၂၀၂၅ မေလ ၂၅ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။မွန်အမျိုးသားကောလိပ်နှင့် CRRUတက္ကသိုလ်တို့ MOU လက်မှတ်ရေးထိုး
📌 ၂။ အုပ်ချုပ်ရေးမှူးကိုသတ်တဲ့အမှုကြောင့် ဖမ်းဆီးခံရပြီး စစ်သားသစ်အဖြစ်စုဆောင်းခံရသူ KNLA ထံ အလင်းဝင်
========================
၂၀၂၅ ခုနှစ် မေလ ၂၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ရွှေကျင်မြို့နယ် ကျွန်းကြီးကျေးရွာက မင်္ဂလာဆောင်ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် သတို့သမီးအပါအဝင် ၁ဝ ဦးထက်မနည်း သေဆုံး
🚩 ၂။ မြိုင်နယ် အိုရင်းရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ အမျိုးသမီးတဦးဒဏ်ရာရပြီး အိမ် ၃ လုံးပျက်စီး
🚩 ၃။ လောင်းလုံးမြို့ပေါ်က စရဖရုံးကို တိုက်ခိုက်မှုမှာ စစ်သား ၂ ဦး သေဆုံး
🚩 ၄။ သဲကုန်းမှာ စစ်သားစုဆောင်းနေတဲ့ အုပ်ချုပ်ရေးမှူးတဦး ပစ်ခံရပြီး သေဆုံး၊ အလောင်းလာကောက်တဲ့ စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်
🚩 ၅။ ကြို့ပင်ကောက်မြို့နယ်မှာ ပျူစောထီးတွေနဲ့တိုက်ပွဲဖြစ်ရာမှာ ပျူစောထီးတဦးသေဆုံး
🚩 ၆။ ပန်းတောင်နယ်က ပြည်သူ့စစ်သင်တန်းဆင်း ပျူစောထီးတဦးကို ဖမ်းဆီးခဲ့ရာမှာ သေနတ်တလက်နဲ့ကျည်တွေ သိမ်းဆည်းရရှိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ မွန်အမျိုးသားကောလိပ်နှင့် CRRUတက္ကသိုလ်တို့ MOU လက်မှတ်ရေးထိုး
မေလ ၂၅ရက်
မွန်အမျိုးသားကောလိပ်(MNC) နှင့် ထိုင်းနိုင်ငံရှိ Chiang Rai Rajabhat University(CRRU) တို့ အဆင့်မြင့်ပညာရေး ပူးပေါင်းရန် နားလည်မှုစာချွန်လွှာ (MOU) ကို ယမန်နေ့ မေလ ၂၃ ရက်နေ့က CRRU တက္ကသိုလ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း လွတ်လပ်သောမွန်သတင်းအေဂျင်စီမှ မေလ ၂၄ရက်နေ့မှာ အသိပေးဖေါ်ပြထားပါတယ်။
အဆိုပါ ပူးပေါင်းမှုသည် (2+2) agreement ပုံစံဖြစ်ပြီး မွန်အမျိုးသားကောလိပ်မှ ကျောင်းသားများအနေနှင့် ကောလိပ်တွင် နှစ်နှစ်ပညာသင်ယူပြီး Chiang Rai Rajabhat University တွင် နောက်ထပ် နှစ်နှစ် ထပ်မံတက်ရောက်ပြီးနောက် Bachelor of Arts (BA) ဘွဲ့ရယူနိုင်မည်ဟု သိရသည်။
အခမ်းအနားတွင် CRRU တက္ကသိုလ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး မွန်အမျိုးသားကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါက်တာပညာမွန်အပါအဝင်၊ လူမှုရေးသိပ္ပံဘာသာရပ်ဌာနမှူး နိုင်မြင့်သန်းနှင့် Payap University(PU) တက္ကသိုလ်တက်ရောက်နေသော MNC ကျောင်းသားဟောင်းများက အသီးသီးတက်ရောက်ခဲ့ကြသည်။
ကနဦးအနေဖြင့် မွန်အမျိုးသားကောလိပ်မှ Social Science ဘာသာရပ်ကို အထူးပြုတက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူတို့သာ Chiang Rai Rajabhat University တွင် ပညာသင်ခွင့် သဘောတူညီချက်ရထားကြောင်း သိရသည်။
"အဓိကကတော့ (2+2) ပညာရေးအတွက်ဖြစ်တယ်။ သူတို့ဘက်ကလည်း စိတ်အားထက်တန်နေတယ်။ ပြီးရင် သူတို့ကျောင်းစရိတ် ကျောင်းက အခြားကျောင်းတွေထက်စာရင် ကုန်ကျသက်သာတယ်။ ဒီပူးပေါင်းရေးက အဆင်ပြေသွားမယ်ဆိုရင် ကျွန်တော်တို့မွန်အမျိုးသားကောလိပ်က ကျောင်းသားသည်လည်း အဲဒီတက္ကသိုလ်ကို ကိုယ့်စရိတ်နဲ့ကိုယ် တက်နိုင်လောက်တယ်ပေါ့နော်" ဟု MNC မှ လူမှုရေးသိပ္ပံဌာနမှ ဌာနာမှုး နိုင်မြင့်သန်းက ဆိုထားသည်။
ထို့အပြင် မွန်အမျိုးသားကောလိပ်အနေဖြင့် CRRU တက္ကသိုလ်ရှိ အခြားဘာသာရပ်များကိုလည်း ဆက်လက်ပူပေါင်းသွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
မွန်အမျိုးသားကောလိပ်အနေဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မဟာချုလာလောင်ကွန်းတက္ကသိုလ်နှင့်အမေရိကာန်နိုင်ငံရှိ Indiana Tech Universityတို့နှင့်လည်း နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးနိုင်ရေး တွေ့ဆုံဆွေးနွေးထားကြောင်း မွန်အမျိုးသားကောလိပ်ကျောင်းအုပ်ကြီး ဒေါက်တာနိုင်ပညာမွန်က ဆိုထားသည်။
ကျောင်းသားများ ပညာရေးအခွင့်အလမ်းများ ပိုမိုမြင့်မားစေရန်အပြင် နိုင်ငံတကာပညာရေးအဖွဲ့စည်းနှင့် မွန်အဖွဲ့အစည်းတို့ကြား ပညာရေးပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန် အထောက်အကူဖြစ်ရန်အတွက် မွန်အမျိုးသားကောလိပ်မှ နိုင်ငံတကာ ကျောင်းများနှင့် MOU လက်မှတ်ရေးထိုးခြင်း မကြာခဏ ဆောင်ရွက်နေကြောင်း သိရသည်။
========================
📌📌 ၂။ အုပ်ချုပ်ရေးမှူးကိုသတ်တဲ့အမှုကြောင့် ဖမ်းဆီးခံရပြီး စစ်သားသစ်အဖြစ်စုဆောင်းခံရသူ KNLA ထံ အလင်းဝင်
မေလ ၂၅ရက်
ပဲခူးတိုင်း ရွှေတောင်မြို့နယ် သမန်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူးကိုသတ်ပြီး ထွက်ပြေးတိမ်းရှောင်နေချိန်မှာ ဖမ်းဆီးခံရပြီး စစ်သားသစ်အဖြစ် စုဆောင်းခံရတဲ့ တပ်သားသစ် ကိုခန့်ဝင်းနိုင် အလင်းဝင်လာတယ်လို့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် - KNLA က ထုတ်ပြန်ထားပါတယ်။
ကရင်ပြည်နယ်အတွင်း ထိုးစစ်ဆင်နေတဲ့ အောင်ဇေယျစစ်ကြောင်းက စစ်ကောင်စီတပ်သားတွေ KNLA ပူးပေါင်းအဖွဲ့ထံ အလင်းဝင်လာတာကို ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
ရွှေတောင်မြို့နယ် သမန်းကုန်းကျေးရွာမှာ တအိမ်တက်ဆင်း ပိုက်ဆံတွေလိုက်ကောက်နေတာကို မခံနိုင် တော့တာကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးကို သတ်ခဲ့ရတာလို့ စစ်ကောင်စီတပ်ကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သား ကိုခန့်ဝင်းနိုင်က ပြောပါတယ်။
အုပ်ချုပ်ရေးမှူးကိုသတ်ပြီး ထွက်ပြေးတိမ်းရှောင်နေချိန် ရန်ကုန်မြို့ အောင်မင်္ဂလာကားဝင်းမှာ အဖမ်းခံရပြီး ဟိုပုံးမှာရှိတဲ့ စစ်သင်တန်းကျောင်းမှာ သင်တန်းတက်ခဲ့ရကာ တီကျစ်မှာရှိတဲ့ အမှတ် ၅၁၁ တပ်ရင်းက စစ်သားတွေနဲ့အတူ အောင်ဇေယျစစ်ကြောင်းကို ပို့ဆောင်ခံခဲ့ရတယ်လို့ ကိုခန့်ဝင်းနိုင်က ထွက်ဆိုထားပါ တယ်။
စစ်ကောင်စီတပ်ဟာ ကလိမ်ကကျစ်တပ်ဖြစ်ပြီး ရဲဘော်သစ်တွေ တော်လှန်ရေးတပ်တွေဆီမရောက်ရေး လိမ်ညာဝါဒဖြန့်နေတယ်လို့လည်း ရှင်းပြထားပါတယ်။
စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီး နိုင်ငံတဝန်းမှာရှိတဲ့ လူငယ်တွေကို အတင်းအဓမ္မ စစ်သားစုဆောင်းကာ ကရင်ပြည်နယ် ကော့ကရိတ်ဒေသမှာရှိတဲ့ အောင်ဇေယျစစ်ကြောင်းကို ပို့ဆောင် နေပေမယ့် စစ်မှုထမ်းတပ်သားသစ်တွေဟာ ကရင်အမျိုးသားအစည်းအရုံး KNU/KNLA ပူးပေါင်းတပ် တွေဆီမှာ အလင်းဝင်လာကြတယ်လို့ သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ရွှေကျင်မြို့နယ် ကျွန်းကြီးကျေးရွာက မင်္ဂလာဆောင်ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် သတို့သမီးအပါအဝင် ၁ဝ ဦးထက်မနည်း သေဆုံး
မေလ ၂၅ရက်
ပဲခူးတိုင်း ရွှေကျင်မြို့နယ် ကျွန်းကြီးကျေးရွာက မင်္ဂလာဆောင်အခမ်းအနားကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် သတို့သမီးအပါအဝင် ၁ဝ ဦးထက်မနည်း သေဆုံးသွားတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီနေ့ မေလ ၂၅ ရက် မနက်ပိုင်းမှာ မင်္ဂလာဆောင်ပွဲကျင်းပရာအိမ်ပေါ်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲချခဲ့တာလို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်း စစ်ဒေသက တာဝန်ရှိသူတဦးက စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်ခြင်း ခံရတာ မှန်တဲ့အကြောင်း အတည်ပြုထားပါတယ်။
တောင်ပိုင်းတိုင်း စစ်ဒေသ တာဝန်ရှိသူကတော့ ကျွန်းကြီးကျေးရွာဟာ ရွှေကျင်မြို့နယ်ထဲကရွာမဟုတ်ဘဲ ကျောက်ကြီး မြို့နယ်အပိုင်မှာရှိတဲ့ ရွာလို့ ရှင်းပြထားပါတယ်။
မင်္ဂလာဆောင်ပွဲကျင်းပတဲ့ အိမ်ပေါ်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲချခဲ့တာကြောင့် ကလေးငယ်တဦး၊ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီးတဦး စုစုပေါင်း ၄ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၀ ဦးကျော်ရှိတယ်လို့ တောင်ပိုင်းတိုင်း စစ်ဒေသ တာဝန် ရှိသူကပြောဆိုထားပေမယ့် ဒေသတွင်းသတင်းရင်းမြစ်တွေကတော့ သတို့သမီးအပါအဝင် ၁ဝ ဦးထက်မနည်း သေဆုံးသွား တယ်လို့ ပြောဆိုနေကြပါတယ်။
ရွှေကျင်မြိုနယ်မှာရှိတဲ့ အမှတ် - ၅၉၈ ခြေမြန်တပ်ရင်းဌာနချုပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ အခု မေလဆန်းပိုင်းက သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း ရွှေကျင်မြိုနယ်မှာ စစ်ရေးတင်းမာနေတာကြောင့် စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေသလို ကျောက်ကြီးမြို့နယ်အတွင်းမှာလည်း စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား စစ်ရေးတင်းမာနေ တဲ့ အနေအထားလို့ စစ်ရေးသတင်းတွေအရ သိရပါတယ်။
========================
🚩🚩 ၂။ မြိုင်နယ် အိုရင်းရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ အမျိုးသမီးတဦးဒဏ်ရာရပြီး အိမ် ၃ လုံးပျက်စီး
မေလ ၂၅ရက်
မကွေးတိုင်း မြိုင်မြို့နယ်တောင်ပိုင်းက အိုရင်းရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ အမျိုးသမီးတဦး ဒဏ်ရာရပြီး အိမ် ၃ လုံးပျက်စီးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
အကြမ်းစစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်တာမရှိဘဲ မြိုင်မြို့နယ်တောင်ပိုင်းက အိုရင်းရွာကို မနေ့ မေလ ၂၄ ရက် မနက်ပိုင်းမှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ ဒေသတွင်းသတင်းတွေကိုဖော်ပြနေတဲ့ We Love Myaing အဖွဲ့က ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ မိတ္ထီလာလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာတစင်းက အကြောင်းမဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အိုရင်းရွာက အသက် ၂ဝ ခန့်အရွယ် အမျိုးသမီးတဦး ဒဏ်ရာရခဲ့ပြီး ပြည်သူပိုင် အိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲသတ်ဖြတ်နေတာကြောင့် မိဘပြည်သူများအနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းရန်ကို အထူးဂရုစိုက်ကြဖို့ တော်လှန်ရေး အင်အားစုတွေက မကြာခဏအသိပေးနေရပါတယ်။
လေယာဉ်တက်လာတဲ့နေရာကနေ မိမိတို့နေရာတွေကို ကျော်သွားပြီဆိုတိုင်း သတိလက်လွတ် မနေကြဖို့နဲ့ ကိုယ့်နယ်ကိုမကြဲဘဲ ကျော်သွားပြီးကာမှ အလစ်အငိုက်မှာ ပြန်လာကြဲတာတွေကြောင့် အထိအခိုက် များခဲ့ရတဲ့ဖြစ်စဉ်တွေ ကြုံခဲ့ရပြီးပြီမို့ အထူးဂရုစိုက်ကြဖို့ We Love Myaing အဖွဲ့က ထပ်ပြီး သတိပေးထား ပါတယ်။
သက်ဆိုင်ရာဒေသ တာဝန်ရှိသူတွေအနေနဲ့လည်း မိမိတို့ဒေသတွင်းမှာရှိတဲ့ ပြည်သူလူထုကို လေကြောင်း အန္တရာယ် အသိပေးခြင်းနဲ့ ဆောင်ရန်ရှောင်ရန်တွေကို မကြာခဏ ညွှန်ကြားပို့ချပေးကြဖို့လည်း တိုက်တွန်း ထားပါတယ်။
မေလ ၂ဝ ရက်နေ့ ညနေပိုင်းတုန်းကလည်း မြိုင်မြို့နယ်အနောက်မြောက်ပိုင်း ဗဟင်းရွာ စာသင်ကျောင်း အနီးမှာရှိတဲ့ ထမင်းဆိုင်တဆိုင်ကို အကြမ်းဖက်စစ်ကောင်စီ ဂျက်ဖိုက်တာတစင်းရဲ့ အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် PDF ရဲဘော် ၄ ဦးနဲ့ ဆိုင်ရှင်သားအမိ ၂ ဦး သေဆုံးခဲ့ရပါတယ်။
========================
🚩🚩 ၃။ လောင်းလုံးမြို့ပေါ်က စရဖရုံးကို တိုက်ခိုက်မှုမှာ စစ်သား ၂ ဦး သေဆုံး
မေလ ၂၅ရက်
တနင်္သာရီတိုင်း လောင်းလုံးမြို့ပေါ်မှာရှိတဲ့ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့- စရဖရုံးကို တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၂ ဦး သေဆုံးသွားတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
လောင်းလုံးမြို့ပေါ် မှာရှိတဲ့ စရဖရုံးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က မေလ ၂၁ ရက် မနက် ၁ဝ နာရီခွဲအချိန်ကစပြီး တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
တိုက်ခိုက်မှုဖြစ်စဉ်မှာ စစ်သား ၂ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရသွားတာကို အတည်ပြုနိုင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိဘူးလို့ အသိပေးပါတယ်။
ဒီတိုက်ခိုက်မှုကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ထားဝယ်ခရိုင်တပ်ပေါင်းစု၊ နွေဦးပြောက်ကျားတပ်ဖွဲ့ ၊ ဖယ်ဒရယ်ဓူဝံကြယ်အဖွဲ့ ၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့၊ ဒေါနတပ်ခွဲ-၇ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၄။ သဲကုန်းမှာ စစ်သားစုဆောင်းနေတဲ့ အုပ်ချုပ်ရေးမှူးတဦး ပစ်ခံရပြီး သေဆုံး၊ အလောင်းလာကောက်တဲ့ စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်
မေလ ၂၅ရက်
ပဲခူးတိုင်း ပြည်ခရိုင် သဲကုန်းမြို့နယ်မှာ စစ်မှုထမ်းတပ်သားသစ်တွေ စုဆောင်းနေတဲ့ အုပ်ချုပ်ရေးမှူး ကျော်ဝင်းထွဋ်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတင်သေဆုံးသွားပြီး အလောင်းလာကောက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကိုပါ မိုင်းဆွဲ တိုက်ခိုက် ခဲ့တယ်လို့ ပြည်ခရိုင် အမှတ် ၁၊ ၃၆၀၁ တပ်ရင်းကနေ သိရပါတယ်။
သရက်သုံးပင်ရွာကနေ ရုံးပင်တက်ရွာဘက်ကို ခြေလျင်ထွက်လာတဲ့ အုပ်ချုပ်ရေးမှူး ကျော်ဝင်းထွဋ်ကို ဘရန်းကန်ရွာ အနီးမှာ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ပြည်ခရိုင် အမှတ် ၁၊ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က အတည်ပြုပါတယ်။
သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူးကျော်ဝင်းထွဋ်ဟာ အကြမ်းဖက်စစ်ကောင်စီအတွက် စစ်မှုထမ်းတပ်သားသစ်တွေ စုဆောင်း ပေးရုံတင်မဟုတ်ဘဲ စစ်မှုထမ်းမယ့်သူတွေအတွက် လစာနဲ့ သင်တန်းစားရိတ် ထောက်ပံ့ရမယ်ဆိုပြီး ကျေးရွာအုပ်စုမှာရှိတဲ့ ပြည်သူလူထုဆီကနေ တအိမ်ထောင်ကို ငွေကျပ် ၃ သောင်းကနေ ၅ သောင်းအထိကောက်ခံပြီး အကြမ်းဖက်စစ်ကောင်စီကို ငွေကြေးထောက်ပံ့ပေးနေသူလို့ အသိပေးပါတယ်။
သဲကုန်းမြို့က စစ်သားတွေဟာ နေ့လည် ၂ နာရီကျော်အချိန်မှာ သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူး ကျော်ဝင်းထွဋ် အလောင်းကို ဆိုင်ကယ် ၁၀ စီး အင်အား ၂၀ ခန့်နဲ့ လာရောက်ကောက်ယူခဲ့တာကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းဆွဲ တိုက်ခိုက်ပြီး ထိခိုက်သေဆုံးမှုအခြေအနေကို ဆက်လက်စုံစမ်းနေဆဲလို့ သိရပါတယ်။
========================
🚩🚩 ၅။ ကြို့ပင်ကောက်မြို့နယ်မှာ ပျူစောထီးတွေနဲ့တိုက်ပွဲဖြစ်ရာမှာ ပျူစောထီးတဦးသေဆုံး
မေလ ၂၅ရက်
ပဲခူးတိုင်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်မှာ ပျူစောထီးတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာမှာ ပျူစောထီးတဦး သေဆုံးသွားတယ်လို့ YOMA GBK တပ်ဖွဲ့က ပြောပါတယ်။
မနေ့ မေလ ၂၄ ရက် မနက် ၉ နာရီ ၂၀ မိနစ်ခန့်အချိန်က ကြို့ပင်ကောက်မြို့နယ် ကုန်းရွာအုပ်စု ကွင်းချောင်းရွာအနီးမှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ-၁ Dragon Brothers (GBK - PDF) နဲ့ ကွင်းချောင်း ပျူစောထီးတွေ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပြီးတဲ့နောက် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ-၁ YOMA GBK တပ်ခွဲနဲ့အတူ Dragon Brothers (GBK - PDF) တို့ ပူးပေါင်းပြီး နယ်မြေရှင်းလင်းရေးလုပ်ခဲ့တယ်လို့ အသိပေးပါတယ်။
ဒီတိုက်ပွဲမှာ ရန်သူ့ဘက်က ပျူစောထီးတဦး သေဆုံးသွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က အထိအခိုက် မရှိခဲ့ဘူးလို့ သိရပါတယ်။
========================
🚩🚩 ၆။ ပန်းတောင်နယ်က ပြည်သူ့စစ်သင်တန်းဆင်း ပျူစောထီးတဦးကို ဖမ်းဆီးခဲ့ရာမှာ သေနတ်တလက်နဲ့ကျည်တွေ သိမ်းဆည်းရရှိ
မေလ ၂၅ရက်
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ရေဆုံးကျေးရွာက ပြည်သူ့စစ်သင်တန်းဆင်း ပျူစောထီးတဦးကို ဖမ်းဆီးခဲ့ရာမှာ သေနတ်တလက်နဲ့ကျည်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဒီစစ်ဆင်ရေးကိုဖော်ဆောင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ကျောက်ပန်းတောင်းမြို့နယ် ရေဆုံးကျေးရွာမှာနေတဲ့ ပြည်သူ့စစ်သင်တန်းဆင်း ပျူစောထီး ဘိုဝင်းကို မေလ ၂၂ ရက်နေ့က သူနေတဲ့အိမ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ရှာဖွေစစ်ဆေးခဲ့ရာမှာ FO အမျိုးအစား သေနတ်တလက်နဲ့ ၇ ဒသမ ၆၂ မမ ကျည် ၁၅ တောင့် သိမ်းဆည်းရရှိခဲ့တာလို့ ဆိုပါတယ်။
ပြည်သူ့စစ်သင်တန်းဆင်း ပျူစောထီး ဘိုဝင်းကို တော်လှန်ရေးမဟာမိတ်တပ်တွေဖြစ်တဲ့ မကွေးမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့-ပကဖ၊ မကွေးတိုင်း ပကဖ စစ်ကြောင်း - MLDC၊ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ၊ နတ်မောက်ပြည်သူ့ကာကွယ်ရေး တပ်မတော် - ၉၀၂ တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ပြည်သူ့စစ်သင်တန်းဆင်း ပျူစောထီး ဘိုဝင်းကို တော်လှန်ရေးမဟာမိတ်တပ်တွေဖမ်းဆီးခေါ်ဆောင်လာချိန်မှာ ထွက်ပြေးဖို့ ကြိုးစားတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရတဲ့အတွက် သေဆုံးသွားတယ်လို့လည်း ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment