၂၀၂၅ ဧပြီလ ၁၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် အာဆီယံခေါင်းဆောင်များ တွေ့ဆုံရန်ရှိသည့် သတင်းနှင့်ပတ်သက်၍ NUG နဲ့ မဟာမိတ်အဖွဲ့အစည်းများ သဘောထားထုတ်ပြန်ကြေညာ
📌 ၂။ (၄) နှစ်ပြည့် အမျိုးသားညီညွတ်ရေးအစိုးရကို တော်လှန်ရေးအင်အားစု အသီးသီးမှ အနှစ်သာရရှိစွာ ပါဝင်အားဖြည့်၍ အောင်ပွဲဝင်တပ်ဦးတစ်ရပ် ဖြစ်လာစေရန် အသင့်ပြင်ဆင်ကြရမည့် ကာလတရပ်သို့ ရောက်ရှိလာပြီ ဖြစ်တယ်လို့ NUCC ဆို
📌 ၃။ (၄) နှစ်တာကာလအတွင်း လက်တွေ့ကျသည့် နိုင်ငံတကာပံ့ပိုးမှုများ ရရှိအောင် NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်ခဲ့
📌 ၄။ တိုင်း (၇) ခု၊ ခရိုင် (၁၀) ခု၊ မြို့နယ် (၁၈၃) ခုတို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့အုပ်ချုပ်ရေးယန္တရား ကောင်းစွာလည်ပတ်လျက် ရှိနေ
📌 ၅။ NUG အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃၁၆)ရင်း အပါအဝင် ဒရုန်းတပ်ဖွဲ့၊ ဆေးတပ်ဖွဲ့၊ ထောက်ပို့တပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ စုစုပေါင်း (၃၅၆) ဖွဲ့ကို ဖွဲ့စည်းထူထောင်ပြီး ဘဏ္ဍာရန်ပုံငွေ (၉၄) ရာခိုင်နှုန်းကို စစ်ရေးကဏ္ဍတွင် အသုံးပြုခဲ့
📌 ၆။ အာရက္ခဒေသမှာ အစ္စလာမ်ဘာသာဝင် အမျိုးသမီးများ၏ အခန်းကဏ္ဍ မြင့်တင်ရေး ကွင်းဆင်းဆောင်ရွက်
========================
၂၀၂၅ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ကျုံဒိုးမှာ စစ်ရှောင်ဖို့ ပြင်နေတဲ့ကားပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ပြည်သူ (၁၀) ဦး သေဆုံး
🚩 ၂။ စစ်ကိုင်းတိုင်းအတွင်းက သစ်ဆိမ့်ရွာ ဆေးခန်းကို စစ်ကောင်စီ ဗုံးကြဲခဲ့ရာ ကလေးငယ် တဦး အပါအဝင် (၄) ဦး သေဆုံးခဲ့
🚩 ၃။ ကော့ကရိတ်တွင် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင် (၁) ဦး သေဆုံးပြီး (၄) ဦး ဒဏ်ရာရ
🚩 ၄။ အုတ်တွင်းမြို့နယ်၊ သောင်းတန်းကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲမှုတွင် ပြည်သူ (၂) ဦး သေဆုံး
🚩 ၅။ လဝါး ကျေးရွာမှာ စစ်ကောင်စီ နဲ့ KIA ကြား တိုက်ပွဲပြင်းထန်၊ ဒေသခံ (၁၀) ဦးထက်မနည်းကို စစ်တပ်က ဖမ်းဆီးထားပြီး နေအိမ် (၁၀၀) ခန့်ကို မီးရှို့ဖျက်ဆီး
🚩 ၆။ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာတွင် အကြမ်းဖက်စစ်တပ်ဘက်မှ ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်
🚩 ၇။ ချင်းအမျိုးသားတပ်ဦး (CNF) ၏ ပြည်သူ့ဆက်ဆံရေးနှင့် စည်းရုံးရေးဌာနတို့မှ ချင်းပြည်သူလူထုနှင့် တွေ့ဆုံခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် အာဆီယံခေါင်းဆောင်များ တွေ့ဆုံရန်ရှိသည့် သတင်းနှင့်ပတ်သက်၍ NUG နဲ့ မဟာမိတ်အဖွဲ့အစည်းများ သဘောထားထုတ်ပြန်ကြေညာ
ဧပြီလ (၁၆) ရက်တွင် ထုတ်ပြန်သည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ မဟာမိတ်အဖွဲ့အစည်းများ၏ သဘောထားထုတ်ပြန် ကြေညာချက်တွင် မြန်မာပြည်သူလူထုအား နေ့စဥ်နှင့်အမျှ အကြမ်းဖက်ဖိနှိပ်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အာဆီယံခေါင်းဆောင်များ ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ဆုံကြပြီး ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ကိစ္စများကို ဆွေးနွေးကြမည်ဟု သိရှိရပါကြောင်း၊
အပြစ်မဲ့ပြည်သူများကို မြန်မာ့နှစ်သစ်ကူး အခါကာလမရှောင် နေ့စဉ်ရက်ဆက် တိုင်းပြည်၏ ဘဏ္ဍာဖြင့် ဝယ်ယူထားသည့် စစ်လက်နက်ကြီးငယ်၊ တိုက်လေယာဉ်များ၊ ဗုံးများဖြင့် ပစ်ခတ်သတ်ဖြတ်နေသော စစ်ခေါင်းဆောင်အား မြေငလျင်ဘေးဒဏ်သင့် ပြည်သူများကို လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ဟူသည့် အကြောင်းပြချက်ဖြင့် အာဆီယံခေါင်းဆောင်များက တွေ့ဆုံဆွေးနွေးမည့်အပေါ် မိမိတို့က များစွာ အထူးစိုးရိမ်မကင်း ဖြစ်မိပါကြောင်း၊
ခွဲခြားဆက်ဆံမှုနှင့် ဘက်လိုက်မှုကင်းသော လူသားချင်းစာနာထောက်ထားမှု အကူအညီများအား တိုင်းပြည် နယ်နိမိတ် စုစုပေါင်း၏ (၂၂) ရာခိုင်နှုန်းကိုသာ စိုးမိုး၊ ထိန်းချုပ်၊ စီမံ၊ အုပ်ချုပ်နိုင်သည့် စစ်အုပ်စုထံ တိုက်ရိုက် ဆက်ဆံပေးအပ်ခြင်းမဟုတ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသား တော်လှန်ရေး အင်အားစုများက ထိန်းချုပ်စီမံအုပ်ချုပ်ထားသည့် နယ်မြေများရှိ ပါဝင်ပတ်သက်သူ အစုအဖွဲ့ များအားလုံးနှင့် ချိတ်ဆက်ပေးအပ်ထောက်ပံ့ရန် လိုအပ်ပါကြောင်း၊
အာဆီယံခေါင်းဆောင်များ အနေဖြင့် လူသားခြင်းစာနာထောက်ထားသည့် အကူအညီများကို ခွဲခြား ဆက်ဆံမှုမရှိ၊ ဘက်မလိုက်ဘဲ Humanitarian Principles များနှင့်အညီ ထိရောက်စွာ အကူအညီပေးနိုင်ရေးအတွက် ဆောင်ရွက်ရာတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှတဆင့် ပေးအပ်ခြင်းကိုသာ ပြုလုပ်ပါက လူသားချင်းစာနာထောက်ထားသည့် အကူအညီများသည် နိုင်ငံရေးအရ အလွဲအသုံးချမည့် အန္တရာယ်ကို မလွဲမသွေ တွေ့ကြုံရမည် ဖြစ်သောကြောင့် စစ်အုပ်စုမှတဆင့်သာ ပေးအပ်ခြင်းကို မိမိတို့အနေဖြင့် အပြင်းအထန်ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်အပ်တယ်လို့ ဖော်ပြထားပါတယ်။
========================
📌📌 ၂။ (၄) နှစ်ပြည့် အမျိုးသားညီညွတ်ရေးအစိုးရကို တော်လှန်ရေးအင်အားစု အသီးသီးမှ အနှစ်သာရရှိစွာ ပါဝင်အားဖြည့်၍ အောင်ပွဲဝင်တပ်ဦးတစ်ရပ် ဖြစ်လာစေရန် အသင့်ပြင်ဆင်ကြရမည့် ကာလတရပ်သို့ ရောက်ရှိလာပြီ ဖြစ်တယ်လို့ NUCC ဆို
အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်မြောက်သို့ ပေးပို့သည့် သဝဏ်လွှာတွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ အခုလို ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်ဖိနှိပ်မှုများ အကြားမှပင် နွေဦးတော်လှန်ရေးကို တတိုင်းပြည်လုံး လက်တွဲဆင်နွှဲနိုင်ရန် တပ်ဦးသဖွယ် ဦးဆောင်ကြိုးပမ်းစီမံခဲ့မှုများအတွက် အမျိုးသားညီညွတ်ရေးအစိုးရကို ချီးကျူးဂုဏ်ပြုကြောင်း၊ နွေဦးတော်လှန်ရေးအတွင်း တိုးတက်ပြောင်းလဲလာသော အခြေအနေများအရ ရရှိထားပြီးသော အောင်မြင်မှုများကို စုစည်းကာ အဆုံးသတ်အောင်ပွဲဆီသို့ ဆက်လက် ချီတက်ရာတွင် တပ်ဦးအစိုးရ၏ အခန်းကဏ္ဍသည် ပိုမို လေးနက်ကြီးမား လာမည်ဖြစ်ကြောင်း ဆိုထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အားနည်းချက်/ အားသာချက်များကို မဟာမိတ်များ၊ တော်လှန်ရေး အင်အားစုများနှင့်အတူ သုံးသပ်ပြင်ဆင်၍ နွေဦးတော်လှန်ရေးအောင်ပွဲကို ချီတက်ဆင်နွှဲသွားရန် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှ သတင်းစကား ပေးပို့အပ်တယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
========================
📌📌 ၃။ (၄) နှစ်တာကာလအတွင်း လက်တွေ့ကျသည့် နိုင်ငံတကာပံ့ပိုးမှုများ ရရှိအောင် NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်ခဲ့
လွတ်လပ်တက်ကြွ၍ ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးကာ (၄) နှစ်တာကာလအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ အပါအဝင် လက်တွေ့ကျသည့် နိုင်ငံတကာပံ့ပိုးမှုများ ရရှိအောင် NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း ဧပြီ (၁၆) ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ၏ လေးနှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ ထုတ်ပြန်ရာမှာ ဖော်ပြထားပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းပုဂ္ဂိုလ်များ၏ တရားဝင်ဖိတ်ကြားမှုများအရလည်းကောင်း၊ အစည်းအဝေးများ တက်ရောက်ရန်အတွက်လည်းကောင်း နိုင်ငံပေါင်း (၁၃) နိုင်ငံသို့ ခရီးစဥ်များ သွားရောက်ခဲ့သည့်အပြင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးသည်လည်း အမေရိကန်ပြည်ထောင်စုနဲ့ အခြားနိုင်ငံအသီးသီးမှ အစိုးရများ၊ လွှတ်တော်များ၊ အဖွဲ့အစည်းများနဲ့ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။
NUG နိုင်ငံခြားရေးဝန်ကြီးဌာနသည် လွတ်လပ်တက်ကြွ၍ ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်ကျင့်သုံးလျက် NUG အစိုးရကို နိုင်ငံတကာအသိအမှတ်ပြုမှုရရှိရေး၊ အကြမ်းဖက်အုပ်စုကို နိုင်ငံတကာက အသိအမှတ်မပြုစေရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအပါအဝင် လက်တွေ့ကျသည့် နိုင်ငံတကာပံ့ပိုးမှုများ ရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။
လုပ်ငန်းတာဝန်များကို ထိရောက်စွာ ထမ်းဆောင်နိုင်ရေးအတွက်လည်း အာဆီယံ၊ သြစတြေးလျနိုင်ငံ၊ ချက်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယား၊ ပြင်သစ်နှင့် ယူကေနိုင်ငံများမှာ NUG ကိုယ်စားလှယ်များ ခန့်အပ်ထားရှိခဲ့ပါတယ်။
(၂၀၂၄) ခုနှစ် ဇွန်လမှာလည်း တီမောနိုင်ငံ၊ ဒီလီမြို့မှာလည်း သံတမန်ဆိုင်ရာရုံး ဖွင့်လှစ်ခဲ့ပြီး ဒုတိယအကြီးအကဲတဦး ခန့်အပ်နိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
========================
📌📌 ၄။ တိုင်း (၇) ခု၊ ခရိုင် (၁၀) ခု၊ မြို့နယ် (၁၈၃) ခုတို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့အုပ်ချုပ်ရေးယန္တရား ကောင်းစွာလည်ပတ်လျက် ရှိနေ
တိုင်း (၇) ခု၊ ခရိုင် (၁၀) ခု၊ မြို့နယ် (၁၈၃) ခုတို့တွင် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ့အုပ်ချုပ်ရေးယန္တရား ကောင်းစွာလည်ပတ်လျက် ရှိနေကြောင်း ဧပြီ (၁၆) ရက် အမျိုးသားညီညွတ်ရေးအစိုးရ၏ လေးနှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ ထုတ်ပြန်ရာမှာ ဖော်ပြထားပါတယ်။
နယ်မြေစိုးမိုးထိန်းချုပ်မှုအရ စစ်ကောင်စီအုပ်ချုပ်မှုကို ဖျက်သိမ်း၍ ပြည်သူ့အုပ်ချုပ်းရေး ထူထောင်နိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီကို ပြည်ထောင်စုဝန်ကြီးချုပ်၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားရှိတယ်လို့ ဖော်ပြပါတယ်။
အဆိုပါမြို့နယ်များတွင် အုပ်ချုပ်ရေးနဲ့ ဆက်စပ်၍ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အားစိုက်ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နိုင်ရန် ပြည်သူ့ရဲတပ်ဖွဲ့အား ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအနေနဲ့ မြို့နယ် (၉) မြို့နယ်မှာ ဖွဲ့စည်းထူထောင်ခဲ့ပြီး မြို့နယ် (၄၈) ခုတွင် ပြည်သူ့လုံခြုံရေးအဖွဲ့များကို ဖွဲ့စည်းခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
========================
📌📌 ၅။ NUG အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃၁၆)ရင်း အပါအဝင် ဒရုန်းတပ်ဖွဲ့၊ ဆေးတပ်ဖွဲ့၊ ထောက်ပို့တပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ စုစုပေါင်း (၃၅၆) ဖွဲ့ကို ဖွဲ့စည်းထူထောင်ပြီး ဘဏ္ဍာရန်ပုံငွေ (၉၄) ရာခိုင်နှုန်းကို စစ်ရေးကဏ္ဍတွင် အသုံးပြုခဲ့
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (PDO/ပကဖ) များကို (၂ဝ၂၁) ခုနှစ်၊ မေလ (၅) ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ဘဏ္ဍာရန်ပုံငွေ၏ (၉၄) ရာခိုင်နှုန်းကို စစ်ရေးကဏ္ဍတွင် အသုံးပြုခဲ့ကာ ပြည်သူ့ခုခံစစ် ဆင်နွဲနိုင်ရန်လည်းကောင်း၊ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံရေးစနစ်နှင့် လျော်ညီသော ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်၏ ရှေ့ပြေး အမြုတေအဖြစ်လည်းကောင်း ယခုအချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃၁၆) ရင်း အပါအဝင် ဒရုန်းတပ်ဖွဲ့၊ ဆေးတပ်ဖွဲ့၊ ထောက်ပို့တပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ စုစုပေါင်း (၃၅၆) ဖွဲ့ကို ဖွဲ့စည်းထူထောင်ပြီးဖြစ်ကြောင်း NUG ၏ လေးနှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီခံစာတွင် ဖော်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် (၂၃၅) မြို့နယ်တွင် အတည်ပြုဖွဲ့စည်းပြီး ဖြစ်ကာ (၁၁) မြို့နယ်တွင် တိုးချဲ့ဖွဲ့စည်းလျက်ရှိပြီး PDF ရဲဘော်များအနေဖြင့် နေပြည်တော်အပါအဝင် ပြည်နယ်/ တိုင်းအားလုံးတွင် တိုက်ပွဲဝင်လျက်ရှိတာကြောင့် အဆိုပါ အသုံးစရိတ်များကို တနိုင်ငံလုံးအတိုင်းအတာဖြင့် သုံးစွဲခဲ့ခြင်းဖြစ်သလို မဟာမိတ်တော်လှန်ရေးအဖွဲ့များအား မျှဝေထောက်ပံ့သည့်ရန်ပုံငွေများလည်း ပါဝင်တယ်လို့ သိရပါတယ်။
လက်နက်ခဲယမ်းမီးကျောက်ရရှိရေး၊ ဘဏ္ဍာရန်ပုံငွေ ရရှိရေးတွင် လိုအပ်ချက်နှင့် စိန်ခေါ်မှုများရှိသော်လည်း တော်လှန်လူထု၏ ပူးပေါင်းပါဝင် ထောက်ပံ့မှု၊ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများ၏ ဝန်းရံကူညီမှုဖြင့် ရင်ဆိုင်ဖြေရှင်း ကျော်လွှားလျက်ရှိတယ်လို့ ဆိုထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်တိုင်းအလိုက် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေး အဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ စစ်ဒေသများ ဖွဲ့စည်းခြင်း၊ ကွပ်ကဲမှုအဆင့်ဆင့် တည်ဆောက်ပြီး တိုက်ပွဲဝင်ခြင်းဖြင့် ပြည်သူ့တော်လှန်ရေးကို ဆင်နွှဲလျက်ရှိပြီး (၂ဝ၂၄) ခုနှစ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ပျောက်ကြားစစ်၊ လှုပ်ရှားစစ်အဆင့်မှ ထုအင်အားဖြင့် မဟာဗျူဟာ ထိုးစစ်ဆင်လျက် မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲများအဆင့်အထိ ဆင်နွှဲလာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
📌📌 ၆။ အာရက္ခဒေသမှာ အစ္စလာမ်ဘာသာဝင် အမျိုးသမီးများ၏ အခန်းကဏ္ဍ မြင့်တင်ရေး ကွင်းဆင်းဆောင်ရွက်
အာရက္ခဒေသမှာ အစ္စလာမ်ဘာသာဝင် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် အာရက္ခ ပြည်သူ့တော်လှန်ရေး အစိုးရနဲ့ ရက္ခိုင် ကျောင်းသားများ သမဂ္ဂတို့က ကွင်းဆင်းဆောင်ရွက်ခဲ့တယ်လို့ Arakan Princess Media က ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ဦးဆောင်မှုဖြင့် ရက္ခိုင်ကျောင်းသားသမဂ္ဂနဲ့ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ ပူးပေါင်းပြီး အစ္စလာမ်ဘာသာဝင် ရပ်ရွာများကို ကွင်းဆင်းကာ ဒေသခံ အစ္စလာမ်ဘာသာဝင် အမျိုးသမီးများနဲ့ တွေ့ဆုံပွဲများ ပြုလုပ်ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် တိုင်းပြည် တည်ဆောက်ရေးမှာ အစ္စလာမ်ဘာသာဝင် အမျိုးသမီးတို့ရဲ့ အခွင့်အရေးနဲ့ ကျား/မ တန်းတူညီမျှရေးကို အဟန့်အတား ဖြစ်စေနိုင်တဲ့ ဘာသာရေး ဓလေ့ထုံးတမ်း၊ လူမှုရေး စံသတ်မှတ်ချက်တွေကို တတ်နိုင်သမျှ ဘေးချိတ်ထားပြီး တာဝန်ထမ်းဆောင်ဖို့နဲ့ အစ္စလာမ်ဘာသာဝင် အမျိုးသမီးတွေရဲ့ စွမ်းဆောင်နိုင်မှုကိုလည်း အသိမှတ်ပြုကြောင်း ပြောဆိုခဲ့ပါတယ်။
ဘာသာ/လူမျိုး/ အသားအရောင် မခွဲခြားပဲ အာရက္ခ ပြည်သူ၊ ပြည်သားတိုင်းမှာ ရပိုင်ခွင့် တန်းတူ အခွင့်အရေး နည်းတူ တစ်ဖက်မှာ တာဝန်လည်း ရှိပါကြောင်း၊ တိုင်းပြည် တည်ဆောက်ရာမှာ ကျောသား/ရင်သား မခွဲခြားဘဲ ကိုယ်တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီကြရဖို့ တာဝန်လည်း ရှိကြောင်း၊ ထိုသို့ တည်ဆောက်ရာမှာ အစ္စလာမ်ဘာသာဝင် အမျိုးသားများအပြင် အမျိုးသမီးများပါ ပါဝင်လာနိုင်ဖို့ ရည်ရွယ်ပြီး အခုလို ကွင်းဆင်းဆောင်ရွက်ရတာ ဖြစ်တယ်လို့ အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အာရက္ခပြည် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ သံတွဲ၊ မင်းပြား၊ မြောက်ဦးနဲ့ စစ်တွေ စတဲ့ မြို့နယ်တွေမှာ အစ္စလာမ် ဘာသာဝင်၊ လူမျိုးများစွာ နေထိုင်ကြတာ ဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ကျုံဒိုးမှာ စစ်ရှောင်ဖို့ ပြင်နေတဲ့ကားပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ပြည်သူ (၁၀) ဦး သေဆုံး
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ နွားခြံကုန်း ကျေးရွာမှာ စစ်ဘေးရှောင်ဖို့ ပြင်ဆင်နေတဲ့ ကားပေါ်ကို လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အနည်းဆုံး ပြည်သူ (၁၀) ဦးခန့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဧပြီလ (၁၅) ရက်နေ့က စစ်ကောင်စီရဲ့ ခမရ (၅၄၅) နဲ့ ခမရ (၅၄၆) တပ်ရင်းတွေကနေ လက်နက်ကြီးများဖြင့် နွားခြံကုန်းကျေးရွာကို ပစ်ခတ်ခဲ့ရာ စစ်ရှောင်ဖို့ ပြင်နေတဲ့ ကားတစီးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး တဦးအပါအဝင် (၁၀) ဦးခန့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် ဧပြီလ (၁၆) ရက်နေ့ မနက် (၇) နာရီနဲ့ (၈) နာရီကြားမှာလည်း ကျုံဒိုး၊ ကော့ဝါလဲ၊ သာယာကုန်း နဲ့ နွားခြံကုန်းဘက်ကို ဂျက်ဖိုက်တာနဲ့ ပစ်ခတ်ခဲ့ကာ Y-12 နဲ့ ဗုံး (၂) ကြိမ် ကြဲချခဲ့ပြီး၊ ကော့ကရိတ်မြို့နယ်ဘက်က လှိုင်စိမ်း၊ ရန်ကုတ်၊ မိချောင်းအင်းဘက်ကိုလည်း Y-12 နဲ့ (၃) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ ကျုံဒိုးမြို့၊ ငါးတိုင်ကျေးရွာ အနီးတဝိုက်၊ ကော့ကရိတ် စကခ (၁၂) နဲ့ ရင်ကွဲတောင် နေရာများမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲများ ပြင်းထန်နေတယ်လို့ သတင်းရရှိပါတယ်။
========================
🚩🚩 ၂။ စစ်ကိုင်းတိုင်းအတွင်းက သစ်ဆိမ့်ရွာ ဆေးခန်းကို စစ်ကောင်စီ ဗုံးကြဲခဲ့ရာ ကလေးငယ် တဦး အပါအဝင် (၄) ဦး သေဆုံးခဲ့
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်း၊ သစ်ဆိမ့်ကျေးရွာ ဆေးခန်းကို စစ်ကောင်စီက ပေါင် (၅၀၀) ဗုံး ကြဲချခဲ့ရာ အသက် (၅) နှစ်အရွယ် ကလေးငယ်တဦး အပါအဝင် (၄) ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဧပြီလ (၁၆) ရက် (သင်္ကြန်အတက်နေ့) မွန်းလွဲ (၁း၄၀) နာရီမှာ ဂျက်ဖိုက်တာ တစီးဖြင့် ပေါင် (၅၀၀) ဗုံး တလုံး ကျဲချခဲ့ရာ ဆေးခန်း အနောက်ဘက်က နေအိမ်တွေအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၅ နှစ်အရွယ် ကလေးတဦး အပါအဝင် (၄) ဦး သေဆုံးခဲ့ပြီး (၆) ဦး ဒဏ်ရာရခဲ့ကာ နေအိမ် (၂) လုံးလည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
သစ်ဆိမ့်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားနေတာ မရှိသလို ငလျင်ဒဏ် ခံစားနေရတဲ့အတွက် သင်္ကြန်မလုပ်ဖို့ အမိန့်ထုတ်ထားတာကြောင့် ဒေသခံတွေ နေအိမ်မှာပဲ အေးဆေးနေနေကြချိန်မှာ ဗုံးကြဲတိုက်ခိုက်ခံခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
========================
🚩🚩 ၃။ ကော့ကရိတ်တွင် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင် (၁) ဦး သေဆုံးပြီး (၄) ဦး ဒဏ်ရာရ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြောက်ကမ္မရိုက်ရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုယ်ဝန်ဆောင် အမျိုးသမီး တဦး သေဆုံးခဲ့ပြီး ကလေးငယ်များ အပါအဝင် (၄) ဦး ဒဏ်ရာရ ခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA က ထုတ်ပြန်ထားပါတယ်။
ဧပြီလ (၁၆) ရက်နေ့ (သင်္ကြန်အတက်နေ့) နေ့လည် (၁၂း၄၀) နာရီမှာ မြောက်ကမ္မရိုက်ရွာကို စစ်ကောင်စီက Y-12 လေယာဉ်ဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် (၃၇) နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး မနှင်းဦး ဆိုသူ ပွဲချင်းပြီး သေဆုံးခဲ့ကာ အသက် (၇) နှစ်နဲ့ (၉) နှစ် အရွယ် ကလေးငယ် (၂) ဦးနဲ့ အမျိုးသား (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီက လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ဆက်လက်တိုက်ခိုက်နေဆဲဖြစ်တာကြောင့် မိဘပြည်သူများအနေနဲ့ စစ်ရေးသတင်းများကို နားစွင့်ပြီး ဂရုတစိုက်နေထိုင်ကြဖို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်က မေတ္တာရပ်ခံအသိပေးထားပါတယ်။
========================
🚩🚩 ၄။ အုတ်တွင်းမြို့နယ်၊ သောင်းတန်းကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲမှုတွင် ပြည်သူ (၂) ဦး သေဆုံး
ဧပြီလ (၁၅) ရက်နေ့ ညနေ (၃း၀၀) နာရီဝန်းကျင်တွင် အုတ်တွင်းမြို့နယ်၊ ရေအိုးစဥ်ကျေးရွာအုပ်စု၊ သောင်းတန်းရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲချခဲ့ရာ မိသားစုဝင် (၄) ဦး ဗုံးထိမှန်ခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
၎င်းတို့အနက်မှ အသက် (၃၅) နှစ်အရွယ် ကိုမျိုးနှင့် ဇနီးဖြစ်သူတို့မှာ ဆေးကုသရန် ခေါ်ယူနေစဉ် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ လဝါး ကျေးရွာမှာ စစ်ကောင်စီ နဲ့ KIA ကြား တိုက်ပွဲပြင်းထန်၊ ဒေသခံ (၁၀) ဦးထက်မနည်းကို စစ်တပ်က ဖမ်းဆီးထားပြီး နေအိမ် (၁၀၀) ခန့်ကို မီးရှို့ဖျက်ဆီး
လဝါးကျေးရွာမှာ စစ်ကောင်စီတပ်၊ ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့တွေနဲ့ KIA တို့ကြား တိုက်ပွဲပြင်းထန်နေပြီး ဒေသခံ (၁၀) ဦး ထက်မနည်းကို စစ်တပ်က ဖမ်းဆီးထားကာ နေအိမ် (၁၀၀) ခန့်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Kachin News Group က ဖော်ပြထားပါတယ်။
တလနီးပါး တိုက်ပွဲဖြစ်ပွားနေတဲ့ ဖားကန့် – တနိုင်းသွား လီဒိုလမ်းမပေါ်က လဝါးကျေးရွာကို ဧပြီလ (၁၅) ရက်နေ့မှာ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်တာအပြင် နေအိမ် (၁၀၀) ခန့်ကိုလည်း မီးရှိ့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ထို့ပြင် စစ်ကောင်စီတပ်က ဒေသခံ အရပ်သား (၁၀) ဦးထက်မနည်းကို ဖမ်းဆီးထားပြီး အသက် (၄၀) ခန့်ရှိ စိတ်ကျန်းမာရေး မကောင်းသူ အင်လာနော် (Nla Naw) ကိုလည်း ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ (၃၁) ရက်နေ့က လဝါးကျေးရွာထဲရှိ စာသင်ကျောင်းနဲ့ လူနေအိမ်တွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ် အဖွဲ့တွေကို KIA ပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက် မောင်းထုတ်ခဲ့ပါတယ်။
ထို့နောက် ဧပြီလ (၁၅) ရက်နေ့မှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ကာ ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့ပြီး KIA ပူးပေါင်းတပ်တွေ ရွာထဲက ပြန်ဆုတ်ခဲ့ပြီးနောက် တိုက်ပွဲ ပိုမိုပြင်းထန်နေတယ်လို့ သိရပါတယ်။
တလနီးပါး ကြာမြင့်လာတဲ့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ (၁၀) ကြိမ်ထပ်မနည်း ဗုံးကြဲခဲ့တဲ့အပြင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုကြောင့် ဒေသခံ (၃) ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လဝါးကျေးရွာ အပါအဝင် ခွန်စိုင်ယန်၊ မဂေါင့်တောင် ကျေးရွာ (၃) ခုက ဒေသခံ တစ်ထောင်ကျော်လည်း မိုးကောင်း၊ နမ္မတီးမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ရှောင်ကာလ ကြာမြင့်လာတာနဲ့အမျှ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာတွင် အကြမ်းဖက်စစ်တပ်ဘက်မှ ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်
ဧပြီလ (၁၆) ရက်နေ့ မနက် (၇း၁၇) နာရီတွင် သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာတွင် အကြမ်းဖက်စစ်တပ်၊ မိတ္ထီလာရှမ်းတဲလေတပ်မှ ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ပြုလုပ်သွားခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖက အတည်ပြုထားပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အဦး ပျက်ဆီးမှုများရှိပြီး ပြည်သူအထိအခိုက်မရှိကြောင်း သိရပါတယ်။
ပြည်သူများအနေဖြင့် စကစနှင့် ဝေးရာတွင် နေထိုင်ကြရန်နှင့် လေကြောင်းရန် ကာကွယ်နိုင်ရန်အတွက် ပုန်းခိုကျင်းများ တူးထားကြရန် နှိုးဆော်ထားပါတယ်။
========================
🚩🚩 ၇။ ချင်းအမျိုးသားတပ်ဦး (CNF) ၏ ပြည်သူ့ဆက်ဆံရေးနှင့် စည်းရုံးရေးဌာနတို့မှ ချင်းပြည်သူလူထုနှင့် တွေ့ဆုံခဲ့
ပြီးခဲ့တဲ့ ဧပြီ (၈) ရက်နေ့က ချင်းပြည် (Chinland) ကောင်စီ တာဝန်ခံများ၊ ချင်းပြည် (Chinland) အစိုးရ ရုံးဝန်ထမ်းများနှင့်အတူ ဗိုလ်မှုးကြီး ဆော်လမွန် ဦးဆောင်သည့် ချင်းအမျိုးသားတပ်ဦး (CNF) ၏ ပြည်သူ့ဆက်ဆံရေးနှင့် စည်းရုံးရေးဌာနတို့မှ ချင်းပြည်သူလူထုနှင့် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ပြည်သူလူထုအား ရင်းနှီးစွာတွေ့ဆုံ၍ မြေပြင်အခြေအနေများအား ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment