၂၀၂၅ မေလ ၂၆ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ဗုံးကျဲဒဏ်ခံနိုင်တဲ့ မြေအောက်ဆေးရုံ၊ဆေးခန်းတွေ ဆောက်ဖို့လိုလာတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးပြော
📌 ၂။ အမေရိကန်နိုင်ငံMichigan ပြည်နယ်ရှိ Burma Center မှ Executive Director, Christina Khimနှင့် ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးတို့ တွေ့ဆုံ
📌 ၃။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမဘဝတစ်ခုလုံးကို မြန်မာနိုင်ငံ ဒီမိုကရေစီနဲ့ လူသားအခွင့်အရေးများအတွက် မြုပ်နှံထားသူဖြစ်တယ်လို့ဆို
📌 ၄။ တော်လှန်ရေးအတွက် အထောက်အပံ့ ဖြစ်စေဖို့ဒေါ်အောင်ဆန်းစုကြည် ၈၀ ပြည့်မွေးနေ့ အမှတ်တရ 3D ပစ္စည်းများနော်ဝေတွင်ရောင်းချပေးနေ
📌 ၅။ ဂျပန်ရောက်တော်လှန်ပြည်သူ ထောင်ပေါင်းများစွာ၏ အားပေးမှုကိုရရှိခဲ့သော တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်း
========================
၂၀၂၅ ခုနှစ် မေလ ၂၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မိုးကုတ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်သခင်စစ်ဆေးမှုပြုလုပ်နေချိန် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ (၈)ဦး ဖမ်းဆီးရမိ
🚩 ၂။ မြန်မာစစ်အုပ်စုကို အခွန်ငွေ၊ လေယာဉ်ဆီနှင့် နည်းပညာများ ပံ့ပိုးပေးခဲ့ကြပြီး၊ ရာဇဝတ်မှုကြီးများတွင် အားပေးကူညီနေသည့် အာဆီယံအတွင်း ကုမ္ပဏီ ၅၄ ခုစာရင်းကို JusticeForMyanmarထုတ်ပြန်
🚩 ၃။ Free Burma Action Committeeမှ ၁၅၇ကြိမ်မြောက် လူထုသပိတ်တိုက်ပွဲဆင်နွှဲ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ဗုံးကျဲဒဏ်ခံနိုင်တဲ့ မြေအောက်ဆေးရုံ၊ဆေးခန်းတွေ ဆောက်ဖို့လိုလာတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးပြော
မေလ၂၆ရက်
ဗုံးကျဲဒဏ်ခံနိုင်တဲ့ မြေအောက်ဆေးရုံ၊ဆေးခန်းတွေ ဆောက်ဖို့လိုလာတယ်လို့ NUGကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
"အရင်တုန်းကတော့ ကျနော်တို့တတွေ လုံခြုံတဲ့တောထဲတောင်ထဲမှာ ရှေ့တန်းဆေးရုံ၊ဆေးခန်းအနေနဲ့ အခြေချ ဆေးရုံဆေးခန်းတွေကို တည်ဆောက်ပြီးတော့ ဆေးကုသခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ ဒီအချိန်မှာ အခုလိုမျိုး ဧပြီ ၊ မေ နှစ်လအတွင်းမှာ တိုက်ခိုက်မှုတွေ ပိုပြီးများလာပြီး ဆေးရုံဆေးခန်းတွေအတွက် လုံခြုံမှုမရှိတော့တဲ့အတွက် ကျွန်တော်တို့တွေ အခုအချိန်မှာ Underground မြေအောက်ဆေးရုံ ဆေးခန်းတွေ ဗုံးကျဲဒဏ် ခံနိုင်တဲ့ ပေါင် ၅၀၀ ၊ ၁၀၀၀ ဗုံးတွေ ကျဲတဲ့ ဒဏ် ခံနိုင်တဲ့ မြေအောက် ဆေးရုံ ဆေးခန်းတွေ ဆောက်ဖို့ လိုလာပါတယ်။ ဒါကြောင့် ဒီဟာကို ပြည်တွင်း ပြည်ပ မြန်မာပြည်သူများအနေနဲ့ နိုင်ငံတကာအလှူရှင်များအနေနဲ့ မြေအောက်ဆေးရုံ ဆေးခန်းများ ဗုံးကျဲဒဏ်ခံနိုင်တဲ့ ဆေးရုံ ဆေးခန်းများ တည်ဆောက်ဖို့အတွက် ကူညီကြဖို့ ကျွန်တော့်အနေနဲ့ ဒီနေရာမှာ တိုက်တွန်းလိုပါတယ်"လို့ ဝန်ကြီးကပြောပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနသည် ဒေသဆိုင်ရာကျန်းမာရေးတာဝန်ခံ ( ၂၉ ) ဦး ၊ မြို့နယ် ကျန်းမာရေးတာဝန်ခံ ( ၂၂၇ ) ဦးတို့နှင့် ချိတ်ဆက်ပြီး မြို့နယ်ပေါင်း (၁၉၀) တွင် မြေပြင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။
ဆေးရုံပေါင်း (၁၀၆ ) ရုံ၊ ဆေးခန်းပေါင်း (၈၀၈ )ခု ၊ ရွေ့ လျား ဆေးခန်းပေါင်း (၁၉၂) ခုကျော်တို့တွင် ကျန်းမာရေးလုပ်သား အင်အားစု (၅၀၉၈) ဦးဖြင့် ဒေသအသီးသီးတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး တစ်ခုတည်းတွင် ပြင်ပလူနာအရေအတွက်မှာ ၄ နှစ်အတွင်း ( ၁၀၅၅၈ ) ဦးမှ (၁,၂၄၁,၆၃၃) ဦးအထိ ပိုမိုကုသမှုပေးနိုင်ခဲ့ပါတယ်။
========================
📌📌 ၂။ အမေရိကန်နိုင်ငံMichigan ပြည်နယ်ရှိ Burma Center မှ Executive Director, Christina Khimနှင့် ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးတို့ တွေ့ဆုံ
မေလ၂၆ရက်
Michigan ပြည်နယ် ရှိ Burma Centerသို့ တာဝန်ရှိသူများ၏ ဖိတ်ကြားချက်အရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးနှင့် အမျိုးသမီးအဖွဲ့များမှ သွားရောက်လေ့လာ၍ လုပ်ငန်းရပ်များအား ဆွေးနွေးအားပေးစကားပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။
Burma Center မှ Executive Director ဖြစ်သော Christina Khim မှ Burma Center ၏ လုပ်ငန်းရပ်များဖြစ်သော မူကြိုကလေးများအစီအစဉ်၊ မြန်မာစာသင်ကြားရေး၊ ကျန်းမာရေး ဝန်ဆောင်မှု၊ အလုပ်အကိုင်ရှာဖွေရေး၊ ဘာသာပြန်လုပ်ငန်း၊ ပညာရေးအစီအစဉ်များ အစရှိသည့်လုပ်ဆောင်နေမှုများအား ရှင်းလင်းပြောကြားခဲ့ပါတယ်။
ထို့နောက်ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးမှလည်း အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ဆောင်ချက်များ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့တယ်လို့သိရှိရပါတယ်။
========================
📌📌 ၃။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမဘဝတစ်ခုလုံးကို မြန်မာနိုင်ငံ ဒီမိုကရေစီနဲ့ လူသားအခွင့်အရေးများအတွက် မြုပ်နှံထားသူဖြစ်တယ်လို့ဆို
မေလ၂၆ရက်
ဒေါ်အောင်ဆန်းစုကြည်ဟာ သူမဘဝတစ်ခုလုံးကို မြန်မာနိုင်ငံ ဒီမိုကရေစီနဲ့ လူသားအခွင့်အရေးများအတွက် မြုပ်နှံထားသူဖြစ်တယ်လို့သားငယ်ကိုထိန်လင်းကဆိုပါတယ်။
"ကျွန်တော့်ရဲ့ မေမေ ဒေါ်အောင်ဆန်းစုကြည်က သူမဘဝတစ်ခုလုံးကို မြန်မာနိုင်ငံ ဒီမိုကရေစီနဲ့ လူသားအခွင့်အရေးများအတွက်ပဲ မြုပ်နှံထားသူဖြစ်ပါတယ်။ သူမဘဝရဲ့ လေးပုံတစ်ပုံကိုလည်း ထောင်ထဲမှာ ဒါမှမဟုတ် အိမ်အကျယ်ချုပ်နေပြီး ဖြတ်သန်းခဲ့ရသူလည်းဖြစ်ပါတယ်။ ဒီလိုမျိုးတွေ ဖြတ်ကျော်လာခဲ့တယ်ဆိုတာကလည်း သူမအတွက် မဟုတ်ဘဲ လွတ်လပ်ရေး အိပ်မက်မက်နေတဲ့ သန်းနဲ့ချီရှိကြတဲ့ မြန်မာပြည်သူတွေ အတွက်ပဲ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက်စစ်တပ်ကနိုင်ငံတော်အာဏာကိုလုယူစဥ်ကတည်းကမတရားဖမ်းဆီးအကျဥ်းချခဲ့ပြီး ပြင်ပနဲ့အဆက်အသွယ်ဖြတ်တောက်ထားခဲ့ပါတယ်။
========================
📌📌 ၄။ တော်လှန်ရေးအတွက် အထောက်အပံ့ ဖြစ်စေဖို့ဒေါ်အောင်ဆန်းစုကြည် ၈၀ ပြည့်မွေးနေ့ အမှတ်တရ 3D ပစ္စည်းများနော်ဝေတွင်ရောင်းချပေးနေ
မေလ၂၆ရက်
တော်လှန်ရေးအတွက် အထောက်အပံ့ ဖြစ်စေဖို့ဒေါ်အောင်ဆန်းစုကြည် ၈၀ ပြည့်မွေးနေ့ အမှတ်တရ 3D ပစ္စည်းများနော်ဝေတွင်ရောင်းချပေးနေတယ်လို့ Myanmar (CRPH) Support Group, Norwayက အသိပေးဆိုထားပါတယ်။
"တော်လှန်ရေးအတွက် အထောက်အပံ့ ဖြစ်စေဖို့ နော်ဝေအခြေစိုက် 3M Studio နဲ့ Myanmar (CRPH) Support Group, Norway တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ အမှတ်တရပစ္စည်းလေးတွေကို အခုကတည်းက ဝယ်ယူစုဆောင်းနိုင်ပါပြီ။ထုတ်လုပ်ထားတဲ့ 3D ပစ္စည်းတွေထဲမှာ ဒေါ်စုရဲ့ ထင်ရှားတဲ့ အဆိုအမိန့်တွေနဲ့ ဒေါ်စု ဖောင်းကြွရုပ်ပုံ ပါဝင်တဲ့ စားပွဲတင် ပစ္စည်းလေးတွေ၊ ဒေါ်စုရဲ့ ပုံတူရုပ်ထုတွေ၊ နွေဦးတော်လှန်ရေးနဲ့ NLD အလံပါတဲ့ စားပွဲတင် ပစ္စည်းလေးတွေ၊ သံလိုက်ပါတဲ့ နွေဦးတော်လှန်ရေးနဲ့ NLD အလံလေးတွေ စတဲ့ ပစ္စည်းတွေ ပါဝင်ပါတယ်။သော့ချိတ်၊ လော့ကက်နဲ့ တခြား အမှတ်တရ ပစ္စည်းလေးတွေရဲ့ ပုံတွေကိုလည်း ထပ်ပြီး တင်ပေးပါဦးမယ်"လို့ဆိုထားပါတယ်။
ပစ္စည်းတွေကို မှာယူချင်ရင်တော့ ဖော်ပြထားတဲ့ @CRPH support Group, Norway ရဲ့ Messanger ကနေ မှာယူနိုင်ပြီးအမှတ်တရ ပစ္စည်းလေးတွေကို ရောင်းချပြီး ရလာမယ့် အမြတ်ငွေတွေကို မြန်မာပြည်ထဲက စစ်ဘေးရှောင် စခန်းတွေဆီ တိုက်ရိုက် ပေးပို့သွားမှာ ဖြစ်ပါတယ်။
========================
📌📌 ၅။ ဂျပန်ရောက်တော်လှန်ပြည်သူ ထောင်ပေါင်းများစွာ၏ အားပေးမှုကိုရရှိခဲ့သော တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်း
မေလ ၂၆ရက်
ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ မေ ၂၅ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းရဲ့ Phyu Phyu in Japan တော်လှန်ရေးရန်ပုံငွေဂီတဖျော်ဖြေပွဲ အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။
တစ်ကိုယ်တော်ဖျော်ဖြေပွဲကို လာရောက်အားပေးသူ ခုနစ်ထောင်ကျော်ရှိခဲ့ပြီး ပရိသတ်တွေစိတ်ကျေနပ်ရတဲ့ ဖျော်ဖြေပွဲဖြစ်ခဲ့ပါတယ်လို့လည်းသိရပါတယ်။ဒီပွဲနှင့်ပတ်သက်ပြီး တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းက “ဒီနေ့ သေ မယ်ဆိုရင်တောင် သေပျော်ပါပြီ ဆာကူရာမြေ " လို့ သူမရဲ့ လူမှုကွန်ရက်မှာ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။
ဒီပွဲပြီးရင် သူမရဲ့ကျန်းမာရေးအခြေအနေအရ တစ်ကိုယ်တော်ပွဲပြုလုပ်တာတွေကို ခဏရပ်နားထားဦးမှာဖြစ်တယ်လို့ ဖြူဖြူကျော်သိန်းက အသိပေးထားပါတယ်။တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းဟာ UK ၊ ကိုရီးယား၊ ဩစတေးလျ၊ ဂျပန် စတဲ့ နိုင်ငံတွေမှာ ရန်ပုံငွေဂီတဖျော်ဖြေပွဲတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက်နွေဦးရွှေဝါနှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မိုးကုတ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်သခင်စစ်ဆေးမှုပြုလုပ်နေချိန် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ (၈)ဦး ဖမ်းဆီးရမိ
မေလ ၂၆ရက်
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ မိုးကုတ်မြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်သခင်စစ်ဆေးမှုပြုလုပ်နေချိန် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ (၈)ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့TNLAကအတည်ပြုထားပါတယ်။
ဖြစ်စဥ်တွင် ယမန်နေ့ ည (၁၁း၀၀)နာရီအချိန်တွင် ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့မှ ပူးပေါင်းပြီး မြို့အတွင်း ရှောင်သခင်စစ်ဆေးမှုပြုလုပ်နေချိန် ကိုနိုင်မင်းထက်၊ စိုင်းကိုကိုအောင်၊ကိုဇော်သက်ထွေးတို့ထံမှ ယာမဆေးပြား (၁၅ထုပ်နှင့်၂၀၇ပြား)၊ ဘိန်းဖြူ (၂)ပတ်ပြားပုလင်း (၃)ပုလင်းနှင့်အတူဖမ်းဆီးရမိခဲ့တယ်လို့မေလ၂၆ရက်အတည်ပြုထားပါတယ်။
ထိုနောက် မူးယစ်ဆေးဝါးသုံးစွဲသူဖြစ်သည့် စိုးချစ်သူ၊ ညီမင်းခန့်၊ အောင်ဇော်ထက်၊ ကျော်ဇင်ဦးနှင့် အပြုံးတို့ကို တအာင်းပြည် ရဲတပ်ဖွဲ့မှ ထပ်မံဖမ်းဆီရမိခဲ့ကာ ဖမ်းဆိီးရမိထားသည့် ၎င်းတို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
အလားတူ ပြီးခဲ့သည့် မေလ(၂၁)ရက်တွင်လည်း မိုးကုတ်မြို့၊ သံလွင်တောင်ရပ်ကွက်တွင် နေထိုင်သော အမျိုးသားတစ်ဦးကို မူးယစ်ဆေးဝါးရောင်းဝယ်သည်ဟု သတင်းရရှိကာ မြို့နယ်ရဲတပ်ဖွဲ့မှသွားရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးအများအပြား ဖမ်းဆီးရမိခဲ့ပါတယ်။
========================
🚩🚩 ၂။ မြန်မာစစ်အုပ်စုကို အခွန်ငွေ၊ လေယာဉ်ဆီနှင့် နည်းပညာများ ပံ့ပိုးပေးခဲ့ကြပြီး၊ ရာဇဝတ်မှုကြီးများတွင် အားပေးကူညီနေသည့် အာဆီယံအတွင်း ကုမ္ပဏီ ၅၄ ခုစာရင်းကို JusticeForMyanmarထုတ်ပြန်
မေလ၂၆ရက်
မြန်မာစစ်အုပ်စုကို အခွန်ငွေ၊ လေယာဉ်ဆီနှင့် နည်းပညာများ ပံ့ပိုးပေးခဲ့ကြပြီး၊ ရာဇဝတ်မှုကြီးများတွင် အားပေးကူညီနေသည့် အာဆီယံအတွင်း ကုမ္ပဏီ ၅၄ ခုစာရင်းကို JusticeForMyanmarထုတ်ပြန်လိုက်ပါတယ်။
Justice For Myanmar ၏ ထုတ်ပြန်လိုက်သည့် အစီရင်ခံစာအရ အရှေ့တောင်အာရှနိုင်ငံများ အသင်း (အာဆီယံ) ၏ အဖွဲ့ဝင်နိုင်ငံများရှိ ကုမ္ပဏီ ၅၄ ခုတို့သည် မြန်မာစစ်အုပ်စု၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁ ရက်နေ့ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း စစ်အုပ်စုနှင့် ၎င်းတို့ထိန်းချုပ် ထားသည့် ကုမ္ပဏီများနှင့် စီးပွားရေးဆက်နွှယ်မှုများကို ဆက်လက်ထိန်းသိမ်းထားရှိတယ်လို့ဆိုပါတယ်။
ယင်းစီးပွားရေးလုပ်ငန်းများမှ အချို့သည် ပထမဆုံးအကြိမ် ထုတ်ဖော်ခံရခြင်းဖြစ်ပြီး၊ ၄င်းတို့မှာ စစ်အုပ်စုထိန်းချုပ်ထားသည့် ရေနံနှင့်သဘာဝဓါတ်ငွေ့၊ သစ်လုပ်ငန်းကဏ္ဍ၊ မြေနေရာငှားရမ်းမှုနှင့် အခွန်ပေးချေမှုများမှတဆင့် အခွန်ဝင်ငွေများပံ့ပိုးပေးခြင်း၊ လေယာဉ်ဆီ၊ ဆက်သွယ်ရေးနှင့် စောင့်ကြည့်ထောက်လှမ်းရေး နည်းပညာများ ထောက်ပံ့ခြင်းတို့ဖြင့် ပြည်သူများအပေါ် စစ်အုပ်စု ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်စစ်ဆင်ရေးကို အားပေးကူညီခဲ့ကြပါတယ်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ကော်ပိုရိတ်တွေရဲ့ ကြံရာပါမှုကိုဖြေရှင်းဖို့ အာဆီယံရဲ့ ပျက်ကွက်မှုက စစ်အုပ်စုကို သူတို့ရဲ့အကြမ်းဖက်စစ်ဆင်ရေးတွေ တိုးမြှင့်လုပ်ဆောင်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ စစ်အုပ်စုအကြမ်းဖက်စစ်ဆင်ရေးအတွင်း အရပ်သား ပြည်သူ ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး၊ သန်းပေါင်းများစွာကို နေရပ်စွန့်ခွာစေခဲ့တာ ဖြစ်ပါတယ်။အာဆီယံအနေနဲ့ အရေးယူဆောင်ရွက်မှု လုပ်ကိုလုပ်ရပါမယ်။ မြန်မာပြည်သူတွေရဲ့ အခွင့်အရေးတွေနဲ့ ဒီမိုကရေစီလိုလား တောင့်တမှုအပေါ် လေးစားတန်ဖိုးထားရမှာဖြစ်ပြီး မြန်မာစစ်အုပ်စုနဲ့ ကြံရာပါမှုကို ရပ်တန့်ဖို့ အချိန်တန်ပါပြီ” လို့ ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံ၏ အစိုးရတစ်စိတ်တစ်ပိုင်းပိုင် PTTEP - ယင်းကုမ္ပဏီသည် စစ်အုပ်စုနှင့် မိတ်ဖက် ဆောင်ရွက်၍ အရေးပါသည့် ကမ်းလွန်ဓါတ်ငွေ့စီမံကိန်းကြီး နှစ်ခုကို ကြီးကြပ် လုပ်ကိုင်ကာ မိခင်ကုမ္ပဏီ PTT ထံ ဓါတ်ငွေ့ရောင်းချမှုမှ ရရှိငွေများဖြင့် စစ်ရာဇဝတ်မှု များနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် ငွေကြေးထောက်ပံ့ လျက်ရှိပါတယ်။
အလားတူမလေးရှားရေနံတွင်းဝန်ဆောင်မှုကုမ္ပဏီ ENRA Group - ယင်းကုမ္ပဏီသည် စစ်အုပ်စု အတွက် ဘဏ္ဍာငွေရှာဖွေပေးနေသည့် ရဲတံခွန်သဘာဝဓါတ်ငွေ့စီမံကိန်းအတွက် ဓါတ်ငွေ့ သိုလှောင်မှုနှင့် ပို့လွှတ်မှုအဆောက်အအုံများ ပံ့ပိုးကူညီပြီး၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်များ အတွင်း မြန်မာနိုင်ငံသည် ကုမ္ပဏီ၏ အဓိကဝင်ငွေရင်းမြစ် ဖြစ်ခဲ့ပါတယ်။
========================
🚩🚩 ၃။ Free Burma Action Committeeမှ ၁၅၇ကြိမ်မြောက် လူထုသပိတ်တိုက်ပွဲဆင်နွှဲ
မေလ၂၆ရက်
Free Burma Action Committeeမှ ၁၅၇ကြိမ်မြောက် လူထုသပိတ်တိုက်ပွဲဆင်နွှဲခဲ့တယ်လို့ သိရပါတယ်။
မေလ၂၄ရက်မွန်းလွဲပိုင်း အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကို၊ ဆန်ဖရန်စစ္စကိုရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရှေ့ ဆန္ဒပြလှုပ်ရှားခဲ့ကြပါတယ်။၄င်းလူထုသပိတ်ကို Free Burma Action Committee (FBAC)က ဦးဆောင်ခဲ့ပြီး မြန်မာအင်အားစုများပါဝင်ဝန်းရံခဲ့ကြပါတယ်။မြန်မာနိုင်ငံပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်မှုအား ကန့်ကွက်ကြောင်း ဆန္ဒသဘောထားများပြသခဲ့ကြပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment