၂၀၂၅ ဇန်နဝါရီလ ၁၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ NUGအစိုးရဟာ အဝေးရောက်အွန်လိုင်းအစိုးရမဟုတ်ဘဲ မြေပြင်အစိုးရဖြစ်နေပြီလို့ ကာကွယ်ရေးဝန်ကြီးတုံ့ပြန်ပြောဆို
📌 ၂။ သေနတ်ကိုင်တဲ့သူက လက်နက်မဲ့ပြည်သူတစ်ယောက်ထက်ပိုပြီးစိတ်ရှည်သည်းခံရမယ်လို့ဒုဝန်ကြီးခွန်စောဖူးပြော
📌 ၃။ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) ကို ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း ကျင်းပမည်ဖြစ်ကြောင်း NUG ပညာရေးဝန်ကြီးဌာန ထုတ်ပြန်
📌 ၄။ တအာင်းပြည်တစ်ခုလုံး ဗုဒ္ဓသာသနာတော်ကြီးတိုးတက် ပြန့်ပွားသွားစေရန် တအာင်းသံဃာတော်များနှင့် PSLF/TNLA၏ ထိပ်ပိုင်းခေါင်းဆောင်များမှ ဗဟိုသံဃာတော် အစည်းအဝေး ပြုလုပ်
📌 ၅။ သာယာဝတီအကျဉ်းထောင်တွင် ဖမ်းဆီးအကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုသူရအောင် ကျဆုံး
📌 ၆။ စစ်ကောင်စီလေတပ်မှ ကျောက်နီမော်ရွာအား ဗုံးကြဲတိုက်ခိုက်မှုကြောင့် အခက်အခဲများစွာ ကြုံတွေ့ နေကြရသော ပြည်သူများအား စားနပ်ရိက္ခာ ထောက်ပံ့
📌 ၇။ လေကြောင်း၊ လက်နက်ကြီး၊ မိုင်း ဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေး သင်တန်းကို မင်းကင်းမြို့နယ်အတွင်းရှိ ကျေးရွာ တစ်ခုတွင် ကျင်းပခဲ့ရာ သင်တန်းသား (၁၀၀) ဦး တက်ရောက်ခဲ့
📌 ၈။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အသက် ၁၈ နှစ်အောက်ကလေးငယ် သေဆုံးမှု အရေအတွက်၇၀၀နီးပါးရှိခဲ့
========================
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မြ၀တီမြို့ကို ထိုးစစ်ဆင်နေတဲ့ အောင်ဇေယျစစ်ကြောင်း ရှေ့တန်းစခန်းတစ်ခုကို သိမ်းပိုက်၊ လက်နက်ခဲယမ်းအများအပြား ရရှိ
🚩 ၂။ ရေး-မော်လမြိုင် အမှတ် ၈ ကားလမ်းတွင် ရေးဘီလူးတပ်ဖွဲ့က လုံခြုံရေး စစ်ဆေးစဉ် မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီး တစ်ဦးကို ဖမ်းဆီးရမိ
🚩 ၃။ ဘီးလင်းမြို့နယ် တဂေးလောင်း ကျေးရွာစာသင်ကျောင်းအား လက်လုပ်အသေခံဒရုန်း (Suicide Drone) ဖြင့် ပစ်မှတ်ထားတိုက်ခိုက်
🚩 ၄။ ကျိုက်ထိုမြို့နယ်အတွင်း (အမှတ်-၃၁၀) အမြောက်တပ်မှ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် လမ်းမီးတိုင်များ ထိခိုက်ပြီး နွားတစ်ကောင် ထိခိုက်
🚩 ၅။ မော်လူးမြို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကြဲချမှု အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံး
🚩 ၆။ အာဏာသိမ်းသည့်နေ့မှ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့အထိ စစ်ကောင်စီမှ ၁၄၀၉၃ ဦး သေဆုံးပြီး ဌာနချုပ်စခန်းပေါင်း ၁၇၃ ခုနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း ၅၈% သိမ်းပိုက်နိုင်ကာ စစ်ကောင်စီတပ်ဖွဲ့မှ ၁၄၇၆ဝ ဦး ပြည်သူ့ရင်ခွင် ခိုလှုံ
🚩 ၇။ မုံရွာခရိုင်တပ်ရင်း ၅ - Aung San Forceကအပတ်စဥ် (၆) သင်တန်းသားသစ်ခေါ်ယူ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ NUGအစိုးရဟာ အဝေးရောက်အွန်လိုင်းအစိုးရမဟုတ်ဘဲ မြေပြင်အစိုးရဖြစ်နေပြီလို့ ကာကွယ်ရေးဝန်ကြီးတုံ့ပြန်ပြောဆို
ဇန်နဝါရီ၁၆ရက်
Radio NUG
NUGအစိုးရဟာ အဝေးရောက်အွန်လိုင်းအစိုးရမဟုတ်ဘဲ မြေပြင်အစိုးရဖြစ်နေပြီလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဇန်နဝါရီလအတွင်း ဝါရင့်သတင်းသမား ဦးခင်မောင်စိုးနဲ့ မေးမြန်းခန်းမှာ ပြောဆိုပါတယ်။
"NUG ကို exile government လို့ ရေးကြပြောကြတာတွေ ကျွန်တော်လည်း သတိထားမိပါတယ်။ တကယ်ဆိုရင် NUG ဟာ အဝေးရောက်အစိုးရ online အစိုးရမဟုတ်ပါဘူး။ မြေပြင်အစိုးရဖြစ်နေပြီလို့ ကျွန်တော်တို့ပြောနိုင်ပါတယ်။ NUG မှာထာဝန်အကြီးဆုံးဖြစ်တဲ့ သမ္မတကြီးနဲ့ ဝန်ကြီးချုပ် ကိုယ်တိုင်ဟာ နိုင်ငံတွင်းမှာရှိနေတာဖြစ်ပါတယ်။ မြေပြင်မှာ ရှိကိုရှိရမယ့် ဝန်ကြီးဌာနများ ဝန်ကြီးများ ဆိုရင်လည်း မြေပြင်မှာဘဲရှိနေတာဖြစ်ပါတယ်"လို့ဝန်ကြီးကပြောပါတယ်။
လက်ရှိမှာ ကာကွယ်ရေးဝန်ကြီးကိုယ်တိုင် တော်လှန်ရေးနယ်မြေအတွင်း ရှိနေပြီးလွတ်မြောက်နယ်မြေများမှာ NUG အစိုးရရုံးစိုက်ထူကာ အလုပ်လုပ်ဖို့ ပြင်ဆင်နေပြီလို့ ကာကွယ်ရေးဝန်ကြီးက ထပ်လောင်းအတည်ပြုပြောကြားခဲ့ပါတယ်။
========================
📌📌 ၂။ သေနတ်ကိုင်တဲ့သူက လက်နက်မဲ့ပြည်သူတစ်ယောက်ထက်ပိုပြီးစိတ်ရှည်သည်းခံရမယ်လို့ဒုဝန်ကြီးခွန်စောဖူးပြော
ဇန်နဝါရီ၁၇ရက်
Radio NUG
သေနတ်ကိုင်တဲ့သူက လက်နက်မဲ့ပြည်သူတစ်ယောက်ထက် ပိုပြီးစိတ်ရှည်သည်းခံရမယ်လို့ ဒုဝန်ကြီးခွန်စောဖူးက ပြောကြားလိုက်ပါတယ်။
"သေနတ်ကိုင်တဲ့သူက လက်နက်မဲ့ပြည်သူတစ်ယောက်ထက် ပိုပြီးစိတ်ရှည်သည်းခံရမယ်။ မင်းတို့ကိုင်တဲ့သေနတ်က ပြည်သူကို ထုနှက်ဖို့မဟုတ်ဘူး"လို့ပြောပါတယ်။
လက်ရှိမှာ NUGကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ရဲဘော်များ လိုက်နာရမည့်ကျင့်ဝတ်နဲ့ စည်းကမ်းများကို ထုတ်ပြန်ထားပြီး တပ်ရင်းများတွင်လည်း လူ့အခွင့်အရေးသင်တန်းများ ပေးအပ်လျက်ရှိပါတယ်။
========================
📌📌 ၃။ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) ကို ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း ကျင်းပမည်ဖြစ်ကြောင်း NUG ပညာရေးဝန်ကြီးဌာန ထုတ်ပြန်
ဇန်နဝါရီ ၁၇
Radio NUG
၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) ကို ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း ကျင်းပမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၇ ရက်နေ့၊ ကြေညာချက်အမှတ် (၂/၂၀၂၅) ဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။
ယခုပြုလုပ်မည့် စနစ်သစ် ဒွါဒသမတန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီးသူနှင့် အခြေခံပညာ ဒွါဒသမတန်း(စနစ်သစ်)ကို သင်ယူလေ့လာဖူးသူ ဖြစ်ရမည်ဖြစ်ပြီး ဖြေဆိုမည့်သူများအနေဖြင့် Online, Offline နှစ်မျိုးစလုံးဖြင့် ဖြေဆိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ယခုစာမေးပွဲကို အလွတ်ကျက်မှတ်မှုကို အားပေးသည့် မေးခွန်းများအစား ခွဲခြမ်းစိတ်ဖြာသုံးသပ်၍ အသုံးချနိုင်မှုနှင့် လက်တွေ့ဘဝနှင့်ဆက်စပ်ပြီး ပြဿနာများကို တီထွင်ဖန်တီးဖြေရှင်းနိုင်မှုတို့ကို စစ်ဆေးအကဲဖြတ်သွားမည်ဖြစ်ပြီး ဖြေဆိုမည့်သူများအနေဖြင့် NUG အစိုးရ၊ ပညာရေးဝန်ကြီးဌာနက ထုတ်ထားသည့် စနစ်သစ်ဒွါဒသမတန်း သင်ခန်းစာများကို ကောင်းစွာလေ့လာထားသင့်ကြောင်း တိုက်တွန်းထားပါတယ်။
========================
📌📌 ၄။ တအာင်းပြည်တစ်ခုလုံး ဗုဒ္ဓသာသနာတော်ကြီးတိုးတက် ပြန့်ပွားသွားစေရန် တအာင်းသံဃာတော်များနှင့် PSLF/TNLA၏ ထိပ်ပိုင်းခေါင်းဆောင်များမှ ဗဟိုသံဃာတော် အစည်းအဝေး ပြုလုပ်
ဇန်နဝါရီ ၁၇
Radio NUG
ဇန်နဝါရီလ ၁၆ရက်တွင် တအာင်းပြည်၊ တပ်မဟာ (၅)နယ်မြေ၊ ကွတ်ခိုင်မြို့နယ်တွင် တအာင်းသံဃာတော်များနှင့် PSLF/TNLA၏ ခေါင်းဆောင်များမှ ဗဟိုသံဃာတော်အစည်းအဝေးကို ပြုလုပ်ကျင်းပခဲ့ကြောင်း TNLAမှ သတင်းထုတ်ပြန်ပါတယ်။
အစည်းအဝေးကို နံနက် (၉း၀၀)နာရီမှ (၁၂း၀၀)နာရီအထိ ကွတ်ခိုင်မြို့နယ် ဟိုကျန့်ကျေးရွာ ရွှေကမ္ဘာအေးကျောင်းတိုက်တွင် တအာင်းသံဃာတော်အဖွဲ့မှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဗိုလ်ချုပ် တားဘုန်းကျော်မှ သာသနာတော်များ တိုးတက်စေရန် တစ်ဖက်တစ်လှမ်းဖြင့် ကူညီသွားမည်ဖြစ်ကြောင်းနှင့် တအာင်းပြည်တစ်ခုလုံး ဗုဒ္ဓသာသနာတော်ကြီးတိုးတက် ပြန့်ပွားသွားစေရန် တအာင်းသံဃာတော်အဖွဲ့မှ အလုပ်ပိုမိုလုပ်ဆောင်ရန် လိုအပ်ကြောင်း ဆွေးနွေးလျှောက်တင်ခဲ့တယ်လို့ သိရပါတယ်။
ထိုအစည်းအဝေးတွင် (၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သော အမျိုးဘာသာ၊ သာသနာပြုလုပ်ငန်းများ တင်ပြခြင်း၊ ရှေ့လုပ်ငန်းစဥ်များ တင်ပြဆွေးနွေးခဲ့ခြင်းများ ပြုလုပ်ခဲ့ပြီး ယခုနှစ်တွင်လည်း ဩဝါဒစရိယဆရာတော်များက ပိဋကတ်သုံးပုံတရားတော်များကို တအာင်းဘာသာဖြင့် ပြန်ဆိုရေးသားရန် အတည်ပြုခဲ့ပါတယ်။
ရှေ့လုပ်ငန်းစဉ်များမှာ သာသနာရေးဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲရေးနှင့် ဗုဒ္ဓတက္ကသိုလ်ဖွင့်လှစ်နိုင်ရေး၊ တအာင်းသံဃာတော်များ ခေတ်မှီသော ပညာရေးဖြင့် သာသနာပြုစွမ်းရည် တိုးတက်မြင့်မာလာစေရေးနှင့် တအာင်းသံဃာတော်များ လူမျိုးဘာသာ သာသနာကို မြှင့်တင်နိုင်ရေးတို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အစည်းအဝေးကို မြို့နယ်ပေါင်းစုံမှ သံဃာတော် (၆၅) ပါးနှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ ထိပ်ပိုင်းခေါင်းဆောင်များဖြစ်ကြသော ဗိုလ်ချုပ် တားဘုန်းကျော်၊ အထွေထွေအတွင်းအရေးမှူး (၂) ဗိုလ်မှူးကြီး တားပါင်လ၊ ဌာနဆိုင်ရာများ၊ သာသနာရေးဌာနများမှ စုစုပေါင်းလူဦးရေ (၂၀)ဦး တက်ရောက်ခဲ့ကြကြောင်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၅။ သာယာဝတီအကျဉ်းထောင်တွင် ဖမ်းဆီးအကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုသူရအောင် ကျဆုံး
ဇန်နဝါရီ ၁၇
Radio NUG
၂၀၂၅ခုနှစ် ဇန်နဝါရီလ(၅)နေ့ ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်ရှိ အမျိုးသားဆောင် အဆောင်(၄)တွင် လက်နက်ပုဒ်မ ၂၃(က)ဖြင့် စစ်ခုံရုံးမှ ထောင်ဒဏ်(၃)နှစ် အပြစ်ချမှတ်ခံထားရသည့် အသက်(၃၂)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုသူရအောင် (ခ) ကိုကုလားကြီးသည် ရုတ်တရက် နှလုံးဖောက်ခြင်းရောဂါကြောင့် ကျဆုံးခဲ့ရသည်ဟု အကျဉ်းထောင်တာဝန်ရှိသူများထံမှ သိရှိရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ သတင်းထုတ်ပြန်ပါတယ်။
ကိုသူရအောင်အား ၂၃.၆.၂၀၂၄ တွင် မြောက်ဥက္ကလာပ နယ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးချိန်တွင် ကိုသူရအောင်သည် နှလုံးနှင့်ပက်သက်၍ ရောဂါမရှိပဲ ကျန်းမာသန်စွမ်းသူ တစ်ဦးဖြစ်ကြောင်း သိရှိရပြီး ယခုကဲ့သို့ ရုတ်တရက်နှလုံးဖောက်ခြင်းကြောင့် သေဆုံးရသည် ဟူသည့် အကျဉ်းထောင်အာဏာပိုင်များ၏ ပြောဆိုချက်အား မှန်ကန်မှုရှိမရှိကိုမှု စိစစ်ရန်လိုအပ်လျက်ရှိကြောင်း PPNM အဖွဲ့အစည်းအနေဖြင့် အသိပေးထုတ်ပြန်ထားပါတယ်။
========================
📌📌 ၆။ စစ်ကောင်စီလေတပ်မှ ကျောက်နီမော်ရွာအား ဗုံးကြဲတိုက်ခိုက်မှုကြောင့် အခက်အခဲများစွာ ကြုံတွေ့ နေကြရသော ပြည်သူများအား စားနပ်ရိက္ခာ ထောက်ပံ့
ဇန်နဝါရီ ၁၇
Radio NUG
အာရက္ခပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့တွင် စစ်ကောင်စီလေတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်နှင့် ပစ္စည်းဥစ္စာများ မီးလောင်ဆုံးရှုံးရပြီး အခက်အခဲများ ကျရောက်နေသော ပြည်သူများအား ULA/AA မှ အရေးပေါ်ရိက္ခာဆန် (၁) ပတ်စာကို အိမ်ထောင်စု (၃၇၉) စု၊ ကျား (၇၃၂) ဦး၊ မ(၉၅၀) ဦး၊ စုစုပေါင်း (၁၆၈၂) ဦး တို့အား ၁၄-၀၁-၂၀၂၅ ရက်နေ့တွင် အရေးပေါ်ကူညီထောက်ပံ့မှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း HDCOမှ သတင်းထုတ်ပြန်ပါတယ်။
ထို့အပြင် ဒဏ်ရာရလူနာများကို ဆေးကုသပေးခြင်းများအပါအဝင် အခြားလိုအပ်ချက်များစွာတို့အားလည်း ကြိုးစားဖြည့်ဆည်းပေးလျက် ရှိတယ်လို့ ဖော်ပြထားပါတယ်။
ယင်းတိုက်ခိုက်မှုကြောင့် မူဆလင်ပြည်သူအများစုနေထိုင်ရာ တောင်ပိုင်းရပ်ကွက်အပါအဝင် မြောက်ပိုင်းရပ်ကွက်နှင့် အလယ်ပိုင်းရပ်ကွက်တို့မှ ပြည်သူ (၂၈) ဦး သေဆုံးပြီး၊ (၁၂) ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည့်အပြင် ရုပ်အလောင်းပင် ရှာမတွေ့သော ပြည်သူ (၁၁) ဦးထိ ရှိခဲ့ကာ လူနေအိမ် စုစုပေါင်း ၃၉၈ ဆောင်ခန့်မှာလည်း မီးလောင် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
၎င်းပြည်သူများအား အကူအညီများ ဆက်လက်ဆောင်ရွက်ပေးနိုင်ရေးအတွက်လည်း လူမှုကယ်ဆယ်၊ ကူညီရေးအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၇။ လေကြောင်း၊ လက်နက်ကြီး၊ မိုင်း ဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေး သင်တန်းကို မင်းကင်းမြို့နယ်အတွင်းရှိ ကျေးရွာ တစ်ခုတွင် ကျင်းပခဲ့ရာ သင်တန်းသား (၁၀၀) ဦး တက်ရောက်ခဲ့
ဇန်နဝါရီ၁၇ရက်
Radio NUG
လေကြောင်း၊ လက်နက်ကြီး၊ မိုင်း ဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေး သင်တန်းကို မင်းကင်းမြို့နယ် အတွင်းရှိ ကျေးရွာ တစ်ခုတွင် ကျင်းပခဲ့ရာ သင်တန်းသား (၁၀၀) ဦး တက်ရောက်ခဲ့တယ်လို့ ဇန်နဝါရီ၁၇ရက်မှာ CDM ကထိကဆရာမ ဒေါ်ရတီအုန်းက အသိပေးဆိုထားပါတယ်။
သက်မွေးပညာကော်မတီ (ကလေးခရိုင်)၊ လူသားစာနာ (မင်းကင်းမြို့နယ်)၊ Mobile Medical Team-West Division တို့ ပူးပေါင်းဖွင့်လှစ်သည့် လေကြောင်း၊ လက်နက်ကြီး၊ မိုင်း ဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေး သင်တန်းကို မင်းကင်းမြို့နယ်အတွင်းရှိ ကျေးရွာ တစ်ခုတွင် ကျင်းပခဲ့ရာ သင်တန်းသား (၁၀၀) ဦး တက်ရောက်ခဲ့ပါတယ်လို့ဆိုပါတယ်။
လက်ရှိမြေပြင်စာသင်ကျောင်းများစကစရဲ့ ဗုံးဒဏ်ဘေးကင်းရေးပုန်းခိုကျင်းများကိုလည်း တည်ဆောက်ပေးလျက်ရှိပါတယ်။
========================
📌📌 ၈။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အသက် ၁၈ နှစ်အောက်ကလေးငယ် သေဆုံးမှု အရေအတွက်၇၀၀နီးပါးရှိခဲ့
ဇန်နဝါရီ၁၇ရက်
Radio NUG
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အသက် ၁၈ နှစ်အောက်ကလေးငယ် သေဆုံးမှု အရေအတွက်မှာ ၂၀၂၁ ခုနှစ်တွင် (၁၀၁) ဦး၊ ၂၀၂၂ ခုနှစ်တွင် (၁၃၆) ဦး၊ ၂၀၂၃ ခုနှစ်တွင် (၂၀၈) ဦးနှင့် ၂၀၂၄ ခုနှစ်တွင် (၂၄၈) ဦး၊ စုစုပေါင်း (၆၉၃) ဦး ရှိခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့တယ်လို့ဆိုပါတယ်။
အဆိုပါ သေဆုံးသူများအနက် သေဆုံးရသည့် အကြောင်းအရင်းအနေဖြင့် (၂၂၈) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ကြပြီး (၂၀၉) ဦးမှာ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒုတိယအများဆုံး သေဆုံးခဲ့ကြရပါတယ်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ဘေးရှောင် နှစ်ဦးဖြစ်သော ကွမ်းတောင်ကျေးရွာသား မောင်မျိုးဇော်ထွန်း၊ တန်းခိုးကျေးရွာသူ မဦးဆန်းနွယ်နှင့် ယိုးတရုပ်ကျေးရွာသူ ဒေါ်မသာလှ တို့သုံးဦးသည် ဗုံးစထိမှန်၍ သေဆုံးခဲ့ကြပြီး ယိုးတရုပ်ကျေးရွာသား ကိုလှဖြူနှင့် စံပြရပ်ကွက်နေ အသက် ၉ နှစ်အရွယ် မောင်မျိုးဟိန်းအောင်တို့သည် ဗုံးစထိမှန်ဒဏ်ရာဖြင့် ဆေးကုသရန် ပို့ဆောင်နေစဉ် လမ်းခုလတ်၌ သေဆုံးခဲ့ရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မြ၀တီမြို့ကို ထိုးစစ်ဆင်နေတဲ့ အောင်ဇေယျစစ်ကြောင်း ရှေ့တန်းစခန်းတစ်ခုကို သိမ်းပိုက်၊ လက်နက်ခဲယမ်းအများအပြား ရရှိ
ဇန်နဝါရီ ၁၇
Radio NUG
ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေး ရှေ့တန်းစခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း ကျားသစ်နက်စစ်ကြောင်းမှ သတင်းထုတ်ပြန်ပါတယ်။
ထိတွေ့တိုက်ပွဲ နေ့စဉ်ဖြစ်ပွားနေပြီး လေကြောင်းတိုက်ခိုက်မှုများလည်း ရှိကာ ထိခိုက်သေဆုံးမှု မသိသေးဘူးလို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဗျူဟာ ၃၂ ပူးပေါင်းစစ်ကြောင်းများဖြစ်သော ကျားသစ်နက်စစ်ကြောင်း ၊ Cobra စစ်ကြောင်း ၊ Venom စစ်ကြောင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ ရေး-မော်လမြိုင် အမှတ် ၈ ကားလမ်းတွင် ရေးဘီလူးတပ်ဖွဲ့က လုံခြုံရေး စစ်ဆေးစဉ် မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီး တစ်ဦးကို ဖမ်းဆီးရမိ
ဇန်နဝါရီ ၁၇
Radio NUG
ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်အချိန်တွင် ရေးမြို့နယ်၊ ခမရ ၅၈၆ တပ်၊ ၃၄၃ တပ်၊ ၅၈၇ တပ် အနီးရှိ ရေး-မော်လမြိုင် အမှတ် ၈ ကားလမ်းမကြီးတွင် ရေးဘီလူးတပ်ရင်းက လုံခြုံရေးအရ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာတွင် တပ်ကြပ်ကြီးအဆင့်ရှိ မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရေးဘီလူးအဖွဲ့ထံမှ သိရပါတယ်။
အဆိုပါနေ့ရက် ညနေ ၄ နာရီ ဝန်းကျင်က စပြီး အပလိုင်ကျေးရွာ၊ စုံပတောက်ကျေးရွာ ၊ တောင်စွန်ကျေးရွာ၊ စုံနံသာကျေးရွာ၊ ကွန်ဒူးကျေးရွာ၊ အဆင်းလမ်းတွေကို စစ်ကောင်စီမှ ပိတ်လိုက်တယ်လို့ သိရပါတယ်။
KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ရေးမြို့မှ လွဲ၍ ရေးမြို့နယ်တစ်ခုလုံးတွင် နယ်မြေစိုးမိုးထားပြီး စစ်တပ်က ရေးမြို့ပေါ်တွင် လုံခြုံရေး အထူး တိုးမြှင့်ထားတယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ ဘီးလင်းမြို့နယ် တဂေးလောင်း ကျေးရွာစာသင်ကျောင်းအား လက်လုပ်အသေခံဒရုန်း (Suicide Drone) ဖြင့် ပစ်မှတ်ထားတိုက်ခိုက်
ဇန်နဝါရီ ၁၇
Radio NUG
ဇန်နဝါရီလ (၁၆) ရက်နေ့ ညနေ (၅) နာရီဝန်းကျင်တွင် ဘီးလင်းမြို့နယ် တဂေးလောင်း ကျေးရွာစာသင်ကျောင်းအား လက်လုပ်အသေခံဒရုန်း (Suicide Drone) (၂)စင်းဖြင့် စစ်ကောင်စီမှ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ ဒရုန်းတစ်စင်းသည် စာသင်ကျောင်းဆောင်ခေါင်မိုးအား ထိမှန်ခဲ့ပြီး အခြားတစ်စင်းမှာ စာသင်ကျောင်းနှင့် မနီးမဝေးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။
၎င်းပစ်ခတ်မှုကြောင့် စာသင်ကျောင်းဆောင်ခေါင်မိုးနှင့် မျက်နှာကျက်များ ပျက်စီးခဲ့ပြီး တဂေးလောင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရွာများမှ ပြည်သူများ ကြောက်ရွံ့ထိတ်လန့်နေကြသည့်အပြင် စာသင်ကျောင်းများကိုလည်း လက်ရှိအခြေနေအရ ခေတ္တပိတ်ထားခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အထက်ပါ အသေခံဒရုန်း(Suicide Drone) (၂)စင်းသည် ကျေးရွာစာသင်ကျောင်းနှင့် လူနေထိုင်ရာရပ်ရွာထဲသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရပါတယ်။
========================
🚩🚩 ၄။ ကျိုက်ထိုမြို့နယ်အတွင်း (အမှတ်-၃၁၀) အမြောက်တပ်မှ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် လမ်းမီးတိုင်များ ထိခိုက်ပြီး နွားတစ်ကောင် ထိခိုက်
ဇန်နဝါရီ ၁၇
Radio NUG
ကျိုက်ထိုမြို့နယ်အတွင်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ (အမှတ်-၃၁၀) အမြောက်တပ်မှ ည (၈)နာရီ (၄၅)မိနစ်အချိန်တွင် (၈၁)မမ လက်နက်ကြီး (၂)လုံး ပစ်ခတ်မှုကြောင့် အခိုင်ကျေးရွာအရှေ့ဘက်ခြမ်းတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ လက်နက်ကြီးများပစ်ခတ်မှုကြောင့် အခိုင်ကျေးရွာနေ ဦးအောင်ငွေ ခြံထဲသို့ လက်နက်ကြီး (၁)လုံး၊ ကိုဝင်းမောင် ခြံထဲသို့ လက်နက်ကြီး (၁)လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လမ်းမီးတိုင်များနှင့် နွားတစ်ကောင်လည်း အနည်းငယ် ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ မော်လူးမြို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကြဲချမှု အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံး
ဇန်နဝါရီ ၁၇
Radio NUG
ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်း၊ မော်လူးမြို့ကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ အပါအဝင် ဗုံး ၄ လုံး ကျဲချမှုကြောင့် ဈေးသည်အမျိုးသမီးတစ်ဦးနှင့် ခရီးသွားပြည်သူ ၂ ဦး ထိခိုက်သေဆုံးပြီး မော်လူးမြို့ ဌာနဆိုင်ရာရုံးတစ်ခု ၊ ပြည်သူ့နေအိမ် အများအပြား ပျက်စီးကာ မော်တော်ယာဉ်များလည်း ပျက်စီးကြောင်း စစ်ရေးသတင်းများအရ သိရပါတယ်။
မော်လူးမြို့အဝင်ရှိ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့၏ စစ်ဆေးရေးဂိတ်နှင့် အနီးဝန်းကျင်နေရာများကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံး လေးလုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
မြို့အဝင်စစ်ရေးဂိတ်နှင့် အနီးတစ်ဝိုက်ရှိ မင်းသီရီ၊ မင်းသစ္စာ၊ မင်းသုခရပ်ကွက်တို့တွင် ဗုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံနှင့် ခရီးသွားပြည်သူ စုစုပေါင်း ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မော်လူးမြို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ရက်နေ့တွင် သိမ်းပိုက်ခဲ့ပါတယ်။
========================
🚩🚩 ၆။ အာဏာသိမ်းသည့်နေ့မှ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့အထိ စစ်ကောင်စီမှ ၁၄၀၉၃ ဦး သေဆုံးပြီး ဌာနချုပ်စခန်းပေါင်း ၁၇၃ ခုနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း ၅၈% သိမ်းပိုက်နိုင်ကာ စစ်ကောင်စီတပ်ဖွဲ့မှ ၁၄၇၆ဝ ဦး ပြည်သူ့ရင်ခွင် ခိုလှုံ
ဇန်နဝါရီ ၁၇
Radio NUG
အာဏာသိမ်းသည့်နေ့မှ ၂၀၂၄ခုနှစ် ဒီဇင်ဘာ ၂၉ရက်နေ့အထိ စစ်ကောင်စီရဲ့ တရားဝင်ဖွင့်လှစ် ကူးသန်းရောင်းဝယ်နေသော နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် လျာထားနယ်စပ်ကုန်သွယ်ရေးစခန်းများကို စစ်ကောင်စီမှ ၄၂%သာ ထိန်းချုပ်နိုင်ပြီး တော်လှန်ရေးအင်အားစုများမှ ၅၈%အထိ ထိန်းချုပ်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။
အရာရှိကြီးများ/ အရာရှိများ ၁၃၅ ဦး သေဆုံးပြီး ၁၂၇ဦး ဒဏ်ရာရရှိကာ စုစုပေါင်း ၄၄၂ ဦး ရှိတယ်လို့ ဖော်ပြထားသလို ထိုအထဲမှ ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်နှင့် ဗိုလ်မှူးကြီး အဆင့် ၅၃ ဦး သေဆုံး/ ဒဏ်ရာရ/ သုံ့ပန်းအဖြစ် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
စစ်သား၊ ရဲနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၄၀၉၃ ဦး သေဆုံးပြီး ၇၃၆၃ ဦး ဒဏ်ရာရကာ စုစုပေါင်း ၂၁၄၅၆ ဦး ရှိတယ်လို့ ဖော်ပြထားသလို အဆိုပါ အရေအတွက်သည် တပ်မ အင်အား ၁၀ခု နှင့် ညီမျှတဲ့ အင်အားပြုန်းတီးမှု ဖြစ်တယ်လို့ သိရပါတယ်။
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရန်သူ့စခန်းပေါင်း ၇၄၂ ခု သိမ်းပိုက်နိုင်ခဲ့ပြီး ထိုအရေအတွင်ထဲမှ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် တနင်္သာရီ တိုင်းတို့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ဒေသကာကွယ်ရေးတပ်များမှ စခန်းပေါင်း ၁၆၂ ခု သိမ်းပိုက်ထားတယ်လို့ ဖော်ပြထားပါတယ်။
တိုင်းစစ်ဌာနချုပ် (၂) ခု၊ လေတပ်ဆွယ် (၂) ခု၊ ဒကစဌာနချုပ် (၁) ခု၊ တိုက်ခိုက်ရေးနောက်တန်း စခန်း (၈၆) ခု၊ စကခဌာနချုပ် (၅) ခု၊ လက်ရုံး နောက်တန်းစခန်း(၅၄) ခု၊ စစ်ဗျူဟာ အခြေချစခန်း (၆) ခု၊ နယ်ခြားစောင့်စခန်း (၁၇)ခု စုစုပေါင်း အခြေစိုက်ဌာနချုပ်စခန်းပေါင်း ၁၇၃ ခု စစ်ကောင်စီ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
တပ်မ၊ စကစ စုစုပေါင်း တပ်ရင်း (၂၈၂) ရင်းတွင် အနည်းဆုံး တပ်ရင်း (၁ဝ၁) ရင်း ခန့် ဖွဲ့စည်းပုံ ပျက်နေပြီ ဖြစ်ကာ (၁၄၂) ရင်းသည် အင်အားချိနဲ့လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
ပြည်သူ့ရင်ခွင် ခိုလှုံလာသူများတွင် စစ်တပ်မှ (၃၈၇၂) ဦး၊ ရဲတပ်ဖွဲ့မှ (၁ဝ၈၈၈) ဦး၊ စုစုပေါင်း (၁၄၇၆ဝ) ဦး အလင်းဝင်လာခဲ့ပြီး လက်နက်ဖြင့် အလင်းဝင်သူ (၂၁ဝ) ဦးထံမှ လက်နက်မျိုးစုံ (၂၂၈)ခု၊ ခဲယမ်းကျည်မျိုးစုံ (၃၂၇၀၇)ခု ရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၇။ မုံရွာခရိုင်တပ်ရင်း ၅ - Aung San Forceကအပတ်စဥ် (၆) သင်တန်းသားသစ်ခေါ်ယူ
ဇန်နဝါရီ၁၇ရက်
Radio NUG
မုံရွာခရိုင်တပ်ရင်း ၅ - Aung San Forceက အပတ်စဥ် (၆) သင်တန်းသားသစ်ခေါ်ယူနေကြောင်း ဇန်နဝါရီ၁၇ရက်မှာ မုံရွာခရိုင်တပ်ရင်း ၅ - Aung San Forceက အသိပေးကြေညာပါတယ်။
"မုံရွာခရိုင်တပ်ရင်း ၅ - Aung San Force နှင့် အတူ တော်လှန်တိုက်ပွဲဝင်လိုသော အနယ်နယ်မှ တော်လှန်လူငယ်များကို အခြေခံစစ်ပညာသင်တန်း၊ အပတ် စဥ် ၆ မှာ လာရောက်ပူးပေါင်းကြဖို့ ဖိတ်ခေါ်အပ်ပါတယ်"လို့ဆိုပါတယ်။
အရည်အချင်းသတ်မှတ်ချက်များအနေနဲ့ ကျန်းမာရေးကောင်းမွန်ပြီး အသက် ၁၈ နှစ် နှင့် ၄၅ နှစ်ကြားရှိသူ၊ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် တပ်မတော်သားကောင်းတစ်ယောက်အဖြစ် နေထိုင်ကြိုးစားလိုစိတ် ပြင်းပြသူ၊ အထက် အဆင့်ဆင့်မှ ပေးအပ်သော တာဝန်များအား နေရာ၊ ဒေသ မရွေး ကျေပွန်စွာ ထမ်းဆောင်နိုင်သူဖြစ်ရမယ်လို့ဆိုထားပါတယ်။
အထက်ပါ အရည်အချင်းသတ်မှတ်ချက်များနှင့် ကိုက်ညီသော မည်သူမဆိုတပ်ဖွဲ့ Facebook Page Messenger မှလည်းကောင်း၊ 09 952 902 256 သို့လည်းကောင်း၊ ဆက်သွယ်စုံစမ်းလျှောက်ထားနိုင်ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment