၂၀၂၅ မေလ ၂၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ပြည်သူ့ဂုဏ်ရည်ဆု သားဖြစ်သူ ကိုထိန်လင်း လက်ခံ
📌 ၂။ မြေပြင်မှာ ဖွင့်လှစ်သင်ကြားနေတဲ့ ကြားကလ ပညာရေးကျောင်းများ ယာယီရပ်နားထားဖို့ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားချက် ထုတ်ပြန်
📌 ၃။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် (၈၀) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ရေးဆွဲထားသော Wish for her birthday ပန်းချီကားအား အလှူရှင်တစ်ဦးမှ သိန်း (၂၀) နှင့်ဝယ်ယူခဲ့
📌 ၄။ မန္တလေး အိုးဘိုထောင်တွင် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ NLD အစိုးရလက်ထက် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို Laszlo Z. Bito ဆုချီးမြှင့်
📌 ၅။ ဘေးကင်းသော ဆေးရုံများ တည်ဆောက်နိုင်ရန်အတွက် Safe Hospital, Safe Healthcare ကမ်ပိန်းပါဝင်ရန် NUG ကျန်းမာရေးဝန်ကြီးဌာန ဖိတ်ခေါ်
📌 ၆။ ကိုးကန့် အထူးဒေသ (၁) အတွင်းက အခြေခံပညာ ကျောင်းများအတွက် ပညာရေး ဝန်ထမ်းများ ခေါ်ယူနေ
========================
၂၀၂၅ ခုနှစ် မေလ ၂၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အောင်သာ ဘဲရွာသစ်ပျူရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ခဲ့
🚩 ၂။ သထုံမြို့နယ် နှင်းပုလဲဘူတာ အနီးမှာ ကျောက်တွဲရထား မိုင်းဆွဲခံရပြီး မောင်းသူ ဒဏ်ရာရ
🚩 ၃။ ဂန့်ဂေါ ခလရ (၅၀) မှ ဒုတပ်ကြပ် တဦး ဆေးကြောင်ပြီး ကိုယ့်ကိုကို သေနတ်ဖြင့် အဆုံးစီရင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ပြည်သူ့ဂုဏ်ရည်ဆု သားဖြစ်သူ ကိုထိန်လင်း လက်ခံ
မေလ ၂၅ရက်
Radio NUG
လူထုခေါင်းဆောင်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ချီးမြှင့်သည့် ပြည်သူ့ဂုဏ်ရည်ဆုကို သားငယ်ဖြစ်သူ ကိုထိန်လင်း (ခ) ကင်အဲရစ်က လက်ခံရယူခဲ့ကြောင်း သိရပါတယ်။
၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ပွဲ အခမ်းအနားကို မေလ ၂၄ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
မေမေ့ကိုယ်စား ၂၀၂၅ ခုနှစ် Citizen of Burma (ပြည်သူ့ဂုဏ်ရည်) ဆုကို လက်ခံရတဲ့အတွက် အင်မတန် ဂုဏ်ယူတယ်လို့ ကိုထိန်လင်းမှ အသိပေးထားပါတယ်။
" နှစ် ၃၀ ကျော်ကြာ မြန်မာ့ဒီမိုကရေစီအိမ်မက်အတွက် မေမေဟာ အင်မတန် အရေးပါတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့တယ်။ စစ်အုပ်စုက အကျဥ်းချပြီး ပြည်သူတွေနဲ့ခွဲပြီး သူ့အသံကိုတိတ်သွားစေဖို့ ကြိုးစားတယ်၊ ဒါပေမဲ့ ကျွန်တော်ပြောခဲ့သလိုပဲ သူ့ရဲ့ စိတ်ဓါတ် ဝိညာဉ်အားကိုတော့ ချုပ်နှောင် မထားနိုင်ပါဘူး ။ မေမေက တစ်ခါက ပြောခဲ့တယ်။ “လွတ်လပ်ခြင်းနှင့် ဒီမိုကရေစီဆိုတဲ့အိမ်မက်များအတွက် ဘယ်တော့မှ လက်မလျော့လိုက်ပါနဲ့" တဲ့၊ ဒီဆုဟာ မေမေ့ရဲ့ စွန့်လွှတ်မှုများကိုသာမက၊ လွတ်လပ်တဲ့မြန်မာနိုင်ငံ ဖြစ်စေချင်တဲ့ အိမ်မက်ကိုလဲ ရည်ညွှန်းပါတယ်။ ဒီ့အတွက် ကျွန်တော်တို့ဆက်လက် ပြောဆို တွန်းလှန်ကြရမယ်၊ မကြာခင် ဒီမိုကရေစီရမယ်ဆိုတာကို ယုံကြည်ကြရမယ်" လို့ ကင်မှ ဆိုထားပါတယ်။
အဆိုပါဆုမှ ရရှိတဲ့ ဆုငွေကို မတရား ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုများနှင့် လူငယ်တွေရဲ့ ပညာရေးအတွက် အသုံးပြုသွားမှာဖြစ်ပြီး ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်အဝင်စားဆုံးထဲက တစ်ခု ဖြစ်တယ်လို့ အသိပေးထားပါတယ်။
ပြည်သူ့ဂုဏ်ရည် ဆုပေးပွဲအခမ်းအနားကို CRPH နာယက ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ကျော်မိုး၊ ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းတို့လည်း တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
========================
📌📌 ၂။ မြေပြင်မှာ ဖွင့်လှစ်သင်ကြားနေတဲ့ ကြားကလ ပညာရေးကျောင်းများ ယာယီရပ်နားထားဖို့ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားချက် ထုတ်ပြန်
မေလ ၂၅ ရက်၊
Radio NUG
အမျိုးသား ညီညွတ်ရေး၊ ပညာရေးဝန်ကြီးဌာနရဲ့ အသိမှတ်ပြုမှု၊ ချိတ်ဆက်ပူးပေါင်းမှုတို့ဖြင့် မြေပြင်မှာ ဖွင့်လှစ် သင်ကြားနေတဲ့ ကြားကာလ ပညာရေးကျောင်းများ အားလုံး ခေတ္တယာယီ ရပ်နားထားဖို့ ပညာရေး ဝန်ကြီးဌာနက မေလ ၂၅ ရက်နေ့မှာ ညွှန်ကြားချက် ထုတ်ပြန်လာပါတယ်။
စစ်တပ်က မတရား အာဏာသိမ်းထားတဲ့ ကာလအတွင်း ကလေးသူငယ်များရဲ့ ပညာသင်ကြားခွင့် မဆုံးရှုံးစေဖို့ ကြားကာလ ပညာရေးကို ပညာရေးဝန်ကြီးဌာနက နည်းလမ်းမျိုးစုံဖြင့် ဖော်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီက စာသင်ကျောင်းများနဲ့ ဆေးရုံများကဲ့သို့ လူစုလူဝေးရှိရာ နေရာများကို လေကြောင်းမှ နည်းလမ်းမျိုးစုံဖြင့် ဗုံးကြဲခြင်း၊ စက်သေနတ်များနဲ့ ပစ်ခတ်ခြင်း၊ တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း အစရှိတဲ့ လူသားမျိုးနွယ်အပေါ် စစ်ရာဇ၀တ်မှု (War crimes against humanity) ကို နေ့စဉ် ကျူးလွန်နေတာ ဖြစ်ပါတယ်။
ထို့ကြောင့် နိုင်ငံသားကောင်းရတနာ ကလေးသူငယ်များ၊ ဆရာ/မ များနဲ့ ပြည်သူများ အသက်အန္တရာယ် ထိခိုက် ဆုံးရှုံးမှု မရှိစေရေးအတွက် မြေပြင်မှာ ဖွင့်လှစ်ပညာသင်ကြားနေတဲ့ အခြေခံပညာ ပြည်သူ့အခြေပြု ပညာရေး ကျောင်းများ၊ အဆင့်မြင့်ပညာ ကျောင်းများနဲ့ သက်မွေးပညာ ကျောင်းများ အားလုံး ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများ ဆောင်ရွက်နေစဉ်အတွင်း ခေတ္တယာယီ ရပ်နားထားဖို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
========================
📌📌 ၃။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် (၈၀) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ရေးဆွဲထားသော Wish for her birthday ပန်းချီကားအား အလှူရှင်တစ်ဦးမှ သိန်း (၂၀) နှင့်ဝယ်ယူခဲ့
မေလ ၂၅ရက်
Radio NUG
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၀) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် Artist Susan Chan မှရေးဆွဲထားသော Wish for her birthday ပန်းချီကားအား အလှူရှင်တစ်ဦးမှ သိန်း (၂၀) နှင့်ဝယ်ယူခဲ့ကြောင်း သတင်းရရှိပါတယ်။
၄င်းပန်းချီကားရောင်းရငွေအား ကျိုက်ထိုမြို့နယ်ရှိ စစ်ရှောင်ကလေးငယ်များ၏ ပညာရေးအတွက် ဝန်ကြီးဌာနမှတဆင့် လှူဒါန်းခဲ့သည့်အတွက် ပန်းချီဆရာနှင့် ပန်းချီကားအား ဝယ်ယူအားပေးခဲ့သော အလှူရှင်အား ကျေးဇူးတင်ရှိကြောင်း အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ မှတ်တမ်းတင်ဂုဏ်ပြုထားပါတယ်။
========================
📌📌 ၄။ မန္တလေး အိုးဘိုထောင်တွင် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ NLD အစိုးရလက်ထက် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို Laszlo Z. Bito ဆုချီးမြှင့်
မေလ ၂၅ရက်
Radio NUG
အမေရိကန်ပြည်ထောင်စု၊ Bard ကောလိပ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ ဦးဘိုဘိုငယ်ကို လူသားအကျိုးဆောင်ရွက်မှုအတွက် Laszlo Z. Bito ဆု ချီးမြှင့်လိုက်ကြောင်း မေလ ၂၄ ရက်က အသိပေးထုတ်ပြန်ပါတယ်။
ဦးဘိုဘိုငယ် ကိုယ်စား အမေရိကန်နိုင်ငံအခြေစိုက်မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက လက်ခံရယူမည်ဖြစ်ကြောင်းနှင့် ဒီဆုရရရှိမှုအပေါ် Bard College ရွေးချယ်ရေးအဖွဲ့က " သူ့ရဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်ရေးတိုက်ပွဲအတွက် မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားအဖြစ် ဆက်လက်ရပ်တည်နေတဲ့ ရဲစွမ်းသတ္တိနဲ့ ကတိကဝတ်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ပေးအပ်ပါသည်" လို့ ထုတ်ပြန်ထားပါတယ်။
ဦးဘိုဘိုငယ်ဟာ Bard ကောလိပ်ကနေ BA ဘွဲ့၊ ဂျွန်ဟော့ကင်းတက္ကသိုလ်က စီးပွားရေးဆိုင်ရာမဟာဘွဲ့နဲ့ ဗြိတိန်နိုင်ငံကနေ စီးပွားရေးဆိုင်ရာ ပါရဂူဘွဲ့ရရှိထားသူဖြစ်ပြီး NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ်မှာ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံခဲ့ရသူ ဖြစ်ပါတယ်။
“မြန်မာနိုင်ငံရဲ့ အရဲရင့်ဆုံးနဲ့ အကြီးကျယ်ဆုံး စီးပွားရေး ပြုပြင်ပြောင်းလဲရေးသမား ဒေါက်တာဘိုဘိုငယ်ကို Laszo Z. Bito Award for Humanitarian Service ဆုတံဆိပ် ချီးမြှင့်လိုက်ပါပြီ။ ကျွန်တော်တွေ့ဖူးသမျှတွေထဲမှာ သူဟာ အကြီးမြတ်ဆုံးလူသားတစ်ယောက်ဖြစ်ပြီး၊ သူ့ရဲ့ ဖြောင့်မတ်မှန်ကန်မှုနဲ့ သတ္တိကြောင့်ပဲ သူဟာ မြန်မာနိုင်ငံရဲ့ထောင်ထဲမှာ ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခိုင်ရင်ဆိုင်နေသူလည်း ဖြစ်ပါတယ်။” လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး မစ္စတာ ရှောင်တာနယ်က ပြောဆိုထားပါတယ်။
၈၈ အရေးတော်ပုံမှာလည်း ပါဝင်လှုပ်ရှားခဲ့တဲ့ ဦးဘိုဘိုငယ်ဟာ စစ်အစိုးရရဲ့ ဖမ်းဆီးထောင်ချခံခဲ့ရပြီး ထောင်မှလွတ်ပြီးနောက်ပိုင်း ပြည်ပကို ထွက်ခွာကာ အလုပ်လုပ်ရင်း Bard College နှင့် နာမည်ကျော် ဂျွန်ဟော့ကင်းတက္ကသိုလ်မှ စီးပွားရေးဆိုင်ရာမဟာဘွဲ့၊ ဗြိတိန်မှ စီးပွားရေးဆိုင်ရာပါရဂူဘွဲ့တို့ ရရှိထားသူဖြစ်ပါတယ်။
NLD ပါတီ၏ စီးပွားရေးအကြံပေးအဖွဲ့တွင် ဘဏ်ပညာရှင်တစ်ဦးအနေဖြင့် ပါဝင်ခဲ့ပြီး သမ္မတဦးထင်ကျော် လက်ထက် ၂၀၁၇ ဇူလိုင်တွင် ဗဟိုဘဏ် ဒုဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်းခံရပြီး NLD လက်ထက် ငါးနှစ်အတွင်း နိုင်ငံ၏ GDP သည် ငါးဆတိုးလာကာ တိုက်ရိုက်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ သုံးပုံတစ်ပုံ တိုးလာပြီး အစိုးရကြွေးမြီကို ထက်ဝက်လျှော့ချခဲ့သည်အထိ လုပ်ဆောင်နိုင်သူဖြစ်ခဲ့သည်။ ယခင်က နိုင်ငံခြားနှင့် ကုန်သွယ်ငွေ ပေးချေရာတွင် အကျပ်အတည်းပေါင်းစုံရှိသော်လည်း ဦးဘိုဘိုငယ် ပါဝင်သည့် ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့လက်ထက်တွင် ပိုမိုလွယ်ကူလာသလို ဒစ်ဂျစ်တယ်ငွေပေးချေစနစ် အောင်မြင်လာကြောင်း ကုန်သည်အများစုမှတ်ချက်ပြုကြပါတယ်။
ဘဏ်ငွေလွှဲပြောင်းမှုနှင့် အမေရိကန်သူဋ္ဌေး ဂျော့ဆိုးရော့၏ ပွင့်လင်းလူ့အဖွဲ့အစည်းမြန်မာ (Open Society Myanmar) ၏ ငွေလွှဲပြောင်းမှုကို ကြီးကြပ်မှုအားနည်းခြင်း၊ ဗဟိုဘဏ်ရရှိသော ချေးငွေကို အတိုးနည်းသောဘဏ်တွင် အပ်နှံခြင်းကြောင့် အခွန်နစ်နာသည်ဟု စွပ်စွဲကာ ဦးဘိုဘိုငယ်အား စစ်တပ်ဘက်မှ အမှုဖွင့်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အပါအဝင် နှစ်မှု စွဲဆိုခဲ့ခြင်းဖြစ်ပြီး တစ်မှုကို ၁၂ နှစ်နှင့် နောက်တစ်မှုကို ၈ နှစ် စုစုပေါင်း နှစ်(၂၀)ချမှတ်ခံထားရသူ ဖြစ်ပါတယ်။
========================
📌📌 ၅။ ဘေးကင်းသော ဆေးရုံများ တည်ဆောက်နိုင်ရန်အတွက် Safe Hospital, Safe Healthcare ကမ်ပိန်းပါဝင်ရန် NUG ကျန်းမာရေးဝန်ကြီးဌာန ဖိတ်ခေါ်
မေလ ၂၅ရက်
Radio NUG
မြန်မာနိုင်ငံတွင် ဘေးကင်းသော ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးအတွက် ဘေးကင်းသော ဆေးရုံများ တည်ဆောက်နိုင်ရန်အတွက် Safe Hospital, Safe Healthcare ကမ်ပိန်းတွင် ပါဝင်ကူညီလှူဒါန်းကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဖိတ်ခေါ်ထားပါတယ်။
မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများသည် ဆေးရုံများနှင့် စာသင်ကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှု ဝန်ဆောင်မှုများ၏ ဘေးကင်းမှုနှင့် လက်လှမ်းမီမှုတို့ကို ပြင်းထန်စွာ ထိခိုက်စေကြောင်း တွေ့ရှိရတာကြောင့် ကမ်ပိန်းသည် ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများအတွက် ဘေးကင်းသော ပတ်ဝန်းကျင်ကို ပံ့ပိုးပေးမည့် ခိုင်ခံ့သော ဆေးရုံများ ဆောက်လုပ်ရန်အတွက် ရန်ပုံငွေ ရှာဖွေရန် ရည်ရွယ်တယ်လို့ ဖော်ပြထားပါတယ်။
ရည်မှန်းချက် (Target) - အမေရိကန်ဒေါ်လာ ၄ သိန်း သတ်မှတ်ထားပြီး Campaign ကာလကို မေလ ၂၄ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
========================
📌📌 ၆။ ကိုးကန့် အထူးဒေသ (၁) အတွင်းက အခြေခံပညာ ကျောင်းများအတွက် ပညာရေး ဝန်ထမ်းများ ခေါ်ယူနေ
မေလ ၂၅ ရက်၊
Radio NUG
၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် ကိုးကန့် အထူးဒေသ (၁) အတွင်းက အခြေခံပညာ ကျောင်းများမှာ တာဝန် ထမ်းဆောင်ဖို့ ပညာရေး ဝန်ထမ်းများ ခေါ်ယူနေတယ်လို့ The Kokang မှာ ဖော်ပြထားပါတယ်။
အထူးဒေသ (၁) အတွင်းမှာ ၂၀၂၄ - ၂၅ ပညာသင်နှစ်မှ စတင်ပြီး ကျောင်းနေအရွယ် ကလေးများအားလုံး ပညာ သင်ယူနိုင်ရေးအတွက် အခြေခံပညာ ကျောင်း ၂ ကျောင်းကို ဖွင့်လှစ်ခဲ့ပြီး လာမယ့် ၂၀၂၅ - ၂၆ ပညာသင်နှစ်မှာ ထပ်မံတိုးချဲ့ ဖွင့်လှစ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
အဆိုပါ ကျောင်းများတွင် CDM ပြုလုပ်ထားတဲ့ ဆရာ/ဆရာမ များ၊ တက္ကသိုလ် တခုခုမှ ဘွဲ့ရထားသူများ၊ CDM ပြုလုပ်ထားတဲ့ တက္ကသိုလ် ကျောင်းသား/ကျောင်းသူများက တာဝန်ထမ်းဆောင်ဖို့ လျှောက်ထားနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အောင်သာ ဘဲရွာသစ်ပျူရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ခဲ့
မေလ ၂၅ ရက်၊
Radio NUG
မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင် အောင်သာ ဘဲရွာသစ် ပျူရွာမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ဝင်ရောက်တိုက်ခိုက် ခဲ့တယ်လို့ ဧရာဒေါင်းက ထုတ်ပြန်ထားပါတယ်။
မေလ ၂၅ ရက်နေ့ မနက် ၅ နာရီ အချိန်ခန့်မှာ အောင်သာ ဘဲရွာသစ်ပျူရွာမှာ တပ်စွဲထားတဲ့ အင်အား ၁၀၀ ကျော် ခန့်ရှိ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ၁၅ မိနစ် ဝန်းကျင်ခန့် အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး ပခုက္ကူခရိုင် လှုပ်ရှားတပ်ဖွဲ့ - ၅ (ဧရာဒေါင်း) မှ ရဲဘော် တဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိခဲ့ပြီး အသေးစိတ်ကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူခရိုင် လှုပ်ရှားတပ်ဖွဲ့ - ၅ (ဧရာဒေါင်း) တပ်ဖွဲ့၊ ပေါက် ပကဖ (B.L.Y) ပြောက်ကျား တပ်ဖွဲ့၊ King Fighter (SGF) ၊ ကျောင်းသားတပ်မတော် အမှတ် (၃) စစ်ကြောင်းနဲ့ ပေါက် ပကဖ ဇုံ (၄) တပ်ဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၂။ သထုံမြို့နယ် နှင်းပုလဲဘူတာ အနီးမှာ ကျောက်တွဲရထား မိုင်းဆွဲခံရပြီး မောင်းသူ ဒဏ်ရာရ
မေလ ၂၅ ရက်၊
Radio NUG
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျွန်းကလေးနဲ့ ဇရပ်ကျွန်း ကျေးရွာကြား နှင်းပုလဲ ဘူတာအနီးမှာ ကျောက်တွဲရထား မိုင်းဆွဲခံရပြီး စက်ခေါင်းမောင်းသူ အနည်းငယ် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မေလ ၂၅ ရက်နေ့ မနက် ၈ နာရီခန့်မှာ သထုံဘက်က ဘီးလင်း ဘက်ကို မောင်းနှင်လာတဲ့ ကျောက်တွဲရထားဟာ မိုင်းခွဲတိုက်ခိုက် ခံခဲ့ရတာဖြစ်ပြီး ရထားတွဲ ၆ တွဲဟာ လမ်းချော်သွားခဲ့ကာ ရထားလမ်း ၁၀ ပေကျော် ပြတ်ထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။
ရထားလမ်း အပျက်အစီးတွေကို ပြန်လည်ပြုပြင်ဖို့ လုပ်ဆောင်နေတာကြောင့် ရန်ကုန်-မော်လမြိုင် အစုန် အဆန် ရထား ခရီးစဉ်တွေ နောက်ပြန်လှည့်ခဲ့ရသလို ခရီးစဉ်တွေကို မေလ ၂၅ ရက်နေ့က စတင်ကာ ယာယီ ဖျက်သိမ်းထားတယ်လို့ သိရပါတယ်။
စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ဘီးလင်းမြို့နယ်နဲ့ သထုံမြို့နယ်ကြားမှာ ကုန်တင်ရထားတွဲတွေ၊ ရထားလမ်းတွေ ၁၀ ကြိမ်ထက်မနည်း မိုင်းခွဲတိုက်ခိုက်ခံထားရတာ ဖြစ်ပါတယ်။
ရန်ကုန်-မော်လမြိုင် ကားလမ်းပိုင်းမှာ စစ်တပ် ရိက္ခာကားများနဲ့ စစ်ကူကားတွေ မကြာခဏ မိုင်းဆွဲ တိုက်ခိုက်ခံရတာကြောင့် ရထားလမ်းကို အသုံးပြုကာ စစ်ကူနဲ့ လက်နက်ခဲယမ်း ပို့ဆောင်တာတွေကို လုပ်ဆောင်နေတာလည်း ရှိနေပါတယ်။
========================
🚩🚩 ၃။ ဂန့်ဂေါ ခလရ (၅၀) မှ ဒုတပ်ကြပ် တဦး ဆေးကြောင်ပြီး ကိုယ့်ကိုကို သေနတ်ဖြင့် အဆုံးစီရင်
မေလ ၂၅ ရက်၊
Radio NUG
မကွေးတိုင်း၊ ဂန့်ဂေါမြို့ရှိ ခလရ (၅၀) တပ်ရင်းမှ ဒုတပ်ကြပ် ဂျူလိုင်ထွန်းဆိုသူဟာ မေလ ၂၁ ရက်၊ ညပိုင်းမှာ မိမိကိုယ်ကို အဆုံးစီရင်သွားတယ်လို့ ယောအလင်းတန်းက ဖော်ပြထားပါတယ်။
"ဂျူလိုင်ထွန်းက ပင်လည်ဘူးမှာ ကျသွားတဲ့ တူးအိုင်စီ ရဲရန်ပိုင်ရဲ့ ကားကို လိုက်မောင်းပေးရတဲ့သူ။ သူတို့ချင်း အဆင်ပြေချိန်ကဆို မြို့ပေါ်မှာ လောင်းကစားတွေ မူးယစ်ဆေးတွေကို သူတို့ဘဲ ဦးဆောင်လုပ်တာ။ နောက်မှ အပြောင်းလဲတွေ ဖြစ်ပြီး ဗိုလ်ကြီး မျိုးဝင်းသူ တို့ မရှိတော့မှ သူတို့ လောင်းကစား လုပ်တာတွေ ငြိမ်သွားတာ။ သူ့မိန်းမနဲ့ ကွဲနေတာ။ သူကိုယ်တိုင်က ဆေးစွဲနေတာရော အရင်လို အာဏာပြမရတော့တာရောကြောင့် ဖြစ်မယ် ထင်တယ်။” လို့ ဒေသခံ ပြည်သူတဦးက ဆိုပါတယ်။
၎င်းရဲ့ ရုပ်အလောင်းကို ညတွင်းချင်း ဂန့်ဂေါမြို့ပေါ်က ရေပုတ်သုဿန်မှာ သင်္ဂြိုလ်ခဲ့ပြီး တိုက်ပွဲမှာ ကျတာမဟုတ်တာကြောင့် ဘာပင်စင် ခံစားခွင့်မှ မပေးနိုင်ဘူးလို့ လက်ရှိ ဗျူဟာမှူး ဆိုသူက ပြောကြောင်း သိရှိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment