၂၀၂၅ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ တော်လှန်ရေးသမိုင်းမှာ ပေးဆပ်ရတဲ့ ကျန်းမာရေး ဝန်ထမ်း ၁၃၄ဦးရှိသွားပြီဖြစ်ကာ တရားမျှတမူ ရအောင်ရှာသွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြော
📌 ၂။ လုံခြုံရေးကောင်စီမှ ထိရောက်သည့် အရေးယူ ဆောင်ရွက်မှု မရှိသည့်အပေါ် မြန်မာပြည်သူများအနေဖြင့် အလွန်အမင်း စိတ်ပျက်နေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းသတင်းစကားပါး
📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေး(၁/၂၀၂၅) ကျင်းပ
📌 ၄။ နိုင်ငံတကာအသိုင်းအဝန်းက မြန်မာပြည်သူတွေကို စစ်မှန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပေးစွမ်းဖို့အချိန်အခါဖြစ်တယ်လို့ မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် တွမ်အင်ဒရူး ပြော
📌 ၅။ ရွေးကောက်ပွဲအတွက် လုပ်စရာတွေ ကျန်သေးလို့ဆိုပြီး စစ်ခေါင်းဆောင်မှ အရေးပေါ်ကာလ သက်တမ်းထပ်တိုး
📌 ၆။ စစ်သားများ လာစောင့်ကြသော်လည်း မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲသူ ပိုမိုများပြားလာ
========================
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ကရင်အမျိုးသားအစည်းအရုံး (ဗဟို) ဌာနချုပ်၌ (၇၆) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားအား အောင်မြင်စွာ ကျင်းပပြုလုပ်
🚩 ၂။ လေယာဉ်ဆုံးရှုံးမှာစိုးလို့ လာရောက်ကယ်တင်ခြင်း မပြုလုပ်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် ၅၀ကျော်ကို CNO/CNDF ဖမ်းဆီးထိန်းသိမ်းထား
🚩 ၃။ ရှမ်းတောင်/ကရင်နီ တကြောမှာ စကစ စစ်ကြောင်းတွေကို စစ်ဆင်ရေးနဲ့ တိုက်ခိုက်နေတယ်လို့ FALCON WINGS Droneအဖွဲ့အသိပေး
🚩 ၄။ ရေးမြို့နယ်ရှိ ခမရ ၅၉၁ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
🚩 ၅။ အကြမ်းဖက်စစ်တပ်မှ စဉ့်ကူးမြို့ပေါ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံအား လေကြောင်းတိုက်ခိုက်မှု ပြုလုပ်
🚩 ၆။ တနင်္သာရီမြို့နယ်အတွင်း စစ်ပွဲကာလကြာရှည်နိုင်သဖြင့် ကြိုတင်ပြင်ဆင်ကြရန် ပြည်သူလူထုကို အသိပေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ တော်လှန်ရေးသမိုင်းမှာ ပေးဆပ်ရတဲ့ ကျန်းမာရေး ဝန်ထမ်း ၁၃၄ဦးရှိသွားပြီဖြစ်ကာ တရားမျှတမူ ရအောင်ရှာသွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြော
ဇန်နဝါရီ၃၁ရက်
Radio NUG
တော်လှန်ရေးသမိုင်းမှာ ပေးဆပ်ရတဲ့ ကျန်းမာရေးဝန်ထမ်း၁၃၄ဦးရှိသွားပြီဖြစ်ကာ တရားမျှတမူ ရအောင်ရှာသွားမယ်လို့ ဝါရင့်သတင်သမားဦးခင်မောင်စိုးနဲ့ သီးသန့်မေးမြန်းရာမှာ ပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ရဲ့တော်လှန်ရေးသမိုင်းမှာ ပေးဆပ်ရတဲ့ တကယ်တော့ ကျန်းမာရေးဖက်က၊ ပေးဆပ်ရတဲ့သူပေါင်း၁၃၄ဦးရှိသွားပါပြီ။ ကျွန်တော် သူတို့အတွက် ဘယ်တော့မှ မမေ့မှာဖြစ်သလို၊ ဘယ်တော့မှလည်း ကျွန်တော်တို့ ကျေအေးမှာမဟုတ်ပါဘူး။ တရားမျှတမူ ရအောင်ရှာသွားမယ်လို့ ပြောချင်ပါတယ်။ ဒါအပြင် ဒီအဖြစ်အပျက်မျိုးတွေနဲ့ ပတ်သက်ပြီးတော့၊ ကျွန်တော်တို့အားလုံးလည်း သတိထားဖို့လိုပါတယ်"လို့ ဝန်ကြီးကပြောပါတယ်။
ဇန်နဝါရီ၂၅ ရက် မွန်းလွဲပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီက ကျောက်မဲမြို့၊ ပြည်သူ့ ဆေးရုံအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ CDM သူနာပြု ဆရာမကြီး (၁) ဦး၊ CDM ရုံးဝန်ထမ်း (၁) ဦး၊ အရပ်သား (၁) ဦး၊ စုစုပေါင်း (၃) ဦး ကျဆုံးခဲ့ပြီး ဆေးရုံဝန်ထမ်းများ၊ CDM ကျန်းမာရေးဝန်ထမ်းများ၊ လူနာများအပါအဝင် အရပ်သား (၂၀) ဦး ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
========================
📌📌 ၂။ လုံခြုံရေးကောင်စီမှ ထိရောက်သည့် အရေးယူ ဆောင်ရွက်မှု မရှိသည့်အပေါ် မြန်မာပြည်သူများအနေဖြင့် အလွန်အမင်း စိတ်ပျက်နေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းသတင်းစကားပါး
ဇန်နဝါရီ၃၁ရက်
Radio NUG
လုံခြုံရေးကောင်စီမှ ထိရောက်သည့် အရေးယူ ဆောင်ရွက်မှု မရှိသည့်အပေါ် မြန်မာပြည်သူများအနေဖြင့် အလွန်အမင်း စိတ်ပျက်နေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းသတင်းစကားပါးဆိုပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ မြန်မာနိုင်ငံအရေးကိစ္စနှင့်စပ်လျဉ်း၍ သတင်းမီဒီယာများသို့ ရှင်းလင်းပြောကြားသည့် အစီအစဉ်မှာ သံအမတ်ကြီးကဆိုခဲ့ပါတယ်။
"မိမိနှင့်တကွ မြန်မာပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းအား ကူကယ်ရာမဲ့နေသည့် မိမိတို့အား ကူညီပေးကြရန် အသံကျယ်ကျယ်ဖြင့် အစဉ်တစိုက် တောင်းဆိုခဲ့ပါကြောင်း၊ ကနဦးတွင် ပြည်သူများက ကုလသမဂ္ဂအနေဖြင့် ၎င်း၏ ကတိကဝတ်နှင့်အညီ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အား ဆောင်ကျဉ်းကာ မိမိတို့ ပြည်သူများ၏ အသက် အိုးအိမ်များကို အမှန်တကယ်ပင် အကာအကွယ်ပေးနိုင်လိမ့်မည်ဟု လေးလေးနက်နက် ယုံကြည်ခဲ့ကြကြောင်း၊ သို့ရာတွင် ကုလသမဂ္ဂ၊ အထူးသဖြင့် လုံခြုံရေးကောင်စီအနေဖြင့် ထိရောက်သော အရေးယူ လုပ်ဆောင်ချက်များကို စွမ်းဆောင်ရန် အစဉ်အဆက် ပျက်ကွက်ခဲ့သည်ကို တွေ့မြင်လာရသည်နှင့်အမျှ ပြည်သူများမှ ထားရှိခဲ့သည့် ယုံကြည်ချက်နှင့် မျှော်လင့်ချက်တို့မှာ တစစ မှေးမှိန်ပျက်ပြယ်လာခဲ့ကြောင်း"သံအမတ်ကြီးကဆိုပါတယ်။
လုံခြုံရေးကောင်စီတွင် မြန်မာ့အရေးအတွက် ဆုံးဖြတ်ချက်အဆို (၂၆၆၉) ရှိခဲ့ပြီး ယင်းအား အကောင်အထည်ဖော် ဆောင်ရွက်မှု မရှိသေးကြောင်းသိရပါတယ်။
========================
📌📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေး(၁/၂၀၂၅) ကျင်းပ
ဇန်နဝါရီလ ၃၁ ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်ရန်ကုန်တိုင်းမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (၁/၂၀၂၅)ကို ဇန်နဝါရီ၃၁ရက်မှာ ကျင်းပခဲ့ပြီး အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။
ထို့နောက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ အုပ်ချုပ်ရေးဆိုင်ရာပေါင်းစပ်လုပ်ငန်းများနှင့် ပတ်သက်၍ သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီး၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် (၁:၀၀) နာရီအချိန်တွင် ရပ်နားခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၄။ နိုင်ငံတကာအသိုင်းအဝန်းက မြန်မာပြည်သူတွေကို စစ်မှန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပေးစွမ်းဖို့အချိန်အခါဖြစ်တယ်လို့ မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် တွမ်အင်ဒရူး ပြော
ဇန်နဝါရီ၃၁ရက်
Radio NUG
နိုင်ငံတကာအသိုင်းအဝန်းက မြန်မာပြည်သူတွေကို စစ်မှန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပေးစွမ်းဖို့အချိန်အခါဖြစ်တယ်လို့ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု လေးနှစ်ပြည့် နှစ်ပတ်လည်နေ့အတွက် ထုတ်ပြန်ချက်မှာ မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် တွမ်အင်ဒရူး (Tom Andrews)က ပြောဆိုခဲ့ပါတယ်။
စစ်အာဏာရှင်တွေရဲ့ လက်ချက်ကြောင့် အပြစ်မဲ့ပြည်သူ ထောင်ပေါင်းများစွာ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့ ဝမ်းနည်းကြေကွဲစရာ အချိန်ဖြစ်တယ်လို့ မစ္စတာတွမ်အင်ဒရူးကပြောပါတယ်။
ဒါ့အပြင် အိပ်မက်ဆိုးကြီးကို အဆုံးသတ်နိုင်ဖို့ မြန်မာ ပြည်သူတွေကို စစ်မှန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပေးစွမ်းဖို့ အချိန်လည်းဖြသ်တယ်လို့ ၄င်းကထပ်လောင်းပြောကြားထားပါတယ်။
စစ်ကောင်စီကို လက်နက်ဖြတ်တောက်ဖို့နဲ့ ငွေစီးဆင်းမှု ဖြတ်တောက်ဖို့ အထူး ကိုယ်စားလှယ် တွမ်အင်ဒရူးကတိုက်တွန်းထားပါတယ်။
========================
📌📌 ၅။ ရွေးကောက်ပွဲအတွက် လုပ်စရာတွေ ကျန်သေးလို့ဆိုပြီး စစ်ခေါင်းဆောင်မှ အရေးပေါ်ကာလ သက်တမ်းထပ်တိုး
ဇန်နဝါရီ ၃၁
Radio NUG
ဇန်နဝါရီ ၃၁ ရက် မနက်ပိုင်းမှာ ပြုလုပ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးက တိုင်းပြည်ကို အရေးပေါ်ကာလ ၆လ သက်တမ်း ထပ်တိုးကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အရေးပေါ်ကာလ သက်တမ်းတိုးဖို့ ရွေးကောက်ပွဲကို အကြောင်းပြ ပြောဆိုခဲ့ပါတယ်။
"အဓိကအားဖြင့် လွတ်လပ်ပြီး တရားမျှတမှုအပြည့်နဲ့ ကျင်းပနိုင်မယ့် အထွေထွေရွေးကောက်ပွဲတစ်ရပ် ဖြစ်စေဖို့အတွက် တည်ငြိမ်အေးချမ်းမှုလိုအပ်နေသေးတာရယ်၊ လုပ်ဆောင်ဖို့လိုအပ်ချက်တွေကို အရှိန်အဟုန်မပျက် ဆက်လက်လုပ်ဆောင်နိုင်ဖို့ တာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံပြီး ၆ လ သက်တမ်းတိုးမြှင့်ပေးနိုင်ဖို့ တင်ပြပါတယ်" လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောသွားပါတယ်။
စစ်တပ်က ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်ဆိုင်ရာ ပုဒ်မ ၄၂၁ နဲ့ ၄၂၅ အရ အရေးပေါ်ကာလသက်တမ်းကို ခြောက်လ နှစ်ကြိမ်သာ တိုးခွင့်ရှိပေမယ့် အရေးပေါ်ကာလကို အကြိမ်ကြိမ် တိုးနေတာ ဖြစ်ပါတယ်။
========================
📌📌 ၆။ စစ်သားများ လာစောင့်ကြသော်လည်း မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲသူ ပိုမိုများပြားလာ
ဇန်နဝါရီ ၃၁
Radio NUG
မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်ရှိ လမ်းသွယ်များတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ပိုမိုများပြားလာနေပြီး လုယက်မှုများလည်း မကြာခဏဖြစ်ပွားကာ လမ်းမပေါ်တွင် ပေါ်ပေါ်တင်တင် ရောင်းဝယ်သုံးစွဲသူများကိုလည်း ဟိုတစ်စုဒီတစ်စုဖြင့် တွေ့ရသလို လမ်းပေါ်လဲနေသူများပါ တွေ့ရကြောင်း The 74 Media မှာ ဖော်ပြထားပါတယ်။
ရမ်ပူရပ်ကွက် နယ်မြေ ၂၃ ရှိ လမ်းသွယ်များတွင် နံနက် ၆ နာရီမှ ည ၇ နာရီအတွင်း မူးယစ်ဆေး ရောင်းဝယ်သုံးစွဲသူများကို တွေ့ရတတ်ပြီး ညနေ ၃ နာရီခန့်တွင် လူအများဆုံး တွေ့ရတယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါးများကို ပေါ်ပေါ်တင်တင် နေ့စဉ်ပုံမှန်ရောင်းဝယ် သုံးစွဲနေကြသည်မှာ ၃ နှစ်ခန့်ရှိပြီဖြစ်ပြီး ဒေသခံပြည်သူများက သက်ဆိုင်ရာသို့ အကြိမ်ကြိမ် တိုင်ကြားသော်လည်း အရေးယူခြင်းမရှိဘူးလို့ ဖော်ပြထားပါတယ်။
လမ်းကြားမှာ စစ်ကားတွေလာပြီး စစ်သားတွေ ရှိနေလည်း ဆေးလုပ်တဲ့သူတွေက လုပ်နေတယ်လို့ သိရပါတယ်။
မူးယစ်ဆေးရောင်းဝယ်သုံးစွဲသူ အလွန်များလာတာကြောင့် ရပ်ကွက်အတွင်း ခိုးဆိုးလုနှိုက်မှု ပိုမိုဆိုးဝါးလာပြီး ပတ်ဝန်းကျင်လုံခြုံမှုမရှိတော့ဘူးလို့ သိရပါတယ်။
၂၀၂၄ ခုနှစ်အတွင်းကလည်း ရပ်ကွက်နေပြည်သူများ ပူးပေါင်းကာ မူးယစ်ဆေးဝါးနှိမ်နှင်းရေး ပြုလုပ်ခဲ့ကြသော်လည်း မူးယစ်ဆေးသမားများက ရပ်ကွက်နေလူကြီးတစ်ဦးကို မျက်စိတစ်ဖက် ကွယ်သွားသည်အထိ ကျောက်ခဲဖြင့် အကြမ်းဖက် ရိုက်နှက်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ကရင်အမျိုးသားအစည်းအရုံး (ဗဟို) ဌာနချုပ်၌ (၇၆) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားအား အောင်မြင်စွာ ကျင်းပပြုလုပ်
ဇန်နဝါရီ ၃၁
Radio NUG
ဇန်နဝါရီလ (၃၁) ရက်နေ့တွင် ကျရောက်သည့် ကရင့်တော်လှန်ရေးနေ့အထိမ်းအမှတ် အခမ်းအနားအား ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (ဗဟို) ဌာနချုပ် နေရာတစ်နေရာ၌ အောင်မြင်စွာ ကျင်းပ ပြုလုပ်ပြီးစီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။
အခမ်းနားမှူး ဆရာစောဆာလားမှူးမှ အခမ်းနားအစီစဥ်အား ဖတ်ကြားပေးအပြီး ကရင် အမျိုးသား အလံတော်နှင့် တော်လှန်ရေးလုပ်ဆောင်ကြသူများအား အလေးပြုခြင်းဖြင့် အခမ်းအနား စတင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
(၇၆) နှစ်ပြည့် ကရင့်တော်လှန်ရေးနေ့အား ဂုဏ်ပြုသောအနေဖြင့် ကရင်လူငယ်မျိုးဆက်သစ်ကျောင်းမှ လူငယ်မျိုးဆက်သစ်များက အခမ်းအနားသို့ တက်ရောက်ကာ ''ထာဝရတည်စေ ကော်သူးလေ'' ဟူသော တေးသီချင်းဖြင့် သီဆိုဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
အခမ်းအနားသို့ ကရင်အမျိုးသားအစည်းအရုံး (ဗဟို) မှ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီတို့မှာ တက်ရောက်ပြီး မိန့်ခွန်းစကားပြောကြားခဲ့ပါတယ်။
ထို့အနောက် အခမ်းအနားအား တက်ရောက်လာသည့် ဗဟိုအမြဲတမ်းကော်မတီဝင်တစ်ဦးဖြစ်သည့် ပဒို-စောသမိန်ထွန်းအား ကရင့်တော်လှန်ရေးနေ့ (၇၆) နှစ်ပြည့်အခမ်းအနားတွင် ကရင်အမျိုးသားအစည်းအရုံး အနေဖြင့် ဂုဏ်ပြုဆုချီးမြင့်ခဲ့ကြပြီး (KNLA) (KWO) မှပေးပို့သည့် (၇၆)နှစ်ပြည့်ကရင့်တော်လှန်ရေးနေ့ ဂုဏ်ပြုသဝဏ်လွှာများအား တာဝန်ရှိသူများက ဖတ်ကြားခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင်အခမ်းအနားသို့ ကရင်အမျိုးသားအစည်းအရုံး (ဗဟို) ခေါင်းဆောင်များဖြစ်သည့် အထွေထွေ အတွင်းရေးမှူး(၂) ပဒို- စောလှထွန်း၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ဗဟို) မှ ခေါင်းဆောင် တပ်မှူး တပ်ဗိုလ်များ၊ တပ်မဟာ(၇) တပ်မဟာမှူး ဗိုလ်မှူးကြီး စောဒီးကွယ် ၊ တပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူး ဘထူး၊ ရဲဘော်များအပါဝင် ဒေသခံ ပြည်သူများ ပါဝင်တက်ရောက် ဂုဏ်ပြုခဲ့ကြကာ အစီအစဥ်အရ ကရင် အမျိုးသားသီချင်းအားသီဆိုပြီး အခမ်းအနားအား အောင်မြင်စွာ ပိတ်သိမ်းပြီးဆုံးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ လေယာဉ်ဆုံးရှုံးမှာစိုးလို့ လာရောက်ကယ်တင်ခြင်း မပြုလုပ်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် ၅၀ကျော်ကို CNO/CNDF ဖမ်းဆီးထိန်းသိမ်းထား
ဇန်နဝါရီ ၃၁
Radio NUG
အကြမ်းဖက်စစ်တပ်က လေယာဉ်ဆုံးရှုံးမှာစိုးလို့ လာရောက်ကယ်တင်ခြင်း မပြုလုပ်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် ၅၀ ကျော်ကို ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/CNDF) က စစ်သုံ့ပန်း စည်းကမ်းတွေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
ဖလမ်းမြို့ကို လေကြောင်းကနေ စစ်ကူရောက်လာတဲ့ အင်အား ၅၀ ထက် မနည်းရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို ပြန်ခေါ်မယ်လို့ စစ်ကောင်စီက ကတိပေးခဲ့သော်လည်း လေယာဉ်အဆုံးအရှုံးမခံနိုင်တာကြောင့် လာရောက်ကယ်ထုတ်ခြင်း၊ ရိက္ခာချပေးခြင်း မရှိဘူးလို့ ဖမ်းဆီးခံရတဲ့ စစ်သုံ့ပန်းတွေက CNDF ထုတ်ပြန်တဲ့ ရုပ်သံထဲမှာ ပြောကြားထားပါတယ်။
“ကျွန်တော်တို့က ခြေလျင်တပ်သားတွေလေ၊ ရဟတ်ယာဉ်ပေါ်က မခုန်ချရဲဘူး၊ အဲ့ဒါကို အနောက်ကတွန်းချတယ်၊ ကျွန်တော်ခြေထောက်လည်း ခုန်ချရင်း အရိုးအက်သွားတယ်” လို့ ၁၀ ပေခန့် အမြင့်ကနေ တွန်းချခံရတဲ့ စစ်သုံ့ပန်းတစ်ယောက်က ပြောဆိုထားပါတယ်။
သူတို့ ဖလမ်းကိုရောက်ရှိလို့ ခဏလေးအတွင်းမှာပဲ စစ်ကောင်စီဘက်က ၅ယောက်ခန့် တိုက်ပွဲမှာ သေဆုံးသွားခဲ့တာကြောင့် စိတ်ဓာတ်ကျခဲ့ရတယ်လို့ သူက ဆိုပါတယ်။
ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေရဲ့ ရုပ်သံအတွင်း ပြောပြချက်အရ စစ်ကူလာတဲ့ တပ်ဖွဲ့ဝင်တွေဟာ ဖလမ်းမြို့ကို စစ်ကူလာရမှာကို ကြိုမသိဘဲ ရဟတ်ယာဉ်ပေါ် တက်ခိုင်းလို့ တက်လာရခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။
“စားနပ်ရိက္ခာ လာချပေးပါဆို မင်းတို့အတွက်နဲ့ ငါ့လေယာဉ် အဆုံးရှုံးမခံနိုင်ဘူးတဲ့။ အဲဒါဆို ဘာလုပ်တော့မှာလဲ ကျွန်တော်တို့မှာ။ ဘာမှလုပ်စရာမရှိတော့ဘူး၊ သူတို့ကို ပြန်တိုက်ဖို့ပဲရှိတော့တယ်" လို့ ဖမ်းဆီးခံ စစ်ကောင်စီတပ်ဖွဲ့၀င် တစ်ယောက်က ပြောပါတယ်။
အထူးသဖြင့် စစ်အုပ်စု ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းထားတာဟာ မကွေး၊ မန္တလေးနဲ့ စစ်ကိုင်း ဒေသတွေက ဖြစ်တယ်လို့လည်း သိရပါတယ်။
========================
🚩🚩 ၃။ ရှမ်းတောင်/ကရင်နီ တကြောမှာ စကစ စစ်ကြောင်းတွေကို စစ်ဆင်ရေးနဲ့ တိုက်ခိုက်နေတယ်လို့ FALCON WINGS Droneအဖွဲ့အသိပေး
ဇန်နဝါရီ၃၁ရက်
Radio NUG
ရှမ်းတောင်/ကရင်နီ တကြောမှာ စကစ စစ်ကြောင်းတွေကို စစ်ဆင်ရေးနဲ့ တိုက်ခိုက်နေတယ်လို့ FALCON WINGS Droneအဖွဲ့က ဇန်နဝါရီ၃၁ရက် အသိပေးဖော်ပြပါတယ်။
အကြမ်းဖက်စကစတပ်တွေကို ဒုက္ခအပေးဆုံး၊ တစ်လုံးဆိုတစ်လုံး ထိထိမိမိ အပီကျဲချမယ့် Drone တွေပါလို့ အထွေအထူးပြောစရာမလိုအောင် တိကျမှု၊ မာကျောကျစ်လစ်မှုတွေနဲ့အတူ ရှမ်းတောင်/ကရင်နီရဲ့ ဝေဟင်တကြောမှာပျံဝဲကာ Falcon Wings နဲ့ Sky Predator Drone Force တို့ အလုပ်လုပ်နေကြပါတယ်လို့ ဆိုပါတယ်။
ဖယ်ခုံ PDF/ Battalion-1006 နဲ့အတူ FALCON WINGS Droneအဖွဲ့တို့ရဲ့ စစ်ရေးလှုပ်ရှားမှု မှတ်တမ်းတွေကိုလည်းဖော်ပြခဲ့ပါတယ်။
========================
🚩🚩 ၄။ ရေးမြို့နယ်ရှိ ခမရ ၅၉၁ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
ဇန်နဝါရီ ၃၁
Radio NUG
ဇန်နဝါရီလ ၃၀ ရက်နေ့က ရေးမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၉၁ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Saw Dragon Force – SDDFမှ သတင်းထုတ်ပြန်ပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်ဘက်ကလည်း ၆၀ မမ လက်နက်ကြီးဖြင့် ၈ လုံးခန့်ရမ်းသမ်း ပစ်ခတ်ခဲ့သည့်အပြင် လက်နက်ငယ်များဖြင့်လည်း ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို P21803/ SAW DRAGON DRONE FORCE-SDDF နှင့် ရေးဘီလူးတပ်ရင်း ၊ တပ်ခွဲ ၁ တို့အတူ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ အကြမ်းဖက်စစ်တပ်မှ စဉ့်ကူးမြို့ပေါ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံအား လေကြောင်းတိုက်ခိုက်မှု ပြုလုပ်
ဇန်နဝါရီ ၃၁
Radio NUG
အကြမ်းဖက် စစ်ကောင်စီသည် ဇန်နဝါရီလ (၃၁)ရက် မနက် (၀၀:၁၅) အချိန်တွင် စဉ့်ကူးမြို့ပေါ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံအား လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ သတင်းထုတ်ပြန်ထားပါတယ်။
စဉ့်ကူးမြို့နှင့် အနီးဝန်းကျင်သည် တိုက်ပွဲနှင့်အလှမ်းကွာသော နေရာဒေသတစ်ခုဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီအနေဖြင့် အကြောင်းမဲ့သက်သက် အများပြည်သူနှင့် သက်ဆိုင်သော မြို့နယ်ပြည်သူ့ဆေးရုံအား လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက် စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း ပြည်သူ့ဆေးရုံများအား ဦးတည်တိုက်ခိုက်နေသည်ကို တွေ့ရှိရပြီး စစ်တပ် တစ်တပ်အနေဖြင့် ဂုဏ်သိက္ခာအကင်းမဲ့ဆုံး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၆။ တနင်္သာရီမြို့နယ်အတွင်း စစ်ပွဲကာလကြာရှည်နိုင်သဖြင့် ကြိုတင်ပြင်ဆင်ကြရန် ပြည်သူလူထုကို အသိပေး
ဇန်နဝါရီ ၃၁
Radio NUG
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် KNLA တပ်ရင်း(၁၁) နယ်မြေကို ဇန်နဝါရီလ (၁၈)ရက်နေ့က စတင်၍ စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာသဖြင့် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်မည်ဖြစ်၍ စစ်ပွဲကာလကြာရှည်နိုင်ကြောင်း BLACK Cobra Column က ဇန်နဝါရီလ (၃၁)ရက်နေ့တွင် ပြည်သူလူထုကို အသိပေးထုတ်ပြန်ထားပါတယ်။
KNLA တပ်ရင်း (၁၁)နယ်မြေအတွင်းရှိ မောတောင်နယ်စပ်တပ်စခန်းအား တပ်အချိန်းအပြောင်း ပြုလုပ်ရန်၊ မောတောင်မြို့ရှိ ပျူစောထီးများအား လက်နက်တပ်ဆင်ပေးရန်နှင့် တနင်္သာရီ-မောတောင်ကားလမ်းအား ပြန်လည်စိုးမိုးရန် စစ်ကောင်စီတပ်က စစ်ဆင်ရေးများ ပြုလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ သယ်ယူပို့ဆောင်ရေးကို အရပ်သား ကုမ္ပဏီသုံးကားတွေနဲ့ ပို့ဆောင်နေတာတွေ ရှိတယ်လို့ သိရပါတယ်။
KNLA တပ်ရင်း(၁၁)အနေဖြင့် နယ်မြေအတွင်း စစ်ကောင်စီတပ်စခန်းများအားလုံးနှင့် စစ်ကောင်စီအခြေပြုတပ်ဖြန့်ထားသော နေရာများအားလုံးကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်၍ ပိုမိုပြင်းထန်သော တန်ပြန်တိုက်ခိုက်မှုများကို အချိန်မရွေးလုပ်ဆောင်မယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်အား ကျောထောက်နောက်ခံပြုလုပ်ပေးနေသည့် အဖွဲ့အစည်းများ၊ ၎င်းအဖွဲ့အစည်း တပ်ဖွဲ့ဝင်များ၊ ၎င်းလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ၊ လူပုဂ္ဂိုလ်များ၊ သတင်းပေးများ၊ ပစ္စည်းအား လူအားဖြင့် အကူအညီပေးနေသူများနှင့် အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်သူများ အားလုံးကို ရန်သူအဖြစ် သတ်မှတ်ပြီး စစ်ရေးပစ်မှတ်အဖြစ် ထိရောက်ပြင်းထန်စွာ အရေးယူသွားမယ်လို့ သိရပါတယ်။
ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ ပြည်သူလူထုများအနေဖြင့် တနင်္သာရီ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းအား အထူးအရေးပေါ်ကိစ္စမှ အပ မလိုအပ်ဘဲ ခရီးသွားလာခြင်းမပြုလုပ်ကြရန်လည်း မေတ္တာရပ်ခံထားပါတယ်။
စစ်ကောင်စီမှ စစ်ကြောင်းထိုးလာသည့် နေရာတိုင်းတွင် အရပ်သားပြည်သူ နေအိမ်များမှ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာနှင့် အဖိုးတန်ပစ္စည်းများ၊ ဆိုလာ၊ ဘက္ထရီများ၊ ဆန်နှင့် ရိက္ခာများပါမကျန် ခိုးဝှက်ယူဆောင်နေသဖြင့် စစ်ဘေးလွတ်ရာသို့ ပြောင်းရွေ့ရန်လိုအပ်ပါက တပါတည်းယူဆောင်သွားကြရန်လည်း အသိပေးထားပါတယ်။
ထို့အပြင် စစ်ပွဲကာလကြာရှည်နိုင်သဖြင့် လိုအပ်သော ဆေးဝါး၊ ရိက္ခာများအား အတတ်နိုင်ဆုံး စုဆောင်းထားကြရန်နှင့် လုံခြုံရေးအတွက် သတိပြုနေထိုင်ကြရန်အပြင် တိုက်ပွဲသတင်းနှင့် စစ်ရေးအခြေအနေများအား နားစွင့်၍ မည်သည့်အခြေအနေတွင်ဖြစ်စေ စစ်ကောင်စီတပ်နှင့်ပူးပေါင်းခြင်း၊ ရောနှောနေထိုင်ခြင်းများ မပြုလုပ်ကြရန်လည်း သတိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment