၂၀၂၅ မေလ ၁၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ သတင်းမှန်ကို ဖုံးကွယ်လိမ်ညာနေကြသည့် စစ်တပ်လော်ဘီများ အားလုံးကို ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူရေးဆောင်ရွက်မယ်လို့NUGကြေညာ
📌 ၂။ ပါမောက္ခဒေါက်တာ ခင်မောင်လွင်အား အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်
📌 ၃။ ရှမ်းပြည်အရှေ့ပိုင်း မြန်မာ-ထိုင်း နယ်စပ်မှာ မြေရှားသတ္တု တူးဖော်နေတယ်လို့ SHRF ထုတ်ပြန်
📌 ၄။ မုံရွာမှာ လေကြောင်းရန်နဲ့ လက်နက်ကြီး အန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများ ပြုလုပ်
📌 ၅။ ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ် ကဗျာနှင့် ဝတ္ထုတို ပြိုင်ပွဲဝင်များကို CRPH Support Group, Norwayဖိတ်ခေါ်
📌 ၆။ ကလေးဒေသ စစ်ရှောင်ပြည်သူများအတွက် ပထမအကြိမ်အဖြစ် အိမ်သာအလှူ
========================
၂၀၂၅ ခုနှစ် မေလ ၁၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဘားအံခရိုင်အတွင်း ဝင်ရောက်ကျူးကျော်တပ်စွဲထားသော မော်ကွီးလု တပ်စခန်းအား ပြန်လည်သိမ်းပိုက်
🚩 ၂။ စစ်တပ်ဒေါက်တိုင် ခိုင်ကြီးကို စစ်ဆေးနေစဉ် စကစ တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ခိုင်ကြီး သေဆုံး
🚩 ၃။ လောင်းလုံးမြို့နယ် အင်းဝန်းရွာအနီး စစ်ကောင်စီတပ်၏ ဒရုန်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ
🚩 ၄။ ချောင်းဦးမြို့နယ် ငလုံးတင်ရွာကို စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင်တစ်ပါး အပါအဝင် ပြည်သူ ၆ ဦးသေဆုံး
🚩 ၅။ ဟဲဟိုးမြို့ တပ်မ ၁၈ ခြေမြန်တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး အလင်းဝင်
🚩 ၆။ MMDA ထံ အလင်းဝင်လာတဲ့ စစ်ကောင်စီ တပ်သားတွေ လက်နက်ယူဆောင်ပြီး ထွက်ပြေး၊ ၃ ဦးကို ပြန်ဖမ်းမိ
🚩 ၇။ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ဒေသခံ ၃၀၀၀ နီးပါး တိမ်းရှောင်နေရ
🚩 ၈။ ရှေ့တန်းရောက် ရဲဘော်များ ရာသီဥတုအပြောင်းအလဲကြောင့် ယားနာ၊ အဖုပိန့်များ ဖြစ်ပွားနေတာကြောင့် ဆေးဝါးကူညီပေးရန် မေတ္တာရပ်ခံ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ သတင်းမှန်ကို ဖုံးကွယ်လိမ်ညာနေကြသည့် စစ်တပ်လော်ဘီများ အားလုံးကို ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူရေးဆောင်ရွက်မယ်လို့NUGကြေညာ
မေလ ၁၆ရက်
Radio NUG
သတင်းမှန်ကို ဖုံးကွယ်လိမ်ညာနေကြသည့် စစ်တပ်လော်ဘီများ အားလုံးကို ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူရေးဆောင်ရွက်မယ်လို့NUGက ကြေညာထုတ်ပြန်ပါတယ်။
ဒီပဲယင်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုအပါအဝင် အကြမ်းဖက်စစ်တပ် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများနှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြပါရှိပါတယ်။
အကြမ်းဖက်စစ်တပ်သည် အပစ်အခတ်ရပ်စဲရေး ကြေညာချက်များကို ဟန်ပြထုတ်ပြန်ထားသော်လည်း လက်တွေ့တွင်မူ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများ၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို နေ့စဉ်ရက်ဆက်ဆိုသလို ကျူးလွန်လျက် ရှိနေပါတယ်။ ထို့အပြင် ထိုသို့သော စစ်ရာဇဝတ်မှုများကို မကျူးလွန်ရကြောင်း အကြမ်းဖက်စစ်တပ် ချုပ်ကိုင်ထားသော နိုင်ငံပိုင်မီဒီယာများ ဖြစ်သည့် MRTV, MWD တို့မှတဆင့် ဗြောင်ကျကျ ငြင်းဆန်သည့် သတင်းမှားများ ထုတ်လွှင့်၍ ဖြစ်စေ၊ စစ်တပ်လော်ဘီများစွာကို ငွေပေးအသုံးပြုပြီး သတင်းတုများ၊ ပုံဖျက်ထားသော အချက်အလက်များ ဖြန့်ချိခြင်းဖြင့်ဖြစ်စေ ဖုံးကွယ်ရန် ကြိုးစားလျက်ရှိသည်ကိုလည်း တွေ့ရပါတယ်လို့ ဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ရေးနှင့် အဆိုပါ တိုက်ခိုက်မှုများအတွင်း ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးမှု နည်းနိုင်သမျှ နည်းနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံအသုံးပြုကာ အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အကြမ်းဖက် စစ်အုပ်စုကျူးလွန်ခဲ့၊ ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများတွင် အဓိကတာဝန်ရှိသူ စစ်ခေါင်းဆောင်များ၊ အမိန့်ပေးစေခိုင်းသူ အရာရှိများ၊ လက်တွေ့လုပ်ကိုင်ဆောင်ရွက်သူ လေယာဉ်မှူးများ၊ အကြမ်းဖက် တပ်ဖွဲ့ဝင်များ၊ ပံ့ပိုးကူညီသူ အားပေးအားမြှောက်ပြုသူများနှင့် သတင်းမှန်ကို ဖုံးကွယ်လိမ်ညာနေကြသည့် စစ်တပ်လော်ဘီများ အားလုံးကို ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေးအတွက် နိုင်ငံတကာတရားရုံးများ၊ နိုင်ငံအလိုက် တရားရုံးများတွင်သာမက ပြည်တွင်းတရားဥပဒေများနှင့်ပါ တရားမျှတမှုဖော်ဆောင်နိုင်ရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ပြုစုထားသော အချက်အလက်များအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ကနေ ၂၀၂၅ မေလ (၁၂) ရက်နေ့အထိ အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုသည် ရန်ကုန်နှင့် နေပြည်တော်မှလွဲ၍ ကျန်တိုင်းနှင့် ပြည်နယ် (၁၃) ခုတွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၂,၆၇၉ ခု ပြုလုပ်ခဲ့ပါတယ်။
========================
📌📌 ၂။ ပါမောက္ခဒေါက်တာ ခင်မောင်လွင်အား အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်
မေလ ၁၆ရက်
Radio NUG
ပါမောက္ခဒေါက်တာ ခင်မောင်လွင်အား အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန် ပေးလိုက်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ကြေညာချက်အမှတ် (၁/၂၀၂၅)ဖြင့် မေလ ၁၆ ရက်တွင် သတင်းထုတ်ပြန်ပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ၂၀၂၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုက ဒီမိုကရေစီနည်းကျ အပ်နှင်းလိုက်သည့် အာဏာကို ကျင့်သုံးလျက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ ခန့်အပ်ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
========================
📌📌 ၃။ ရှမ်းပြည်အရှေ့ပိုင်း မြန်မာ-ထိုင်း နယ်စပ်မှာ မြေရှားသတ္တု တူးဖော်နေတယ်လို့ SHRF ထုတ်ပြန်
မေလ ၁၆ ရက်၊
Radio NUG
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းဆတ်မြို့အနီး ထိုင်း - မြန်မာ နယ်စပ်နဲ့ ၂၅ ကီလိုမီတာ အကွာခန့်မှာ ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်တဲ့ မြေရှားသတ္တု တူးဖော်နေတယ်လို့ ရှမ်း လူ့အခွင့်အရေးမဏ္ဌိုင် အဖွဲ့အစည်း - SHRF က ထုတ်ပြန်လာပါတယ်။
SHRF မေ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ အဆိုပါ မြေရှား သတ္တုကွင်းဟာ မိုင်းဆက်မြို့ တောင်ဘက် မိုင်းယွန်း ဒေသ ‘ဝ’ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ရဲ့ ထိန်းချုပ်နယ်မြေအတွင်းမှာ တည်ရှိတယ်လို့ ဂြိုလ်တုဓါတ်ပုံမှ တွေ့ရကြောင်း ဖော်ပြထားပါတယ်။
ဂြိုလ်တုဓါတ်ပုံအရ သတ္တုတွင်း ၂ ခုရဲ့ ပုံရိပ်ကို ထင်ရှားစွာ တွေ့ရပြီး အဆိုပါ သတ္တုတွင်းများမှ စွန့်ပစ်ပစ္စည်းတွေဟာ နမ့်ခုတ်မြစ်ထဲ စီးဝင်နေတာကြောင့် ရေအရင်းမြစ်တွေကို ညစ်ညမ်းစေကာ အဆိုပါမြစ် စီးဆင်းရာ နှစ်နိုင်ငံလုံးက ပြည်သူပေါင်း ၁ သန်းကျော်ရဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်လာနိုင်မယ့်အရေး စိုးရိမ်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။
ဂြိုလ်တုမှတ်တမ်း ဓါတ်ပုံဟောင်းတွေအရ မိုင်းဆတ် မြို့နယ်က မြေရှား သတ္တုတွင်း ၂ ခုကို ၂၀၂၃ နှစ်လယ်ပိုင်းနဲ့ ၂၀၂၄ နှစ်လယ်ပိုင်းတို့မှာ စတင်တူးဖော် ခဲ့ကြတာဖြစ်ပြီး ကချင်ပြည်နယ်မှာ တရုတ်ကုမ္ပဏီတွေက တူးဖော်ခဲ့တဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ “in situ leaching” နည်းလမ်းနဲ့ ပုံသဏ္ဌာန်တူတယ်လို့ ဖော်ပြထားပါတယ်။
အခုလို မြေရှားသတ္တု တူးဖော်မှုတွေကြောင့် မြေပြိုတာ၊ မြေပေါ်မြေအောက် ရေအဆိပ်သင့်တာ၊ ငါးနဲ့ တောရိုင်း တိရစ္ဆာန်တွေ သေဆုံးတာ၊ စိုက်ပျိုးပင်တွေ ထိခိုက်တာတွေ ဖြစ်စေနိုင်ပြီး မြစ်ကမ်းတလျောက်က မြန်မာနဲ့ ထိုင်း ပြည်သူတွေရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေတာကြောင့် နှစ်နိုင်ငံ တာဝန်ရှိသူတွေ အနေနဲ့ အဆောတလျင် စုံစမ်းကာ အများပြည်သူကို ထုတ်ဖော်ပြသဖို့ လိုအပ်တယ်လို့ တိုက်တွန်းထားပါတယ်။
========================
📌📌 ၄။ မုံရွာမှာ လေကြောင်းရန်နဲ့ လက်နက်ကြီး အန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများ ပြုလုပ်
မေလ ၁၆ ရက်၊
Radio NUG
ယခုကာလမှာ အရေးပေါ် လိုအပ်နေတဲ့ လေကြောင်းအန္တရာယ်နဲ့ လက်နက်ကြီး အန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့တယ်လို့ Burma Liberation Democratic Front - BLDF က ထုတ်ပြန်ထားပါတယ်။
အဆိုပါ ဆွေးနွေးပွဲများကို ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး - BLDF ရဲဘော်များနဲ့ မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင် ကော်မတီမှ ရဲဘော်များ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။
ဒေသတွင်းမှ ရေရှည်စစ်ရှောင် မိဘပြည်သူများအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ် ကြိုတင်ပြင်ဆင် ကာကွယ်နိုင်ရန်၊ ဗုံးခိုကျင်းများ စနစ်တကျ တူးကြရန်နဲ့ ဆောင်ရန်ရှောင်ရန်များကို အသိပညာပေး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
========================
📌📌 ၅။ ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ် ကဗျာနှင့် ဝတ္ထုတို ပြိုင်ပွဲဝင်များကို CRPH Support Group, Norwayဖိတ်ခေါ်
မေလ ၁၆ ရက်
Radio NUG
ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ် ကဗျာနှင့် ဝတ္ထုတို ပြိုင်ပွဲဝင်များကို CRPH Support Group, Norwayဖိတ်ခေါ်ထားပါတယ်။
ပြိုင်ပွဲဝင် ကဗျာ/ဝတ္ထုတို စာမူများသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဖြစ်စေ၊ နွေဦးတော်လှန်ရေးနှင့် ဖြစ်စေ၊ နှစ်မျိုးလုံးနှင့် ပတ်သက်၍ ဖြစ်စေ ဖြစ်ပေါ်လာသည့် ခံစားမှုများကို ရေးဖွဲ့သော စာမူ ဖြစ်ရမယ်လို့ စည်းကမ်းသတ်မှတ်ထားပါတယ်။
"ဝတ္တုတိုနဲ့ ကဗျာ ပြိုင်ပွဲကို ပြုလုပ်ရခြင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့ကို ဂုဏ်ပြုဖို့ ဖြစ်သလို၊ မြန်မာနိုင်ငံနဲ့ နိုင်ငံသားတွေ အတွက် သူဆောင်ရွက်ခဲ့တာတွေကို ပြည်သူတွေက တန်ဖိုးထားကြောင်း ပြသချင်တာလည်း ပါပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တခြား နိုင်ငံရေးအကျဉ်းသားတွေ မတရား ထောင်ချခံထားရတာကို ပိုပြီးမြင်သာစေချင်တဲ့ သဘောလည်း ပါပါတယ်။ စာတွေ ကဗျာတွေ ဆိုတာတွေက ခေတ်တခေတ်ရဲ့ မှတ်တမ်းပါ။ ဒီမှတ်တမ်းတွေကို ထင်ထင်ရှားရှား ကျန်ရစ်စေချင်တဲ့အတွက် ကျွန်မတို့ တော်လှန်ပြည်သူတွေက တနည်းတလမ်းနဲ့ အထောက်အပံ့ပြုတဲ့ သဘောပါ။ ဒီပြိုင်ပွဲမှာ အနိုင်ရသူတွေကို ထပ်ဆောင်းပြီး ဆုပေးချင်သူတွေ ရှိရင်လည်း ကျွန်မတို့ ဖိတ်ခေါ်ပါတယ်"လို့ CRPH Support Group, Norwayမှ အတွင်းရေးမှူး ဒေါ်ဝတ်မှုန်ဝင်းက Radio NUGကို ပြောပါတယ်။
ပြိုင်ပွဲဝင်စာမူများကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၀ ရက်၊ မြန်မာအချိန် ည ၁၂ နာရီ နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ပြီး ဆုရစာရင်းကို ပြိုင်ပွဲကျင်းပရေး ကော်မတီက ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ ဖြစ်သည့် ဇွန်လ ၁၉ ရက်နေ့တွင် ကြေညာမှာဖြစ်ပါတယ်။
ဆုကြေးများအနေနဲ့ပထမဆု - ၈ သိန်း၊ ဒုတိယဆု - ၄ သိန်း၊ တတိယဆု - ၂ သိန်းတို့ဖြစ်ကြပါတယ်။
========================
📌📌 ၆။ ကလေးဒေသ စစ်ရှောင်ပြည်သူများအတွက် ပထမအကြိမ်အဖြစ် အိမ်သာအလှူ
မေလ ၁၆ရက်
Radio NUG
ကလေးဒေသစစ်ရှောင်ပြည်သူများ ကျန်းမာအဆင်ပြေစေရန် အိမ်သာ ၃ လုံး ဆောက်လုပ်လှူဒါန်းပေးခဲ့ကြောင်း Lighthouse စစ်ဘေးရှောင် ကူညီထောက်ပံ့ရေးအဖွဲ့မှ သတင်းဖော်ပြပါတယ်။
မိုးရာသီ ကျရောက်တော့မှာ ဖြစ်လို့ မိုးတွင်းကာလသည် အဖျားအနာ ဝမ်းပျက်ဝမ်းလျှော ရောဂါထူပြောတတ်တာကြောင့် ဝမ်းရောဂါ မဖြစ်ပွားရအောင် ယင်လုံအိမ်သာဟာလည်း မရှိမဖြစ် အရေးကြီးတဲ့ ကဏ္ဍ တစ်ခုကနေ ပါဝင်တယ်လို့ ဆိုထားပါတယ်။
အိမ်သာ ၃လုံး လှူဒါန်းပေးကြသော အလှူရှင် တစ်ဦးတစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဘားအံခရိုင်အတွင်း ဝင်ရောက်ကျူးကျော်တပ်စွဲထားသော မော်ကွီးလု တပ်စခန်းအား ပြန်လည်သိမ်းပိုက်
မေလ ၁၆ရက်
Radio NUG
ဘားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ) မြို့နယ်အတွင်း ဝင်ရောက်ကျူးကျော် တပ်စွဲထားသော အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ် ခလရ−၂၄ တပ်ဖွဲ့ဝင်များ အခြေစိုက် တပ်စွဲထားတဲ့ မော်ကွီးလု တပ်စခန်းအား ၂၀၂၅ ခုနှစ် မေလ (၁၆) ရက်နေ့ မနက် (၅း၃၀) အချိန်တွင် တပ်မဟာ (၇) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့မှ ပြန်လည် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ တပ်စခန်းကို မေလ ၁၅ရက်နေ့ မနက်ပိုင်းမှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တစ်ရက်အကြာတွင် သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ စစ်တပ်ဒေါက်တိုင် ခိုင်ကြီးကို စစ်ဆေးနေစဉ် စကစ တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ခိုင်ကြီး သေဆုံး
မေလ ၁၆ရက်
Radio NUG
မေလ ၁၆ရက် နေ့လယ် ၁၂:၃၀ အချိန်ခန့်တွင် သာယာဝတီခရိုင် အမှတ်(၁)တပ်ရင်း (P23801)၊ တပ်ခွဲ -၂ (Phoenix DF) ရဲဘော်များမှ ကံစုရွာသို့သွားကာ စစ်တပ်ဒေါက်တိုင်များ ဖြစ်ကြသော ခိုင်ကြီးနှင့် အောင်ကျော်စံအား နောက်နောင် စစ်တပ်ဒေါက်တိုင်လုပ်ခြင်း၊ ပြည်သူအပေါ်အနိုင်ကျင့် ဗိုလ်ကျခြင်းများ မပြုလုပ်ရန် ခေါ်ဆောင်သတိပေးပြောဆိုခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
သတိပေးပြောဆိုနေချိန်တွင် အောင်ကျော်စံက ရေသောက်ဟုဆိုကာ ထွက်ပြေးသဖြင့် လိုက်ဖမ်းချိန် ခိုင်ကြီးပါ ထပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့သော်လည်း အောင်ကျော်စံမှာ လွတ်သွားပြီး ခိုင်ကြီးအား နေ့လယ် ၁ နာရီ ၂၁ မိနစ် အချိန်တွင် ပြန်လည်ဖမ်းဆီးမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တော်လှန်ရေးရဲဘော်များ ကံစုရွာမှ ထွက်ကာ ဆီဆုံကုန်းနှင့် ကံစုရွာကြားရှိ တောင်ကုန်းတစ်ခုပေါ်တွင် ထပ်မံစစ်မေးနေစဉ် စကစ တပ်မှ လက်နက်ကြီးဖြင့် ကံစုရွာတစ်ဖက်ထိပ်မှ ပစ်ခတ်ခဲ့ရာ စစ်မေးနေသည့်နေရာသို့ တည့်တည့်ကျရောက်ပေါက်ကွဲသဖြင့် ခိုင်ကြီး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးရဲဘော်များမှာ ထွက်ပြေးတိမ်ရှောင်နိုင်ခဲ့သဖြင့် အသက်ဘေးမှ လွတ်ကာ ပွန်းပဲ့ဒဏ်ရာများသာ ထိခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ လောင်းလုံးမြို့နယ် အင်းဝန်းရွာအနီး စစ်ကောင်စီတပ်၏ ဒရုန်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ
မေလ ၁၆ ရက်
Radio NUG
၂၀၂၅ ခုနှစ် မေလ ၁၆ ရက်နေ့ မွန်းလွဲ ၁၂:၄၀ ခန့်တွင် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ အင်းဝန်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့များက ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
ထိုတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြည်သူပိုင်ကား ၁ စီးလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့သည် ထားဝယ်မြို့၊ မြစ်တစ်ဖက်ကမ်းရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (နတလ) ရုံးမှ ဒရုန်းများနှင့် လက်နက်ကြီးများဖြင့် အင်းဝန်းရွာအနီးသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ ချောင်းဦးမြို့နယ် ငလုံးတင်ရွာကို စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင်တစ်ပါး အပါအဝင် ပြည်သူ ၆ ဦးသေဆုံး
မေလ ၁၆ရက်
Radio NUG
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငလုံးတင်ရွာကို ၂၀၂၅ ခုနှစ် မေလ ၁၅ ရက်နေ့ ည ၈:၃၀ ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့များက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့များ၏ လက်နက်ကြီးပစ်ခတ်မှုသည် အရပ်သားပြည်သူများနေထိုင်ရာ ငလုံးတင်ရွာအတွင်းသို့ ထိမှန်ခဲ့ပြီး၊ ကိုရင်တစ်ပါး အပါအဝင် ပြည်သူ ၆ ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ ဟဲဟိုးမြို့ တပ်မ ၁၈ ခြေမြန်တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး အလင်းဝင်
မေလ ၁၆ရက်
Radio NUG
မေလ ၁၅ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ အခြေစိုက် တပ်မ ၁၈ ခြေမြန်တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း People Defence Force - Chauk - သခင်ဖိုးလှကြီးတပ်ခွဲမှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ စစ်မှုထမ်း တပ်သားသစ်သည် မော်လမြိုင်ရှေ့တန်းသို့ ပို့ဆောင်ခံရစဉ် လက်ပစ်ဗုံး ၃ လုံးဖြင့် ယူဆောင်လာပြီး ဆက်သွယ်ခိုလှုံလာခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီလ ၁၆ရက်နေ့က စစ်မှုထမ်းအပတ်စဉ် ၁၀ အတွက် ချောက်မြို့ပေါ်မှာ ပေါ်တာဆွဲဖမ်းဆီးခံရတာဖြစ်ပြီး အမှတ် ၃ တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်း ကျိုင်းတောင်းကို အပို့ခံရတယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ MMDA ထံ အလင်းဝင်လာတဲ့ စစ်ကောင်စီ တပ်သားတွေ လက်နက်ယူဆောင်ပြီး ထွက်ပြေး၊ ၃ ဦးကို ပြန်ဖမ်းမိ
မေလ ၁၆ ရက်၊
Radio NUG
ကိုးကန့်တပ်မတော် (MNDAA) ထံ ကတိခံဝန်ချက်နဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီ တပ်သား ၁၀ ဦး လက်နက် ယူဆောင်ပြီး ထွက်ပြေးသွားခဲ့တာကြောင့် လိုက်လံ ဖမ်းဆီးခဲ့ရာ ၃ ဦးကို ပြန်ဖမ်းမိခဲ့တယ်လို့ ရွှေဖီမြေ သတင်းဌာနက ဖော်ပြထားပါတယ်။
ကိုးကန့်တပ်ဖွဲ့ လားရှိုး မြို့ထဲက ထွက်သွားချိန်မှာ ၎င်း စစ်သုံ့ပန်း ၁၀ ဦးဟာ ကိုးကန့်တပ်ထဲကို ကတိခံဝန်ချက်နဲ့ ဝင်ရောက်လာခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့မှာ ထွက်ပြေးသွားခဲ့ကြတာလို့ ဆိုပါတယ်။
ထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်သားတွေဟာ လက်နက်တွေ ယူဆောင်သွားခဲ့ပြီး ကွမ်းလုံတောင်ပေါ်ဘက်ကို ထွက်ပြေးသွားခဲ့ကြတာလို့ သိရပါတယ်။
၎င်းတို့ကို MNDAA တပ်ဖွဲ့တွေက လိုက်လံဖမ်းဆီးခဲ့ရာ ၃ ဦးကိုတော့ ပြန်မိထားပြီလို့ ဒေသခံ သတင်းရင်းမြစ်ရဲ့ ပြောကြားချက်နဲ့ ရွှေဖီမြေ က ဖော်ပြထားပါတယ်။
MNDAA တပ်ဖွဲ့ အနေနဲ့ လားရှိုးမြို့က ထွက်ခွာသွားချိန်မှာ လားရှိုး အကျဉ်းထောင်မှာရှိတဲ့ စစ်သုံ့ပန်းနဲ့ မိသားစုဝင်တွေကို လောက်ကိုင်ဘက် ပြောင်းရွှေ့သွားခဲ့တာ ရှိသလို တချို့ကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ဒေသခံ ၃၀၀၀ နီးပါး တိမ်းရှောင်နေရ
မေလ ၁၆ ရက်၊
Radio NUG
ကရင့်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဒူးသထူ (သထုံ) ခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ဒေသခံ (၂,၇၂၁) ဦး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေရာ ဝင်းကံကျေးနယ် အတွင်းက ဝင်းကံ၊ ဘောကထ၊ ကျောက်ရေတွင်း၊ ကလောမြောင်၊ ရှမ်းစုနှင့် အညာစု ကျေးရွာတို့က ပြည်သူတွေ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဆိုပါတယ်။
အဆိုပါ ကျေးရွာများက အိမ်ခြေ ၆၅၄ အိမ်ရှိ၊ ကျား (၁,၂၈၃) ဦး၊ မ (၁,၄၃၈) ဦး စုစုပေါင်း လူဦးရေ (၂,၇၂၁) ဦး အသက်ဘေး လွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့ မနက် ၈ နာရီ ၂၀ မိနစ်မှ နေ့လည် ၁၁ နာရီ ၃၅ မိနစ်အချိန်ထိ စစ်ကောင်စီရဲ့ အမတ - (၃၁၀) တပ်ရင်းမှာ ၁၂၀ မမ (၇) လုံး ပစ်ခတ်ခဲ့ကာ ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ဆင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကလည်း ၁၂၂ မမ (၄) လုံး ကျိုက်ထိုမြို့နယ်အတွင်းက ကျေးရွာများကို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် နေ့လည် ၁၁ နာရီ ၅၂ မိနစ် အချိန်မှာလည်း ဂျက်ဖိုက်တာဖြင့် ရွှေကျင်မြို့နယ်၊ တပ်မဟာ (၃) နယ်မြေအတွင်းကို ဗုံး ၂ လုံး ကြဲချခဲ့ကာ နေ့လည် ၁၂ နာရီ ၃ မိနစ် အချိန်မှာလည်း ကျိုက်ထိုမြို့နယ်၊ ကျောက်ဖျာကျေးနယ်အတွင်းကို ဗုံး ၁ လုံး ကြဲချခဲ့တယ်လို့ သိရပါတယ်။
မေလ ၁၃ ရက်နေ့ ည ၉ နာရီ ၁၂ မိနစ် အချိန်မှာလည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီရဲ့ အမတ (၃၁၀) တပ်ရင်းကနေ ၁၂၂ မမ လက်နက်ကြီး (၃) လုံး ပစ်ခတ်ခဲ့ ပါသေးတယ်။
========================
🚩🚩 ၈။ ရှေ့တန်းရောက် ရဲဘော်များ ရာသီဥတုအပြောင်းအလဲကြောင့် ယားနာ၊ အဖုပိန့်များ ဖြစ်ပွားနေတာကြောင့် ဆေးဝါးကူညီပေးရန် မေတ္တာရပ်ခံ
မေလ ၁၆ ရက်
Radio NUG
မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းမှ ရှေ့တန်းရောက် ရဲဘော်များအနေနဲ့ ရာသီဥတုအပြောင်းအလဲကြောင့် ယားနာ၊ အဖုပိန့်များ ဖြစ်ပွားနေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
၄င်းယားနာများ ပျောက်ကင်းရန်အတွက် တော်လှန်ပြည်သူများအနေဖြင့် ဆေးဝါးပစ္စည်းဖြင့်သော်လည်းကောင်း၊ အလှုငွေကြေးဖြင့် သော်လည်းကောင်း ပါ၀င်ကူညီပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။
ရှေ့တန်းရောက် ရဲဘော် ၇၀ ရာခိုင်နှုန်းလောက်က အရေပြားရောဂါကို ဆိုးဆိုးရွားရွား ခံစားနေရပြီး ရာသီအကူးအပြောင်း၊ ရေမသန့်ရှင်းရာက စဖြစ်ခဲ့ကာ အနာတွေ အများအပြားဖြစ်တာကြောင့် ခြေလက်တွေ ယောင်ပြီး လမ်းသေချာ မလျှောက်နိုင်တဲ့အထိ ဖြစ်တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment