၂၀၂၅ ဧပြီလ ၂၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ပျံလွန်တော်မူခြင်းအတွက် ယာယီသမ္မတ ဒူဝါလရှီးလက ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့
📌 ၂။ ကလလတ၊ အမှတ် (၉၄၂၀) တပ်ရင်းမှ ဦးစီး၍ 'တော်လှန်ရေးသည် ငါတို့ကျောင်း၊ ငါတို့ တက္ကသိုလ်' အစီအစဥ်ဖြင့် လုပ်ငန်းသုံး အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပ
📌 ၃။ ၂၀၂၅ မတ်လအတွင်း လေကြောင်းတိုက်ခိုက်ခံရမှုအကြိမ်အရေအတွက် အများဆုံးအနေနဲ့ စစ်ကိုင်းတိုင်းဟာ ၅၃ ကြိမ်အထိ တိုက်ခိုက်ခံခဲ့ရ
📌 ၄။ တော်လှန်သင်္ကြန်ရန်ပုံငွေပွဲတော်အား သင်္ကြန်ယိမ်းအကများနှင့် ဖျော်ဖြေမှုတချို့ကို ပယ်ဖျက်လိုက်ပြီး မြန်မာပြည် မြေငလျင်ဒဏ်သင့် ပြန်လည်ထူထောင်ရေး ရန်ပုံငွေစျေးရောင်းပွဲအဖြစ် ပြင်သစ်မှာကျင်းပမယ်
📌 ၅။ ငလျင်ကြောင့်နားထားတဲ့ "ဟန်ချက်ညီညီ... ပန်းတိုင်ဆီ" ကျည်ကာကမ်ပိန်း ပြန်လည်စတင်
========================
၂၀၂၅ ခုနှစ် ဧပြီလ ၂၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ စလင်းမှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု များပြားခဲ့ဟုဆို
🚩 ၂။ ကျောက်ကြီးတောင်ဂိတ်ကို ရိက္ခာပို့ရန် ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံး
🚩 ၃။ ညောင်လေးပင်တွင် စစ်ကောင်စီရဲ့ ဒရုန်းတက်တဲ့ နေရာများကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၁)ဦးသေဆုံး
🚩 ၄။ ဘီးလင်းမှာ စစ်ကောင်စီ ကင်းပုန်းနဲ့ တော်လှန်ရေး အင်အားစုများ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၆ ဦး သေဆုံး
🚩 ၅။ ဟားခါးတွင် ပြည်သူများကို လက်နက်နဲ့ ခြိမ်းခြောက်ပြီး ငွေညှစ်နေတဲ့ ရဲတပ်သား ၂ဦးကို CDF-Hakha ဖမ်းဆီး
🚩 ၆။ ရွှေကျင်မြို့နယ်၊ ခမရ ၅၉၈ မှ အကြမ်းဖက်စစ်သားများအား တော်လှန်ရေးတပ်က ပစ်ခတ်ခဲ့ရာ နှစ်ဦးသေဆုံး
🚩 ၇။ စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ်ကို ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့ပြီး ယခင်ရက်လည်း အဆိပ်ငွေ့ဗုံးများ အသုံးပြုတိုက်ခိုက်
🚩 ၈။ ချင်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ မကွေးတိုင်းတို့မှာ စစ်ကောင်စီတပ်သား ၆ ဦး အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ပျံလွန်တော်မူခြင်းအတွက် ယာယီသမ္မတ ဒူဝါလရှီးလက ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့
ဧပြီလ ၂၂ရက်
Radio NUG
ဧပြီလ ၂၁ ရက် မနက် ၇ နာရီ ၃၅ မိနစ်မှာ ဗာတီကန်ရှိ Casa Santa Marta နေအိမ်မှာ ပျံလွန်တော်မူသွားခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ပျံလွန်တော်မူခြင်းအတွက် ယာယီသမ္မတ ဒူဝါလရှီးလက အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာပြည်သူများကိုယ်စား ဝမ်းနည်းကြောင်း သဝဏ်လွှာကို ဧပြီလ ၂၂ရက်မှာ ပေးပို့ခဲ့ပါတယ်။
သဝဏ်လွှာတွင် ပြီးခဲ့သည့် သီတင်းပတ်ကပင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မြန်မာနိုင်ငံရှိ ငလျင်ဒဏ်ခံရပ်ရွာများကို ထောက်ပံ့ကူညီရန် ရက်ရက်ရောရော လှူဒါန်းမှုတစ်ခု ပေးပို့ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီးသည်မှစပြီး ရိုဟင်ဂျာအသိုက်အဝန်းအား အခွင့်အရေး အပြည့်အဝပေးရန်၊ မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် ဒီမိုကရေစီလမ်းကို လျှောက်လှမ်းခဲ့သော ကျောင်းသားဆန္ဒပြပွဲများကို အောက်မေ့အမှတ်ရစေရန်အတွက် ၎င်း၏ Sunday Angelus မိန့်ခွန်းကို အကြိမ်ကြိမ် အသုံးပြုခဲ့ကြောင်း၊ အထူးသဖြင့် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ထိခိုက်လွယ်သော ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ အကျဉ်းကျခံနေရသူများ၊ ဖျားနာသူများ၊ ဒုက္ခသည်များနှင့် မြန်မာပြည်သူလူထုတစ်ရပ်လုံးအတွက် လေးနက်သော ကရုဏာကို ဖော်ပြခဲ့ကြောင်း ပါရှိပါတယ်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကို အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖို့ တောင်းဆိုခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် မြန်မာစစ်တပ်က အာဏာသိမ်းရန် ကြိုးပမ်းပြီးနောက် ရောမမြို့တွင် နေထိုင်သော မြန်မာကက်သလစ်ဘာသာဝင်များအတွက် အထူးအစုအဝေးတစ်ရပ်ကို ကျင်းပခဲ့ပြီး မြန်မာစစ်တပ်၏ အကြမ်းဖက်မှုနှင့် ဖိနှိပ်မှုများကို ပြန်လည်အမှတ်ရစေကာမူ စည်းလုံးညီညွတ်မှု ထားရှိရန်၊ အမှန်တရားကို စောင့်ရှောက်ရန်နှင့် မျှော်လင့်ချက် မဆုံးရှုံးစေရန် စုဝေးသူများအား တောင်းဆိုခဲ့ပြီး ဘုရားသခင်သည် စိတ်နှလုံးအားလုံးကို ငြိမ်းချမ်းသောအဖြစ်သို့ ပြောင်းလဲနိုင်စေရန် ဆုတောင်းပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အား အောက်မေ့သတိရခြင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရသည် လွတ်လပ်၍ တန်းတူညီမျှပြီး ပြည်သူအားလုံး ရပိုင်ခွင့်များ အပြည့်အ၀ရရှိကာ ထာဝရငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်စေမည့် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရန် ကတိကဝတ်ပြုကြောင်း ဖော်ပြပါရှိပါတယ်။
========================
📌📌 ၂။ ကလလတ၊ အမှတ် (၉၄၂၀) တပ်ရင်းမှ ဦးစီး၍ 'တော်လှန်ရေးသည် ငါတို့ကျောင်း၊ ငါတို့ တက္ကသိုလ်' အစီအစဥ်ဖြင့် လုပ်ငန်းသုံး အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပ
ဧပြီလ ၂၂ရက်
Radio NUG
'တော်လှန်ရေးသည် ငါတို့ကျောင်း၊ ငါတို့ တက္ကသိုလ်' အစီအစဥ်ဖြင့် အခြေခံကွန်ပျူတာသင်တန်းကို ကလလတ၊ အမှတ် (၉၄၂၀) တပ်ရင်းမှ ဦးစီး၍ ဇန်နဝါရီလ (၁၆)ရက်နေ့မှ စတင်ကာ ကရင်နီပြည်အရှေ့ခြမ်း လွတ်မြောက်နယ်မြေတစ်နေရာတွင် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါပညာရေးအစီအစဥ်အရ ဖွင့်လှစ်သင်ကြားခဲ့သော ကွန်ပျူတာအခြေခံသင်တန်းကို ကလလတ၊ အမှတ် (၉၄၂၀) တပ်ရင်း၊ အမှတ် (၇၈၉၄) တပ်ရင်းမှ ရဲဘော်ရဲမေများနှင့် ဒေသခံလူငယ်များ တက်ရောက်သင်ကြားခဲ့ကြပြီး ဧပြီလ (၂၂)ရက်၊ ၂၀၂၅ ခုနှစ်တွင် သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ၍ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
'တော်လှန်ရေးသည် ငါတို့ကျောင်း၊ ငါတို့ တက္ကသိုလ်' အစီအစဥ်သည် ကလလတ၊ အမှတ် (၉၄၂၀) တပ်ရင်းမှ ပြုလုပ်သော ပညာရေးအစီအစဥ်တစ်ခုဖြစ်ပြီး ဒေသတွင်းမှ လူငယ်များ ရဲဘော်များ တော်လှန်ရေးကာလအတွင်း ပညာရေးအခန်းကဏ္ဍမလစ်ဟင်းစေရန် ရည်ရွယ်တယ်လို့ ဖော်ပြပါတယ်။
သင်တန်းဆင်းပွဲကို ကလလတ၊ အမှတ် (၉၄၂၀) တပ်ရင်း၏ တပ်ရင်းမှုး၊ ဒု-တပ်ရင်းမှုး နှင့် သင်တန်းဖြစ်မြောက်ရေးတာဝန်ခံတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ကြပြီး သင်တန်းသားများနှင့်အတူ ကလလတ၊ အမှတ် (၇၈၉၄) တပ်ရင်းမှတာဝန်ရှိသူများ၊ အမှတ် (၉၄၂၀) တပ်ရင်းမိသားစု ပညာရေးကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ချီးမြှင့်ခဲ့ကာ ဒေသတွင်းလူငယ်များ၏ ပညာရေးအခန်းကဏ္ဍနှင့် နည်းပညာအခန်းကဏ္ဍများကို ဆွေးနွေးပြောကြားရန်အတွက် ကရင်နီ နိုင်ငံရေးအကျဥ်းသားများအစည်းအရုံး (KPPA) မှ လူငယ်ပညာရှင်များလည်း တက်ရောက်ချီးမြှင့်ခဲ့ကြပါတယ်။
========================
📌📌 ၃။ ၂၀၂၅ မတ်လအတွင်း လေကြောင်းတိုက်ခိုက်ခံရမှုအကြိမ်အရေအတွက် အများဆုံးအနေနဲ့ စစ်ကိုင်းတိုင်းဟာ ၅၃ ကြိမ်အထိ တိုက်ခိုက်ခံခဲ့ရ
ဧပြီလ ၂၂ရက်
Radio NUG
မတ်လအတွင်းမှာ မန္တလေးတိုင်းဟာ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးဖြစ်ခဲ့ပြီး ၁၂၃ မှုထိ ရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်ခံရမှု အကြိမ်အရေအတွက် အများဆုံးအနေနဲ့ကတော့ စစ်ကိုင်းတိုင်းဟာ ၅၃ ကြိမ်အထိ တိုက်ခိုက်ခံခဲ့ရပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ ၂၀၂၅ ခုနှစ်မတ်လအတွင်း လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်မှု စုစုပေါင်း ၆၄၁ မှုကို ကျူးလွန်ခဲ့ပါတယ်။
ပြည်သူပိုင်နေအိမ် ၇၃၇လုံး၊ စာသင်ကျောင်း ၇ကျောင်း၊ ဘာသာရေးအဆောက်အဦ ၃၆လုံး နှင့် ကျန်းမာရေးအဆောက်အဦ ၁လုံး ပျက်ဆီးခဲ့ပြီး သေဆုံးသူ ၂၀၂ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၃၃၇ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။
========================
📌📌 ၄။ တော်လှန်သင်္ကြန်ရန်ပုံငွေပွဲတော်အား သင်္ကြန်ယိမ်းအကများနှင့် ဖျော်ဖြေမှုတချို့ကို ပယ်ဖျက်လိုက်ပြီး မြန်မာပြည် မြေငလျင်ဒဏ်သင့် ပြန်လည်ထူထောင်ရေး ရန်ပုံငွေစျေးရောင်းပွဲအဖြစ် ပြင်သစ်မှာကျင်းပမယ်
ဧပြီလ ၂၂ ရက်
Radio NUG
တော်လှန်သင်္ကြန်ရန်ပုံငွေပွဲတော်အား သင်္ကြန်ယိမ်းအကများနှင့် ဖျော်ဖြေမှုတချို့ကို ပယ်ဖျက်လိုက်ပြီး မြန်မာပြည် မြေငလျင်ဒဏ်သင့် ပြန်လည်ထူထောင်ရေး ရန်ပုံငွေစျေးရောင်းပွဲအဖြစ် ပြင်သစ်မှာ ကျင်းပမယ်လို့ La Communaut Birmane de Franceက အသိပေးကြေညာပါတယ်။
"မတ်လ ၂၈ ရက်နေ့တွင် ပြင်းထန်စွာ လှုပ်ခတ်သွားသော ငလျင်ကြောင့် မြန်မာပြည်ရှိ မြေငလျင်ဒုက္ခသည် သွေးချင်းမောင်နှမများအား ပြင်သစ်ရောက်မြန်မာမိသားစုများမှ ဝန်းရံကူညီပေးနိုင်ရန် နှင့် မြန်မာပြည်အတွက် ဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်ကို ပြသရန် ဧပြီ၂၇ ရက်တွင်ပြုလုပ်မည့် တော်လှန်သင်္ကြန်ရန်ပုံငွေပွဲတော်အား သင်္ကြန်ယိမ်းအကများနှင့် ဖျော်ဖြေမှုတချို့ကို ပယ်ဖျက်လိုက်ပြီး မြေငလျင်ဒဏ်မှ ပြန်လည်ထူထောင်ရေးနှင့် နွေဦးအင်အားစုများအတွက် ရန်ပုံငွေစျေးရောင်းပွဲအဖြစ် ပြောင်းလဲသတ်မှတ် ကျင်းပမှာဖြစ်တယ်လို့ ဖော်ပြပါတယ်။
အဆိုပါပွဲအခမ်းအနားသို့ ပြင်သစ်ရောက် မြန်မာပြည်ဖွားမောင်နှမများအားလုံးကို လာရောက်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။
========================
📌📌 ၅။ ငလျင်ကြောင့်နားထားတဲ့ "ဟန်ချက်ညီညီ... ပန်းတိုင်ဆီ" ကျည်ကာကမ်ပိန်း ပြန်လည်စတင်
ဧပြီလ ၂၂ ရက်
Radio NUG
ငလျင်ကြောင့်နားထားတဲ့ "ဟန်ချက်ညီညီ... ပန်းတိုင်ဆီ" ကျည်ကာကမ်ပိန်း ပြန်လည်စတင်နေပြီလို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်က အသိပေးဖော်ပြပါတယ်။
"ကျွန်တော်တို့ "ဟန်ချက်ညီညီ... ပန်းတိုင်ဆီ" ကျည်ကာကမ်ပိန်းဟာဆိုရင် လွန်ခဲ့တဲ့ ဖေဖော်ဝါရီလတွေကတည်းက စထားခဲ့ပေမယ့် ငလျင်ကြောင့် ရပ်နားထားခဲ့တာ တစ်လနီးပါးရှိပါပြီ။ ဒါကြောင့်မို့ ဒီရက်မှာ ပြန်စပြီး ဇွန်လ (၅)ရက်နေ့ထိ ပြုလုပ်သွားမှာပါ။"ဟန်ချက်ညီညီ...ပန်းတိုင်ဆီ" ကျည်ကာကမ်ပိန်းဟာ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်မှ (၄)နှစ်တာကာလအတွင်း ပထမဆုံးပြုလုပ်တဲ့ ကမ်ပိန်းလေးဖြစ်ပါတယ်"လို့ ဆိုပါတယ်။
ကမ်ပိန်းကာလကတော့ ဧပြီလ (၂၂)ရက်နေ ပြန်စပြီး ဇွန်လ (၅)ရက်နေ့ထိပဲ ပြုလုပ်သွားမှာပါ၊ မျှော်မှန်း Target ကတော့ (၆၀၀)သိန်းကျပ် ဖြစ်ပြီး ယခုချိန်ထိ ၁၈%သာ ရရှိထားသေးတာမို့ ပါဝင်ကူညီချင်သူတွေအနေနဲ့ ပမာဏသတ်မှတ်ထားခြင်းမရှိတာဖြစ်တဲ့အတွက် အဆင်ပြေတဲ့ ပမာဏနဲ့ ပါဝင်ကူညီလို့ရတယ်လို့ ဆိုပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ စလင်းမှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု များပြားခဲ့ဟုဆို
ဧပြီလ ၂၂ ရက်၊
Radio NUG
မကွေးတိုင်း စလင်းမြို့နယ်အတွင်း အင်အား ၁၅၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ ၂ ရက်ဆက် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဘက်က ထိခိုက်သေဆုံးမှု များပြားခဲ့တယ်လို့ ဗမာ့တပ်တော် - Burma Army က ထုတ်ပြန်ထားပါတယ်။
ဧပြီလ ၁၉ ရက်နေ့ မနက် ၉ နာရီခွဲခန့်မှာ နွယ်တမယ် ရွာမှ ရှားတောရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ၁၀ နာရီ ၄၅ မိနစ်ခန့်မှာ ဗမာ့တပ်တော်က ထောင်ထားခဲ့တဲ့ မိုင်းနင်းမိကာ ဒဏ်ရာရခဲ့ကြပြီး မိုင်းထိကာ ဒဏ်ရာရသူများကို သယ်ဆောင်လာကာ စစ်ကြောင်း ဆက်ထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ၁၁ နာရီ ၄၅ မိနစ်ခန့်မှာ ဗမာ့တပ်တော်၊ အမှတ် (၇၀၇) တပ်ရင်း၊ ပေါက်တောင်ပိုင်း ကျန်းမာရေးနှင့် သူနာပြုတပ်ဖွဲ့တို့က ရှေ့ထွက်မိုင်း၊ လက်နက်ကြီး/ငယ်များဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ကြပါတယ်။
ဧပြီလ ၂၀ ရက်နေ့ မနက် ၁၀ နာရီခွဲခန့်မှာလည်း စစ်ကောင်စီတပ်များရှိရာ ညောင်ကုန်းပွိုင့်နဲ့ ရှားတော လက်ပံပင်ပွိုင့်တို့ကို တော်လှန်ရေးတပ်များက ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကြဲချခဲ့ပြီး စစ်ကောင်စီဘက်က ပန်းတောကြီးရွာကို နှစ်ကြိမ်တိုင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ပြီး စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
နေ့လည် ၁၂ နာရီ ၅၀ ခန့်မှာ ရှေ့ဆက်တိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မယ်ဇလီကွေ့ရွာအထွက် မန္တလေး ဘုရာကြီးအနီးမှာ ဗမာ့တပ်တော်ရဲ့ မိုင်းကွင်းအတွင်း နင်းမိပေါက်ကွဲခဲ့ပြီး ၃ နာရီကြာ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကာ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဘက်က Jet Fighter များဖြင့် ၅ ကြိမ် လေကြောင်းပစ်ကူ ပေးခဲ့ပြီး မြောင်းခွကျေးရွာမှ နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၎င်းစစ်ကြောင်းဟာ လေကြောင်းပစ်ကူ အကြိမ်များစွာ အသုံးပြုပြီး ဆက်လက်ထိုးစစ်ဆင်လာပေမယ့် တော်လှန်ရေး တပ်ပေါင်းစုက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နောက်မဆုတ်တမ်း ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ရာ ညနေ ၃ နာရီ ၄၄ မိနစ်မှာ အထိနာပြီး နောက်ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။
ထိုနေ့ည ၆ နာရီ ၁၇ မိနစ်မှာ ညောင်ကုန်းရွာနဲ့ ရှားတောရွာက စစ်ကောင်စီ တပ်သားများ အခြေပြုရာ နေရာကို ပူးပေါင်းတပ်များက ဒရုန်းဗုံးများ၊ ၆၀ မမ လက်နက်ကြီးများနဲ့ ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ရာ အထိခိုက်အကျဆုံး များခဲ့ပြီး လေကြောင်းပစ်ကူ ၇ ကြိမ်ထိ လာရောက်ပစ်ခတ် ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲများအတွင်း ဗမာ့တပ်တော် အမှတ် (၇၀၇) တပ်ရင်း၊ ပေါက်တောင်ပိုင်း ကျန်းမာရေးနှင့် သူနာပြု တပ်ဖွဲ့၊ ဒေါင်းစစ်အောင် LPDF၊ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း၊ မင်းဘူးခရိုင် လက်ရုံးတပ်ဖွဲ့၊ ပကဖ (စလင်း) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ ကျောက်ကြီးတောင်ဂိတ်ကို ရိက္ခာပို့ရန် ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံး
ဧပြီလ ၂၂ ရက်၊
Radio NUG
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မုဏ္ဍိုင်တိုက်နယ် ရဲစခန်းကနေ ကျောက်ကြီးတောင် ဂိတ်ကို ရိက္ခာပို့ရန် ရှေ့ပြေး ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံးခဲ့တယ်လို့ PPDF - ၃၆၀၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
ဧပြီလ ၂၁ ရက်နေ့ နေ့လယ် ၂ နာရီခွဲ ခန့်မှာ ဆိုင်ကယ် ၇ စီး၊ အင်အား ၁၄ ဦးဖြင့် ရှေ့ပြေး ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ပေါက်တောရွာနဲ့ အဂ္ဂရာပြည့် ကွက်သစ်ကြား တံတားအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၂ ဦး နေရာမှာပဲ သေဆုံးသွားခဲ့ကာ ၅ ဦး ပြင်းထန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများကို ၃ နာရီခွဲအချိန်မှာ ကားဖြင့် ပြန်သယ်သွားခဲ့ပြီး ပေါက်တောတပ်ထဲမှာ သင်္ဂြိုလ်ခဲ့ကာ ဒဏ်ရာရရှိသူများကို မုတ္တိုင် ဆေးရုံမှာ ကုသနေတယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဘက်မှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၃။ ညောင်လေးပင်တွင် စစ်ကောင်စီရဲ့ ဒရုန်းတက်တဲ့ နေရာများကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၁)ဦးသေဆုံး
ဧပြီလ ၂၂ရက်
Radio NUG
ဧပြီ ၂၁ ရက်နေ့တွင် ညနေ ၃း၃၀နှင့် ၃း၅၀အချိန်တွင် ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်းကျေးရွာအတွင်းရှိ စစ်ကောင်စီ ဒရုန်းတက်တဲ့ နေရာများကို ၃၇၀၃တပ်ရင်း လက်နက်ကြီးအဖွဲ့မှ ၆၀ မမ (၂)လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။
ညနေ ၃း၂၀နှင့် ၃း၂၄အချိန်တွင်လည်း တာပြတ်တံတားအား ထပ်မံ၍ (၂)လုံးပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တာပြတ်တံတားမှ ထွက်လာတဲ့ အကြမ်းဖက်စစ်သားအား စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ နေရာတွင် (၁ )ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ညနေ ၄း၅၈အချိန်တွင် ထိုတာပြတ်တံတားကို ၆၀ မမ (၁)လုံး ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကျန်ထိခိုက်သေဆုံးမှုအား စုံစမ်းနေလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၄။ ဘီးလင်းမှာ စစ်ကောင်စီ ကင်းပုန်းနဲ့ တော်လှန်ရေး အင်အားစုများ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၆ ဦး သေဆုံး
ဧပြီလ ၂၂ ရက်၊
Radio NUG
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးနဲ့ သပြေနီ ရွာကြားမှာ ကင်းပုန်းဝတ်ရန်လာတဲ့ စစ်ကောင်စီ တပ်သားများနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၆ ဦး သေဆုံးခဲ့တယ်လို့ White Dragon - P29904 က ထုတ်ပြန်ထားပါတယ်။
ဧပြီလ ၂၁ ရက်နေ့က ပဲခူးတိုင်းကနေ မွန်ပြည်နယ်ကို ဝင်ရောက်လာတဲ့ စစ်ကောင်စီရဲ့ ပုံစံပြောင်းကားများကို မိုင်းဆွဲတိုက်ခိုက်ဖို့ ပြင်ဆင်နေချိန် နေ့လည် ၁၁ နာရီခွဲခန့်မှာ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီ တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
အင်အား ၂၀ ခန့်ပါ စစ်ကောင်စီ တပ်ဖွဲ့က စစ်သား ၆ ဦး သေဆုံးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တော်လှန်ရေး အင်အားစုများဘက်ကလည်း ရဲဘော်တစ်ဦး ရှပ်ထိဒဏ်ရာ (မစိုးရိမ်ရ) ရခဲ့ပြီး နေ့လယ် ၁၁ နာရီ ၄၉ မိနစ် အချိန်မှာ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို နဂါးဖြူတပ်ရင်း၊ (၇၈၀၁) တပ်ရင်း၊ (၇၈၀၅) တပ်ရင်း တပ်ခွဲ ၄ တို့က ပူးပေါင်း ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။
========================
🚩🚩 ၅။ ဟားခါးတွင် ပြည်သူများကို လက်နက်နဲ့ ခြိမ်းခြောက်ပြီး ငွေညှစ်နေတဲ့ ရဲတပ်သား ၂ဦးကို CDF-Hakha ဖမ်းဆီး
ဧပြီလ ၂၂ရက်
Radio NUG
၂၀၂၅ ခုနှစ် ဧပြီလ (၂၁) ရက်နေ့တွင် ဟားခါးမြို့ရှိ အပြစ်မဲ့ပြည်သူများကို လက်နက်အားကိုးပြီး ခြိမ်းခြောက်၍ ငွေညှစ်လုယက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သား ၂ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း CDF-Hakhaမှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ ရဲတပ်သား ၂ဦးကို လက်နက်ခဲယမ်းများ၊ လုယက်ထားတဲ့ အသုံးအဆောင်ပစ္စည်းများ၊ စားသောက်စရာများနှင့်အတူ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
ဆက်လက်ပြီး အပြစ်မဲ့ပြည်သူများကို ဒုက္ခမျိုးစုံပေးနေတဲ့ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်များကိုလည်း CDF-Hakhaက လိုက်လံအရေးယူမယ်လို့ အသိပေးထားပါတယ်။
========================
🚩🚩 ၆။ ရွှေကျင်မြို့နယ်၊ ခမရ ၅၉၈ မှ အကြမ်းဖက်စစ်သားများအား တော်လှန်ရေးတပ်က ပစ်ခတ်ခဲ့ရာ နှစ်ဦးသေဆုံး
ဧပြီလ ၂၂ရက်
Radio NUG
၂၀၂၅ခုနှစ် ၊ ဧပြီလ ၂၂ရက်နေ့တွင် ရွှေကျင်မြို့နယ် ၊ညောင်ချေထောက်ကျေးရွာအနီးရှိ ခမရ ၅၉၈ မှ အကြမ်းဖက်စစ်သားများအား ပစ်ခတ်ခဲ့တယ်လို့ အတည်ပြုဆိုထားပါတယ်။
အဆိုပါပစ်ခတ်မှုတွင် ရန်သူဘက်မှ နှစ်ဦးသေဆုံးခဲ့ပြီး တော်လှန်ရေးဘက်မှ အထိခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရပါတယ်။
========================
🚩🚩 ၇။ စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ်ကို ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့ပြီး ယခင်ရက်လည်း အဆိပ်ငွေ့ဗုံးများ အသုံးပြုတိုက်ခိုက်
ဧပြီလ ၂၂ရက်
Radio NUG
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာတွင် စစ်ကောင်စီတပ်မှ အပစ်ရပ် ရက် (၂၀)ပြည့်နေ့တွင် ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ ဧပြီလ (၂၂)ရက် နံနက် (၁ဝး၃ဝ)နာရီအချိန်တွင် အုမ္မတီးကျေးရွာရှိ ပြည်သူလူထုနေအိမ်များကို ဦးတည်ပြီး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကာ ထိုဗုံးကျ ရောက်ပေါက်ကွဲမှုကြောင့် ပြည်သူလူထုများ၏ နေအိမ် (၅)လုံး ထိမှန်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
ဧပြီလ (၂၁)ရက်လည်း တောင်ခမ်းကျေးရွာရှိ (၉ဝ၂)တပ်စခန်းအနီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး (၁၅)လုံးလာရောက်ကြဲချခဲ့ရာ TNLAတပ်သား (၁ဝ)ဦး ထိခိုက်ဒဏ်ရာရပြီး (၃)ဦးတို့ ဒဏ်ရာပြင်းထန်ရရှိခဲ့ပါတယ်။
TNLAတပ်သားများသည် မူးဝေခြင်း၊ အသက်ရှုမြန်ဆန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ စိတ်လှုပ်ရှား မြန်ဆန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင်ကျကာ ဝေဒနာခံစားရပြီး ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။
========================
🚩🚩 ၈။ ချင်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ မကွေးတိုင်းတို့မှာ စစ်ကောင်စီတပ်သား ၆ ဦး အလင်းဝင်
ဧပြီလ ၂၂ ရက်၊
Radio NUG
ချင်းပြည်နယ်၊ ခန္တီးမြို့၊ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာနဲ့ မကွေးတိုင်း၊ စလင်းမြို့နယ်တို့မှ စစ်ကောင်စီ တပ်သား ၆ ဦး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေထံ အသီးသီး ဆက်သွယ် အလင်းဝင်လာခဲ့တယ်လို့ သိရပါတယ်။
ခန္တီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ခန္တီးခရိုင် အထူးတပ်ခွဲ) နှင့် နာဂ ပြည်သူ့ကာကွယ်ရေးတပ် (NPDF) ပူးပေါင်း မဟာမိတ်တပ်ဖွဲ့ထံကို စစ်ကောင်စီ တပ်သားတစ်ဦး သေနတ်တစ်လက်၊ ကျည်၊ လက်ပစ်ဗုံး စတဲ့ စစ်အသုံးအဆောင်ပစ္စည်း အပြည့်အစုံဖြင့် ဆက်သွယ်အလင်းဝင်လာတယ်လို့ ဆိုပါတယ်။
အလားတူ ဧပြီလ ၂၀ ရက်နေ့ကလည်း မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ စစ်ကောင်စီ (၂၅၃, ၂၅၄, ၂၅၅) တပ်ရင်းတို့မှာ စစ်မှုထမ်း စုဆောင်းခံထားရသူ ၃ ဦး (လက်နက်မဲ့) အလင်းဝင်လာတယ်လို့ ဒေါင်းစစ်အောင် (LPDF) အဖွဲ့ထံက သိရပါတယ်။
မွန်ပြည်နယ်မှာလည်း ဧပြီလ ၂၂ ရက်နေ့က မော့ကနင်ကျေးရွာ အခြေစိုက် စစ်ကောင်စီရဲ့ ခလရ (၁၀၆) တပ်ရင်းမှ တပ်သား ၂ ဦး လက်နက်မဲ့ ထွက်ပြေးလွတ်လာပြီးရေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ထံ ခိုလှုံလာတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြည်သူ့ရင်ခွင် ဝင်ရောက်ခိုလှုံလာကြတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် အသီးသီးကို လုံခြုံသော နေရာများကို ပို့ဆောင်ထားပြီး လက်နက်နဲ့တကွ အလင်းဝင်ရောက်လာသူကို ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရှိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment