၂၀၂၅ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကျင်းပ
📌 ၂။ မန္တလေးတိုင်းဒေသကြီးသည် လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးဖြစ်ခဲ့ပြီး ၁၁၃ မှုထိ ရှိခဲ့
📌 ၃။ ကျားဖြန့် သံသယရှိသူ တရုတ်နိုင်ငံသား ၈၀၀ ကျော်မှ ပထမ အသုတ် ၂၀၀ ကျော်ကို စတင်ခေါ်ဆောင်
📌 ၄။ အိုးဘိုအကျဉ်းထောင်တွင် ထောင် ၂၂နှစ် အချခံထားရတဲ့ အသက် ၆၅နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူ ဒေါ်စန်းရီ ကျဆုံး
📌 ၅။ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အမှတ်တရပြက္ခဒိန် စောင်ရေ ရှစ်ထောင်စလုံး အောင်မြင်စွာ ရောင်းချပြီးစီး
========================
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ရှမ်းတောင် အထူးတပ် (P3-9702) မှာ အရာရှိငယ် သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်
🚩 ၂။ ချင်းအမျိုးသားနေ့မှာ မင်းတပ်မြို့ကို ဂျက်ဖိုက်တာနဲ့ ဗုံး ၂လုံး ကြဲချ
🚩 ၃။ ဆောထိမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂) လုံး ပျက်စီး
🚩 ၄။ ပေါက်ခေါင်းမြို့နယ်၊ အိုင်စောက်ရွာကို စက်တပ် လေထီး ၃ စီးဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ကလေးငယ် ၁ ဦးအပါအဝင် ၂ ဦး ဒဏ်ရာရ
🚩 ၅။ ခလရ ၂၃၆ ကို သိမ်းပိုက်နိုင်ခဲ့ပြီး စကခ (၂၁) တိုက်ပွဲတွင် စကစတပ်သား (၇၀)ကျော် လက်နက်ချ အညံ့ခံ
🚩 ၆။ ခမရ ၅၈၈ မှ စစ်မှုထမ်း သင်တန်းဆင်း တပ်ကြပ်ကြီး တစ်ဦး အပါအဝင် ၇ ဦး ဒေါနတပ်ရင်းထံ အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကျင်းပ
ဖေဖော်ဝါရီလ ၂၀ ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၇/၂၀၂၅) ကို ဖေဖော်ဝါရီ၂၀ရက် မနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၆/၂၀၂၅)တွင် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ချက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် အောင်မြင်စွာ ရပ်နားခဲ့ပါတယ်။
========================
📌📌 ၂။ မန္တလေးတိုင်းဒေသကြီးသည် လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးဖြစ်ခဲ့ပြီး ၁၁၃ မှုထိ ရှိခဲ့
ဖေဖော်ဝါရီ ၂၀
Radio NUG
အကြမ်းဖက်စစ်အုပ်စုရဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်မှု စုစုပေါင်း (၆၆၅) မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ကောက်ယူ၊ မှတ်တမ်းတင်ထားရှိတယ်လို့ ဖော်ပြပါတယ်။
ဇန်နဝါရီလအတွင်း မန္တလေးတိုင်းဒေသကြီးသည် လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးဖြစ်ခဲ့ပြီး ၁၁၃ မှုထိ ရှိခဲ့ပါတယ်။
မန္တလေးတိုင်းသည် (၃၁) ကြိမ်အထိ လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံး ဖြစ်ပွားခဲ့ကြောင်းလည်းတွေ့ရှိရပြီး တခြားသော ချိုးဖောက်ခံမှု ဖြစ်စဉ်များ သေဆုံးသူအရေအတွက်နဲ့ ပျက်စီးဆုံးရှုံးမှုများကိုလည်း စနစ်တကျ မှတ်တမ်းတင်ထားရှိပြီးဖြစ်တယ်လို့ သိရပါတယ်။
ဇန်နဝါရီလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်ပေါင်း ၅၉၃ လုံးနှင့် ကျောင်း ၉ ကျောင်း ပျက်စီးဆုံးရှုံးခဲ့ရပြီး ဘာသာရေးဆိုင်ရာ အဆောက်အဦ ၉ ခု နှင့် ကျန်းမာရေးဆိုင်ရာ အဆောက်အဦ ၅ခု ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဇန်နဝါရီလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂ဝ၄ ယောက်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၆၉ ယောက်ရှိခဲ့ကာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုကြောင့် သေဆုံးသူ စုစုပေါင်း ၁၆၅ ဦးထိ ရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနှင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက် စစ်အုပ်စု၏ ကျူးလွန်မှုများကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
========================
📌📌 ၃။ ကျားဖြန့် သံသယရှိသူ တရုတ်နိုင်ငံသား ၈၀၀ ကျော်မှ ပထမ အသုတ် ၂၀၀ ကျော်ကို စတင်ခေါ်ဆောင်
ဖေဖော်ဝါရီ ၂၀ ရက်၊
Radio NUG
ကရင်ပြည်နယ်၊ မြဝတီမြို့မှ ကျားဖြန့် သံသယ တရားခံ တရုတ်နိုင်ငံသား ၈၀၀ ကျော်ကို တရုတ်နိုင်ငံကို ပြန်ခေါ်မှာဖြစ်ပြီး ပထမ အသုတ်ကို ဖေဖော်ဝါရီ ၂၀ ရက်မှာ ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံ မြဝတီဒေသကနေ ပထမအသုတ် ပြန်လွဲပြောင်းပေးခဲ့တဲ့ တရုတ်နိုင်ငံသား ၂၀၀ ဦးကို ထိုင်းနိုင်ငံ မဲဆောက်မြို့ မှတဆင့် တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဌာနက တရုတ်နိုင်ငံကို ကြီးကြပ်ခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။
ကျန်ရှိနေသေးတဲ့ အွန်လိုင်းလိမ်လည်မှု ကျူးလွန်ခြင်း သံသယရှိသူ တရုတ်နိုင်ငံသား ၈၀၀ ကျော်ကိုလည်း မကြာမှီ ကာလအတွင်း ရှေ့ဆင့်နောက်ဆင့် တရုတ်နိုင်ငံကို ပြန်လည် ခေါ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိ မြန်မာနိုင်ငံ မြဝတီ ဒေသက အွန်လိုင်း လိမ်လည်မှု စတဲ့ ဆိုးဝါးသော ပြစ်မှု အခြေအနေများကို ဖြေရှင်းနိုင်ဖို့ တရုတ်၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံ တရားဥပဒေ စိုးမိုးရေး အဖွဲ့များ ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ် မြှင့်တင်နေပြီး ပူးပေါင်းတိုက်ဖျက်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဖော်ဆောင်နေတယ်လို့ ဆိုပါတယ်။
တရုတ်၊ မြန်မာ၊ ထိုင်း ၃ နိုင်ငံ တရားဥပဒေဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ခြင်း၊ ရာဇဝတ်မှု ပူးပေါင်းရှာဖွေ တိုက်ဖျက်ရေး ယန္တယားထူထောင်ခြင်း၊ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှု စတဲ့ နိုင်ငံ ဖြတ်ကျော် ပစ်မှုများကို ပူးပေါင်းတိုက်ဖျက်ခြင်းများနဲ့ ပတ်သက်ပြီး သဘောတူညီချက်တွေ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။
မကြာသေးမှီကလည်း သုံးနိုင်ငံ ရဲတပ်ဖွဲ့ ပူးပေါင်းပြီး မြဝတီ ဒေသက အွန်လိုင်း လိမ်လည် ပြစ်မှုများကို စုစည်းတိုက်ဖျက်ခဲ့ကြကြောင်းနဲ့ မြန်မာနိုင်ငံ သက်ဆိုင်ရာဌာနမှ အဆိုပါ ဒေသရှိ အွန်လိုင်းလိမ်လည်မှု ဇုန်များကို စုစည်းရှာဖွေ စစ်ဆေးခဲ့ပြီး သံသယရှိသောသူများကို ဖမ်းဆီးခဲ့ကာ ပိတ်မိနေသော တရုတ် နိုင်ငံသားများကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
========================
📌📌 ၄။ အိုးဘိုအကျဉ်းထောင်တွင် ထောင် ၂၂နှစ် အချခံထားရတဲ့ အသက် ၆၅နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူ ဒေါ်စန်းရီ ကျဆုံး
ဖေဖော်ဝါရီ ၂၀
Radio NUG
ဖေဖော်ဝါရီလ (၁၀)ရက်နေ့တွင် မန္တလေးတိုင်း၊ အိုးဘိုအကျဉ်းထောင်တွင် ပုဒ်မ ၅၂(က)/ ၅၀(ည) တို့ဖြင့် ထောင်ဒဏ် (၂၂)နှစ် ချမှတ်ခံထားရသော အသက် (၆၅)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူ ဒေါ်စန်းရီသည် သွေးတိုး၊ ဆီးချို၊ နှလုံး၊ အသည်းရောဂါတို့ဖြင့် ကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM)မှ သတင်းထုတ်ပြန်ထားပါတယ်။
ဒေါ်စန်းရီသည် ၂၂-၄-၂၀၂၁ ရက်နေ့တွင် ချမ်းမြသာစည်မြို့နယ်ရှိ နေအိမ်တွင်ရှိနေစဉ် ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၀) ရဲစခန်းအား ဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့သည့် လူငယ် (၃)ဦးအား ဝှက်ပေးထားသည်ဟူသော အကြောင်းပြချက်ဖြင့် ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး ပုဒ်မ ၅၂(က)/ ၅၀(ည) တို့ဖြင့် တရားစွဲတင်ခံခဲ့ရကာ ၅-၂-၂၀၂၂ ရက်နေ့တွင် ထောင်ဒဏ် (၂၂) နှစ်ဖြင့် အိုးဘိုအကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံနေရသူတစ်ဦးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ယခုကဲ့သို့ အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိ၍ သေဆုံးရမှုအပေါ် PPNM အဖွဲ့သူ အဖွဲ့သားများအနေဖြင့် များစွာစိတ်မကောင်းဖြစ်ရပြီး ကျန်ရှိနိုင်ငံရေး အကျဉ်းသားများ ထပ်မံသေဆုံးမှုများ မဖြစ်ပေါ်စေရန်အတွက် အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှုအား အပြည့်အဝပေးရန်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုထားပါတယ်။
========================
📌📌 ၅။ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အမှတ်တရပြက္ခဒိန် စောင်ရေ ရှစ်ထောင်စလုံး အောင်မြင်စွာ ရောင်းချပြီးစီး
ဖေဖော်ဝါရီ ၂၀ရက်
Radio NUG
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အမှတ်တရပြက္ခဒိန် စောင်ရေ ရှစ်ထောင်စလုံး အောင်မြင်စွာ ရောင်းချပြီးစီးခဲ့တယ်လို့ သတင်းရရှိပါတယ်။
အမေစုမွေးနေ့အမှတ်တရပြက္ခဒိန်ကို ဖေဖော်ဝါရီ ၁၃ ရက်နေ့မှ စတင်အရောင်းဖွင့်ခဲ့တာ ဖြစ်ပါတယ်။
မှာယူထားသည့် ပြက္ခဒိန်များကို သက်ဆိုင်ရာ Fundraiser များထံ ဧပြီလ မကုန်ခင် အရောက်ပို့ပေးမည်ဖြစ်ပြီး သက်ဆိုင်ရာ fundraiser များမှတဆင့် မှာယူသူများထံ မေလထဲတွင် ရောက်ရှိအောင် ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ရှမ်းတောင် အထူးတပ် (P3-9702) မှာ အရာရှိငယ် သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်
ဖေဖော်ဝါရီ ၂၀ ရက်၊
Radio NUG
အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် ၃ စစ်ဒေသ၊ ရှမ်းတောင် အထူးတပ်ဖွဲ့ (P3-9702) တပ်ဖွဲ့ရဲ့ NCO အရာရှိငယ် သင်တန်းဆင်းပွဲ ၁/၂၀၂၅ ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၁၉ ရက်က ကရင်နီပြည်နယ် တနေရာမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အဆိုပါ NCO သင်တန်းဆင်းပွဲကို သင်တန်းဆရာနဲ့ တပ်ဖွဲ့ဝင်များ၊ ရှမ်းတောင်အထူးတပ်ဖွဲ့ (P3-9702) မှ တပ်ဖွဲ့မှူးနဲ့ သင်တန်းသား တပ်ဖွဲ့ဝင်များ၊ မိတ်ဖက်တပ်ဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ရပ်မိရပ်ဖနဲ့ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ယခုသင်တန်းကို ဇန်နဝါရီ ၁၅ ရက်နေ့ကနေ ဖေဖော်ဝါရီ ၆ ရက်နေ့ထိ ဘာသာရပ် ၁၃ ခုကို အထူးလှုပ်ရှားတပ်မှ ပြန်လည်မျှဝေ သင်ကြားပေးခဲ့ပြီး ဖေဖော်ဝါရီ ၈ ရက်နေ့မှာ စာတွေ့လက်တွေ့ ဖြေဆိုခဲ့ကြကာ အောင်မြင်ခဲ့တဲ့ အရာရှိငယ်များကို အောင်မြင်ပြီးစီးကြောင်း အသိမှတ်ပြု လက်မှတ်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ရှမ်းတောင် အထူးတပ်ဖွဲ့ဟာ ၂၀၂၃ ခုနှစ်၊ မေလ ၁၀ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး အမျိုးသား ညီညွတ်ရေး အစိုးရရဲ့ COC အောက်မှာ တာဝန် ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဖြစ်ပြီး ဖယ်ခုံမြို့နယ် ခေါင်မိုင်း၊ ဆီဆိုင်မြို့နယ် လွယ်ပွတ်၊ ဖားဆောင်း၊ မိုးဗြဲ၊ ညောင်ရွှေမြို့နယ် ရေပူရွာ တိုက်ပွဲများမှာ ပါဝင်လှုပ်ရှားခဲ့တယ်လို့ ဆိုပါတယ်။
ယခု အရာရှိငယ် သင်တန်းဆင်းပွဲဟာ ရှမ်းတောင် အထူးတပ်ဖွဲ့ရဲ့ ပထမဆုံးအကြိမ် အရာရှိငယ် သင်တန်းဖြစ်ပြီး အခြေခံ စစ်သင်တန်း အပတ်စဉ် ၃ ခုအထိ ပြီးမြောက်ခဲ့ပြီးဖြစ်ကာ အပတ်စဉ် ၄ အတွက်လည်း သင်တန်းသား/ သူ သစ်များ ဆက်လက်ခေါ်ယူနေတာကြောင့် ဆက်သွယ် စာရင်းပေးသွင်း နိုင်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ ချင်းအမျိုးသားနေ့မှာ မင်းတပ်မြို့ကို ဂျက်ဖိုက်တာနဲ့ ဗုံး ၂လုံး ကြဲချ
ဖေဖော်ဝါရီ ၂၀
Radio NUG
ချင်းအမျိုးသားနေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၂၀ ရက် မနက်အစောတွင် ချင်းကာကွယ်ရေးတပ် မင်းတပ်(CDF Mindat)က သိမ်းပိုက်ထားတဲ့ မင်းတပ်မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံးကြဲချခဲ့ကြောင်း CDF Mindat ထံမှ သတင်းရရှိပါတယ်။
မင်းတပ်မြို့၊ စံပြရပ်ကွက်ကို ပေါင် ၃၀၀ တစ်လုံး၊ ပေါင် ၅၀၀ တစ်လုံး ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး မြို့ထဲကို ပြည်သူအများစု ပြန်မဝင်နေသေးတာကြောင့် လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
ချင်းအမျိုးသားနေ့မှာ ဗုံးကြဲခဲ့တဲ့ စစ်ကောင်စီနဲ့လက်တွဲဖို့ ချင်းတိုင်းရင်းသားတွေကို ၇၇ နှစ်မြောက် ချင်းအမျိုးသားနေ့ သဝဏ်လွှာမှာ စစ်ခေါင်းဆောင်က တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၃။ ဆောထိမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂) လုံး ပျက်စီး
ဖေဖော်ဝါရီ ၂၀
Radio NUG
ဖေဖော်ဝါရီလ (၁၉) ရက်နေ့ နေ့လယ် (၁၂း၃၇) မိနစ်အချိန်တွင် ဆောထိမြို့နယ်၊ ချုံအင်းကျေးရွာထဲသို့ တိုက်လေယာဥ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်း နေထိုင်သော နော်မူနီဖေါ (၁၈)နှစ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဦးငယ်လေးနှင့် ဦးသိန်းအေးတို့၏ နွား (၂)ကောင် သေဆုံးခဲ့သလို (၁)ကောင် ထိခိုက်ခဲ့ကာ နေအိမ်(၂)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ ပေါက်ခေါင်းမြို့နယ်၊ အိုင်စောက်ရွာကို စက်တပ် လေထီး ၃ စီးဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ကလေးငယ် ၁ ဦးအပါအဝင် ၂ ဦး ဒဏ်ရာရ
ဖေဖော်ဝါရီ ၂၀
Radio NUG
ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ပေါက်ခေါင်းမြို့နယ်၊ အိုင်စောက်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည် ခလရ ၇၅ တပ်ရင်းမှ စက်တပ် လေထီး ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ၃၆၀၁ PPDFထံမှ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း အိုင်စောက်ရွာတွင် နေထိုင်သော အသက် ၅၀ အရွယ် ဒေါ်စန်းရီ ပွဲချင်းပြီး သေဆုံးပြီး အသက် ၃၈ နှစ်အရွယ် ဦးအောင်မျိုးဝင်း (ခ) ဖိုးပြား ဘယ်ဘက်လက် ဗုံးစထိမှန်ပြီး လက်ပြတ်သွားကာ အသက် ၁၂ နှစ်အရွယ် မရွှန်းလဲ့ဝေ ညာလက်မောင်းကို ဗုံးစထိမှန်ပြီး နောက်ကျောထိ ထုတ်ချင်းပေါက် ဒဏ်ရာရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သိရပါတယ်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးသည် အရေးပေါ် ခွဲစိတ်ရန် လိုအပ်နေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ ခလရ ၂၃၆ ကို သိမ်းပိုက်နိုင်ခဲ့ပြီး စကခ (၂၁) တိုက်ပွဲတွင် စကစတပ်သား (၇၀)ကျော် လက်နက်ချ အညံ့ခံ
ဖေဖော်ဝါရီ ၂၀
Radio NUG
ဖေဖော်ဝါရီလ (၂၀)ရက်နေ့ နံနက်ပိုင်းတွင် စကခ(၂၁)၏ ကာကင်းတပ်စခန်းကြီးဖြစ်တဲ့ ခလရ (၂၃၆) တပ်စခန်းကို KIAနှင့် တော်လှန်ရေးပူးပေါင်းတပ်များမှ အပြီးသတ်ရှင်းလင်းနိုင်ခဲ့ပြီး စကခ (၂၁)ကို ဆက်လက်ထိုးဆင်တိုက်ခိုက်ရာတွင် စကစဘက်မှ ရာထူးအကြီးပိုင်း ထိခိုက်ကျရှုံးမှုများရှိခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်များမှ သိရပါတယ်။
တိုက်ပွဲများအတွင်းမှ စစ်လက်နက် အများအပြားကိုလည်း သိမ်းဆည်းရမိသည့်အပြင် စစ်ဘက်သုံး ဒရုန်းများကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်၏ တပ်စခန်း အများအပြားကို KIAနှင့် တော်လှန်ရေးပူးပေါင်းတပ်များမှ တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ပြီး နောက်ဆုံး ကျန်ရှိနေသော စကခ-၂၁ကိုသာ ဝန်းရံပိတ်ဆို့ တိုက်ခိုက်နေပါတယ်။
========================
🚩🚩 ၆။ ခမရ ၅၈၈ မှ စစ်မှုထမ်း သင်တန်းဆင်း တပ်ကြပ်ကြီး တစ်ဦး အပါအဝင် ၇ ဦး ဒေါနတပ်ရင်းထံ အလင်းဝင်
ဖေဖော်ဝါရီ ၂၀ ရက်၊
Radio NUG
တနင်္သာရီ မြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် (၅၈၈) ခြေမြန်တပ်ရင်းက တပ်ကြပ်ကြီး တစ်ဦးအပါအဝင် တပ်သား ၇ ဦး လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ ဒေါနတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ အဆိုပါ တပ်သား ၇ ဦးဟာ လမ်းကင်း တာဝန်ကျနေချိန်မှာ တပ်ကြပ်ကြီး တစ်ဦးက ဦးဆောင်ပြီး ဒေါနတပ်ရင်းထံ အလင်းဝင်ဖို့ ထွက်လာခဲ့တာလို့ ဆိုပါတယ်။
၎င်းတို့နဲ့အတူ MA-1 သေနတ် ၃ လက်၊ MA-2 ၁ လက်၊ MA-3 ၁ လက်၊ MA 4 ၂ လက်၊ ကျည်ဘောက် ၂၆ ဘောက်၊ ကျည် ၈၃၁ တောင့်၊ ၄၀ မမ ၁၄ လုံး၊ နင်းမိုင်း ၄ လုံး၊ လက်ပစ်ဗုံး ၄ လုံးနဲ့ ဗုံးသီး ၁ လုံးကို တပါတည်း ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။
၎င်းတို့ဟာ အမှတ် (၁၂) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း၊ အမှတ် (၉) အခြေခံ လေ့ကျင့်ရေး ကျောင်း (သထုံ)၊ အမှတ် (၆) စစ်အခြေခံ လေ့ကျင့်ရေးတပ် ရွှေမြှင့်တင်(ပုသိမ်) သင်တန်းကျောင်းများ မှ စစ်မှုထမ်း အပတ်စဉ် ၅ နဲ့ ၆ သင်တန်းဆင်း တပ်သားများ ဖြစ်ကြပါတယ်။
အလင်းဝင်ရောက်လာသူများကို ဒေါနတပ်ရင်းက ကနဦးဆုကြေးငွေများ ပေးအပ်ခဲ့ကာ နွေးထွေးစွာ ကြိုဆိုခဲ့ပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။
အဆိုပါ တပ်သား ၇ ဦး စလုံးကို စစ်ကောင်စီက အဓမ္မ ဖမ်းဆီးခဲ့ကာ စစ်မှုထမ်း တပ်သားသစ်အဖြစ် စုဆောင်းခဲ့တာဖြစ်ပြီး ၎င်းတို့ အနေနဲ့ စစ်ကောင်စီကို ပြန်တိုက်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
ဒေါနတပ်ရင်းမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် (PDF) အဖြစ် တာဝန် ထမ်းဆောင်နေတဲ့ အလင်းဝင် ပြည်သူ့ဘက်တော်သား ၁၈ ဦးထိ ရှိတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment