၂၀၂၅ မတ်လ ၁၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ စကစအပေါ် ပိတ်ဆို့အရေးယူမှုအသစ်နှင့်ပတ်သက်၍ ကနေဒါအစိုးရကြေညာချက်ကို NUG ကြိုဆို
📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ဝန်ကြီးဌာန၏ ဆောင်ရွက်ထားရှိသော လုပ်ငန်းစဉ်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြ
📌 ၃။ လူ့အခွင့်အရေးညီလာခံအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နဲ့ မတရားစစ်မှုထမ်းဥပဒေကြောင့် သက်ရောက်မှုတွေကို အထောက်အထားများစွာနဲ့ တင်ပြလျက်ရှိ
📌 ၄။ မတ်လ တစ်လလုံး နွေဦးထီ ကံစမ်းထားသူ မည်သူမဆို ရွှေဆုကို ရယူဖို့ ပါဝင်နိုင်
📌 ၅။ ထိုင်းနိုင်ငံ၊ မဲဆောက်မှာပြသမယ့် "စက္ကူလေယာဉ်" ရုပ်ရှင်မှ ရရှိလာတဲ့ အကျိုးအမြတ်များအား မြန်မာနိုင်ငံမှ စစ်ဘေးရှောင် ဒေသများကို ပေးပို့သွားမယ်
========================
၂၀၂၅ ခုနှစ် မတ်လ ၁၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ စစ်ကောင်စီ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ သပြေညွန့်တပ်စခန်းအား သိမ်းပိုက်ရရှိကြောင်း KNLA ထုတ်ပြန်
🚩 ၂။ NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် PRF ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်သား စုဆောင်းရေးမှူး Fundraiser များတွေ့ဆုံ
🚩 ၃။ တအာင်းပြည်၊ တပ်မဟာ (၂) နယ်မြေ၊ ကျောက်မဲမြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂) ဦးကို တအာင်းပြည် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ
🚩 ၄။ ဥဩဆေးအဖွဲ့ (ထားဝယ်-ပ.က.ဖ) က မိခင်တဦးကို အောင်မြင်စွာ ကလေးမွေးဖွားပေးနိုင်ခဲ့
🚩 ၅။ စကစတပ်များ မြောင်နယ်သို့ဝင်ရန် ကြိုးစားကြသော်လည်း အထိအခိုက် အကျအဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာသွား
🚩 ၆။ MDY_PDF က တော်လှန်ရေးအတွက် ရဲဘော်များ ခေါ်ယူနေ
🚩 ၇။ စကစအရာရှိ၏ သားဖြစ်သူကို ပံ့ပိုးခဲ့တဲ့ မြန်မာ့ဟစ်ဟော့အဆိုတော်တချို့ ပြည်သူလူထုကို ပြန်တောင်းပန်ရန် ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း တောင်းဆို
🚩 ၈။ ရန်ကုန်တွင် မြေပြင်သပိတ်အင်အားစုများမှ ILO A 33 MYANMAR 2025 စာသားပါ အင်္ကျီများ ဝတ်ဆင်၍ ဆန္ဒပြလှုပ်ရှား
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ စကစအပေါ် ပိတ်ဆို့အရေးယူမှုအသစ်နှင့်ပတ်သက်၍ ကနေဒါအစိုးရကြေညာချက်ကို NUG ကြိုဆို
(၂၀၂၅) ခုနှစ်၊ မတ်လ (၇) ရက်နေ့တွင် ကနေဒါနိုင်ငံသည် စကစအကြီးတန်း အရာရှိ (၁၃) ဦးနှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ပံ့ပိုးပေးသည့် အဖွဲ့အစည်း (၃) ခုကို ပိတ်ဆို့အရေးယူရန် ကြေညာခဲ့ပါတယ်။
မြန်မာစကစအပေါ် ပိတ်ဆို့အရေးယူမှုအသစ်နှင့်ပတ်သက်၍ ကနေဒါ၏ကြေညာချက်ကို ကြိုဆိုလိုက်ပြီး စကစထံ စစ်ဆင်ရေးနှင့် ငွေကြေးပံ့ပိုးမှုအားလုံးကို ရပ်ဆိုင်းကာ လက်နက်၊ ပစ္စည်း၊ နှစ်ထပ်သုံးကိရိယာများ၊ နည်းပညာအကူအညီများ လွှဲပြောင်းပေးခြင်းကို ရပ်ဆိုင်းရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုထားတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကနေဒါအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မတ်လ (၇) ရက် ထုတ်ပြန်ကြေညာချက်အရ စစ်ကောင်စီအဖွဲ့ဝင် ဦးဘရွှေနဲ့ စစ်ကောင်စီရဲ့ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဒေါက်တာ ကံဇော်၊ ဦးကိုကိုလှိုင်၊ ဦးအောင်ကျော်ဟိုး၊ ဗိုလ်ချုပ်ကြီး မိုးအောင်၊ ခွန်သန့်ဇော်ထူးနှင့် ဒုတိယဝန်ကြီးတွေဖြစ်တဲ့ ဗိုလ်မှူးချုပ်လူမွန်၊ ဦးအောင်ကျော်ထွန်း၊ ဦးအောင်မြိုင်၊ ဗိုလ်ချုပ်ကိုလေး၊ ဒေါ်သန်းသန်းလင်း၊ ဦးမင်းထွဋ် နှင့် ဦးထင်ကျော်သူ စတဲ့ လူပုဂ္ဂိုလ် (၁၃) ယောက်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာစစ်တပ်နဲ့ အမှတ် (၃၃) ခြေလျင်တပ်ရင်းတို့ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူခံရတာ ဖြစ်ပါတယ်။
========================
📌📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ဝန်ကြီးဌာန၏ ဆောင်ရွက်ထားရှိသော လုပ်ငန်းစဉ်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြ
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၉/၂၀၂၅) အား (၂၀၂၅) ခုနှစ်၊ မတ်လ (၇) ရက်နေ့က ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာ စကားပြောကြားပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ဝန်ကြီးဌာန၏ ဆောင်ရွက်ထားရှိသော လုပ်ငန်းစဉ်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့တယ်လို့ သတင်းရရှိပါတယ်။
ထို့နောက် နိုင်ငံတကာကိစ္စရပ်များတွင် အမေရိကန်ရွေးကောက်ပွဲအပြီး ပြောင်းလဲလာသည့် ကမ္ဘာ့နိုင်ငံရေးအခြေအနေများ၊ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်၍ Joint Task Force များအလိုက် ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများ၊ နိုင်ငံတကာအနေဖြင့် မြန်မာ့အရေးတွင် ထိထိရောက်ရောက် ပိုမိုသိရှိပါဝင်နိုင်စေရေးအတွက် ဆောင်ရွက်ချက်များ၊ တွေ့ဆုံဆွေးနွေးပွဲများ၏ အခြေအနေများ၊ လွှတ်တော်ကဏ္ဍတွင် ဝန်ကြီးဌာနနှင့် ချိတ်ဆက်၍ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရန် ကိစ္စရပ်များအား ဆွေးနွေးမျှဝေခဲ့ကြပါတယ်။
ဆက်လက်၍ တက်ရောက်လာသူများက အိမ်နီးချင်းနိုင်ငံများနှင့် ဆက်သွယ်ချိတ်ဆက်မှုများ၊ ရွှေ့ပြောင်းအလုပ်သမားများ၏ အရေးကိစ္စများနှင့် အခြားသိရှိလိုသည်များအား မေးမြန်းခဲ့ကြပြီးနောက် ရေးရာကော်မတီများအနေဖြင့် လုပ်ငန်းဆောင်ရွက်ချက်များအား တင်ပြဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီ (၁၁) ခုမှ အဖွဲ့ဝင်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။
========================
📌📌 ၃။ လူ့အခွင့်အရေးညီလာခံအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နဲ့ မတရားစစ်မှုထမ်းဥပဒေကြောင့် သက်ရောက်မှုတွေကို အထောက်အထားများစွာနဲ့ တင်ပြလျက်ရှိ
ကုလသမဂ္ဂ၊ လူ့အခွင့်အရေးညီလာခံအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နှင့် မတရား စစ်မှုထမ်းဥပဒေကြောင့် သက်ရောက်မှုတွေကို အထောက်အထားများစွာနဲ့ တင်ပြလျက်ရှိတယ်လို့ NUG လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဆိုပါတယ်။
"အခု ကျင်းပနေတဲ့ ၅၈ ကြိမ်မြောက်ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီမှာလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရဲ့ မိန့်ခွန်းပြောကြားချက်ဟာ မြန်မာနိုင်ငံရဲ့လက်ရှိအခြေနေကို အပြည့်အဝထင်ဟပ်စေပါတယ်။ သူ့ရဲ့ပြောကြားချက်မှာ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ စစ်အုပ်စုရဲ့ ရာဇဝတ်မှု ကျူးလွန်မှုဆိုးရွားမှုအတိမ်အနက်ဟာ သာမာန်လူတွေ နားလည်နိုင်ဖို့ခက်ခဲလောက်တဲ့ထိအောင် ဆိုးရွားပြင်းထန်နေတယ်လို့ ဆိုပါတယ်။ ကျနော့်အနေနနဲ့လည်း ဒီလူ့အခွင့်အရေးညီလာခံအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုဆိုးဝါးလာပုံနဲ့ မတရား စစ်မှုထမ်းဥပဒေကြောင့် လူငယ်ထုတွေအပါအဝင် လူ့အခွင့်အရေးအရ သက်ရောက်မှုတွေကို အထောက်အထားများစွာနဲ့ တင်ပြလျက်ရှိပါတယ်" လို့ ဆိုပါတယ်။
လူ့အခွင့်အရေးကောင်စီမှာ တင်ပြဆွေးနွေးနေရုံတင်မကပဲ အကြမ်းဖက်စစ်အုပ်စုကိုထောက်ပံ့ပေးနေတဲ့ အကူအညီတွေ အထူးသဖြင့် လက်နက် ခဲယမ်း၊ လေယာဉ်ဆီနဲ့ တခြားနည်းပညာပစ္စည်းတွေကို တင်ပို့ရောင်းချတာတွေ၊ လွှဲပြောင်းပေးအပ်တာတွေ၊ စစ်ရေးဆိုင်ရာအကူအညီပေးတာတွေ အားလုံးကို ဖြတ်တောက်ဖို့အတွက် နိုင်ငံတွေအားလုံးက ဖိအားပေးလုပ်ဆောင်သွားဖို့ လူအခွင့်အရေးဆိုင်ရာမဟာမင်းကြီးကလည်း မေတ္တာရပ်ခံခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၄။ မတ်လ တစ်လလုံး နွေဦးထီ ကံစမ်းထားသူ မည်သူမဆို ရွှေဆုကို ရယူဖို့ ပါဝင်နိုင်
မတ်လ တစ်လလုံး နွေဦးထီ ကံစမ်းထားသူတိုင်း မည်သူမဆို ရွှေဆုကို ရယူဖို့ ပါဝင်နိုင်တယ်လို့ နွေဦးထီမိသားစုက ကြေညာထားပါတယ်။
"ရွှေရောင်လွှမ်းမယ့် အနာဂတ်အိပ်မက်တွေအတွက် ရွှေ+ရွှေ ချင်းထပ် မြတ်စေဖို့ နွေဦးထီမှ Version 2 (၁) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နွေဦးထီချစ်သူများအတွက် ရွှေစင်ဆုနဲ့ ကတိပြုလိုက်ပါတယ်။ မတ်လ တစ်လလုံး နွေဦးထီ ကံစမ်းထားသူတိုင်း မည်သူမဆို ရွှေဆုကို ရယူဖို့ ပါဝင်နိုင်ပြီး၊ နွေဦးထီ Web App မှ တဆင့်ကိုယ်တိုင်ဖြစ်စေ၊ နွေဦးထီအရောင်းကိုယ်စားလှယ်များဖြစ်သော Agents & Rangers များထံမှဖြစ်စေ ဝယ်ယူပြီး ပါဝင်နိုင်ပါတယ်" လို့ နွေဦးထီမိသားစုက ဖော်ပြပါတယ်။
ရွှေဆုဟာ နွေဦးဘဏ်ရဲ့ ဒစ်ဂျစ်တယ်ရွှေ ဖြစ်ပြီး တစ်နှစ်ပြည့် အမှတ်တရလက်ဆောင်အနေနဲ့ မတ်လအတွက် ထီထိုးကံစမ်းထားသူများထံမှ ကံထူးရှင် (၃) ဦးကို ကျပန်းရွေးချယ်ကာ တစ်ဦးလျှင် တစ်ကျပ်သား (128 Gold Token) စီ ဆုချီးမြှင့်ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။
========================
📌📌 ၅။ ထိုင်းနိုင်ငံ၊ မဲဆောက်မှာပြသမယ့် "စက္ကူလေယာဉ်" ရုပ်ရှင်မှ ရရှိလာတဲ့ အကျိုးအမြတ်များအား မြန်မာနိုင်ငံမှ စစ်ဘေးရှောင် ဒေသများကို ပေးပို့သွားမယ်
"စက္ကူလေယာဉ် - Paper Airplane" ရုပ်ရှင်ကို ထိုင်းနိုင်ငံ၊ မဲဆောက်မှာ လာမယ့် မတ်လ (၁၆) ရပ်(တနင်္ဂနွေ) နေ့ ညနေ ၄ နာရီ နှင့် ၆ နာရီ ပွဲချိန် (၂) ချိန်ဖြင့် ပြသသွားမှာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
လက်မှတ်တစ်စောင်ကို (၂၀၀) ဘတ် သတ်မှတ်ထားပြီး Online မှတဆင့် ဝယ်ယူနိုင်သလို "စက္ကူလေယာဉ်" ရုပ်ရှင်လေးမှ ရရှိလာတဲ့ အကျိုးအမြတ်များအား မြန်မာနိုင်ငံမှ စစ်ဘေးရှောင် ဒေသများကို ပေးပို့ကူညီသွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ စစ်ကောင်စီ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ သပြေညွန့်တပ်စခန်းအား သိမ်းပိုက်ရရှိကြောင်း KNLA ထုတ်ပြန်
စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ သပြေညွန့်တပ်စခန်းအား ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ မတ်လ (၈) ရက်မှာ တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA က ထုတ်ပြန်ပါတယ်။
ထိုစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ထံမှ စစ်လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရရှိခဲ့တယ် လို့ ဆိုပါတယ်။
လတ်တလော စကစဘက်က (၁၀) ဦးထက်မနည်း သေဆုံးခဲ့ပြီး ထွက်ပြေးသူများကိုလည်း လိုက်လံရှာဖွေလျက်ရှိတယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၂။ NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် PRF ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်သား စုဆောင်းရေးမှူး Fundraiser များတွေ့ဆုံ
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်မှ တာဝန်ရှိသူများနှင့် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်သား စုဆောင်းရေးမှူး Fundraiser များဟာ ပြီးခဲ့တဲ့ မတ်လ (၂) ရက်နေ့မှာ zoom online meeting ဖြင့် တွေ့ဆုံခဲ့ကြပါတယ်။
တွေ့ဆုံပွဲမှာ ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးဝန်ကြီး၊ ဒုတိယဝန်ကြီး နဲ့ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်မှ တာဝန်ရှိသူများ တက်ရောက်ပြီး နှုတ်ခွန်းဆက်စကား ပြောခဲ့ကြပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးဦးစီးဌာနမှ တာဝန်ရှိသူက ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF ၏ (၃) နှစ်ကျော်ကာလအတွင်း တာဝန်ထမ်းဆောင်ထားသော ထောက်ပို့ငွေ စာရင်းများကို တင်ပြခဲ့ပြီး တပ်ရင်းထောက်ပံ့နှင့် အထွေထွေအသုံးစရိတ် ချထားပေးမှုများနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံသို့ ဘဏ္ဍာငွေစီးဆင်းပုံကို ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ် စစ်ရေးဌာန တာဝန်ရှိသူမှ ရှင်းလင်းတင်ပြခဲ့ပါတယ်။
ထို့နောက် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်သား စုဆောင်းရေးမှူ Fundraiser များမှ ဦးဆောင်ကာ မေးခွန်း အမေးအဖြေများဖြင့် ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ တအာင်းပြည်၊ တပ်မဟာ (၂) နယ်မြေ၊ ကျောက်မဲမြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂) ဦးကို တအာင်းပြည် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ
မတ်လ (၇) ရက်နေ့က ပင်တိတ်အုပ်စု၊ ပန်တေးကျေးရွာတွင် အမျိုးသားတစ်ဦးသည် မူးယစ်ဆေးဝါးရောင်းဝယ်သည်ဟု သတင်းရရှိကာ သွားရောက်စစ်ဆေးရာတွင် ဖမ်းဆီးရမိခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
ထိုအမျိုးသားသည် ဦးအိုက်လျန်ဆိုသူဖြစ်ပြီး ယာမစိတ်ကြွဆေးပြား အလုံးရေ (၁,၄၇၀) လုံးနှင့်အတူ တအာင်းပြည် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
အလားတူ ကျောက်မဲမြို့နယ်၊ ပန်ဟက်ကျေးရွာတွင်လည်း တအာင်းပြည် ရဲတပ်ဖွဲ့မှ ရွာအတွင်း ကင်းလှည့်နေစဥ် ဦးစိုးအောင်ဆိုသူကို ယာမစိတ်ကြွဆေးပြား အလုံးရေ (၁၈၆) လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသေးတယ်။
၎င်းတို့ကို တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးဥပဒေနှင့် အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ပြီးခဲ့သည့် မတ်လ(၁) ရက်ကလည်း ကွတ်ခိုင်တွင် မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် အမျိုးသမီး (၁) ဦးကို တအာင်းပြည် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပါသေးတယ်။
========================
🚩🚩 ၄။ ဥဩဆေးအဖွဲ့ (ထားဝယ်-ပ.က.ဖ) က မိခင်တဦးကို အောင်မြင်စွာ ကလေးမွေးဖွားပေးနိုင်ခဲ့
ဥဩဆေးအဖွဲ့ (ထားဝယ်-ပ.က.ဖ) က ဇန်နဝါရီလ (၂၂) ရက်က ရတနာရင်သွေးအမွှာ (၂) ဦးကို အောင်မြင်စွာဖြင့် မွေးဖွားပေးခဲ့ပြီး မတ်လ (၉) ရက် ညပိုင်း (၈း၂၀) နာရီတွင်လည်း မိခင်တဦးရဲ့ ရတနာရင်သွေး (၁) ဦးကို ထပ်မံအောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
ထားဝယ် (ပကဖ) OAK AWE Medical Team က (၂၀၂၄) ခုနှစ်တစ်နှစ်အတွင်း ပြည်သူများနှင့် ရဲဘော် စုစုပေါင်း (၆,၇၄၂) ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၅။ စကစတပ်များ မြောင်နယ်သို့ဝင်ရန် ကြိုးစားကြသော်လည်း အထိအခိုက် အကျအဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာသွား
ရေစကြိုနယ်မှ စကစတပ်များ မြောင်နယ်သို့ဝင်ရန် ကြိုးစားကြသော်လည်း အထိအခိုက် အကျအဆုံးများစွာဖြင့် သာခေါင်ဘက်သို့ပြန်လည်ဆုတ်ခွာသွားခဲ့ကြကြောင်း Myaung PPDF CDSOM မှ ကိုနွေဦးမြောင်က မတ်လအတွင်းမှာ အသိပေးဆိုထားပါတယ်။
"ရေစကြိုနယ် သာခေါင်ကျေးရွာသို့ ရောက်ရှိနေသော စစ်ကြောင်းဟာ လေကြောင်းပစ်ကူတပ်၊ ရေကြောင်းပစ်ကူများအပြင် ရေစကြိုနှင့် မြင်းခြံမှ ဟောင်ဝှစ်စာပစ်ကူများဖြင့် မြောင်နယ်သို့ဝင်ရန် ကြိုးစားကြသော်လည်း အထိအခိုက် အကျအဆုံးများစွာဖြင့် သာခေါင်ဘက်သို့ပြန်လည်ဆုတ်ခွာသွားကြပါတယ်" လို့ ဆိုပါတယ်။
စကစတပ်များဟာ အညာဒေသများတွင် ၄င်းတို့လက်လွှတ်ထားရသော နယ်မြေများကို ပြန်လည်စိုးမိုးထိန်းချုပ်ရန် အင်အားများ ပြန်လည်ဖြည့်တင်း၍ ထိုးစစ်ဆင်လျက်ရှိပါတယ်။
========================
🚩🚩 ၆။ MDY_PDF က တော်လှန်ရေးအတွက် ရဲဘော်များ ခေါ်ယူနေ
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က တော်လှန်ရေးအတွက် ရဲဘော်များ ခေါ်ယူနေတယ်လို့ သတင်းရရှိပါတယ်။
"ကျနော်တို့ဟာ ပြီးခဲ့တဲ့ (၁၀၂၇) စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်း (ရှမ်း-မန်း စစ်ဆင်ရေး) တွေမှာလည်း မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများနဲ့ ဟန်ချက်ညီညီ ပူးပေါင်းလက်တွဲပြီး စစ်ရေးလှုပ်ရှားမှုတွေ ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ဒီစစ်ဆင်ရေး အောင်ပွဲတွေနဲ့အတူ အခုဆိုရင် ကျနော်တို့ဟာ မန္တလေးဒေသထဲမှာ စိုးမိုးထိန်းချုပ်နယ်မြေအချို့ကိုလည်း ဆုပ်ဆုပ်ကိုင်ကိုင် ရယူနိုင်ခဲ့ပါပြီ။ ကျနော်တို့မှာ ယခုထက် သာလွန်တဲ့ တိုက်စွမ်းရည်နဲ့ တိုက်စွမ်းအား လိုအပ်ပါတယ်။ အထူးသဖြင့် အလယ်ပိုင်းမြေပြန့်ဒေသမှာ စစ်ရေးအလုပ်တွေ အင်နဲ့အားနဲ့ ဆက်လက်ဖော်ဆောင်နိုင်ဖို့အတွက် “တိုက်ခိုက်ရေး လူအင်အား” အများကြီး လိုအပ်ပါတယ်" လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဆိုထားပါတယ်။
MDY_PDF ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။
========================
🚩🚩 ၇။ စကစအရာရှိ၏ သားဖြစ်သူကို ပံ့ပိုးခဲ့တဲ့ မြန်မာ့ဟစ်ဟော့အဆိုတော်တချို့ ပြည်သူလူထုကို ပြန်တောင်းပန်ရန် ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း တောင်းဆို
မတ်လအတွင်းကျင်းပခဲ့တဲ့ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ အရာရှိချုပ် ရဲဝင်းဦး၏သားဖြစ်သူ ရဲထက်နောင်ပါဝင်တဲ့ ဖျော်ဖြေရေးပွဲကို မြန်မာ့ဟစ်ဟော့အဆိုတော်တချို့က ဝန်းရံခဲ့ကြတဲ့အတွက် ပြည်သူလူထုကို ပြန်တောင်းပန်ရန် ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းက တောင်းဆိုထားပါတယ်။
"ရှိုးဆိုလို့လည်း ဒဏ်ခတ်တာ မဟုတ်သလို၊ စိတ်ခံစားမှုအရ ပျော်နေလို့ ဒဏ်ခတ်တာလည်းမဟုတ်ပါဘူး။ ငါတို့ကို မလှူလို့၊ မထောက်ပံ့လို့ ဒဏ်ခတ်တာလည်းမဟုတ်သလို၊ တော်လှန်ရေးထဲမှာ တိုက်ရိုက်မပါဝင်လို့ ဒဏ်ခတ်တာလည်း မဟုတ်ပါဘူး။ စစ်တပ်နဲ့ ဆက်စပ်နေတဲ့အပြင် အန္တရာယ်ကြီးပြီး မအလ အားကိုးရတဲ့ စရဖ သားနဲ့မှ ဆက်စပ်ပူးပေါင်းနေလို့ ဖြစ်ပါတယ်။မြန်မာ့ဟစ်ဟော့လောက မဗြောင်းဆန်ခင် ဟစ်ဟော့အာဇာနည် Nitric Acid အပါအဝင် တော်လှန်ရေးကာလအတွင်း အသက်၊ သွေး၊ ချွေး၊ မိသားစုတွေကို စွန့်လွှတ်တိုက်ပွဲဝင်နေတဲ့ ရက််ပ်ပါတွေနဲ့ ပြည်သူလူထုကို အမြန်တောင်းပန်စေလိုပါတယ်" လို့ ရေဘဝဲက ထုတ်ပြန်ထားပါတယ်။
စရဖဟာ နယ်မြေရဲစခန်း၊ ရဲတပ်ရင်း၊ 'စ' သုံးလုံး စတာတွေထက်ပိုပြီး တော်လှန်ရေးအင်အားစုတွေကို ခေတ်အဆက်အဆက် အမည်ပြောင်း၊ ခေါင်းဆောင်ပြောင်းပြီး သပ်လျှိုသွေးခွဲ၊ အမိအရ ဖမ်းဆီးသတ်ဖြတ်နေတဲ့ ထောက်လှမ်းရေးတပ်လည်း ဖြစ်တယ်လို့ ဆိုထားပါတယ်။
========================
🚩🚩 ၈။ ရန်ကုန်တွင် မြေပြင်သပိတ်အင်အားစုများမှ ILO A 33 MYANMAR 2025 စာသားပါ အင်္ကျီများ ဝတ်ဆင်၍ ဆန္ဒပြလှုပ်ရှား
ရန်ကုန်တွင် မြေပြင်သပိတ်အင်အားစုများမှ ILO A 33 MYANMAR 2025 စာသားပါ အင်္ကျီများ ဝတ်ဆင်၍ အလုပ်သမားထုအပေါ် စစ်ကောင်စီ၏ ဖိနှိပ်နေမှုများအား ILO ညီလာခံတွင် အရေးယူပေးပါရန် တောင်းဆိုသည့် လှုပ်ရှားမှုအား မတ်လ (၁၀) ရက်နေ့မှာ လုပ်ဆောင်ခဲ့ပါတယ်။
၎င်းလှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် (၄) ဖွဲ့နှင့်အတူ ရန်ကုန်မြေပြင်သပိတ်အင်အားစုများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်တယ်လို့သိရပါတယ်။
အာဏာသိမ်းမှု ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီသည် အလုပ်သမားများအပေါ် အတင်းအဓမ္မလုပ်အားခိုင်းစေခြင်း၊ လွပ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် စည်းရုံးခွင့်များအား ပိတ်ပင်ခြင်းများပြုလုပ်လျက်ရှိပါတယ်။
စစ်ကောင်စီသည် အလုပ်သမားများ၏ အခြေခံအခွင့်အရေးများအား အကာအကွယ်ပေးနေသည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ စံနှုန်းများ အပေါ်လိုက်နာမှုမရှိသည့်အတွက် ပုဒ်မ (၃၃) ဖြင့်အရေးယူပေးပါရန် တောင်းဆိုတိုက်တွန်းအပ်တယ်လို့ သပိတ်အင်အားစုများကဆိုထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
No comments:
Post a Comment