၂၀၂၅ ဇွန်လ ၄ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ဇွန်လ ၁၉ရက်မှာကျရောက်မည့် အမေဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကို ယူကေပါလီမန်မှာကျင်းပမည်
📌 ၂။ ကမ္ဘာ့ကုလသမဂ္ဂ အဆောက်အအုံ၏ ပြင်ပတွင် ရှိသည့် Broken Chair အောက်တွင် မြန်မာ့အရေးကို စုပေါင်းဆွေးနွေးထောက်ခံသည့် ဆန္ဒပြပွဲတစ်ခုလှုပ်ရှားကျင်းပခဲ့
📌 ၃။ ကနေဒါနိုင်ငံ၊ လန်ဒန်မြို့တွင်ကျင်းပတဲ့သင်္ကြန်အထိမ်းအမှတ် "ဒို့အတူဆင်နွှဲထောက်ပို့မယ့်ပွဲ" သမ္မတရုံးပြောခွင့်ရ တက်ရောက်
📌 ၄။ အိုးထိန်းကွင်းကျေးရွာ စာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံရမှုကိုစစ်ဆေးမယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားIIMMက အသိပေး
📌 ၅။ ထိုင်းနိုင်ငံမှာ ထောက်ပို့ငွေ ကောက်ခံခိုင်းတာမျိုးမရှိဘူးလို့ ဧရာဝတီ အမှတ် ၃ တပ်ရင်း အသိပေး
📌 ၆။ ကိုရီးယားသမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီမှ လီဂျေမြောင်က (Lee Jae-myung)အနိုင်ရရှိ
========================
၂၀၂၅ ခုနှစ် ဇွန်လ ၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ကယန်းဒေသ အမှတ် ၃ သံတောင်ကြီးမြို့နယ်မှာ ၆၁ နှစ်မြောက် ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပ
🚩 ၂။ တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့နယ်မြေကို စစ်ကောင်စီဘက်က အဆိပ်ငွေ့ဗုံး တရာကျော်အပါအဝင် လေကြောင်း တိုက်ခိုက်မှု ၂၆ ကြိမ်လုပ်ခဲ့တာကြောင့် အရပ်သား ၈ ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရ
🚩 ၃။ စဉ့်ကူးမြို့ပေါ်က မြသိန်းတန်ဘုရားနဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲ
🚩 ၄။ ဖားကန့် မှောစီစာမှာရှိတဲ့ ကျောက်မျက်လုပ်ကွက်ဟောင်း ယမ်းဂိုထောင်ပေါက်ကွဲမှု စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲမှုကြောင့် ဖြစ်ပြီး ၃ ဦးသေဆုံးကာ ၃၀ ဒဏ်ရာရ
🚩 ၅။ ကြို့ပင်ကောက်နယ်မှာ အင်အား ၈ဝ ခန့်ပါ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်မှု ၆ ဦးသေဆုံး
🚩 ၆။ ဖမ်းဆီးရမိထားတဲ့ WY မူးယစ်ဆေးပြား အလုံးတသောင်းခန့် မီးရှို့ဖျက်ဆီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ဇွန်လ ၁၉ရက်မှာကျရောက်မည့် အမေဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကို ယူကေပါလီမန်မှာကျင်းပမည်
ဇွန်လ ၄ရက်
ဇွန်လ ၁၉ ရက်မှာကျရောက်မည့် အမေဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကို ယူကေပါလီမန်မှာကျင်းပမည်ဖြစ်ကြောင်းသိရပါတယ်။ အမေဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကို နော်ဝေးမှလာရောက်ပြီး ပါလီမန်မှာအမေ့အတွက် သီးချင်းများဖြင့် ကိုမွန်းအောင်က မေတ္တာဖြင့်ဂုဏ်ပြု သီဆိုပေးမှာ ဖြစ်ပါတယ်။
ယူကေပါလီမန်တွင် အမေစု အသက် ၈၀ ပြည့်မွေးနေ့ကို လေဘာပါတီ ဝန်ကြီး Sir Stephen Timms, Minister of State (Department for Work and Pensions) မှ Host အဖြစ် ကျင်းပပေးမှာဖြစ်ပါတယ်။
ပွဲတက်ရောက်လာသူများမှ ဒေါ်အောင်ဆန်းစုကြည်အတွက် ဘာသာပေါင်းစုံ ဆုတောင်းမေတ္တာပို့ပေးကြပြီး အမေဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေးအတွက် စုပေါင်းလက်မှတ်ရေးထိုး၍ ယူကေပါလီမန်သို့ပေးပို့ကြမယ်လို့ သိရပါတယ်။
========================
📌📌 ၂။ ကမ္ဘာ့ကုလသမဂ္ဂ အဆောက်အအုံ၏ ပြင်ပတွင် ရှိသည့် Broken Chair အောက်တွင် မြန်မာ့အရေးကို စုပေါင်းဆွေးနွေးထောက်ခံသည့် ဆန္ဒပြပွဲတစ်ခုလှုပ်ရှားကျင်းပခဲ့
ဇွန်လ ၄ရက်
ယနေ့တွင် ကမ္ဘာ့ကုလသမဂ္ဂ အဆောက်အအုံ၏ ပြင်ပတွင် ရှိသည့် Broken Chair အောက်တွင် မြန်မာ့အရေးကို စုပေါင်းဆွေးနွေးထောက်ခံသည့် ဆန္ဒပြပွဲတစ်ခုကို ကမ္ဘာ့အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များ၊ နိုင်ငံအသီးသီးမှ ညီလာခံတက်ရောက်လာကြသည့် ညီလာခံ ကိုယ်စားလှယ်များမှ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဇွန်လ၄ရက်မှာ NUGအလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
113th ILC ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနဦးဆောင်သည့် သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့မှ တက်ရောက်ခဲ့ကာ ထိုသို့တက်ရောက်ရသည့်ရည်ရွယ်ချက်အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ တင်သွင်းထားသည့် ၃ ပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့ကို လက်ခံရန်နှင့် စကစ စစ်အုပ်စုကို စီးပွားရေးအရ အရေးယူနိုင်ရေးအတွက် ဖြစ်ပါတယ်။
ယခုဆန္ဒပြပွဲမှတဆင့် စကစအပေါ်တွင် ထိရောက်သည့်အရေးယူမှုများ ဆက်လက်ဆောင်ရွက်ရန်၊ Article 33 အရ စကစအပေါ် အရေးယူနိုင်ရေးကိစ္စကို ညီလာခံ တက်ရောက်လာသူများမှ လိုအပ်သည့် မဲခွဲဆုံးဖြတ်သည့် နေ့ကိုရောက်လျှင် မြန်မာပြည်သူနှင့်အတူတူ ရပ်တည်ရေးကိစ္စရပ်များကို တောင်းဆို ဆန္ဒပြခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
နိုင်ငံအသီးသီးမှ ဆန္ဒပြပွဲကို ပူးပေါင်းပါဝင်ခဲ့ ကြသည့် နိုင်ငံတကာအလုပ်သမားသမဂ္ဂ အဖွဲ့ဝင်များ၊ ညီလာခံတက်ရောက်လာသည့် ကိုယ်စားလှယ် အသီးသီးမှ ဆန္ဒပြပွဲတွင် ပါဝင်လာခဲ့ကြသူ များသည် မြန်မာပြည်သူများနှင့် အတူတူရပ်တည်ကြောင်း၊ မြန်မာပြည်သူများအတွက် စကစမှ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများကို ချက်ချင်းရပ်တန့်ပြီး Article 33 အရ အရေးယူရေးကိစ္စရပ်များကို တောင်းဆိုဆန္ဒပြခဲ့ ကြပါတယ်။
ယခုဆန္ဒပြပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၃ ပွင့်ဆိုင်ကိုယ်စားလှယ်ဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းနှင့်အတူ မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ စီးပွားရေး လုပ်ငန်းရှင်ကိုယ်စားလှယ်များ အသီးသီးမှ အမှာစကား ပြောကြားခဲ့ကြပြီး မြန်မာပြည်တွင် လက်ရှိဖြစ်ပျက်နေသည့် အခြေအနေ အရပ်ရပ်ကို မီးမောင်းထိုးပြနိုင်ခဲ့ပါတယ်။
========================
📌📌 ၃။ ကနေဒါနိုင်ငံ၊ လန်ဒန်မြို့တွင်ကျင်းပတဲ့သင်္ကြန်အထိမ်းအမှတ် "ဒို့အတူဆင်နွှဲထောက်ပို့မယ့်ပွဲ" သမ္မတရုံးပြောခွင့်ရ တက်ရောက်
ဇွန်လ ၄ရက်
ကနေဒါနိုင်ငံ၊ လန်ဒန်မြို့တွင်ကျင်းပတဲ့သင်္ကြန်အထိမ်းအမှတ် "ဒို့အတူဆင်နွှဲထောက်ပို့မယ့်ပွဲ" သမ္မတရုံးပြောခွင့်ရ တက်ရောက်ခဲ့ပါတယ်။
မြန်မာ့ရိုးရာ အတာသင်္ကြန်အထိမ်းအမှတ်အဖြစ် ကနေဒါနိုင်ငံ၊ လန်ဒန်မြို့တွင် မေလ ၃၁ ရက်နေ့က ကျင်းပခဲ့သည့် "ဒို့အတူဆင်နွှဲထောက်ပို့မယ့်ပွဲ" တွင် သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇော် ပါဝင်တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။
နွေဦးတော်လှန်ရေးတွင် ပြည်ပရောက် မြန်မာလူမှု အဝန်းအဝိုင်းတို့၏ ပါဝင်ထောက်ပို့မှုအခန်းကဏ္ဍ အထူးအရေးပါကြောင်း ဦးကျော်ဇော်က အထူးအလေးထားပြောဆိုခဲ့ပြီး နွေဦးတော်လှန်ရေးအပေါ် ကနေဒါနိုင်ငံ၊ လန်ဒန်မြို့ မြန်မာလူမှုအဝန်းအဝိုင်း၏ အစဥ်တစိုက် အခိုင်အမာ ထောက်ခံအားပေးပံ့ပိုးမှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
========================
📌📌 ၄။ အိုးထိန်းကွင်းကျေးရွာ စာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံရမှုကိုစစ်ဆေးမယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားIIMMက အသိပေး
ဇွန်လ ၄ရက်
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးထိန်းကွင်းကျေးရွာ စာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံရမှုကို စစ်ဆေးမယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားIIMMက အသိပေးကြေညာပါတယ်။
"မေလ ၁၂ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ အိုးထိန်းကွင်းကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့သလို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့က စာသင်ကျောင်းတွေမှာ ဒါဇင်နဲ့ချီတဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် ကလေးတွေ သေဆုံး၊ ဒဏ်ရာရကြပါတယ်။ယန္တရားက ကလေးတွေကို ထိခိုက်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးနေပါတယ်။ သင့်မှာ မျှဝေဖို့ အချက်အလက်တွေရှိရင် လျှို့ဝှက်လုံခြုံစွာ ဆက်သွယ်လိုက်ပါ"လို့ ဇွန်လ၄ရက်မှာ ဖော်ပြပါတယ်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်ဘက်ခြမ်းက အိုးထိန်းကွင်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီကမေလ ၁၂ရက် မနက် ၉နာရီ ၄၀ အချိန်က စကစကလေကြောင်းတိုက်ခိုက်ခဲ့ပြီးဆရာ၊ဆရာမနဲ့ကျောင်းသား၊ကျောင်းသူ၂၄ဦးသေဆုံးပြီး ၁၀၀ ရာကျော်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
========================
📌📌 ၅။ ထိုင်းနိုင်ငံမှာ ထောက်ပို့ငွေ ကောက်ခံခိုင်းတာမျိုးမရှိဘူးလို့ ဧရာဝတီ အမှတ် ၃ တပ်ရင်း အသိပေး
ဇွန်လ ၄ရက်
ထိုင်းနိုင်ငံမှာ ထောက်ပို့ငွေ ကောက်ခံခိုင်းတာမျိုးမရှိဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဧရာဝတီ အမှတ် - ၃ တပ်ရင်း P 26002 က ထောက်ပို့ပြည်သူတွေကို အသိပေးထုတ်ပြန်လိုက်ပါတယ်။
ထိုင်းနိုင်ငံက မြို့ကြီးတွေမှာ တပ်ရင်း အမှတ်တံဆိပ်သုံးပြီး ထောက်ပို့ငွေကောက်ခံတဲ့ စာအိတ်တွေ ဖြန့်ဝေဆောင်ရွက်နေ တာ တွေ့ရတဲ့အတွက် ဧရာဝတီ အမှတ် - ၃ တပ်ရင်းက အခုလို အသိပေးပြောကြားလိုက်တာဖြစ်ပါတယ်။
တပ်ရင်းအနေနဲ့ ပြည်ပမှာရှိတဲ့ မြန်မာပြည်သားတွေကို ထောက်ပို့ငွေကောက်ခံဖို့ တဦး တယောက်ကိုမှ တာဝန်ပေးထားတာ မရှိတဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီး ပြဿနာတစုံတရာ မဖြစ်စေဖို့ တော်လှန်မိဘပြည်သူတွေကို အသိပေးကြေညာလိုက် တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်-၂ စစ်ဆင်ရေးနယ်မြေထဲက ဧရာဝတီတိုင်း စစ်ဌာနကွပ်ကဲမှုအောက်မှာရှိတဲ့ ဧရာဝတီအမှတ် - ၃ တပ်ရင်း၊ တပ်ရင်းကုဒ် P26002 အနေနဲ့ ပြည်သူကာကွယ်ရေးတပ်မတော်ကပေးတဲ့ အသုံးစားရိတ် အပါအဝင် ပြည်သူလူထုဆီက စီးဆင်းလာတဲ့ ထောက်ပို့ငွေတွေနဲ့ စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်တွေ ဆောင်ရွက်နေတယ်လို့ လည်း သိရပါတယ်။
ပြည်သူလူထုပါဝင်တဲ့ ထောက်ပို့ငွေတွေကို နီးစပ်ရာအလှူရှင်တွေ၊ တပ်ရင်းက တရားဝင်ဖွင့်ထားတဲ့ လူမှုကွန်ရက်စာမျက်နှာ နဲ့ လစဉ် ထောက်ပို့အစီအစဉ်တွေကနေ ကောက်ခံပြီး ဂုဏ်ပြုမှတ်တမ်းတွေ ပြန်လည်ပေးအပ်နေတယ်လို့လည်း အသိပေး ပါတယ်။
တော်လှန်မိဘပြည်သူတွေ ပါဝင်ထောက်ပို့မှုတွေကို အလေးထားပြီး လေလွင့်မှုမရှိအောင် စနစ်တကျသုံးစွဲနေတာဖြစ်တဲ့ အတွက် ပါဝင်ကူညီထောက်ပို့လိုတယ်ဆိုရင် တပ်ရင်းက ဖွင့်ထားတဲ့ လူမှုကွန်ရက်စာမျက်နှာကတဆင့် ချိတ်ဆက်ပြီး ပါဝင်ထောက်ပို့နိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဧရာဝတီ အမှတ် - ၃ တပ်ရင်း P 26002 က အသိပေး ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၆။ ကိုရီးယားသမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီမှ လီဂျေမြောင်က (Lee Jae-myung)အနိုင်ရရှိ
ဇွန်လ ၄ရက်
ကိုရီးယားသမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီမှ လီဂျေမြောင်က (Lee Jae-myung)အနိုင်ရရှိခဲ့တယ်လို့သိရပါတယ်။ကိုရီးယားသမ္မတနိုင်ငံတော်၏(၂၁)ကြိမ်မြောက် သမ္မတကြီးဖြစ်လာမယ်လို့ ကိုရီးယားနိုင်ငံ NUGကိုယ်စားလှယ်ဦးရန်နိုင်ထွန်းက အသိပေးဖော်ပြထားပါတယ်။
2025ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် ကျင်းပခဲ့သော ကိုရီးယားသမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီမှ လီဂျေမြောင်က (Lee Jae-myung) သည် အဓိကယှဉ်ပြိုင်သူ ကင်မြန်စူး (Kim Moon-soo) ကို မဲရေတွက်မူ မှတ်တမ်းများအရ အနည်းဆုံး ၁၂ ရာခိုင်နှုန်းအသာနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဒီမိုကရက်တစ်ပါတီမှ လီဂျေမြောင်ကဟာ မြန်မာ့နွေဦးတော်လှန်ရေးကိုထောက်ခံအားပေးသူတယောက်ဖြစ်ပြီး NUGအစိုးရနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိသူတဦးလည်းဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ကယန်းဒေသ အမှတ် ၃ သံတောင်ကြီးမြို့နယ်မှာ ၆၁ နှစ်မြောက် ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပ
ဇွန်လ ၄ရက်
၆၁ နှစ်မြောက် ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေးနေ့ အခမ်းအနားကို ကယန်းဒေသ အမှတ် ၃ မြို့နယ် ဖြစ်တဲ့ ကရင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ သံတောင်ကြီးမြို့နယ်ထဲက ကျေးရွာတရွာမှာ ကျင်းပခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီနေ့ ဇွန်လ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၆၁ နှစ်မြောက် ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေးနေ့ကို ကယန်း အမျိုးသားတပ်မတော် KNA က သဝဏ်လွှာပေးပို့ခဲ့တယ်လို့ သိရပါတယ်။
၁၉၆၄ ခုနှစ်ကစပြီး ကယန်းအမျိုးသား အာဇာနည်သူရဲကောင်းတွေ လက်ဆင့်ကမ်းခဲ့တဲ့ တော်လှန်ရေးအမွေအနှစ်ကို ကယန်းလူငယ်တွေ ဆက်ခံရင်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပေါ်ပေါက်ရေးအတွက် ဒီနေ့အထိ အသက်ပေးတိုက်ပွဲဝင်နေတယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ခေတ်အဆက်ဆက်မှာ ကယန်းအမျိုးသားတွေနဲ့ အဖိနှိပ်ခံလူမျိုးပေါင်းစုံအတွက် အသက်ပေးတိုက်ပွဲဝင်ခဲ့ကြတဲ့ အာဇာနည် သူရဲကောင်းတွေကို ဦးညွတ်အလေးပြုတယ်ကြောင်းလည်း KNA က အသိပေးထားပါတယ်။
ကယန်းအမျိုးသားတပ်မတော် - KNA အနေနဲ့ ကယန်းအမျိုးသားများ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ စစ်အာဏာရှင်ကျဆုံးရေး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုထားပါတယ်။
၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်သူတရပ်လုံးနဲ့အတူ ကယန်းအမျိုးသားတွေဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ ၁၉၆၄ ခုနှစ် ဇွန်လ ၄ ရက်နေ့ကို ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့နယ်မြေကို စစ်ကောင်စီဘက်က အဆိပ်ငွေ့ဗုံး တရာကျော်အပါအဝင် လေကြောင်း တိုက်ခိုက်မှု ၂၆ ကြိမ်လုပ်ခဲ့တာကြောင့် အရပ်သား ၈ ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရ
ဇွန်လ ၄ရက်
တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့နယ်မြေတွေကို စစ်ကောင်စီဘက်က မေလအတွင်း အဆိပ်ငွေ့ဗုံးတရာကျော် အပါအဝင် လေကြောင်းတိုက်ခိုက်မှု ၂၆ ကြိမ်၊ လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၈ ဦးသေဆုံးပြီး ၁၈ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA ဘက်က ဒီနေ့ ဇွန်လ ၄ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
တလတာ အပစ်ရပ်ထားမယ်လို့ စစ်ကောင်စီဘက်က ကြေညာထားချိန်မှာဘဲ စစ်ကောင်စီတပ်တွေက နောင်ချို၊ မိုးကုတ်၊ ကျောက်မဲ၊ မိုင်းငေါ့၊ မိုင်းလုံနဲ့ မန်တုံမြို့နယ်တို့ကို လေကြောင်းကနေ ၂၆ ကြိမ်၊ လက်နက်ကြီးကျည် ၇၇၆ လုံး၊ ဒရုန်းနဲ့ ဗုံး ၃၂၉ လုံးနဲ့ အဆိပ်ငွေ့ဗုံး ၁၁၄ လုံး အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးရတဲ့အပြင် နေအိမ် အများအပြား ထိမှန်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ နောင်ချိုမြို့နယ်ထဲက ကျေးရွာတွေနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - TNLA တပ်တွေ ရှိတဲ့ နေရာတွေကိုဦးတည်ပြီး လေကြောင်းကနေ ၁၂ ကြိမ်၊ လက်နက်ကြီး ၇၇၆ လုံး၊ ဒရုန်းနဲ့ ဗုံး ၃၂၉ လုံး အဆိပ်ငွေ့ဗုံး ၁၄၄ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။
စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ရှိရှိဦးတည်တိုက်ခိုက်မှုကြောင့် နောင်ချိုမြို့နယ်က အပြစ်မဲ့အရပ်သားပြည်သူ ၆ ဦးသေဆုံး ခဲ့ရပြီး ၁၄ ဦး ဒဏ်ရာရခဲ့အပြင် နေအိမ် ၈ လုံး ဗုံးစထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စစ်ဟာ ကျောက်မဲမြို့ကိုလည်း လေကြောင်းကနေ ၂ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူပိုင် အိမ် ၂လုံး ထိမှန်ပျက်စီးခဲ့သလို မိုးကုတ်မြို့က အရပ်သားပြည်သူတွေကို ဦးတည်တဲ့ လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ် ပြုလုပ်ခဲ့တာကြောင့် အရပ်သားတဦး သေဆုံးကာ တဦး ဒဏ်ရာရခဲ့ပြီး ဗုံးတွေကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာ ဘုန်းကြီးကျောင်းအပါအဝင် အိမ် ၁၈ လုံး ပျက်စီးခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
ထို့အတူ အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီက မိုင်းငေါ့မြို့နယ်ကို လေကြောင်းတိုက်ခိုက်မှုတကြိမ်၊ မိုင်းလုံမြို့နယ်ကို ၃ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သလို မန်တုံမြို့ကိုလည်း စစ်ကောင်စီက လေကြောင်းကနေ ၂ ကြိမ် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတဦး သေဆုံးခဲ့ရပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် အိမ် ၂၇ လုံး ပျက်စီးခဲ့ တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။
========================
🚩🚩 ၃။ စဉ့်ကူးမြို့ပေါ်က မြသိန်းတန်ဘုရားနဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲ
ဇွန်လ ၄ရက်
မန္တလေးတိုင်း စဉ့်ကူးမြို့ပေါ်မှာရှိတဲ့ မြသိန်းတန်ဘုရားနဲ့ ဘုန်ကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ဘုန်းကြီးကျောင်းဆောင် ၂ဆောင် ပျက်စီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
မနေ့ ဇွန်လ ၃ ရက် မနက် ၁၁ နာရီကျော်အချိန်မှာ စဉ့်ကူးမြို့ပေါ်မှာရှိတဲ့ မြသိန်းတန်ဘုရားနဲ့ ဘုန်းကြီးကျောင်းကို တံတားဦး လေဆိပ်ကတက်လာတဲ့ ဂျက်ဖိုက်တာက ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းဆောင်တွေပျက်စီးသွားပေမယ့် လူထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ၂၀၂၄ ခုနှစ် ဇူလိုင် ၁၇ ရက်က အပြီးသတ်သိမ်းပိုက်ခဲ့တဲ့ စဥ်ကူးမြို့ကို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေရာမှာ ဇွန်လ ၁ ရက်နေ့ကလည်း နွယ်ရုံရွာနဲ့ နတ်တောင်ရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် အဆောက်အအုံ ၃လုံး ပျက်စီးကာ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာတွေရခဲ့ပါတယ်။
အခုလို စစ်ကောင်စီဘက်က အရပ်သားပြည်သူတွေကို အဓိကပစ်မှတ်ထားပြီး ဗုံးကြဲနေတာတာကြောင့် ဒေသနေပြည်သူ တွေအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ဝေးတဲ့နေရာတွေမှာ နေထိုင်ကြဖို့ လေကြောင်းရန်ကို ကာကွယ်နိုင်မယ် ဗုံးခိုကျင်းတွေ တူးထားကြဖို့နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ လေကြောင်းရန် ကာကွယ်ရေး သတိပေးထုတ်ပြန်ချက်တွေကို လိုက်နာ ပေးကြဖို့ ပြင်ဦးလွင်ခရိုင်ပကဖ တိုက်တွန်းနှိုးဆော်ထားပါတယ်။
========================
🚩🚩 ၄။ ဖားကန့် မှောစီစာမှာရှိတဲ့ ကျောက်မျက်လုပ်ကွက်ဟောင်း ယမ်းဂိုထောင်ပေါက်ကွဲမှု စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲမှုကြောင့် ဖြစ်ပြီး ၃ ဦးသေဆုံးကာ ၃၀ ဒဏ်ရာရ
ဇွန်လ ၄ရက်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီစာမှာရှိတဲ့ ကျောက်မျက်လုပ်ကွက်ဟောင်းက ယမ်းဂိုထောင်ပေါက်ကွဲမှုဟာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့်ဖြစ်ပြီး ၃ ဦးသေဆုံးကာ ၃ဝ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသ သတင်းရင်းမြစ်တွေက ပြောပါတယ်။
မှော်စီစာ ဘုန်းကြီးကျောင်းထဲမှာ ခိုအောင်းနေတဲ့ စစ်ကောင်စီတပ်ဖွဲဟာ မနေ့ နေ့လည် ၁ နာရီကျော်အချိန်မှာ ကျောက်မျက်လုပ်ကွက်ဟောင်းမှာရှိတဲ့ ယမ်းဂိုထောင်နဲ့ ဆီဂိုထောင်ကို ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် မီးလောင်ပေါက်ကွဲ ခဲ့တယ်လို့ ဆိုပါတယ်။
ဒေသတွင်းသတင်းတွေအရ ပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ တင်အောင်ကြိုင်ကုမ္ပဏီ လုပ်ကွက်ဟောင်းနေရာဖြစ်ပြီး ၃ ဦး သေဆုံးကာ ဒဏ်ရာရသူ ၃၀ ဦးရှိတယ်တယ်လို့ သိရပါတယ်။
ယမ်းဂိုထောင်ပေါက်ကွဲမှုကြောင့် ကုမ္ပဏီဝင်းအတွင်းက အဆောက်အအုံတွေနဲ့ စက်ယန္တယားတွေ ပျက်စီးဆုံးရှုံးသွားသလို ပြည်ပိုင်နေအိမ် ၃၅ လုံးနဲ့ ဘုရားကျောင်းတွေက ကျောင်းဆောင်တွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ ကြို့ပင်ကောက်နယ်မှာ အင်အား ၈ဝ ခန့်ပါ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်မှု ၆ ဦးသေဆုံး
ဇွန်လ ၄ရက်
ပဲခူးတိုင်း သာယာဝတီခရိုင်ထဲက ကြိုပင်ကောက်မြို့နယ်မှာ လူငယ်တွေကို စစ်မှုထမ်းဖို့ လာခေါ်တဲ့ အင်အား ၈ဝ ခန့်ပါ စစ်အုပ်စုကို ပူးပေါင်းတိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ၆ ယောက်သေသွားတယ်လို့ အဲဒီဒေသမှာရှိတဲ့ တော်လှန်ရေးတပ် တွေက ပြောပါတယ်။
ဇီးကုန်းမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ဘော်ဘင်ရွာကပျူစောထီးတွေပါတဲ့ အင်အား ၈ဝ ခန့်ပါ စစ်ကြောင်းဟာ ကြို့ပင်ကောက်မြို့နယ်က ပိတောက်မြိုင်ရွာမှာ တပ်ဆွဲခဲ့တယ်လို့ဆိုပါတယ်။
အဲဒီစစ်ကြောင်း ပိတောက်မြိုင်ရွာထဲက လူငယ်တွေ စစ်မှုထမ်းစေဖို့ ပေါ်တာလာဆွဲချိန် ဇွန်လ ၁ ရက်နေ့ မနက် ၈ နာရီ ခန့်မှာ တော်လှန်ရေးတပ်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ အသိပေးပါတယ်။
အဲဒီစစ်ကြောင်းဟာ ဇွန်လ ၂ ရက်နေ့ နေ့လည် ၂ နာရီအချိန်မှာ စစ်ကြောင်းထိုးလာတဲ့အတွက် ဘော်ဘင်ဆည် ရေလွှတ်မြောင်းဘောင်ပေါ်မှာ မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုဘက်က ၆ ယောက်သေပြီး တယောက်က ပြင်းထန်ဒဏ်ရာ ရသွားတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ သေဆုံးသွားတဲ့ အလောင်းတွေကို ရအောင်ဆွဲထုတ်သွားပြီး ဇီးကုန်းနယ်ထဲက ဘော်ဘင်ရွာ ဘက် တပ်ဆုပ်သွားတယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုတွေကို သာယာဝတီခရိုင် တပ်ရင်း ၃၇၀၁ တပ်ခွဲ ၂ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့၊ တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ YOMA GBK PDF တပ်ဖွဲ့၊ တပ်ရင်း ၃၈၀၂ တပ်ခွဲ ၁ Dragon Brothers တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၆။ ဖမ်းဆီးရမိထားတဲ့ WY မူးယစ်ဆေးပြား အလုံးတသောင်းခန့် မီးရှို့ဖျက်ဆီး
ဇွန်လ ၄ရက်မ
ပြည်သူ့ကာကွယ်ရေးတပ် ဒီးမောဆို DMO Local PDF တပ်ဖွဲ့နဲ့ KNPLF ကလလတ တပ်ဖွဲ့တို့က ရပ်မိရပ်ဖတွေနဲ့အတူ ဖမ်းဆီးရမိထားတဲ့ WY မူးယစ်ဆေး ဆေးပြားအလုံး တသောင်းခန့် မီးရှို့ဖျက်ဆီးခဲ့ တယ်လို့ ဒီနေ့ ဇွန်လ ၄ ရက်မှာ ထုတ်ပြန်လာပါတယ်။
စစ်အာဏာရှင်တွေ အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ကုန်သည်တွေဟာ မသမာသူ ဒေသခံအချို့နဲ့ပေါင်းပြီး ဒေသတွင်းကို မူးယစ်ဆေးပြားတွေ တင်သွင်းရောင်းဝယ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မူးယစ်ဆေးဝါးတွေကို လူငယ်အများစု သုံးစွဲနေတာကြောင့် ခိုးမှု၊ လုယက်မှု၊ ဖောက်ထွင်းမှုတွေ ဖြစ်ပေါ်ခဲ့ရတယ်လို့ ဆိုပါတယ်။
မူးယစ်ဆေးပြားတွေနဲ့အတူ ဖမ်းဆီးရမိတဲ့သူတွေကို အရေးယူဆောင်ရွက်လျက်ရှိပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးဆွဲ နေသူတွေနဲ့ တိုင်ကြားမှုတွေရှိလာရင် ဆက်လက်ဖမ်းဆီးအရေးယူသွားမှာဖြစ်တာကြောင့် ပြည်သူလူထုအနေနဲ့ လာရောက် ပူးပေါင်း တိုင်ကြားနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမောဆို DMO Local PDF က
အသိပေးပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးပြားတွေ မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားကို ဒေသခံရပ်မိရပ်ဖတွေနဲ့ လူငယ် ၄၂ ဦးခန့်ပါဝင် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း စဉ့်ကူး သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်တို့က ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေးက ဦးဆောင်ပြီး မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment