၂၀၂၅ မတ်လ ၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အမေရိကန်နိုင်ငံ Tulsaရောက်မြန်မာအင်အားစုများနဲ့ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာတွေ့ဆုံမည်
📌 ၂။ မိုးဗြဲလယ်သမားများရဲ့လယ် ဧက၃၀၀ ဝန်းကျင် ရေရရှိရေးအတွက် ဝိုင်းဝန်းထောက်ပံ့ကူညီဖို့ ဒုဝန်ကြီးခွန်စောဖူးဖိတ်ခေါ်
📌 ၃။ အကြမ်းဖက် စစ်တပ် ထံသို့ လက်နက်ခဲယမ်း၊ စစ်လက်နက်ပစ္စည်းများနှင့် ဂျက်လေယာဉ်ဆီ စီးဆင်းမှုကို ဖြတ်တောက်ခြင်းဖြင့် မြန်မာပြည်သူ များကို ကူညီပေးကြပါရန် သံအမတ်ကြီးဦးကျော်မိုးထွန်းမေတ္တာရပ်ခံ
📌 ၄။ ဗြိတိန်နိုင်ငံရှိ ထိုင်းနှင့်မလေးရှားသံရုံးက တာဝန်ရှိတဲ့သူတွေကိုယ်တိုင် SMFCက မြန်မာအရေးနဲ့ပတ်သက်၍ စုပေါင်းလက်မှတ်ရေးထိုးကာ စာပေးပို့
📌 ၅။ စစ်အာဏာရှင်စနစ် အမြန်ပြုတ်ကျရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး လမ်းလျှောက် ဆန္ဒထုတ်ဖော်ပွဲကို ကိုရီးယားရောက်မြန်မာအင်အားစုများကျင်းပမည်
📌 ၆။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၃၈၀) ဦးအထိရှိလာ
========================
၂၀၂၅ ခုနှစ် မတ်လ ၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ရေစကြိုနဲ့မြောင်မြို့နယ်အစပ်ကရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ရွာသားအချို့နဲ့ ဘုန်းကြီးတပါးကို သတ်ဖြတ်
🚩 ၂။ ကန့်ဘလူမြို့နယ် ငှက်ပျောတိုင်းရွာအနီးမှာ စစ်သား ၂ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိ
🚩 ၃။ ကော်သူးလေအုပ်ချုပ်နယ်မြေ လယ်ဒိုနဲ့မူးမြို့နယ်ကို စစ်တပ်က လေကြောင်းကနေတိုက်ခိုက်တဲ့အတွက် ၂ဦး ဒဏ်ရာရပြီး အိမ်တလုံးပျက်စီး
🚩 ၄။ မြောက်ဥက္ကလာမှာရှိတဲ့ ခမရ ၄၃၅ တပ်ရင်းဂိတ်ကို လက်ပစ်ဗုံး ၂ လုံးနဲ့တိုက်ခိုက်
🚩 ၅။ ငါန်းဇွန်မြို့ကနေ ကား ၂ စီးနဲ့ထွက်လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ၂ ဦးသေပြီး ၃ ဦး ဒဏ်ရာရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အမေရိကန်နိုင်ငံ Tulsaရောက်မြန်မာအင်အားစုများနဲ့ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာတွေ့ဆုံမည်
မတ်လ၆ရက်
အမေရိကန်နိုင်ငံ Tulsaရောက် မြန်မာအင်အားစုများနဲ့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာတို့ တွေ့ဆုံမယ်လို့သိရပါတယ်။အခမ်းအနားကိုမတ်လ၈ရက်ကျင်းပမှာဖြစ်ပြီးတော့ ရန်ပုံငွေအတွက်စျေးရောင်းချမှုများလည်း ပြုလုပ်သွားမယ်လို့သိရပါတယ်။"အခုအပါတ် လာမဲ့ March 8 စေနေနေ့မှာ - Dr. Sasa ကိုယ်တိုင် ပြည်သူလူထုလာရောက်တွေ့ဆုံမဲ့ နေ့လေးတနေ့မို့ အားလုံးလာရောက်ပြီး လူသားချင်းစာနာရေး ကူညီမှု ရန်ပုံငွေ food fair အတွက် fundraising အဆင်သင့်ဖြစ်ပြီနော် ။Tulsa နွေဦးစားဖိုမှုးများလဲ Ready ကြပြီမို့ အရောက်ဆီတိုင်းလာရောက်အားပေးကြဖို့ ဖိတ်ခေါ်ပါရစေရှင့်"လို့ Myanmar community of Tulsaကအသိပေးဆိုထားပါတယ်။
========================
📌📌 ၂။ မိုးဗြဲလယ်သမားများရဲ့လယ် ဧက၃၀၀ ဝန်းကျင် ရေရရှိရေးအတွက် ဝိုင်းဝန်းထောက်ပံ့ကူညီဖို့ ဒုဝန်ကြီးခွန်စောဖူးဖိတ်ခေါ်
မတ်လ၆ရက်
မိုးဗြဲလယ်သမားများရဲ့လယ် ဧက၃၀၀ ဝန်းကျင် ရေရရှိရေးအတွက် ဝိုင်းဝန်းထောက်ပံ့ကူညီဖို့ ဒုဝန်ကြီးခွန်စောဖူးက မတ်လ၆ရက်မှာ ဆိုရှယ်မီဒီယာမှ ဖိတ်ခေါ်ထားပါတယ်။
"နွေစပါးစိုက်တောင်သူများနှင့်စကားပြောဖြစ်တယ်။လယ်ရေရရှိဖို့ ကြိုးစားနေကြတယ်၊မိုးဗြဲလယ်သမားများရဲ့လယ် ဧက၃၀၀ ဝန်းကျင် ရေ ရရှိရေးကို အဖွဲ့အနေနဲ့ ဒီဇယ်၁၅ပေပါ ပါဝင်ဖို့ကြိုးစားနေတယ်။ပါဝင်နိုင်မည့်သူများကိုလည်းဖိတ်ခေါ်ပါတယ်"လို့ ဆိုပါတယ်။လူထုဝမ်းစာဖြည့်တင်းရေးသည် တော်လှန်ရေးအတွက် လွန်စွာအရေးကြီးတယ်လို့ ၄င်းကဆိုပါတယ်။
========================
📌📌 ၃။ အကြမ်းဖက် စစ်တပ် ထံသို့ လက်နက်ခဲယမ်း၊ စစ်လက်နက်ပစ္စည်းများနှင့် ဂျက်လေယာဉ်ဆီ စီးဆင်းမှုကို ဖြတ်တောက်ခြင်းဖြင့် မြန်မာပြည်သူ များကို ကူညီပေးကြပါရန် သံအမတ်ကြီးဦးကျော်မိုးထွန်းမေတ္တာရပ်ခံ
မတ်လ၆ရက်
နျူကလီးယားလက်နက်များ တားမြစ်ရေးစာချုပ် အဖွဲ့ဝင်နိုင်ငံများ၏ တတိယအကြိမ် အစည်းအဝေး အထွေထွေဆွေးနွေးမှုတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလိုပြောဆိုထားပါတယ်။
"နိုင်ငံတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပြန်လည်ထူထောင်နိုင်ရန်အလို့ငှာ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့ အတွက် မြန်မာပြည်သူများ အနေဖြင့် သဋိဌာန် ချထားပြီးဖြစ်ပြီး၊ ယင်းအတွက် ပြဿနာ အရင်းအမြစ်ကိုဖြေရှင်းရန် နှင့် မြန်မာပြည်သူများအပေါ် ပံ့ပိုးကူညီပေးရန် နိုင်ငံတကာ အသိုက်အဝန်းအား တိုက်တွန်းပါကြောင်း၊ အကြမ်းဖက် စစ်တပ် ထံသို့ လက်နက်ခဲယမ်း၊ စစ်လက်နက်ပစ္စည်းများနှင့် ဂျက်လေယာဉ်ဆီ စီးဆင်းမှုကို ဖြတ်တောက်ခြင်းဖြင့် မြန်မာပြည်သူ များကို ကူညီပေးကြပါရန် မေတ္တာရပ်ခံပါကြောင်း"သံအမတ်ကြီးကပြောပါတယ်။
မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှုနှင့် စစ်တပ်က ဆက်လက်ကျူးလွန်နေသည့် ရက်စက် ကြမ်းကြုတ်မှု များသည် နိုင်ငံ၏ ငြိမ်းချမ်းရေးအခြေခံများကို ပြိုကွဲစေခဲ့ပြီး၊ နိုင်ငံသား များအပါ် ဆင်းရဲဒုက္ခများ ပေါ်ပေါက်စေကာ ဒေသတွင်း ငြိမ်းချမ်း၊ တည်ငြိမ်ရေးကိုလည်း ထိခိုက်စေတယ်လို့သံအမတ်ကြီးကထပ်လောင်းပြောပါတယ်။
========================
📌📌 ၄။ ဗြိတိန်နိုင်ငံရှိ ထိုင်းနှင့်မလေးရှားသံရုံးက တာဝန်ရှိတဲ့သူတွေကိုယ်တိုင် SMFCက မြန်မာအရေးနဲ့ပတ်သက်၍ စုပေါင်းလက်မှတ်ရေးထိုးကာ စာပေးပို့
မတ်လ၆ရက်
ဗြိတိန်နိုင်ငံရှိ ထိုင်းနှင့်မလေးရှားသံရုံးက တာဝန်ရှိတဲ့သူတွေကိုယ်တိုင် SMFCက မြန်မာအရေးနဲ့ပတ်သက်၍ စုပေါင်းလက်မှတ်ရေးထိုးကာ စာပေးပို့ခဲ့ပါတယ်။
မတ်လ၅ရက်ဆန္ဒပြပွဲအပြီး ထိုင်း နှင့် မလေးရှားသံရုံးက တာဝန်ရှိတဲ့သူတွေကိုယ်တိုင် SMFC က ပေးသောစာကို သေသေချာချာ လက်ခံယူသွားခဲ့ပါတယ်။
ဒီလို လူသားချင်းစာနာစိတ်အပြည့်နဲ့ ပြုမူဆောင်ရွက်ခြင်းကို လေးစားစွာဖြင့် အထူးအသိအမှတ်ပြုပြီး လာရောက်ပူးပေါင်းဆန္ဒပြသူအားလုံး နှင့် စာပါအချက်အလက်များကို ထောက်ခံ၊ လက်မှတ်ထိုးပေးသော အဖွဲ့အစည်း၂၁ခု ကိုလည်း လေးလေးနက်နက်ကျေးဇူးတင်ရှိတယ်လို့ဆိုပါတယ်။
ထိုင်းနှင့်မလေးရှားရှိ မှတ်ပုံမတင်ထားသော မြန်မာရွှေ့ပြောင်းလုပ်သားများ ပြန်မပို့ခံရရေးအတွက် SMFC က အစွမ်းကုန် ကြိုးစားအားထုတ်သွားမယ်လို့လည်းအသိပေးဆိုထားပါတယ်။
========================
📌📌 ၅။ စစ်အာဏာရှင်စနစ် အမြန်ပြုတ်ကျရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး လမ်းလျှောက် ဆန္ဒထုတ်ဖော်ပွဲကို ကိုရီးယားရောက်မြန်မာအင်အားစုများကျင်းပမည်
မတ်လ၆ရက်
စစ်အာဏာရှင်စနစ် အမြန်ပြုတ်ကျရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး လမ်းလျှောက် ဆန္ဒထုတ်ဖော်ပွဲကို ကိုရီးယားရောက်မြန်မာအင်အားစုများကျင်းပမယ်လို့သိရပါတယ်။
ဒီဆန္ဒထုတ်ဖော်ပွဲမှာ အပြစ်မဲ့ပြည်သူများကို ညှင်းပမ်းနှိပ်ဆက်ခံရမှုတွေ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ချက်ချင်းရပ်ဖို့နဲ့ ပြည်ပရောက်မြန်မာနိုင်ငံသားများ အာဏာရှင်တော်လှန်ရာမှာ ယနေ့အထိ သွေးမအေးကြောင့် ဆန္ဒဖေါ်ထုတ်သွားမှာဖြစ်တယ်လို့သိရပါတယ်။
အဆိုပါအခမ်းအနားကို မတ်လ၁၆ရက်-ချွန်းနန်းဘူတာ ထွက်ပေါက် ၁မှာ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
========================
📌📌 ၆။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၃၈၀) ဦးအထိရှိလာ
မတ်လ၆ရက်
အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၃၈၀) ဦးအထိရှိလာပြီလို့ AAPPကဖော်ပြပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ မတ်လ ၅ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၃၈၀) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ဆိုပါတယ်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၇၄၁) ဦးရှိပြီး ထိုအထဲမှ (၂၁၉၆၇) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၅၁၀) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ရေစကြိုနဲ့မြောင်မြို့နယ်အစပ်ကရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ရွာသားအချို့နဲ့ ဘုန်းကြီးတပါးကို သတ်ဖြတ်
မတ်လ၆ရက်
မကွေးတိုင်း ရေစကြိုနဲ့ စစ်ကိုင်းတိုင်း မြောင်မြို့နယ်အစပ်မှာရှိတဲ့ရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်း က ရွာသားအချို့နဲ့ ဘုန်းကြီးတပါးကို သတ်ဖြတ်သွားတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM တာဝန်ခံ ကိုနွေဦးက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ မတ်လ ၄ ရက်ကစပြီး ရေစကြိုမြို့နယ်အပိုင် မြောင်မြို့နယ်အစပ်မှာရှိတဲ့ မြေစွန်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ကာ အနီးအနားကရွာတွေကို ၃ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။
မြေစွန်းကျေးရွာကို ၃ ရက် ဆက်မီးရှို့နေတဲ့ စစ်တပ် စစ်ကြောင်းကို ဝင်ရောက်တားမြစ်တဲ့ သက်တော် ၈၀ ခန့်အရွယ်ရှိတဲ့ ဘုန်းကြီးကို စစ်ကောင်စီတပ်သားတွေက မတ်လ ၄ ရက်နေ့မှာ ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် မြေစွန်းကျေးရွာက ဒေသနေပြည်သူတွေ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး စာရင်းအတိအကျ မသိရသေးဘူးလို့ အသိပေးပါတယ်။
အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ မတ်လ ၅ ရက်နေ မနက်ပိုင်းမှာလည်း ရေလည်ကျွန်းဒသေက မြေစွန်းတော်၊ရွှေလှန်၊ ဇရပ်နီ၊ သာခေါင်လေးကျေးရွာတွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ရေစကြိုမြို့နယ်သတင်းအချက်အလက်ကော်မတီ ကလည်း အသိပေးပါတယ်။
ဒါ့အပြင် မတ်လ ၅ ရက်နေ့ မနက် ၈ နာရီခန့်မှာလည်း ရေစကြိုမြို့နယ်က ရွှေလှန်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ စစ်ကြောင်းကြောင့် မြောင်မြို့နယ်မှာရှိတဲ့ ငါးရံ့အိုနဲ့မင်းလှ၊ ရေစကြိုမြို့နယ်က သာခေါင်ကြီး၊ဇရပ်နီနဲ့ သာခေါင်လေးရွာတို့က ဒေသနေပြည်သူတွေပါ စစ်ဘေးရှောင်နေရတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM က ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းကြောင့် ရေစကြိုနယ်မြို့နယ်မှာရှိတဲ့ မြေစွန်း၊ဆင်ခြေယာ၊မာလကာခြံ၊ရွှေလှန်၊ရွာသစ်ရွာနဲ့ မြောင်မြို့နယ်က နနွင်းကိုင်း၊ဆူးလေးကုန်း၊မြစ်သာ၊ဆင်လှောင်၊သုခဒီပ၊မြစ်ဆုံ စတဲ့ရွာတွေက ဒေသနေပြည်သူ တသောင်းခွဲကျော် ဖေဖော်ဝါရီ ၂၆ ရက်ကစပြီး စစ်ရှောင်နေရတယ်လို့ သိရပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်နေရာ ဖေဖော်ဝါရီ ၂၆ ရက်က ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်သားအလောင်း ၅ လောင်းနဲ့ ၆ ဦး အရှင်ဖမ်းမိပြီး လက်နက် ၄ လက်ရရှိခဲ့သလို မတ်လ ၅ ရက်နေ့က ဖြစ်တဲ့တိုက်ပွဲမှာလည်း စစ်သား ၄ ဦးသေဆုံးသွားတယ်လို့လည်း သိရပါတယ်။
========================
🚩🚩 ၂။ ကန့်ဘလူမြို့နယ် ငှက်ပျောတိုင်းရွာအနီးမှာ စစ်သား ၂ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိ
မတ်လ၆ရက်
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ငှက်ပျောတိုင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်သား ၂ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းမိထားတယ်လို့ ကန့်ဘလူခရိုင်အမှတ် ၄ တပ်ရင်းက ဒီနေ့ မတ်လ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။
ရွှေဘို - မြစ်ကြီးနား ဗျူဟာလမ်းပေါ်မှာရှိတဲ့ ငှက်ပျောတိုင်းရွာအနီးမှာ ကန့်ဘလူခရိုင်အမှတ် ၄ တပ်ရင်း၊ ကန့်ဘလူခရိုင် ပကဖ၊ပအဖ၊ပလဖ၊ PDF တို့ပါတဲ့ ပူးပေါင်းစစ်ကြောင်းကရဲဘော်တွေ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေချိန် မနေ့ မတ် ၅ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။
ဖမ်းဆီးရမိသူတွေဟာ စစ်တပ်စစ်ကြောင်းကနေ ထွက်ပြေးလာတဲ့သူတွေမဟုတ်ဘဲ နယ်မြေရှင်းလင်းရေးလုပ်နေချိန်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်တဲ့အတွက် အသေးစိတ်အချက်အလက်တွေသိရအောင် စစ်ဆေးနေဆဲလို့ ကန့်ဘလူ ခရိုင်အမှတ် ၄ တပ်ရင်း တာဝန်ရှိသူတဦးက ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ ရွှေဘို - မြစ်ကြီးနား ဗျူဟာလမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ာကိုးစားနေရာ ဖေဖော်ဝါရီလ ၂၀ ရက် နေ့ကလည်း အကြမ်းဖက်စစ်သား အင်အား ၃၀၀ ခန့်နဲ့ ဇီးကုန်းသကြားစက်ကနေ ရွှေဘို - မြစ်ကြီးလမ်းပေါ် ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု များခဲ့သလို မတ်လ ၃ ရက်နေ့မှာလည်း ကား ၂ စီးနဲ့ထွက်လာတဲ့ စစ်သားတွေနဲ့ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့ပြီး ဖမ်းဆီးရမိတဲ့ကားကို တော်လှန်ရေးတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အထိနာနေတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ဒေသနေပြည်သူတွေကို ဓားစားခံ အဖြစ်ဖမ်းဆီး သတ်ဖြတ်တာနဲ့ အိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတာကြောင့် ဒေသနေပြည်သူတွေ ထွက်ပြေးနေရ တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ ကော်သူးလေအုပ်ချုပ်နယ်မြေ လယ်ဒိုနဲ့မူးမြို့နယ်ကို စစ်တပ်က လေကြောင်းကနေတိုက်ခိုက်တဲ့အတွက် ၂ဦး ဒဏ်ရာရပြီး အိမ်တလုံးပျက်စီး
မတ်လ၆ရက်
ကရင်အမျိုးသားအစည်းအရုံး - KNU ကော်သူးလေအုပ်ချုပ်နယ်မြေတွေထဲက လယ်ဒိုနဲ့မူးမြို့နယ်ကို အကြမ်းဖက်စစ်တပ် က လေကြောင်းကနေတိုက်ခိုက်တဲ့အတွက် ဒေသနေပြည်သူ ၂ ဦး ဒဏ်ရာရပြီး အိမ်တလုံးပျက်စီးသွားတယ်လို့ KNU ဗဟို က ဒီနေ့ မတ်လ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။
ကော်သူးလေအုပ်ချုပ်နယ်မြေ ခလယ်လွီထူခရိုင်ထဲက လယ်ဒိုမြို့နယ်နဲ့ မူးမြို့နယ်အတွင်းကကျေးရွာတွေကို အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာနဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် အပြစ်မဲ့အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရပြီး အိမ်တွေပျက်စီးခဲ့ရတာလို့ ဆိုပါတယ်။
အကြမ်းဖက်စစကောင်စီတပ်တွေဟာ မတ်လ ၁ ရက်နေ့မှာ လယ်ဒိုမြို့နယ်ထဲက အင်းနက်ရွာထဲကို ဒရုံးနဲ့ ၁၂ဝ မမ ဗုံးသီး ၃ လုံးကြဲချခဲ့တာကြောင့် အသက် ၇ဝ ကျော်အရွယ်အမျိုးသားတဦးနဲ့ အသက် ၇ နှစ်အရွယ်ကလေးငယ်တဦးဒဏ်ရာရခဲ့ပြီး အိမ်တလုံးပျက်စီးခဲ့ရသလို ဒေသနေပြည်သူတွေမွေးမြူထားတဲ့ နွား ၃ ကောင် သေဆုံးခဲ့ရတယ်လို့ အသိပေးပါတယ်။
အလားတူ မတ်လ ၃ ရက်နေ့ ည ၈ နာရီခွဲဝန်းကျင်မှာလည်း အကြမ်းဖက်စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းက တက်လာတဲ့ ဂျက်ဖိုက်တာက ငထွေစုပ်ကျေးရွာကို ပေါင် ၅ဝဝ ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဆိုင်ကယ်တစီး၊ ဓာတ်ဆီ ၂ ပီပါ၊ ရေနံဆီ ၃ ပီပါကို ထိမှန်ပြီး မီးလောင်ပျက်စီးခဲ့ရတဲ့အပြင် ဆားအိတ် ၂၀ နဲ့ ထွန်စက်ဘီးတခု ပျက်စီးခဲ့ရ တယ်လို့ ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစကောင်စီဟာ ကော်သူးလေအုပ်ချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်အတွင်းက ပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေကို မတ်လ ၄ ရက်နဲ့ ၅ ရက်တို့မှာ ၂ရက်ဆက်တိုက် လေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့ အတွက် စာသင်ကျောင်းတကျောင်းနဲ့ အိမ် ၃ လုံး ပျက်စီးပြီး အပြစ်မဲ့အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရသွားတယ် လို့ KNU ဗဟို ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
စစ်ကောင်စီဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဘာသာရေးအဆောက်အအုံတွေ ပြည်သူ့ဆေးရုံ ဆေးခန်းနဲ့ စာသင်ကျောင်း တွေအပြင် အပြစ်မဲ့ အရပ်သားပြည်သူများနေထိုင်ရာနေရာတွေကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိနဲ့ ဗုံးကြဲတိုက်ခိုက်နေ တယ်လို့ KNU ဘက်က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီအနေအနေနဲ့ အခုရက်ပိုင်းမှာ KNU အုပ်ချုပ်နယ်မြေတွေသာမက ကချင်၊ ရှမ်းမြောက်၊ မကွေး၊ ပဲခူး၊ ရခိုင်၊ ချင်းနဲ့ ကရင်နီ စတဲ့ဒေသတွေအပါအဝင် မြန်မာနိုင်ငံတဝန်းက အရပ်သားပြည်သူတွေနေထိုင်ရာနေရာတွေကို ဆက်တိုက် ဆိုသလို ဗုံးကြဲတိုက်ခိုက်နေတာပဲဖြစ်ပါတယ်။
========================
🚩🚩 ၄။ မြောက်ဥက္ကလာမှာရှိတဲ့ ခမရ ၄၃၅ တပ်ရင်းဂိတ်ကို လက်ပစ်ဗုံး ၂ လုံးနဲ့တိုက်ခိုက်
မတ်လ၆ရက်
ရန်ကုန်မြို့တော်က မြောက်ဥက္ကလာနဲ့တောင်ဥက္ကလာမြို့နယ် အစပ်မှာရှိတဲ့ ခမရ ၄၃၅ တပ်ရင်းဂိတ်ကို လက်ပစ်ဗုံး ၂ လုံး ပစ်သွင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားတပ်တွေက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၄၃၅ တပ်ရင်းဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက မတ်လ ၄ ရက်နေ့ ည ၈ နာရီ ၁၀ မိနစ်ခန့် အချိန်မှာ လက်ပစ်ဗုံး ၂ လုံးနဲ့ အနီးကပ် ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သဆုံးမှုအခြေအနေကိုတော့ အတည်မပြုနိုင် သေးဘဲ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘူးလို့ အသိပေးထားပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၄၃၅ တပ်ရင်းဂိတ်ကို Freeland Attack Foce-FLA နဲ့ Yangon Army - YA တို့က တော်လှန်ရေးရဲဘော်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ရန်ကုန်မြို့ပြကို အကြမ်းဖက် စစ်ကောင်စီဘက်က လုံး၀အုပ်ချုပ်ခွင့်မရအောင် တော်လှန်ရေးအင်အားစုများအနေနဲ့ အစွမ်းကုန် တွန်းလှန်ခုခံနေမှာဖြစ်ပြီး ရန်ကုန်မြို့ပြအတွင်း အများပြည်သူနဲ့အတူ လျှို့ဝှက်စွာရှိနေမယ်လို့ ရန်ကုန်မြို့ပြ တော်လှန်ရေးအဖွဲ့တွေက အသိပေး ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ ငါန်းဇွန်မြို့ကနေ ကား ၂ စီးနဲ့ထွက်လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ၂ ဦးသေပြီး ၃ ဦး ဒဏ်ရာရ
မတ်လ၆ရက်
မန္တလေးတိုင်း ငါန်းဇွန်မြို့ကနေ ကား ၂ စီးနဲ့ထွက်လာသော အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က ၂ ဦးသေပြီး ၃ ဥိး ဒဏ်ရာရသွားတယ်လို့ TGYR-Youth Guerrilla Counter Revolution-NZ တပ်ဖွဲ့က ပြောပါတယ်။
ငါန်းဇွန်မြို့က ကား၂ စီးနဲ့ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး အင်အား ၈၀ ခန့်ပါတဲ့ စစ်အုပ်စု ကျောင်းကြီးကုန်း ဘုရားကို ရောက်နေတယ်လို့သတင်းရတဲ့အတွက် TGYR-တပ်ဖွဲ့ က TGYR-Drone Team နဲ့ မဟာမိတ်တပ်တွေက မတ်လ ၁ ရက်နေ့ မနက် ၁၁ နာရီခန့်မှာ ဒရုန်းနဲ့ ဗုံးကြဲပြီး မြေပြင်ကနေ ၄၀ မမ များ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့က ထိတွေ့ တိုက်ပွဲဖြစ်ခြ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်အုပ်စုဘက်က၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိကာ အရေးပေါ် ကုသမှုခံယူနေရသလို ကားတ စီး ပျက်စီးသွားတယ်လို့ အသိပေးထားပါတယ်။
အဲဒီစစ်အုပ်စုကို TGYR-Youth Guerrilla Counter Revolution-NZ (TGYR-Drone Team) နဲ့အတူ အားမာန်သစ် ပြောက်ကျားတပ်ဖွဲ့၊ ငါန်းဇွန်မြို့နယ် ပကဖ၊ မန္တလေးခရိုင် အမှတ် ၅ တပ်ရင်း၊ Fight For Freedom - FFF.NK တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ငါန်းဇွန်မြို့နယ်အတွင်းမှာ စစ်တပ်က ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အမြဲလိုပြုလုပ်နေတာ ကြောင့် လေကြောင်းအသိ သတိရှိစွာနေထိုင်ကြဖို့ TGYR တပ်ဖွဲ့က သတိပေးနှိုးဆော်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်
No comments:
Post a Comment