ ကြိုးနဲ့ တစ်ကိုယ်လုံး ချည်ထားပြီး အရိုးတွေပဲကျန်တော့တဲ့ အလောင်းကို တွေ့ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
အလောင်းတွေ့တဲ့ နေရာနဲ့ မျက်နှာချင်းဆိုင်မှာ ကော်သူးလေတပ်မတော် (KTLA) ဆာကဆောတပ်မရဲ့ စစ်ဆေးရေးဂိတ် ရှိတယ်လို့ ဒေသခံတွေက ပြောထားပါတယ်။
ဒီဇင်ဘာလ ၂၅ ရက်နေ့ ခရစ်စမတ်နေ့အတွက် အလောင်းတွေ့တဲ့နေရာ နံဘေးက စနေအသင်းဘုရားကျောင်းမှာ ရွာသားတွေ စုဝေးကြတဲ့အချိန် အဲဒီရေတွင်းထဲက အပုတ်နံ့ရခဲ့တာကြောင့် ဒီဇင်ဘာလ ၂၆ ရက်နေ့မှာတော့ ရေတွင်းကို မြေနဲ့ဖုံးလိုက်ကြတယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၂၂ ရက်နေ့နဲ့ ၂၅ ရက်နေ့တွေမှာလည်း ဝကုန်းရွာထဲနဲ့ အနီးအနားက ဗဲ့မဲတတ် တောင်တစ်ဝိုက်မှာ ကော်သူးလေတပ်မတော်နဲ့ KNU တပ်မဟာ ၄ တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကော်သူးလေတပ်မတော် ရဲဘော်တွေကတော့ အပုတ်နံ့ရတဲ့ ခရစ်စမတ်နေ့အထိ အဲဒီစစ်ဆေးရေးဂိတ်မှာ ရှိနေကြကာ KNU တပ်ဖွဲ့တွေက နယ်မြေရှင်းလင်းတဲ့ ပုံစံလုပ်ဆောင်ခဲ့တာကြောင့် ကော်သူးလေတပ်မတော်ရဲ့ တပ်ဖွဲ့တွေ ဝကုန်းရွာထဲကနေ တိမ်းရှောင်သွားတယ်လို့ သိရပါတယ်။
စောကညောဒိုစိုးဟာ အရှေ့တောဒေသမှာ ဆိုင်ကယ်တစ်စီးနဲ့ သွားလာနေတတ်သူ ဖြစ်ပြီး သူ စတင်ပျောက်ဆုံးတဲ့ အချိန်က အရှေ့တောဒေသမှာ KNU တပ်မဟာ ၄ က ဒုတပ်ခွဲမှူး စောဖားဂျိုးကို ကော်သူးလေတပ်မတော်ဘက်က သတ်ဖြတ်ခဲ့တာကြောင့် နှစ်ဖက်စစ်ရေးပိုမိုတင်းမာနေတဲ့ အချိန်လည်း ဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးသူ ကညောဒိုစိုးရဲ့အလောင်းကိုတော့ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ သင်္ဂြိုဟ်လိုက်ပြီး သေဆုံးသူမှာ ဇနီးဖြစ်သူနဲ့ အသက် ၂ နှစ်အရွယ် သားတစ်ဦး ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ အစပိုင်းမှာလည်း အရှေ့တောဒေသမှာရှိတဲ့ ကော်သူးလေတပ်မတော် ဆာကဆောတပ်မ (တပ်ရင်း ၃)က သံတိုသံစလိုက်ဝယ်နေတဲ့ အမျိုးသားသုံးဦးကို လည်လှီးသတ်ဖြတ်ခဲ့ပါတယ်လို့ ဒေသသတင်းများအရ သိရပါတယ်။
========================
🚩🚩 ၃။ တောင်ငူ -သံတောင်လမ်း ၆ မိုင်တွင် တိုက်ပွဲဖြစ်ပွားကာ စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ
ဇန်နဝါရီ ၁၂
Radio NUG
ဇန်နဝါရီလ ၁၀ ရက် မွန်းတည့် ၁၂ နာရီက သံတောင်ကြီးမြို့နယ်၊ တောင်ငူ - သံတောင်လမ်းမပေါ် တွင် တပ်မဟာ ၂ တပ်ရင်း ၅ နှင့် ပူးပေါင်းတပ်များ ၆ မိုင်တွင် လမ်းပိုင်းလုံခြုံရေးအတွက် ခရီးသွား ပြည်သူကားများကို စစ်ဆေးနေစဉ် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်း ၃၉ မှ ဘုရင့်နောင်တပ်မြို့သို့ ပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ThawThiKho မှ သတင်းထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီသား ၃ ဦးသေဆုံးပြီး M3 အမျိုး အစား သေနတ် ၃ လက်၊ ကျည်ဘောက် ၉ ခု၊ ကျည် အတောင့် ၂၀၀ ၊ စစ်ဖက်ဆိုင်ရာပစ္စည်းအချို့နှင့် ကား ၁ စီးဖျက်ဆီးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၄။ ချောက်တွင် တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းကို လိုက်လံ စုံစမ်းနေသည့် စစ်တပ်ထောက်တိုင် ထွန်းနိုင် ပစ်ခတ်ခံရပြီး သေဆုံး
ဇန်နဝါရီ ၁၂
Radio NUG
ဇန်နဝါရီလ ၁၁ရက်နေ့တွင် ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် ချောက်မြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းကို လိုက်လံစုံစမ်းနေသည့် ဆားလယ်ကျွန်းကျေးရွာတွင် နေထိုင်သော အကြမ်းဖက် စစ်တပ် ဒေါက်တိုင် ထွန်းနိုင်ကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Chauk Revolution Force - CRF မှ သတင်းထုတ်ပြန်ထားပါတယ်။
တော်လှန်ရေး ရဲဘော်တွေနဲ့ ထောက်ပို့ လုပ်နေတဲ့ သူတွေနဲ့ သတင်းကို ချောက်မြို့နယ် ခရိုင်မှူးနဲ့ ပေါင်းပြီး ဝင်ရောက် ဖမ်းဆီးခိုင်းတာတွေ လုပ်တဲ့အတွက် အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့်လည်း ဆက်လက် လုပ်ဆောင်နေလို့ ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို Chauk Revolution Force (CRF) နှင့် Kyaukpadaung special defense Force တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး အထိနာသွားတဲ့ စစ်ကောင်စီ တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီးသွားပြီး နေအိမ် ၅ လုံး ကို မီးရှို့ဖျက်ဆီး
ဇန်နဝါရီ ၁၂ ရက်၊
Radio NUG
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ အထိနာသွားပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးသွားကာ နေအိမ် ၅ လုံးကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၁၁ ရက် နေ့လည် ၁ နာရီခွဲ အချိန်မှာ အင်အား ၁၂၀ ခန့်ရှိ စစ်ကောင်စီ စစ်ကြောင်းက ပုလောမြို့နယ် တပို ဆယ်အိမ်စု ကျေးရွာကို စစ်ကောင်စီတပ်က အင်အား ၁၂၀ ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။
၎င်း စစ်ကြောင်းကို မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း၊ ဒရုန်းတပ်ဖွဲ့မှ ဗုံးသီး အလုံး ၂၀ ကြဲချတိုက်ခိုက်ခဲ့ရာ ၈ ဦးထက် မနည်း ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အထိနာသွားတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ နေ့လည် ၂ နာရီခန့်မှ တပိုဆယ်အိမ်စုမှ ပါဒစက်တော်ရာ ဘုရားကို ပြန်လည် ဆုတ်ခွာခဲ့ပြီး တပို ဆယ်အိမ်စု ကျေးရွာမှ အမျိုးသား ၂ ဦး ကိုလည်း ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ သိရပါတယ်။
ထို့အပြင် ဆုတ်ခွာရာ လမ်းတလျောက်က ပြည်သူ့နေအိမ် ၅ လုံးနဲ့ ရာဘာခြံဧက ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ရာ ပြည်သူ့ကာကွယ်ရေး ရဲဘော်များက ကူညီငြိမ်းသတ်ပေးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၆။ ဆီဆိုင်မြို့နယ်က ပအိုဝ့်ရွာများကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံး
ဇန်နဝါရီ ၁၂ ရက်၊
Radio NUG
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်က ပအိုဝ့်ကျေးရွာများကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန် ဒဏ်ရာရခဲ့တယ်လို့ PNLA က ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက ဆီဆိုင်မြို့နယ်က ပအိုဝ်း ကျေးရွာများကို ၄ ကြိမ်တိုင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေ ၃ နာရီ အချိန်မှာ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဖြီကျွတ်ကျေးရွာကို ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ တောင်ယာမှ ပြန်လာတဲ့ ဒေသခံ အမျိုးသမီး ၃ ဦးကို ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
ဗုံးသီး ထိမှန်ခဲ့တာကြောင့် အမျိုးသမီး ၂ ဦးမှာ နေရာမှာပဲ သေဆုံသွားခဲ့ပြီး ကျန်အမျိုးသမီး တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ကလည်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ရဲ့ ဌာနချုပ်ကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
========================
🚩🚩 ၇။ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာအနီးကို စစ်ကောင်စီ ဗုံး ၄လုံး ကြဲချမှုကြောင့် နေအိမ် ၁လုံး ပျက်စီး
ဇန်နဝါရီ ၁၂
Radio NUG
ဇန်နဝါရီလ ၁၂ရက်နေ့) ၁၁ နာရီ ၃၀ မိနစ် ဝန်းကျင်ခန့်တွင် ရှမ်းပြည်နယ်တောင်ပိုင်း - ကရင်နီပြည် နယ်စပ် ဖယ်ခုံမြို့နယ် ၊ လအိကျေးရွာအနီးကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၁ လုံးအပါအဝင် ဗုံး ၄ လုံးကြဲချခဲ့ပြီး နေအိမ်တစ်လုံး ပျက်စီးမှုအနည်းငယ်ရှိကာ လူအထိအခိုက် မရှိကြောင်း KPV Newsမှာ ဖော်ပြထားပါတယ်။
ဗုံးကြဲခံရသည့် နေရာနားတွင် ဝ ဥ တူးနေတဲ့သူ၊ အုတ်ရိုက်နေတဲ့ သူတွေ ရှိပြီး လေယာဥ်လာချိန် အောက်ဖက်ကို ပြေးဆင်းလိုက်တာကြောင့် လူထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။
နောက်ဗုံး၂လုံးမှာ လအိရွာအနီးရှိ ဟန့်ဘူးကျေးရွာ ဘောလုံးကွင်းအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။
လအိကျေးရွာအနီးတစ်ဝှိုက်ရှိ ကျေးရွာများနှင့် စစ်ရှောင်စခန်းများကို စစ်ကောင်စီက မကြာခဏ ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေသည်မှာ ၇ကြိမ်ထက်မနည်း ရှိနေပြီဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၈။ စစ်မှုထမ်း အပတ်စဉ် (၅) သင်တန်းဆင်း တပ်သား ၂ ဦး ဒေါနတပ်ရင်းထံ လက်နက်နဲ့ အလင်းဝင်
ဇန်နဝါရီ ၁၂ ရက်၊
Radio NUG
တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် အခြေစိုက် ခမရ - ၅၉၉ တပ်ရင်းမှာ တာဝန်ထမ်းဆောင် နေရတဲ့ ၎င်းတပ်သား ၂ ဦးဟာ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ လက်နက်နဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ ဒေါနတပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
၎င်းတို့ နှစ်ဦးဟာ အမှတ် ၁၂ တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်းမှာ စစ်မှုထမ်း အပတ်စဉ် (၅) သင်တန်း တက်ရောက်ခဲ့ရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
၎င်းတို့နဲ့အတူ MA-3 သေနတ် တစ်လက်၊ MA-1 တစ်လက်၊ ကျည်ဘောက် ၆ ဘောက်၊ ကျည်ဆန် ၁၇၅ တောင့်နဲ့ လက်ပစ်ဗုံး တစ်လုံးတို့ကို ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။
လက်နက်နဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီ တပ်သား ၂ ဦးကို ငွေကြေးထောက်ပံ့တာတွေ ပြုလုပ်ခဲ့ကြောင်း ဒေါနတပ်ရင်းက ထုတ်ပြန်ထားတဲ့ ဓါတ်ပုံတွေမှာ တွေ့ရပါတယ်။
စစ်တပ်အာဏာ သိမ်းပြီးချိန်ကနေ ဒီနေ့ထိ ဒေါန တပ်ရင်းဆီ အလင်းဝင်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ ဦး ထက်မနည်း ရှိနေပြီး ဗိုလ်မှူး အဆင့်ရှိသူ ၂ ဦး ပါဝင်တယ်လို့ ဒေါနတပ်ရင်းထံက သိရပါတယ်။
စစ်ကောင်စီရဲ့ အဓမ္မ တပ်သားသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်က ရပ်တည်လိုတဲ့ စစ်ကောင်စီ လက်အောက်ခံ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ နီးစပ်ရာ တော်လှန်ရေး တပ်ဖွဲ့တွေထံ ဆက်သွယ် အလင်းဝင်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၉။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသတွင် မဟာမိတ်တပ်ပေါင်းစု သင်တန်းဆင်းပွဲ ပြုလုပ်
ဇန်နဝါရီ ၁၂
Radio NUG
အမှတ် (၁) စစ်ဒေသ တနေရာတွင် မဟာမိတ်တပ်ဖွဲ့များ ပါဝင်သော မဟာမိတ်တပ်ပေါင်းစု အခြေခံစစ်ပညာသင်တန်းဆင်းပွဲတစ်ခုကို ဇန်နဝါရီလအတွင်း ပြုလုပ်ခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)မှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါသင်တန်းတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ အခြေခံစစ်ပညာနှင့် နိုင်ငံရေးသင်တန်းများ ပို့ချခဲ့ပြီး ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ရဲဘော်များ အပါအဝင် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) မှ ရဲဘော်များ သင်တန်း တက်ရောက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
သင်တန်းဆင်းပွဲကို ဒေသခံပြည်သူများ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် မဟာမိတ်တပ်ဖွဲ့များမှ ရဲဘော်များ တက်ရောက်ခဲ့ကြပြီး ပြည်သူများက သင်တန်းဆင်း ရဲဘော်များကို ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment