11th Feb 2025 - Evening Daily News by Radio NUG

 

၂၀၂၅ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရက (၇၇) နှစ်မြောက် ကရင်အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားသို့ သဝဏ်လွှာပေးပို့

📌 ၂။လက်နက်ကိုင် ပဋိပက္ခတွေကြားထဲမှာ ရှိနေတဲ့ အမျိုးသမီးတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအဝင် တခြားသော အကြမ်းဖက်မှုတွေကို ကာကွယ်တားဆီးနိုင်ဖို့ အရေးကြီးတယ်လို့ လူ့အခွင့်ရေးဝန်ကြီးပြော

📌 ၃။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နွေဦးတော်လှန်ရေးအချက်အလက်ဝက်ဘ်ဆိုက် လွှင့်တင်

📌 ၄။ စစ်ရှောင်အမျိုးသမီးများ၏ အိမ်တွင်းလက်မှုပစ္စည်းများနှင့် ကလေးငယ်များ၏ ပန်းချီများ ရန်ပုံငွေရောင်းချပွဲ ဂျပန်နိုင်ငံမှာ ကျင်းပ

📌 ၅။ ရန်ကုန်တိုင်း၊ ရွှေလင်ဗန်းစက်မှုဇုန် Yoyika အထည်ချုပ်စက်ရုံတွင် အလုပ်သမားများရဲ့ သဘောဆန္ဒမပါပဲ အချိန်ပိုကို အတင်းအကြပ်ခေါ်ယူနေ


========================


၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။⁨⁨ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဖြန့်ဝေတဲ့ စစ်သည်တော်ကျင့်ဝတ်စည်းကမ်း(CoC) လက်ကမ်းစာစောင်တွေကို ထပ်ဆင့်ဖြန့်ဝေ

🚩 ၂။ မိုးကုတ်မြို့ အနောက်ပိုင်းကို စကစလေတပ်ကလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့၍ဒေသခံ ဦးသေဆုံးကာ ၁၉ ဦး ဒဏ်ရာရရှိခဲ့

🚩 ၃။ မင်းတပ်မြို့နယ်အတွင်းပြည်သူများပြန်လည်နေထိုင်ရန်ခွင့်ပြုပေးလျက်ရှိ

🚩 ၄။ ၂၀၂၅ ဇန်နဝါရီလမှာ ပြည်သူ့ရင်ခွင် (People's Embrace) အဖွဲ့ကို ဆက်သွယ်လာကြ၍ စစ်မှုထမ်းသစ်၃၁ယောက်ကို ခေါ်ထုတ်နိုင်ခဲ့ပြီးလက်နက်၁၅လက်ပါလာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရက (၇၇) နှစ်မြောက် ကရင်အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားသို့ သဝဏ်လွှာပေးပို့

ဖေဖော်ဝါရီလ ၁၁ ရက်

အမျိုးသားညီညွတ်ရေးအစိုးရက (၇၇) နှစ်မြောက် ကရင်အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့ပါသည်။

ဖေဖော်ဝါရီ ၁၁ ရက် မြတ်မင်္ဂလာ ယနေ့အချိန်၌ ကျရောက်သည့် (၇၇) နှစ်မြောက် ကရင်အမျိုးသားနေ့တွင် ကရင်တိုင်းရင်းသားလူမျိုးစုအားလုံး တန်းတူညီမျှ၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ်အနှစ်သာရ ပြည့်ဝသည့် ကရင်ပြည်ကို စည်းလုံးညီညွတ်စွာ ထူထောင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ကြောင်း ဆိုထားပါသည်။

၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်တွင် ကရင်လူမျိုး (၄၅၄,၁၀၀) ကျော် စုဝေး၍ ကရင် လူထုတရပ်လုံးအတွက် အရေးပါသော တောင်းဆိုချက် () ချက်အား ကြွေးကြော်၍ ဆန္ဒထုတ်ဖော်ခဲ့သကဲ့သို့ ပြည်သူ့နွေဦးတော်လှန်ရေးသည် ကရင်အမျိုးသားများအတွက်သာမက မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများအတွက်ဖြစ်သည့်အားလျော်စွာ မဟာမိတ်တော်လှန်ရေးအင်အားစုများနှင့် လက်တွဲ၍ ဘုံသဘောတူညီချက်များ ချမှတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ဖော်ပြပါသည်။

မြန်မာနိုင်ငံဒေသအနှံ အပြားမှ ကရင်အမျိုးသားများ၏ စည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့သော ကရင်အမျိုးသားနေ့အား အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဂုဏ်ယူလေးစား အသိအမှတ်ပြုဖော်ပြသကဲ့သို့ ကရင်အမျိုးသားများ၏ စည်းလုံးညီညွတ်မှုနှင့် အတူ ပြည်သူ့နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်စေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း တော်လှန်ရေးသစ္စာဖြင့် သဝဏ်လွှာပေးပို့ကြောင်း ဖော်ပြပါသည်။


========================


📌📌 ၂။လက်နက်ကိုင် ပဋိပက္ခတွေကြားထဲမှာ ရှိနေတဲ့ အမျိုးသမီးတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအဝင် တခြားသော အကြမ်းဖက်မှုတွေကို ကာကွယ်တားဆီးနိုင်ဖို့ အရေးကြီးတယ်လို့ လူ့အခွင့်ရေးဝန်ကြီးပြော


ဖေဖော်ဝါရီ ၁၁ ရက်

"လက်နက်ကိုင် ပဋိပက္ခတွေကြားထဲမှာ ရှိနေတဲ့ အမျိုးသမီးတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအဝင် တခြားသော အကြမ်းဖက်မှုတွေကို ကာကွယ်တားဆီးနိုင်ဖို့ အရေးကြီးတယ်" လို့ လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဖေဖော်ဝါရီ ၁၁ ရက်မှာ ဆိုရှယ်မီဒီယာမှ ပြောကြားလိုက်ပါတယ်။

"အခုတလော လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနကနေ ခန့်အပ်ထားတဲ့ မြို့နယ် လူ့အခွင့်ရေးရာ တာဝန်ခံတွေကြားထဲ အသိအမြင် တိုးတက်ရေး၊ စွမ်းရည်မြင့်မားရေးနဲ့ပတ်သက်တဲ့ အစီအစဉ်လေးတွေ လုပ်ဖြစ်ပါတယ်။ အခုတခေါက်မှာတော့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ ကာကွယ်စောင့်ရှောက်ရေးနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးဖြစ်သလို လက်နက်ကိုင် ပဋိပက္ခတွေကြားထဲမှာ ရှိနေတဲ့ အမျိုးသမီးတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအဝင် တခြားသော အကြမ်းဖက်မှုတွေကို ကာကွယ်တားဆီးနိုင်ဖို့ အရေးကြီးသလို ဒါတွေပပျောက်အောင် လုပ်ဆောင်ဖို့လည်း အရေးကြီးတယ်ဆိုတာ သိရှိလာဖို့လိုအပ်ပါတယ်" လို့ ဝန်ကြီးကပြောပါတယ်။

လက်နက်ကိုင် ပဋိပက္ခအတွင်းမှာရှိတဲ့ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေနဲ့ပတ်သက်ပြီး ချမှတ်ထားတဲ့ NUG ရဲ့ မူဝါဒတွေ၊ လူ့အခွင့်အရေးအရ လေးစားလိုက်နာသင့်တဲ့ တာဝန်တွေကို ဆွေးနွေးဖြစ်ပြီးတော့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက တာဝန်ခံတွေ တက်ရောက်ပြီး တက်တက်ကြွကြွ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

========================


📌📌 ၃။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နွေဦးတော်လှန်ရေးအချက်အလက်ဝက်ဘ်ဆိုက် လွှင့်တင်


ဖေဖော်ဝါရီ ၁၁ ရက်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နွေဦးတော်လှန်ရေးအချက်အလက်ဝက်ဘ်ဆိုက်ကို လွှင့်တင်လိုက်ကြောင်း ဖေဖော်ဝါရီ ၁၁ ရက်တွင် အသိပေးဖော်ပြလာပါတယ်။

အာဏာသိမ်းမှု နှစ်တာကာလအတွင်း တရားလက်လွတ်သတ်ဖြတ်ခံရသူ၊ ဖမ်းဆီးခံရသူ အရပ်သားပြည်သူများနှင့် ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်သူများ၏ ကိုယ်ရေးအချက်အလက်များအပါအဝင် သေဆုံးရသည့်အကြောင်းအရင်းများ၊ ချုပ်နှောင်ခံထားရစဉ် သေဆုံးရမှုများနှင့် အသက်အရွယ်အပိုင်းအခြားအလိုက် အချက်အလက်များကို တစုတစည်းတည်း လေ့လာသိရှိနိုင်ရန်အတွက် https://coup.aappb.org/spring-revolution ကို ဒီဇိုင်းအသစ်ဖြင့် ပြင်ဆင်မွမ်းမံပြီး အများပြည်သူထံ ယနေ့ ဝေမျှလိုက်ရပါတယ်လို့ ဖော်ပြပါတယ်။

ဝက်ဘ်ဆိုက်တွင် နွေဦးတော်လှန်ရေးကာလအတွင်း အသက်ခန္ဓာပေးဆပ်သွားကြရသူများ၏ ကိုယ်ရေးအကျဉ်းနှင့် ဖြစ်စဉ်များကိုလည်း အသွင်ကူးပြောင်းရေးကာလတရားမျှတမှု၏ မဏ္ဍိုင်လေးရပ်တွင် တခုပါဝင်သော ပြန်လည်ကုစားပေးလျော်ခြင်းမဏ္ဍိုင်၏ အစိတ်အပိုင်းတရပ်ဖြစ်သည့် အထိမ်းအမှတ်ဆိုင်ရာ ပြန်လည်ကုစားပေးလျော်ခြင်း လုပ်ငန်းစဉ်အနေဖြင့် စီစဉ်တင်ဆက်ထားကြောင်း ဖော်ပြပါတယ်။


========================


📌📌 ၄။ စစ်ရှောင်အမျိုးသမီးများ၏ အိမ်တွင်းလက်မှုပစ္စည်းများနှင့် ကလေးငယ်များ၏ ပန်းချီများ ရန်ပုံငွေရောင်းချပွဲ ဂျပန်နိုင်ငံမှာ ကျင်းပ


ဖေဖော်ဝါရီ ၁၁ ရက်

စစ်ရှောင်အမျိုးသမီးများ၏ အိမ်တွင်းလက်မှုပစ္စည်းများနှင့် ကလေးငယ်များ၏ ပန်းချီများ ရန်ပုံငွေရောင်းချပွဲကို ဂျပန်နိုင်ငံမှာ ကျင်းပရာ ရန်ပုံငွေများ ရရှိခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနစီမံကိန်းဒေသအတွင်းရှိ စစ်ရှောင်အမျိုးသမီးများ၏ အိမ်တွင်းလက်မှုပစ္စည်းများနှင့် ကလေးငယ်များ၏ ပန်းချီများကို ရန်ပုံငွေပွဲအဖြစ် ရောင်းချခဲ့ရာ အိုဆာကာမှ ဂျပန်ယန်းငွေ (၁၂၀,၀၀၀) ဟော်ကိုင်းဒိုးမှ ဂျပန်ယန်းငွေ (၈၂,၀၀၀) တိုကျိုမှ ဂျပန်ယန်းငွေ (၆၄,၀၀၀) ဖိုး ဝယ်ယူအားပေးခဲ့ကြောင်း ဝန်ကြီးဌာနက ဖော်ပြပါတယ်။

ရရှိလာသော ရန်ပုံငွေများကို လိုအပ်မှုများစွာရှိနေသော စစ်ရှောင်စခန်းများနှင့် ကလေးငယ်များ၏ ပညာရေးအစီအစဉ်များတွင် ပြန်လည်အသုံးပြုသွားမည်ဖြစ်ပြီး ဝိုင်းဝန်းဝယ်ယူအားပေးခဲ့ကြသော ဂျပန်နိုင်ငံမှ တော်လှန်ညီအကို မောင်နှမများနှင့် မိသားစုများအား ဝန်ကြီးဌာနမှ ဝမ်းမြောက်ဝမ်းသာ အထူးပင်ကျေးဇူးတင်အပ်ကြောင်း ဆိုပါတယ်။


========================


📌📌 ၅။ ရန်ကုန်တိုင်း၊ ရွှေလင်ဗန်းစက်မှုဇုန် Yoyika အထည်ချုပ်စက်ရုံတွင် အလုပ်သမားများရဲ့ သဘောဆန္ဒမပါပဲ အချိန်ပိုကို အတင်းအကြပ်ခေါ်ယူနေ


ဖေဖော်ဝါရီ ၁၁ ရက်

ရန်ကုန်တိုင်းဒေသကြီး ရွှေလင်ဗန်းစက်မှုဇုန်၊ ယောအတွင်းဝန်ဦးဖိုးလှိုင်လမ်း၊ အမှတ် (၃၃၉) တွင် တည်ရှိသော Yoyika အထည်ချုပ်စက်ရုံတွင် အလုပ်သမားများရဲ့ သဘောဆန္ဒမပါပဲ အချိန်ပို လုပ်အားပိုကို အတင်းအကြပ်ခေါ်ယူနေတယ်လို့ မြန်မာနိုင်ငံထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) က ဖော်ပြပါတယ်။

"ညီမတို့ကို နေ့တိုင်း OT ခေါ်တယ်။ စနေနေ့ဆို အခြားရုံတွေ နာရီခွဲ ပြန်ရတယ်။ ညီမတို့ နာရီအထိ ဆင်းပေးရတယ်။ မဆင်းချင်လည်း မရဘူး။ အတင်းအကြပ် ခေါ်တယ်။ မဆင်းရင် အလုပ်ဖြုတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ OT မဆင်းတဲ့သူတွေဆို နောက်နေ့ အလုပ်လာရင် အဲဒီအလုပ်သမားကို ပစ်မှတ်ထားပြီး ဆဲဆို ကြိမ်းမောင်းတာလုပ်တယ်။ အညှိုးထားပြီး စောင်းမြောင်းပြောဆိုတာ ခံရတယ်" လို့ လုပ်ငန်းခွင်အတွင်း အလုပ်သမားများမှ ပြောပါတယ်။

အဆိုပါစက်ရုံတွင် ဖြစ်ပေါ်နေသော အခြေအနေများကို ဘဝတူ အလုပ်သမားညီကိုမောင်နှမများ၊ ပြည်သူလူထု သိစေရန်နှင့် သက်ဆိုင်ရာ ကုန်အမှတ်တံဆိပ်များမှ မိမိတို့ အပ်နှံထားသော ကုန်အမှတ်တံဆိပ်ချုပ်လုပ်နေသော စက်ရုံတွင် အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေမှုကို လျစ်လျူရှုမထားဘဲ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ အမြန်ဆုံး ဖြေရှင်းပေးစေလိုကြောင်း မြန်မာနိုင်ငံအထွေထွေအလုပ်သမဂ္ဂများအဖွဲ့ချုပ် ထံအကူအညီတောင်းခံလာကြောင်း သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအချက်အလက်တွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။



========================


========================





🚩🚩 ၁။ အဓမ္မစစ်သားစုဆောင်းခံရသော လူငယ်၊ လူရွယ်များဘက် ပြောင်းခိုလှုံလာပါက တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ပြီး လက်နက်၊ ခဲယမ်းများပါရှိလာပါက ထိုက်တန်စွာ ဆုကြေးငွေများ ချီးမြှင့်ပေးအပ်မယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ကြေညာ


ဖေဖော်ဝါရီ ၁၁ ရက်

အဓမ္မစစ်သားစုဆောင်းခံရသော လူငယ်၊ လူရွယ်များဘက် ပြောင်းခိုလှုံလာပါက တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ပြီး လက်နက်၊ ခဲယမ်းများပါရှိလာပါက ထိုက်တန်စွာ ဆုကြေးငွေများ ချီးမြှင့်ပေးအပ်မယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဖေဖော်ဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီသည် ၎င်း၏ လူအင်အားချို့တဲ့သည့် ပြဿနာကို ဖြေရှင်းရန် အဓမ္မစစ်သားစုဆောင်းသည့်နည်းကို မိုက်မဲစွာကျင့်သုံးနေခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်တွင်ဖော်ပြပါတယ်။

အဓမ္မစစ်သားစုဆောင်းခံရသည့် လူငယ်၊ လူရွယ်များနှင့်ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များ၏ လူမှုစာမျက်နှာများနှင့် "ပြည်သူ့ရင်ခွင်" တယ်လီဂရမ် @MyanmarPeople သို့ ကြိုတင်ချိတ်ဆက်ထားရန် ဘက်ပြောင်းခိုလှုံလာသော လူငယ်၊ လူရွယ်များ ဘေးကင်းလုံခြုံရေးကို အကောင်းဆုံး တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ပြီး လက်နက်၊ ခဲယမ်းများပါရှိလာပါက ထိုက်တန်စွာ ဆုကြေးငွေများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ထားပါတယ်။

စစ်သင်တန်းတက်နေစဉ်ကာလတွင်ဖြစ်စေ သင်တန်းပြီးဆုံး၍ လက်နက်တပ်ဆင်ပြီး အနေအထားတွင်ဖြစ်စေ အခြေအနေပေးသည်နှင့် နီးစပ်ရာ ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းများ (PDF ပကဖ၊ ပအဖ၊ ပလဖနှင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ) ထံ ဆက်သွယ်၍ အမြန်ဆုံး ဘက်ပြောင်းခိုလှုံကြရန်လည်း တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၂။ Human rights violations' data dashboard ထပ်မံထုတ်ပြန်


ဖေဖော်ဝါရီ ၁၁ ရက်

အကြမ်းဖက်စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအဖြစ်အပျက်တွေနဲ့ ဘယ်လို လူ့အခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်ခဲ့တယ်ဆိုတာတွေကို အချိန်နဲ့အမျှ တပြေးညီလေ့လာ၊ ကိုးကားအသုံးပြုနိုင်ဖို့ Human rights violations' data dashboard ကို လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထပ်မံထုတ်ပြန်လိုက်ပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနကို ပေးပို့တိုင်ကြားလာတဲ့ အချက်တွေနဲ့ စနစ်တကျ ကောက်ယူစုဆောင်းထားတဲ့ အချက်တွေကို အခြေခံပြီး ကိန်းဂဏန်းတွေကို သုတေသနလုပ်ပြီး ဖော်ပြထားပါတယ်။

ဒီ Dashboard မှာ အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုဖြစ်စဉ်တွေကို လအလိုက်၊ ဒေသအလိုက်၊ ချိုးဖောက်မှုအမျိုးအစားအလိုက် တွေ့နိုင်မှာဖြစ်ပါတယ်။

Dashboard ကိုကြည့်မယ်ဆိုရင် အခုအချိန်အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်ပေါင်း (၁၆၁၇၈) ခု ရှိတာကိုတွေ့နိုင်မှာဖြစ်ပါတယ်။

လစဉ် ပထမပတ်အတွင်း ထပ်တိုးရရှိတဲ့ အချက်အလက်တွေကို အောက်ပါ link ကနေ update ပြုလုပ်ကာ ဖော်ပြပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ "လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်စတဲ့ အခွင့်အရေးတွေဟာ နိုင်ငံရေးဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ထည့်သွင်းရေးသားထားရမှာဖြစ်တယ်" လို့ KNU ဥက္ကဌပြောကြား


ဖေဖော်ဝါရီ ၁၁ ရက်

"လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်စတဲ့ အခွင့်အရေးတွေဟာ နိုင်ငံရေးဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ထည့်သွင်းရေးသားထားရမှာဖြစ်တယ်" လို့ KNU (ကရင်အမျိုးသားအစည်းအရုံး) ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ဖေဖော်ဝါရီ ၁၁ ရက် ၇၇ နှစ်မြောက် ကရင်အမျိုးသားနေ့အထိမ်းအမှတ်နေ့မှာ ပြောဆိုလိုက်ပါတယ်။

"ဒီနိုင်ငံမှာ လူမျိုးတမျိုးတိုးတက်ကြီးပွားဖို့အတွက်ဆိုရင် လူမျိုးတမျိုးဟာ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့် စတဲ့ အခွင့်အရေးတွေရှိရမှာဖြစ်ပါတယ်။ ဒီအခွင့်အရေးတွေဟာ နိုင်ငံရေးဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ထည့်သွင်းရေးသားထားရမှာဖြစ်ပါတယ်။ ကျနော်တို့ လူမျိုးရဲ့ ဖြစ်တည်မှု ရေရှည်တည်တံ့ဖို့နဲ့ ကြီးပွား တိုးတက်မှုတို့ကို ဆန့်ကျင်တဲ့ အဟန့်အတားဖြစ်စေတဲ့ ဝါဒနဲ့ လုပ်ရပ်တွေဟာ မဟာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်ဝါဒတွေပဲ ဖြစ်တယ်" လို့ ပြောပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်ဝါဒနဲ့ သူ့ရဲ့ ဒေါက်တိုင်တွေကိုလည်း ဖြိုချတိုက်ဖျက်သွားကြဖို့ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းပြောပါတယ်။


========================


🚩🚩 ၄။ လက်နက်ချအလင်းဝင်လိုသော စကစများ၊ ပြည်သူ့စစ် (ပျူ) များ၊ အဓမ္မစစ်မှုထမ်းများအနေနဲ့ ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံ ဆက်သွယ်နိုင်


ဖေဖော်ဝါရီ ၁၁ ရက်

လက်နက်ချအလင်းဝင်လိုသော စကစများ၊ ပြည်သူ့စစ် (ပျူ) များ၊ အဓမ္မစစ်မှုထမ်းများအနေနဲ့ ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံ ဆက်သွယ်နိုင်တယ်လို့ ဖေဖော်ဝါရီ ၁၁ ရက် ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က သတင်းထုတ်ပြန်ပါတယ်။

"လက်နက်ချအလင်းဝင်လိုသော စကစများ၊ ပြည်သူ့စစ် (ပျူ) များ၊ အဓမ္မစစ်မှုထမ်းများအနေနှင့် ကျွန်ုပ်တို့ဖုန်းနံပါတ်ကို ယုံကြည်စိတ်ချစွာ ဆက်သွယ်နိုင်ပါတယ်" လို့ ဖော်ပြပါတယ်။

ဖုန်းနံပါတ်ကို ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားပါတယ်။


========================


🚩🚩 ၅။ BGF ခေါင်းဆောင်တွေကို DSI ထိုင်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က လူကုန်ကူးမှုအထောက်အထားတွေနဲ့ တရားရုံးကို တင်ပြပြီး ဖမ်းဝရမ်းထုတ်ရန် ပြင်ဆင်


ဖေဖော်ဝါရီ ၁၁ ရက်

BGF ခေါင်းဆောင်တွေကို DSI ထိုင်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က လူကုန်ကူးမှုအထောက်အထားတွေနဲ့ တရားရုံးကို တင်ပြပြီး ဖမ်းဝရမ်းထုတ်ရန် ပြင်ဆင်နေပြီလို့ ဖေဖော်ဝါရီလအတွင်း ထိုင်းနိုင်ငံ သတင်းဌာနများရဲ့ ကိုးကားဖော်ပြချက်အရ သိရပါတယ်။

၄င်း DSI ထိုင်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က တင်ပြတဲ့ လူစာရင်းထဲမှာ ဗိုလ်မှူးကြီး စောချစ်သူ၊ စောမုတ်သုန် နဲ့ တင်ဝင်းတို့ ပါဝင်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ထိုင်းနိုင်ငံ စစ်တပ်က ရွှေကုက္ကိုလ်မြို့သစ်အနီး ထိုင်းဘက်ခြမ်းနယ်စပ်တွင် လုံခြုံရေးများ ချထားနေရာယူထားတယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ စစ်ရေးသတင်းများကို Radio NUG သတင်းထောက် Min Thihan မှ ပေးပို့ထားသည်။





#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment