၂၀၂၅ ဧပြီလ ၂၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့မှ ပြန်လည်ဆုတ်ခွာခဲ့ရသည့်အတွက် များစွာဝမ်းနည်းရပြီး ရှစ်လအတွင်း လူနာပေါင်း (၉၅,၂၅၈)ဦး ဆေးကုသမှု ပေးနိုင်ခဲ့ဟု MNDAAထုတ်ပြန်
📌 ၂။ ကျောက်ဆည်မြို့အရှေ့တောင်ဘက် ၁၉ ကီလိုမီတာအကွာကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၀ အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်
📌 ၃။ တနင်္သာရီဒေသ စစ်ဘေးရှောင် ပြည်သူများကို ဆန်နှင့် ထောက်ပံ့ငွေများ လှူဒါန်း
📌 ၄။ မိုးတွင်းကာလ အရေးပေါ် ရိက္ခာအတွက် တော်ဝင်ဒေါင်းတပ်ရင်း အကူအညီတောင်းခံ
========================
၂၀၂၅ ခုနှစ် ဧပြီလ ၂၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ စစ်ကောင်စီရဲ့ စကစ ၂၁ မှ ကာကင်း ၅ နေရာထက်မနည်း KIA ပူးပေါင်းတပ်ဖွဲ့များမှ သိမ်းပိုက်ရရှိထား
🚩 ၂။ ကပစ (၁၃) အား ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုအတွင်း အရာရှိ ၃ ဦး အပါအဝင် ၁၅ ဦး ပြင်းထန်ဒဏ်ရာရ
🚩 ၃။ ခမရ (၅၈၈) ကို ၁၀၇ မမ ပူးပေါင်းတပ်များက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်
🚩 ၄။ စလင်းမြို့အနောက်က စစ်ကောင်စီဂိတ်စခန်းကို တိုက်ခိုက်ရာ စစ်သားနှင့် ပျူစောထီး ၈ ဦး သေဆုံး
🚩 ၅။ မြင်းခြံ၊ ထိန်ပန်းကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးများ ကြဲချခဲ့ရာ အရပ်သား ၄ ဦး သေဆုံး
🚩 ၆။ ကျောက်မဲမှာ စစ်ကျန် လက်နက်ကြီး ပေါက်ကွဲမှု ဖြစ်ပွားပြီး ၈ နှစ်အရွယ် ကလေးငယ် တစ်ဦး သေဆုံး
🚩 ၇။ အပစ်ရပ် ကာလအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် KNU နယ်မြေမှာ ကိုရင် ၁ ပါးနဲ့ အရပ်သား ၁၉ ဦး သေဆုံးခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့မှ ပြန်လည်ဆုတ်ခွာခဲ့ရသည့်အတွက် များစွာဝမ်းနည်းရပြီး ရှစ်လအတွင်း လူနာပေါင်း (၉၅,၂၅၈)ဦး ဆေးကုသမှု ပေးနိုင်ခဲ့ဟု MNDAAထုတ်ပြန်
ဧပြီလ ၂၆ရက်
Radio NUG
အထူးဒေသကျန်းမာရေးဌာန၏ လမ်းညွှန်ချက်များအရ အထူးဒေသ(၁) ကျန်းမာရေးဝန်ထမ်းများသည် လားရှိုးပြည်သူ့ဆေးရုံကြီးတွင် ရှစ်လတာ ကာလအတွင်း အပြင်လူနာ၊ အတွင်းလူနာ စုစုပေါင်း (၉၅,၂၅၈)ဦး ဆေးကုသမှုပေးနိုင်ခဲ့ကြောင်း MNDAAမှ သတင်းထုတ်ပြန်ပါတယ်။
လားရှိုးမြို့သိမ်းတိုက်ပွဲ အောင်မြင်ပြီး တစ်ပတ်အကြာတွင် ပထမဆုံးအနေဖြင့် (၁၀.၈.၂၀၂၄) ရက်နေ့တွင် ကျန်းမာရေးကဏ္ဍကို အောင်မြင်စွာ စတင် လည်ပတ်နိုင်ခဲ့ပြီး စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ၊ ပြန်လည်ထူထောင်ရေးကာလ၏ အခက်အခဲ စိန်ခေါ်မှုများစွာကြားမှ ကျန်းမာရေးဝန်ထမ်းများ၊ ကျွမ်းကျင်ပညာရှင်များဖြင့် ဟန်ချက်ညီစွာ လည်ပတ်ခဲ့ကာ ကျန်းမာရေးကဏ္ဍဆိုင်ရာ လုပ်ငန်းစဉ်များစွာကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ငှက်ဖျားကာကွယ်ရေးလုပ်ငန်းစဉ်များ၊ မွေးကင်းစမှငါးနှစ်အောက် ကလေးငယ်တိုင်း ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးနိုင်ရေး၊ လည်ပင်းကြီးရောဂါ အခမဲ့ ခွဲစိတ်ကုသပေးခြင်း၊ မျက်စိအတွင်းတိမ် အခမဲ့ ခွဲစိတ်ကုသပေးခြင်း၊ ခြေတု လက်တု အခမဲ့တပ်ဆင်ပေးခြင်းစသည့် လုပ်ငန်းစဉ်များအပြင် အခြားသော ကျန်းမာရေးလုပ်ငန်းစဉ်များစွာကို ပြည်သူများအတွက် အကောင်းဆုံးဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
လူမှုကွန်ရက်စာမျက်နှာများပေါ်မှ ဆေးကုသစရိတ်ကြီးမြင့်ခြင်း ဝေဖန်ချက်များအပေါ် ဆေးရုံတာဝန်ရှိသူတစ်ဦးက "အရင်က ပါရာစီတမောတစ်ကဒ် (၁၀၀၀)လောက်ပဲ ရှိခဲ့ရာကနေ အခုလက်ရှိဈေး နှစ်ဆလောက် ခုန်တက်သွားတာကို ကြည့်ပြီး အရင်က ဆေးရုံစရိတ်နဲ့ အခုမတူနိုင်တော့တာလေး ထည့်တွေးကြည့်ကြစေချင်ပါတယ်ဗျာ၊ မြို့သိမ်းတိုက်ပွဲပြီးလို့ ဆေးရုံစဖွင့်မယ်လုပ်တော့ သုညကနေ စခဲ့ကြရတာပါ၊ အပျက်အစီး၊ အပျောက်အဆုံးတွေကြားကနေ ပြန်လည်စတင်လည်ပတ်ခဲ့ကြရတာပါ၊ ပိတ်ဆို့နေတဲ့ လမ်းကြောင်းတွေကြားကနေ ဆေးဝါးပစ္စည်းကိရိယာတွေကို မရရအောင် ဖန်တီးယူပြီး ပြည်သူတွေအတွက် ကျန်းမာရေးကဏ္ဍကို အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ဆောင်ခဲ့ကြပါတယ်၊ အဲ့ဒီအတွက် ဆေးရုံဘတ်ဂျက်ကနေ သိန်းပေါင်း သိန်းချီပြီး အရှုံးပေါ်ခဲ့ပေမဲ့ ကျန်းမာရေးကဏ္ဍကို အကောင်းဆုံးဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်" လို့ ပြောကြားထားပါတယ်။
ထို့အပြင် နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့မှ ပြန်လည်ဆုတ်ခွာခဲ့ရသည့်အတွက်လည်း များစွာဝမ်းနည်းရပါကြောင်း ကျန်းမာရေးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောကြားထားပါတယ်။
သတင်းဌာနများစွာမှ ရေးသားဖော်ပြဝေဖန်ခဲ့သည့် ဆေးရုံရှိ စက်ပစ္စည်းများစွာအား ယူဆောင်သွားခဲ့သည့် အကြောင်းအရာအပေါ် ဆေးရုံတာဝန်ရှိသူတစ်ဦးက " အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောချင်တာ ကျွန်တော်တို့ ဆေးရုံပိတ်ရတဲ့ ရက်နဲ့ စစ်ကောင်စီက ပြန်လည်တာဝန်ယူမယ့်ရက်က တစ်ပတ်လောက် ကွာနေပါတယ်၊ ဥပမာတစ်ခုပြောရရင် ကျောက်ကပ်ဆေးတဲ့စက်ကို ယူသွားရတဲ့ အကြောင်းအရင်းပါ၊ ဆေးရုံမှာ ကျောက်ကပ်လာဆေးနေတဲ့ လူနာများစွာရှိပါတယ်၊ တစ်ပတ်ကို ကျောက်ကပ်ဆေးလူနာ (၅၀)ဦးရှိပြီး တစ်ပတ်အတွင်း ကျောက်ကပ်မဆေးရရင် အသက်ဆုံးရှုံးနိုင်တဲ့ လူနာတွေလည်း ရှိပါတယ်၊ အဲ့ဒါကြောင့် ကျောက်ကပ်ဆေးတဲ့ စက်ကို လမ်းခရီးအနီးဆုံးဖြစ်တဲ့ သိန္နီဆေးရုံကြီးမှာ ရွှေ့ပြောင်းထားခဲ့တာ ဖြစ်ပါတယ်၊ ပြီးတော့ အရေးတကြီးလိုအပ်တဲ့ စက်ပစ္စည်း၊ ဆေးဝါး ၂၀%လောက်ဘဲ ယူသွားခဲ့တာပါ၊ ပြည်သူတွေကို အကောင်းဆုံးလုပ်ပေးခဲ့တဲ့အပေါ် ကျေနပ်အားရပေမယ့် နိုင်ငံရေးအရ အခုလိုမဖြစ်မနေ ထားခဲ့ရတာကို စိတ်မကောင်းဖြစ်မိပါတယ်" လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။
========================
📌📌 ၂။ ကျောက်ဆည်မြို့အရှေ့တောင်ဘက် ၁၉ ကီလိုမီတာအကွာကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၀ အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်
ဧပြီလ ၂၆ရက်
Radio NUG
ဧပြီလ ၂၆ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၀၈ : ၅၃ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ အရှေ့တောင်ဘက် ၁၉ ကီလိုမီတာအကွာကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၀ အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ ရက်နေ့မှ ဧပြီ၂၅ ရက်နေ့အထိ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့အနီး ကိုသြဒိနိတ်အမှတ်များတွင် အင်အားအနည်းငယ်မှ အင်အားအသင့်အတင့်ရှိသည့် ငလျင်ငယ်စုစုပေါင်း (၁၁)ကြိမ် လှုပ်ခတ်ခဲ့သည်ကို တွေ့ရှိရတာကြောင့် အဆိုပါဒေသ အနီးတဝိုက်ရှိ ဒေသခံပြည်သူများအနေဖြင့် သိရှိသတိပြုနိုင်ပါရန် ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၃။ တနင်္သာရီဒေသ စစ်ဘေးရှောင် ပြည်သူများကို ဆန်နှင့် ထောက်ပံ့ငွေများ လှူဒါန်း
ဧပြီလ၂၆ရက်
Radio NUG
တနင်္သာရီဒေသ စစ်ဘေးရှောင် ပြည်သူများကို Nway Oo Fighters တော်လှန်ရေးအဖွဲ့က ငွေကျပ် သိန်း ၁၁၀ ကို နွေဦးမေတ္တာက တစ်ဆင့် စစ်ဘေးရှောင်ပြည်သူများကို လှူဒါန်းခဲ့ကြာင်း သိရရှိရပါတယ်။
အဆိုပါ စခန်း စစ်ဘေးရှောင် ၂၀၀၀ ကျော်ခန့်ရှိနေပြီး မွေးနေ့အမှတ်တရ မုန့်တီကျွေးခြင်းနှင့် သက်ကြီးရွယ်အိုများကို တစ်ဦးလျှင် ၅ သောင်းကျပ်နှုန်းဖြင့် ကန်တော့ခြင်း၊ ဆန်ထောက်ပံ့ခြင်းတို့ကို ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၄။ မိုးတွင်းကာလ အရေးပေါ် ရိက္ခာအတွက် တော်ဝင်ဒေါင်းတပ်ရင်း အကူအညီတောင်းခံ
ဧပြီလ ၂၆ ရက်၊
Radio NUG
တော်ဝင်ဒေါင်းတပ်ရင်း (Royal Peacock Column P29913) က မိုးတွင်း စစ်ဆင်ရေး ကာလအတွင်း အသုံးပြုရန် လိုအပ်တဲ့ ရိက္ခာ၊ စက်သုံးဆီနဲ့ အခြား လိုအပ်ချက်များအတွက် ပါဝင်အားဖြည့် ကူညီပေးကြဖို့ နှိုးဆော်ထားပါတယ်။
တော်ဝင်ဒေါင်း တပ်ရင်းဟာ ပဲခူးတိုင်းနဲ့ စစ်တောင်းမြစ်ဝှမ်း ဒေသအတွင်း စစ်ဆင်ရေး တာဝန်များကို ဆောင်ရွက်နေတာ ဖြစ်ပြီး မိုးတွင်းကာလ မတိုင်မှီ အရေးပေါ် လိုအပ်ချက်များအတွက် သိန်း (၃၀၀) ကျပ်ခန့် လိုအပ်နေတယ်လို့ ဆိုပါတယ်။
မိုးတွင်းကာလ စစ်ဆင်ရေးများနှင့် လမ်းခရီး ခက်ခဲသော အချိန်ကာလများ မရောက်မှီ မိဘပြည်သူများအနေဖြင့် တပ်ရင်းရဲ့ အခြေခံ ရိက္ခာဆန်နဲ့ စက်သုံးဆီ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် ပါဝင် ကူညီကြဖို့ တိုက်တွန်း နှိုးဆော်ထားတာ ဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ စစ်ကောင်စီရဲ့ စကစ ၂၁ မှ ကာကင်း ၅ နေရာထက်မနည်း KIA ပူးပေါင်းတပ်ဖွဲ့များမှ သိမ်းပိုက်ရရှိထား
ဧပြီလ ၂၆ရက်
Radio NUG
ဗန်းမော်မြို့ရှိ စကစတပ်များ တပ်စွဲထားသော နေရာများနှင့် စစ်စခန်းများ တည်ရှိရာ နေရာများအား တော်လှန်ရေးတပ်များမှ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေတယ်လို့ Banmaw Scout Team ထံမှ သိရပါတယ်။
ဧပြီလ ၂၆ရက် မနက်ခင်းပိုင်းတွင် စကစ ၂၁ မှ ကာကင်း ၅ နေရာထက်မနည်း သိမ်းပိုက်ရရှိထားပြီး ဗန်းမော်မြို့ထဲ စကစတပ်စွဲထားရာ နေရာအချို့ကိုလည်း ထပ်မံသိမ်းဆည်းရရှိထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်မှ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများဖြင့် အပြင်းအထန်ခုခံနေသည့်အတွက် နှစ်ဖက်အထိအခိုက် များတယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ရာနေရာများနှင့် နီးစပ်သည့်နေရာများမှာ နေအိမ်အပျက်အစီး အထိအခိုက်များပြီး အရပ်သားထိခိုက်မှု တချို့ရှိတယ်လို့ သိရကာ အတည်ပြုရန်ခက်ခဲနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ ကပစ (၁၃) အား ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုအတွင်း အရာရှိ ၃ ဦး အပါအဝင် ၁၅ ဦး ပြင်းထန်ဒဏ်ရာရ
ဧပြီလ ၂၆ ရက်၊
Radio NUG
မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့ရှိ စစ်ကောင်စီရဲ့ ကပစ (၁၃) စက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှုအတွင်း အရာရှိ ၃ ဦး အပါအဝင် ၁၅ ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့တယ်လို့ Brave Warrior Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဧပြီလ ၂၅ ရက်နေ့က ကပစ - ၁၃ စက်ရုံကို BWM နှင့် မဟာမိတ် အဖွဲ့များက ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်ခဲ့တာဖြစ်ပြီး စက်ရုံဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးသီးများဟာ Primer Workshop အတွင်း ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ကာ Chemical Shop တစ်လုံး ထိမှန်ပျက်စီးပြီး မီးလောင်ခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ဂါလံ ၅ဝဝဝ ဆန့် မီးထိုးဆီ (Fire Oil) သိုလှောင်ကန်လည်း မီးလောင်ပျက်စီးခဲ့ကာ အရာရှိ ၃ ဦး နဲ့ စစ်သည် ၁၂ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။
ဒဏ်ရာရ စစ်သည် ၁၂ ဦးအနက် ၅ ဦးဟာ သေဆုံးသွားခဲ့ပြီး ကျန်ဒဏ်ရာရ အရာရှိ၊ စစ်သည်များအား တဆရ ၁၆/၁၀၀ မကွေးကို ဆက်လက်ပို့ဆောင်ထားတယ်လို့ ကနဦး စုံစမ်းသိရှိရကြောင်း ဖော်ပြထားပါတယ်။
========================
🚩🚩 ၃။ ခမရ (၅၈၈) ကို ၁၀၇ မမ ပူးပေါင်းတပ်များက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်
ဧပြီလ ၂၆ ရက်၊
Radio NUG
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာ ရှိ စစ်ကောင်စီရဲ့ ခမရ (၅၈၈) တပ်ရင်းကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ မွန်ပြည် တော်လှန်ရေးတပ် (MSRF) က ထုတ်ပြန်ထားပါတယ်။
ဧပြီလ ၂၄ ရက်နေ့ နေ့လည် ၁ နာရီခွဲ ခန့်မှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ၃ လုံးက သတ်မှတ်ထားတဲ့ ပစ်မှတ်ကို ထိမှန်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ အထိခိုက်မရှိ ပြန်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ စစ်ဆင်ရေးကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့်အတူ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့ (NMSP - AD) ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (ဒေါနတပ်ရင်း) တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ စလင်းမြို့အနောက်က စစ်ကောင်စီဂိတ်စခန်းကို တိုက်ခိုက်ရာ စစ်သားနှင့် ပျူစောထီး ၈ ဦး သေဆုံး
ဧပြီလ ၂၆ရက်
Radio NUG
ဧပြီလ ၂၆ ရက်၊ မနက်အစောပိုင်းတွင် စလင်းမြို့အနောက်ဘက်အထွက် ဝက်သည်းကန်အနီးမှာရှိတဲ့ စစ်အုပ်စုဂိတ်စခန်းကို PDF နဲ့ ပကဖ ပူးပေါင်းတပ်တွေက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့် အပြန်အလှန် ထိတွေ့မှုဖြစ်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၅တပ်ရင်းထံမှ သတင်းရရှိပါတယ်။
မင်းဘူးခရိုင် အမှတ် - ၅ တပ်ရင်းနဲ့အတူ မကွေးတိုင်း ပကဖစစ်ကြောင်း Yenanthar Column တို့က မီတာ ၃၀လောက်ကနေ RPG တွေနဲ့ ရှေးဦး ပစ်ခတ်ရင်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်နေချိန် ရှမ်းရွာကုန်းဘက်ကနေ စစ်အုပ်စုက လက်နက်ကြီး ၆၀ မမတွေနဲ့ ပစ်ခတ်တာကြောင့် အထိအခိုက်မရှိအောင် လက်နက်ကောက်ချိန်မရပဲ ပြန်လည် ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ မြင်းခြံ၊ ထိန်ပန်းကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးများ ကြဲချခဲ့ရာ အရပ်သား ၄ ဦး သေဆုံး
ဧပြီလ ၂၆ ရက်၊
Radio NUG
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ထိန်ပန်းကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ဧပြီလ ၂၅ ရက် နေ့လည်ပိုင်းမှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းနဲ့ နေအိမ် ၈ လုံး ထိခိုက်ပျက်စီးခဲ့ပြီး မိသားစုဝင် ၄ ဦး သေဆုံးခဲ့ကာ တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ထိန်ပန်းကျေးရွာကို ဗုံးကြဲခဲ့တဲ့အပြင် အညာဒေသ တော်လှန်ရေး အင်အားစုရဲ့ စခန်းပတ်ဝန်းကျင်ရှိရာကိုလည်း ပွိုင့်ဖိုက် စစ်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ကာ လယ်သစ် ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကလည်း လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း အညာဒေသ တော်လှန်ရေး အင်အားစု စခန်းအနည်းငယ် ထိခိုက်ပျက်စီးခဲ့ပြီး ရဲဘော်တွေ ထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၆။ ကျောက်မဲမှာ စစ်ကျန် လက်နက်ကြီး ပေါက်ကွဲမှု ဖြစ်ပွားပြီး ၈ နှစ်အရွယ် ကလေးငယ် တစ်ဦး သေဆုံး
ဧပြီလ ၂၆ ရက်၊
Radio NUG
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ကြူရှောကျေးရွာအုပ်စု၊ ပန်ဆန်ကျေးရွာမှာ စစ်လက်နက် ကြွင်းကျန် လက်နက်ကြီးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ၈ နှစ်အရွယ် ကလေးငယ် တစ်ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ Ta'ang Women's Organization က ထုတ်ပြန်ထားပါတယ်။
ဧပြီလ ၂၄ ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် မိခင်နှင့်အတူ လက်ဖက်ခူး ပြန်လာတဲ့ လမ်းမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီး တစ်လုံးကို ကလေးတွေ ကောက်ယူဆော့ကစားမိရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ပေါက်ကွဲမှုကြောင့် အသက် ၈ နှစ်အရွယ် မိုင်းဇော်မင်းကို ပွဲချင်းပြီး သေဆုံးသွားခဲ့ကာ အသက် ၁၁ နှစ် အရွယ် ကိုရင်တစ်ပါးနဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ် ၃ ဦး အသီးသီး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရခဲ့သူတွေထဲက ကိုရင်လေးဟာ ခြေနှစ်ဖက်လုံး ဒဏ်ရာပြင်းထန်ခဲ့ပြီး စတီးထည့် ကုသရမည် ဖြစ်သောကြောင့် ဆေးကုသရန် ငွေကြေး အခက်အခဲ ရှိနေတယ်လို့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဒေသခံ ဦးဇင်းတစ်ပါးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှ ၂၀၂၂ နှစ်ဆန်းပိုင်းအထိ ကြူရှော၊ ဟူးကွက်နှင့် ချုံးသစ်/ဟောင်း ကျေးရွာအုပ်စုတို့မှာ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ယနေ့ထိတိုင် လက်နက်ကြွင်းကျန် ပစ္စည်းများနဲ့ မြေမြှပ် မိုင်းများကို မရှင်းလင်းရသေးတဲ့ ဒေသဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ အပစ်ရပ် ကာလအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် KNU နယ်မြေမှာ ကိုရင် ၁ ပါးနဲ့ အရပ်သား ၁၉ ဦး သေဆုံးခဲ့
ဧပြီလ ၂၆ ရက်၊
Radio NUG
စစ်ကောင်စီက အပစ်အခတ် ရပ်စဲရေး ကြေညာထားတဲ့ ကာလအတွင်း လက်နက်ကြီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် ခဲ့တာကြောင့် KNU အုပ်ချုပ်နယ်မြေအတွင်း ကိုရင် တစ်ပါးနဲ့ အရပ်သား ၁၉ ဦး သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
အပစ်ရပ် ကြေညာထားတဲ့ ဧပြီလ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့အတွင်း စစ်ကောင်စီက ပြည်သူလူထုကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုစတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု လုပ်ရပ်ပေါင်းများစွာကို (၁၀၇) ကြိမ်ထက်မနည်း ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်လေယာဉ်၊ ရဟတ်ယာဉ်နဲ့ ဒရုန်းများဖြင့် လေကြောင်း တိုက်ခိုက်မှု ၆၃ ကြိမ် ပြုလုပ်ခဲ့ကာ ကိုရင် ၁ ပါးနဲ့ အရပ်သား ၁၄ ဦး သေဆုံးခဲ့ရပြီး သံဃာ ၃ ပါးနဲ့ အရပ်သား ၃၄ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု ၄၃ ကြိမ် ပြုလုပ်ခဲ့ရာ အရပ်သား ပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၁၈ ဦး ဒဏ်ရာရခဲ့ကာ နေအိမ် ၁၆ လုံး ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
ထို့အပြင် ပြည်သူလူထုပိုင် နေအိမ်များကို ၁ ကြိမ် မီးရှို့ ဖျက်ဆီးခဲ့ရာ နေအိမ် ၄ လုံးနဲ့ ဘုရားကျောင်း ၁ ဆောင် မီးလောင်ပျက်စီးခဲ့ရပြီး ပြည်သူ ၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီးခဲ့သလို စစ်ကောင်စီ ထောင်ထားတဲ့ မိုင်းနင်းမိခဲ့တာကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၈။ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အထူးတပ်ဖွဲ့ (SSTF) အပတ်စဉ် (၃) သင်တန်းဆင်းပွဲ ကျင်းပ
ဧပြီလ ၂၆ ရက်၊
Radio NUG
အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ (People's Police) လက်အောက်ခံ တပ်ဖွဲ့ဖြစ်တဲ့ လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေး အထူးတပ်ဖွဲ့ (SSTF) သင်တန်း အပတ်စဉ် (၃) သင်တန်းဆင်းပွဲ ကျင်းပခဲ့တယ် ထုတ်ပြန်ထားပါတယ်။
မတ်လ ၃၁ ရက်နေ့က လွတ်မြောက်နယ်မြေ တခုမှာ သင်တန်းဆင်းပွဲကို ကျင်းပခဲ့တာဖြစ်ပြီး SSTF သင်တန်း ကာလ ၄ လ ခန့် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။
သင်တန်းဆင်းပွဲ အခမ်းအနားကို ပြည်သူ့ရဲတပ်ဖွဲ့ ဒုတိယ ရဲချုပ် ထွန်းထွန်းဝင်း၊ နွားထိုးကြီး အမှတ် ၁၀ တပ်ရင်း တပ်ရင်းမှူး ကိုစိုးအောင်၊ နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုသူရ၊ မိုးကုတ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ တာဝန်ခံ ကိုတွတ်ပီ၊ အမရပူရ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ တာဝန်ခံ ကိုမိုးလွင်တို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ သင်တန်းကို မိုးကုတ်၊ နောင်ချို၊ ပြင်ဦးလွင်၊ အမရပူရ၊ မတ္တရာ၊ နွားထိုးကြီး စတဲ့ ဒေသများက PDF ရဲဘော်များ၊ ပြည်သူ့ လုံခြုံရေး တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး မြို့ပြ စစ်ဆင်ရေးနှင့် အထူး တိုက်ခိုက်ရေး စစ်ပညာရပ်များကို လေ့ကျင့်သင်ကြား ပေးခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာလည်း သင်တန်း အပတ်စဉ် (၄) အတွက် နိုင်ငံတဝှမ်းမှာ တပ်ဖွဲ့ဝင် အသစ်များကို ဆက်လက် လက်ခံလျက်ရှိကြောင်း အသိပေး ထားပါတယ်။
========================
🚩🚩 ၉။ ရေဖြူမြို့နယ် ကံပေါက် ခလရ -၂၇၃ မှ စစ်ကောင်စီတပ်သား ၁ ဦး ရှေ့တန်းစခန်းမှ ထွက်ပြေး၍ လက်နက်ခဲယမ်းနှင့် အလင်းဝင်
ဧပြီလ ၂၆ရက်
Radio NUG
ရေဖြူမြို့နယ် ၊ ကံပေါက်အခြေစိုက် ခလရ - ၂၇၃ တပ်ရင်းမှ စစ်ကောင်စီတပ်သား တစ်ဦးသည် ရှေ့တန်းတစ်နေရာမှ ထွက်ပြေးလာပြီး ဧပြီ ၂၁ ရက်နေ့တွင် လက်နက်ခဲယမ်းနှင့်တကွ အလင်းဝင်ရောက်လာခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၂) တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။
အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားမှာ အသက် ၂၂ နှစ် အရွယ် ဒုတပ်ကြပ် တစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ စစ်ကောင်စီတပ်သားသည် MA1 သေနတ် တစ်လက်၊ ကျည် ၁၅၀တောင့်၊ ကျည်ဘောက် လေးခုနှင့်အတူ အလင်းဝင်ရောက်လာတယ်လို့ ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment