၂၀၂၅ ဇွန်လ ၁ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဆန်ဖရန်ဘေးဧရိယာမြန်မာမိသားစုများ တတိယအကြိမ် ေမြာက် ရင်းနှီးစွာ တွေ့ဆုံပွဲ ကျင်းပ
📌 ၂။ စစ်ကိုင်းဖက်ဒရယ်ယူနစ်ရဲ့ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ(တတိယမူကြမ်း) အပေါ် သုံးသပ်ပြီးစီးမှု အခြေအနေများကို ဆွေးနွေး
📌 ၃။ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များအစည်းအရုံး ပဉ္စမအကြိမ် ညီလာခံသို့ ဗကသများအဖွဲ့ချုပ် သဝဏ်လွှာပို့
📌 ၄။ ဧရာဝတီမြစ်ရေတက်နှုန်း အနည်းငယ်လျော့သွားပေမယ့် ရေဘေးအန္တရာယ် သတိထားကြဖို့ လူမှုကူညီရေးအဖွဲ့တွေ သတိပေး
📌 ၅။ မီဇိုရမ်ပြည်နယ်မှာရှိတဲ့ မြန်မာစစ်ရှောင်တွေ ရေဘေးကြုံနေရ
========================
၂၀၂၅ ခုနှစ် ဇွန်လ ၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မိုးဗြဲ စစ်မျက်နှာကို အားစိုက်ကူညီပေးဖို့ မိုးဗြဲ PDF တောင်းဆို
🚩 ၂။ မင်းကွန်းဒေသ ကင်းရွာအနီး စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်
🚩 ၃။ တောင်သာမြို့နယ်ထဲမှာရှိတဲ့ စစ်သား၊ရဲနဲ့ ပျူစောထီးတွေ လက်နက်ချ အလင်းဝင်ဖို့ မြို့နယ်ပကဖ နောက်ဆုံးအကြိမ် သတိပေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဆန်ဖရန်ဘေးဧရိယာမြန်မာမိသားစုများ တတိယအကြိမ် ေမြာက် ရင်းနှီးစွာ တွေ့ဆုံပွဲ ကျင်းပ
ဇွန်လ ၁ရက်
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်ဘေးဧရိယာမှ မြန်မာမိသားစုများနှင့်အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တွေ့ဆုံပွဲကို မေလ ၃၁ ရက် ညနေ ၅ နာရီမှ ၈ နာရီအထိ ကျင်းပခဲ့ကြပါတယ်။ဘေးဧရိယာ၊ ယူနီယံစီးတီးက မြန်မာကွန်မြူနီတီစင်တာမှာ ဧည့်ပရိသတ် ၁၀၀ နီးပါးတက်ရောက်ကြပြီး ဒေါ်ဇင်မာအောင်က လက်ရှိနွေဦးတော်လှန်ရေး အရွေ့နဲ့ NUG အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများ၊ အထွေထွေ ထိုးစစ် ပြင်ဆင်နေမှုများအပြင် လက်ရှိ မြန်မာပြည်အရေး အခြေအနေများကို လွတ်လပ်ပွင့်လင်းစွာ ရှင်းလင်း ဆွေးနွေးပေးတာကို တွေ့ရပါတယ်။ ဧည့်ပရိသတ်များထံက မေးခွန်းများ ဝေဖန်မှုများကိုလည်း အချိန်ပေးပြီး ရှင်းလင်းပြောဆိုခဲ့တာကို တွေ့ရပါတယ်။
ဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ မြန်မာကွန်မြူနီတီတို့ တွေ့ဆုံပွဲမှာ ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေး ဖလှယ်နိုင်ဖို့အတွက် ရုပ်သံမှတ်တမ်းရိုက်တာ၊ ဆိုရှယ်မီဒီယာပေါ် တိုက်ရိုက် တင်ဆက်တာနဲ့ အသံဖမ်းတာတွေ လုပ်ဆောင်ခြင်း မရှိခဲ့တာကို တွေ့ရပါတယ်။ထိုကဲ့သို့ ပြည်ပက မြန်မာ့အရေးကို တက်ကြွစွာလှုပ်ရှားဆောင်ရွက်နေကြတဲ့ မြန်မာအသိုင်းအဝိုင်းတွေအနေနဲ့ တော်လှန်ရေးဦးဆောင်နေသူတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရက ခေါင်းဆောင်တွေနဲ့ တိုက်ရိုက် တွေ့ဆုံဆွေးနွေးပွဲတွေ၊ အများပြည်သူတွေနဲ့ မေးဖြေပွဲတွေ လုပ်ကြတာမျိုးတွေ အလွန်ကောင်းတယ်လို့ ပရိသတ်တဦးက မှတ်ချက်ပေးပါတယ်။ ဆိုရှယ်မီဒီယာကနေ လိုရာဆွဲ ပြောဆိုရေးသားနေကြတာတွေထက် အခုလို ကာယကံရှင်တွေကိုယ်တိုင်က တိုက်ရိုက် ပြောကြားတာမျိုးတွေ လူထုကို အသိပေးတာမျိုးတွေက အလွန်အရေးကြီးတယ်လို့လည်း မှတ်ချက်ပေးကြပါတယ်။
========================
📌📌 ၂။ စစ်ကိုင်းဖက်ဒရယ်ယူနစ်ရဲ့ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ(တတိယမူကြမ်း) အပေါ် သုံးသပ်ပြီးစီးမှု အခြေအနေများကို ဆွေးနွေး
ဇွန်လ ၁ရက်
စစ်ကိုင်းဖက်ဒရယ်ယူနစ်ရဲ့ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ(တတိယမူကြမ်း) အပေါ် သုံးသပ်ပြီးစီးမှု အခြေအနေများကို စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖက်ဒရယ်ယူနစ်လွှတ်တော် ကိုယ်စားလှယ်တွေ အကြား မေ ၃၁ ရက် မနက် ၁၀ နာရီမှာ ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးပွဲမှာ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဌနဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် တစ်ဦးတို့မှ နုတ်ခွန်းဆက်စကားတွေ ပြောကြားခဲ့ပါတယ်။
ယူနစ်လွှတ်တော်မှ စစ်ကိုင်းဖက်ဒရယ်ယူနစ် ရဲ့ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ(တတိယမူကြမ်း) အပေါ် သုံးသပ်ပြီးစီးမှု အခြေအနေများ၊ ယူနစ်အတွင်း နိုင်ငံရေး၊တော်လှန်ရေးအင်အားစုများနဲ့ဲ့ပေါင်းစပ်ဆောင်ရွက်သွားမယ် လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အကြံပြု ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးပွဲကို ယူနစ်လွှတ်တော်ဥက္ကဌ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ ဖက်ဒရယ်ယူနစ်လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ ကြတယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က သတင်းထုတ်ပြန်ထားပါတယ်။
========================
📌📌 ၃။ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များအစည်းအရုံး ပဉ္စမအကြိမ် ညီလာခံသို့ ဗကသများအဖွဲ့ချုပ် သဝဏ်လွှာပို့
ဇွန်လ ၁ရက်
စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးနဲ့ ဖိနှိပ်ခံ ပြည်သူလူထုလွတ်မြောက်ရေးအတွက် အစဉ်တစိုက်ကြိုးပမ်းနေတဲ့ ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များအစည်းအရုံး ပဉ္စမအကြိမ် ညီလာခံကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် - ဗကသ က သဝဏ်လွှာတစောင် ပေးပို့လိုက်ပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် - ဗကသ အနေနဲ့ ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျောင်းသား နှင့် လူငယ်များအစည်းအရုံးရဲ့ နိုင်ငံရေးဖြတ်သန်းမှုနဲ့ ရပ်တည်ချက်ကို အလေးအနက် ဂုဏ်ပြုတဲ့အကြောင်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
လက်ရှိနွေဦးတော်လှန်ရေးမှာလည်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များအစည်းအရုံးဟာ တော်လှန်ရေး လုပ်ငန်းတွေကို တက်ကြွစွာ လုပ်ဆေင်နေသလို ဗကသများအဖွဲ့ချုပ်နဲ့လည်း ပူးပေါင်းဆောင်ရွက်နေပြီး မဟာမိတ်စုဖွဲ့မှု ပုံစံနဲ့ အတူလက်တွဲချီတက်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များအစည်းအရုံးအနေနဲ့ အခုကျင်းပနေတဲ့ ပဉ္စမအကြိမ် ညီလာခံမှာလည်း အဖိနှိပ်ခံ ပြည်သူလူထုကိုမျက်နှာမူတဲ့ ဆွေးနွေးမှုတွေ၊ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ပြီး ရှေ့ဆက်လျောက် ရမယ့် စစ်အာဏာရှင်ဆန်ကျင်ရေး ဒီမိုကရေစီရေးတိုက်ပွဲမှာ ဆက်လက်တိုက်ပွဲဝင်နိုင်ပါစေကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် - ဗကသ က ဆုတောင်းပေးထားပါတယ်။
ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များအစည်းအရုံးဟာ စတင်တည်ထောင်ချိန်ကနေ လက်ရှိအချိန်ထိ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးနဲ့ ဖိနှိပ်ခံ ပြည်သူလူထုလွတ်မြောက်ရေးအတွက် အစဉ်တစိုက်ကြိုးပမ်းနေတဲ့ အဖွဲ့အစည်းတခုလို့ သိရပါတယ်။
========================
📌📌 ၄။ ဧရာဝတီမြစ်ရေတက်နှုန်း အနည်းငယ်လျော့သွားပေမယ့် ရေဘေးအန္တရာယ် သတိထားကြဖို့ လူမှုကူညီရေးအဖွဲ့တွေ သတိပေး
ဇွန်လ ၁ရက်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေ အတက်နှေးသွားပေမယ့် စိုးရိမ်ရေမှတ်အနီးအထိရှိနေသေးတာကြောင့် မြစ်အောက်ပိုင်းဒေသတွေမှာ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများလုပ်ဆောင်ထားကြဖို့ လူမှုကူညီရေး အဖွဲ့တွေက သတိပေးထားပါတယ်။
ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာ မနေ့ မေလ ၃၁ ရက် နေ့လည်နဲ့ ညပိုင်းမှာ ရုတ်တရက်မြင့်တက်လာပြီး ညနက်ပိုင်းနဲ့ ဒီနေ့ ဇွန်လ ၁ ရက် မနက်အထိ အတက်နှေးသွားခဲ့ပေမယ့် စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာ ၃၉ ပေခန့်ကိုရောက်ဖို့ ၃ပေခန့် သာ လိုတော့တာမို့ ရေဘေးအန္တရယ် စိုးရိမ်စရာအခြေအနေရှိနေသေးတယ်လို့ ဆိုပါတယ်။
မြစ်ကြီးနားမြို့မှာ ရေကျသွားရင် ရွှေကူနဲ့ ဗန်းမော်အပါအဝင် အလယ်ပိုင်းဒေသတွေအထိ မြစ်ရေတက်လာနိုင်တယ်လို့ ဆိုပါတယ်။
ဧရာဝတီမြစ်ဖျားပိုင်းဒေသတွေဖြစ်တဲ့ မေခ၊မလိခမြစ်ဆုံရာဒေသနဲ့ ပူတာအိုခရိုင်အပါအဝင် တရုတ်နိုင်ငံနဲ့ထိစပ်နေတဲ့ ပန်ဝါ၊ ဆော့လော်မြို့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် - KIA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ မေလ ၂၅ ရက်ကစတင် ရွာသွန်းခဲ့တဲ့ မိုးကြောင့် ဧရာဝတီမြစ်ရေတိုးနေတာလို့ သိရပါတယ်။
မြစ်ကြီးနားမြို့က မြေနိမ်းပိုင်းမှာရှိတဲ့နေရာတွေနဲ့ ကြက်ပေါင်ခြံ၊ စီတာပူ၊ လယ်ကုန်နဲ့ရမ်ပူရပ်ကွက်တွေမှာဆိုရင် ရုတ်ရက် ရေဝင်လာတာကြောင့် ဒေသခံအချို့ဟာ ညတွင်းချင်းရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။
ဧရာဝတီမြစ်ထဲစီးဝင်တဲ့ မေခမြစ်ဖျားပိုင်းမှာ ရေပြန်ကျသွားပြီဖြစ်တာကြောင့် ချီဖွေကြိုးတံတား ပြန်ပေါ်လာပြီဆိုပေမယ့် အရင်နေ့တွေက ရေအရှိန်ကို သတိဖားဖို့လိုတယ်လို့ ဒေသနေပြည်သူတဦးကလည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ သတိပေးထားပါတယ်။
========================
📌📌 ၅။ မီဇိုရမ်ပြည်နယ်မှာရှိတဲ့ မြန်မာစစ်ရှောင်တွေ ရေဘေးကြုံနေရ
ဇွန်လ ၁ရက်
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင် ခရိုင်အတွင်းက မြန်မာစစ်ဘေးရှောင်တွေနေထိုင်ရာ ရွာတွေမှာ မိုးကြီးနေတာ ကြောင့် စစ်ဘေးရှောင်တွေ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ပလက်၀လူသားချင်းစာနာကူညီရေးဌာန Paletwa IDPs and Humanitarian Supporting က ထုတ်ပြန်ထားပါတယ်။
ပလက်ဝမြို့နယ်က စစ်ဘေးရှောင်တွေရှိတဲ့ ကျေးရွာ၂ရွာမှာ မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် စစ်ရှောင်နေအိမ် ၁၄၀ နီးပါး ရေနစ်မြုပ်နေပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတာလို့ ဆိုပါတယ်။
မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်ထဲက တွီဒင်းရွာနဲ့ ကာကီကျေးရွာတို့မှာ ရေကြီးနေပြီး နေအိမ် ၁၃၆ လုံး ရေနစ်မြုပ်နေ တယ်လို့ ပလက်၀လူသားချင်းစာနာကူညီရေးဌာန - Paletwa IDPs and Humanitarian Supporting အဖွဲ့က မနေ့ မေလ ၃၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
တွီဒင်းကျေးရွာနဲ့ ကာကီကျေးရွာတို့မှာ မေလ ၃၁ ရက် ၁ နာရီခန့်ကစပြီး ရေဘေးကြုံတွေ့ခဲ့ရတာဖြစ်ပြီး နေအိမ်ပျက်စီး သွားတဲ့ စစ်ဘေးရှောင်တွေဟာ တွီဒင်းကျေးရွာအတွင်းက နီးစပ်ရာအိမ်တွေနဲ့ ကျေးရွာခန်းမတွေမှာ အရေးပေါ် ပြောင်းရွှေ့ နေထိုင်နေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီရေကြီးမှုဖြစ်စဉ်ကြောင့် နေအိမ်ဆုံးရှုံးမှုဖြစ်နေပြီး အမိုးအကာနဲ့ အစားအသောက်စတဲ့ အရေးပေါ် အကူညီတွေလိုအပ်နေ တဲ့အပြင် ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ငွေကြေးအကူအညီ လိုအပ်နေတဲ့ အခြေအနေဖြစ်တာကြောင့် ဝိုင်းဝန်း ကူညီပေးကြဖို့ Paletwa IDPs and Humanitarian supporting အဖွဲ့က မေတ္တာရပ်ခံထားပါတယ်။
လောင်တလိုင်ခရိုင်က ပလက်ဝဒေသခံစစ်ဘေးရှောင်တွေဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာဖြစ်တဲ့ တိုက်ပွဲ တွေနဲ့ အာဏာသိမ်းမှုမတိုင်မီ ဒေသတွင်းတိုက်ပွဲတွေကြောင့် စစ်ရှောင်နေကြရသူတွေလို့ သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့် မင်းနွေဦးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မိုးဗြဲ စစ်မျက်နှာကို အားစိုက်ကူညီပေးဖို့ မိုးဗြဲ PDF တောင်းဆို
ဇွန်လ ၁ရက်
ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ကြား နေ့စဥ်နီးပါးတိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် မိုးဗြဲစစ်မျက်နှာကို အားစိုက်ကူညီပေးကြဖို့ မိုးဗြဲ PDF အမှတ် - ၁၀၀၁ တပ်ရင်းက တောင်းဆိုလိုက်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ တနှစ်ကျော်ကြာ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို စစ်ကောင်စီဘက်က ပြန်လည်ရယူ နိုင်ဖို့ PNO ပြည်သူ့စစ်တွေနဲ့ပေါင်းပြီး ဧပြီလကုန်ပိုင်းကစလို့ တကျော့ပြန် စစ်ကြောင်းထိုးလာတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
အခုလို တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ စစ်ကောင်စီဘက်က မိုးဗြဲမြို့တွင်းကို နေ့စဥ်နဲ့အမျှ လက်နက်ကြီး တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသနေပြည်သူတွေရဲ့ နေအိမ်အများအပြား မီးလောင်ပျက်စီး ဆုံးရှုံးနေရတယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ ပြန်လည်စတင်လာတဲ့ တိုက်ပွဲတွေဟာ ၆ လကျော် ကြာမြင့်နေပြီဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ တွေဘက်က ခဲယမ်းနဲ့စစ်အသုံးစရိတ်တွေ လိုအပ်နေတာကြောင့် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ၄ နှစ်ပြည့် အထိမ်းအမှတ် ကျပ်သိန်း ၅၀၀ အကူအညီတောင်းခံခြင်း အစီအစဉ် ပြုလုပ်နေပေမယ့် ပါဝင်ကူညီသူ နည်းနေတာကြောင့် တက်နိုင်သူတွေ ပါဝင်ကူညီပေးကြဖို့ ထပ်ပြီး နှိုးဆော်ထားတာဖြစ်ပါတယ်။
မိုးဗြဲမြို့ စစ်မျက်နှာမှာ တိုက်ပွဲဝင်နေကြတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF အပါအဝင် အခြား တော်လှန်ရေးတပ်ဖွဲ့တွေကလည်း မိုးဗြဲမြို့အတွက် ခဲယမ်းနဲ့ စစ်အသုံးစရိတ်တွေ အားဖြည့်ကူညီပေးကြဖို့ တိုက်တွန်း တောင်းဆိုထားပါတယ်။
========================
🚩🚩 ၂။ မင်းကွန်းဒေသ ကင်းရွာအနီး စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်
ဇွန်လ ၁ရက်
စစ်ကိုင်းမြို့နယ်ထဲက မင်းကွန်းဒေသ ကင်းရွာအနီးကို အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို People Servant Force က ထုတ်ပြန်လာပါတယ်။
ကန်ကြီးကုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်ဟာ မင်းကွန်းစခန်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ပေါင်းပြီး မေလ ၂၅ ရက် မနက် ၆ နာရီခန့်မှာ ကင်းရွာအနီးကို ထိုးစစ်ဆင်လာတာကြောင့် တော်လှန်ရေးတပ်တွေ ခုခံတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းကိုခုခံတိုက်ခိုက်ရာမှာ ခဲယမ်းမလုံလောက်တာကြောင့် ခေတ္တဆုတ်ခွာခဲ့ပြီး ညနေပိုင်းမှာ စစ်ကိုင်းခရိုင် တပ်ရင်း -၁ ၊ တပ်ရင်း -၂ ၊ ဇုန် ၄ တို့နဲ့ ပြန်လည်စုဖွဲ့ကာ ထိုးစစ်ဆင်ပြီး နယ်မြေရှင်းလင်းမှုတွေလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုကို People Servant Force - P.S.F နဲ့အတူ မင်းကွန်းတိုက်နယ် ပကဖ၊ ချမ်းမြသာစည်မြို့နယ် ပကဖ၊ ရတနာပုံတပ်ဦး LPDF၊ ယူနီကွန်းတပ်ဖွဲ့ ၊ACID အဖွဲ့ ၊ ဇုန် ၄ ပူးပေါင်းအဖွဲ့၊ စစ်ကိုင်းမြို့နယ် ပကဖ၊ စစ်ကိုင်းခရိုင် တပ်ရင်း ၁ တပ်ရင်း ၂ နဲ့ နယ်မြေခံတော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၃။ တောင်သာမြို့နယ်ထဲမှာရှိတဲ့ စစ်သား၊ရဲနဲ့ ပျူစောထီးတွေ လက်နက်ချ အလင်းဝင်ဖို့ မြို့နယ်ပကဖ နောက်ဆုံးအကြိမ် သတိပေး
ဇွန်လ ၁ရက်
မန္တလေးတိုင်း တောင်သာမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်သား၊ရဲနဲ့ပျူစောထီးတွေ လက်နက်ချ အလင်းဝင်ဖို့ မြို့နယ် ပကဖက နောက်ဆုံးအကြိမ်အနေနဲ့ သတိပေးချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။
တောင်သာကနေ ဝဲလောင်ကိုလာတဲ့ စစ်ကူနဲ့ရိက္ခာတင်ကား ၂စီးကို မေလ ၂၇ ရက်နေ့က တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ရဲတဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးရမိတဲ့အပြင် ကားတစီးကိုပါ သိမ်းပိုက်နိုင်ခဲ့ တဲ့ဖြစ်စဉ်အပြီး မေလ ၃၁ ရက်နေ့မှာ အခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။
ဒီထုတ်ပြန်ချက်မှာ စစ်သား၊ရဲနဲ့ပျူစောထီးတွေအပြင် စစ်ကောင်စီလက်အောက်မှာတာဝန်ထမ်းဆောင်နေကြတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့လည်း အချိန်မနှောင်းခင်မှာ ပြည်သူလူထုနဲ့ ပူးပေါင်းဖို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က နောက်ဆုံးအကြိမ်အနေနဲ့ မေတ္တာရပ်ခံ သတိပေးထားပါတယ်။
ပြည်သူလူထုနဲ့ပူးပေါင်းပြီး အလင်းဝင်လာတဲ့သူတွေနဲ့ သူတို့ရဲ့မိသားစုတွေ စားဝတ်နေရေး နေထိုင်ရေးကနေ ကျန်းမာရေးနဲ့ ကလေးတွေရဲ့ပညာရေးကအစ တာဝန်ယူပေးမှာဖြစ်ပြီး တော်လှန်ရေးအလွန်ကာလတခုထိ အာမခံချက်တခု ထားရှိပေးထားမယ်လို့ တောင်သာ ပကဖက အသိပေးထားပါတယ်။
ဒါ့အပြင် ပြည်ပနိုင်ငံတွေကို သွားချင်တယ်ဆိုရင်လည်း လုံခြုံစိတ်ချမှုအပြည့်အဝရအောင် စီစဉ်ပေးမယ်လို့ သိရပါတယ်။
ဒိထက်ကောင်းတဲ့အခွင့်အရေးမရှိတော့တဲ့အတွက် စစ်ခေါင်းဆောင်တွေအတွက် အသေခံမလား မိသားစုအနာဂတ်ကိုငဲ့ပြီး ဒီကမ်းလှမ်းမှုကို လက်ခံမလားဆိုတာ ကိုယ်တိုင်ရွေးချယ်ရလိမ့်မယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရွေးချယ်ခွင်ပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment