၂၀၂၅ မတ်လ ၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ နွေဦးတော်လှန်ရေးတွင် အမျိုးသမီးများ၏ အနစ်နာခံ ပေးဆပ်မှုကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်မည် ဖြစ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလမှ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့သို့ ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြ
📌 ၂။ မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးများအပေါ် အကြမ်းဖက်ဖိနှိပ်မှုမှန်သမျှကို NUGက နည်းမျိုးစုံဖြင့် အပြည့်အဝ အကာအကွယ်ပေးသွားမည်ဟု ပြည်ထောင်စုဝန်ကြီးချုပ်မှ ကတိပြုပြောကြား
📌 ၃။ အမျိုးသမီးများအားလုံးနှင့် ထိုက်တန်သော စစ်မှန်သည့် တန်းတူညီမျှမှု ရရှိရန် နိုင်ငံတကာ အမျိုးသမီးများနေ့တွင် NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ဆန္ဒပြုဆုမွန်ကောင်းတောင်း
📌 ၄။ ဂျဲန်ဒါ တန်းတူ ညီမျှရေး ရပ်တည်ချက်စာတမ်း၊ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးမူဘောင် (၂၀၂၄-၂၀၂၇)တို့ကို နွေဦးတော်လှန်ရေးအစုအဖွဲ့များအားလုံးက နိုင်ငံရေး စိတ် ဆန္ဒအပြည့်ဖြင့် အားသွန်ခွန်စိုက် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်း
📌 ၅။ မြန်မာ့နွေဦးတက္ကသိုလ်၏ ပထမအကြိမ် ဘွဲ့နှင်းသဘင် ကျင်းပ
📌 ၆။ ချင်းပြည်ကို အိန္ဒိယတွင် ပူးပေါင်းရန် ဖိတ်ခေါ်ချက် ချင်းပြည်အစိုးရ ဝန်ကြီးချုပ် ငြင်းဆို
========================
၂၀၂၅ ခုနှစ် မတ်လ ၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ရှမ်းမြောက်ဒေသက နယ်မြေအငြင်းပွားနေမှုတွေကို လူထုသဘောထား ရယူပြီး ဆုံးဖြတ်သွားမယ်လို့ ဗိုလ်ချုပ် ဂွမ်မော် ပြောကြား
🚩 ၂။ ဂန့်ဂေါနယ် တောင်ပိုင်း၊ မြစ်သာဆည်ပေါ်ကို ရောက်နေတဲ့ စစ်ကောင်စီ စစ်ကြောင်း ၈ ရက်ကြာတဲ့ထိ ဆက်လက် တပ်စွဲထား
🚩 ၃။ ထွန်းသာကျေးရွာကို ရောက်ရှိနေတဲ့ စစ်ကောင်စီနဲ့ ပျူ တပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်
🚩 ၄။ မင်းလှမြို့နယ်၊ ဗိုလ်တထောင် ရွာမှ စစ်တပ်သတင်းပေး တစ်ဦးကို ပစ်ခတ်ရှင်းလင်း
🚩 ၅။ ချောင်းဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမည်ကိုအသုံးပြုကာ ရုံးစာအတုလုပ် ငွေကြေးတောင်းခံမှုများ ရှိနေ
🚩 ၆။ ထိုင်းနိုင်ငံမှ ပြန့်ပို့ခံရပြီး စစ်မှုထမ်း စုဆောင်းခံရသူ ၂ ဦး မြိတ် ပကဖထံ အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ နွေဦးတော်လှန်ရေးတွင် အမျိုးသမီးများ၏ အနစ်နာခံ ပေးဆပ်မှုကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်မည် ဖြစ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလမှ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့သို့ ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြ
မတ် ၈
Radio NUG
ကမ္ဘာ့သမိုင်းတွင်သာမက မြန်မာ့သမိုင်းအဆက်ဆက် နိုင်ငံရေးအရွေ့တိုင်းတွင် အမျိုးသမီးများ၏ ပါဝင်မှု အားထုတ်မှုများသည် ယနေ့ကဲ့သို့ ဂုဏ်ယူဖွယ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ကျင်းပရခြင်း၏ အကြောင်းရင်းခံ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေးတွင် အကြမ်းဖက်စစ်တပ်က လူမဆန်စွာဖမ်းဆီးချုပ်နှောင် အကျဥ်းချခံရသည့် အမျိုးသမီး အရေအတွက်မှာ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ အရွယ်ရောက် အမျိုးသမီး (၅,၉၅၂) ဦးရှိပြီး ဖမ်းဆီးခံရဆဲ အမျိုးသမီးများထဲမှ (၂,၃၂၉) ဦးမှာ ပြစ်ဒဏ်ချမှတ်ခံထားရပြီးဖြစ်ကာ သေဒဏ်ချမှတ်ခံထားရသူ (၁၆) ဦး၊ ထောင်ဒဏ်တစ်သက်ချမှတ်ခံထားရသူ (၅၈) ဦးနှင့် ကျဆုံးသူ (၁,၉၆၅) ဦးရှိတာကြောင့် နွေဦးတော်လှန်ရေးတွင် အမျိုးသမီးများ၏ အနစ်နာခံ ပေးဆပ်မှုကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်မှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုမူခြင်းဆိုင်ရာ အကာအကွယ်ပေးရေးမူဝါဒ (PSHEA)၊ ဂျဲန်ဒါတန်းတူရေးမူဝါဒ (Gender Equality Policy) ကိုလည်း အတည်ပြုထုတ်ပြန်ပြီးဖြစ်သလို စတင်ကျင့်သုံးအကောင် အထည်ဖော်လျက်ရှိကာ နိုင်ငံတကာ အသိုင်းအဝန်းအနေဖြင့် အမျိူးသမီးများကို အကြမ်းဖက်မှုမှ ကာကွယ်ရေး၊ တန်းတူညီမျှမှု အခွင့်အရေးနှင့် အမျိုးသမီးများ စွမ်းဆောင်ရည် မြှင့်တင်ခြင်းတို့အတွက် ထိရောက်သော ပံ့ပိုးကူညီမှုများ လုပ်ဆောင်ပေးကြရန် သဝဏ်လွှာတွင် တိုက်တွန်းထားပါတယ်။
========================
📌📌 ၂။ မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးများအပေါ် အကြမ်းဖက်ဖိနှိပ်မှုမှန်သမျှကို NUGက နည်းမျိုးစုံဖြင့် အပြည့်အဝ အကာအကွယ်ပေးသွားမည်ဟု ပြည်ထောင်စုဝန်ကြီးချုပ်မှ ကတိပြုပြောကြား
မတ် ၈
Radio NUG
မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးများအပေါ် အကြမ်းဖက်ဖိနှိပ်မှုမှန်သမျှကို အမျိုးသား ညီညွတ်ရေးအစိုးရက နည်းမျိုးစုံဖြင့် အပြည့်အဝ အကာအကွယ်ပေးသွားမည်ဟု ကတိပြုပြောကြားရင်း ကမ္ဘာတစ်ဝှမ်းလုံးတွင် အမျိုးသမီးအခွင့်အရေးနှင့် ကျား/မ တန်းတူညီမျှရေးတို့အတွက် ဆက်လက်ပြီး အတူတကွ ဝိုင်းဝန်းကြိုးစားနိုင်ပါစေကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ မတ်လ ၈ရက်နေ့တွင် ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့သို့ သဝဏ်လွှာ ပေးပို့ထားပါတယ်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ဆောင်ပုဒ်မှာ “All women and Girls; Rights, Equality, Empowerment. အားလုံးသော အမျိုးသမီးများနှင့် မိန်းကလေးများအတွက် အခွင့်အရေး၊ တန်းတူမှု၊ လွတ်လပ်မှု” ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် မြန်မာနိုင်ငံအတွင်းရှိ အကြမ်းဖက်စစ်အုပ်စု၏ ဖိနှိပ်မှုဒဏ် ကြံ့ကြံ့ခံပြီး နည်းမျိုးစုံဖြင့် တော်လှန်ခုခံနေကြသော အမျိုးသမီးထုကို ဂုဏ်ပြုအပ်ပါကြောင်း သဝဏ်လွှာတွင် အလေးအနက်ဖော်ပြထားပါတယ်။
၂၀၂၅ ခုနှစ်သည် ဘေဂျင်းကြေညာစာတမ်းနှင့် လှုပ်ရှားမှုအစီအစဥ် (Beijing Declaration and Platform for Action) ၏ အကြိမ် (၃၀)မြောက် နှစ်ပတ်လည်နေ့လည်း ဖြစ်ပြီး ဤစာတမ်းသည် အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခွင့်အရေးအတွက် ထိရောက်ပြီး ကျယ်ပြန့်စွာ အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ကာ နှစ်သုံးဆယ်ကြာပြီးနောက် တိုးတက်မှု အချို့ ရရှိခဲ့သော်လည်း ကျား/မ အခြေပြု အကြမ်းဖက်မှုများ၊ စီးပွားရေးဆိုင်ရာ မညီမျှမှုများ၊ နိုင်ငံရေး ကိုယ်စားပြုမှု နည်းပါးခြင်းများသည် ကမ္ဘာတစ်ဝှမ်း ဆက်လက်တည်ရှိနေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခွင့်အရေးများကို လေးစားတန်ဖိုးထားပြီး နိုင်ငံရေးတွင် ကိုယ်စားပြု ပိုမိုပါဝင်လာနိုင်စေရေးအတွက် မူဝါဒများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးကို အစဥ်တစိုက် ဦးတည်လုပ်ဆောင်လျက် ရှိကြောင်း သဝဏ်လွှာတွင် ဖော်ပြပါရှိပါတယ်။
========================
📌📌 ၃။ အမျိုးသမီးများအားလုံးနှင့် ထိုက်တန်သော စစ်မှန်သည့် တန်းတူညီမျှမှု ရရှိရန် နိုင်ငံတကာ အမျိုးသမီးများနေ့တွင် NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ဆန္ဒပြုဆုမွန်ကောင်းတောင်း
မတ် ၈
Radio NUG
အမျိုးသမီးများအားလုံးနှင့် ထိုက်တန်သော စစ်မှန်သည့် တန်းတူညီမျှမှု ရရှိရန် မတ်လ ၈ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ အမျိုးသမီးများနေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဆန္ဒပြုဆုမွန်ကောင်းတောင်းပေးထားပါတယ်။
၂၀၂၁ ခုနှစ်၊ စစ်ကောင်စီတပ်၏ အာဏာသိမ်းမှုသည် မြန်မာနိုင်ငံတဝှမ်းရှိ အလွှာစုံမှ အမျိုးသမီးများ၏ နေ့စဉ်ဘဝအပေါ် ကြီးစွာသော ပြောင်းလဲမှုများ ဖြစ်စေခဲ့ပြီး အမျိုးသမီးများအား ခွဲခြားဆက်ဆံမှုများ၊ လိင်အကြမ်းဖက်မှုများ၊ ခေါင်းပုံဖြတ်ဖိနှိပ်မှုများကို စစ်တပ်မှ အာဏာသိမ်းပြီးနောက်တွင် ယခင်ကထက် များစွာဆိုးရွားလာတယ်လို့ ဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေး ပေါက်ဖွားလာခြင်းသည် အဆိုပါ ဖိနှိပ်မှုများကို ချိုးဖျက်ကာ တရားမျှတမှုဖြင့် ထုံမွှန်းသော နိုင်ငံတော်သစ်တစ်ရပ် တည်ဆောက်ကြရန်ဖြစ်ကြောင်း ဆိုထားပါတယ်။
========================
📌📌 ၄။ ဂျဲန်ဒါ တန်းတူ ညီမျှရေး ရပ်တည်ချက်စာတမ်း၊ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးမူဘောင် (၂၀၂၄-၂၀၂၇)တို့ကို နွေဦးတော်လှန်ရေးအစုအဖွဲ့များအားလုံးက နိုင်ငံရေး စိတ် ဆန္ဒအပြည့်ဖြင့် အားသွန်ခွန်စိုက် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်း
မတ် ၈
Radio NUG
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီမှ ထုတ်ပြန်ထားသော ဂျဲန်ဒါ တန်းတူ ညီမျှရေး ရပ်တည်ချက်စာတမ်း၊ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးမူဘောင် (၂၀၂၄-၂၀၂၇) တို့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ၊ နွေဦးတော်လှန်ရေးအစုအဖွဲ့များအားလုံးက နိုင်ငံရေး စိတ်ဆန္ဒအပြည့်ဖြင့် အားသွန်ခွန်စိုက် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် မတ်လ ၈ရက်နေ့မှာ ကျရောက်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနနှင့် ဂျန်ဒါမူဝါဒဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတို့မှ ပူးတွဲထုတ်ပြန်တိုက်တွန်းထားပါတယ်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့သည် အမျိုးသမီးများနှင့် မိန်းကလေးများ၏ အောင်မြင်မှုများကို ဂုဏ်ပြုခြင်း အပါအဝင် ဆက်လက်ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို အာရုံစိုက်မိစေရန်နှင့် ဂျန်ဒါတန်းတူညီမျှမှု၊ အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားမှုများအတွက် ကတိကဝတ်များကို ပြန်လည်အမှတ်ရပြီး အကောင်အထည်ဖော်ဆောင်ရွက်ရမည့်အချိန် ဖြစ်တယ်လို့ ဆိုထားပါတယ်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စု၏ အာဏာသိမ်းရန် ကြံစည်မှုကာလတလျှောက်လုံး ကျရာ အခန်းကဏ္ဍက တာဝန်ထမ်းဆောင်နေကြသူများထဲတွင် အမျိုးသမီးများနှင့် မိန်းကလေးများ အများစု ပါဝင်နေပြီး ထိုသို့ အသက်ခန္ဓာ မငဲ့ကွက်ဘဲ တော်လှန်တာဝန်ထမ်းဆောင်နေသော အမျိုးသမီးများနှင့် မိန်းကလေးများကို လေးစားစွာ ဂုဏ်ပြုကြောင်း၊ ထိုအမျိုးသမီးများ နှင့် မိန်းကလေးငယ်များ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို တားဆီးကာကွယ် ဖြည့်ဆည်းပေးရန်၊ ဂျန်ဒါတန်းတူမညီမျှမှုများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများအား ကာကွယ်ရန်နှင့် တုံ့ပြန် ဆောင်ရွက်ပေးရန်၊ ခေါင်းဆောင်မှုအခန်းကဏ္ဍတွင် ကိုယ်စားပြုပါဝင်ရန် အခွင့်အလမ်း နည်းပါးနေမှုများကို အားပေးမြှင့်တင်ရန် အားလုံးတွင် တာဝန်ရှိသည်ကိုလည်း သတိပြု မိစေလိုကြောင်း ဖော်ပြထားပါတယ်။
၁၉၉၅ ခုနှစ်တွင် ၁၈၉ နိုင်ငံ၏ အစိုးရများက အတည်ပြုခဲ့တဲ့ ဘေဂျင်းကြေညာစာတမ်းနှင့်လှုပ်ရှားမှု အစီအစဉ်၏ ၃၀ နှစ်မြောက် နှစ်ပါတ်လည်နှစ်လည်း ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခွင့်အရေးများကို မြှင့်တင်ခဲ့မှုမှာ တိုးတက်မှုများ အထိုက်အလျောက်ရရှိခဲ့သော်လည်း နှစ် ၃၀ ကြာပြီးနောက် ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုများ၊ စီးပွါးရေး၊ ပညာရေး၊ အလုပ်အကိုင်ဆိုင်ရာ အခွင့်အလမ်း မမျှတမှုများနှင့် နိုင်ငံရေး ကိုယ်စားပြုနိုင်မှု အခွင့်အလမ်းများအပါအဝင် ဦးစားပေးနယ်ပယ် (၁၂) ရပ်လုံးတွင် အားနည်းချက်များ ရှိနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၅။ မြန်မာ့နွေဦးတက္ကသိုလ်၏ ပထမအကြိမ် ဘွဲ့နှင်းသဘင် ကျင်းပ
မတ် ၈
Radio NUG
မြန်မာ့နွေဦးတက္ကသိုလ်တွင် တက္ကသိုလ်တက်ရောက် အောင်မြင်ထားသော အမှန်တရားဘက်တော်သား တော်လှန်သော တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုသည့်အနေဖြင့် ဘွဲ့လက်မှတ်များပေးအပ်ချီးမြှင့်သည့် “မြန်မာ့နွေဦးတက္ကသိုလ် ပထမအကြိမ်ဘွဲ့နှင်းသဘင်အခမ်းအနား” ကို ၂၀၂၅ခုနှစ် မတ်လ ၈ရက်နေ့၊ နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် ဒုတိယဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်း ၊ တက္ကသိုလ်အဓိပတိများ၊ ဆရာကြီး၊ ဆရာမကြီးများနှင့်တကွ ဘွဲ့ရကျောင်းသား၊ ကျောင်းသူများ၊ မြန်မာ့နွေဦးတက္ကသိုလ် အဖွဲ့ဝင်များစုံလင်စွာ တက်ရောက်ချီးမြှင့်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
ဘွဲ့နှင်းသဘင်ကို အစဉ်အလာအတိုင်း ပြုလုပ်ခဲ့ပြီး အခမ်းအနား မစတင်မီ သီးသန့်အခန်းအတွင်း၌ မြန်မာ့နွေဦးတက္ကသိုလ် ပထမအကြိမ် ဘွဲ့နှင်းအခမ်းအနားတွင် ပေးအပ်မည့် ဘွဲ့အမျိုးအစား ၆မျိုးအတွက် တစ်မျိုးစီအား သက်ဆိုင်ရာ ဆရာကြီး ဆရာမကြီးများက အဓိပတိထံ ဘွဲ့ ခံယူမှုအတွက် ပြဌာန်းပါရန် အဆိုပြုခြင်း၊ အဓိပတိမှ ပညာရေးအဖွဲ့၏ သဘောတူညီချက် တောင်းခံခြင်းများ ပြုလုပ်ကြပြီးနောက် ပင်မခန်းအတွင်းတို့ “ဝတ်ရုံတော်ဘွဲ့ကြိုး” တီးလုံးနှင့်အတူ ဝင်ရောက်ခြင်းဖြင့် စတင်ခဲ့ပြီး နိုင်ငံတော်သီချင်းဖြင့် ငြိမ်သက်အလေးပြုခြင်း၊ တက္ကသိုလ်အဓိပတိမှ အခမ်းနားဖွင့်လှစ်ကြောင်းကြေငြာခြင်း၊ ပညာရေးဝန်ကြီးများနှင့် အဓိပတိဆရာကြီး၊ ဆရာမကြီးများမှ ဘွဲ့နှင်းသဘင်ဂုဏ်ပြုမိန့်ခွန်းစကားများချီးမြှင့်ခြင်းတို့ဖြင့် မင်္ဂလာရှိစွာစတင်ခဲ့ကြပါသည်။ ပြီးနောက်အဓိပတိမှ ဘွဲ့ရမောင်မယ်များအား ကတိဝန်ခံချက်တောင်းခံပြီး ဘွဲ့လက်မှတ်များ အပ်နှင်းကာ ဘွဲ့ရမောင်မယ်များ၏ ဘွဲ့အသီးသီးနှင့် လျော်ညီသော အမှတ်လက္ခဏာဖြစ်သည့် ဝတ်ရုံများကို ဝတ်ဆင်ရန်ခွင့်ပြုခဲ့ပါသည်။ အစီစဉ်များအပြီးတွင် ဘွဲ့ရကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဒုတိယအဓိပတိဆရာကြီးတစ်ဦး၏ အပိတ်အမှာစကားမိန့်ခွန်းဖြင့် အခမ်းအနားကို အောင်မြင်စွာပိတ်သိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၆။ ချင်းပြည်ကို အိန္ဒိယတွင် ပူးပေါင်းရန် ဖိတ်ခေါ်ချက် ချင်းပြည်အစိုးရ ဝန်ကြီးချုပ် ငြင်းဆို
မတ် ၈
Radio NUG
ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်များ ဆုတ်ခွာနေပြီ ဖြစ်တာကြောင့် ချင်းပြည်နယ်ကို အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းရန် မီဇိုရမ်ပြည်နယ် ကိုယ်စားပြု အိန္ဒိယနိုင်ငံ အထက်လွှတ်တော်အမတ်ဖြစ်သူ ကေ, ဗန်လားလ်ဗင်နာက ဖေဖော်ဝါရီလ ၂၇ရက်နေ့က ချင်းပြည်အစိုးရရုံးစိုက်ရာ မြန်မာပြည်အတွင်းသို့ သွားရောက်ခဲ့ပြီး ချင်းပြည်ကောင်စီ၊ ချင်းအစိုးရနှင့် ချင်းအမျိုးသားတပ်ဦးတို့နှင့် တွေ့ဆုံစဥ် ဖိတ်ခေါ်ချက်ကို ချင်းပြည်ကောင်စီ(CC)၊ ချင်းအစိုးရ ဝန်ကြီးချုပ်က ငြင်းဆိုလိုက်ကြောင်း အိန္ဒိယနိုင်ငံ၊ စန်ဂိုင်းသတင်းစာမှာ ဖော်ပြထားပါတယ်။
“လုံးလုံးကြီးလွဲပါတယ် ၊ ကျွန်တော်တို့ဘက်မှာ ရှင်းလင်းပြတ်သားတဲ့ ဆုံးဖြတ်ချက်ရှိပါတယ် ၊ ကျွန်တော်တို့က မြန်မာနိုင်ငံကို တည်ထောင်ခဲ့တဲ့လူမျိုးစုလေ ၊ ပင်လုံသဘောတူညီချက်ကို ရှမ်း ၊ ကချင် ၊ ချင်း ၊ ဗမာများနဲ့ ထိုးခဲ့တာလေ ။ ဟိုမှာ ကိုယ့်ရဲ့မျိုးနွယ်စုရှိလို့ ပေါင်းမယ်ဆိုတဲ့ စိုးရိမ်မှုတွေကတော့ လုံးဝမမှန်ပါဘူး ။ မြန်မာနိုင်ငံကို တည်ထောင်ခဲ့တဲ့ တိုင်းရင်းသားမျိုးနွယ်စုတစ်ခုလို့ ကိုယ့်ကိုကိုယ် ရှုမြင်ပြီး နိုင်ငံကိုလည်းတန်းဖိုးထားတယ်၊ ဒါက ဝါဒဖြန့်တဲ့ အမြင်သက်သက်သာဖြစ်မယ်လို့ ယူဆတယ်” ဟု ချင်းပြည် အစိုးရ ဝန်ကြီးချုပ် ဦးပါထန်း က မဇ္ဈိမသတင်းဌာနကိုပြောဆိုထားပါတယ်။
နိုင်ငံရေးလမ်းစဥ်ကို ဖွဲ့စည်းပုံတွင် အတိအကျရေးသားထားပြီး လွတ်လပ်ရေး ၊ ကွန်ဖက်ဒရိတ်များကို မျှော်မှန်းခြင်းမရှိဘဲ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကိုသာ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ အိန္ဒိယနှင့် မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်သည့် နိုင်ငံများဖြစ်ပြီး စစ်ကောင်စီ ရှိခြင်း၊ မရှိခြင်းနှင့် မသက်ဆိုင်ဘဲ နှစ်နိုင်ငံနယ်စပ်နေ ညီအကိုများဖြစ်သောကြောင့် ဆက်သွယ်မှုများရှိသော်လည်း နိုင်ငံရေးကို နိုင်ငံရေးလမ်းကြောင်းနှင့် သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းနေထိုင်ရန်သာ သံန္နိဋ္ဌာန်ချထားမှုကို သံသယ မရှိစေလိုကြောင်း ဦးပါထန်း က ဆက်ပြောဆိုထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ရှမ်းမြောက်ဒေသက နယ်မြေအငြင်းပွားနေမှုတွေကို လူထုသဘောထား ရယူပြီး ဆုံးဖြတ်သွားမယ်လို့ ဗိုလ်ချုပ် ဂွမ်မော် ပြောကြား
မတ် ၈
Radio NUG
လက်တလော KIA နဲ့ TNLA ကြား ဖြစ်ပွားနေတဲ့ ရှမ်းမြောက်ဒေသက နယ်မြေအငြင်းပွားနေမှုတွေကို လူထုသဘောထားရယူပြီး ဆုံးဖြတ်သွားမယ်လို့ KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က လူမှုကွန်ရက်မှာ ရေးသားလာပါတယ်။
KIA ဗိုလ်ချုပ်ဂွမ်မော်က “ရှမ်းမြောက်လူထုနဲ့ ဒီကြားထဲ အစည်းဝေးလုပ်မယ်။ လူထုရဲ့ သဘောထားရယူပြီးရင်တော့ ဆုံးဖြတ်ချက်ချနိုင်မယ် ထင်ပါတယ်” လို့ သူ့ရဲ့လူမှုကွန်ရက်ကတဆင့် ရေးသားဖော်ပြလာတာပဲ ဖြစ်ပါတယ်။
မတ်လ ၇ ရက်နေ့ ညနေပိုင်းမှာ TNLA တပ်ဖွဲ့ဝင်တွေက ရှမ်းမြောင်ဒေသ၊ ကွတ်ခိုင်မြို့ရှိ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) ဆက်ဆံရေးရုံးကို ဝင်ရောက်စီးနင်းခဲ့ပြီး KIA တပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးသွားတယ်လို့ ဒေသသတင်းများက ဖော်ပြထားပါတယ်။
TNLA တပ်ဖွဲ့ဝင်တွေက အယောက် ၂၀ ဝန်းကျင်လောက်ရှိတဲ့ KIA တပ်ဖွဲ့ဝင် အကုန်လုံးနီးပါးကို ဖမ်းဆီးသွားခဲ့ပြီး KIO ဆက်ဆံရေးရုံးနဲ့ ဘားတိုက်မှာရှိတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ပစ္စည်းတွေနဲ့ စာရွက်စာတမ်းတွေကို သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။
KIA အနေနဲ့ ဆက်ဆံရေးရုံးတွေ ထားရှိချင်ရင် ၎င်းတို့ထံ စာတင်ပြဖို့နဲ့ နေထိုင်တဲ့အခါမှာလည်း စစ်ဝတ်စုံ၊ စစ်အသုံးအဆောင်များ မဝတ်ဆင်ဘဲ၊ သာမန်အရပ်သားဝတ်စုံဖြင့်သာ နေထိုင်ဖို့ အကြောင်းကြားခဲ့ပေမယ့် လိုက်နာခြင်း မရှိတဲ့အတွက် အခုလို ဆက်သွယ်ရေးရုံးကို ဖယ်ရှားဆောင်ရွက်တာဖြစ်ကြောင်း TNLA တာဝန်ရှိသူတစ်ဦးက ဆိုထားပါတယ်။
========================
🚩🚩 ၂။ ဂန့်ဂေါနယ် တောင်ပိုင်း၊ မြစ်သာဆည်ပေါ်ကို ရောက်နေတဲ့ စစ်ကောင်စီ စစ်ကြောင်း ၈ ရက်ကြာတဲ့ထိ ဆက်လက် တပ်စွဲထား
မတ်လ ၈
Radio NUG
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် တောင်ပိုင်း၊ မြစ်သာဆည်ပေါ်ကို ရောက်နေတဲ့ ခလရ ၅၀ က စစ်ကောင်စီ စစ်ကြောင်းဟာ ၈ ရက်မြောက် နေ့အထိ ဆည်ပေါ်မှာပဲ ဆက်ရှိနေသေးတယ်လို့ ယောအလင်းတန်းက ဖော်ပြထားပါတယ်။
အင်အား ၁၀၀ ခန့်ပါတဲ့ အဆိုပါ စစ်ကြောင်းဟာ လမ်းခရီး တလျောက် ဓါးစာခံအဖြစ် ဖမ်းဆီးသွားခဲ့တဲ့ အရပ်သား ၉ ဦးထက် မနည်းကိုလည်း ယနေ့အထိ ပြန်လွှတ်ပေးတာ မရှိသေးဘူးလို့ ဆိုပါတယ်။
အဆိုပါ စစ်ကြောင်းဟာ မြစ်သာဆည်ပေါ်က အထိုင်ကင်းစခန်းနဲ့ (ဒေသအခေါ်) တရုတ်တန်း ဝန်ထမ်း အိမ်ယာတွေမှာ နေထိုင် ဆေးကုနေကြတယ်လို့ သိရပြီး ဒဏ်ရာရ တပ်သား လူနာ ၁၂ ဦး နှင့် အထက် ရှိနေတယ်လို့ သိရပါတယ်။
အဆိုပါ စစ်ကြောင်းဟာ ဂန့်ဂေါမြို့ကို ပြန်မဆုတ်သေးဘဲ ရဟတ်ယာဉ် အကူအညီ စောင့်မျှော်နေတာ ဖြစ်ပြီး ဂန့်ဂေါ ခလရ (၅၀) တပ်ရင်းက လက်ကျန် စစ်ကောင်စီ တပ်သားများနဲ့ နောက်ထပ်စစ်ကြောင်း ထပ်မံစေလွှတ်ကာ မြစ်သာဆည်ပေါ်က လူနာစစ်ကြောင်းကို သွားကြိုဖို့စီစဉ်နေကြောင်း အတည်ပြုဆဲ သတင်းရတယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ကြောင်းဟာ အချိန်မရွေး အနီးနား ကျေးရွာများကို ဝင်ရောက်လာနိုင်သလို ဒေသခံ PDF တပ်ဖွဲ့များနဲ့လည်း အချိန်မရွေးနေရာမရွေး ထိတွေ့တိုက်ပွဲများ ဖြစ်နိုင်တာကြောင့် မိဘပြည်သူများအနေနဲ့ စစ်ကြောင်း သတင်းများကို အချိန်နဲ့ တပြေးညီ အချင်းချင်း မျှဝေပေးကြဖို့နှင့် ဖမ်းဆီးခြင်း မခံရအောင် စစ်ကြောင်းနဲ့ ဝေးရာမှာ နေကြဖို့ မိဘပြည်သူများကို အသိပေးထားပါတယ်။
========================
🚩🚩 ၃။ ထွန်းသာကျေးရွာကို ရောက်ရှိနေတဲ့ စစ်ကောင်စီနဲ့ ပျူ တပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်
မတ်လ ၈ ရက်၊
Radio NUG
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ထွန်းသာကျေးရွာမှာ အထိုင်ချ ရောက်ရှိနေတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ “925 ပျောက်ကြားတပ်ဖွဲ့” က သတင်းထုတ်ပြန်ထားပါတယ်။
မတ်လ ၆ ရက် နေ့လည် ၁၁ နာရီခန့်မှာ အဆိုပါ စစ်ကောင်စီနဲ့ ပျူစောထီး အင်အား ၅၀ ခန့်ကို Fixed Wings Drone ၂ စီးဖြင့် 700 kg ဗုံးသီး ၃ လုံး ကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး အရေအတွက် အတိအကျကို မသိရသေးဘူးလို့ ဖော်ပြထားပါတယ်။
ယခု တိုက်ခိုက်မှုကို 925 ပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်) ၊ ငါန်းဇွန် မြို့နယ် ပကဖ ၊ ဧရာမြွေပြွေး ပြောက်ကျားတပ်ဖွဲ့ ၊ Fight For FreeDom ဒုန်းအဖွဲ့နဲ့ ဇေယျာရွှေမြေအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၄။ မင်းလှမြို့နယ်၊ ဗိုလ်တထောင် ရွာမှ စစ်တပ်သတင်းပေး တစ်ဦးကို ပစ်ခတ်ရှင်းလင်း
မတ်လ ၈ ရက်၊
Radio NUG
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင်အုပ်စု၊ ဗိုလ်တထောင် ကျေးရွာနေ စစ်ကောင်စီ သတင်းပေးတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈ဝ၂) တပ်ခွဲ (၃) က ထုတ်ပြန်ထားပါတယ်။
မတ်လ ၇ ရက်နေ့ ည ၆ နာရီခွဲ အချိန်မှာ ဗိုလ်တထောင် ရွာနေ စစ်တပ် သတင်းပေး ထွန်းနိုင်ဆိုသူကို ၎င်းရဲ့ နေအိမ်မှာ ထိုင်နေစဉ် သေနတ်နဲ့ ၃ ချက် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
ထွန်းနိုင်ဆိုသူဟာ စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်သလို စစ်ကောင်စီရဲ့ အမာခံ ထောက်တိုင် တစ်ဦးဖြစ်ကာ စစ်ကောင်စီထံ မမှန်မကန်သတင်းပေးကာ ပြည်သူများကို ဖမ်းဆီးခိုင်းခြင်း၊ တော်လှန်ရေး တပ်ဖွဲ့များရဲ့ လှုပ်ရှားမှုများကို စုံစမ်းထောက်လှမ်း သတင်းပေးခြင်းတို့ကို လုပ်ဆောင်နေတာကြောင့် အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် လိုက်နာခြင်း မရှိတာကြောင့် အရေးယူခဲ့ရတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဆက်လက်၍လည်း ပြည်သူများနဲ့ တော်လှန်ရေး တပ်ဖွဲ့များကို ဒုက္ခပေးနေကြတဲ့ စစ်ကောင်စီတပ်နဲ့ ထောက်တိုင်များကို အရှိန်မြင့် တိုက်ခိုက်သွားမှာ ဖြစ်တာကြောင့် ပြည်သူများအနေနဲ့ ၎င်းတို့အနီးမှာ သွားလာနေထိုင်ခြင်းများ လုံးဝ မပြုလုပ်ကြဖို့ အသိပေးထားးပါတယ်။
========================
🚩🚩 ၅။ ချောင်းဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမည်ကိုအသုံးပြုကာ ရုံးစာအတုလုပ် ငွေကြေးတောင်းခံမှုများ ရှိနေ
မတ်လ ၈
Radio NUG
ချောင်းဦးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (CHUPDF) ရဲ့ အဖွဲ့အမည်ကို အသုံးပြုပြီး ရုံးစာအတု ပြုလုပ်ကာ လုပ်ငန်းရှင် အနည်းဆုံး ၆ ဦးထံ ငွေကြေးတောင်းခံမှုများ ရှိနေတယ်လို့ CHU PDF တပ်ဖွဲ့ က ထုတ်ပြန်ထားပါတယ်။
အဆိုပါ ရုံးစာအတုများဟာ (၁) CHUPDF Logo များကို Heading Logo, Watermark များအပြင် CHU PDF က ထည့်သွင်း အသုံးပြုလေ့ မရှိတဲ့ အောက်ခြေညာထောင့် logo များ ထည့်သွင်းထားခြင်း (၂) ဖုန်းနံပါတ်နေရာမှာ 099099 ဟု လိမ်လည်ရိုက်နှိပ်ထားခြင်း (၃) အမှန်တကယ်မရှိတဲ့ CHU PDF Website လိပ်စာများ ထည့်သွင်းထားခြင်း (၄) စာအမှတ်နေရာတွင် ရုံးလက်ခံ စာတမ်းများထည့်သွင်း ထားခြင်း (၅) ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF ရဲ့ logo ကို အသုံးပြု၍ ချောင်းဦး ပကဖဟု ရေးသားထားခြင်းတို့ကို တွေ့ရတယ်လို့ ဆိုပါတယ်။
၎င်းတို့ဟာ မတ်လ ၇ ရက်နဲ့ ၈ ရက် ရက်စွဲများဖြင့် လုပ်ငန်းရှင်များကို ငွေကျပ် ၃ သိန်းစီ ထည့်ဝင်ရန်နဲ့ မထည့်ဝင်ပါက အသက်အိုးအိမ် ကို အာမ မခံကြောင်း ချိန်းခြောက်ရေးသားထားတာကို တွေ့ရပါတယ်။
ချောင်းဦး PDF အနေဖြင့် အများပြည်သူက စေတနာအလျောက် ထည့်ဝင်ကြတဲ့ အလှူငွေများကိုသာ လက်ခံပြီး စာပို့ခြိမ်းခြောက် ငွေတောင်းခံခြင်း၊ ခြိမ်းခြောက် အလှူခံခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ် ပါကြောင်းကို အသိပေးထားပါတယ်။
အခုလို ရုံးစာအတုဖြင့် လိမ်လည်သူကို မဖြစ်မနေ ဖော်ထုတ်ကာ ထိရောက်စွာ အရေးယူသွားမှာဖြစ်ပြီး CHUPDF အမည်ဖြင့် ခြိမ်းခြောက် ငွေတောင်းခံခြင်းများ ထပ်မံ ကြုံတွေ့ရပါက Page messenger က ဖြစ်စေ ရင်းနှီးတဲ့ တပ်ဖွဲ့ဝင် တဦးဦးထံဖြစ်စေ သတင်းပေးပို့ကြဖို့ မေတ္တာရပ်ခံ ထားပါတယ်။
========================
🚩🚩 ၆။ ထိုင်းနိုင်ငံမှ ပြန့်ပို့ခံရပြီး စစ်မှုထမ်း စုဆောင်းခံရသူ ၂ ဦး မြိတ် ပကဖထံ အလင်းဝင်
မတ်လ ၈
Radio NUG
ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရပြီး ပြန်ပို့ခံရချိန်မှာ စစ်ကောင်စီက အဓမ္မ စစ်မှုထမ်း စုဆောင်းခဲ့တဲ့ တပ်သား ၂ ဦး လာရောက်ခိုလှုံ ခဲ့တယ်လို့ မြိတ် ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
မတ်လ ၆ ရက်နေ့မှာ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၉) အတွက် စုဆောင်းခံထားရတဲ့ သက်နိုင်ထွေး (ခ) စုစု နဲ့ နိုင်ဝင်းထွန်း တို့ နှစ်ဦးဟာ မြိတ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ထံ ဆက်သွယ်ခိုလှုံခဲ့တာပါ။
၎င်းတို့ နှစ်ဦးဟာ ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှာ ဖမ်းဆီးခံခဲ့ရကာ အချုပ်ကျခံ ခဲ့ရပြီးနောက် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ကို ပြန်လည်ပို့ဆောင်ခံခဲ့ရပြီး ကော့သောင်းမြို့ကို ရောက်ပြီးနောက် ခလရ (၄၃၁) ကို ပို့ဆောင်ခဲ့ကာ ၇ ရက်လောက် နေခဲ့ရပြီးနောက် မြိတ်မြို့ကို စက်လှေနဲ့ ထပ်မံပို့ဆောင်ခဲ့ကာ ရွှေဒူး ပညာရေးကျောင်းကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ရွှေဒူး ပညာရေးကျောင်းကို ရောက်ခဲ့ပြီးနောက် ၂ ရက်အကြာ ဖေဖော်ဝါရီလ ၃ ရက် ည ၁ နာရီခွဲခန့်မှာ ထွက်ပြေးလွတ်မြောက်ခဲ့တာလို့ သိရပါတယ်။
၎င်းတို့ ထွက်ပြေးချိန်မှာ ၁၆ ဦး ထွက်ပြေးခဲ့ကြတာဖြစ်ပြီး နောက်တစ်ရက်မှာပဲ ၄ ဦး ပြန်လည်ဖမ်းဆီး ခံရကာ ၁၂ ဦးလွတ်မြောက်ခဲ့ရာ ၎င်းတို့ ၂ ဦးမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နဲ့ ချိတ်ဆက်ပြီး ရောက်ရှိ ခိုလှုံခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment