၂၀၂၅ ဧပြီလ ၂၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အချို့သော ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် မူလတော်လှန်ရေး ရည်မှန်းချက်များအပေါ် အားစိုက်မှုနည်းလာပြီး အာဏာအလွဲသုံးစားပြုခြင်းနှင့် ကိုယ်ကျိုးစီးပွားကို ဦးစားပေးလာခြင်းများကို တွေ့ရှိရတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား
📌 ၂။ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ (၇၃) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပြည်သူ့ကာကွယ်ရေး တပ်မတော် ရဲဘော်များသို့ ကျွေးမွေးလှူဒါန်း
📌 ၃။ ငလျင်ဒဏ်သင့်မြို့နယ်(၄၆) မြို့နယ်မှ အိမ်ထောင်စုပေါင်း (၁၃,၈၉၆) စုအတွက် အရေးပေါ်စားနပ်ရိက္ခာနှင့် အမိုးအကာ အကူအညီများ ထောက်ပံ့ပေးလျက်ရှိတယ်လို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနသတင်းထုတ်ပြန်
📌 ၄။ ထိုင်းနိုင်ငံ၊ ပါကျင်ပူရီခရိုင်ရှိ ကော်ပစ္စည်းထုတ်လုပ်သည့် စက်ရုံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား (၇၃)ဦးသည် အခွင့်အရေးချိုးဖောက်ခံရမှု လိုက်ပါကူညီဖြေရှင်း ဆောင်ရွက်ခဲ့တယ်လို့ NUGအလုပ်သမားဝန်ကြီးဌာနထုတ်ပြန်
📌 ၅။ စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ငလျင်ဘေးဒဏ်ကြောင့် ပျက်ဆီးသွားသော အိုးအိမ် အိမ်ထောင်စုများအတွက် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှတဆင့် ထောက်ပံ့မှုများ ပေးအပ်
📌 ၆။ ပအိုဝ်းပြည်နယ် ပေါ်ထွန်းရေး အပါအဝင် မျှော်မှန်းချက် ၃ ရပ်ကို ပအိုဝ်း လူမှုအဖွဲ့အစည်းများ ဖိုရမ်က ချမှတ်နိုင်ခဲ့
📌 ၇။ တန်ချိန် ၉၀ ကျော်ရှိသည့် အသက်ကယ် ကယ်ဆယ်ရေးပစ္စည်း ၇၀,၀၀၀ ကျော်ကို ဆက်လက်ပေးဝေနိုင်ရန် သေချာစွာ ဆောင်ရွက်နေတယ်လို့ ဥရောပသမဂ္ဂ ရန်ကုန်အသိပေး
📌 ၈။ ငလျင်ဘေးသင့်ဒေသများအတွက် ဂျပန်နိုင်ငံမှာကျင်းပတဲ့ ရန်ပုံရှာဖွေသည့်ကဏ္ဍများမှ ကနဦးအလှူငွေ ယန်း ၃ သန်းကျော် ရရှိ
========================
၂၀၂၅ ခုနှစ် ဧပြီလ ၂၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ရှမ်းပြည်တပ်မတော် (SSA) တည်ထောင်ခြင်း (၆၁) နှစ်ပြည့် အခမ်းအနား ကျင်းပပြုလုပ်
🚩 ၂။ အပစ်ရပ် ကြေညာထားပေမယ့် ဖားကန့် ဒေသကို အင်အား ထောင်ချီသုံးပြီး စစ်ကောင်စီ ထိုးစစ်ဆင်
🚩 ၃။ ရေစကြိုမြို့နယ် ဗလဘကျေးရွာ ပြည်သူ့နေအိမ်များကို မီးရှို့ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ ကား ၄စီးကို မိုင်းဆွဲတိုက်ခိုက်
🚩 ၄။ ကလေးဝမြို့နယ် မစိန်ရွာနဲ့ မင်းကင်းမြို့နယ်က ကမ်းပြည့် (ကဗျက်)ရွာတွေကို စကစက Y-12 လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့၍ ရွှေမျောလုပ်ငန်းလုပ်ကိုင်နေသူ အရပ်သား၃ဦးနေရာတင်သေဆုံး
🚩 ၅။ မော်ချီးမြို့၊ အမှတ် (၂) ဂိတ်အနီးကို စစ်ကောင်စီ ဗုံးကြဲခဲ့ရာ အရပ်သား ၆ ဦး သေဆုံး
🚩 ၆။ မင်းလှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အမည်ဖြင့် မသမာသူများက ခြိမ်းခြောက် ငွေကြေးတောင်းခံမှုများ ပြုလုပ်နေ
🚩 ၇။ မကွေးတိုင်း၊ ဆိတ်ဖြူမြို့နယ်တွင် စစ်သည်တော်ကျင့်ဝတ် စည်းကမ်းသင်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ပို့ချခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အချို့သော ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် မူလတော်လှန်ရေး ရည်မှန်းချက်များအပေါ် အားစိုက်မှုနည်းလာပြီး အာဏာအလွဲသုံးစားပြုခြင်းနှင့် ကိုယ်ကျိုးစီးပွားကို ဦးစားပေးလာခြင်းများကို တွေ့ရှိရတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား
ဧပြီလ ၂၄ရက်
Radio NUG
အချို့သော ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် မူလတော်လှန်ရေး ရည်မှန်းချက်များအပေါ် အားစိုက်မှုနည်းလာပြီး အာဏာအလွဲသုံးစားပြုခြင်းနှင့် ကိုယ်ကျိုးစီးပွားကို ဦးစားပေးလာခြင်းများကို တွေ့ရှိရတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဧပြီလ၂၄ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ ပြောပါတယ်။
"တော်လှန်ရေးကာလအတွင်း ကြားကာလအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အခက်အခဲများစွာ ရှိခဲ့သော်လည်း အုပ်ချုပ်ရေး လေဟာနယ်မဖြစ်စေရန်နှင့် ပြည်သူ့ဝန်ဆောင်မှု၊ ကာကွယ်စောင့်ရှောက်မှုများ ပေးနိုင်ရန် ကြိုးပမ်းခဲ့ကြသူများကို ကျေးဇူးတင်ရှိပါကြောင်း၊ သို့ရာတွင် အချို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် မူလတော်လှန်ရေးရည်မှန်းချက်များအပေါ် အားစိုက်မှုနည်းလာပြီး အာဏာအလွဲသုံးစားပြုခြင်း၊ ဘဏ္ဍာငွေများကို မရိုးမသားစီမံခြင်းနှင့် ကိုယ်ကျိုးစီးပွားကို ဦးစားပေးလာခြင်းများ တွေ့ရှိရသည့်အပေါ် စိတ်မကောင်းဖြစ်ရပါကြောင်း၊ အစိုးရ၏ လုပ်ငန်းပိုင်ဆိုင်ရာ ကြပ်မတ်မှုများတွင်လည်း လိုအပ်ချက်များ ရှိနေသေးကြောင်း" ဝန်ကြီးချုပ်က ပြောပါတယ်။
ဒါ့အပြင် ပသုံးလုံးယန္တရား ပြုပြင်ပြောင်းလဲမှုများကို ပြန်လည်သုံးသပ်ရန်နှင့် ကြိုးပမ်းဆောင်ရွက်မှုတိုင်းမှ ကောင်းမွန်သော ရလဒ်များ ထွက်ပေါ်လာရန် လိုအပ်ကြောင်း ဝန်ကြီးချုပ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ (၇၃) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပြည်သူ့ကာကွယ်ရေး တပ်မတော် ရဲဘော်များသို့ ကျွေးမွေးလှူဒါန်း
ဧပြီလ ၂၄ရက်
Radio NUG
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ (၇၃) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပြည်သူ့ကာကွယ်ရေး တပ်မတော် ရဲဘော်များသို့ ကျွေးမွေးလှူဒါန်းခဲ့တယ်လို့ ဧပြီ၂၄ရက်မှာ ပြည်ထောင်စုဝန်ကြီးချုပ်၏ လူမှုကွန်ရက်မှာ ဖော်ပြအသိပေးပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ (၇၃) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) ဗျူဟာ (၂၉) ဧရာဝတီသို့ အသားဟင်းအလှူ (၅)သိန်းကျပ်၊ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ အသားဟင်းအလှူ (၄)သိန်းကျပ်၊ လက်နက်ထုတ်လုပ်ရေးအဖွဲ့သို့ အသားဟင်းအလှူ (၃)သိန်းကျပ်၊ ဝရဇိန် ဒရုန်းတပ်ဖွဲ့သို့ အသားဟင်းအလှူ (၃)သိန်းကျပ်၊ ပဲခူးတောကျီးကန်းစစ်ကြောင်းသို့ အသားဟင်းအလှူ (၅)သိန်းကျပ်၊ အမှတ်(၁)စစ်ဒေသ၊ တပ်ရင်း (၅၁၀) သို့ အသားဟင်းအလှူ (၅)သိန်းကျပ်၊ မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ အသားဟင်းအလှူ (၄)သိန်းကျပ်တို့ကို ဖြန့်ဝေလှူဒါန်းခြင်းများ ပြုလုပ်ခဲ့တယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၃။ ငလျင်ဒဏ်သင့်မြို့နယ်(၄၆) မြို့နယ်မှ အိမ်ထောင်စုပေါင်း (၁၃,၈၉၆) စုအတွက် အရေးပေါ်စားနပ်ရိက္ခာနှင့် အမိုးအကာ အကူအညီများ ထောက်ပံ့ပေးလျက်ရှိတယ်လို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနသတင်းထုတ်ပြန်
ဧပြီလ ၂၄ ရက်
Radio NUG
ငလျင်ဒဏ်သင့်မြို့နယ်(၄၆) မြို့နယ်မှ အိမ်ထောင်စုပေါင်း (၁၃,၈၉၆) စုအတွက်အရေးပေါ်စားနပ်ရိက္ခာနှင့် အမိုးအကာ အကူအညီများ ထောက်ပံ့ပေးလျက်ရှိတယ်လို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနအနေဖြင့် စစ်ကိုင်းငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ကြရသည့် စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ နေပြည်တော်နှင့် ရှမ်း(တောင်ပိုင်း)ဒေသများရှိ ငလျင်ဒဏ်သင့်ပြည်သူများသို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ၊ လူသားစာနာတာဝန်ခံများနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများအားဖြင့် အရေးပေါ်လူသားချင်းစာနာမှု အကူအညီများကို ချိတ်ဆက် ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။
လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနအနေနဲ့ ဧပြီ၂၃ရက်နေ့အထိ ထောက်ပံ့ကူညီမှုစာရင်းများအရ စစ်ကိုင်းအတွင်း (၄,၁၂၉) အိမ်ထောင်စုအတွက် ကျပ် (၈၈၃) သန်း၊ မန္တလေးတိုင်းအတွင်း (၆,၂၁၈) အိမ်ထောင်စုအတွက် ကျပ် (၁,၅၄၂) သန်း၊ ပဲခူးတိုင်းအတွင်း (၁,၃၂၂) အိမ်ထောင်စုအတွက် ကျပ် (၂၉၆) သန်း၊ နေပြည်တော်အတွင်းရှိ (၈၀၃) အိမ်ထောင်စုအတွက် ကျပ် (၂၄၂)သန်းနှင့် ရှမ်းပြည်(တောင်ပိုင်း)ရှိ (၁,၄၂၄) အိမ်ထောင်စုအတွက် ကျပ် (၂၀၅) သန်း စုစုပေါင်း (၄၆) မြို့နယ်မှ အိမ်ထောင်စုပေါင်း (၁၃,၈၉၆) စုအတွက် (၃,၁၆၉,၆၆၃,၇၃၀)ကျပ် အသုံးပြုခဲ့ပါတယ်။
ဆက်လက်ပြီး ငလျင်ဒဏ်သင့် ပြည်သူများအတွက် အရေးပေါ် လူသားချင်းစာနာထောက်ထားရေး အကူညီများအပြင် အစောပိုင်းကာလ ပြန်လည်ထူထောင်ရေးအတွက် လိုအပ်သည့် ကဏ္ဌအလိုက် ထောက်ပံ့မှုများကိုလည်း သက်ဆိုင်ရာ ပြည်တွင်း ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
========================
📌📌 ၄။ ထိုင်းနိုင်ငံ၊ ပါကျင်ပူရီခရိုင်ရှိ ကော်ပစ္စည်းထုတ်လုပ်သည့် စက်ရုံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား (၇၃)ဦးသည် အခွင့်အရေးချိုးဖောက်ခံရမှု လိုက်ပါကူညီဖြေရှင်း ဆောင်ရွက်ခဲ့တယ်လို့ NUGအလုပ်သမားဝန်ကြီးဌာနထုတ်ပြန်
ဧပြီလ၂၄ရက်
Radio NUG
ထိုင်းနိုင်ငံ၊ ပါကျင်ပူရီခရိုင်ရှိ ကော်ပစ္စည်းထုတ်လုပ်သည့် စက်ရုံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား (၇၃)ဦးအား အကြောင်းမဲ့အလုပ်ထုတ်ခံရခြင်းနှင့် သက်တမ်းတိုးထားသည့် Name List များ သိမ်းဆည်းထားခြင်းတို့ကြောင့် အလုပ်သမားများမှ ဝန်ကြီးဌာနသို့ ဆက်သွယ်တိုင်ကြား အကူအညီတောင်းခံလာတယ်လို့ ဖော်ပြပါတယ်။
အဆိုပါကိစ္စရပ်အား ပါကျင်ပူရီခရိုင်၊ ဆာဝါဒီကန်ရုံးတွင် အမှုဖွင့်တိုင်ကြားပေးခဲ့ရာ စက်ရုံကတာဝန်ရှိသူများမှ လာရောက်၍ အလုပ်ပြန်ခန့်မည့်အကြောင်း ဆာဝါဒီကန်ရုံးတွင် သဘောတူလက်မှတ်ရေးထိုးရန် ညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများအား သက်ဆိုင်ရာ Email နှင့် Social App တို့မှတစ်ဆင့်လည်း ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ ဖော်ပြပါတယ်။
========================
📌📌 ၅။ စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ငလျင်ဘေးဒဏ်ကြောင့် ပျက်ဆီးသွားသော အိုးအိမ် အိမ်ထောင်စုများအတွက် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှတဆင့် ထောက်ပံ့မှုများ ပေးအပ်
ဧပြီလ ၂၄ရက်
Radio NUG
စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ငလျင်ဘေးဒဏ်ကြောင့် ပျက်ဆီးသွားသော အိုးအိမ် အိမ်ထောင်စုများ အတွက် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှတဆင့် ထောက်ပံ့မှုများ ပေးအပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးရှိ ငလျင်ဘေးဒဏ်ကြောင့် အိမ်ထိခိုက်မှု အများဆုံး (၁၀)အိမ်ထောင်စုနှင့် အနည်းငယ်ထိခိုက်အိမ် (၁၀)အိမ်ထောင် ၊စုစုပေါင်း (၂၀)အိမ်ထောင်စု၊ နေအိမ်ထိခိုက်အိမ် စုစုပေါင်း (၃)အိမ်ထောင်စုနှင့် မန္တလေးတိုင်းဒေသကြီးတွင် နေအိမ်ပျက်ဆီးပြိုကျမှု အိမ်ထောင်စုပေါင်း( ၁၀၀ )အတွက် ထောက်ပံ့မှုများ ပေးအပ်ခဲ့ပါတယ်။
ထိုသို့ပေးအပ်ရာတွင် တစ်အိမ်ထောင်လျှင် ဆန် (၁)ပြည် ၊ ဆီ (၁)လီတာ၊ ဆား၊ အချိုမူန့်၊ အမျိုးသမိးလစဉ် (၂)ထုတ်၊ စောင်၊ ခြင်ထောင်၊ ဆိုလာမီး၊ငပိရည်ကျို (၅၀)သား၊ မိုးရေကာဗျင် တစ်စနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဘုန်းကြီးကျောင်းတိုက်အတွက် ဆန် (၁)အိတ်နှင့် အလှူငွေ (၂)သိန်းအား အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှတဆင့် ဒေါက်တာ ဖြူပန်းနုခင်နှင့် သူငယ်ချင်းများ (USA) မှ လှူဒါန်းခဲ့ပါတယ်။
========================
📌📌 ၆။ ပအိုဝ်းပြည်နယ် ပေါ်ထွန်းရေး အပါအဝင် မျှော်မှန်းချက် ၃ ရပ်ကို ပအိုဝ်း လူမှုအဖွဲ့အစည်းများ ဖိုရမ်က ချမှတ်နိုင်ခဲ့
ဧပြီလ ၂၄ ရက်၊
Radio NUG
ပအိုဝ်း လူမှုအဖွဲ့အစည်းများ ဖိုရမ်ကို ပြီးခဲ့တဲ့ မတ်လ က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ၄ ရက်တာ ကျင်းပခဲ့ပြီး ပအိုဝ်းပြည်နယ် ပေါ်ထွန်းရေး အပါအဝင် မျှော်မှန်းချက် (၃) ရပ်ကို ချမှတ်နိုင်ခဲ့တယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။
၎င်းဖိုရမ်ကနေ (၁) ပအိုဝ်းပြည်နယ် ပေါ်ထွန်းရေး (၂) တန်းတူညီမျှမှု၊ တရားမျှတမှုနှင့် ငြိမ်းချမ်းသော လူ့ဘောင်တစ်ရပ် ပေါ်ထွန်းလာရေး (၃) ပအိုဝ်းအမျိုးသား တစ်ရပ်လုံးကို လွှမ်းခြုံနိုင်တဲ့ ပညာရေးစနစ် ပေါ်ထွန်းလာရေး စတဲ့ မျှော်မှန်းချက် ၃ ရပ်ကို ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ မျှော်မှန်းချက် ၃ ရပ်ကို အကောင်ထည်ဖော်နိုင်ဖို့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်များထဲက ဦးဆောင် ကော်မတီဝင် ၇ ဦးကို ရွေးချယ်ဖွဲ့စည်း အတည်ပြုခဲ့ပြီး အကောင်အထည်ဖော် ဆောက်ရွက်ရာမှာလည်း အခြားညီနောင် တိုင်းရင်းသား အင်အားစုများနဲ့ ပူးပေါင်းချိတ်ဆက် သွားမယ်လို့လည်း အသိပေးထားပါတယ်။
ပအိုဝ်း လူမှုအဖွဲ့အစည်းများ ဖိုရမ်ကို အဖွဲ့အစည်း (၈) ခုမှ ကိုယ်စားလှယ်များနဲ့ တက်ကြွသော တသီး ပုဂ္ဂလ ကိုယ်စားလှယ်များ စုစုပေါင်း ၃၈ ဦး တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ပအိုဝ်းလူမှုအဖွဲ့အစည်းများဖိုရမ်တွင် ပအိုဝ်းပြည်သူလူထုများ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲအကျပ်အတည်းများ ဆွေးနွေးခဲ့ကြရာ ပအိုဝ်းလူထုများသည် အာဏာရှင်နှင့် စစ်အာဏာရှင်စနစ်တို့၏ စနစ်တကျဖိနှိပ်သော ယန္တာရားအောက်တွင် ရှင်သန်နေရခြင်း၊ နေ့စဉ်လူမှုဘဝလုံခြုံမှု မရှိခြင်း၊ လူမှုစီးပွားဆိုင်ရာ အခွင့်အရေးရပိုင်ခွင့်များ ဆုံးရှုံးခြင်း၊ တစ်မျိုးသားလုံးဆိုင်ရာ အခက်အခဲအကျပ်အတည်းများကို ဖြေရှင်းနိုင်သည့် တွေ့ဆုံဆွေးနွေး အဖြေရှာမှုများ မရှိခြင်း၊ နိုင်ငံရေးအင်အားစုများအကြား စုစည်းမှုအားနည်းခြင်းနှင့် ပအိုဝ်းလူထုတစ်ရပ်လုံးကို လွှမ်းခြုံနိုင်သော နိုင်ငံရေးဘုံရပ်တည်ချက်၊ မျှော်မှန်းချက် မရှိခြင်း စသည့် အခြေအနေများကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၇။ တန်ချိန် ၉၀ ကျော်ရှိသည့် အသက်ကယ် ကယ်ဆယ်ရေးပစ္စည်း ၇၀,၀၀၀ ကျော်ကို ဆက်လက်ပေးဝေနိုင်ရန် သေချာစွာ ဆောင်ရွက်နေတယ်လို့ ဥရောပသမဂ္ဂ ရန်ကုန်အသိပေး
ဧပြီလ ၂၄ရက်
Radio NUG
EU သည် ဧပြီလ ၁၈၊ ၁၉ နှင့် ၂၂ ရက်တို့တွင် တန်ချိန် ၉၀ ကျော်ရှိသည့် အသက်ကယ် ကယ်ဆယ်ရေးပစ္စည်း ၇၀,၀၀၀ ကျော်ကို လေယာဉ်သုံးစင်းဖြင့် ထောက်ပံ့ပို့ဆောင်ပေးခဲ့တယ်လို့ ဥရောပသမဂ္ဂ-ရန်ကုန်က အသိပေးဆိုပါတယ်။
ထိုပစ္စည်းများကို IOM နှင့် ၎င်း၏ ဒေသခံ မိတ်ဖက်အဖွဲ့များမှ အကူအညီ အလိုအပ်ဆုံးသော လူ့အဖွဲ့အစည်းများထံသို့ ပေးပို့သွားမယ်လို့ ဖော်ပြပါတယ်။
ဤပေးပို့မှုများသည် ဖင်လန်၊ လူဇင်ဘတ်နှင့် IOM ၏ ကမ္ဘာလုံးဆိုင်ရာ သိုလှောင်ဂိုဒေါင်မှ ထောက်ပံ့မှုများဖြင့် လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ပြီး လာမည့်ရက်များအတွင်း ဘူလ်ဂေးရီးယားနှင့် ဆွီဒင်နိုင်ငံများမှ ထောက်ပံ့မှုပစ္စည်းများဖြင့် နောက်ထပ် လေယာဉ်ပို့ဆောင်မှုများကိုလည်း စီစဉ်ထားတယ်လို့ သိရပါတယ်။
========================
📌📌 ၈။ ငလျင်ဘေးသင့်ဒေသများအတွက် ဂျပန်နိုင်ငံမှာကျင်းပတဲ့ ရန်ပုံရှာဖွေသည့်ကဏ္ဍများမှ ကနဦးအလှူငွေ ယန်း ၃ သန်းကျော် ရရှိ
ဧပြီလ ၂၄ရက်
Radio NUG
ငလျင်ဘေးသင့်ဒေသများအတွက် ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ ရန်ပုံငွေရှာဖွေသည့် ကဏ္ဍများမှ ကနဦးအလှူငွေ ယန်း ၃ သန်းကျော် ရရှိခဲ့တယ်လို့ NUG Support Team Japanက ဆိုထားပါတယ်။
မြန်မာ့ရိုးရာနှစ်သစ်ကူးဆုတောင်းပွဲနှင့် အမိမြန်မာနိုင်ငံအတွက် ကူညီပံ့ပိုးမည့် ရန်ပုံငွေပွဲအား ၂၀၂၅ ခုနှစ်၊ ဧပြီလ(၁၂)ရက်(စနေနေ့) နှင့် ဧပြီလ(၁၃)ရက်(တနင်္ဂနွေနေ့)များတွင် တိုကျိုမြို့၌ ကျင်းပပြုလုပ် ပြီးစီးခဲ့ပါတယ်။
ပွဲခင်းအတွင်း အလှူခံရရှိငွေများနှင့် ငလျင်ဘေးသင့်ဒေသများအတွက် သီးခြားရန်ပုံရှာဖွေမည့် ကဏ္ဍများမှ ရရှိလာသော ကနဦးအရေးပေါ် လှူဒါန်းငွေအဖြစ် ပွဲကျင်းပသည့် နှစ်ရက်တာအတွင်း ၂,၉၅၀,၀၉၆ ယန်း ရရှိခဲ့ပြီး အိုဆာကာသင်္ကြန်ပွဲမှ ပိတောက်ပန်းကုံးအလှူငွေ ယန်း ၅၀,၀၀၀ အား ထပ်မံဖြည့်စွက်ကာ ၃,၀၀၀,၀၉၆ ယန်းအား ကနဦးအရေးပေါ်လှူဒါန်းငွေအဖြစ် ပေးပို့ရန် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အဖက်ဖက်မှ ကူညီပံ့ပိုးပေးကြသော အလှူရှင်များ၊ စေတနာ့ဝန်ထမ်းမောင်နှမများအား အထူးလေးစားကျေးဇူးတင်ရှိကြောင်း ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီက ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
========================
🚩🚩 ၁။ ရှမ်းပြည်တပ်မတော် (SSA) တည်ထောင်ခြင်း (၆၁) နှစ်ပြည့် အခမ်းအနား ကျင်းပပြုလုပ်
ဧပြီလ ၂၄ ရက်၊
Radio NUG
ရှမ်းပြည်တပ်မတော် (SSA) တည်ထောင်ခဲ့ခြင်း (၆၁) နှစ်ပြည့် အခမ်းအနားကို ရှမ်းပြည် တိုးတက်ရေး ပါတီ/ ရှမ်းပြည် တပ်မတော် (SSPP/SSA) ဗဟိုဌာနချုပ်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဧပြီလ ၂၄ ရက်နေ့ မနက် ၇ နာရီခွဲကနေ ၉ နာရီထိ ကျင်းပခဲ့တဲ့ အခမ်းအနားကို SSPP/SSA နာယက ဗိုလ်ချုပ်ကြီးစေထင် ဦးဆောင်တဲ့ ဗဟိုကော်မတီဝင်များ၊ တပ်ဘက် အုပ်ချုပ်ရေးဘက်ဆိုင်ရာ ဌာနများ နဲ့ ဒေသခံပြည်သူ ၇,၀၀၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အခမ်းအနားမှာ ဗိုလ်ချုပ်ကြီး စေထင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရှမ်းပြည်တပ်မတော် SSA ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းကို ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် ရှမ်းပြည် တပ်မတော် (၆၁) နှစ်ပြည့် အခမ်းအနားကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO/PNLA)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၊ (SSPP/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပန်ဖတို့က ပေးပို့လာတဲ့ ဂုဏ်ပြု သဝဏ်လွှာများကို ဖတ်ကြားခဲ့ကြပါတယ်။
ဆက်လက်ပြီး ငွေရတု၊ ရွှေရတု ဆုချီးမြှင့်ရန် ထိုက်တန်သူများကို ဆုချီးမြှင့်ပေးခဲ့ပြီး စစ်ကြောင်း ၁၇ ကြောင်း စစ်သည်အင်အား ၃,၀၀၀ ကျော်က စစ်ရေးပြ ချီတက်ခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ အပစ်ရပ် ကြေညာထားပေမယ့် ဖားကန့် ဒေသကို အင်အား ထောင်ချီသုံးပြီး စစ်ကောင်စီ ထိုးစစ်ဆင်
ဧပြီလ ၂၄ ရက်၊
Radio NUG
ကချင်ပြည်နယ်၊ ဖားကန့်ဒေသဘက်ကို စစ်ကောင်စီက အင်အားထောင်ချီသုံးပြီး စစ်ကြောင်းနှစ်ခုခွဲကာ ထိုးစစ်ဆင်နေတယ်လို့ Kachin News Group က ဖော်ပြထားပါတယ်။
ယခု လဆန်းပိုင်းက အင်းတော်ကြီးဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့နဲ့ တနိုင်း - လီဒို လမ်းမပေါ်၊ လဝါးကျေးရွာမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေက ဖားကန့်ဒေသကို ဦးတည်ပြီး ထိုးစစ်ဆင်လာတယ်လို့ KIO သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက KNG ကို ပြောပါတယ်။
စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတဲ့အတွက် ဖားကန့် - မြစ်ကြီးနား လမ်းကြောင်းတွေကို KIA ဘက်က ဧပြီလ ၂၄ ရက် ကစပြီး ယာယီ ပိတ်ထားသလို နမ္မတီး မြို့အထွက် မရန်ကထောင် စစ်ကောင်စီ ဂိတ်ကလည်း လမ်းပိတ်ဆို့ထားတယ်လို့ ဆိုပါတယ်။
ထို့ပြင် ဖားကန့်ကို စစ်ကြောင်းထိုးဖို့ ယူဆရတဲ့ စစ်ကောင်စီ တပ်အင်အား ၅၀၀ ခန့်က ဒွမ်ဘုန်းချောင်းကနေ လဝါးအထိ စစ်ကြောင်း ၃ ခုခွဲပြီး ရှိနေကာ အဲ့ဒီထဲမှာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် အဖွဲ့တွေပါ ပါဝင်တယ်လို့ မျက်မြင်တွေ့တဲ့ ကားသမားတွေက ပြောပါတယ်။
နောက်ထပ် စစ်ကောင်စီ တပ်တွေကလည်း မိုးညှင်းမြို့နယ်၊ အင်းတော်ကြီး ဒေသဘက်ကနေ ဖားကန့်၊ ဂွေခါဘက်ကို စစ်ကြောင်းထိုးနေပြီး အင်းတော်ကြီးဒေသ လုံးတုံ နဲ့ ဆနွမ်းကုန်း ကျေးရွာတွေကို ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
တဖက်မှာလည်း ငလျင်သင့် ပြည်သူတွေ ပြန်လည်ထူထောင်ရေး အရှိန်ဟုန်မြှင့် ကူညီပေးဖို့ ခေါင်းစဉ်နဲ့ ဧပြီလ ၃၀ ရက်နေ့အထိ အပစ်ခတ် ရပ်စဲရေးကာလကို ထပ်တိုးဖို့ စစ်ကောင်စီက ကြေညာနေပေမယ့် ကချင်ဒေသမှာတော့ ဗုံးကြဲတိုက်ခိုက်တာတွေ နေ့စဉ်လုပ်နေသလို မြေပြင် စစ်ကြောင်းတွေနဲ့ပါ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
========================
🚩🚩 ၃။ ရေစကြိုမြို့နယ် ဗလဘကျေးရွာ ပြည်သူ့နေအိမ်များကို မီးရှို့ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ ကား ၄စီးကို မိုင်းဆွဲတိုက်ခိုက်
ဧပြီလ ၂၄ရက်
Radio NUG
ဧပြီလ (၂၄)ရက် ညနေ ၄နာရီခွဲအချိန်ခန့်တွင် ရေစကြိုမြို့နယ် ဗလဘကျေးရွာရှိ ပြည်သူ့နေအိမ်များကို မီးရှို့၍ ပြန်လာသော အကြမ်းဖက်စစ်ကောင်စီ ကား ၄စီးကို ခလရ ၂၅၈သို့ သွားရာလမ်းတွင် ပြည်သူ့ကာကွယ်ရေး ရဲဘော်များမှ ကင်းပုန်းများ ရှိနေသည့်ကြားမှ မရမက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့နယ် ပကဖမှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ မိုင်းများမှာ အကြမ်းဖက်စစ်ကောင်စီမှ အသုံးပြုသော ဟောင်ဝှစ်ဇာကျည် (၁၂၀မမ)၊ ၈၀မမ စသည့် မပေါက်ကွဲသေးသော လက်နက်ကြီးများဖြင့် အသုံးပြုထားသော ပြင်းအားမြင့် မိုင်းများဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ရှေ့ဆုံး ကားတစ်စီးမှာ မိနစ်အနည်းငယ်ကြာ ရပ်တန့်သွားပြီး အထိခိုက်များနိုင်တယ်လို့ သိရပါတယ်။
ထို့နောက် အဆိုပါကားများမှာ ပခုက္ကူဘက်သို့ ပြန်လည်ထွက်ခွာသွားပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များလည်း အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၄။ ကလေးဝမြို့နယ် မစိန်ရွာနဲ့ မင်းကင်းမြို့နယ်က ကမ်းပြည့် (ကဗျက်)ရွာတွေကို စကစက Y-12 လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့၍ ရွှေမျောလုပ်ငန်းလုပ်ကိုင်နေသူ အရပ်သား၃ဦးနေရာတင်သေဆုံး
ဧပြီလ ၂၄ရက်
Radio NUG
ကလေးဝမြို့နယ် မစိန်ရွာ နဲ့ မင်းကင်းမြို့နယ်က ကမ်းပြည့် (ကဗျက်)ရွာတွေကို စကစက Y-12 လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့၍ ရွှေမျောလုပ်ငန်းလုပ်ကိုင်နေသူ အရပ်သား ၃ဦးနေရာတင် သေဆုံးခဲ့တယ်လို့ ဧပြီ၂၄ရက်မှာ kalewa people defence organization က ဖော်ပြပါတယ်။
"ကလေးခရိုင်အတွင်းက ကလေးဝမြို့နယ် မစိန်ရွာနဲ့ မင်းကင်းမြို့နယ်က ကမ်းပြည့် (ကဗျက်)ရွာတွေကို စကစရဲ့ လေတပ်က Y-12 လေယာဥ်နဲ့ ဗုံးတွေချပြီး တိုက်ခိုက်ခဲ့ပါတယ်။ ထူးခြားတာက ကလေးဝမြို့နယ် မစိန်ကျေးရွာဆိုတာ စကစ စခန်းထိုင် စိုးမိုးထားတဲ့ ကျေးရွာတစ်ရွာဖြစ်နေပါတယ်"လို့ဆိုပါတယ်။
စကစရဲ့ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မစိန်ကျေးရွာမှာ ရွှေမျောလုပ်ငန်းလုပ်ကိုင်နေသူ အရပ်သား၃ဦးပွဲချင်းပြီးသေဆုံးခဲ့တယ်လို့သိရပါတယ်။
========================
🚩🚩 ၅။ မော်ချီးမြို့၊ အမှတ် (၂) ဂိတ်အနီးကို စစ်ကောင်စီ ဗုံးကြဲခဲ့ရာ အရပ်သား ၆ ဦး သေဆုံး
ဧပြီလ ၂၄ ရက်၊
Radio NUG
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၆ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ Karenni People Voice က ဖော်ပြထားပါတယ်။
ဧပြီလ ၂၄ ရက်နေ့ နေ့လည် ၃ နာရီ ဝန်းကျင်မှာ မော်ချီးမြို့၊ အမှတ် (၂) ဂိတ်အနီးကို စစ်ကောင်စီက ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုအတွင်း ၈ လသားအရွယ် ကလေးငယ် တစ်ဦး အပါအဝင် အရပ်သား ၆ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ဧပြီလ ၂၄ ရက်နေ့ မနက် ၂ နာရီခွဲ ဝန်းကျင်ကလည်း ထိုင်း-ကရင်နီ နယ်စပ်ရှိ မယ်စဲ့မြို့နယ်၊ ဟိုစဲကျေးရွာကိုလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ နေအိမ်တချို့ ပျက်စီးခဲ့ပြီး လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
မော်ချီး၊ အမှတ် (၂) ဂိတ် အနီးကို ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကလည်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ဖူးပြီး ဒေသခံ ၂ ဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ မင်းလှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အမည်ဖြင့် မသမာသူများက ခြိမ်းခြောက် ငွေကြေးတောင်းခံမှုများ ပြုလုပ်နေ
ဧပြီလ ၂၄ ရက်၊
Radio NUG
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အခြေစိုက် “မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့” အမည်ကို အသုံးပြုပြီး မသမာသူများက ငွေကြေးတောင်းခံမှုများ လုပ်ဆောင်နေကြကြောင်း အသိပေး ထုတ်ပြန်ထားပါတယ်။
ယခုရက်ပိုင်းအတွင်း မင်းလှမြို့နယ်မှာ တော်လှန်ရေးတပ်များနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲများ ဖြစ်ပွားနေကာ စစ်ရေးအရှိန်မြင့်တက်နေတာကြောင့် ပြည်သူများ စိုးရိမ်နေချိန်မှာ အခွင့်ကောင်းယူပြီး အခုလို ခြိမ်းခြောက် ငွေကြေးတောင်းခံမှုများ ပြုလုပ်နေတယ်လို့ သိရကြောင်း ဖော်ပြထားပါတယ်။
အဆိုပါ ခြိမ်းခြောက် ငွေကြေးတောင်းခံမှုများကို မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ အပါအဝင် မင်းလှမြို့နယ်အတွင်း စစ်ဆင်ရေးများ လုပ်ဆောင်နေကြတဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF) များနဲ့ အခြားသော တော်လှန်ရေး တပ်ဖွဲ့များက လုပ်ဆောင်ခဲ့ခြင်း လုံးဝ (လုံးဝ) မရှိဘူးလို့ ဆိုပါတယ်။
အခုလို တော်လှန်ရေးတပ်ဖွဲ့ အမည်ခံကာ ခြိမ်းခြောက် ငွေတောင်းနေသူများနဲ့ အများပြည်သူ အသက် အိုးအိမ် စည်းစိမ်ကို ထိခိုက်နစ်နာအောင် ပြုလုပ်သူများကို မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ထိရောက်စွာ အပြစ်ပေး အရေးယူသွားမယ်လို့ အသိပေးထားပါတယ်။
========================
🚩🚩 ၇။ မကွေးတိုင်း၊ ဆိတ်ဖြူမြို့နယ်တွင် စစ်သည်တော်ကျင့်ဝတ် စည်းကမ်းသင်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ပို့ချခဲ့
ဧပြီလ၂၄ရက်
Radio NUG
မကွေးတိုင်း၊ ဆိတ်ဖြူမြို့နယ်တွင် စစ်သည်တော်ကျင့်ဝတ် စည်းကမ်းသင်တန်းကို လူ့အခွင့်အရေးဆိုင်ရာ တာဝန်ခံက ဦးဆောင်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ပို့ချခဲ့တယ်လို့ သတင်းရရှိပါတယ်။
အဆိုပါ သင်တန်းတွင် စစ်တော်ကျင့်ဝတ်စည်းကမ်းများအား လိုက်နာရန်၊ ဆောင်ရန်ရှောင်ရန်များနှင့် ပစ်မှတ်သတ်မှတ်ခြင်း အကြောင်းအရာများကို အမျိုးသားညီညွတ်ရေးအစိုးရက ပြဌာန်းထားသည့် COC ပါအချက်အလက်များ၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ စသည်တို့ကို ကိုးကား၍ ပို့ချခဲ့ပါတယ်။
သင်တန်းတွင် ပို့ချပေးမှုများကို လက်တွေ့ လိုက်နာကျင့်သုံးပြီး ပြည်သူလူထုအပေါ် ဆက်ဆံသင့်ကြောင်း အသိပညာကို ရရှိခဲ့မှုကိုလည်း သင်တန်းသားတစ်ဦးက “အစောပိုင်းမှာ ကျွန်တော်တို့ စစ်ပညာ သင်ကြတော့ လူ့အခွင့်အရေးအကြောင်း သေချာ မသိခဲ့ရဘူး။ ဒီသင်တန်းတက်ရင်းမှပဲ လူ့အခွင့်အရေး အကြောင်းအရာတွေနဲ့ COC အကြောင်း သင်ပေးတာကြောင့် ကျွန်တော်တို့ တော်လှန်ရေး သမားတွေအတွက် ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်းနဲ့ လူ့ဂုဏ်သိက္ခာအကြောင်း ပိုပြီး သိခဲ့ရတယ်"လို့ပြောပါတယ်။
စစ်သည်တော်ကျင့်ဝတ်စည်းကမ်းဆိုင်ရာသင်တန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အပါအဝင် သင်တန်းသား (၄၁) ဦး တက်ရောက်ခဲ့ပြီး သင်တန်းသားများအချင်းချင်းကြား အပြန်အလှန် ဆွေးနွေးဖလှယ်ခြင်းများကိုလုပ်ဆောင်ခဲ့ကြပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment