၂၀၂၅ ဧပြီလ ၃၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ငလျင်ဘေးသင့်ဒေသများသို့ ကျပ် ၃,၇၀၃ သန်းကျော် ထောက်ပံ့
📌 ၂။ တော်လှန်ရေးအတွက် သင့်တော်တဲ့နေရာဒေသအသီးသီးကနေ ပိုမိုအားထည့်ကြိုးစားပေးဖို့ အစိုးရအဖွဲ့ကို ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၃။ မြန်မာပြည်သူအပေါ် စစ်ကောင်စီအကြမ်းဖက်မှုများကို အာဆီယံအနေဖြင့် လျစ်လျူမရှုရန် NUG တိုက်တွန်း
📌 ၄။ စစ်ကိုင်းငလျင်ကြောင့် ပျက်စီးဆုံးရှုံးထိခိုက်မှုများအတွက် ယူနစ်လွှတ်တော်မှ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း၍ ကူညီ ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေဆွေးနွေး
📌 ၅။ တာချီလိတ်မြို့တွင် မိုးကြီးပြီး မယ်ဆိုင်ချောင်းရေလျှံ၊ ရပ်ကွက်အချို့ ရေကြီးမှုဖြစ်ပေါ်
📌 ၆။ ၂၀၂၄-၂၅ ပညာသင်နှစ်အတွက် ကော်သူးလေ အစိုးရစစ် စာမေးပွဲ ၁၂ တန်း အောင်စာရင်း ထုတ်ပြန်
📌 ၇။ PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာန၊ ဧပြီလအတွင်း ကျေးရွာ ၂၆ ရွာတွင် အသိပညာပေးလှုပ်ရှားမှု ပြုလုပ်
📌 ၈။ မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် Federation Of General Workers Myanmar (FGWM ) မှ ပြုလုပ်သော မေဒေးနေ့ အွန်လိုင်းကမ်ပိန်းလှုပ်ရှားတွင် ပါဝင်ကြရန်ဖိတ်ခေါ်
========================
၂၀၂၅ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ပခုက္ကူခရိုင်အတွင်းက ပကဖများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်
🚩 ၂။ ဗန်းမော် စကခ (၂၁) နဲ့ ခလရ (၄၇) တို့မှာ တိုက်ပွဲပြင်းထန်နေပြီး စကခ (၂၁) မှ တပ်မိသားစုဝင် (၁၀၀) ကျော် လက်နက်ချကြောင်း သတင်းထွက်ပေါ်
🚩 ၃။ မော်လမြိုင်-ရေး-ဘုရားသုံးဆူ လမ်းဆုံက သက္ကော ဂိတ်စခန်းကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ ၂ ဦးသေဆုံး
🚩 ၄။ တောင်ခမ်းကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး ၁၁ လုံးနှင့် လက်နက်ကြီး ၂၆ လုံး အသုံးပြုတိုက်ခိုက်
🚩 ၅။ ကလေးဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို Y-12 ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ
🚩 ၆။ ကျွန်းစုမြို့နယ်မှာ စစ်ရေးလှုပ်ရှားမှုများ ရှိနိုင်တာကြောင့် ပြည်သူများ သတိထားကြဖို့ အသိပေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ငလျင်ဘေးသင့်ဒေသများသို့ ကျပ် ၃,၇၀၃ သန်းကျော် ထောက်ပံ့
ဧပြီလ ၂၉ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနသည် ငလျင်ဘေးသင့်ဒေသများရှိ တိုင်းနှင့်ပြည်နယ်များသို့ စုစုပေါင်း ကျပ် ၃,၇၀၃,၉၅၂,၇၃၀ ကို ဧပြီ ၂၈ ရက်နေ့အထိ ထောက်ပံ့ပေးခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဝန်ကြီးဌာနသည် EOCC ၏ ခွင့်ပြုချက်ဖြင့် စစ်ကိုင်းတိုင်း မြေပြင်အုပ်ချုပ်ရေးအဖွဲ့ထံ ကျပ် ၅၉၉.၂ သန်း တိုက်ရိုက်ထောက်ပံ့ခဲ့ပြီး၊ ပြည်သူလှူဒါန်းမှုများထဲမှ ကျပ် ၂,၆၂၂.၃ သန်းကို ဌာနက တိုက်ရိုက်ထောက်ပံ့ကာ CSOs/CBOs များမှတစ်ဆင့် ချိတ်ဆက်ထောက်ပံ့မှုများ ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းတွင် အိမ်ထောင်စု ၄,၄၄၄ စုအတွက် ကျပ် ၁,၀၉၁.၆ သန်း၊ မန္တလေးတိုင်းတွင် အိမ်ထောင်စု ၇,၀၆၃ စုအတွက် ကျပ် ၁,၈၁၅.၈ သန်း၊
ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် အိမ်ထောင်စု ၁,၄၇၄ စုအတွက် ကျပ် ၂၂၀ သန်း၊ ပဲခူးတိုင်းတွင် အိမ်ထောင်စု ၁,၃၃၉ စု ကျပ် ၃၀၁.၈ သန်း၊
နေပြည်တော်တွင် အိမ်ထောင်စု ၉၁၁ စု ကျပ် ၂၇၄.၆ သန်း၊ စုစုပေါင်း မြို့နယ် ၄၆ ခုရှိ အိမ်ထောင်စု ၁၅,၂၃၁ စုသို့ ထောက်ပံ့မှုများ ပြုလုပ်ခဲ့ပြီး၊ ဒုက္ခသည်များထံ နေရာဒေသ မခွဲခြားဘဲ အကူအညီများ ရောက်ရှိစေရန် ဆက်လက်ကြိုးပမ်းလျက်ရှိတယ်လို့ သိရပါတယ်။
ဝန်ကြီးဌာနသည် ထောက်ပံ့ကူညီမှုများကို ဒုက္ခခံစားနေကြရသော ပြည်သူများထံ နေရာဒေသ မခွဲခြားဘဲ ရောက်ရှိအောင် ဆက်လက်ကြိုးစားဆောင်ရွက်နေပြီး အစောပိုင်းကာလ ပြန်လည်ထူထောင်မှုအချို့ စတင်နေကာ ပြည်သူ့အားဖြင့် အကောင်းဆုံးအကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၂။ တော်လှန်ရေးအတွက် သင့်တော်တဲ့နေရာဒေသအသီးသီးကနေ ပိုမိုအားထည့်ကြိုးစားပေးဖို့ အစိုးရအဖွဲ့ကို ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
ဧပြီလ ၂၉ ရက်
Radio NUG
တော်လှန်ရေးအတွက် သင့်တော်တဲ့ နေရာဒေသအသီးသီးကနေ ပိုမိုအားထည့် ကြိုးစားပေးဖို့ အစိုးရအဖွဲ့ကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ အစိုးရအဖွဲ့အစည်းအဝေး ၁၃/၂၀၂၅ တွင် ပြောကြားခဲ့သော ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်ကို ဝန်ကြီးချုပ်ဆိုရှယ်မီဒီယာတွင် ဖော်ပြပါတယ်။
"မိမိတို့ လက်ရှိယူထားတဲ့ တာဝန်တွေအရ ပြည်တွင်းရယ် ပြည်ပရယ်ဆိုတာထက် ဘယ်လိုနေရာမျိုးမှာ နေပြီး တာဝန်ထမ်းဆောင်ရင် တော်လှန်ရေးအတွက် ပိုမိုထိရောက်မလဲ၊ အကျိုးရှိမလဲ စဥ်းစားပြီး သင့်တော်တဲ့နေရာဒေသအသီးသီးကနေ ပိုမိုအားထည့် ကြိုးစားပေးစေချင်ပါတယ်"လို့ ပြောပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှ ပညာရေး၊ ကျန်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေစိုးဟာ တော်လှန်ရေးနယ်မြေအတွင်း ကျန်းမာစောင့်ရှောက်ရေး အလုပ်များကို လုပ်ဆောင်လျက်ရှိပါတယ်။
========================
📌📌 ၃။ မြန်မာပြည်သူအပေါ် စစ်ကောင်စီအကြမ်းဖက်မှုများကို အာဆီယံအနေဖြင့် လျစ်လျူမရှုရန် NUG တိုက်တွန်း
ဧပြီလ ၂၉ရက်
Radio NUG
မြန်မာနိုင်ငံပြည်သူလူထုအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များကို အာဆီယံအနေဖြင့် လျစ်လျူရှုမထားရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ဧပြီ ၂၉ ရက်နေ့တွင် ပြုလုပ်သည့် “ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ် - ၉/၂၀၂၅” တွင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“မြန်မာပြည်သူလူထုအပေါ် မအလနဲ့ စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေတာကို အာဆီယံအနေနဲ့ လျစ်လျူမရှုဖို့ အရေးကြီးပါတယ်။ အကြမ်းဖက်လုပ်ရပ်တွေကို လျစ်လျူရှုထားမယ်ဆိုရင် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတည်ငြိမ်မှု တည်ဆောက်တဲ့ လုပ်ငန်းစဥ်ကို ထိရောက်စွာ ကူညီပေးနိုင်မှာ မဟုတ်ပါဘူး ဆိုတာပြောကြားချင်ပါတယ်။ မြန်မာ့အကြပ်အတည်း ပြေလည်ဖို့အတွက် အကြမ်းဖက်စစ်အုပ်စုဟာ အဖြေမဟုတ်ဘူးဆိုတာ သိသာထင်ရှားနေပါတယ်။” လို့ ဦးကျော်ဇော်က ပြောကြားခဲ့ပါတယ်။
ထို့ပြင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ်နှင့် NUG ဝန်ကြီးချုပ်တို့ ၂၀၂၅ ခုနှစ် ဧပြီ ၁၈ ရက်တွင် တရားဝင်တွေ့ဆုံဆွေးနွေးခဲ့မှုနှင့် ပတ်သက်၍ NUG အနေဖြင့် တော်လှန်ရေးကာလ ၄ နှစ်အတွင်း အာဆီယံ၏ ပထမဆုံးတရားဝင် ဆက်သွယ်ဆွေးနွေးမှုကို ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။
စစ်ကောင်စီ၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ပိတ်ဆို့တားဆီးမှုများနှင့် နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများကို အနှောင့်အယှက်ပေးမှုများကိုလည်း ထောက်ပြပြစ်တင်ခဲ့ပြီး သဘာဝဘေးအန္တရာယ်များမှ အမြတ်ထုတ်ရန် ကြိုးပမ်းနေသည့် စစ်ကောင်စီ၏ လုပ်ရပ်များကို နိုင်ငံတကာ၊ ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများက သတိထားစောင့်ကြည့်ရန် တိုက်တွန်းခဲ့ပါတယ်။
NUG အနေဖြင့် အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအား မြန်မာ့အကြပ်အတည်းဖြေရှင်းရေးတွင် ပိုမိုထိရောက်သည့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် ဆက်လက်တောင်းဆိုထားပါတယ်။
========================
📌📌 ၄။ စစ်ကိုင်းငလျင်ကြောင့် ပျက်စီးဆုံးရှုံးထိခိုက်မှုများအတွက် ယူနစ်လွှတ်တော်မှ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း၍ ကူညီ ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေဆွေးနွေး
ဧပြီလ၊ ၂၉ရက်
Radio NUG
စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ တာဝန်ရှိသူများသည် ၂၀၂၅ခုနှစ်၊ဧပြီလ(၂၉)ရက်နေ့၊ (၁၀း၀၀)နာရီအချိန်တွင် Zoom Platform မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးပွဲတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ မြို့နယ်များ၏ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် ယူနစ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။
စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌမှ နှုတ်ခွန်းဆက်စကားနှင့် စစ်ကိုင်းငလျင်ကြောင့် ပျက်စီးဆုံးရှုံးထိခိုက်မှုများအတွက် ယူနစ်လွှတ်တော်မှ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း၍ ကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်(FSCC) နှင့် ညှိနှိုင်းဆောင်ရွက်ထားရှိမှုအခြေအနေနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
ထို့နောက် တက်ရောက်လာသော စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများကလည်း လက်ရှိရင်ဆိုင် ကြုံတွေ့ရနေရသော မြေပြင်လုပ်ငန်းများ ဖော်ဆောင်မှုဆိုင်ရာနှင့် ပတ်သက်သော စိန်ခေါ်မှုများ၊ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ အမြင်သဘောထားများနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။
========================
📌📌 ၅။ တာချီလိတ်မြို့တွင် မိုးကြီးပြီး မယ်ဆိုင်ချောင်းရေလျှံ၊ ရပ်ကွက်အချို့ ရေကြီးမှုဖြစ်ပေါ်
ဧပြီလ ၂၉ရက်
Radio NUG
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ထိုင်း-မြန်မာနယ်စပ်ဒေသရှိ တာချီလိတ်မြို့တွင် ဧပြီလ ၂၉ ရက် နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မယ်ဆိုင်ချောင်းရေလျှံမှုကြောင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
မွန်းလွဲ ၂ နာရီခန့်အထိ ရရှိသည့်သတင်းများအရ မယ်ဆိုင်ချောင်းဘေးရှိ ပုန်းထွန်ရပ်ကွက်တွင် ရေဝင်ရောက်မှု အများဆုံးဖြစ်ပြီး၊ အခြားရပ်ကွက်များသို့လည်း ရေများ ဆက်လက်စီးဝင်နေတယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM) ၏ သတိပေးချက်အရ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် တောင်ပိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း (အရှေ့ပိုင်း)၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် ကရင်နီပြည်နယ်တို့တွင် ယခုရက်ပိုင်းအတွင်း နေရာကွက်၍ မိုးကြီးနိုင်သည့်အပြင် နေ့အပူချိန်များ မြင့်တက်လာမှုကြောင့် မွန်းလွဲပိုင်းနှင့် ညနေပိုင်းများတွင် လေပြင်းတိုက်ခတ်မှု၊ မိုးတိမ်တောင်ကြီးများ ဖြစ်ပေါ်မှု၊ မိုးသီးကြွေကျမှု၊ လျှပ်စီးလက်မှုနှင့် မိုးကြိုးပစ်မှုစသည့် ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားပါတယ်။
========================
📌📌 ၆။ ၂၀၂၄-၂၅ ပညာသင်နှစ်အတွက် ကော်သူးလေ အစိုးရစစ် စာမေးပွဲ ၁၂ တန်း အောင်စာရင်း ထုတ်ပြန်
ဧပြီလ ၂၉ ရက်၊
Radio NUG
ကရင်အမျိုးသားအစည်းအရုံး (KNU) ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာနက ၂၀၂၄ - ၂၅ ပညာသင်နှစ်အတွက် ကော်သူးလေ ဗဟိုအစိုးရစစ် စာမေးပွဲ ၁၂ တန်း အောင်စာရင်းကို ထုတ်ပြန်လာပါတယ်။
၂၀၂၄ - ၂၅ ပညာသင်နှစ်အတွင်း ကျောင်း ၄၂ ကျောင်းမှ ကျောင်းသူ (၉၈၄) ဦး၊ ကျောင်းသား (၅၅၃) ဦး အထက်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆို ခဲ့ကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ အရပ်သား၊ စစ်တပ်ဟူ၍ မခွဲခြားဘဲ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပြည်သူများကို ဦးတည်တိုက်ခိုက်နေရာ ကျောင်းသား/သူ ဆရာ/မ များဟာလည်း ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ထိုသို့ အခက်အခဲများစွာကို တစ်နှစ်တာလုံး ဆိုးဝါးစွာ ကြုံတွေ့ခဲ့ရပေမယ့် ကျောင်းသား/သူများ၊ ဆရာ/ မများရဲ့ စိတ်ဓါတ်ခိုင်မာစွာ ကြံ့ကြံ့ခံပြီး ဇွဲ၊ လုံ့လနဲ့ ကြိုးစားခဲ့ကြကာ အစိုးရစစ် စာမေးပွဲကို ပြီးမြောက် အောင်မြင်ခဲ့ရာ ထပ်တူ ဝမ်းမြောက်ဂုဏ်ယူကြောင်း ဖော်ပြထားပါတယ်။
========================
📌📌 ၇။ PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာန၊ ဧပြီလအတွင်း ကျေးရွာ ၂၆ ရွာတွင် အသိပညာပေးလှုပ်ရှားမှု ပြုလုပ်
ဧပြီလ ၂၉ရက်
Radio NUG
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ၂၀၂၅ ခုနှစ် ဧပြီလအတွင်း မိုးမိတ်နှင့် မိုးကုတ်မြို့နယ်ရှိ ကျေးရွာပေါင်း ၂၆ ရွာတွင် ဒေသခံပြည်သူများထံ အသိပညာပေးလှုပ်ရှားမှုများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။
ဤလှုပ်ရှားမှုများကို မိုးမိတ်မြို့နယ်ရှိ ကျေးရွာ ၇ ရွာနှင့် မိုးကုတ်မြို့နယ်ရှိ ကျေးရွာ ၁၉ ရွာတို့တွင် ပြုလုပ်ခဲ့ပြီး၊ ဒေသခံပြည်သူ စုစုပေါင်း ၁၀၅၅ဦးအား အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
PSLF/TNLA ၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနသည် တအာင်းပြည်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုလျှော့ချရေး၊ စွမ်းရည်မြှင့်တင်ရေး၊ စည်းရုံးရေးလုပ်ငန်းများနှင့် အိမ်တွင်းဝင်ငွေလည်ပတ်မှု တိုးတက်စေရေးအတွက် လုပ်ငန်းစဉ်များ ချမှတ်ကာ အကောင်အထည်ဖော်လျက်ရှိတယ်လို့ သိရပါတယ်။
အဆိုပါလှုပ်ရှားမှုများသည် ဒေသခံအမျိုးသမီးများ၏ အခွင့်အရေးနှင့် လုံခြုံမှုကို မြှင့်တင်ရန် ရည်ရွယ်ထားပြီး၊ တအာင်းပြည်တွင် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန် ရည်မှန်းထားတယ်လို့ သိရပါတယ်။
========================
📌📌 ၈။ မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် Federation Of General Workers Myanmar (FGWM ) မှ ပြုလုပ်သော မေဒေးနေ့ အွန်လိုင်းကမ်ပိန်းလှုပ်ရှားတွင် ပါဝင်ကြရန်ဖိတ်ခေါ်
ဧပြီလ ၂၉ ရက်
Radio NUG
၂၀၂၅ ခုနှစ် ၊မေလ (၁ )ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားနေ့ မေဒေးနေ့တွင် မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် Federation Of General Workers Myanmar (FGWM ) မှ ပြုလုပ်သော မေဒေးနေ့ အွန်လိုင်းကမ်ပိန်းလှုပ်ရှားတွင် ပါဝင်ကြရန် မြန်မာပြည်မှ အလုပ်သမား ညီကို မောင်နှမများ၊ နိုင်ငံတကာရောက် အလုပ်သမားညီကိုမောင်နှမများနှင့် ပြည်သူလူထုအား နှိုးဆော်တိုက်တွန်းလိုက်ရပါတယ်လို့ ဖော်ပြပါတယ်။
မိမိတို့ကြိုက်နှစ်သက်ရာ စာသားများကို စာရွက်အဖြူပေါ်တွင် ရေးသားပြီး လက်တစ်ဖက်မှ လက်သီးဆုပ်၍ လက်ထောင်ပြီး ဓာတ်ပုံရိုက်ကာ အဆိုပါဓာတ်ပုံများကို Facebook စာမျက်နှာတွင်လည်းကောင်း ၊ FGWM ၏ Facebook စာမျက်ကို ဆက်သွယ်ပေးပို့၍လည်းကောင်း ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။
၁၃၅ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ မေဒေးနေ့တွင် ပိုမိုကောင်းမွန်သော အနာဂတ်အတွက် စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ခဲ့သော နိုင်ငံတကာအလုပ်သမားထုနှင့် ပြည်တွင်းပြည်ပရှိ အလုပ်သမားထုကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ တော်လှန်ရေး အဆက်ဆက်တွင် အသက်ပေးသွားခဲ့ရသော အလုပ်သမားများ၊ ဖမ်းဆီးထောင်ကျခံနေရသော အလုပ်သမားရဲဘော်များ၏ စွန့်လွတ်အနစ်နာခံမှုများအတွက် မော်ကွန်းတင်နိုင်ရန်အတွက်သော်လည်းကောင်း ကမ္ဘာအလုပ်သမားနေ့ မေဒေးနေ့ အခမ်းအနားကို နှစ်စဥ်မေလ (၁ ) ရက်နေ့တွင် ကျင်းပရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ပခုက္ကူခရိုင်အတွင်းက ပကဖများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်
ဧပြီလ ၂၉ ရက်၊
Radio NUG
မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ရေစကြို၊ ပေါက်နဲ့ မြိုင် မြို့နယ်များမှ ပကဖအဖွဲ့များ စစ်ရေးကိစ္စအရဖြစ်စေ၊ အပြန်အလှန် လိုအပ်ချက်များကို ကူညီပံ့ပိုး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဧပြီလ ၂၉ ရက်မှာ သဘောထား ထုတ်ပြန်လာပါတယ်။
မြို့နယ်၊ ဇုန်၊ တိုက်နယ်၊ ရပ်ကျေး ပကဖ အဖွဲ့များအနေဖြင့် စစ်ရေး ကိစ္စရပ်များအရ ဖြစ်စေ၊ နယ်မြေအတွင်းက အဖွဲ့အစည်း အချင်းချင်း သင့်မြတ်ကောင်းမွန်စွာ ရေရှည် ဆက်ဆံနိုင်ရေးနှင့် အပြန်အလှန် လိုအပ်ချက်များကို ကူညီပံ့ပိုး ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်အတွင်းမှ မြို့နယ် ပ.က.ဖ တာဝန်ခံများ မြေပြင်မှာ မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
မြေပြင်မှာ တွေ့ကြုံနေရတဲ့ ပကတိ အခက်အခဲများအပေါ် နိုင်ငံရေး၊ စစ်ရေး၊ နယ်မြေလုံခြုံရေးနှင့် ဒေသတွင်းမှာ တော်လှန်ရေး အားကောင်းစေရန်အတွက် စိတ်တူကိုယ်တူ တစ်သားတည်း လက်တွဲညီစွာ ဆောင်ရွက်သွားမယ်လို့ အသိပေး ဖော်ပြထားပါတယ်။
========================
🚩🚩 ၂။ ဗန်းမော် စကခ (၂၁) နဲ့ ခလရ (၄၇) တို့မှာ တိုက်ပွဲပြင်းထန်နေပြီး စကခ (၂၁) မှ တပ်မိသားစုဝင် (၁၀၀) ကျော် လက်နက်ချကြောင်း သတင်းထွက်ပေါ်
ဧပြီလ ၂၉ ရက်၊
Radio NUG
ကချင်ပြည်နယ်၊ ဗန်းမော်မြို့က သိမ်းပိုက်ဖို့ ကျန်ရှိနေတဲ့ စကခ (၂၁) နဲ့ ခလရ (၄၇) တို့မှာ တိုက်ပွဲများ ပြင်းထန်နေပြီး စကခ (၂၁) က တပ်မိသားစုဝင် (၁၀၀) ကျော် လက်နက်ချခဲ့ကြောင်း သတင်းထွက်ပေါ် နေပါတယ်။
ဧပြီလ ၂၅ ရက်နေ့မှာ KIA ပူးပေါင်းတပ်တွေက တကျော့ပြန် တိုက်ပွဲ ပြန်လည်စတင်ခဲ့ပြီးတဲ့နောက်မှာ စကခ (၂၁)၊ ခလရ (၄၇) ၊ စုပေါင်းရုံး၊ စည်ပင်ရုံး၊ Win Light Hotel၊ ကန်ဦးကျောင်း၊ အထက (၁) နဲ့ Galaxy KTV တို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင် တိုက်ခိုက်နေကာ တိုက်ပွဲများ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ KIA ပူးပေါင်းတပ်တွေက စကခ (၂၁) တပ်ရင်းကို အပြီးသတ် သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စကခ ၂၁ တပ်ရင်းထဲက ဗဟိုကင်းအထိ တိုက်ခိုက်နေဆဲ ဖြစ်တယ်လို့ Kachin News Group ဖော်ပြထားပါတယ်။
တဖက်မှာလည်း စစ်ကောင်စီတပ်တွေက ဗန်းမော်မြို့ လက်မလွှတ်ရရေးအတွက် လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ဧပြီလ ၂၉ ရက်နေ့မှာ စစ်ကောင်စီရဲ့ စကခ (၂၁) တပ်ရင်းထဲက တပ်မိသားစုဝင် ၁၀၀ ကျော်ဟာ KIA နဲ့ ပူးပေါင်း တပ်တွေထံ လက်နက်ချ ခဲ့တယ်လို့ သတင်းထွက်ပေါ်နေပြီး သီးခြား အတည်ပြု နိုင်ခြင်းတော့ မရှိသေးပါဘူး။
ဗန်းမော်မြို့ကို ၂၀၂၄ ဒီဇင်ဘာ လကုန်ပိုင်းမှာ မြို့သိမ်းတိုက်ပွဲ စတင်ခဲ့တာဖြစ်ပြီး ငလျင်ဘေးသင့်ချိန်မှာ ဧပြီလ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ KIA ပူးပေါင်းတပ်တွေဘက်က ယာယီထိုးစစ် ရပ်နားခဲ့ကြကာ ယခုအချိန်မှာ တကျော့ပြန်တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
========================
🚩🚩 ၃။ မော်လမြိုင်-ရေး-ဘုရားသုံးဆူ လမ်းဆုံက သက္ကော ဂိတ်စခန်းကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ ၂ ဦးသေဆုံး
ဧပြီလ ၂၉ ရက်၊
Radio NUG
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ မော်လမြိုင်-ရေး-ဘုရားသုံးဆူ လမ်းဆုံက စစ်ကောင်စီရဲ့ သက္ကောဂိတ် တပ်စခန်းကို ဝင်ရောက်ပစ်ခတ် ခဲ့တယ်လို့ ရာမည စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
ဧပြီလ ၂၉ ရက် နေ့လည် ၁ နာရီ အချိန်မှာ သက္ကောဂိတ် တပ်စခန်းကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်ကလည်း ၁၂၀ မမ၊ ၄၀ မမ အပါအဝင် လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကာ ၁၀ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၂ ဦး သေဆုံးပြီး ၅ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ရာမည စစ်ကြောင်းဘက်က ထိခိုက်မှု တစုံတရာ မရှိခဲ့ဘူးလို့ သိရပါတယ်။
ရာမည စစ်ကြောင်းကို မွန်တော်လှန်ရေးတပ်တွေဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက်ဖျက်ရေး (NMSP-AD) ၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) နဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့က ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ပူးတွဲဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၄။ တောင်ခမ်းကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး ၁၁ လုံးနှင့် လက်နက်ကြီး ၂၆ လုံး အသုံးပြုတိုက်ခိုက်
ဧပြီလ ၂၉ရက်
Radio NUG
နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာအနီးရှိ (၉၀၂) တပ်စခန်းအနီးတွင် ဧပြီလ ၂၉ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး ၁၁ လုံးနှင့် လက်နက်ကြီး (120MM) ၂၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLAမှ သတင်းထုတ်ပြန်ပါတယ်။
ဧပြီလ ၂၉ရက် နံနက် ၈:၀၀ နာရီမှ ညနေ ၃:၄၀ နာရီအထိ စစ်ကောင်စီတပ်သည် (၉၀၂) နှင့် (၄၅၃) တပ်စခန်းများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် အဆိပ်ငွေ့ဗုံးများ လေကြောင်းမှ ကြဲချတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သည် အပစ်ရပ်စဲရေးကာလကို ဧပြီလကုန်အထိ ထပ်မံတိုးမြှင့်ထားသော်လည်း၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အုပ်ချုပ်သည့် မြို့နယ်များတွင် စစ်အင်အားဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် တိုက်ပွဲမရှိသည့် နေရာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများ ဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်။
========================
🚩🚩 ၅။ ကလေးဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို Y-12 ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ
ဧပြီလ ၂၉ရက်၊
RadioNUG
ဧပြီလ ၂၉ ရက် မွန်းလွဲပိုင်းတွင် ကလေးဝမြို့နယ်အတွင်းရှိ ကျွဲနန်ရွာ၊ ဆင်ခေါင်းရွာနှင့် ဂဇက်ရွာတို့ကို Y-12 လေယာဉ်ဖြင့် ဗုံးသီးများချကာ အကြောင်းမဲ့ တိုက်ခိုက်ခဲ့ကြောင်း Kalewa People Defence Organization မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျွဲနန်ရွာနှင့် ဂဇက်ရွာမှ အရပ်သားပြည်သူများထဲမှ အသက် ၅၈ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၅၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
ထို့ပြင် ဒဏ်ရာရရှိသူ ၃ ဦးရှိပြီး နေအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရပါတယ်။
========================
🚩🚩 ၆။ ကျွန်းစုမြို့နယ်မှာ စစ်ရေးလှုပ်ရှားမှုများ ရှိနိုင်တာကြောင့် ပြည်သူများ သတိထားကြဖို့ အသိပေး
ဧပြီလ ၂၉ ရက်၊
Radio NUG
တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားများ ရှိနိုင်တာကြောင့် ဒေသခံ မိဘပြည်သူများ သတိထား ရှောင်ရှားကြဖို့နဲ့ တိုက်ပွဲ ဖြစ်ပွားပါက လုံခြုံသော နေရာများတွင်သာ နေထိုင်ကြဖို့ အသိပေး ထုတ်ပြန်ထားပါတယ်။
ကျွန်းစုမြို့နယ်ထဲက ကဘင်အုပ်စု - မိုင်းတွေး ကျေးရွာ၊ ဘန္ဒနဲအုပ်စု - ရှောင်တာမော် ကျေးရွာ၊ ကျွဲခရံ အုပ်စု - ပဲ့တိုင်၊ ယမုံ၊ ဘုရားထွက်၊ သင်္ကန်းရှောင်၊ သဇင် စတဲ့ ကျေးရွာများမှာ ကျွန်းစုမြို့နယ် ပကဖ နဲ့ တနင်္သာရီမြို့နယ် ပကဖ အဖွဲ့များ ပူးပေါင်းပြီး စစ်ရေး လှုပ်ရှားမှုများ ရှိနိုင်တယ်လို့ အသိပေးထားတာ ဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment