၂၀၂၅ မေလ ၂၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ တမူး ပကဖ ရဲဘော် (၁၀) ဦးမှာ တိုက်ပွဲဖြစ်ပွားကာ ကျဆုံးခြင်းမဟုတ်ဘဲ၊ ယာယီစခန်းရွှေ့ပြောင်းမှုအား သတင်းကြိုတင်ပေးပို့ထားသည့်ကြားကပင် Assam Rifles တပ်ရင်း ၁၏ အကြောင်းပြချက်မခိုင်လုံစွာဖြင့် ဖမ်းဆီးခေါ်ဆောင်၊ နှိပ်စက်၊ သတ်ဖြတ်ခြင်း ခံရသည်ဟု NUG ထုတ်ပြန်၊ အိန္ဒိယအစိုးရအား တောင်းဆိုချက် ၅ချက် ထုတ်ပြန်တောင်းဆို
📌 ၂။ ''အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ Research and Development Department မှ ဦးစီး၍ ဒုတိယအကြိမ် နွေဦးအောင်ပွဲသုတေသနညီလာခံ"ကို ကျင်းပမည်
📌 ၃။ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ ကြီးမှူးကျင်းပသည့် နိုင်ငံရေးစကားဝိုင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်ဆွေးနွေးမည်
📌 ၄။ ခလယ်လွီထူ ခရိုင် ဥက္ကဋ္ဌ ဦးဆောင်သည့် အဖွဲ့မှ ခရိုင်အတွင်း လူထုတွေ့ဆုံ ရှင်းလင်းပွဲများ ပြုလုပ်
📌 ၅။ မန်တုံမှာ သက်တမ်းကုန်နေတဲ့ စားသောက်ကုန် ပစ္စည်းများကို PSLF/TNLA က စစ်ဆေးမှု ပြုလုပ်ခဲ့
📌 ၆။ အပစ်ရပ်ထားသည့် စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ်အတွင်းရှိ ရှဲဆန်သတ္တုကုမ္ပဏီကို ဂျက်ဖိုက်တာဖြင့် ပေါင် (၅ဝဝ)ဗုံး (၂)လုံး လာရောက်ကြဲချ၍ ကာလတန်ဖိုး တရုတ်ငွေ (၁,၆၈ဝ,ဝဝဝ)ယွမ် ပျက်စီးဆုံးရှုံး
📌 ၇။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် အကြိုမွေးနေ့နှင့် မြန်မာပြည်သူများအတွက် အထူးဆုတောင်းပွဲကို အီတလီနိုင်ငံ ရောမမြို့မှာ ကျင်းပ
========================
၂၀၂၅ ခုနှစ် မေလ ၂၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ KIA ပူးပေါင်းတပ်များက ဗန်းမော်သို့ စစ်ကူလာသော ရဟတ်ယာဉ်များကို ပစ်ချခဲ့ရာ တစ်စီးပျက်ကျသွားပြီး လေယာဉ်မှူး မျိုးထက်အောင်ရုပ်အလောင်းနှင့် ပျက်ကျ ရဟတ်ယာဉ်အား တွေ့ရှိ
🚩 ၂။ ညောင်လေးပင်တွင် စစ်ကောင်စီကားအား 3703 တပ်ရင်း မီးနဂါးရဲဘော်များက ဖြတ်တောက်ပစ်ခတ်ရာ စစ်ကောင်စီ အရာရှိအပါအဝင် ၅ဦး သေဆုံး
🚩 ၃။ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်များကြောင့် တလအတွင်း ကျုံဒိုးအနီးတဝိုက်မှ ပြည်သူ ၁၄ ဦး သေဆုံးခဲ့
🚩 ၄။ မောင်တောမြို့သိမ်းတိုက်ပွဲကာလအတွင်း လက်နက်ချအလင်းဝင်လာခဲ့သူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်ကို အာရက္ခတပ်တော် လွှတ်ပေး
🚩 ၅။ အခြေခံပညာကျောင်း ဆရာ/မ များအား ခြိမ်းခြောက်စွက်ဖက်ခြင်း ပြုလုပ်ပါက အရေးယူမယ်လို့ CDF - Asho ထုတ်ပြန်
🚩 ၆။ ခမရ (၄၃၁) မှ တပ်သားတဦး မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံ လက်နက်နဲ့ အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ တမူး ပကဖ ရဲဘော် (၁၀) ဦးမှာ တိုက်ပွဲဖြစ်ပွားကာ ကျဆုံးခြင်းမဟုတ်ဘဲ၊ ယာယီစခန်းရွှေ့ပြောင်းမှုအား သတင်းကြိုတင်ပေးပို့ထားသည့်ကြားကပင် Assam Rifles တပ်ရင်း ၁၏ အကြောင်းပြချက်မခိုင်လုံစွာဖြင့် ဖမ်းဆီးခေါ်ဆောင်၊ နှိပ်စက်၊ သတ်ဖြတ်ခြင်း ခံရသည်ဟု NUG ထုတ်ပြန်၊ အိန္ဒိယအစိုးရအား တောင်းဆိုချက် ၅ချက် ထုတ်ပြန်တောင်းဆို
မေလ၂၀ရက်
Radio NUG
မြေပြင်အခြေအနေ စစ်ဆေးမှုများ၊ အစီရင်ခံစာ တွေ့ရှိချက်များ၊ ဆွေးနွေးတွေ့ရှိချက်များအရ ဖြစ်စဉ်အမှန်သည် အိန္ဒိယနိုင်ငံမီဒီယာများမှ ထုတ်ပြန်ချက်များနှင့် ကွဲလွဲနေပြီး တမူး ခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော် (၁၀) ဦးမှာ အိန္ဒိယနိုင်ငံဘက်ခြမ်းတွင် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားကာ ကျဆုံးခြင်းမဟုတ်ဘဲ၊ ယာယီစခန်းရွှေ့ပြောင်းမှုအား သတင်းကြိုတင်ပေးပို့ထားသည့်ကြားကပင် Assam Rifles ( တပ်ရင်း ၁၊ ချန်ဒေခရိုင်၊ မဏိပူရ် ပြည်နယ်)၏ အကြောင်းပြချက်မခိုင်လုံစွာဖြင့် ဖမ်းဆီးခေါ်ဆောင်၊ နှိပ်စက်၊ သတ်ဖြတ်ခြင်း ခံရသည်ဟု သုံးသပ်တွေ့ရှိရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ မေလ ၂၀ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အလောင်းများ ပြန်လည်တောင်းခံယူရာတွင်လည်း (က) (ပကဖ) ရဲဘော်များမှ အိန္ဒိယနယ်နိမိတ်အတွင်း ဝင်ရောက်ကာ စတင်တိုက်ခိုက်သောကြောင့် နှိမ်နင်းခြင်းခံရကြောင်း၊ (ခ) နောက်နောင် နိုင်ငံနယ်နိမိတ် ခြံစည်းရိုးခတ်မှုအား မကန့်ကွက်ရန် သဘောတူပါကြောင်း စသည့် အချက်များအား မြန်မာဘက်မှ လာရောက်သည့် တာဝန်ခံများအား ခေါ်ယူထားကာ ဖိအားပေးလက်မှတ်ထိုးစေပြီးမှ လွှဲပြောင်းပေးကြောင်း ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူများအနေဖြင့် တမူးခရိုင်၊ ကမ္မကြီးကျေးရွာအနီး မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ် မြန်မာပြည်ဘက်အခြမ်းတွင် ယာယီစခန်းရွှေ့ပြောင်းတာဝန်ထမ်းဆောင်နေသော တမူးခရိုင်၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) ရဲဘော် (၁၀) ဦးပျောက်ဆုံးသည်ဟု သိရသည့် အချိန်မှ (က) ၂၄ နာရီ အတွင်း ပျောက်ဆုံး/ သေဆုံးမှုအား အတည်ပြုချက်ရယူရေးနှင့် ပျောက်ဆုံးသူ/ ရုပ်အလောင်းများ ပြန်လည်ရရှိရေး၊ (ခ) ၇ ရက်အတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး တရားဝင် သတင်းထုတ်ပြန်နိုင်ရေး၊ (ဂ) နောက်ဆက်တွဲလုပ်ငန်းများ ဆောင်ရွက်ရေး စသည့် လုပ်ငန်းများအား အိန္ဒိယနိုင်ငံနှင့် စပ်လျဉ်းသော ကိစ္စရပ်များအား ညှိနှိုင်းဆောင်ရွက်ရန် အထူးဖွဲ့စည်းထားသည့် Task Force for India အနေဖြင့် ဆောင်ရွက်ခဲ့ရပြီး ကနဦး မြေပြင် အခြေအနေ ကြားနာစစ်ဆေးမှု အစီရင်ခံစာ တွေ့ရှိချက်များအရ အိန္ဒိယအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အမှုမှန်ပေါ်ပေါက်စေရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
စိစစ်တွေ့ရှိချက်များအပေါ်အခြေခံလျက် အိန္ဒိယနိုင်ငံအစိုးရအား
(က) အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်ပေးရန်
(ခ) အိန္ဒိယကို ဆန့်ကျင်တိုက်ခိုက်နေသူများ မဟုတ်ဟု သိရှိပါလျက် ရက်စက်စွာ သတ်ဖြတ်ခြင်းအပေါ် တာဝန်ယူမှုရှိစွာဖြင့် စုံစမ်းစစ်ဆေး၊ အပြစ်ပေး အရေး ယူ ဖြေရှင်းပေးရန်
(ဂ) နစ်နာမှုများအတွက် တာဝန်ယူဆောင်ရွက်ပေးပြီး၊ နစ်နာသူ မိသားစုများအား နစ်နာကြေးပေးဆောင်ရန်
(ဃ) နောင်တွင် အလားတူ ကိစ္စများ မဖြစ်စေရေးအတွက် စီမံဆောင်ရွက်ပေးရန်
(င) နှစ်နိုင်ငံ နယ်ခြားစည်းညှိနှိုင်းမှု မပြီးပြတ်သေးသည့်ကာလတွင် တဖက်သတ် ခြံစည်းရိုးခတ်ခြင်းအား ယာယီရပ်ဆိုင်းထားခြင်းဖြင့် ယခုကဲ့သို့ ဖြစ်စဉ်များအား ရှောင်လွှဲရန် အမျိုးသားညီညွတ်ရေးအစိုးရမှ တောင်းဆိုလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယခုဖြစ်ပွားမှုသည် အိန္ဒိယနိုင်ငံအစိုးရ၏ မူဝါဒသဘောထားရပ်တည်ချက် တစုံတရာကို ကိုယ်စားပြုခြင်းမဟုတ်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့အနေဖြင့် ယခင်ပေးပို့ထုတ်ပြန်ထားသည့် မိမိတို့၏မူဝါဒအတိုင်း အိမ်နီးချင်း နှစ်နိုင်ငံ အကြား ဆက်ဆံရေးကို အရှည်ရှေးရှုလျက် နယ်စပ်ဒေသကိစ္စရပ်များတွင် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုထုတ်ပြန်ချက်မှာ မြန်မာပြည်သူများ၏ ဆန္ဒသဘောထားလည်း ဖြစ်သဖြင့် အိန္ဒိယနိုင်ငံအစိုးရအနေဖြင့် အလေးထား ဆောင်ရွက်မည်ဟု ယုံကြည်ပါကြောင်းနှင့် အမှုမှန်မပေါ်ပေါက်ခဲ့ပါက ဖြစ်ပေါ်လာမည့်ကိစ္စများတွင် မိမိတို့အနေဖြင့် ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲမည်ဖြစ်ပါကြောင်း အထူးမေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံအတွင်းရှိ မိဘပြည်သူများ၊ အိန္ဒိယနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသားများ အနေဖြင့်လည်း တမူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်များ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် သက်ဆိုင်ရာ အိန္ဒိယအစိုးရနှင့် ပူးပေါင်း ဆောင်ရွက်နေမှုအား သိရှိနားလည်ယုံကြည်ကာ၊ အခြားမလိုလားအပ်သော နှစ်နိုင်ငံ ချစ်ကြည်ရေးကို ထိခိုက်စေမည့်ကိစ္စများ၊ အထူးသဖြင့် နယ်စပ်ဒေသရှိ တော်လှန်ရေးအဖွဲ့များ အနေဖြင့်လည်း နိုင်ငံကြီးသားမပီသသည့် မည်သည့်ဆောင်ရွက်ချက်များကိုမျှ မပြုလုပ်ရန်နှင့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ်ဒေသအတွင်း မူးယစ်ဆေးဝါးတရားမဝင် ရောင်းဝယ် သယ်ဆောင်မှုထိန်းချုပ်ရေးအပါအဝင် တရားဥပဒေစိုးမိုးရေးကိစ္စရပ်များကို သက်ဆိုင်ရာ အဖွဲ့ အစည်းများနှင့်အစဥ်တစိုက်ပူးပေါင်းဆောင်ရွက်ကြပါရန် အထူးမေတ္တာရပ်ခံထားပါတယ်။
========================
📌📌 ၂။ ''အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ Research and Development Department မှ ဦးစီး၍ ဒုတိယအကြိမ် နွေဦးအောင်ပွဲသုတေသနညီလာခံ"ကို ကျင်းပမည်
မေလ ၂၀ရက်
Radio NUg
''အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ Research and Development Department မှ ဦးစီး၍ ဒုတိယအကြိမ် နွေဦးအောင်ပွဲသုတေသန ညီလာခံကို ကျင်းပမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက အသိပေးကြေညာပါတယ်။
Spring Success Research Conference ကို ၂၀၂၅ ခုနှစ် မေလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ အထိ သုံးရက်တိုင် နံနက် ၈ နာရီမှ ၁၂ နာရီ (MMT) အထိ ကျင်းပသွားမယ်လို့သိရပါတယ်။
ထို့အပြင် အဆိုပါ ညီလာခံတွင် CDMAHR ဌာနနှင့် HECAFC တို့မှဦးစီး၍ အာဏာရှင်စစ်တပ် အမြစ်ဖြတ်တော်လှန် ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို မေလ၂၄ရက် ည ၇ နာရီမှ ၉ နာရီ(MMT) အထိ ပြုလုပ်မည် ဖြစ်ပြီး ပညာရေးဝန်ကြီးဌာန လူမှုကွန်ရက်စာမျက်နှာမှ live လွှင့်မည်ဖြစ်ကြောင်းသိရပါတယ်။
========================
📌📌 ၃။ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ ကြီးမှူးကျင်းပသည့် နိုင်ငံရေးစကားဝိုင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်ဆွေးနွေးမည်
မေလ၂၀ရက်
Radio NUG
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ ကြီးမှူးကျင်းပသည့် “ဖျက်အားပြင်း ငလျင်က စစ်ကောင်စီအတွက် နိုင်ငံရေးအခွင့်အလမ်းတွေ ပွင့်လာစေသလား” နိုင်ငံရေးစကားဝိုင်းတွင် Speaker အဖြစ် ပါဝင်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
နိုင်ငံရေးစကားဝိုင်းအစီအစဉ်ကို မေလ ၂၁ ရက်နေ့ ထိုင်းစံတော်ချိန် ညနေ ၆:၃၀မှ ည ၈နာရီအထိ Zoom ဖြင့် လုပ်ဆောင်သွားမည် ဖြစ်ပြီး Facebook တွင်လည်း Live ထုတ်လွှင့်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
========================
📌📌 ၄။ ခလယ်လွီထူ ခရိုင် ဥက္ကဋ္ဌ ဦးဆောင်သည့် အဖွဲ့မှ ခရိုင်အတွင်း လူထုတွေ့ဆုံ ရှင်းလင်းပွဲများ ပြုလုပ်
မေလ ၂၀ ရက်၊
Radio NUG
ကရင့်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ ခရိုင်မှာ ခရိုင်ဥက္ကဋ္ဌ ဦးဆောင်တဲ့ အဖွဲ့က လူထုတွေ့ဆုံ ရှင်းလင်းပွဲများကို ကျင်းပပြုလုပ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့မှ ၁၇ ရက်နေ့အတွင်း ခလယ်လွီထူ ခရိုင်ဥက္ကဋ္ဌ ပဒို စောအယ်ကလူသိန်း၊ ခလယ်လွီထူ ခရိုင် အတွင်းရေးမှူး ပဒိုစောလာဖိုး၊ လယ်ဒိုမြို့နယ် ဥက္ကဋ္ဌ ပဒို စောလှရွှေဟဲ၊ လယ်ဒိုကော်ဆာ အတွင်းရေးမှူး ပဒို စောဝါးစေးနဲ့ ဆောထိ မြို့နယ်မှ အမြဲတမ်းကော်မတီ၊ အလုပ်အမှုဆောင် ကော်မတီ အဖွဲ့ဝင် ပဒိုစောအယ်စတားနှင့် တခြားတာဝန်ရှိ ခေါင်းဆောင်များက ပြည်သူလူထုထံ သွားရောက်ကာ ကွင်းဆင်းလေ့လာပြီး လူထုတွေ့ဆုံ ရှင်းလင်းပွဲများ ပြုလုပ်ခဲ့ကြတာလို့ ဆိုပါတယ်။
လူထုတွေ့ဆုံ ရှင်းလင်းပွဲအတွင်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ကျေးရွာအတွင်း လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်း တိုက်ခိုက်မှုများကြောင့် ပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲ ပြဿနာများနှင့် စစ်ဘေးရှောင် အခြေအနေများကို ကြည့်ရှုလေ့လာ စစ်ဆေးခဲ့ကြပါတယ်။
ထို့နောက် KNU အခြေခံ ဖွဲ့စည်းပုံအတွင်း ပြည်သူလူထုမှ ရွေးကောက်တင်မြှောက်သော ၇ ဦး ပါဝင်တဲ့ ကျေးရွာ အုပ်စု အလုပ်မှုဆောင် ကော်မတီဝင်များနဲ့ တွေ့ဆုံခဲ့ပြီး နိုင်ငံရေး အခြေအနေ၊ ပြည်သူလူထုမှ လုပ်ဆောင်ရမယ့် အုပ်ချုပ်ရေး လုပ်ငန်းများကို ရှင်းလင်းခြင်း၊ တရားဥပဒေ စိုးမိုးရေး ပေါ်ပေါက်လာရန် မည်သို့ လုပ်ဆောင်ရမည်ကို ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ပါတယ်။
ထို့နောက် KNLA မှ တာဝန်ရှိ ခေါင်းဆောင်များနဲ့ PDF မှ တာဝန်ရှိ ခေါင်းဆောင်များစတဲ့ တပ်ပိုင်းဆိုင်ရာများနဲ့ တွေ့ဆုံခဲ့ကြပြီး KNU မှ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်အရ ပြည်သူလူထုနှင့် မည်သို့ ယှဉ်တွဲနေထိုင် ပြုမူဆောင်ရွက်ရမည်ကို ရှင်းလင်းခြင်းများကိုလည်း ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
========================
📌📌 ၅။ မန်တုံမှာ သက်တမ်းကုန်နေတဲ့ စားသောက်ကုန် ပစ္စည်းများကို PSLF/TNLA က စစ်ဆေးမှု ပြုလုပ်ခဲ့
မေလ ၂၀ ရက်၊
Radio NUG
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တပ်မဟာ (၃) နယ်မြေ၊ မန်တုံမြို့ အတွင်းမှာ သက်တမ်းကုန်နေတဲ့ စားသောက်ကုန် ပစ္စည်းများကို မန်တုံမြို့ စီမံအုပ်ချုပ်ရေး ကော်မတီမှ လိုက်လံစစ်ဆေးခဲ့ကြတယ်လို့ သိရပါတယ်။
မေလ ၁၈ ရက်နေ့မှာ မန်တုံမြို့ အတွင်းက ဆိုင်များကို လိုက်လံစစ်ဆေးခဲ့ကြတာ ဖြစ်ပြီး သက်တမ်း ကုန်နေတဲ့ ပစ္စည်းများကိုလည်း စစ်ဆေးတွေ့ရှိ ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးတွေ့ရှိထားတဲ့ သက်တမ်းကုန် ပစ္စည်းများကို သိမ်းဆည်းသွားပြီး မီးရှို့ဖျက်စီးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကလည်း ၎င်းကော်မတီက မြို့တွင်းရှိ ဆေးဆိုင်များမှာ သက်တမ်းကုန်ဆုံးနေတဲ့ ဆေးဝါးများကို လိုက်လံစစ်ဆေးမှု ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ကလည်း နမ့်ခမ်းခရိုင်၊ မိုဝ်းဝီးမြို့အတွင်း မြို့စီမံ အုပ်ချုပ်ရေး ကော်မတီက သက်တမ်းကုန်ဆုံးနေတဲ့ ဆေးဝါးနဲ့ စားသောက်ကုန် ပစ္စည်းများကို လိုက်လံစစ်ဆေးမှု ပြုလုပ်ခဲ့ပါသေးတယ်။
ဆေးဆိုင်နဲ့ စားသောက်ကုန် ရောင်းချနေတဲ့ ဆိုင်များအနေဖြင့် သက်တမ်း ကုန်ဆုံးနေတဲ့ ပစ္စည်းများကို ထပ်မံ တင်သွင်း ရောင်းချပါက ထိုပစ္စည်းများရဲ့ တန်ဖိုးအတိုင်း ပြန်ပေးလျော်ရမှာ ဖြစ်တယ်လို့ အသိပေး ထားပါတယ်။
========================
📌📌 ၆။ အပစ်ရပ်ထားသည့် စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ်အတွင်းရှိ ရှဲဆန်သတ္တုကုမ္ပဏီကို ဂျက်ဖိုက်တာဖြင့် ပေါင် (၅ဝဝ)ဗုံး (၂)လုံး လာရောက်ကြဲချ၍ ကာလတန်ဖိုး တရုတ်ငွေ (၁,၆၈ဝ,ဝဝဝ)ယွမ် ပျက်စီးဆုံးရှုံး
မေလ ၂၀ရက်
Radio NUG
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နောင်ချိုမြို့နယ်အတွင်းရှိ ရှဲဆန်သတ္တုကုမ္ပဏီကို အပစ်ရပ်ထားသည့် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ပေါင် (၅ဝဝ)ဗုံး (၂)လုံး လာရောက်ကြဲချခဲ့တယ်လို့ TNLAက အတည်ပြုထားပါတယ်။
ဖြစ်စဥ်တွင် ပြီးခဲ့သည့် မေလ (၁၁)ရက် မွန်းလွဲပိုင်း (၁၂း၃ဝ)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ ၎င်းကုမ္ပဏီကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကုမ္မဏီအသုံးပြုနေသော ဘတ်ဖိုး (၁)စီး၊ သတ္တုထုတ်စက် (၁)လုံး၊ စက်ပစ္စည်းများထားရှိသော ဂိုဒေါင် (၁)လုံးနှင့် အခြားသော ပစ္စည်းများစွာ ထိမှန်ပျက်စီးခဲ့ပြီး စုစုပေါင်းကာလတန်ဖိုး တရုတ်ငွေ (၁၆၈ဝဝဝဝ)ယွမ် ပျက်စီးဆုံးရှုံးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ မေလ (၁၈)ရက် ညနေ (၅း၃ဝ)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နောင်ချိုမြို့နယ်၊ ဒိုးပင်ကျေးရွာအုပ်စု၊ ရတနာသင်္ဂီကျေးရွာအနီးတွင် ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅ဝ)ဗုံး(၆)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၇။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် အကြိုမွေးနေ့နှင့် မြန်မာပြည်သူများအတွက် အထူးဆုတောင်းပွဲကို အီတလီနိုင်ငံ ရောမမြို့မှာ ကျင်းပ
မေလ ၂၀ရက်
Radio NUG
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် အကြိုမွေးနေ့နှင့် မြန်မာပြည်သူများအတွက် အထူးဆုတောင်းပွဲကို မေလ ၁၉ ရက်နေ့က အီတလီနိုင်ငံ ရောမမြို့လယ်ရှိ Basilica di Santa Cecilia in Trastervere ဘုရားကျောင်းတွင် ကျင်းပခဲ့ပါတယ်။
အစီစဥ်ကို Giuseppe Malpeli Italy Myanmar Friendship Association, Benedettine ရသေ့စစ္စတာများနှင့် Religions for Peace အဖွဲ့တို့မှ စီစဥ်ခဲ့ပြီး လူထုခေါင်းဆောင်၏ မိန့်ခွန်းများကို ဖတ်ကြားခြင်း၊ မေတ္တာသုတ် ရွတ်ဖတ်ခြင်း၊ ဘာသာပေါင်းစုံ မေတ္တာပို့ဆုတောင်းခြင်းများ ပြုလုပ်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
မြန်မာပြည်သူပြည်သားများ ငြိမ်းချမ်းအေးချမ်းစွာ နေထိုင်နိုင်ရန်၊ ခက်ခဲဆင်းရဲမှုများ လွတ်မြောက်စေရန်၊ ကမ္ဘာအရပ်ရပ်တွင် ရင်ဆိုင်နေရသော စစ်ပွဲများပြီးဆုံးပြီး ငြိမ်းချမ်းသာယာမှုရှိစေရန် အတူတကွ ဆုတောင်းခဲ့ကြပြီး ဘဝတစ်လျှောက်လုံး မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ကြိုးပမ်းနေသော လူထုခေါင်းဆောင်အတွက်လည်း အထူးဆုတောင်းခဲ့ကြတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ ခါးရှဲလ်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ KIA ပူးပေါင်းတပ်များက ဗန်းမော်သို့ စစ်ကူလာသော ရဟတ်ယာဉ်များကို ပစ်ချခဲ့ရာ တစ်စီးပျက်ကျသွားပြီး လေယာဉ်မှူး မျိုးထက်အောင်ရုပ်အလောင်းနှင့် ပျက်ကျ ရဟတ်ယာဉ်အား တွေ့ရှိ
မေလ ၂၀ရက်
Radio NUG
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့များထံ စစ်ကူပို့ဆောင်ရန် ရောက်ရှိလာသော ရဟတ်ယာဉ်သုံးစီးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက မေလ ၂၀ မွန်းလွဲ ၁ နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဟတ်ယာဉ်နှစ်စီး ထိမှန်ပျက်ကျသွားခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်များမှ သိရပါတယ်။
ဗန်းမော်မြို့ရှိ (စကခ) ၂၁ သို့ စစ်ကူအင်အားဖြည့်တင်းရန် ရောက်ရှိလာသော စစ်ရဟတ်ယာဉ်သုံးစီးကို KIA ပူးပေါင်းတပ်ဖွဲ့များက ပစ်ခတ်ခဲ့ရာ ရဟတ်ယာဉ်နှစ်စီး ထိမှန်ခဲ့ပြီး ထိမှန်ခဲ့သော Mi-17 ရဟတ်ယာဉ်တစ်စီးမှာ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်အနောက်ဘက်ခြမ်း၊ KIA တပ်ရင်း ၅ နယ်မြေအတွင်းရှိ တောထဲသို့ ပျက်ကျသွားခဲ့ကာ မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။
ပျက်ကျသွားသော ရဟတ်ယာဉ်တစ်စီးကို ရွှေကူမြို့နယ်၊ စည်ငန်းရွာအနောက်ဘက်ရှိ တောထဲတွင် KIA တပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့ပြီး၊ လေယာဉ်မှူး မျိုးထက်အောင်၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ပါတယ်။
အခြားထိမှန်ခဲ့သော ရဟတ်ယာဉ်တစ်စီးမှာ ရွှေကူမြို့တွင် အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ သိရပါတယ်။
KIA တပ်ဖွဲ့များသည် ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့တွင် မိုးမောက်မြို့နယ်၊ မြို့သစ်နှင့် ကုန်းလာအကြားတွင် စစ်ကောင်စီ၏ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးကို KIA က ပစ်ချခဲ့ရာ လေယာဉ်မှူး ဗိုလ်မှူး ကျော်ဇေယျာထွဏ်း၊ ဗိုလ်ကြီး သန်းထွန်းလင်း၊ အုပ်ခွဲတပ်ကြပ်ကြီး ကျော်စွာအောင်တို့ သေဆုံးခဲ့သလို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် ဝိုင်းမော်မြို့နယ်၊ နာဖော့စစ်တပ်စခန်းသို့ ရိက္ခာပို့ဆောင်ရန် ရောက်ရှိလာသော Mi-17 ရဟတ်ယာဉ်တစ်စီးကို KIA က ပစ်ချခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ပြီး ရဟတ်ယာဉ်ပျက်စီးခဲ့သည့်အပြင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ရှမ်းမြောက်ဒေသ၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာအနီး ဗုံးကြဲရန် ရောက်ရှိလာသော စစ်ကောင်စီ၏ FTC-2000G တိုက်လေယာဉ်တစ်စီးကိုလည်း KIA က ပစ်ချခဲ့ဖူးပါတယ်။
========================
🚩🚩 ၂။ ညောင်လေးပင်တွင် စစ်ကောင်စီကားအား 3703 တပ်ရင်း မီးနဂါးရဲဘော်များက ဖြတ်တောက်ပစ်ခတ်ရာ စစ်ကောင်စီ အရာရှိအပါအဝင် ၅ဦး သေဆုံး
မေလ ၂၀ရက်
Radio NUG
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့မှ ရွှေကျင်မြို့သို့ ဦးတည်သွားနေသော စစ်ကောင်စီ၏ စစ်ကားတစ်စီးအား ၂၀၂၅ ခုနှစ်၊ မေလ ၁၈ ရက်၊ ညနေ ၅ နာရီ ၄၀ မိနစ်အချိန်တွင် 3703 တပ်ရင်းမှ မီးနဂါးရဲဘော်များက ညောင်လေးပင်-ရွှေကျင်ကားလမ်းတွင် ဖြတ်တောက်ပစ်ခတ်ခဲ့ရာ အဆိုပါကားမှာ ရပ်တန့်သွားပြီး ကားပေါ်ပါလာသည့် စစ်ကောင်စီအရာရှိအပါအဝင် ၅ ဦး သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ထို့အပြင် ကားလမ်းနံဘေးတွင် လမ်းကင်းယူထားသော စစ်ကောင်စီတပ်ဖွဲ့များနှင့်လည်း ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များသည် မဒေါက်မှ ကားနှစ်စီးနှင့် ဆိုင်ကယ် ၅ စီးဖြင့် ဖြစ်စဉ်နေရာသို့ ရောက်ရှိလာကာ ရမ်းသမ်းပစ်ခတ်ပြီး ဒဏ်ရာရသူများနှင့် သေဆုံးသူများအား သယ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်များကြောင့် တလအတွင်း ကျုံဒိုးအနီးတဝိုက်မှ ပြည်သူ ၁၄ ဦး သေဆုံးခဲ့
မေလ ၂၀ ရက်၊
Radio NUG
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ အနီး တဝိုက်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်း တိုက်ခိုက်မှုများကြောင့် ပြည်သူ ၁၄ ဦး သေဆုံးခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေး တပ်တော် MLA က ထုတ်ပြန်ထားပါတယ်။
MLA က ကောက်ယူထားတဲ့ စာရင်းများအရ ထိခိုက်သေဆုံးခဲ့ရသူ ၁၄ ဦးထဲမှာ အသက် ၃ နှစ်အရွယ် ကလေး ၂ ဦး၊ ကိုယ်ဝန်ဆောင် တဦးနဲ့ အသက် ၆၄ နှစ်အရွယ် အဖိုးအို တဦးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။
ထို့ပြင် သံဃာတော်များ၊ မူလတန်းအရွယ် ကလေးငယ်များ အပါအဝင် ၂၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ခြေထောက် တဖက် ဆုံးရှုံးရတဲ့အထိ ဆိုးဝါးစွာ ထိခိုက်ဒဏ်ရာ ရခဲ့သူများလည်း ရှိတယ်လို့ သိရပါတယ်။
ကမ်းနီရွာမှ ဘုန်းကြီးကျောင်း၊ ဗလီ၊ ကမ္မရိုက်ရွာ ဘုန်းကြီးကျောင်း၊ သလွဲထော်ရွာ ဘုန်းကြီးကျောင်း၊ ဝင်းကရွာ စာသင်ကျောင်းစတဲ့ သာသနိက အဆောက်အဦးများနဲ့ ကျောင်းများ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဧပြီလ ၁၅ ရက်နေ့မှ ယနေ့အထိ ကျုံဒိုးမြို့ အနီးတဝိုက်မှာ MLA အပါအဝင် KNLA မဟာမိတ် ပူးပေါင်းတပ်များနဲ့ စစ်ကောင်စီ တပ်တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေရာ ပြည်သူများအနေနဲ့ လေကြောင်းအန္တရာယ်ကို သတိကြီးစွာထားကာ ဂရုတစိုက် နေထိုင်ကြဖို့ အသိပေးထားပါတယ်။
========================
🚩🚩 ၄။ မောင်တောမြို့သိမ်းတိုက်ပွဲကာလအတွင်း လက်နက်ချအလင်းဝင်လာခဲ့သူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်ကို အာရက္ခတပ်တော် လွှတ်ပေး
မေလ ၂၀ရက်
Radio NUG
မောင်တောမြို့သိမ်းတိုက်ပွဲကာလအတွင်း လက်နက်ချအလင်းဝင်လာရေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်ကို မေ ၁၉ ရက်တွင် အာရက္ခတပ်တော်(AA) က လွှတ်ပေးလိုက်ကြောင်း APMမှာ ဖော်ပြထားပါတယ်။
သူတို့အားလုံးကို မိသားစုဝင်များနဲ့ ချိတ်ဆက်ပြီး အခမ်းအနားနှင့်တကွ ပြန်လွှတ်ပေးခဲ့ကာ လမ်းစရိတ် သုံးသိန်းစီ ထောက်ပံ့ပေးခဲ့သလို လုံခြုံစိတ်ချတဲ့ နေရာအထိ လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
အာရက္ခတပ်တော်က မေ ၁၉ ရက်နေ့မှာလည်း မြောက်ဦးမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းနှင့် မိသားစုဝင် ၁၈၄ ယောက်ကိုလည်း လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ အခြေခံပညာကျောင်း ဆရာ/မ များအား ခြိမ်းခြောက်စွက်ဖက်ခြင်း ပြုလုပ်ပါက အရေးယူမယ်လို့ CDF - Asho ထုတ်ပြန်
မေလ ၂၀ ရက်၊
Radio NUG
ချင်းကာကွယ်ရေးတပ် - အရှို (CDF - Asho) ရဲ့ လှုပ်ရှားနယ်မြေများနဲ့ ထိစပ်နယ်မြေများအတွင်း အခြေခံပညာ ကျောင်းဆရာ/မ များအား ခြိမ်းခြောက်စွက်ဖက်ခြင်း ပြုလုပ်ပါက တားမြစ်အရေးယူ သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းများကို စတင်ဖွင့်လှစ်တော့မှာ ဖြစ်တဲ့အတွက် CDF - Asho ရဲ့ စစ်ဆင်ရေး လှုပ်ရှားရာ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တောင်ပေါ်ဒေသ နှင့် မြေပြန့်ဒေသ ကျေးရွာများတွင် တာဝန် ထမ်းဆောင်နေကြတဲ့ ကျောင်းဆရာ/မ များအား ခြိမ်းခြောက်ခြင်း၊ နှောက်ယှက် ဟန့်တားခြင်း၊ ဖမ်းဆီး ထိန်းသိမ်းခြင်း၊ ပညာသင်ကြားမှု ကျောင်းကိစ္စများအား ဝင်ရောက်စွက်ဖက်ခြင်းများ လုံးဝပြုလုပ်မှာ မဟုတ်ဘူး လို့ CDF - Asho က ဆိုပါတယ်။
ထိုသို့ ပြုလုပ်သူ မည်သူမဆို ချင်း ကာကွယ်ရေးတပ် (အရှို) အနေဖြင့် တားမြစ် အရေးယူသွားမှာ ဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။
ထို့ကြောင့် အခြေခံပညာအဆင့် ပညာရေးဝန်ထမ်းများအနေနဲ့ ကျောင်းနေအရွယ် ကလေးငယ်များကို စေတနာ၊ ဝါသနာ၊ အနစ်နာ (၃) ချက်ကို ခံယူ အလေးထားကာ လွတ်လပ်စွာ သင်ကြားမှု ပြုလုပ်ကြဖို့ကို CDF - Asho က မေတ္တာရပ်ခံထားပါတယ်။
========================
🚩🚩 ၆။ ခမရ (၄၃၁) မှ တပ်သားတဦး မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံ လက်နက်နဲ့ အလင်းဝင်
မေလ ၂၀ ရက်၊
Radio NUG
တနင်္သာရီတိုင်းစစ်ဌာန၊ ဗျူဟာ (၃၅) နယ်မြေ၊ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်း (၃) ထံကို စစ်ကောင်စီ ခမရ (၄၃၁) တပ်ရင်းမှ တပ်သားတဦး လက်နက်နဲ့ အလင်းဝင်လာတယ်လို့ ထုတ်ပြန်ထားပါတယ်။
မေလ ၁၅ ရက်နေ့က ခမရ (၄၃၁) တပ်ရင်းမှ တပ်သား ချစ်ကို ဆိုသူဟာ MA-1 သေနတ် တလက်၊ ကျည် ၁၄၇ တောင့်၊ ကျည်ဘောက် ၃ ခု နှင့်အတူ ဆက်သွယ်အလင်းဝင်လာတယ်လို့ ဆိုပါတယ်။
လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတဲ့ တပ်သား ချစ်ကိုအား မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်း (၃) တပ်ရင်းမှူး အယ်ကြီးက ကြိုဆိုလက်ခံခဲ့ပြီး လက်နက် ခဲယမ်းများကို လွှဲပြောင်းလက်ခံ ရယူခဲ့ကာ ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။
၎င်းဟာ စစ်မှုထမ်းဥပဒေအရ အဓမ္မ စုဆောင်းခံခဲ့ရသူဖြစ်ပြီး စစ်မှုထမ်းသင်တန်း အပတ်စဉ် ၈ ကို တက်ရောက်ခဲ့ရသူ ဖြစ်တယ်လို့ ဆိုပါတယ်။
တနင်္သာရီတိုင်း စစ်ဌာန လက်အောက်က တပ်ရင်းတပ်ဖွဲ့များထံ ဧပြီလနဲ့ မေလအတွင်း အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား ၁၄ ဦးထိ ရှိခဲ့ပြီး လက်နက်နဲ့ အလင်းဝင်ရောက်လာသူများကို ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကာ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက် ထားတာကြောင့် အချိန်မရွေး ပြည်သူနဲ့အတူ ပူးပေါင်းကြဖို့ ဖိတ်ခေါ်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် သာကီ၊ ခါးရှဲလ်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment