၂၀၂၅ မေလ ၂၃ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ဝန်ကြီးဌာနတွေအတွင်း ပေါင်းစပ်ညှိနှိုင်းမှုအားကောင်းကောင်းနဲ့လုပ်ဆောင်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း
📌 ၂။ ရန်ကုန်ဖက်ဒရယ်ယူနစ်၏ ကြားကာလ အစီအမံ(မူကြမ်း)ရေးဆွဲရေးကော်မရှင်ဆိုင်ရာဥပဒေကို ရန်ကုန်လွှတ်တော်က ပြဋ္ဌာန်း
📌 ၃။ မြန်မာနိုင်ငံအတွက် နိုင်ငံတကာစံနှုန်းနဲ့ ခေတ်မီတန်ဖိုးတွေနဲ့ ကိုက်ညီတဲ့ ပရော်ဖက်ရှင်နယ်စစ်တပ် အသစ်တစ်ရပ် လိုအပ်နေတယ်လို့ပါမောက္ခဒေါ်မီမီဝင်းဘတ်ပြော
📌 ၄။ ရုပ်အလောင်းတစ်ရာကျော်တွေ့ထားတဲ့Sky Villaအဆောက်အဦအောက်မှ အမျိုးသားတဦးနဲ့အမျိုးသမီးတဦးရုပ်အလောင်းထပ်မံရှာဖွေတွေ့ရှိ
========================
၂၀၂၅ ခုနှစ် မေလ ၂၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အာရက္ခတပ်တော် AA နှင့်အတူ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ( နပခ) အမ်းမြို့သိမ်းစစ်ဆင်ရေးတွင် တာဝန်ထမ်းဆောင်ခဲ့သော ရေနံချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များအား ပြည်သူများမှ နွေးထွေးစွာကြိုဆို
🚩 ၂။ နောင်ချို အုမ္မတီးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ပေါင် ၂၅ဝ ဗုံး ၄ လုံးကြဲချ
🚩 ၃။ စစ်တပ်က ဘုန်းကြီးကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် နောင်ချိုနယ် ချိုခမ်းဘုန်းကြီးကျောင်းက စစ်ဘေးရှောင်တွေကို လုံခြုံဘေးကင်းတဲ့ နေရာ ရွှေ့ပြောင်းပေးခဲ့တာလို့ TNLA ပြော
🚩 ၄။ TNLA မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကဦးဆောင်ပြီး စံဖိတ်ကျေးရွာ သောက်သုံးရေရရှိရေး ဆောင်ရွက်ပေး
🚩 ၅။ တောင်တွင်းကြီးနယ်က အမှုပွဲစား ရဲခိုင်ကို ပစ်ခတ်ရှင်းလင်း
🚩 ၆။ ပျဉ်ပုံပျူစောထီးရွာကိုရောက်နေတဲ့ စစ်တပ်စစ်ကြောင်းက စစ်မှုထမ်းတပ်သားသစ် ၂ ဦး နှင့်ခမရ ၄၀၁ က စစ်ကောင်စီတပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ဝန်ကြီးဌာနတွေအတွင်း ပေါင်းစပ်ညှိနှိုင်းမှုအားကောင်းကောင်းနဲ့လုပ်ဆောင်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း
မေလ ၂၃ရက်
ဝန်ကြီးဌာနတွေအတွင်း ပေါင်းစပ်ညှိနှိုင်းမှုအားကောင်းကောင်းနဲ့လုပ်ဆောင်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းမှ တိုက်တွန်းပြောကြားလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ်(၁၉/၂၀၂၅)မှာ ဝန်ကြီးချုပ်ကပြောကြားခဲ့တာပါ။
"ရပိုင်ခွင့် တစုံတရာမရှိပဲ စိန်ခေါ်မှုတွေ၊ အန္တရာယ်တွေသာရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရမှာ ဝင်ရောက်တာဝန်ထမ်းဆောင်လာကြသော တာဝန်ရှိသူများကို အထူးလေးစားသလို အားလည်းတက်ရပါကြောင်း၊ တာဝန်ကိုယ်စီဖြင့် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်နေကြသည့် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အတွင်းဝန်များနှင့် အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်ကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ အခြေအနေနဲ့ ပေးထားချက်တွေ လိုအပ်ချက်တွေကတော့ တော်လှန်ရေးကာလအတွင်း ဖွဲ့စည်းလုပ်ဆောင်ကြရတာဖြစ်တဲ့အတွက် စွမ်းဆောင်ဖို့ အကန့်အသတ်ရှိတယ်ဆိုရင်တောင် ဝန်ကြီးဌာနတွေအတွင်း ပေါင်းစပ်ညှိနှိုင်းမှုအားကောင်းကောင်းနဲ့ လုပ်ဆောင်ဖို့ကတော့ လုပ်နိုင်စွမ်းဘောင်ထဲမှာရှိတာဖြစ်တဲ့အတွက် ဒီတစ်ခုကိုတော့ရအောင်လုပ်ကြရမှာဖြစ်ပါကြောင်း"ဝန်ကြီးချုပ်ကပြောပါတယ်။
ဒါ့အပြင် ရှေ့ဆက်ရမယ့် လုပ်ငန်းတွေအတွက် အကျိုးရှိရှိပြင်ဆင် ဆောင်ရွက်နိုင်အောင် တွေ့ဆုံမှုတွေကို စနစ်တကျ လုပ်ဆောင်စေချင်ကြောင်းနှင့် မပြီးသေးတဲ့ ရှေ့လုပ်ငန်းစဥ်တွေကိုလည်း မြန်မြန်သွက်သွက် ဆောင်ရွက်နိုင်ဖို့ ကြိုးစားပေးကြစေလိုကြောင်း ဝန်ကြီးချုပ်ကထပ်လောင်းပြောကြားခဲ့ပါတယ်။
========================
📌📌 ၂။ ရန်ကုန်ဖက်ဒရယ်ယူနစ်၏ ကြားကာလ အစီအမံ(မူကြမ်း)ရေးဆွဲရေးကော်မရှင်ဆိုင်ရာဥပဒေကို ရန်ကုန်လွှတ်တော်က ပြဋ္ဌာန်း
မေလ ၂၃ရက်
ရန်ကုန်လွှတ်တော် အဋ္ဌမအကြိမ်မြောက် အစည်းအဝေးပထမနေ့ကို မေလ ၂၃ရက်သောကြာနေ့ မနက် ၉ နာရီက အွန်လိုင်းဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် ရန်ကုန်ဖက်ဒရယ်ယူနစ်၏ ကြားကာလ အစီအမံ(မူကြမ်း)ရေးဆွဲရေးကော်မရှင်ဆိုင်ရာဥပဒေကြမ်းကို ရန်ကုန်လွှတ်တော်ဥပဒေကြမ်းကော်မတီက ဖတ်ကြားတင်သွင်းပြီး လွှတ်တော်က ကန့်ကွက်သူမရှိ ထောက်ခံအတည်ပြုပေးခဲ့ကြပါတယ်။ရန်ကုန်ဖက်ဒရယ်ယူနစ်၏ ကြားကာလအစီအမံ(မူကြမ်း)ရေးဆွဲရေးကော်မရှင်ဆိုင်ရာဥပဒေတွင် အခန်း ၆ ခန်းပါဝင်ပြီး အပိုဒ်ပေါင်း ၂၆ပိုဒ်ပါရှိတယ်လို့သိရပါတယ်။
ယနေ့ကျင်းပသော ရန်ကုန်လွှတ်တော် အဋ္ဌမအကြိမ်မြောက်အစည်းအဝေး ပထမနေ့တွင် ၂၀၂၅ ခုနှစ် ဧပြီလ ၂၇ ရက်က တော်လှန်ရေးတာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားသော သန်လျင်မြို့နယ်မဲဆန္ဒနယ်မြေအမှတ်(၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်အတွက် လေးစားစွာဂုဏ်ပြုမှတ်တမ်းတင်ကြောင်းအဆိုကိုလည်း လွှတ်တော်က အတည်ပြုမှတ်တမ်းတင်ပေးခဲ့ပါတယ်။
ရန်ကုန်လွှတ်တော် အဋ္ဌမအကြိမ်မြောက်အစည်းအဝေး ဒုတိယနေ့ကျင်းပမည့်နေ့ရက်ကို ထပ်မံကြေငြာ၍ ဆက်လက်ကျင်းပသွားရန်ရှိကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လွင်က အသိပေးပြောကြားခဲ့ပါတယ်။
========================
📌📌 ၃။ မြန်မာနိုင်ငံအတွက် နိုင်ငံတကာစံနှုန်းနဲ့ ခေတ်မီတန်ဖိုးတွေနဲ့ ကိုက်ညီတဲ့ ပရော်ဖက်ရှင်နယ်စစ်တပ် အသစ်တစ်ရပ် လိုအပ်နေတယ်လို့ပါမောက္ခဒေါ်မီမီဝင်းဘတ်ပြော
မေလ၂၃ရက်
မြန်မာနိုင်ငံအတွက် နိုင်ငံတကာစံနှုန်းနဲ့ ခေတ်မီတန်ဖိုးတွေနဲ့ ကိုက်ညီတဲ့ ပရော်ဖက်ရှင်နယ်စစ်တပ် အသစ်တစ်ရပ် လိုအပ်နေတယ်လို့ ပါမောက္ခဒေါ်မီမီဝင်းဘတ်က ၎င်း၏ဆိုရှယ်မီဒီယာမှာ သုံးသပ်ပြောကြားထားပါတယ်။
"နိုင်ငံတကာက အဆင့်မြင့် စစ်အရာရှိတွေ၊ သံတမာန်တွေနဲ့ အစိုးရအရာရှိတွေကို ကျွန်မ ဒီတစ်ခါ စာသင်တဲ့ချိန်မှာလည်း မြန်မာနိုင်ငံကလာတဲ့သူတွေကို မတွေ့ရတော့တဲ့အတွက် စိတ်မကောင်း ဖြစ်ရပါတယ်။ ဒီသင်တန်းမှာ အရှေ့တောင်အာရှနိုင်ငံအားလုံးက သင်တန်းသားတွေ ပါဝင်ကြပေမယ့် မြန်မာကတော့ မပါဝင်တော့ပါဘူး။မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြောင်းလဲရေး ကာလအတွင်းမှာ စစ်ဘက်အရာရှိတွေအပါအဝင် မြန်မာကသင်တန်းသားတွေကို ပါအောင် ခေါ်လာနိုင်ခဲ့ပါတယ်။ ကျွန်မတို့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။ အရပ်သားထိန်းချုပ်မှုအောက်မှာရှိပြီး ဒီမိုကရေစီစံနှုန်းများကို လေးစားတဲ့ ခေတ်မီပရော်ဖက်ရှင်နယ် စစ်တပ်တစ်ခုရဲ့ အခြေခံမူများနဲ့ အပြုအမူများကို နားလည်လာအောင် ကူညီပေးဖို့ ဖြစ်ပါတယ်။
ဒီရည်ရွယ်ချက်အတွက် ကျွန်မ အချိန်အတော်များများ ရင်းနှီးခဲ့ပါတယ်။ ထပ်ထပ်ကြိုးစားပြီး သင်ကြားပေးခဲ့ပါတယ်။ ပြောင်းလဲနိုင်ကြလိမ့်မယ်ဆိုပြီး ယုံကြည်မှုနဲ့ ကြိုးစားခဲ့ပါတယ်။
ဒါပေမယ့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလစစ်အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေက ထင်ဟပ်စွာပြသလိုက်ပါတယ်"လို့ပြောကြားထားပါတယ်။
စင်တာမှာ သင်ကြားလာတဲ့ ၁၈ နှစ်တာအတွင်းမှာ နိုင်ငံ့အကြီးအကဲ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ သံတမန်များဖြစ်လာကြတဲ့သူတွေကို သင်ကြားခဲ့တယ်လို့ ပါမောက္ခဒေါ်မီမီဝင်းဘတ်ကပြောပါတယ်။
သူတို့ကို ပြုပြင်ပြောင်းလဲနိုင်မှာမဟုတ်ဘူးဆိုတာက သူတို့ထဲမှာ တော်တဲ့သူတွေရှိတာမှန်တယ်၊ ဒါပေမဲ့ သူတို့ဟာ အရိုးစွဲအောင် အယူဝါဒမှိုင်းတိုက်ခံထားရတယ်။ နှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ် အောက်မှာ မှိုင်းတိုက်ခံထားရတာကြောင့် သူတို့မှာ ပြောင်းလဲဖို့ အစွမ်းနဲ့ ဆန္ဒမရှိတော့ပါဘူး။ လက်ခံနိုင်စွမ်း မရှိကြပါဘူး။ ဒီအတွေ့အကြုံကနေပြီး စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းဖျက်ဆီးဖို့လိုတယ်ဆိုတာ ကို ကျွန်မတို့ ပိုပြီးကောင်းကောင်းနားလည်လာစေပါတယ်။ မြန်မာနိုင်ငံအတွက် နိုင်ငံတကာစံနှုန်းနဲ့ ခေတ်မီတန်ဖိုးတွေနဲ့ ကိုက်ညီတဲ့ ပရော်ဖက်ရှင်နယ်စစ်တပ် အသစ်တစ်ရပ် လိုအပ်နေပါတယ်"လို့ပါမောက္ခဒေါ်မီမီဝင်းဘတ်ကပြောပါတယ်။
========================
📌📌 ၄။ ရုပ်အလောင်းတစ်ရာကျော်တွေ့ထားတဲ့Sky Villaအဆောက်အဦအောက်မှ အမျိုးသားတဦးနဲ့အမျိုးသမီးတဦးရုပ်အလောင်းထပ်မံရှာဖွေတွေ့ရှိ
မေလ၂၃ရက်
မတ်လ၂၈ရက်မွန်းလွဲပိုင်းစစ်ကိုင်းမြို့ဗဟိုပြု၍လှုပ်ခတ်ခဲ့သောငလျင်ကြောင့် သေဆုံးသူရုပ်အလောင်းတစ်ရာကျော်တွေ့ထားတဲ့Sky Villaအဆောက်အဦအောက်မှ အမျိုးသားတဦးနဲ့အမျိုးသမီးတဦးရုပ်အလောင်း ထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့သတင်းရရှိပါတယ်။
မေလ၂၂ ရက်နေ့တွင် ယန္တရားများနှင့်အတူ ရုပ်အလောင်းကျန်ရှိနေသော မန္တလေးမြို့ Sky Villa အဆောက်အဦ (B) အဆောင်နှင့် (C) အဆောင်များအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ၁၀ နာရီအချိန်တွင် (B) အဆောင်မှ ကျား(၁)ဦး၏ ရုပ်အလောင်းအား ထုတ်ယူရရှိခဲ့ပါတယ်။အလားတူ ၁၆နာရီ ၁၀ အချိန်တွင် (B) အဆောင် အခန်းအမှတ် I9 မှ မ(၁)ဦး၏ ရုပ်အလောင်းအား ထပ်မံထုတ်ယူရရှိခဲ့တယ်လို့သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အာရက္ခတပ်တော် AA နှင့်အတူ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ( နပခ) အမ်းမြို့သိမ်းစစ်ဆင်ရေးတွင် တာဝန်ထမ်းဆောင်ခဲ့သော ရေနံချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များအား ပြည်သူများမှ နွေးထွေးစွာကြိုဆို
မေလ ၂၃ရက်
အာရက္ခဒေသ နောက်ပိုင်းတိုင်း စစ်ဌာနချုပ် ( နပခ) အမ်းမြို့သိမ်း စစ်ဆင်ရေးတွင် အာရက္ခတပ်တော် AA နှင့်အတူ စစ်ရေးအတွေ့အကြုံကောင်းများရရှိရန် မကွေးတိုင်း ၊ မကွေးခရိုင်ရေနံချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လည်းပါဝင်ခဲ့တယ်လို့သိရပါတယ်။
" အမ်းမြို့သိမ်းတိုက်ပွဲနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) သိမ်း စစ်ဆင်ရေးတွင် အာရက္ခတပ်တော်နှင့်အတူစစ်ရေးအတွေ့အကြုံများရရှိရန်တာဝန်ထမ်းဆောခဲ့သောရေနံချောင်းပကဖမှ ရဲဘော် (၅)ဦး အနာဂါတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးမှာ တိုင်းပြည်အတွက်အသက်ပေးလှူသွားခဲ့တယ်"လို့ ဆိုပါတယ်။
ရဲဘော်((၅)ဦးသည်ပေးအပ်သောတာဝန်များကို ကြေပွန်စွာထမ်းဆောင်ရင်း အသက်ပေးလှူသွားခဲ့မှုအပေါ် တပ်ဖွဲ့အနေဖြင့် မိသားစုနှင့်ထပ်တူဝမ်းနည်းပူဆွေးရတယ်လို့ လည်းဖော်ပြပါတယ်။
========================
🚩🚩 ၂။ နောင်ချို အုမ္မတီးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ပေါင် ၂၅ဝ ဗုံး ၄ လုံးကြဲချ
မေလ ၂၃ရက်
TNLA သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ထဲက အုမ္မတီးရွာကို စစ်ကောင်စီတပ်က တိုက်လေ ယာဉ်နဲ့ ပေါင် ၂၅ဝ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ဘက်က ထုတ်ပြန်ပါတယ်။
မနေ့ မေလ ၂၂ ရက် မနက် ၁၁ နာရီ ၅၀ မိနစ်အချိန်မှာ ၂ ကြိမ်၊ မနက် ၁၁ နာရီ ၅၃ မိနစ်မှာ ၂ ကြိမ် စုစုပေါင်း ၄ ကြိမ် ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။
ဗုံးကြဲချတဲ့ချိန်ဟာ တိုက်ပွဲဖြစ်တာမရှိဘဲ ပေါင် ၂၅၀ ဗုံးတွေ ကြဲချခဲ့တာလို့လည်း အသိပေးထားပါတယ်။
ထို့အတူ မေလ ၂၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ အုမ္မတီးကျေးရွာကို ဒရုန်းနဲ့ ဗုံး ၁၅ လုံး၊ အဆိပ်ငွေ့ဗုံးတလုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူတဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အလားတူ မေလ ၂၀ ရက်နေ့ကလည်း တိုက်ပွဲဖြစ်တာခြင်းမရှိဘဲ စစ်ကောင်စီတပ်က PSLF/TNLA အုပ်ချုပ်ရာ နောင်ချို မြို့နယ် ဟိုခိုကျေးရွာကို ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅ဝ ဗုံး တလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူပိုင်အိမ်တလုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မေလ ၆ ရက်ကနေ မေလ ၃၁ ရက်နေ့အထိ ယာယီအပစ်ရပ်ထားမယ်လို့ ကြေညာထားပေမယ့် TNLA အုပ်ချုပ်တဲ့ မြို့နယ်တွေကို မြေပြင်ကနေထိုးစစ်ဆင်တာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ ဒရုန်းနဲ့ လေကြောင်းကနေ နေ့စဉ် တိုက်ခိုက်နေတာကြောင့် ပြည်သူလူထုအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ ဒရုန်း လက်နက်ကြီးနဲ့ပစ်ခတ်တိုက် ခိုက်တာကနေ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိကြဖို့ TNLA က တိုက်တွန်းနှိုးဆော်ထားပါတယ်။
========================
🚩🚩 ၃။ စစ်တပ်က ဘုန်းကြီးကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် နောင်ချိုနယ် ချိုခမ်းဘုန်းကြီးကျောင်းက စစ်ဘေးရှောင်တွေကို လုံခြုံဘေးကင်းတဲ့ နေရာ ရွှေ့ပြောင်းပေးခဲ့တာလို့ TNLA ပြော
မေလ ၂၃ရက်
အကြမ်းဖက်စစ်တပ်က ဘုန်းကြီးကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် နောင်ချိုမြို့နယ် ချိုခမ်း ဘုန်းကြီးကျောင်းမှာရှိတဲ့ စစ်ဘေးရှောင်တွေကို လုံခြုံဘေးကင်းတဲ့နေရာ ရွှေ့ပြောင်းပေးခဲ့တာလို့ တအာင်းတပ် TNLA က ပြောပါတယ်။
နောင်ချိုမြိုနယ် ချိုခမ်းဘုန်းကြီးကျောင်းမှာရှိတဲ့ စစ်ဘေးရှောင်တွေ လုံခြုံဘေးကင်းတဲ့နေရာကို ရွှေ့ပြောင်းစေခဲ့တာနဲ့ ပတ်သက်လို့ ရှင်းလင်းပြောဆိုလိုက်တာဖြစ်ပါတယ်။
တအာင်းပြည် နောင်ချိုမြို့နယ်ထဲက အုမ္မတီးနဲ့ အုမ္မခါး စတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က တောင်ခမ်းအနီးမှာရှိတဲ့ ကျေးရွာတွေအပါအဝင် အုမ္မတီး၊ အုမ္မခါးစတဲ့ရွာတွေက အိမ် တွေနဲ့ ဘာသာရေးအဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးတာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ စတဲ့လုပ်ရပ်တွေကို နေ့စဉ်ရက်ဆက် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ အသိပေးပါတယ်။
ဒါကြောင့် PSLF/TNLA အနေနဲ့ တိုက်ပွဲကာလအတွင်း အရပ်သားပြည်သူတွေ ဘေးကင်းလုံခြုံရေးနဲ့ အသက်အန္တရာယ် လွတ်မြောက်စေဖို့ ရည်ရွယ်ပြီး နောင်ချိုမြို့နယ် ချိုခမ်းဘုန်းကြီးကျောင်းမှာ နေထိုင်ကြတဲ့ စစ်ဘေးရှောင် ၁၀၀ ကျော်ကို ဘေးကင်းလုံခြုံသည့်နေရာ ခေတ္တရွေ့ပြောင်းနေထိုင်ကြဖို့ မေတ္တာရပ်ခံ အသိပေးထားခဲ့ပြီးဖြစ်တယ်လို့ ရှင်းပြထားပါတယ်။
အဲဒီလို ကြိုတင်အသိပေးပြီးမှ ချိုခမ်းဘုန်းကြီးကျောင်းမှာနေထိုင်တဲ့ စစ်ဘေးရှောင်ပြည်သူတွေ လုံခြုံဘေးကင်းမယ့် နေရာ ကို အလျင်အမြန်ပြောင်းရွေ့စေခဲ့တာလို့လည်း အသိပေးပါတယ်။
ချိုခမ်းဘုန်းကြီးကျောင်းက စစ်ဘေးရှောင်တွေကို TNLA က ပြောင်းရွေ့ခိုင်းနဲ့ပတ်သက်လို့ ပြည်သူလူထု အထင်အမြင် လွဲမှားစေတဲ့သတင်းတွေ ရေးသားဖော်ပြနေတာတွေနဲ့ပတ်သက်လို့ ရှင်းလင်းပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။
TNLA အနေနဲ့ တိုက်ပွဲဖြစ်နေရာတွေက ဒေသနေမိဘပြည်သူတွေ ဘေးကင်းလုံခြုံရေးအတွက် စီမံဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့လည်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ TNLA မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကဦးဆောင်ပြီး စံဖိတ်ကျေးရွာ သောက်သုံးရေရရှိရေး ဆောင်ရွက်ပေး
မေလ ၂၃ရက်
တအာင်းပြည် တပ်မဟာ ၂ နယ်မြေ ကျောက်မဲခရိုင် သီပေါမြို့နယ် စံဖိတ်ကျေးရွာကဒေသနေပြည်သူတွေ သောက်သုံးရေ ရရှိစေဖို့ PSLF/TNLA မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဦးဆောင်ပြီး ဆောင်ရွက်ပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
မြို့နယ်စည်ပင်သာယာရေအဖွဲ့ကဦးဆောင်ပြီး ကျေးရွာဒေသနေပြည်သူတွေနဲ့အတူ ဖေဖော်ဝါရီလ ၂၅ ရက်က စတင် ပြုလုပ်ခဲ့တာဖြစ်ပြီး မေလ ၂ဝ ရက်မှာ ပြီးစီးခဲ့တယ်လို့ ဆိုပါတယ်။
အရင်က အဝီစိရေကို တူးဖော်အသုံးပြုတာနဲ့ အနီးမှာရှိတဲ့ ချောင်းတွေကရေကို အဓိကထား အသုံးပြုနေရပေမယ့် လက်ရှိမှာ PSLF/TNLA ဦးဆောင်မှုနဲ့ ရေအခက်အခဲပြဿာနာကို ဖြေရှင်းနိုင်ခဲ့တာလို့ သိရပါတယ်။
အခုလို ကျေးရွာနေပြည်သူတွေ သောက်သုံးရေအဆင်ပြေစေဖို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က ကျပ်သိန်း ၃ဝဝ မတည်ခဲ့ပြီး ကျေးရွာပြည်သူတွေက ကျပ်သိန်း ၂ဝဝ ကျော် ပါဝင်ကူညီခဲ့တယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာန မှတ်တမ်းအရ သိရပါတယ်။
========================
🚩🚩 ၅။ တောင်တွင်းကြီးနယ်က အမှုပွဲစား ရဲခိုင်ကို ပစ်ခတ်ရှင်းလင်း
မေလ ၂၃ရက်
မကွေးတိုင်း တောင်တွင်းကြီးညမို့နယ် ဂွေးတောက်ခုန်ရွာက အမှုပွဲစား ရဲခိုင်ဆိုသူကို ပစ်ခတ် ရှင်းလင်း လိုက်တယ်လို့ မကွေး ပြောက်ကျားတပ်ဖွဲ့ Magway Guerrella Warfare က ဒီနေ့ မေလ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီလက်အောက်ခံ ရဲတွေနဲ့ပေါင်းပြီး ရပ်ရေးရွာရေးပြသနာတွေကို မတရားအမှုဖွင့်စားနေတဲ့ အမှုပွဲစား ရဲခိုင်ကို မေလ ၂ဝ ရက်နေ့ နေလည် ၁၂ နာရီခွဲအချိန်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
အမှုပွဲစား ရဲခိုင်ဟာ စစ်ကောင်စီလက်အောက်ခံ ရဲတွေနဲ့ပေါင်းပြီး ရပ်ရေးရွာရေးပြသနာတွေကို မတရား အမှုဖွင့်စားနေတဲ့ အပြင် လက်ရှိအုပ်ချုပ်ရေးမှူး ပျံလွှားဆိုသူနဲ့အတူ စစ်မှုထမ်းကြေးတွေ ကောက်ခံနေတာကြောင့် ရှင်းလင်းရတာလို့ အသိပေးထားပါတယ်။
အမှုပွဲစား ရဲခိုင် ကို မကွေး ပြောက်ကျားတပ်ဖွဲ့ Magway Guerrella Warfare နဲ့ Taungdwingyi Fighter Force-LPDF တို့ ပူးပေါင်းရှင်းလင်းခဲ့တာဖြစ်ပါတယ်။
ဂွေးတောက်ခုန်ရွာဟာ ပရပ်ကြယ်ရဲစခန်းနဲ အနီးဆုံးမှာရှိနေပြီး ပျူစောထီးသင်တန်းတက်ထားသူ ၇ ယောက်လောက် ရှိတယ်လို့လည်း ဆိုပါတယ်။
ပျူစောထီးသင်တန်းတက်ထားသူအနေနဲ့ ဒေသတွင်းမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကြဖို့ ဒေသမှာ ရှိတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။
ဒါ့အပြင် မကွေးခရိုင်အတွင်းမှာရှိတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ၊ ပြည်သူ့စစ်တွေနဲ့ ထွေအုပ်ဝန်ထမ်းတွေအပါအဝင် စာရေးတွေနဲ့ သက်ဆိုင်ရာဝန်ထမ်းတွေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကြဖို့ တိုက်တွန်းထားပြီး ပြည်သူလူထု ဘက် မျက်နှာမမူတဲ့သူတွေကို ရှင်းလင်းသွားမယ်လို့လည်း မကွေးပြောက်ကျားတပ်ဖွဲ့ Magway Guerrella Warfare နဲ့ Taungdwingyi Fighter Force-LPDF တို့က အသိပေး ထုတ်ပြန်ထားပါတယ်။
မကွေး ပြောက်ကျားတပ်ဖွဲ့ Magway Guerrella Warfare နဲ့ Taungdwingyi Fighter Force-LPDF တို့ဟာ ညီနောင် မဟာမိတ်တပ်တွေနဲ့အတူ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ခိုက်သွားမှာဖြစ်တာကြောင့် ပြည်သူလူထုအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရှိတဲ့နေရာနဲ့ ဝေးတဲ့နေရာမှာ နေကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
========================
🚩🚩 ၆။ ပျဉ်ပုံပျူစောထီးရွာကိုရောက်နေတဲ့ စစ်တပ်စစ်ကြောင်းက စစ်မှုထမ်းတပ်သားသစ် ၂ ဦး နှင့်ခမရ ၄၀၁ က စစ်ကောင်စီတပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာ
မေလ ၂၃ရက်
ပဲခူးတိုင်း နတ်တလင်းမြို့နယ် ပျဉ်ပုံ ပျူစောထီးရွာကိုရောက်နေတဲ့ စစ်တပ်စစ်ကြောင်းက စစ်မှုထမ်းတပ်သားသစ် ၂ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ သာယာဝတီခရိုင် အမှတ် - ၁ တပ်ရင်း ၃၈၀၁ က ဒီနေ့ မေလ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်မှုထမ်းဥပဒေအကြောင်းပြချက်နဲ့ အဓမ္မ စစ်သားသစ်အဖြစ် စုဆောင်းခံခဲ့ရတဲ့ ဧရာဝတီတိုင်း ရေကြည်နဲ့ ကျုံပျော် မြို့နယ်တို့က တပ်သား နိုင်ဝေလင်းနဲ့ တပ်သားရာဇာမင်းတို့ဟာ မေလ ၁၉ ရက်နေ့မှာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်းလာခဲ့တာလို့ဆိုပါတယ်။
တပ်ထဲမှာ ကင်းစောင့်ဖို့နဲ့ တပ်တွင်းသက်သာချောင်ချီရေးလုပ်ငန်းတွေမှာ တာဝန်ထမ်းဆောင်ခဲ့ရပြီး နတ်တလင်းမြို့နယ် ပျဉ်ပုံရွာကို လှုပ်ရှားစစ်ကြောင်းနဲ့အတူ ရောက်ရှိလာချိန်မှာ ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးခိုင်းတာ၊ ပြည်သူတွေကို ဖမ်းဆီးနှိပ်စပ်ခိုင်းတာတွေကြောင့် ထွက်ပြေးလာခဲ့ပြီး တပ်ရင်း - ၃၈၀၁ ထံ အလင်းဝင်လာခဲ့တာလို့ အလင်းဝင်လာသူတွေ က ပြောပါတယ်။
အလင်းဝင်သူတွေဟာ MA 1 သေနတ် ၂ လက်၊ လက်ပစ်ဗုံးတလုံး စကားပြောစက်တလုံး၊ ကျည်ဘောက် ၆ ခုနဲ့ အလင်းဝင် လာခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်တွေနဲ့အတူ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး ပြန်လည်တိုက်ပွဲဝင်သွားမယ် လို့လည်း အလင်းဝင်လာသူ ၂ယောက်က အသိပေးထားပါတယ်။
ထို့အတူ လက်နက်နဲ့တကွ အလင်းဝင်လာတဲ့ ခမရ ၄ဝ၁ က စစ်သားကို ကနဦးအနေနဲ့ ကျပ်သိန်း ၃ဝ ချီးမြင့် ပေးအပ်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပကဖက ဒီနေ့ မေလ ၂၃ မှာ ထုတ်ပြန်ပါတယ်။ထား၀ယ်မြို့နယ်အခြေစိုက် ခမရ ၄၀၁ က စစ်ကောင်စီတပ်သားတဦး လောင်းလုံး ပကဖ ထံ မေလ ၁၁ ရက်က လက်နက်နဲ့ တကွ အလင်း၀င်လာခဲ့တာနဲ့ပတ်သက်လို့ အခုလို အသိပေးထုတ်ပြန်လာတာဖြစ်ပါတယ်။လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ဒေသတွင်း မဟာမိတ်တပ်တွေနဲ့အတူ ဒီမေလထဲမှာပဲ ထားဝယ်မြို့ ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့သလို လောင်းလုံးမြို့နယ် စမ်းလှမ်းရွာက စစ်တပ်ထောက်တိုင်တွေကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment