(စိုက်ပျိုးစီးပွားတောင်သူစကားသံ)

 "အကြမ်းဖက်စစ်တပ်ရဲ့ ညံ့ဖျင်းတဲ့စီမံခန့်ခွဲမှုတွေကြောင့် ပဲ ခူးအလုပ်သမားရှားပါးလာပြီး မြန်မာ့ထိပ်တန်း ပဲတီစိမ်းတွေ အရည်အသွေးကျဆင်းလာ" 


ပြီးခဲ့တဲ့ မတ်လဆန်းက ပဲတီစိမ်းတွေ ရင့်မှည့်နေပေမယ့် ခူးဆွတ်လုပ်သား အခက်အခဲကြောင့် မခူးဆွတ်ရသေးတဲ့ ပဲတီစိမ်းများအား ရန်ကုန် တောင်ပိုင်းခရိုင်တွင် တွေ့ရစဥ်


ကိုမြင့်သူ (Radio NUG) မတ် ၁၀၊ ၂၀၂၅
အကြမ်းဖက်စစ်တပ်ရဲ့ အဖမ်းဆီးအနှောင့်ယှက်များကြောင့် အညာဒေသက ပဲ ခူး တောင်သူအများစုဟာ ပဲခူးအရှေ့ခြမ်းနဲ့ ရန်ကုန်တိုင်းဒေသကြီးဆီ ပဲ ခူး မလာရောက်နိုင်ကြတော့ပဲ တောင်သူတွေ အခက်အခဲ ဖြစ်လာပါတယ်။ ဒီအခြေအနေကို မကွေးတိုင်းဒေသကြီးကနေ ရန်ကုန်တိုင်းဒေသကြီးကို စွန့်စားပဲခူးထွက်လာသူ တောင်သူတစ်ဦးက အခုလို ပြောပါတယ်။
“မလာနိုင်တော့ဘူး ဆိုတာ ဒီဘက်တွေကျတော့ နည်းနည်းလေး ကားပေါ်တွေ နည်းနည်းပါးပါး ပေါ်တာတွေဆွဲတာတွေ ဘာတွေဖြစ်လို့ အခက်အခဲတွေ ဖြစ်တာရယ်၊ တော်တန်ရုံ ယောက်ျားလေးတွေကျတော့ မလာရဲကြတော့ဘူး။ အဲ့လိုမျိုးတွေ” 
အညာက ယာခင်းတွေ သီးနှံသိမ်းပြီးလို့ ဇန်နဝါရီ၊ ဖေဖော်ဝါရီလ ရောက်တဲ့အခါ မြန်မာ့ထိပ်တန်း ပဲတီစိမ်းတွေ ထွက်ရှိရာ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွနဲ့ ပဲခူး သက္ကလ ဒေသတွေကို ပဲ ခူးဆင်းလာကြတာ ဖြစ်ပါတယ်။ ပဲတီစိမ်းတွေကို ဥရောပသမဂ္ဂကိုလည်း တင်ပို့ခဲ့ဖူးပြီး အများစုကတော့ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံကိုလည်း တင်ပို့ပါတယ်။ ပဲတီစိမ်းအတွက် ပိုကောင်းတဲ့ဈေးကွက်တွေကို ရရှိဖို့အတွက် အစားအစာ ဘေးအန္တရယ်ကင်းရှင်းတဲ့  GAP စိုက်ပျိုးနည်း စနစ်ဟာ အရေးပါလာပြီး မြန်မာ့ GAP ဟာလည်း ပဲတီစိမ်းကြောင့် နည်းစနစ်ပိုင်းမှာ ဒေသအလိုက် ပိုပြီးကျယ်ပြန့်ခဲ့တာ ဖြစ်ပါတယ်။ 
ရန်ကုန်တောင်ပိုင်းခရိုင်နဲ့ ပဲခူး သက္ကလဒေသမှာ ပဲတီစိမ်းကို လက်နဲ့ ခူးဆွတ်ကြတာ အစဥ်အလာပဲ ဖြစ်ပါတယ်။ ပဲတီစိမ်း တစ်ရာသီမှာ ပဲ ၃ ကြိမ် သီးတတ်ပြီး ၃ ကြိမ်စလုံး ခူးဆွတ်နိုင်ဖို့အတွက် အသီးရင့်မှည့်ချိန်တိုင်း လက်နဲ့ ခူးဆွတ်ကြတာ ဖြစ်ပါတယ်။ ဒီလို ခူးဆွတ်တာက ပဲတီစိမ်းကနေ ပဲပင်ပေါက် ပြန်ဖောက်ဖို့အတွက် သီးလုံး အရည်အသွေးနဲ့ ပဲခွံ အရောင်မပျက်အောင် ထိန်းသိမ်းနိုင်တာ ဖြစ်ပါတယ်။ 
ဒါ့အပြင် အသီးရင့်မှည့်လာတဲ့ အကြိမ်တိုင်း ခူးဆွတ်နိုင်လို့ တစ်ဧက ပဲအထွက်နှုန်းကိုလည်း အပြည့်အဝ ရရှိကြတာ ဖြစ်ပါတယ်။ အခုအခါမှာတော့ ပဲ ခူးသူ လုပ်သားရှားပါးလာတဲ့အတွက် ဒုတိယ အသီးရင့်မှည့်ခါနီးအချိန်မှာ အပင်လိုက် နုတ်ပစ်လိုက်ကြတဲ့အပြင် တချို့ကလည်း စက်နဲ့ ရိတ်သိမ်းလာကြရတာ ဖြစ်ပါတယ်။ ပဲတီစိမ်းကို အပင်လိုက် နုတ်တဲ့အခါ ပဲကိုခြွေဖို့အတွက် စက်နဲ့ နင်းရတဲ့အတွက် အနင်းခံရတဲ့ ပဲတွေဟာ ဈေးကွက်ကန့်သတ်ခံရမှာ ဖြစ်ပါတယ်။ အခက်အခဲတွေ အများကြီးရှိတယ်လို့  ရန်ကုန်တိုင်းဒေသကြီးမှ ပဲတီစိမ်းစိုက်ပျိုးသူ တောင်သူတစ်ဦးက အခုလို ပြောပါတယ်။
“အရင်တုန်းကဆိုရင် အညာဘက်တွေက အလုပ်သမား ညအိပ်တွေ ခေါ်တယ်လေ။ ဒီနှစ်ကျတော့ အဝင်အထွက်တွေ ညအိပ်ခေါ်လို့မရတော့ အဲဒီမှာ အခက်အခဲတွေ အများကြီးရှိတယ်။ တချို့ဆိုရင် ဟိုနားဆိုရင် အပင်တွေ နုတ်ပြီး စက်နဲ့ ပြန်ခြွေရတာ။ နောက်ပိုင်းဆိုရင်တော့ အပျက်အစီးများတာပေါ့။ ပဲ မရတဲ့အခါကျတော့ ခူးသမား မရတော့ အပျက်အစီး နည်းနည်းရှိတာပေါ့” 
မြန်မာနိုင်ငံရဲ့ ပဲစိုက်ပျိုးထုတ်လုပ်မှုက ကမ္ဘာ့အဆင့် နံပါတ် ၂ မှာရှိနေပြီး ကနေဒါနိုင်ငံ ပြီးရင် ဒုတိယမြောက် ပဲစိုက်ပျိုးမှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။ မြန်မာ့ပဲတီစိမ်းတွေကို ဥရောပကုမ္ပဏီတွေက တိုက်ရိုက် ဝယ်ယူကြပေမယ့် အကြမ်းဖက်စစ်တပ်ရဲ့ နိမ့်ပါးတဲ့ စီမံခန့်ခွဲမှုတွေကြောင့် ပဲတီစိမ်း အရည်အသွေးကို ထိခိုက်လာပြီး ထိပ်တန်းပဲတီစိမ်း ထွက်ရှိရာ နိုင်ငံအဖြစ်ကနေ နောက်ကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ပဲတီစိမ်း ဧက ၃၀ စိုက်ပျိုးသူတောင်သူကလည်း သုံးသပ်ပါတယ်။ 
“နောက်ဆုတ်သွားတာပေါ့။ စီးပွားရေးက နောက်ဆုတ်သွားတာပေါ့။ မတ်တတ်ရပ်အောင်ပဲ မနည်း လုပ်နေရတယ်” 
မြန်မာနိုင်ငံ အောက်ပိုင်းဒေသ ပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်မှုဟာ ထိပ်တန်းနေရာကနေ လျော့ကျလာတော့မှာ ဖြစ်ပြီး ပဲခူးအလုပ်သမား မရရှိတဲ့ အခက်အခဲက သမိုင်းတလျှောက် ဆိုးဆိုးရွားရွား ရင်ဆိုင်နေကြရတာပဲ ဖြစ်ပါတယ်။
Share:

No comments:

Post a Comment