၂၀၂၅ ဧပြီလ ၂၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ပြင်သစ်တော်လှန်မြန်မာသင်္ကြန်နှင့် ဘာသာပေါင်းစုံ ဆုတောင်းပွဲ နယ်သာလန်၊ ဂျာမဏီနိုင်ငံများမှ လာရောက်ဝန်းရံပေးခဲ့
📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက နွေဦးတော်လှန်ရေး၏ လမ်းခုလတ်တစ်နေရာ၌ ကျဆုံးခဲ့ရသော ဒေါက်တာဖြိုးစည်သူကျော်အား CDM အာဇာနည်သူရဲကောင်းတစ်ဦးအဖြစ် အသိအမှတ်ပြု
📌 ၃။ နော်ဝေမှာ ကျင်းပတဲ့ မြန်မာ့ရိုးရာ သင်္ကြန်ပွဲနဲ့ နွေဦးတော်လှန်ရေး ရန်ပုံငွေ ဈေးရောင်းပွဲတော်မှာ နော်ဝေးခရိုနာ တစ်သိန်းကျော် ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွင်းက လိုအပ်နေတဲ့ နေရာတွေကို လှူဒါန်းသွားမယ်
📌 ၄။ ငလျင်ဘေးသင့်ပြည်သူများအတွက် ယူကေအစိုးရမှ စတာလင်ပေါင် ၂၅သန်းအထိ ထောက်ပံ့ထားပြီး WFPမှလည်း ငလျင်ဘေးသင့်သူ ၃ သိန်း ခန့်ကို အရေးပေါ်စားနပ်ရိက္ခာနဲ့ ငွေသားအထောက်အပံ့တွေ ပေးအပ်ခဲ့
📌 ၅။ သပိတ်ကျင်းမြို့နယ်က လေကြောင်းတိုက်ခိုက်မှု ခံရတဲ့ ပြည်သူများကို ကျပ်သိန်း ၂,၃၀၀ ကျော် ကူညီထောက်ပံ့
📌 ၆။ နွေဦးဘဏ်၏ ၂၀၂၅ လမ်းပြမြေပုံ အကြောင်း ဆွေးနွေးမည်၊ မည်သည့် ကိုယ်ပိုင် channel မှာ မဆို follower အနည်းဆုံး 10,000 ရှိပါက SpringBees ရဲ့ KOL အဖြစ် ပါဝင်လျှောက်ထားနိုင်
📌 ၇။ အောင်လံလွှင့်ချီ နွေဦးထီ Nway Oo Hti ( Version 2.0 ) ၏ နံပါတ် လေးလုံး အပတ်စဥ်စနစ် ထုတ်ကုန်အသစ်Weekly Super 4 မေလအတွင်းစတင်မယ်
========================
၂၀၂၅ ခုနှစ် ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မုံရွာမြို့က ထွက်လာတဲ့ စစ်ကောင်စီ ရဲ့ jammer တပ်ဆင်ထားတဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်
🚩 ၂။ မင်းလှမှာ စစ်ကောင်စီ စစ်ကြောင်းကို ပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီး နယ်မြေရှင်းလင်းခဲ့ရာ အလောင်း ၁၀ လောင်းနဲ့ လက်နက် ခဲယမ်းများ သိမ်းဆည်းရမိ
🚩 ၃။ မိုးဗြဲမြို့အတွင်း စစ်တပ် ထိုးစစ်ဆင်မှုကြောင့် ပြည်သူ ၁ ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးပြီး ကာကင်းစခန်း တစ်ခု ဆုတ်ပေးလိုက်ရ
🚩 ၄။ ခလယ်လွီထူ ခရိုင်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် အရပ်သား ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရ
🚩 ၅။ လားရှိုးမြို့သည် စစ်ကောင်စီလက်သို့ ပြန်လည်အပ်နှံပြီးနောက် တရုတ်ဖိအားနှင့် ရှက်ဖွယ်မော်ဒယ်အဖြစ် ပေါ်ထွက်လာ
🚩 ၆။ တောင်သာမြို့နယ်က ရဲတပ်သား တစ်ဦး Myingyan Black Tiger တပ်ဖွဲ့ထံ လက်နက်နှင့်တကွ အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ပြင်သစ်တော်လှန်မြန်မာသင်္ကြန်နှင့် ဘာသာပေါင်းစုံ ဆုတောင်းပွဲ နယ်သာလန်၊ ဂျာမဏီနိုင်ငံများမှ လာရောက်ဝန်းရံပေးခဲ့
ဧပြီလ(၂၈) ရက်
Radio NUG
ဧပြီလ ၂၇ ရက်နေ့တွင် ပြင်သစ်ရောက် မြန်မာများအသင်း (CBF) က ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ငလျင်ဒဏ်ခံခဲ့ရသော မြန်မာပြည်သူများအတွက် အောက်မေ့ဆုတောင်းပွဲတစ်ခု ကျင်းပခဲ့ပါတယ်။
အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဌာနပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေး ကကျေးဇူးတင်အားပေးစကားပြောကြားခဲ့ပြီး ပြင်သစ်ရောက်သံဃာတော်များနှင့် အလှူရှင်အသီးသီးက စုပေါင်းအလှူငွေ ယူရို (၁၈,၉၃၀) ကို ငလျင်ဘေးဒဏ်သင့်မြန်မာလူထုအတွက် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဌာန မှတဆင့်ပေးအပ်ခဲ့ပါတယ်။
တော်လှန်သင်္ကြန်ဖြစ်မြောက်ရေးအတွက် ဦးဆောင်စီစဥ်သူ ပြင်သစ်ရောက်မြန်မာများအသင်းအပါအဝင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသူ ပြင်သစ်ရောက် မြန်မာတော်လှန်ရေးမိသားစုဝင်များ၊ La Courneuve ဒုမြို့တော်ဝန်နှင့်အဖွဲ့သားများ၊ ပြင်သစ်လူမျိုးများအားလုံးနှင့် နယ်သာလန်၊ ဂျာမဏီနိုင်ငံများမှ လာရောက်ဝန်းရံ အားဖြည့်ကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်လို့ဆိုပါတယ်။
========================
📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက နွေဦးတော်လှန်ရေး၏ လမ်းခုလတ်တစ်နေရာ၌ ကျဆုံးခဲ့ရသော ဒေါက်တာဖြိုးစည်သူကျော်အား CDM အာဇာနည်သူရဲကောင်းတစ်ဦးအဖြစ် အသိအမှတ်ပြု
ဧပြီလ ၂၈ ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက နွေဦးတော်လှန်ရေး၏ လမ်းခုလတ်တစ်နေရာ၌ ကျဆုံးခဲ့ရသော ဒေါက်တာဖြိုးစည်သူကျော်အား CDM အာဇာနည်သူရဲကောင်းတစ်ဦးအဖြစ် အသိအမှတ်ပြုကြောင်း ဧပြီလ၂၈ရက်မှာ ထုတ်ပြန်တဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာမှာဖော်ပြပါတယ်။
ကရင်နီပြည်နယ်အတွင်း ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအား ဆေးကုသမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နေသည့် ဒေါက်တာဖြိုးစည်သူကျော်၊ အသက် (၄၂) နှစ်ဟာ ဧပြီလ၂၅ရက်မှာ (၉၆) ပါးသော ရောဂါဖြင့် ကွယ်လွန် ဆုံးပါးခဲ့ပါတယ်။
ဒေါက်တာဖြိုးစည်သူကျော်သည် ၂၀၂၁ ခုနှစ်၊ စစ်အာဏာ မသိမ်းခင်က ကယားပြည်နယ် (ကရင်နီပြည်နယ်)၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီး တိုက်နယ်ဆေးရုံ၌ တိုက်နယ်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement CDM) ပြုလုပ်ကာ ကရင်နီပြည်နယ်အတွင်း ဒေသများ၌ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအား ဆေးကုသမှုများ ပေးအပ်နေသူတစ်ဦးလည်းဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် နွေဦးတော်လှန်ရေး၏ လမ်းခုလတ်တစ်နေရာ၌ ကျဆုံးခဲ့ရသော ဒေါက်တာဖြိုးစည်သူကျော်အား CDM အာဇာနည်သူရဲကောင်းတစ်ဦးအဖြစ် အသိအမှတ်ပြုအပ်ပြီး မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရတယ်လို့ ဖော်ပြပါတယ်။
========================
📌📌 ၃။ နော်ဝေမှာ ကျင်းပတဲ့ မြန်မာ့ရိုးရာ သင်္ကြန်ပွဲနဲ့ နွေဦးတော်လှန်ရေး ရန်ပုံငွေ ဈေးရောင်းပွဲတော်မှာ နော်ဝေးခရိုနာ တစ်သိန်းကျော် ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွင်းက လိုအပ်နေတဲ့ နေရာတွေကို လှူဒါန်းသွားမယ်
ဧပြီလ၂၈ရက်
Radio NUG
နော်ဝေမှာကျင်းပတဲ့ မြန်မာ့ရိုးရာ သင်္ကြန်ပွဲနဲ့ နွေဦးတော်လှန်ရေး ရန်ပုံငွေ ဈေးရောင်းပွဲတော်မှာ နော်ဝေးခရိုနာ တစ်သိန်းကျော် ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွင်းက လိုအပ်နေတဲ့ နေရာတွေကို လှူဒါန်းသွားမယ်လို့ နော်ဝေCRPH Support Group မှ အတွင်းရေးမှူး မဝတ်မှုန်ဝင်းက radio NUGကို ပြောပါတယ်။
“မြန်မာပြည်ကြီး ငလျင်ဘေးနဲ့ ဒုက္ခရောက်နေကြတာကြောင့် စိတ်ညစ်ညူးနေကြမှာ သိပါတယ်။ ထပ်တူ ကြေကွဲရပါတယ်။ ဒါတွေကို အသေအချာ အတိအကျ မြင်သာဖို့နဲ့ ကျွန်မတို့ ဒီ စစ်ဖိနပ်အောက်က လွတ်ဖို့ အစွမ်းကုန် မမေ့မလျော့ ကြိုးစားနေကြတာကိုလည်း ပြသဖို့လိုတာကြောင့် ဒီပွဲကို ကြိုးစားခဲ့ကြတာပါ။ တချိန်တည်းမှာ အနုပညာသည်သာ လူတွေရဲ့ ရင်ထဲကို ထိထိရောက်ရောက် ထိုးဖောက်ဝင်ရောက်နိုင်တာကြောင့် အနုပညာကိုလည်း ပြည့်ပြည့်၀၀ အသုံးပြုခဲ့ပါတယ်။ အနုပညာနဲ့ တော်လှန်ရေးကို ဘက်စုံက ပုံဖော်ခဲ့သလို ဒီသဘာဝဘေးကြောင့် ရခဲ့တဲ့ အတိဒုက္ခတွေ၊ ဗုံးကြဲလို့ ထိကြတဲ့ အတိဒုက္ခတွေကိုလည်း Video နဲ့ အသေအချာ ပြသခဲ့ကြတယ်။ ဓာတ်ပုံပြပွဲကိုလည်း ထည့်သွင်းပြသခဲ့ပါတယ်။ Theme ကို ‘Still We Rise' လို့ ပေးပါတယ်။ မဲဆောက်ရောက် Art Designer တစ်ယောက်ရဲ့ အကြံပေးတိုက်တွန်းချက်အရ ဒီခေါင်းစဉ်ကို ကျွန်မ ပေးလိုက်တာပါ။ အဲဒီ အကိုကပဲ ဒီစာတွေကို ပုံနဲ့ ဖော်ညွှန်းပြီး ပီပြင်အောင် လုပ်သွားခဲ့တာပါ။ အဲဒီ ပိုစတာကြီးကို အဓိကထားပြီး ၂၀၂၂ က မြန်မာပြည်အကြောင်း နော်ဝေလူငယ်တွေ ရေးခဲ့တဲ့ ပန်းချီကားချပ်တွေကို ချပြထားပါတယ်။
အဓိကကတော့ ဘယ်လိုဒုက္ခတွေ ဖြတ်ရဖြတ်ရ၊ ကျွန်မတို့ တော်လှန်ရေးက ရှင်သန်တိုးတက်နေတုန်းပဲ။ ဆထက်ထမ်းပိုး ထက်သန်နေတုန်းပဲ။ အားမလျှော့တဲ့အပြင် ခွန်အားတွေ တိုးပွားနေတုန်းပဲလို့ ပြောပြချင်တာပါ။ ဒီ ခေါင်းစဉ်အောက်က ပိုစတာ/ပို့စကတ်/သီချင်းတွေ ဆက်ထွက်သွားဖို့ ပြင်နေပါတယ်။ မဲဆောက်က Art Designer ပဲ လုပ်ပေးနေတာပါ"လို့ပြောပါတယ်။
ပွဲမှာ နော်ဝေမြူနီစပါယ်ကလူကြီးတွေ လာတက်ရောက်ခဲ့ပြီး NGO တွေက တာဝန်ရှိသူတွေလည်း တက်ရောက်ကာ perfect festival လို့ မှတ်ချက်ပြုခဲ့ကြပြီး ပေးချင်တဲ့ Message တွေတော့ ရသွားကြတယ်လို့သိရပါတယ်။
“နောက်တခုကတော့ Scrabble လို ကစားလို့ရတဲ့ Myanmar Character Set သို့မဟုတ် မြန်မာစာလုံးစီနည်းစနစ် ထုတ်လုပ်မှုပါ။ နိုင်ငံခြားရောက် မြန်မာကလေးတွေ အတွက် မြန်မာစာသင်တန်းလေးလုပ်ရာကနေ စာသင်ရာမှာ အသုံးဝင်မယ့် ဒီစနစ်ကို ဦးမောင်မောင်မြင့်က တီထွင်ထုတ်လုပ်ထားတာပါ။ အဲဒါလေးကိုလည်း ရန်ပုံငွေပွဲမှာ ခင်းကျင်းပြသပါတယ်။ မှာယူမှုတွေကိုလည်း စတင်လက်ခံနေပါပြီ။ “
လို့ နော်ဝေCRPH Support Groupက မဝတ်မှုန်ဝင်းက ထပ်လောင်းပြောပါတယ်။
အခမ်းအနားမှာ မြန်မာ့ရိုးရာ သင်္ကြန်ပွဲနဲ့ ရန်ပုံငွေ ဈေးရောင်းပွဲတော်ကို ရိုးရာသင်္ကြန်အက၊ တေးသီချင်းတွေနဲ့ ကပြဖျော်ဖြေခဲ့ကြသလို ရန်ပုံငွေ ဈေးရောင်းပွဲတော်ကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။
========================
📌📌 ၄။ ငလျင်ဘေးသင့်ပြည်သူများအတွက် ယူကေအစိုးရမှ စတာလင်ပေါင် ၂၅သန်းအထိ ထောက်ပံ့ထားပြီး WFPမှလည်း ငလျင်ဘေးသင့်သူ ၃ သိန်း ခန့်ကို အရေးပေါ်စားနပ်ရိက္ခာနဲ့ ငွေသားအထောက်အပံ့တွေ ပေးအပ်ခဲ့
ဧပြီလ ၂၈ရက်
Radio NUG
မြန်မာနိုင်ငံတွင် အင်အားပြင်း မြေငလျင်လှုပ်ခတ်ပြီးနောက် အချိန်တစ်လကြာမြင့်ခဲ့ချိန်တွင် ယူကေအစိုးရသည် ထိခိုက်ခံစားခဲ့ရသူများနှင့်အတူ တသားတည်း ရပ်တည်လျက်ရှိပြီး အသက်ကယ်ဆယ်ရေးနှင့် အရေးပေါ်လူသားချင်း စာနာမှုအကူအညီများ ဆက်လက် ပေးအပ်တုံ့ပြန်ဆောင်ရွက်လျက်ရှိကြောင်း ဗြိတိသျှသံရုံး ရန်ကုန်မှ သတင်းထုတ်ပြန်ပါတယ်။
ယူကေအစိုးရအနေနဲ့ ရန်ပုံငွေ စုစုပေါင်း စတာလင်ပေါင် ၂၅ သန်းအထိ ထောက်ပံ့ထားပြီး ဒေသခံမိတ်ဖက်များမှတစ်ဆင့် အကူအညီလိုအပ်နေသူ ၁၁၆,၀၀၀ ကျော်ထံ ရောက်ရှိပြီး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ WFP သည် မန္တလေး၊ စစ်ကိုင်း၊ ရှမ်းပြည်တောင်ပိုင်းနဲ့ နေပြည်တော်တို့က ငလျင်ဘေးသင့်သူ ၃ သိန်း ခန့်ကို အရေးပေါ်စားနပ်ရိက္ခာနဲ့ ငွေသားအထောက်အပံ့တွေ ပေးအပ်ခဲ့နိုင်ပြီး ဖြစ်ကြောင်း စစ်ကိုင်းငလျင် တစ်လပြည့်သည့်နေ့တွင် သတင်းထုတ်ပြန်ပါတယ်။
WFP ဟာ ဒေသခံမိတ်ဖက်အဖွဲ့အစည်း (NGO) တွေနဲ့ပူးပေါင်းပြီး ငလျင်ဘေးသင့်သူတွေဆီ အဲဒီအကူအညီအထောက်အပံ့တွေကို တိုက်ရိုက်ပေးအပ်ခဲ့ပြီး လာမယ့် လတွေမှာ လူဦးရေ ၃၈၀,၀၀၀ ခန့်ကို ထပ်ပြီး အကူအညီပေးသွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
========================
📌📌 ၅။ သပိတ်ကျင်းမြို့နယ်က လေကြောင်းတိုက်ခိုက်မှု ခံရတဲ့ ပြည်သူများကို ကျပ်သိန်း ၂,၃၀၀ ကျော် ကူညီထောက်ပံ့
ဧပြီလ ၂၈ ရက်၊
Radio NUG
မန္တလေးတိုင်း၊ ပြည်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရတဲ့ ဒေသများက ပြည်သူများကို ငွေကျပ် သိန်း ၂,၃၀၀ ကျော် ကူညီထောက်ပံ့ လှူဒါန်းခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။
ဧပြီလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူ ၄၂ ဦးအတွက် တစ်ဦးလျှင် သိန်း (၂၀) စီ၊ ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ ပြည်သူ ၄၅ ဦးအတွက် တစ်ဦးလျှင် (၁၅) သိန်းစီနဲ့ ပျက်စီးသွားတဲ့ နေအိမ် ၄၂ လုံးအတွက် တစ်လုံးလျှင် သိန်း (၂၀) စုစုပေါင်း (၂,၃၅၅) သိန်းကျပ်ကို ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ထောက်ပံ့မှုကို မပန်ဆယ်လိုရဲ့ ကူညီထောက်ပံ့ငွေ သိန်း (၆၉၀) နဲ့ ပြည်သူလူထုက စုပေါင်းထောက်ပံ့တဲ့ အလှူငွေများဖြင့် သပိတ်ကျင်းမြို့နယ် ပကဖ၊ တိုက်နယ် ပကဖ တို့ ပူးပေါင်းပြီး သပိတ်ကျင်းမြို့နယ် လေကြောင်း တိုက်ခိုက်မှု ဘေးအန္တရာယ်သင့် ပြည်သူများ ကူညီထောက်ပံ့ရေးကော်မတီကို ဖွဲ့စည်းကာ ကူညီထောက်ပံ့ပေးခဲ့တာလို့ သိရပါတယ်။
========================
📌📌 ၆။ နွေဦးဘဏ်၏ ၂၀၂၅ လမ်းပြမြေပုံ အကြောင်း ဆွေးနွေးမည်၊ မည်သည့် ကိုယ်ပိုင် channel မှာ မဆို follower အနည်းဆုံး 10,000 ရှိပါက SpringBees ရဲ့ KOL အဖြစ် ပါဝင်လျှောက်ထားနိုင်
ဧပြီလ ၂၈ ရက်
Radio NUG
ဧပြီ ၂၉ရက် ည၈နာရီအချိန် Uncle C နဲ့ Ko Merlin တို့မှ SDB ရဲ့ ၂၀၂၅ လမ်းပြမြေပုံ အကြောင်း ဆွေးနွေးသွားမှာ ဖြစ်တဲ့အတွက် လာရောက်နားထောင်ကြည့်ဖို့ ဖိတ်ခေါ်ထားပါတယ်။
"နှစ်ဟောင်းမှ နှစ်သစ်ဆီသို့ ကူးပြောင်းရာမှာ SDB နွေဦးဘဏ်က ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်ရေး အခန်းကဏ္ဍမှာ ယနေ့ထိတိုင် တော်လှန် မိဘပြည်သူတွေနဲ့ အတူ တသားတည်း ရပ်တည်လျက်ရှိပါတယ်"လို့လည်း အသိပေးဆိုထားပါတယ်။
ဆွေးနွေးပွဲကို နွေဦးဘဏ်တယ်လီဂရန်က ထုတ်လွှင့်သွားမှာပဲ ဖြစ်ပါတယ်။
ထို့အပြင် နွေဦးပျားတို့မှာ ကိုယ်ယုံကြည်ရာ ချပြလေ့ရှိတဲ့ မည်သည့် ကိုယ်ပိုင် channel မှာ မဆို follower အနည်းဆုံး 10,000 ရှိပါက SpringBees ရဲ့ KOL အဖြစ် ယနေ့မှစ ပါဝင်လျှောက်ထားနိုင်ပြီ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
KOL အနေနဲ့ Referral အရေအတွက်အလိုက် ရရှိမယ့် Pollen များနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ် အသေးစိတ်ကို Form အတွင်းမှာ ဖတ်ရှုလေ့လာနိုင်ပြီး Form က ပိတ်ရက်မရှိဘဲ Exchange Listing မတိုင်ခင် ကာလအတွင်း ပါဝင်ခွင့်ရှိတာကြောင့် SpringBees ရဲ့ တရားဝင် သံတမန်များအဖြစ် တာဝန်ထမ်းဆောင်ပြီး Pollen များရယူရန် ဖိတ်ခေါ်ထားပါတယ်။
========================
📌📌 ၇။ အောင်လံလွှင့်ချီ နွေဦးထီ Nway Oo Hti ( Version 2.0 ) ၏ နံပါတ် လေးလုံး အပတ်စဥ်စနစ် ထုတ်ကုန်အသစ်Weekly Super 4 မေလအတွင်းစတင်မယ်
ဧပြီလ ၂၈ ရက်
Radio NUG
အောင်လံလွှင့်ချီ နွေဦးထီ Nway Oo Hti ( Version 2.0 ) ၏ နံပါတ် လေးလုံး အပတ်စဥ်စနစ် ထုတ်ကုန်အသစ် Weekly Super 4 မေလအတွင်း စတင်မယ်လို့ ဧပြီလ၂၈ရက်မှာ နွေဦးထီက အသိပေးကြေညာပါတယ်။
"Weekly Super 4 ဆိုတာ NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အောင်မြင်စွာ ဖွင့်လှစ်ခဲ့တဲ့ အောင်လံလွှင့်ချီ နွေဦးထီ Nway Oo Hti ( Version 2.0 ) ၏ နံပါတ် လေးလုံး အပတ်စဥ်စနစ် ထုတ်ကုန်အသစ် ဖြစ်ပါတယ်။ ပြည်သူ့ တော်လှန်ရေးအတွက် အဓိက လိုအပ်သော ဘဏ္ဍာရန်ပုံငွေကို ဖြည့်တင်းမြှင့်တင်နိုင်ရန်အပြင် အကြမ်းဖက် စစ်ကောင်စီထံသို့ စီးဆင်းနေတဲ့ ဝင်ငွေတွေကို အပြီးတိုင် ချုပ်ငြိမ်းစေရန် ရည်ရွယ်ပါတယ်"လို့ဆိုပါတယ်။
နွေဦးထီရဲ့ အသစ်Weekly Super 4ကို မေလ၄ရက်နေ့မှာ မိတ်ဆက်မယ်လို့ ဖော်ပြထားပါတယ်။
"ပြည်သူတွေကို ရှေ့မှာ မက်လုံးပေးပြီး နောက်ကွယ်မှာ နေ့စဥ်နှင့်အမျှ ရက်စက်စွာ ဖိနှိပ်နေတဲ့ ဖက်ဆစ်တပ်ကို ထောက်ပံ့နေသော အောင်ဘာလေ နှင့် 5 Digits Online ယန္တရားတွေ အပါအဝင် စစ်တပ် ထောက်တိုင်အမျိုးမျိုးကို ဘူးသပိတ်ဆင်နွှဲကာ ဆန့်ကျင်တွန်းလှန်ဖို့ရာ ဓမ္မဘက်သား ပြည်သူတိုင်း၏ တာဝန် တစ်ခုပင် ဖြစ်တယ်"လို့နွေဦးထီကဆိုပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မုံရွာမြို့က ထွက်လာတဲ့ စစ်ကောင်စီ ရဲ့ jammer တပ်ဆင်ထားတဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်
ဧပြီလ ၂၈ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကနေ ထွက်လာတဲ့ jammer ကား ၇ စီးပါ စစ်ကောင်စီ ယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ PDF South Monywa က ထုတ်ပြန်ထားပါတယ်။
ဧပြီလ ၂၈ ရက်နေ့မှာ ချောင်းဦးမြို့နယ်၊ နတ်ရေကန်နဲ့ ရေပိုးစားကြားမှာ အဆိုပါ စစ်ကောင်စီ ယာဉ်တန်းအနက် ၅ စီးမြောက်နဲ့ ၆ စီးမြောက် ကား ၂ စီးကို ပဒေသာ ၃ လုံးပွိုင့် ၃ ပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို အမှတ် (၁) စစ်ဒေသ၊ ဗျူဟာအမှတ် (၆၄)၊ မုံရွာခရိုင် အမှတ် (၁၁) တပ်ရင်း People's Defence Force - South Monywa က ဆောင်ရွက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုအခြေအနေ အသေးစိတ်ကို စုံစမ်းဆဲ ဖြစ်တယ်လို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီ ကင်းပုန်းများမှ လက်နက်ကြီး၊ လက်နက်ငယ်များနဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့ပေမယ့် အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၂။ မင်းလှမှာ စစ်ကောင်စီ စစ်ကြောင်းကို ပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီး နယ်မြေရှင်းလင်းခဲ့ရာ အလောင်း ၁၀ လောင်းနဲ့ လက်နက် ခဲယမ်းများ သိမ်းဆည်းရမိ
ဧပြီလ ၂၈ ရက်၊
Radio NUG
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ထောက်ကြန့်အုပ်စု၊ သရော်ကုန်ရွာ ဘုန်းကြီးကျောင်းမှ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာမှာ စစ်ကောင်စီတပ်သား အလောင်း ၁၀ လောင်းနဲ့ လက်နက် ခဲယမ်းများ သိမ်းဆည်းရမိခဲ့တယ်လို့ သာယာဝတီခရိုင်၊ တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅) က ထုတ်ပြန်ထားပါတယ်။
ဧပြီလ ၂၇ ရက်နေ့ မနက် ၉ နာရီခန့်က အင်အား ၇၀ ကျော်ပါ အဆိုပါ စစ်ကောင်စီ စစ်ကြောင်းကို ခွက်မအုပ်စု၊ ငမိုးရိပ်ရွာအတွင်းကို ရောက်ရှိနေချိန်မှာ ပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီ ဘက်က ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် Mi-35 ရဟတ်ယာဉ် တစ်စီးဖြင့် ပစ်ခတ်ခဲ့ကာ ဂျက်ဖိုက်တာ ၂ စီး ပျံဝဲနေခဲ့ပြီး စစ်ကောင်စီ တပ်သားများ ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) အောက်က တပ်ခွဲ (၅)၊ တပ်ခွဲ (၂)၊ တပ်ခွဲ (၃)၊ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုပ်ဖို၊ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၃) နဲ့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၁) တပ်ခွဲ (၆) AyeYar Nyi Naung တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး၊ နယ်မြေရှင်းလင်း ဆောင်ရွက်ရာမှာ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅)၊ တပ်ခွဲ (၆) Black Dragon (GBK-PDF) နဲ့ ပဲခူးခရိုင် တပ်ရင်း (၃၇၀၁) တပ်ခွဲ (၅) တို့ကပါ ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီ တပ်ဖွဲ့ ဆုတ်ခွာထွက်ပြေးသွားပြီးနောက် နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့ရာ စစ်ကောင်စီ တပ်သား အလောင်း ၁၀ လောင်း၊ သေနတ် ၁၁ လက်၊ ၆၀ မမ တစ်လက်၊ ခဲယမ်းများ၊ စစ်သုံး ပစ္စည်းများကို သိမ်းဆည်းရရှိ ခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ဧပြီလ ၂၇ ရက်နေ့ မနက်ပိုင်းမှာ စမ်းဘုတ်အုပ်စု၊ ကျွန်းကုန်းရွာ အနီးမှာ စစ်မှုထမ်း အပတ်စဉ် (၈) သင်တန်းဆင်း တပ်သား တစ်ဦးကို သေနတ် တစ်လက်၊ စစ်သုံးပစ္စည်းများနှင့်အတူ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅) နဲ့ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုတို့က အရှင်ဖမ်းဆီးရမိခဲ့ပါသေးတယ်။
========================
🚩🚩 ၃။ မိုးဗြဲမြို့အတွင်း စစ်တပ် ထိုးစစ်ဆင်မှုကြောင့် ပြည်သူ ၁ ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးပြီး ကာကင်းစခန်း တစ်ခု ဆုတ်ပေးလိုက်ရ
ဧပြီလ ၂၈ရက်
Radio NUG
ဧပြီလ ၂၇ ရက်နေ့ မိုးဗြဲမြို့ အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၂၂ တပ်စခန်းမှ အင်အား ၁၀၀ ကျော်ဖြင့် ထိုးစစ်ဆင်ခဲ့ရာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ခုခံတိုက်ခိုက်မှုကြောင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊ PDF ဗျူဟာအမှတ် ၁ သတင်းပြန်ကြားရေးဌာနမှ သိရှိရပါတယ်။
တိုက်ပွဲအတွင်း မိုးဗြဲတပ်ရင်း ၁ P 3-1001 တပ်ရင်းမှ ရဲဘော် ၁ ဦး ကျဆုံးခဲ့သည့်အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာတစ်ရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဧပြီလ ၂၈ ရက်နေ့ နံနက် ၅ နာရီခန့်အချိန်တွင်လည်း မိုးဗြဲမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၄၂၂ တပ်ရင်းက အင်အား ၃၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာခဲ့သဖြင့် ရှမ်းတောင်စစ်ဒေသခွဲ၊ PDF ဗျူဟာအမှတ် ၁ လက်အောက်ရှိတပ်ရင်းတပ်ဖွဲ့ ၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF နှင့် အခြားမဟာမိတ်တပ်ပေါင်းစုတို့က ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သားများ အများအပြား ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
ထိုသို့ အထိနာသော အကြမ်းဖက်စစ်တပ်က ဖယ်ခုံ၊ လွိုင်ကော်မြို့များမှတဆင့် လက်နက်ကြီးများဖြင့် မိုးရွာသကဲ့သို့ ပစ်ကူပေးခဲ့သည့်အပြင်၊ ဂျက်ဖိုက်တာ တိုက်လေယာဉ်ဖြင့်လည်း အသုံးပြု တိုက်ခိုက်မှုကြောင့် မိုးဗြဲမြို့ လူထုနေအိမ် အများအပြား ထပ်မံပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေယာဉ် ပစ်ကူတို့ကြောင့် ရှေ့ကာကင်းတခု ဆုတ်ပေးလိုက်ရပြီး ချေမှုန်းတိုက်ခိုက်ရေးရဲဘော် ၃ ဦးထိခိုက်ဒဏ်ရာရကာ တစ်ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မိုးဗြဲမြို့ကို ဆက်လက်ထိန်းချုပ်နိုင်ရန်အတွက် ပြည်တွင်းပြည်ပရှိ ထောက်ပို့အလှူရှင်များအနေဖြင့် အမြန်ဆုံးဝိုင်းဝန်းကူညီကြပါရန်နှင့် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနိုင်သောကြောင့် ပြည်သူများအနေဖြင့် မိုးဗြဲမြို့ဘက်ကို ဖြတ်သန်းသွားလာလိုပါက မြေပြင်အခြေအနေစုံစမ်းပြီးမှ သွားလာကြပါရန် မေတ္တာရပ်ခံထားပါတယ်။
========================
🚩🚩 ၄။ ခလယ်လွီထူ ခရိုင်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် အရပ်သား ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရ
ဧပြီလ ၂၈ ရက်၊
Radio NUG
ကရင့်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်နှင့် ဆောထိမြို့နယ်အတွင်း စစ်ကောင်စီရဲ့ ဒရုန်း၊ လက်နက်ကြီးနဲ့ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်မှုတို့ကြောင့် အရပ်သား ပြည်သူ ၁ ဦး သေဆုံးခဲ့ရပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ဧပြီလ ၂၄ ရက်နေ့ နေ့လည် ၁ နာရီ ၄၅ မိနစ်အချိန်မှာ တံခွန်တိုင် ကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့က ၁၂၀ မမ (၁၄) လုံး ပစ်ခတ်ခဲ့ရာ အသက် ၇၀ အရွယ် ဦးဝင်းနိုင် ထိခိုက်သေဆုံးခဲ့ပြီး ဒေါ်မာဦး (၃၀ နှစ်) နဲ့ ကိုထွန်း (၄၅ နှစ်) တို့ နှစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။
ထိုနေ့ မနက် ၁၀ နာရီခွဲခန့် အချိန်ကလည်း စစ်ကောင်စီရဲ့ ခမရ - ၄၃၉ တပ်ရင်းကနေ သစ်ဖြူဆိပ် ကျေးရွာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့တာကြောင့် နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဆောထိမြို့နယ်မှာလည်း စစ်ကောင်စီ တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပြီး လေကြောင်းကနေ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ကျေးရွာ ၇ ခုမှ အိမ်ခြေ ၈၅၅ လုံး လူဦးရေ ၄,၁၉၆ ဦး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၅။ လားရှိုးမြို့သည် စစ်ကောင်စီလက်သို့ ပြန်လည်အပ်နှံပြီးနောက် တရုတ်ဖိအားနှင့် ရှက်ဖွယ်မော်ဒယ်အဖြစ် ပေါ်ထွက်လာ
ဧပြီလ ၂၈ရက်
Radio NUG
၁၀၂၇ ဒုတိယစစ်ဆင်ရေးဖြင့် ကိုးကန့်တပ်ဖွဲ့များက သိမ်းပိုက်ထားခဲ့သော လားရှိုးမြို့သည် ၉ လအကြာ ဧပြီလ ၂၁ ရက်ခန့်တွင် စစ်ကောင်စီလက်သို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ရပြီး ဤလွှဲပြောင်းမှု၏ နောက်ကွယ်တွင် တရုတ်နိုင်ငံ၏ ပြင်းထန်သော ဖိအားပေးမှုများရှိနေကာ ကိုးကန့်ခေါင်းဆောင်ကို ဖမ်းဆီးထားခြင်းနှင့် ၎င်း၏မိသားစုလေးစုကို ဖြိုခွဲခြင်းအထိ လုပ်ဆောင်ခဲ့တယ်လို့ PDF Insight က သုံးသပ်ထားပါတယ်။
တရုတ်၏ မြန်မာ့အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းကိုယ်တိုင် လားရှိုးတွင် ရုံးထိုင်ကာ လွှဲပြောင်းမှုလုပ်ငန်းစဉ်ကို အနီးကပ်ကြီးကြပ်ခဲ့ပြီး တရုတ်အနေဖြင့် ကိုးကန့်ကိုရော စစ်ကောင်စီကိုပါ ယုံကြည်မှုမရှိသဖြင့် အမှားအယွင်းမရှိအောင် ထိန်းချုပ်လုပ်ဆောင်လိုသည့် ရည်ရွယ်ချက်ကို ဖော်ပြထားပါတယ်။
၂၀၂၄ သြဂုတ် ၂၇ ရက်တွင် တရုတ်နိုင်ငံ ဖုအာမြို့၌ ကျင်းပခဲ့သော အစည်းအဝေးတွင် တိန့်ရှီကျွင်းက ကိုးကန့်အဖွဲ့အား ပြင်းထန်စွာ ပိတ်ဆို့အရေးယူရန် ဝအဖွဲ့နှင့် ညှိနှိုင်းခဲ့ပြီး ဤအစည်းအဝေးမှတ်တမ်းများ နှစ်လခန့်အကြာ ပေါက်ကြားလာခဲ့ကာ တရုတ်၏ မြန်မာ့အရေးအပေါ် ထိန်းချုပ်မှုနှင့် နယ်စပ်ဒေသများတွင် ၎င်း၏သြဇာလွှမ်းမိုးမှုကို ပြသခဲ့ပါတယ်။
“ရှက်ဖွယ်လားရှိုးမော်ဒယ်” သည် တရုတ်၏ စီးပွားရေးနှင့် နယ်စပ်တည်ငြိမ်ရေး ဦးစားပေးမှုကို ထင်ဟပ်ပြသပြီး၊ စစ်ကောင်စီနှင့် ကိုးကန့်နှစ်ဖက်စလုံးကို ယာယီထိန်းညှိထားသည့် အခင်းအကျင်းဖြစ်ပြီး တရုတ်နှင့် နီးကပ်စွာဆက်စပ်နေသော နယ်စပ်ဒေသများတွင်သာ အကျိုးသက်ရောက်နိုင်ကာ အခြားဒေသများတွင် အလားတူဖြစ်ပေါ်ရန် မဖြစ်နိုင်ဟု လေ့လာသူများက သုံးသပ်ထားပါတယ်။
တရုတ်၏ စွက်ဖက်မှုသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိခိုက်စေသည်ဟု စစ်ကောင်စီအတွင်း မကျေနပ်မှုများလည်း ရှိနေပြီး ပြည်တွင်းပြည်ပအထိပါ ဝေဖန်များ မြင့်တက်နေပါတယ်။
လက်ရှိစစ်ရေးအခြေအနေသည် တရုတ်၏ ဖိအားပေးမှုနှင့် နယ်စပ်ဒေသများတွင် ၎င်း၏ ထိန်းချုပ်မှုအောက်တွင် ရှုပ်ထွေးနေပြီး၊ မြန်မာ့တော်လှန်ရေးနှင့် နိုင်ငံသစ်တည်ဆောက်ရေးအတွက် စိန်ခေါ်မှုများစွာ ဆက်လက်ရှိနေကာ လူငယ်မျိုးဆက်တွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ ပြည်သူတွေ လိုလားတဲ့ နိုင်ငံသစ်ကို ကိုယ်စွမ်းကိုယ်စနဲ့သာ တည်ဆောက်ကြရမှာ ဖြစ်ကြောင်း သုံးသပ်ထားပါတယ်။
========================
🚩🚩 ၆။ တောင်သာမြို့နယ်က ရဲတပ်သား တစ်ဦး Myingyan Black Tiger တပ်ဖွဲ့ထံ လက်နက်နှင့်တကွ အလင်းဝင်
ဧပြီလ ၂၈ ရက်၊
Radio NUG
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် လက်အောက်ခံ ရဲတပ်သား တစ်ဦးဟာ Myingyan Black Tiger (MBT) တပ်ဖွဲ့ထံ အလင်းဝင်လာတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဧပြီလ ၂၆ ရက်နေ့မှာ အဆိုပါ ရဲတပ်သားဟာ လက်နက်နဲ့တကွ MBT တပ်ဖွဲ့ထံ ဆက်သွယ်ပူးပေါင်း အလင်းဝင်လာခဲ့တာလို့ ဆိုပါတယ်။
လက်နက်နှင့်တကွ ချိတ်ဆက် ပူးပေါင်းလာတဲ့ ရဲတပ်သားကို ဝမ်းမြောက်ဂုဏ်ယူစွာ ကြိုဆိုခဲ့ပြီး ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment