၂၀၂၅ ဇွန်လ ၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ဖို့အတွက် လူထုလှုပ်ရှားမှုများ၊ နိုင်ငံတကာဖိအားပေးရေး လုပ်ငန်းစဥ်များနှင့်အတူ လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်၏ ရည်မှန်းချက်များ အမြန်ဆုံးပြီးမြောက်အောင် လုပ်ဆောင်သွားမည်ဟု KNDF ကတိပြု
📌 ၂။ မန္တလေးတွင် ငလျင်ဒဏ်သင့် အဆောက်အအုံ တစ်ခုကို ဖြိုချရာ အမျိုးသား ၁ဦး သေဆုံး
📌 ၃။ မဟာချိုင်တွင် မွန်အမျိုးသမီး တစ်ဦး ရထားကြိတ်ခံရ၍ သေဆုံး
📌 ၄။ Rama 2 မိုးပျံလမ်း ပြိုကျမှုအတွက် မြန်မာလုပ်သားလေးဦး ဘတ် ၁ သန်းစီ နစ်နာကြေးရရှိ
📌 ၅။ ကချင်ပြည်နယ်၊ ချီဖွေနှင့် ပူတာအိုတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေမြင့်တက်ပြီး နေအိမ်များနစ်မြှုပ်၊ ဒေသခံရာနှင့်ချီရွှေ့ပြောင်းနေရ
📌 ၆။ မတ္တရာမြို့နယ်အတွင်း ဖမ်းဆီးရရှိထားသော မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီး
📌 ၇။ မတ္တရာမြို့နယ်အတွင်း ငလျင်ဘေးသင့်ပြည်သူများအတွက် မန္တလေး (EMC)မှ ငွေသားနှင့်အကူညီများ ထောက်ပံ့ပေးခဲ့
========================
၂၀၂၅ ခုနှစ် ဇွန်လ ၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ KNDF တည်ထောင်ခြင်း လေးနှစ်ပြည့် အခမ်းအနားနှင့်အတူ KNDF B-29ရဲ့ ဒုတိယအကြိမ် စစ်သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်
🚩 ၂။ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်သရွေ့ ပြည်သူများ ငြိမ်းချမ်းစွာနေထိုင်နိုင်မည်မဟုတ်ကြောင်း KNDF ဒုစစ်ဦးစီးချုပ် မာဝီ ပြောကြား
🚩 ၃။ ဗျူဟာ တပ်စခန်းများ သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီ ကာကင်းစခန်း ၅ ခု သုံးရက်အတွင်း စွန့်ခွာသွားခဲ့
🚩 ၄။ အမှတ် (၃၃) ခြေမြန်တပ်မ ဌာနချုပ် (တပ်မ ၃၃) ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်
🚩 ၅။ ကျောက်ဖြူ တိုက်ပွဲမှာ စစ်ကောင်စီရဲ့ တိုင်းစစ်ဦးစီးမှူး၊ ဒုတိယ ဗိုလ်မှူးကြီး တစ်ဦးကို AA ဖမ်းဆီးရမိ
🚩 ၆။ စစ်ကောင်စီနဲ့ တိုက်ပွဲအတွင်း ရတနာပုံတော်လှန်ရေးတပ်ဖွဲ့မှ ဗဟိုကော်မတီဝင် တစ်ဦးကျဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ဖို့အတွက် လူထုလှုပ်ရှားမှုများ၊ နိုင်ငံတကာဖိအားပေးရေး လုပ်ငန်းစဥ်များနှင့်အတူ လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်၏ ရည်မှန်းချက်များ အမြန်ဆုံးပြီးမြောက်အောင် လုပ်ဆောင်သွားမည်ဟု KNDF ကတိပြု
မေလ ၃၁ရက်
Radio NUG
KNDF ၏ တော်လှန်ရေးခရီး (၄)နှစ်မှသည် တော်လှန်ရေးပန်းတိုင်ဖြစ်သော အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ဖို့အတွက် မိမိတို့အနေဖြင့် လူထုလှုပ်ရှားမှုများ ၊ နိုင်ငံတကာဖိအားပေးရေး လုပ်ငန်းစဥ်များနှင့်အတူ လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်၏ ရည်မှန်းချက်များ အမြန်ဆုံးပြီးမြောက်အောင် လုပ်ဆောင်သွားမည်ဟု လေးနက်စွာ ကတိပြုကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) (၄) နှစ်ပြည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းစေနိုင်ရန်အတွက် ပြည်သူလူထု၏ ပံ့ပိုးကူညီမှုဖြင့် မိမိတို့ KNDF မှ ကြိုးစားဆောင်ရွက်ခဲ့သော်လည်း ယခု (၄)နှစ်ပြည့်မြောက်သည့် အချိန်ကာလအထိ တော်လှန်ရေးခရီး ကြာရှည်စွာ ဖြစ်ပေါ်လုပ်ဆောင်နေရသည့်အပေါ် မိဘပြည်သူများနှင့် ရဲဘော်ရဲဘက်များအား KNDF အနေဖြင့် တာဝန်ကျေပွန်မှုမရှိသလို ခံစားရပြီး ညှိုးငယ်စွာဖြင့် များစွာစိတ်မကောင်းဖြစ်ရကြောင်း တောင်းပန်ထားပါတယ်။
ထို့အတူ တော်လှန်ရေးခရီး (၄)နှစ်တာ ကာလအတွင်း အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်း၍ တိုးတက်ကောင်းမွန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဒီမိုကရက်တစ်ကိုအခြေခံသည့် ဥပဒေများ၊ ဒီမိုကရက်တစ် ကျင့်ဝတ်များအား တပ်ပိုင်းဆိုင်ရာတွင်သာမက အုပ်ချုပ်ရေးကဏ္ဍများတွင် ဆောင်ရွက်ခွင့်ရသည့်အပေါ် လွန်စွာတန်ဖိုးထား၍ ယခုထက်ပိုမို ကောင်းမွန်အောင် တည်ဆောက်လုပ်ကိုင် သွားမည်ဖြစ်ကြောင်း ပြည်သူလူထုအား အလေးအနက်ထား အသိပေးထားပါတယ်။
KNDF ၏ (၄)နှစ်တာ ကာလတစ်လျှောက် ပြည်သူလူထုများ၏ ထောက်ပံ့ကူညီမှု ၊ မဟာမိတ်များ၏ ပံ့ပိုးကူညီမှု၊ လက်တွဲခေါ်ဆောင်မှုများနှင့်အတူ KNDF အား တစ်စိုက်မတ်မတ် ဝေဖန်ထောက်ပြပေးသည့် ပြည်သူလူထုများ ၊ KNDF အား ဦးဆောင်လမ်းညွှန်ပေးခဲ့သည့် ခေါင်းဆောင်အသီးသီးတို့ကို ကျေးဇူးအထူးတင်ရှိကြောင်း၊ KNDF အနေဖြင့် တော်လှန်ရေးကာလတွင် မဆုတ်မနစ်ပါဝင်၍ တာဝန်များထမ်းဆောင်ပေးနေကြသည့်၊ ပေးခဲ့ကြသည့် ရဲဘော်ရဲဘက်များအား အထူးဂုဏ်ယူလေးစားကြောင်းနှင့် ကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။
========================
📌📌 ၂။ မန္တလေးတွင် ငလျင်ဒဏ်သင့် အဆောက်အအုံ တစ်ခုကို ဖြိုချရာ အမျိုးသား ၁ဦး သေဆုံး
မေလ ၃၁ရက်
Radio NUG
မန္တလေးမြို့တွင် မတ်လ ၂၈ ရက်က ဖြစ်ပွားခဲ့သော အင်အားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံတစ်ခုကို ဖြိုချရာတွင် မေလ ၃၁ရက် နံနက်ပိုင်းက ပြိုကျမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရပါတယ်။
အဆောက်အအုံ ပြိုကျမှုကြောင့် အသက် ၁၈နှစ်အရွယ် လူငယ်အမျိုးသား တစ်ဦး သေဆုံးခဲ့ရတဲ့အပြင် အသက်၄၅နှစ် အရွယ် အမျိုးသား တစ်ဦးဟာ ဝဲဘက်လက်ပြင် ပွန်းပဲ့ဒဏ်ရာ၊ ယာဂျိုစောင်းပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်နဖူး ဖူးယောင်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၃။ မဟာချိုင်တွင် မွန်အမျိုးသမီး တစ်ဦး ရထားကြိတ်ခံရ၍ သေဆုံး
မေလ ၃၁ရက်
Radio NUG
ထိုင်းနိုင်ငံ၊ စာမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်မြို့၌ မေလ ၃၁ ရက် နံနက် ၈ နာရီဝန်းကျင်တွင် မြန်မာလုပ်သား မွန်အမျိုးသမီး တစ်ဦး ရထားကြိတ်ခံရ၍ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းရင်းမြစ်များမှ သိရပါတယ်။
မဟာချိုင်တွင် ညဆိုင်းအလုပ်သမားများကို တင်ဆောင်လာသည့် ကားတစ်စီးသည် ရထားသံလမ်းဖြတ်ကူးစဉ် ရထားနှင့် နီးကပ်လာမှုကြောင့် ကားပေါ်မှ အလုပ်သမားများ ထိတ်လန့်ကာ ခုန်ချခဲ့ရာ အသက် ၂၇ နှစ်အရွယ် သံဖြူဇရပ်မြို့နယ်၊ ပင ရွာဒေသခံ မွန်အမျိုးသမီး မဖြူဖြူမှာ ရထားကြိတ်ခံရ၍ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ရထားကြိတ်ခံရမှုကြောင့် ခြေထောက်ပြတ်ပြီး နှလုံးရပ်ကာ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ယာဉ်မောင်းသူ၏ ပေါ့ဆမှုကြောင့် ဖြစ်ပွားခဲ့သည်ဟု လူမှုကွန်ရက်ပေါ်တွင် မြန်မာအလုပ်သမားအရေးဆောင်ရွက်သူများက ပြောဆိုနေကြပြီး၊ ယာဉ်မောင်းကို တာဝန်ရှိသူများက စစ်ဆေးမေးမြန်းလျက်ရှိတယ်လို့ သိရပါတယ်။
အဆိုပါ ရထားလမ်းသည် ရပ်ကွက်အတွင်း ဖြတ်သန်းထားပြီး အကာအရံမရှိသည့်အတွက် မတော်တဆမှုများ မကြာခဏ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရပါတယ်။
========================
📌📌 ၄။ Rama 2 မိုးပျံလမ်း ပြိုကျမှုအတွက် မြန်မာလုပ်သားလေးဦး ဘတ် ၁ သန်းစီ နစ်နာကြေးရရှိ
မေလ ၃၁ရက်
Radio NUG
ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ဈေးအနီးတွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့က ဆောက်လက်စ Rama 2 မိုးပျံလမ်း ပြိုကျမှုကြောင့် သေဆုံးခဲ့ရသည့် မြန်မာလုပ်သား လေးဦးအတွက် နစ်နာကြေးအဖြစ် တစ်ဦးလျှင် ဘတ် ၁,၀၀၀,၀၀၀ စီ ပေးအပ်ခဲ့ကြောင်း ဘန်ကောက်မြို့ အလုပ်သမားသံအရာရှိရုံးက မေလ ၃၀ ရက်တွင် ထုတ်ပြန်ထားပါတယ်။
သေဆုံးခဲ့သူများမှာ ကိုဧရာ၊ ကိုချစ်ကိုကို၊ ကိုဖြိုးကိုကိုနှင့် ကိုအောင်သိန်းထွေးတို့ဖြစ်ပြီး၊ နစ်နာကြေးကို ထိုင်း UDONSAK CHIANGMAI ကုမ္ပဏီက ဘန်ကောက်မြို့ မြန်မာသံရုံး၌ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ဤဖြစ်ရပ်သည် Rama 2 လမ်းပိုင်းပြိုကျမှုကြောင့် သေဆုံးခဲ့ရသည့် မြန်မာလုပ်သားများအတွက် နစ်နာကြေးအပြည့်အဝရရှိသည့် ပထမဆုံးအကြိမ်ဖြစ်ကြောင်း ထိုင်းနိုင်ငံ အလုပ်သမားရုံးတာဝန်ရှိသူတစ်ဦးက ပြောကြားထားပါတယ်။
Rama 2 လမ်းသည် ဘန်ကောက်မြို့နှင့် ထိုင်းနိုင်ငံတောင်ပိုင်းကို ဆက်သွယ်ထားသည့် အဓိကလမ်းတစ်ခုဖြစ်ပြီး ဆောက်လုပ်နေစဉ်အတွင်း မကြာခဏ ပြိုကျမှုများဖြစ်ပွားခဲ့ကာ ၂၀၂၄ ခုနှစ်တွင် ဇန်နဝါရီလ ၁၈ ရက်နေ့၌ မြန်မာလုပ်သား တစ်ဦး၊ မတ်လတွင် တစ်ဦး၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် လေးဦး၊ ၂၀၂၅ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် နှစ်ဦး၊ စုစုပေါင်း မြန်မာလုပ်သားရှစ်ဦး သေဆုံးခဲ့သော်လည်း ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် သေဆုံးခဲ့သည့် လေးဦးအတွက်သာ နစ်နာကြေးရရှိခဲ့ပြီး၊ ကျန်သူများအတွက် နစ်နာကြေးမရရှိသေးကြောင်း သိရပါတယ်။
========================
📌📌 ၅။ ကချင်ပြည်နယ်၊ ချီဖွေနှင့် ပူတာအိုတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေမြင့်တက်ပြီး နေအိမ်များနစ်မြှုပ်၊ ဒေသခံရာနှင့်ချီရွှေ့ပြောင်းနေရ
မေလ ၃၁ရက်
Radio NUG
ကချင်ပြည်နယ်၊ ချီဖွေနှင့် ပူတာအိုမြို့များတွင် တစ်ပတ်ကျော်ကြာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မေခနှင့် မလိခမြစ်များ၏ ရေအဆင့်များ သိသိသာသာမြင့်တက်လာပြီး နေအိမ်များ နစ်မြှုပ်ကာ ဒေသခံရာနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရပါတယ်။
ရေက မနှစ်ကထက်ပိုကြီးကာ မြစ်ဆိပ်နီးတဲ့ အိမ်တွေအားလုံးနီးပါး ရေမြှုပ်သွားပြီး ပြောင်းရွှေ့ထားရသလို အနိမ့်ပိုင်းနေရာတွေလည်း ရေတက်နေလို့ ရွှေ့ပြောင်းနေရတယ်လို့ သိရပါတယ်
ထို့အပြင် မလိခမြစ်ရေမြင့်တက်မှုကြောင့် ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၊ ရီဒမ်းကျေးရွာရှိ လူနေအိမ်အချို့နှင့် စာသင်ကျောင်းဆောင်များ မြစ်ထဲမျောပါသွားခဲ့တယ်လို့ သိရပါတယ်။
မေခမြစ်နှင့် မလိခမြစ်တို့ပေါင်းဆုံရာမှ ဖြစ်ပေါ်လာသော ဧရာဝတီမြစ်ရေသည်လည်း ဆက်လက်မြင့်တက်နေပြီး၊ မြစ်ကြီးနားမြို့တွင် ရေဘေးသတိပေးချက်များ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ဘင်္ဂလားပင်လယ်အော်တွင် မေလ ၂၉ ရက်မှစတင်ကာ အားကောင်းသော မုန်တိုင်းငယ်ဖြစ်ပေါ်ခဲ့ပြီး၊ ထိုမုန်တိုင်းအရှိန်ကြောင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပေါ်နိုင်ကြောင်း NUG ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာ (MOHADM) က သတိပေးထားပါတယ်။
========================
📌📌 ၆။ မတ္တရာမြို့နယ်အတွင်း ဖမ်းဆီးရရှိထားသော မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီး
မေလ ၃၁ရက်
Radio NUG
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးတို့မှ ပူးပေါင်း၍ ၃၁.၅.၂၀၂၅ ရက်နေ့တွင် မူးယစ်ဆေးဝါး (၄၈၅၀)ပြားအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါတယ်။
မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့နှင့် မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က မူးယစ်ဆေးဝါးတားဆီးဖမ်းဆီးရေး အရေးယူဆောင်ရွက်မှုများကို ဆောင်ရွက်နေပြီး ၂၇.၁၁.၂၀၂၄ ရက်နေ့မှ ယနေ့အချိန်ထိ အဆိုပါ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရရှိထားခြင်းဖြစ်သည်ဟု သိရပါတယ်။
========================
📌📌 ၇။ မတ္တရာမြို့နယ်အတွင်း ငလျင်ဘေးသင့်ပြည်သူများအတွက် မန္တလေး (EMC)မှ ငွေသားနှင့်အကူညီများ ထောက်ပံ့ပေးခဲ့
မေလ ၃၁ ရက်
Radio NUG
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း ငလျင်ဘေးသင့်ပြည်သူများအတွက် မန္တလေး(EMC)မှ ငွေသားနှင့် အကူအညီများပေးခဲ့တယ်လို့ သိရပါတယ်။
မတ္တရာမြို့နယ်အတွင်း၌ ငလျင်ဘေးဒဏ်ခံခဲ့ရသည့် စစ်ဘေးသင့်ပြည်သူများအတွက် မေလ (၂၅) ရက်နေ့က အရေးပေါ်စီမံခန့်ခွဲမှုကော်မတီ - မန္တလေး၏ တာဝန်ခံများနှင့် ကျေးရွာရှိလူသားစာနာတာဝန်ခံများ ကျေးရွာ (၂) ရွာသို့ သွားရောက်၍ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
ကျေးရွာ (၄) ရွာရှိ အိမ်ထောင်စု (၁၉၂) စုအတွက် တစ်အိမ်ထောင်စုလျှင် မြန်မာငွေကျပ် လေးသိန်းနှစ်သောင်း (၄၂၀၀၀၀) ကျပ်နှုန်းဖြင့် မျှဝေဖေးကူခဲ့တယ်လို့ ဆိုပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ KNDF တည်ထောင်ခြင်း လေးနှစ်ပြည့် အခမ်းအနားနှင့်အတူ KNDF B-29ရဲ့ ဒုတိယအကြိမ် စစ်သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်
မေလ ၃၁ရက်
Radio NUG
ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (၄)နှစ်ပြည့်အခမ်းအနားနှင့်အတူ တပ်ရင်းအမှတ် (၂၉) ၏ ဒုတိယအကြိမ် စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၅ခုနှစ် မေလ ၃၁ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း KNDF B-29မှ သတင်းထုတ်ပြန်ပါတယ်။
အခမ်းအနားတွင် သင်တန်းဆင်းရဲဘော်များ၏ စစ်ရေးပြအစီအစဉ်များ၊ အလံတင်ခြင်းနှင့် သစ္စာအဓိဋ္ဌာန်ရွတ်ဆိုခြင်း၊ ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအား အလေးပြုခြင်း၊ တပ်ရင်းမှ တာဝန်ရှိ တပ်ရင်းမှူး၊ ဒုရင်းမှူး၊ တပ်ခွဲမှူးတို့မှ (KNDF) တည်ထောင်ခြင်း (၄)နှစ်ပြည့် ဂုဏ်ယူကြောင်းနှင့် သင်တန်းဆင်းရဲဘော်များအား ကြိုဆိုခြင်း၊ စိတ်ဓာတ်ခွန်အားပေးခြင်း၊ ရဲဘော်ကျင့်ဝတ်နှင့်အညီ နေထိုင်ရန် နှင့် ရဲဘော်ပီသစေရန် ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရဲဘော်များမှ သရုပ်ပြအခမ်းအနားနှင့် စစ်ကြောင်း ပြန်လည် ထွက်ခွာခြင်း အစီအစဉ်များ အောင်မြင်စွာ ပြုလုပ်ခဲ့ပြီး ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်း (၂၉)အနေဖြင့် သစ္စာအဓိဌာန် (၅)ချက်နှင့်အညီ အာဏာရှင်မှန်သမျှ ကျဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း သိရပါတယ်။
========================
🚩🚩 ၂။ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်သရွေ့ ပြည်သူများ ငြိမ်းချမ်းစွာနေထိုင်နိုင်မည်မဟုတ်ကြောင်း KNDF ဒုစစ်ဦးစီးချုပ် မာဝီ ပြောကြား
မေလ ၃၁ရက်
Radio NUG
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ ၄ နှစ်ပြည့်အခမ်းအနားတွင် ဒုစစ်ဦးစီးချုပ် မာဝီက စစ်အာဏာရှင်စနစ်သက်ဆိုးရှည်သရွေ့ ပြည်သူများ ငြိမ်းချမ်းစွာနေထိုင်နိုင်မှာ မဟုတ်တာကြောင့် တော်လှန်ရေးတိုက်ပွဲကို ဆက်လက်ကျားကုတ်ကျားခဲ ဆင်နွှဲသွားမည်ဟု မေလ ၃၁ ရက်တွင် ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
မာဝီက “စစ်အာဏာရှင်တွေ သက်ဆိုးရှည်သရွေ့ ကျွန်တော်တို့ ပြည်သူလူထုနဲ့ ကျွန်တော်တို့ဟာ ဘယ်တော့မှ ကောင်းကောင်းမွန်မွန် ငြိမ်းငြိမ်းချမ်းချမ်း မနေရဘူးဆိုတဲ့ အခြေအနေတစ်ခုကိုလည်း ကျွန်တော်တို့ နှလုံးသားထဲမှာ ခေါင်းထဲမှာ အမြဲရှိဖို့လိုပါတယ်။ ဒါကြောင့်မို့လို့ ဒီတိုက်ပွဲကို ကျွန်တော်တို့ အောင်မြင်အောင် ကျားကုတ်ကျားခဲ ဆက်လက်ပြီးတော့မှ တိုက်ပွဲဝင်သွားကြဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။ အားပေးလိုပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
၄ နှစ်တာကာလအတွင်း အတူတူ အပင်ပန်းခံ၊ အနစ်နာခံ ၊ အဆင်းရဲခံ အခက်အခဲ မျိုးစုံကို ကြံ့ကြံ့ခံပြီး ၄ နှစ်တာ ခရီးကို အတူလျှောက်လှမ်းခဲ့သော ရဲဘော်ရဲဘက်များ ညီအစ်ကို ညီအစ်မ အားလုံးကို အသိအမှတ်ပြုလေးစားကြောင်း၊ တော်လှန်ရေးခရီးတွင် ဗုံးဒဏ်၊ လေယာဉ်ဗုံးဒဏ်များ လက်နက်ကြီးဒဏ်များမှ ကြံ့ကြံ့ခံပေးခဲ့သော KNDF ကို ထောက်ပံ့ပေးခဲ့သည့် ပြည်သူလူထု တစ်ရပ်လုံးကိုလည်း အထူး ကျေးဇူးတင်ရှိကြောင်း၊ ပြည်သူလူထု မရှိရင် ယနေ့အချိန်တွင် မည်သည့် ကိစ္စမှ လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း၊ ထို့ကြောင့် ပြည်သူလူထုကို ၄ နှစ်ပြည့်နေ့တွင် အထူးကို ကျေးဇူးတင်ရှိကြောင်း အသိအမှတ်ပြု ပြောဆိုထားပါတယ်။
ထို့ပြင် ၎င်းက "သိပ်မကြာခင်ကာလတွေမှာ ရောက်ရှိလာတော့မယ့် ကာလတွေမှာ ကျွန်တော်တို့ဟာ လက်ထဲမှာ Gun တွေ ကိုင်ထားတာ မဟုတ်ဘဲနဲ့ ပန်းတွေ ကိုင်ထားပြီးတော့ ကျွန်တော်တို့ တိုင်းပြည်သစ်တစ်ခု လူမှုအသိုင်းအဝိုင်းသစ်တစ်ခုမှာ ပြန်ဆုံကြမယ်လို့ ပြောကြားလိုပါတယ်" ဟု အနာဂတ်အတွက် မျှော်လင့်ချက်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
========================
🚩🚩 ၃။ ဗျူဟာ တပ်စခန်းများ သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီ ကာကင်းစခန်း ၅ ခု သုံးရက်အတွင်း စွန့်ခွာသွားခဲ့
မေလ ၃၁ ရက်၊
Radio NUG
KNU/KNLA တပ်မဟာ (၆) နယ်မြေထဲမှာ စစ်ကောင်စီရဲ့ အရေးပါတဲ့ ဗျူဟာတပ်စခန်းတွေကို KNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ၃ ရက်အတွင်း ကာကင်းစခန်း ၅ ခု စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ ထီးကပလယ်၊ မော်ခီး၊ ရွှေအေးမြိုင်၊ ထိုးကျိုး(ဘုရင့်နောင်) နဲ့ သဝီသီ တပ်စခန်းတွေဟာ စစ်ကူ ဗျူဟာတွေနဲ့ အလှမ်းဝေးကွာသွားပြီး ကြောက်လန့်မှုများ ရှိလာတာကြောင့် မနေရဲကြတော့ဘဲ စွန့်ခွာထွက်သွားခဲ့ကြတာလို့ ဆိုပါတယ်။
မေလ ၂၈ ရက်နေ့ ညပိုင်းက ကနဲလေးဗျူဟာကို သိမ်းပိုက်ရရှိခဲ့ပြီးနောက်မှာ မောခီးစခန်းက အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီ တပ်ဖွဲ့ဟာ ဥကရစ်ထ ဗျူဟာကို ဆုတ်ခွာသွားခဲ့သလို ထိုးကျိုးစခန်းက အင်အား ၂၇ ရှိ စစ်ကောင်စီ တပ်ဖွဲ့ဟာလည်း ဝေါလေ ဗျူဟာကို ဆုတ်သွားခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။
စစ်ကောင်စီ တပ်ဖွဲ့တွေ ဆုတ်ခွာရာမှာ လက်နက်ခဲယမ်းတွေကို အကုန်သယ်သွားနိုင်ခဲ့ပေမယ့် နယ်မြေကို ပြန်ထိန်းချုပ် စိုးမိုးနိုင်ခဲ့တာကြောင့် ကြီးမားတဲ့ အောင်မြင်မှု ဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ အမှတ် (၃၃) ခြေမြန်တပ်မ ဌာနချုပ် (တပ်မ ၃၃) ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်
မေလ ၃၁ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် (၃၃) ခြေမြန်တပ်မ ဌာနချုပ် (တပ်မ ၃၃) ကို ၁၀၇ မမ ရှော့တိုက်ဒုံး (၃) လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ပြန်ထားပါတယ်။
မေလ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ် အချိန်မှာ BWM ရဲ့ ဦးဆောင်မှုဖြင့် Shadow (စစ်ကိုင်း) ၊ No More Dictatorship (NMD) နဲ့ စစ်ကိုင်း မြို့ပြပြောက်ကျား (Infinity) အဖွဲ့တို့ပူးပေါင်းကာ တပ်မ (၃၃) ဌာနချုပ် အတွင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
တပ်မ (၃၃) ဟာ နွေဦးတော်လှန်ရေး ကာလ တလျောက်တွင် ပြည်သူအပေါ် ညှင်းဆဲ သတ်ဖြတ်ရာမှာ အရက်စက်ဆုံးတပ်အဖြစ် နာမည်ကြီးတဲ့ စစ်ကောင်စီရဲ့ လက်ရုံးတပ် ဖြစ်တဲ့အပြင် လက်ရှိမှာလည်း ၎င်း ဒု-တပ်မမှူး ဦးစီးကာ စစ်ကိုင်း မြို့နယ်အတွင်းရှိ ပြည်သူများကို ဖမ်းဆီးကာ လူသားဒိုင်း ပြုလုပ်ပြီး စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။
ထို့အပြင် တပ်မ (၃၃) စခန်းကို စစ်ကောင်စီတပ်ထိပ်သီးခေါင်းဆောင်တစ်ဦး လာရောက်မယ်လို့ သတင်းရထားတာကြောင့် “စစ်ခေါင်းဆောင်များအတွက် ပြေးစရာမြေမရှိ၊ မည်သည့်နေရာမှ လုံခြုံမှုမရှိ” ဖြစ်စေရန်အတွက် BWM Mission 40 အဖြစ် ဖော်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပစ်ခတ်ခဲ့တဲ့ ရှော့တိုက်ဒုံး အားလုံးဟာ တပ်မ (၃၃) အတွင်းကို ကျရောက် ပေါက်ကွဲခဲ့ပြီး အထိအခိုက်ရှိကြောင်း ကနဦး သိရှိထားရပြီး ၎င်းတပ်မကို လာမည့် စစ်ခေါင်းဆောင်ဟာ မည်သူဖြစ်ကြောင်းနဲ့ ၎င်း ထိခိုက်မှုရှိ၊ မရှိ အပါအဝင် အခြားထိခိုက်မှု အသေးစိတ်ကို စုံစမ်းနေတယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၅။ ကျောက်ဖြူ တိုက်ပွဲမှာ စစ်ကောင်စီရဲ့ တိုင်းစစ်ဦးစီးမှူး၊ ဒုတိယ ဗိုလ်မှူးကြီး တစ်ဦးကို AA ဖမ်းဆီးရမိ
မေလ ၃၁ ရက်၊
Radio NUG
ရခိုင်ပြည်၊ ကျောက်ဖြူ မြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ တိုင်းစစ်ဦးစီးမှူး (ပထမတန်း- G1)၊ ဒုတိယ ဗိုလ်မှူးကြီး တစ်ဦး အပါအဝင် စစ်သုံ့ပန်း အများအပြားကို လက်နက်ခဲယမ်းတွေနဲ့ ဖမ်းဆီး ရမိခဲ့တယ်လို့ စစ်ရေး သတင်းရင်းမြစ်ထံက သိရပါတယ်။
မေလ ၃၀ ရက်နေ့ ညနေ ၃ နာရီမှာ ကျောက်ဖြူမြို့နယ်၊ မင်းတက်တောင် ကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း တိုင်းစစ်ဦးစီးမှူး၊ ဒု-ဗိုလ်မှူးကြီး ကျော်လင်းကြိုင်နဲ့ စစ်သုံ့ပန်း ၃၀ ထပ်မနည်းကို AA က ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က ကျောက်ဖြူမြို့၊ ရဲတပ်ရင်း (၃၂) ကာကင်းစခန်းဖြစ်တဲ့ စောနှမ်းဖဲတောင် စခန်းသိမ်း တိုက်ပွဲမှာလည်း စစ်ကောင်စီရဲ့ တပ်မ (၁၁) ခြေမြန်တပ်ရင်း ဌာနချုပ်မှ နည်းဗျူဟာမှူး၊ ဗိုလ်မှူးချုပ် ကျော်မျိုးအောင် စနိုက်ဘာကျည် ထိမှန်သေဆုံးခဲ့ကာ ထိခိုက်သေဆုံးမှု များခဲ့ပါတယ်။
ကျောက်ဖြူမှာ တရုတ် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေဖြစ်တဲ့ အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းနဲ့ ရေနံပိုက်လိုင်းတွေ ရှိနေပြီး၊ လက်ရှိ တိုက်ပွဲတွေဟာ အဲဒီ စီမံကိန်းတွေနဲ့ မီတာ ၆၀၀၀ ကျော် အကွာမှာ ဖြစ်ပွားနေတာပါ။ AA ကတော့ ဒီရင်းနှီးမြှုပ်နှံမှုတွေကို ထိခိုက်မှာ မဟုတ်ဘူးလို့ ကတိပြုထားပါတယ်။
ကျောက်ဖြူ မြို့နယ်မှာ စစ်ကောင်စီရဲ့ ဓညဝတီ ရေတပ်စခန်း ဌာနချုပ်အပြင်၊ အုန်းကျွိန်ရေတပ်၊ ခလရ (၃၄)၊ ခမရ (၅၄၂)၊ ခမရ (၅၄၃)၊ အမှတ် (၃၂) ရဲတပ်ရင်းနဲ့ စစ်တပ် အခိုင်အမာ နေရာယူထားတဲ့ စခန်း၊ စစ်ဆေးရေးဂိတ်များ ရှိနေသေးတာ ဖြစ်ပါတယ်။
အာရက္ခ တပ်တော်က "အလံဖြူထောင် လက်နက်ချ" မူဝါဒကို ထုတ်ပြန်ထားပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအနေနဲ့ “စောစော အလံဖြူထောင်ရင် စောစော အသက်ရှင်ကျန်ဖို့ မိသားစု ဆွေမျိုးများနဲ့ စောစော တွေ့ဆုံရဖို့” လက်နက်ချ အညံ့ခံကြဖို့ အကြံပြုထားပါတယ်။
ထို့အပြင် လက်နက်နှင့် အလင်းဝင်လာတဲ့သူတွေကိုလည်း စစ်သုံ့ပန်း ဥပဒေအတိုင်း အကောင်းမွန်ဆုံး လက်ခံထားပြီး ထိုက်တန်တဲ့ ဆုငွေများကို ပေးအပ်ကာ၊ မိသားစု ဆွေမျိုးတွေထံကို လွှဲပြောင်းပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။
ရခိုင်ဒေသ မြို့သိမ်းတိုက်ပွဲတွေ အတွင်း AA က စစ်သုံ့ပန်း ထောင်နဲ့ချီကို ဖမ်းဆီးရမိထားပြီး အဲ့ဒီထဲမှာ စစ်ကောင်စီ ဗိုလ်မှူးချုပ် အဆင့်ရှိသူ ၄ ဦးထိ ပါဝင်နေတာလည်း ဖြစ်ပါတယ်။
========================
🚩🚩 ၆။ စစ်ကောင်စီနဲ့ တိုက်ပွဲအတွင်း ရတနာပုံတော်လှန်ရေးတပ်ဖွဲ့မှ ဗဟိုကော်မတီဝင် တစ်ဦးကျဆုံး
မေလ ၃၁ ရက်၊
Radio NUG
ပြီးခဲ့တဲ့ မေ ၂၈ ရက်နေ့က မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ များနဲ့အတူ စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းရင်း ရတနာပုံ တော်လှန်ရေး တပ်ဖွဲ့မှ ဗဟို ကော်မတီဝင် ရဲဘော်ခွန်စိုင်း (ခ) ဗိုလ်ဒေါင်း ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
အဖိနှိပ်ခံ လူထုလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတဲ့ ရဲဘော် ခွန်စိုင်းရဲ့ ဈာပန အခမ်းအနားကို မေလ ၃၁ ရက်နေ့မှာ ကျန်ရစ်သူ ရဲဘော်များနဲ့ ရဟန်းရှင်လူ၊ ပြည်သူအများက ကျင်းပပေးခဲ့ကြပြီး ဦးညွှတ်အလေးပြုခဲ့ကြပါတယ်။
အခမ်းအနားမှာ ရဲဘော်ခွန်စိုင်းအား အလေးအနက် ဦးညွှတ် အလေးပြုခြင်း၊ တော်လှန်ရေး မဟာမိတ် အသီးသီးမှပေးပို့တဲ့ သဝဏ်လွှာများကို ဖတ်ကြားခြင်း၊ ကျန်ရစ်သူ ပြည်သူများမှ လွမ်းသူပန်းခွေချခြင်းတို့ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ရဲဘော်ခွန်စိုင်းဟာ ကျဆုံးချိန်မှာ အသက် ၂၃ နှစ်အရွယ်သာ ရှိသေးပေမယ့် အရွယ်နဲ့ မမျှသော ခေတ်ဝန်ကိုထမ်းကာ စစ်အာဏာရှင် စနစ် အမြစ်ပြတ်ရေး ထူထုသပိတ် တိုက်ပွဲများမှာ ဦးဆောင်ခဲ့သူ တစ်ဦး ဖြစ်သလို လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရာမှာ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ ရဲ့ ဗဟိုကော်မတီဝင်၊ တပ်မှူးအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment