၂၀၂၅ မတ်လ ၁၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား ဦးစီးကျင်းပ
📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေး ကျင်းပပြုလုပ်
📌 ၃။ ETMမှတဆင့် တရုတ်ပိုင် ကုမ္ပဏီများနှင့် ဆက်နွယ်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်အား ကုလသမဂ္ဂမှ စုံစမ်းစစ်ဆေးရန် တောင်းဆို
📌 ၄။ ဒီးမော့ဆိုရှိ ကျေးရွာ တစ်ရွာတွင် WY မူးယစ်ဆေးပြား တစ်ထောင်ကျော် ဖမ်းဆီးရမိ
========================
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား ဦးစီးကျင်းပ
မတ် ၉
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ မတ်လ (၈)ရက်၊ နံနက် ၁၀နာရီတွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားအား ဦးစီးကျင်းပခဲ့ရာ နိုင်ငံတော်ယာယီသမ္မတကြီး မှပေးပို့သော သဝဏ်လွှာဖတ်ကြားခြင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်မှ ပေးပို့သော သဝဏ်လွှာဖတ်ကြားခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးမှ အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ UN Women ၏ အမျိုးသမီးများနေ့ သဝဏ်လွှာ ဖတ်ကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ဦးဝင်းနိုင်၊ JCC-GP ကိုယ်စားပြုအနေဖြင့် ဆရာမ သော်သော်၊ ကရင်အမျိုးသမီးအစည်းအရုံးမှ ဆရာမနော်အယ်တမွီးဖော တွဲဘက်အတွင်းရေးမှုး၂ ၊ ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ အမျိုးသမီးနှင့်ကလေးသူငယ်ရေးရာဌာန ကိုယ်စားလှယ် ဆရာမအဂ္ဂသာနုနုတို့မှ အမျိုးသမီးများနေ့ အထိမ်းအမှတ် အမှာစကားပြောကြားခြင်းများ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဆက်လက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးမှ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဂျန်ဒါမူဝါအကောင်အထည်ဖော်ရေးအစီအစဉ်နှင့် အမျိုးသမီးနှင့် ဂျန်ဒါရေးရာဌာနမှုး ဒေါ်သန္တာမှ အမျိုးသားညီညွတ်ရေးအစိုးရ၏ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မဟာဗျုဟာလုပ်ငန်းစဉ်ကို အသီးသီးတင်ပြခဲ့တယ်လို့ သိရပါတယ်။
ထို့နောက်JCC-GP ကိုယ်စား ဆရာ Victoryမှ IWD ပူးတွဲကြေညာချက်ကို ဖတ်ကြားခဲ့ပြီး အခမ်းအနားအောင်မြင်စွာရုတ်သိမ်းခဲ့ကြောင်း ဖော်ပြထားပါတယ်။
========================
📌📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေး ကျင်းပပြုလုပ်
မတ် ၉
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၃/၂၀၂၅)ကို မတ်လ ၉ရက် မနက်(၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ စီမံကိန်းဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။
ထို့နောက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ အုပ်ချုပ်ရေးဆိုင်ရာပေါင်းစပ်လုပ်ငန်းများနှင့် ပတ်သက်၍ သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီး၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် (၁:၀၀) နာရီအချိန်တွင် ရပ်နားခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၃။ ETMမှတဆင့် တရုတ်ပိုင် ကုမ္ပဏီများနှင့် ဆက်နွယ်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်အား ကုလသမဂ္ဂမှ စုံစမ်းစစ်ဆေးရန် တောင်းဆို
မတ် ၉
Radio NUG
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဂျူလီဘိရှော့အား Energy Transition Minerals (ETM) ကုမ္ပဏီတွင် မဟာဗျူဟာအကြံပေးအဖြစ် မြန်မာနိုင်ငံတွင် ပါဝင်ပတ်သက်မှုရှိသော တရုတ်နိုင်ငံပိုင်ကုမ္ပဏီများနှင့် ဆက်နွယ်သည့် ဂရင်းလန်းဒေသရှိ အငြင်းပွားဖွယ် ယူရေနီယမ်နှင့် မြေရှားသတ္တုတူးဖော်ရေးစီမံကိန်းအတွက် ခန့်အပ်ခဲ့ကြောင်း Justice For Myanmar မှ ဖော်ပြထားပါတယ်။
သူမ၏ ရာထူးတာဝန်သည် မြန်မာနိုင်ငံတွင်း အကျပ်အတည်းများအား ဖြေရှင်းဆောင်ရွက် ရမည်ဖြစ်၍ သူမအနေဖြင့် ဒီမိုကရေစီဘက်သားများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ထိခိုက်နစ်နာသည့် ရပ်ရွာလူထုများနှင့် ထိတွေ့ဆက်ဆံရာတွင် ယုံကြည်မှုနှင့် သမာသမတ်ရှိမှုတို့က လွန်စွာ အရေးပါလှတယ်လို့ ဖော်ပြထားပါတယ်။
သို့ရာတွင် သတ္တုတူးဖော်ရေးကဏ္ဍတွင် ဂျူလီဘိရှော့၏ ပါဝင်ပတ်သက်မှု၊ တရုတ်ကုမ္ပဏီများနှင့် ဆက်နွယ်မှုများသည် သူမ၏ ကျင့်ဝတ်ပိုင်းဆိုင်ရာစောင့်ထိန်းလိုက်နာမှုနှင့် တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်မှုတို့အပေါ် စိုးရိမ်ဖွယ် မေးခွန်းများကို ဖြစ်ပေါ်စေတာကြောင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး အန်တိုနီရို ဂူတာရက်စ့်အနေဖြင့် ဂျူလီဘိရှော့၏ စီးပွားရေးလုပ်ငန်းများမှ အကျိုးစီးပွားပဋိပက္ခများကို စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ပေးရန် တောင်းဆိုထားပါတယ်။
ဩစတြေးလျစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ ETM မှတဆင့် ဂျူလီဘိရှော့၏ တရုတ်နိုင်ငံပိုင် ကုမ္ပဏီများနှင့် ဆက်နွယ်မှုများကို Saturday Paper သတင်းစာက ပထမဆုံး သတင်းရေးသား ဖော်ပြခဲ့ပါတယ်။
========================
📌📌 ၄။ ဒီးမော့ဆိုရှိ ကျေးရွာ တစ်ရွာတွင် WY မူးယစ်ဆေးပြား တစ်ထောင်ကျော် ဖမ်းဆီးရမိ
မတ် ၉
Radio NUG
မတ်လ ၇ ရက်နေ့၊ မနက် ၁၁ နာရီ ၄၅ မိနစ်တွင် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ ဒေသခံတွေရဲ့ တိုင်ကြားချက်အရ WY စိတ်ကြွရူးသွပ်ဆေးပြား (၁၂၄၄) ပြားကို တရားခံ နှစ်ဦးဆီမှာ ဖမ်းဆီးရမိခဲ့ကြောင်း ကရင်နီပြည်ရဲဌာန KSP တာဝန်ရှိသူ ဦးဘိုဘိုက ကန္တာရဝတီတိုင်း (မ်)ကို ပြောထားချက်အရ သိရပါတယ်။
အမှတ် ၁၀ ရဲစခန်းမှ KSP အဖွဲ့ဝင်တွေနဲ့ KNDF ပူးပေါင်းတပ်ဖွဲ့တို့သည် သွားရောက်ဖမ်းဆီးတဲ့အချိန်မှာ မသင်္ကာတဲ့ တရားခံဆီကနေ WY စိတ်ကြွရူးသွပ်ဆေးပြား ၁၁၈၈ ပြား သိမ်းဆည်းရရှိခဲ့ပြီး ပထမ တရားခံရဲ့ ပြောဆိုချက်အရ နောက်ထပ်တရားခံတစ်ယောက်ကို သွားရှာတဲ့ချိန်မှာ မူးယစ်ဆေးပြား ၅၆ ပြားနဲ့ မူးယစ်ဆေးဝါးရောင်းရငွေလို့ယူဆရတဲ့ မြန်မာငွေ စက္ကူရောရာ ၃၆၇၀၀၀ ကျပ်နဲ့ ဖုန်းတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်လို့ သိရပါတယ်။
တရားခံနှစ်ဦးဟာ ကျေးရွာတစ်ခုထဲက ဒေသခံအမျိုးသားတွေဖြစ်ပြီး ၎င်းတို့ဆီမှ ဆေးပြား ၁၂၄၄ပြား၊ ဖုန်း၊ မြန်မာကျပ်ငွေ ၂၈၆၇၀၀၀ (နှစ်ဆယ့်ရှစ်သိန်းခြောက်သောင်းခုနှစ်ထောင်ကျပ်)၊ ပွိုင့်တူးတူး လက်လုပ် ဘီစတိုတစ်လက်၊ ပွိုင့်တူးတူး ကျည်ဆံ ၁၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပထမတရားခံတစ်ဦးကို ကရင်နီပြည်ရဲ အမှတ် ၁၀ ရဲစခန်းရဲ့ ပ၃/၂၀၂၅ မှုစိပ် ဥပဒေပုဒ်မ ၁၉(က) နဲ့ အရေးယူထားပြီး ဒုတိယ တရားခံကိုတော့ တရားစွဲဆိုဖို့ ပြင်ဆင်နေတုန်းဖြစ်တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ တောင်ငူခရိုင်အတွင်းက ရန်ကုန်-မန္တလေး ကားလမ်းအနီး အကြမ်းဖက်စစ်တပ်ရဲ့ ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်က ၅ ဦး သေဆုံး
မတ် ၉
Radio NUG
မတ်လ ၉ရက်နေ့ မနက် ၄ နာရီ ၃၀ မိနစ်တွင် တောင်ငူခရိုင် ၊ ကျွဲပွဲမြို့ နဲ့ ညောင်ခြေထောက်မြို့ကြားမှာရှိတဲ့ ရန်ကုန်-မန္တလေး ကားလမ်းအနီး ကျောက်တိုင်ကျေးရွာက အကြမ်းဖက် စစ်တပ်စခန်းကို PDF ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်က ၅ ဦးသေပြီး MA1 ၂ လက် ၊ ကျည် ၄ဘောက်၊ G3 ၂ လက် ၊ ကျည် ၄ဘောက် ၊ MA11 ၂လက် ကျည်ဘောက် ၄ဘောက်၊ G3 ကျည် ၂၀၀ နဲ့ ၅.၅၆ ကျည် ၂၀၀ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး နိုင်ငံအတွက် အသက်ပေးလှူ ကျဆုံးခဲ့ရပြီး အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ(၂)၊ ဗျူဟာ (၂၃) တပ်ရင်း၃၅၀၂၊ အုတ်တွင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ တို့ ပူးပေါင်းဖော်ဆောင်ခဲ့တာလို့ သိရပါတယ်။
========================
🚩🚩 ၂။ ကန့်ဘလူနှင့် ရေစကြိုမှာ စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံး
မတ်လ ၉
Radio NUG
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီရဲ့ ထောက်ပို့ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ၁ ဦး သေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ KBL ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်း ၃ ထံက သိရပါတယ်။
မတ်လ ၉ ရက်နေ့ မနက် ၇ နာရီခန့်မှာ စံပါယ်နံသာရွာ အနောက်ဘက်က ၂ မိုင်ပေါက်တွင် စစ်ကောင်စီ ထောက်ပို့စစ်ကြောင်းကို KBL ပြည်သူ့ကာကွယ်ရေး တပ်မတော် စစ်ကြောင်း (၃)နဲ့ တပ်ရင်း (၃) တို့မှ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီစစ်ကြောင်းမှ ပျူစောထီးတစ်ဦး သေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်း ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ထံက သိရပါတယ်။
မတ်လ ၅ ရက်နေ့က ရေစကြိုမြို့နယ်၊ ဇရပ်နီရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အဆိုပါ စစ်ကောင်စီ စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးခဲ့တယ် လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ပြည်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၃။ စစ်ကောင်စီ စစ်ဆေးရေးဂိတ် ၂ ခုကို အလစ်အငိုက် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံး
မတ်လ ၉
Radio NUG
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်နဲ့ ရေဖြူမြို့နယ်မှာ စစ်ကောင်စီ စစ်ဆေးရေး ဂိတ် ၂ ခုကို အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန် ထားပါတယ်။
မတ်လ ၇ ရက် နေ့လည် ၁၂ နာရီ အချိန်မှာ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာက၊ ဟားလီးကွေ့ စစ်ဆေးရေးဂိတ်ကို အလစ်ငိုက် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် ညနေ ၄ နာရီ ဝန်းကျင်ခန့်မှာ ရေဖြူမြို့အဝင် တံတားထိပ်ရှိ စစ်ဆေးရေးဂိတ်က စစ်ကောင်စီ တပ်သားများကိုလည်း အလစ်ငိုက် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၁၀ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသား လွတ်မြောက်ရေး တပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်း နှင့် ရေဖြူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (YPPDF) တို့ ပူးပေါင်းလုပ်ဆောင် ခဲ့တာဖြစ်ပြီး အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ ရေးမြို့နယ်က နယ်ထိန်း တစ်ဦးကို ရေးဘီလူး တပ်ဖွဲ့ ပစ်ခတ်ရှင်းလင်း
မတ်လ ၉
Radio NUG
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အောင်သုခ နယ်ထိန်း တစ်ဦးကို အောင်သုခ ရပ်ကွက်က အရက်ဆိုင် တစ်ခုမှာ ပစ်ခတ်ရှင်းလင်း ခဲ့တယ်လို့ ရေးဘီလူး အဖွဲ့က ထုတ်ပြန်ထားပါတယ်။
မတ်လ ၉ ရက် ညနေ ၆ နာရီ အချိန်မှာ ရေးမြို့မ ရဲစခန်းက နယ်ထိန်းမျိုးသူ ဆိုသူကို ရေဘီးလူး အဖွဲ့က အနီးကပ် ဝင်ရောက်ပစ်ခတ် ခဲ့တာဖြစ်ပြီး နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
နယ်ထိန်း မျိုးသူဟာ ပြည်သူတွေကို မတရား စစ်မှုထမ်းခိုင်းတာ၊ ငွေကြေး တောင်းခံတာတွေကြောင့် ပစ်ခတ် ရှင်လင်းခဲ့တာ ဖြစ်ကြောင်းကို ရေးဘီလူး တပ်ဖွဲ့ ခေါင်းဆောင်က လူမှုကွန်ယက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ထို့အပြင် မတ်လ ၉ ရက်နေ့ မနက်ပိုင်းမှာ ရေးမြို့နယ် ခမရ ၄၃၄ တပ်ရင်းမှ ထွက်လာတဲ့ စစ်ကောင်စီ တပ်သားများကို ရေးဘီလူး အဖွဲ့ က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၇ ဦးခန့် သေဆုံးပြီး ၁၅ ဦး ထပ်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ တပ်သားများဟာ တောင်စွန်း ရွာထိပ်မှာ စစ်ဆေးမှု ပြုလုပ်ပြီးနောက် ရေးဘီးလူး တပ်ဖွဲ့ က ပိတ်ဆို့ထားတဲ့ နေရာကို ဝင်ရောက်လာရာ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ခြင်းကြောင့် အထိနာပြီး ဝါးကျောင်း အာရုတောင် ဘက်ကို တပ်ဆုတ်သွားခဲ့ရာ ညနေပိုင်းမှာ ရေးဘီလူး တပ်ဖွဲ့က ဝါးကျောင်း အာရုတောင် အထိ လိုက်လံပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းကြောင့် ထိခိုက်သေဆုံးမှု များခဲ့တာလို့ သိရပါတယ်။
========================
🚩🚩 ၅။ မိုးဗြဲစစ်မြေပြင်တွင် စစ်ကောင်စီက ကာမီကာဇေ ဒရုန်းများ အသုံးပြုတိုက်ခိုက်
မတ် ၉
Radio NUG
မတ်လ (၉)ရက်နေ့တွင် ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲ ရှေ့တန်းစစ်မြေပြင်မှာ စစ်ကောင်စီက ကာမီကာဇေ (အသေခံ) ဒရုန်းများပါ အသုံးပြု၍ တိုက်ခိုက်လာကြောင်း KPVသတင်းဌာနမှ ဖော်ပြထားပါတယ်။
ထို ကာမီကာဇေ ဒရုန်းသည် မိုးဗြဲ မြို့တွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူ ထိခိုက်သေဆုံးမှု မရှိဘူးလို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီသည် မိုးဗြဲမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ရန် နေ့စဥ် နီးပါး စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကာ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးအပြင် ခမရ (၄၂၂)တပ်ကနေ ရှော့တိုက်ဒုံးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်နေကြောင်း ရှေ့တန်း ရဲဘော်တစ်ဦးက ပြောဆိုထားပါတယ်။
========================
🚩🚩 ၆။ ထီးချိုင့်မြို့နယ်ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ တစ်ဦး ဒဏ်ရာရ
မတ်လ ၉
Radio NUG
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကွင်းကြီးရွာ အနီးကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးများ ကြဲချခဲ့ရာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မတ်လ ၈ ရက်နေ့ ညနေ ၅ နာရီခန့်မှာ စစ်ကောင်စီက ကွင်းကြီးကျေးရွာ အနီးကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ ဗုံးသီးများဟာ ကွင်းကြီးရွာထိပ်က ကုက္ကိုပင် အနီးလမ်းဆုံနဲ့ ကွင်းကြီးနဲ့ ပေါက်ကုန်း ရွာကြားရှိ စိုက်ပျိုးရေးစင်တာ အနီးတို့မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား တစ်ဦး ဒဏ်ရာရခဲ့ကာ ကျွဲ ၃ ကောင် သေဆုံးပြီး ဓါတ်ဆီဆိုင် တစ်ဆိုင် မီးလောင်ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။
ဗုံးကြဲခံရတဲ့ နေရာအနီးက ကွင်းကြီး ကျေးရွာဟာ အိမ်ခြေ ၂၀၀ ခန့်ရှိ ကျေးရွာ တစ်ရွာဖြစ်ပြီး စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံပြည်သူ အများစု နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ PNO အသွင်ပြောင်း ပြည်သူ့စစ်နဲ့ ပတ်သက်ခြင်း မပြုဖို့ ရေပူကျေးရွာကို အင်းလေး PDF သတိပေး
မတ်လ ၉ ရက်၊
Radio NUG
စစ်ကောင်စီ လက်အောက်ခံ (ပအိုဝ်း) အသွင်ပြောင်း ပြည်သူ့စစ်အဖွဲ့ PNO/PNA ထဲမှာ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းမပြုဖို့ ရေပူကျေးရွာကို အင်းလေးပြည်သူ့ကာကွယ်ရေးတပ်၊ အမှတ် (၁၀၀၉) တပ်ရင်းက သတိပေးထားပါတယ်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ PNO / PNA ပြည်သူ့စစ် အဖွဲ့က ရေပူကျေးရွာကို လာရောက်တိုက်ခိုက်ခဲ့ရာမှာ ရေပူရွာသား ၁၀ ဦး ပါဝင်တယ်လို့ ဖမ်းဆီးရမိခဲ့တဲ့ PNA တပ်ဖွဲ့ဝင်များရဲ့ ပြောကြားချက်အရ သိရတယ်လို့ ဆိုပါတယ်။
PNO/PNA ဟာ ဘုရားတောင် စစ်ဘေးရှောင် စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကာ ရေပူရွာသားများအား မြောက်ဘက်ကို စစ်ရှောင်ရန်ဖိအားပေးခဲ့ပြီး ယခုအခါ ရေပူ ကျေးရွာသားများကို ပြည်သူ့စစ်အတွင်း ထည့်သွင်းလေ့ကျင့်နေတယ်လို့ သိရပါတယ်။
ယခုဖြစ်ပွားနေသော စစ်ပွဲများဟာ ပြည်သူလူထု ဆန္ဒကို မျက်ကွယ်ပြုကာ စစ်တပ်မှ မတရား အာဏာ သိမ်းယူခဲ့တာကြောင့် လူထုမှ ဆန့်ကျင်တိုက်ခိုက် ခုခံကာကွယ်နေတဲ့ စစ်ပွဲဖြစ်ပြီး PNO / PNA ဟာ စစ်ကောင်စီနဲ့ အတူနေထိုင်ကာ ခိုင်းစေသမျှ လုပ်ဆောင်ပေးနေတာကြောင့် အခုလို တိုက်ခိုက်နေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အင်းလေး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အနေနဲ့ PNO / PNA အသွင်ပြောင်း ပြည်သူ့စစ် အဖွဲ့ကို စတင် တိုက်ခိုက်ခဲ့ခြင်း မရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရေပူကျေးရွာသားများ အနေနဲ့ (ပအိုဝ်း) အသွင်ပြောင်းပြည်သူ့စစ် (PNO/PNA) နဲ့ လုံးဝပတ်သက်ခြင်း မပြုကြဖို့ကို သတိပေးထားပြီး ပြည်သူ့စစ်အတွင်း ဝင်ရောက် သင်တန်းတက်ရောက် သူများကို စုံစမ်း စီစစ်ပြီး ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။
========================
🚩🚩 ၈။ ပုဏ္ဏားကျွန်း မြို့နယ်က အရေပြားရောဂါ ဖြစ်ပွားနေတဲ့သူတွေကို အာရက္ခ ပြည်သူ့ကျန်းမာရေး ဌာနက နယ်လှည့် ဆေးကုသပေးနေ
မတ်လ ၉
Radio NUG
ရက္ခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်က အရေပြားရောဂါ ဖြစ်ပွားနေတဲ့ ပြည်သူတွေကို ULA/AA က ဦးဆောင်ပြီး အာရက္ခ ပြည်သူ့ကျန်းမာရေး ဌာနက နယ်လှည့် ဆေးကုသမှု ဆောင်ရွက်ပေးနေတယ်လို့ Arakan Princess Media က ဖော်ပြထားပါတယ်။
မတ်လ ၇ ရက်နေ့မှာ အာရက္ခ ပြည်သူ့ကျန်းမာရေးဌာန၊ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ အာရက္ခတပ်တော် ဆေးတပ်ဖွဲ့ တို့က ပုဏ္ဏားကျွန်း မြို့နယ်က အရေပြားရောဂါ ခံစားနေရတဲ့ အမျိုသား ၆၀ ဦး၊ အမျိုးသမီး ၁၀၄ ဦး တို့ကို နယ်လှည့် ဆေးကုသမှု ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် ကျန်းမာရေး ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနဲ့ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတို့ကို လည်း ပြုလုပ်ခဲ့လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကလည်း ပုဏ္ဏားကျွန်း မြို့နယ်အတွင်း အရေပြားရောဂါ ခံစားနေရတဲ့ ပြည်သူ ၂၀၇ ဦးကိုလည်း အာရက္ခ ပြည်သူ့ကျန်းမာရေး ဌာနက ကွင်းဆင်း ဆေးကုသမှု ပြုလုပ်ပေးခဲ့ ပါသေးတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment