၂၀၂၅ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အမှတ်တရပြက္ခဒိန်များ သက်ဆိုင်ရာFR များထံသို့ သတ်မှတ်ရက်ထက် စောလျှင်စွာပေးပို့ပေးမည်
📌 ၂။ အိုးဘိုအကျဉ်းထောင်တွင် ဖမ်းဆီးအကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုအောင်ထွန်း ကျဆုံးခဲ့ပြီးကျဆုံးသူ၏ ရုပ်အလောင်း(Dead Body )ကိုပင် ပြန်လည်ယူဆောင်ခွင့်မပြု
📌 ၃။ မြန်မာနိုင်ငံသားများကို ဖမ်းဆီးပြီးပြန်ပို့တဲ့ထိုင်းအာဏာပိုင်များ၏လုပ်ရပ်က အကြမ်းဖက်စစ်အုပ်စုအတွက် စစ်သားသစ်များစုဆောင်းပေးသလိုဖြစ်နေတယ်လို့ဆို
📌 ၄။ ရောင်နီ live ၂၀၂၅ ခေါင်းစဉ်ဖြင့် အမေရိကန်မှာ ရှိုးပွဲများကျင်းပမယ်လို့ အဆိုတော်လင်းလင်းအသိပေး
========================
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ Quadcopter Drone Project တွင် ဝိုင်းဝန်းပါဝင်ပေးကြဖို့ မိုးဗြဲပြည်သူကာကွယ်ရေးတပ်မှဖိတ်ခေါ်
🚩 ၂။ ကရင်နယ်ခြားစောင့်တပ် ခေါင်းဆောင်များအပေါ် ဖမ်းဝရမ်းလျှောက်ထားရန် ထိုင်းအစိုးရအား Justice For Myanmar က တိုက်တွန်း
🚩 ၃။ ကလေးဝမြို့နယ် တော်လှန်ရေးအဖွဲ့ထံဆက်သွယ်၍ လက်နက်ချ အလင်းဝင်ရောက်လာသော စကစ တပ်သား အား ထောက်ပံ့ငွေ ကျပ်သိန်း(၅၀)ပေးအပ်ချီးမြှင့်
🚩 ၄။ ခမရ (၄၂၂) တပ်မှ တပ်သား ၃ဦး ဖယ်ခုံPDF(၁၀၀၆ တပ်ရင်း) ထံ လက်နက်များနှင့်အတူ အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အမှတ်တရပြက္ခဒိန်များ သက်ဆိုင်ရာFR များထံသို့ သတ်မှတ်ရက်ထက် စောလျှင်စွာပေးပို့ပေးမည်
ဖေဖော်ဝါရီ(၂၅)
ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အမှတ်တရပြက္ခဒိန်များ သက်ဆိုင်ရာFR များထံသို့ သတ်မှတ်ရက်ထက်စောလျှင်စွာပေးပို့ပေးမည်ဖြစ်ပြီး ကမ်ပိန်းအစီအစဥ်များကို ထပ်မံအသိပေးမယ်လို့ဖော်ပြပါတယ်။
ဖေဖော်ဝါရီ၂၅ရက်မှာ ကမ်ပိန်းဖော်ဆောင်တဲ့ ဆိုရှယ်မီဒီယာက အသိပေးဖော်ပြပါတယ်။
"အမေစုမွေးနေ့အမှတ်တရ ပြက္ခဒိန်ကိုမှာယူကြသော ကမ္ဘာတစ်ဝှမ်းမှ အမေ့ရဲ့သားသမီးများအားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...
ကျွန်တော်တို့ရဲ့ကမ်ပိန်းပထမပိုင်းအစီအစဉ်လေးရဲ့ ပြက္ခဒိန်ရောင်းချမှူ့လေးဟာကမ်ပိန်းစပြီးပထမအပတ်အတွင်းမှာဘဲ စုစုပေါင်း စောင် ၈၀၀၀ ကုန်သွားခဲ့ပြီး Limited Edition လေးဖြစ်သည့်အတွက် မှာယူသူများအားလုံးလည်း ကျေနပ်အမှတ်တရဖြစ်စေမည့်အရာလေးဖြစ်စေမှာဖြစ်ပါတယ်။ ပြက္ခဒိန်များကို သက်ဆိုင်ရာFR များထံသို့ သတ်မှတ်ရက်ထက်စောလျှင်စွာပေးပို့ပေးမည်ဖြစ်ပြီး သတ်ဆိုင်ရာ FR များမှလည်းမှာယူသူများထံသို့ အလျှင်အမြန်ပေးပို့ပေးကြမှာဖြစ်ပါတယ်ခင်ဗျာ။ကျသင့်မည့်စာပို့ခများကိုတော့ မှာယူသူများမှကျခံပေးရမှာဖြစ်ပါတယ်ခင်ဗျာ။ ကမ်ပိန်းရဲ့အစီအစဉ်များကိုလည်း ထပ်မံဖေါ်ပြပေးသွားပါမည်ခင်ဗျာ"လို့ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်၈၀ပြည့်မွေးနေ့အမှတ်တရကမ်ပိန်းများကို သားငယ်ကိုထိန်လင်းနဲ့ တတ်သိပညာရှင်များပူးပေါင်းဖော်ဆောင်လျက်ရှိပါတယ်။
========================
📌📌 ၂။ အိုးဘိုအကျဉ်းထောင်တွင် ဖမ်းဆီးအကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုအောင်ထွန်း ကျဆုံးခဲ့ပြီးကျဆုံးသူ၏ ရုပ်အလောင်း(Dead Body )ကိုပင် ပြန်လည်ယူဆောင်ခွင့်မပြု
ဖေဖေါ်ဝါရီလ (၂၅)
၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၁၈)ရက်နေ့၌ အိုးဘိုအကျဉ်းထောင်တွင်းအကျဥ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုအောင်ထွန်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိ၍ ကျဆုံးခဲ့တယ်လို့သတင်းရရှိပါတယ်။
ကိုအောင်ထွန်းသည် ကျန်းမာရေးကောင်းမွန်သူတစ်ဦးဖြစ်ပြီး စတင်ဖမ်းဆီးခြင်းခံစဉ်က မည်သည့်ရောဂါမှ ဖြစ်ပွားခြင်းမရှိခဲ့ပဲ အိုးဘိုအကျဉ်းထောင်အတွင်းရောက်မှ ခန္ဓာကိုယ်တွင် အနာများပေါက်လာပြီး အနာပိုးဝင်ကာ ထောင်ဆေးရုံတွင်လည်း တက်ရောက်ဆေးကုသမှုခံခဲ့တယ်လို့ဖော်ပြပါတယ်။
ကိုအောင်ထွန်းသည် ထောင်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေစဉ် တစ်ပတ်ခန့်အကြာ ဖေဖော်ဝါရီ၁၈ရက်နေ့တွင် အိုးဘိုအကျဉ်းထောင်၌ အဆိုပါ ရောဂါဖြင့်ပင် ကျဆုံးခဲ့ပြီး ကျဆုံးသူ၏ ရုပ်အလောင်း(Dead Body )ကိုပင် ပြန်လည်ယူဆောင်ခွင့်မပြုကြောင်း PPNM မှ စုံစမ်းသိရှိရတယ်လို့ဆိုပါတယ်။
ကိုအောင်ထွန်းအား ၂၀၂၂ ခုနှစ် ဧပြီလ (၁၅)ရက်နေ့တွင် မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် အမရပူရမြို့နယ်ရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ပုဒ်မ ၅၀၅- က ဖြင့် အမရပူရတရားရုံးတွင် တရားစွဲဆိုခံခဲ့ရကာ ၆-၉-၂၀၂၂ ရက်နေ့တွင် ထောင်ဒဏ်(၃) နှစ် ချမှတ်ခံခဲ့ ရပြီး အိုးဘိုအကျဉ်းထောင်တွင် ထိန်းသိမ်းထားခြင်း ခံခဲ့ရပါတယ်။
========================
📌📌 ၃။ မြန်မာနိုင်ငံသားများကို ဖမ်းဆီးပြီးပြန်ပို့တဲ့ထိုင်းအာဏာပိုင်များ၏လုပ်ရပ်က အကြမ်းဖက်စစ်အုပ်စုအတွက် စစ်သားသစ်များစုဆောင်းပေးသလိုဖြစ်နေတယ်လို့ဆို
ဖေဖော်ဝါရီ၂၅ရက်
မြန်မာနိုင်ငံသားများကိုဖမ်းဆီးပြီးပြန်ပို့တဲ့ ထိုင်းအာဏာပိုင်များ၏လုပ်ရပ်က အကြမ်းဖက်စစ်အုပ်စုအတွက် စစ်သားသစ်များစုဆောင်းပေးသလိုဖြစ်နေတယ်လို့ ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းလုပ်သားများက သုံးသပ်ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်တွင် ရနောင်းခရိုင်၊ ချောနန်းဟုန်းကျေးရွာရှိ အကောက်ခွန်ဆိပ်ခံမှတဆင့် မြန်မာနိုင်ငံသို့ မြန်မာနိုင်ငံသားအယောက် ၂၀၀ကိုပြန်လည်စေပို့ခဲ့ပါတယ်။
"ဒီဘက်မှာသက်တမ်းကုန်တဲ့လူလည်း တိုးမရ၊ပြုမရ၊မြန်မာသံရုံးကိုယ်တိုင်က မြန်မာအလုပ်သမားတွေကိုဒုက္ခပေးဖို့ အလိုတူအလိုပါဖြစ်နေတယ်။အစတုန်းက သူတို့လိုချင်တာပိုက်ဆံ၊အခုက စစ်မှုထမ်းဖို့သူတို့လိုချင်တာလူ။ဒါကို ထိုင်းအစိုးရကဖမ်းပြီး မြန်မာဘက်ကိုလူစုပေးတဲ့သဘောဖြစ်နေတယ်။ကျမတို့ကိုဘယ်သူက ကယ်မှာလဲ"လို့ ရွှေ့ပြောင်းလုပ်သားတဦးကဆိုပါတယ်။
ဖေဖော်ဝါရီလ တတိယပတ်ကျော်အတွင်း ထိုင်းနိူင်ငံBKKတွင်ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးရာ တရားမဝင်စျေးရောင်းချသည်ဟုဆိုကာမြန်မာနိုင်ငံသား၂၀နီးပါးဖမ်းဆီးခံရခဲ့ပြီး စျေးဝယ်စင်တာနဲ့စျေးများသို့ အလစ်အငိုက်ဝင်ရောက်ဖမ်းဆီးလျှက်ရှိပါတယ်။
========================
📌📌 ၄။ ရောင်နီ live ၂၀၂၅ ခေါင်းစဉ်ဖြင့် အမေရိကန်မှာ ရှိုးပွဲများကျင်းပမယ်လို့ အဆိုတော်လင်းလင်းအသိပေး
ဖေဖော်ဝါရီ၂၅ရက်
ရောင်နီ live ၂၀၂၅ ခေါင်းစဉ်ဖြင့် အမေရိကန်မှာရှိုးပွဲများ ကျင်းပမယ်လို့ အဆိုတော်လင်းလင်းမှ အသိပေးဆိုပါတယ်။ဖေဖော်ဝါရီ၂၅ရက် ဆိုရှယ်မီဒီယာမှာ အဆိုတော်လင်းလင်း၏ အသိပေးချက်အရ မြို့များစွာမှာ ကျင်းပမှာလို့သိရပါတယ်။
"ရောင်နီ live 2025 ခေါင်းစဉ်ဖြင့် အမေရိကမြို့များမှာရှိုးပွဲများပြုလုပ်မှာဖြစ်ပါတယ်။ပထမဆုံးပွဲကတော့ လာမယ့် April 12 မှာ Maryland မြို့တွင်ကျင်းပပါမယ်။
အမေရိကန်ပြည်ထောင်စု၊ မေရီလန်းမှာ ပြုလုပ်မယ့် တော်လှန်အနုပညာရှင် လင်းလင်း နဲ့ ချစ်သုဝေ တို့ရဲ့ "ရောင်နီ Live in Maryland" ပွဲအတွက် လက်မှတ်တွေကို စတင်ရောင်းချနေပြီဖြစ်ပါတယ်။
"ရောင်နီ Live in Maryland" ပွဲကို ဧပြီ ၁၂ ရက်မှာ ပြုလုပ်သွားမှာဖြစ်ပြီး လက်မှတ်တွေကို ဒေါ်လာ ၁၅၀ နဲ့ ၁၀၀ ဆိုပြီး နှစ်မျိုးသတ်မှတ်ထားတယ်ဆိုတာနဲ့ ၁၀ နှစ်အောက် ကလေးငယ်များအတွက် လက်မှတ်တွေ ဝယ်ယူစရာမလိုဘူးလို့ သိရပါတယ်။
ကျင်းပမယ့် ရှိုးပွဲအားလုံးအတွက် တခါထဲ ပြောပြထားချင်တာကတော့ရှိုးပွဲက ရလာမယ့် အမြတ်အားလုံး ခေါင်းစဉ် ၃ခုဖြင့် မြေပြင်ကို အချိန်မဆွဲ ပို့ဆောင်မှာ ဖြစ်တယ်"လို့ဆိုပါတယ်။
ရရှိလာတဲ့ငွေကြေးများကိုတော်လှန်မိသားစုများ၏ ပြန်လည်ထူထောင်ရေး (ကျဆုံးရဲဘော်များ၏ ကျန်ရစ်မိသားစုများ၊ CDM မိသားစုများ၊ Activists မိသားစုများ၊ နိုင်/ကျဉ်းမိသားစုများ)၊ မြေပြင်ခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့် ပညာရေးစရိတ်ပို့ဆောင်ခြင်းများ၊တောင်ပေါ်၊တောင်အောက် ဒေသအနှံ့က တန်းတူ လူ့အခွင့်အရေးလှုပ်ရှားမှုများကိုပေးပို့မှာဖြစ်တယ်လို့ဆိုပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ Quadcopter Drone Project တွင် ဝိုင်းဝန်းပါဝင်ပေးကြဖို့ မိုးဗြဲပြည်သူကာကွယ်ရေးတပ်မှဖိတ်ခေါ်
ဖေဖော်ဝါရီ၂၅ရက်
Quadcopter Drone Project တွင်ဝိုင်းဝန်းပါဝင်ပေးကြဖို့ မိုးဗြဲပြည်သူကာကွယ်ရေးတပ်မှ ဖေဖော်ဝါရီ၂၅ရက်မှာ ဖိတ်ခေါ်လျက်ရှိပါတယ်။
"မိုးဗြဲဇုန်အတွက် အစဉ်တစိုက်ကူညီပံ့ပိုးပေးကြပါသော ထောက်ပို့မိဘပြည်သူညီအစ်ကို မောင်နှမအားလုံး မင်္ဂလာပါခင်ဗျာ..
ကျွန်တော်တို့ မိုးဗြဲပြည်သူကာကွယ်ရေးတပ်မှ ကျွန်တော်တို့နဲ့ အတူ ရှေ့တန်းမှာ ရဲရဲဝံ့ဝံ့ နဲ့ အတူတူတိုက်ပွဲ ဝင်နိုင်မယ့် ရဲဘော် အသစ်တစ်ဦး ထပ်မံခေါ်ယူနိုင်ဖို့ ကြိုးစားနေပါတယ် ။ ရဲဘော်အသစ်အမည်လေးကတော့ Quadcopter Drone လို့ခေါ်ပါတယ်။ စခန်းသိမ်းတိုက်ပွဲတွေမှာ ဦးစွာ ကင်းထောက်နိုင်ခြင်း နှင့် ရန်သူစခန်းများ၏ မိန်းပွိုင့်တွေကို ဦးစွာ ဖြိုချနိုင်သောကြောင့် စခန်းကုန်းများ လျင်မြန်စွာ သိမ်းနိုင်ခြင်း၊သက်ရှိ ရဲဘော်များ ဖြိုရန် ခက်ခဲသော ရန်သူဘန်ကာ များအား Droneဖြင့် ထိမိစွာ ဖြိုနိုင်ခြင်းတို့အရေးပါတယ်"လို့ဆိုပါတယ်။
Project ရဲ့ Targetကတော့ ကျပ်သိန်းခုနစ်ရာ ဖြစ်ပြီး ဖေဖော်ဝါရီ၂၅ရက်နေ့ကနေ မတ်လ၂၇ရက်နေ့ထိဖြစ်ပါတယ်။
========================
🚩🚩 ၂။ ကရင်နယ်ခြားစောင့်တပ် ခေါင်းဆောင်များအပေါ် ဖမ်းဝရမ်းလျှောက်ထားရန် ထိုင်းအစိုးရအား Justice For Myanmar က တိုက်တွန်း
ကရင်နယ်ခြားစောင့်တပ်ခေါင်းဆောင်များအပေါ် ဖမ်းဝရမ်း လျှောက်ထားရန် ထိုင်းအစိုးရအား Justice For Myanmar က တိုက်တွန်းလိုက်ပါတယ်။
ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင်များဖြစ်သော စောချစ်သူ (အမည်ရင်း စံမြင့်)၊ တင်ဝင်းနှင့် မုတ်သုန်တို့ သုံးဦးအား လူကုန်ကူးမှုအတွက် အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ဖမ်းဝရမ်းထုတ်နိုင်ရန် လုပ်ဆောင်နေကြောင်း သတင်းများကို Justice For Myanmar က ကြိုဆိုအပ်တယ်လို့ ဖေဖော်ဝါရီ၂၅ရက်မှာ ထုတ်ပြန်ပါတယ်။
ထိုင်းအစိုးရအနေဖြင့် ယင်းလုပ်ငန်းစဉ်ကို အမြန်လုပ်ဆောင်ရန်နှင့် တရားရုံးတွင် အဆိုပါ ဖမ်းဝရမ်းများကို လျှောက်ထားရန်တိုက်တွန်းအပ်ပြီး ယင်းဖမ်းဝရမ်းများ ထုတ်ပေးမှုသည် ထိုင်းနယ်စပ်တလျှောက် ကရင်နယ်ခြားစောင့်တပ်ခေါင်းဆောင်များ ကျူးလွန်နေသည့် ရာဇဝတ်မှုများကို ဖြေရှင်းရာတွင် အရေးပါသောခြေလှမ်းတစ်ရပ်ဖြစ်လာမယ်လို့ ဆိုပါတယ်။
ဆိုက်ဘာငွေလိမ်လုပ်ငန်းနယ်ပယ်တွင် ကရင်နယ်ခြားစောင့်တပ်ဖွဲ့၏ ပါဝင်ပတ်သက်မှု အတိမ်အနက်ထုထည်သည် အခြေအနေများငြိမ်သက်သွားရုံ ရေတိုလုပ်ဆောင်ပြမှုလောက်ဖြင့် ၎င်းတို့အား တရားစီရင်မှုမှ လွတ်မြောက်ခွင့်မပေးသင့်ကြောင်း ပြသနေတယ်လို့ဆိုပါတယ်။
၂၀၂၄ ခုနှစ် Justice For Myanmar ၏ အစီရင်ခံစာတစ်စောင်တွင် ကရင်နယ်ခြားစောင့်တပ် ခေါင်းဆောင်များနှင့် မိသားစုဝင်များအနေဖြင့် မြေထိန်းချုပ်မှု၊ အိမ်ခြံမြေလုပ်ငန်းများတွင် တိုက်ရိုက် ပိုင်ဆိုင်မှု၊ အခွန်၊ လုံခြုံရေး၊ မှောင်ခိုလုပ်ငန်း၊ လူကုန်ကူးမှုနှင့် လူသုံးကုန်ရောင်းချမှုများမှတဆင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းမှ အကျိုးအမြတ်များ ရရှိနေပုံကို ဖော်ထုတ်ထားပါတယ်။
========================
🚩🚩 ၃။ ကလေးဝမြို့နယ် တော်လှန်ရေးအဖွဲ့ထံဆက်သွယ်၍ လက်နက်ချ အလင်းဝင်ရောက်လာသော စကစ တပ်သား အား ထောက်ပံ့ငွေ ကျပ်သိန်း(၅၀)ပေးအပ်ချီးမြှင့်
ဖေဖော်ဝါရီ၂၅ရက်
ကလေးဝမြို့နယ် တော်လှန်ရေးအဖွဲ့ထံဆက်သွယ်၍ လက်နက်ချ အလင်းဝင်ရောက်လာသော စကစတပ်သားအား ထောက်ပံ့ငွေ ကျပ်သိန်း(၅၀)ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ဖေဖော်ဝါရီ၂၅ရက်မှာ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်က အသိပေးဆိုပါတယ်။
အာဏာသိမ်းစစ်အုပ်စု၏ ယုတ်မာရက်စက် တာဝန်မဲ့လုပ်ရပ်များကို ရွံမုန်းလာသောကြောင့် စကစတပ်သားတဦး မိမိတို့ကလေးဝမြို့နယ် တော်လှန်ရေးအဖွဲ့ထံ ဆက်သွယ်၍ လက်နက်ချ အလင်းဝင်ရောက်လာခဲ့ပါတယ်လို့ဆိုပါတယ်။
အဆိုပါစကစတပ်သားအား ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ်(၉)တပ်ရင်း တပ်ရေးအရာရှိမှ ထောက်ပံ့ငွေ ကျပ်သိန်း(၅၀) ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
========================
🚩🚩 ၄။ ခမရ (၄၂၂) တပ်မှ တပ်သား ၃ဦး ဖယ်ခုံPDF(၁၀၀၆ တပ်ရင်း) ထံ လက်နက်များနှင့်အတူ အလင်းဝင်
ဖေဖော်ဝါရီလ (၂၅)ရက်
အကြမ်းဖက်စစ်ကောင်စီ၏ မိုးဗြဲအခြေစိုက် ခမရ(၄၂၂)တပ်၌ တာဝန်ကျ ခမရ(၅၁၈) တပ်ရင်းမှ တပ်သား ၃ ဦးသည် ဖေဖော်ဝါရှ ၂၄ရက်နေ့တွင် ဖယ်ခုံPDF(၁၀၀၆ တပ်ရင်း) ထံသို့ (MA1 ၁လက်၊ MA3 ၂လက်၊ ကျည်တောင့် ၁၂၀ ) စသည့်လက်နက်များနှင့်အတူ ပြည်သူ့ရင်ခွင်သို့ ခိုလှုံခဲ့တယ်လို့ဆိုပါတယ်။
တပ်သား ၃ဦးသည် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ မတရားဖမ်းဆီး တာဝန်ပေးခြင်းခံရပြီး "စစ်တပ်မှ ပြည်သူလူထုအပေါ် နှိပ်စက်အကြမ်းဖက်မှုများကို လက်သင့်မခံနိုင်သောကြောင့် ဓမ္မတရားအတွက် အရဲစွန့် ရုန်းထွက်လာရခြင်းဖြစ်ကြောင်း" ၎င်းတို့၏ ပြောကြားချက်အရ သိရှိရတယ်လို့ဆိုပါတယ်။
(၁၀၀၆တပ်ရင်း) အနေဖြင့် CDMသူရဲကောင်းများကို နွေးထွေးစွာကြိုဆိုခဲ့ပြီး ဆုကြေးငွေများချီးမြှင့်ကာ ဘေးကင်းလုံခြုံစွာ ထားရှိထားတယ်လို့ဆိုပါတယ်။
ဆက်လက်ပြီး အမျိုးသားညီညွှတ်ရေးအစိုးရမှလည်း ထိုတပ်သားများကို ပြည်သူ့သူရဲကောင်းများအဖြစ် အသိအမှတ်ပြုပြီး ထိုက်သင့်သောအထောက်အပံ့များ ပံ့ပိုးပေးနိုင်ရန်အတွက်လည်း လုပ်ဆောင်ပေးလျှက်ရှိနေပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်
No comments:
Post a Comment