၂၀၂၅ ဇွန်လ ၅ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုပ်မှုတွေ ရပ်တန့်စေဖို့ ရဲရဲရင်ရင့် အရေးယူ ဆောင်ရွက်ရမယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးပြော
📌 ၂။ မြန်မာနိုင်ငံတွင် ပလတ်စတစ်ညစ်ညမ်းမှုကဲ့သို့ စစ်အာဏာရှင်စနစ်ကလည်း လူ့ဘောင်ကိုဖျက်ဆီးပြီး အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်
📌 ၃။ CRPH Support Group, Norwayမှ လှူဒါန်းမှုဖြင့် ကျေးရွာအုပ်စု ၃၀ နီးပါးလောက်ကို ရေသန့်ပေးပို့နိုင်ခဲ့
📌 ၄။ အမေရိကန်နိုင်ငံ IOWA ပြည်နယ်တွင် ရန်ပုံငွေပွဲကျင်းပ
📌 ၅။ မြန်မာဘာသာပိုင်းအစီအစဉ်အပါအဝင် VOA ၏ နိုင်ငံတကာအသံလွှင့်အစီအစဉ်များ အကုန်နီးပါးကို ရပ်ဆိုင်းရန် ထရန့်ခန့်အပ်ထားတဲ့ အကြီးတန်းအကြံပေး ကယ်ရီလိတ်က အဆိုတင်သွင်းပြီ
========================
၂၀၂၅ ခုနှစ် ဇွန်လ ၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ရေဖြူမြို့နယ် ဆင်စွယ်ကျေးရွာက ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ဖြစ်တဲ့ တိုက်ပွဲမှာ စစ်သား ၆ ဦး သေဆုံး
🚩 ၂။ စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့် ကလေးငယ် ၄၆၀ ကျော်အပါအဝင် အရပ်သားပြည်သူ ၃ ထောင်ကျော်သေဆုံး
🚩 ၃။ စာသင်ကျောင်းများအတွက် အဓိကလိုအပ်နေသော ဗုံးခိုကျင်းများကို တူးဖော်တည်ဆောက်ပေးနိုင်ရန်အတွက် ကြိုးစားဆောင်ရွက်နေတယ်လို့ဆို
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုပ်မှုတွေ ရပ်တန့်စေဖို့ ရဲရဲရင်ရင့် အရေးယူ ဆောင်ရွက်ရမယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးပြော
ဇွန်လ ၅ရက်
လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို လက်နက်သဖွယ်အသုံးပြုပြီး နိုင်ငံရေးအရ အမြတ်ထုတ်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုပ်မှုတွေ ရပ်တန့်စေဖို့ဆိုရင် မိမိတို့အားလုံး ရဲရဲရင်ရင့် အရေးယူ ဆောင်ရွက် ရမယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၊ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေနှင့် ကုလသမဂ္ဂ စီမံကိန်း ဝန်ဆောင်မှုများရုံး အမှုဆောင်ဘုတ်အဖွဲ့ ရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ မကြာသေးမီကဖြစ်ခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုကြီးမားတဲ့ ငလျင်နဲ့ ၂၀၂၁ ခုနှစ် တရားမဝင် အာဏာသိမ်းကြိုးပမ်းမှု ကြောင့် မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ ဘဏ္ဍာရေး၊ စီးပွားရေးနှင့် လူမှုရေး အစရှိတဲ့ နယ်ပယ်တွေမှာ ဆိုးဆိုးရွားရွား ဆုတ်ယုတ် စေခဲ့တယ်လို့ သံအမတ်ကြီးက ဆိုပါတယ်။
မြန်မာပြည်သူတွေဟာ ငလျင်မဖြစ်မီအချိန်ကတည်းက လူပေါင်း ၃ ဒသမ ၅သန်းကျော် နေရပ်စွန့်ခွာခဲ့ရပြီး လူပေါင်း သန်း ၂၀ နီးပါးဟာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေ လိုအပ်နေတယ်လို့ အသိပေးခဲ့ပါတယ်။
စစ်ကောင်စီဟာ ပျက်စီးဆုံးရှုံးမှုကြီးမားတဲ့ ငလျင်အပြီးမှာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေး မိတ်ဖက် အဖွဲ့တွေရဲ့ ကူညီပေးမှုတွေကို ကန့်သတ်ခဲ့ရုံသာမကဘဲ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို လက်နက်သဖွယ်အသုံးပြုပြီး နိုင်ငံရေးအရ အမြတ်ထုတ်နေတယ်လို့လည်း အစည်းအဝေးတက်ရောက်လာသူတွေကို ထပ်ပြီး ပြောခဲ့ပါတယ်။
သဘာဝဘေးအန္တရာယ်တွေအပေါ် ခံနိုင်ရည်ရှိအောင် တည်ဆောက်ရာမှာ ရင်းနှီးမြှုပ်နှံမှုတွေ အရေးတကြီးလိုအပ်သလို လူလုပ်ပြဿနာတွေနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကြိုတင်ကာကွယ်နိုင်ဖို့ဆိုရင်လည်း ရင်းနှီးမြှုပ်နှံမှုတွေေလုပ်ဖို့ လိုအပ်ပြီး စစ်တပ်က ဆက်လက်ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ရပ်တန့်သွားစေဖို့ မိမိတို့အားလုံး ရဲရဲရင့်ရင့် အရေးယူ ဆောင်ရွက်ကြရမယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောခဲ့ပါတယ်။
ဒါကြောင့် ကုလသမဂ္ဂအပါအဝင် လက်အောက်ခံ အေဂျင်စီတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာပြည်သူတွေ လုပ်ဆောင်နေတဲ့ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပြီး ဖက်ဒရယ် ဒီမိုကစီ ပြည်ထောင်စုတည်ဆောက်ရေး သံဓိဋ္ဌာန်ကို ထောက်ခံကူညီဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
မြန်မာနိုင်ငံအတွက် တခုတည်းသော ရေရှည်တည်တံ့နိုင်မယ့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရှိတဲ့လမ်းကြောင်းသာဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ၊ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၊ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေနှင့် ကုလသမဂ္ဂ စီမံကိန်း ဝန်ဆောင်မှုများရုံးက အမှုဆောင်ဘုတ်အဖွဲ့ နှစ်ပတ်လည်အစည်းအဝေးကို နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂ ဌာနချုပ်မှာ ဇွန်လ ၂ ရက်ကနေ ၅ ရက်နေ့အထိ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၂။ မြန်မာနိုင်ငံတွင် ပလတ်စတစ်ညစ်ညမ်းမှုကဲ့သို့ စစ်အာဏာရှင်စနစ်ကလည်း လူ့ဘောင်ကိုဖျက်ဆီးပြီး အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်
ဇွန်လ ၅ရက်
မြန်မာနိုင်ငံတွင် ပလတ်စတစ်ညစ်ညမ်းမှုကဲ့သို့ စစ်အာဏာရှင်စနစ်ကလည်း လူ့ဘောင်ကိုဖျက်ဆီးပြီး အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဇွန်လ ၅ ရက်နေ့ဟာ "ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့" ဖြစ်ပြီး ယခုနှစ်အတွက် ဆောင်ပုဒ်မှာ "ပလတ်စတစ်ညစ်ညမ်းမှုကို တွန်းလှန်၊ အာဏာရှင်စနစ်ကို မြေလှန်" ဖြစ်ပါတယ်။
"ပလတ်စတစ်ညစ်ညမ်းမှုပြဿနာဟာ ယခုလက်ရှိ ကျနော်တို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ညစ်ညမ်းမှု၊ ဇီဝမျိုးစုံမျိုးကွဲ မျိုးသုဉ်းပျောက်ကွယ်မှုနဲ့ ရာသီဥတုပြောင်းလဲမှု စတဲ့ ပတ်ဝန်းကျင်ဆိုင်ရာအကြပ်အတည်းကြီး ၃ ရပ်ထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ပလတ်စတစ်ညစ်ညမ်းမှု ပြဿနာဟာ အဆိုပါအကြပ်အတည်းကို ပိုမိုဆိုးဝါးစေပါတယ်။ ထို့ကြောင့်ပင် ယခုနှစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် 'ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေး' ကို အဓိကအကြောင်းအရာအဖြစ် သတ်မှတ်ထားပြီး လူတစ်ဦးချင်းစီ၊ အစိုးရနှင့် စီးပွားရေးလုပ်ငန်းများမှ တာဝန်ယူပြီး လုပ်ဆောင်ရန် တိုက်တွန်းထားပါတယ်"လို့ဖော်ပြပါတယ်။
ထို့ကြောင့် သန့်ရှင်းသော ပတ်ဝန်းကျင်တစ်ခုနဲ့ လူ့အခွင့်အရေးပြည့်ဝတဲ့ အနာဂတ်တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ ပလတ်စတစ်ကို လျှော့ချမှု၊ ပြန်လည်အသုံးပြုမှုနဲ့ ပြန်လည်ပြုပြင် ထုတ်လုပ်မှုစတဲ့ 3Rs နည်းလမ်းဖြင့် တိုက်ဖျက်သလို စစ်အာဏာရှင်ကိုပါ ပြည်သူတစ်ဦးချင်းစီ တတ်နိုင်သည့်နည်းလမ်းဖြင့် မပြတ်မနား တိုက်ဖျက်ဖို့ နှိုးဆော်ရင်း ယခုနှစ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုဖော်ပြလိုက်ရပါတယ်။
========================
📌📌 ၃။ CRPH Support Group, Norwayမှ လှူဒါန်းမှုဖြင့် ကျေးရွာအုပ်စု ၃၀ နီးပါးလောက်ကို ရေသန့်ပေးပို့နိုင်ခဲ့
ဇွန်လ ၅ရက်
CRPH Support Group, Norwayမှလှူဒါန်းမှုဖြင့် ကျေးရွာအုပ်စု ၃၀ နီးပါးလောက်ကို ရေသန့်ပေးပို့နိုင်ခဲ့တယ်လို့သိရှိရပါတယ်။
"တနာရီကို လီတာ (၁၂၀)သန့်စင်နိုင်သောရေသန့်စက်ကို မန္တလေးတိုင်းထဲ လှူဒါန်းထားပြီး ရန်ကုန်မန္တလေးကားလမ်းဘေးက ကျေးရွာအုပ်စု ၃၀ နီးပါးလောက်ကို ရေသန့်ပေးပို့နိုင်ကြောင်း သတင်းပေးပို့လာတဲ့မှတ်တမ်း ဓါတ်ပုံများပါ။ နော်ဝေမှလှူဒါန်းမှူအဖြစ် မှတ်တမ်းတင်ပါရစေ"လို့ ဆိုထားပါတယ်။
CRPH Support Group, Norwayဟာ မြန်မာနိုင်ငံတွင်းရှိစစ်ရှောင်ပြည်သူများနှင့် တော်လှန်ရေးအတွက်လိုအပ်သောနေရာများကို ပံ့ပိုးလျက်ရှိပါတယ်။
========================
📌📌 ၄။ အမေရိကန်နိုင်ငံ IOWA ပြည်နယ်တွင် ရန်ပုံငွေပွဲကျင်းပ
ဇွန်လ ၅ရက်
အမေရိကန်နိုင်ငံ IOWA ပြည်နယ်တွင် ရန်ပုံငွေပွဲကျင်းပပြုလုပ်ခဲ့ရာ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၏ ထုတ်ကုန်ပစ္စည်းများကိုလည်း ပါဝင်ရောင်းချခဲ့တယ်လို့သိရပါတယ်။
တော်လှန်ရန်ပုံငွေပွဲတွင် သီချင်း အကများဖြင့် သီဆိုဖျော်ဖြေခြင်း၊ မြန်မာ့ရိုးရာ စားစရာများကို ရောင်းချပေးခြင်း၊အသုံးအဆောင်ပစ္စည်းများကို ကံစမ်းမဲဖောက်ပေးခြင်း အစရှိသည်တို့ကို လုပ်ဆောင်ခဲ့ပါတယ်။
ဝန်ကြီးဌာနမှလည်း ဆိုင်ခန်းဖွင့်လှစ်၍ စစ်ဘေးရှောင်အမျိုးသမီးများ၊ ကလေးများ၏ ထုတ်ကုန်ပစ္စည်းများကိုရောင်းချခဲ့ကာ ကူညီရောင်းချသူ စေတနာ့ဝန်ထမ်းများနှင့် ဝယ်ယူအားပေးသူများအား အထူးကျေးဇူးတင်ရှိကြောင်း အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
========================
📌📌 ၅။ မြန်မာဘာသာပိုင်းအစီအစဉ်အပါအဝင် VOA ၏ နိုင်ငံတကာအသံလွှင့်အစီအစဉ်များ အကုန်နီးပါးကို ရပ်ဆိုင်းရန် ထရန့်ခန့်အပ်ထားတဲ့ အကြီးတန်းအကြံပေး ကယ်ရီလိတ်က အဆိုတင်သွင်းပြီ
ဇွန်လ ၅ရက်
အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီမှာ ဝန်ထမ်း အင်အား ၉၀၀ ကျော် နဲ့ လည်ပတ်နေတဲ့ VOA အသံလွှင့်ဌာနကို အကုန်လုံးနီးပါး ရပ်ဆိုင်းရန် အဆိုပြုချက်ကို သမ္မတထရန့်၏ အကြီးတန်းအကြံပေးအရာရှိ ကယ်ရီလိတ်က အထက်လွှတ်တော်၏ သက်ဆိုင်ရာကော်မီတီကို တင်သွင်းလိုက်ပါတယ်။
သမ္မတ ထရန့်က RFA နဲ့ VOA ရုပ်သံသတင်းဌာနများကို ဖျက်သိမ်းရန်အထိ တချက်လွတ်အမီန့်ကို လွန်ခဲ့တဲ့ မတ်လက ထုတ်ပေးပြီးနောက် ၎င်း၏ အကြံပေးအရာရှိက အကောင်အထည်ဖော်ရန် ခြေလှမ်း လှမ်းလိုက်တာ ဖြစ်ပါတယ်။
မြန်မာပိုင်းအစီအစဉ်ပါဝင်သည့် RFA ဌာနနဲ့ Radio Free Asia တို့ကို အစောပိုင်းက လုံး၀နီးပါး ရပ်ဆိုင်းထားပြီး ဖြစ်ပြီး ယခု VOA ကို နိုင်ငံတဝှမ်းနဲ့ ပြည်ပက ဝန်ထမ်း ၁၀၀၀ ကျော်ကနေ ယခု လူ ၈၁ ဦးအထိ အပြတ် ဖြတ်ချမယ်လို့ ကယ်ရီလိတ်က အထက်လွှတ်တော်သို့ တင်သည့် အဆိုပြုချက်တွင် အသေးစိတ် ဖော်ပြထားပါတယ်။
ရှေ့ဆက်ပြီး ပါလစ္စတိုင်းဒေသခံတို့၏ ဖာဆီစကား ၂ဦး၊ တရုတ်ဘာသာ ၂ဦး၊ ကျုးဘားဘာသာ ၃၀ဦး၊ အာဖဂန်ဘာသာ ၂ ဦး တို့ဖြင့် အဆိုပါအစီအစဉ်တို့ကိုတော့ ထားရှိမယ်လို့ ရေးထားပါတယ်။
နွေဦးတော်လှန်ရေးတင်သာမက မြန်မာပြည်၏ ဒီမိုကရေစီအရေးတော်ပုံ လှုပ်ရှားမှု တောက်လျောက် မြန်မာပြည်သူများထံ သတင်းအချက်အလက်များ လွတ်လပ်ပွင့်လင်းစွာ ကြိုးပမ်းတင်ဆက်ပေးနေသော အမေရိကန်၏ အသံလွှင့်ဌာနကြီးများဖြစ်သည့် RFA နဲ့ VOA တို့ ရပ်ဆိုင်း ဖြတ်တောက်ခံလိုက်ရခြင်းသည် ဒီမိုကရေစီ၊ သတင်းလွတ်လပ်ခွင့်၊ ဖယ်ဒရယ်ပြည်ထောင်စုအရေးအတွက် သတင်းများ အချက်အလက်များ လွတ်လပ်စွာ ရရှိနိုင်ရေးအတွက် မြန်မာပြည်သူတို့အတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်ပါတယ်။
အမေရိကန်၏ အမျိုးသားအရေး စံတန်ဖိုးများကို သွေဖီပြီး လွဲမှားသော ဝါဒဖြန့်ချိမှုများ လုပ်ဆောင်နေသည်ဟု စွပ်စွဲပြီး အမေရိကန်သမ္မတ ထရန့်က အမေရိကန်မီဒီယာအေဂျင်စီကြီးကနေ နိုင်ငံတကာက ပြည်သူတို့ထံ ပြန်ကြားပေးနေသော RFA VOA အပါအဝင် မီဒီယာစတေရှင် ၅ ခုကို ရပ်နားလိုက်ခြင်း ဖြစ်ပါတယ်။ ပြည်ထောင်စုတရားရုံးတော်သို့ အဆိုပါမီဒီယာခေါင်းဆောင်များ ပြန်လှန်တရားစွဲထားပြီး တရားရုံးက တားဆီးမိန့်ထုတ်ထားသော်လည်း သမ္နတ ထရန့်က လိုက်နာခြင်း မရှိပေ။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီ၊ကိုခန့်နှင့်မင်းနွေဦးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ရေဖြူမြို့နယ် ဆင်စွယ်ကျေးရွာက ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ဖြစ်တဲ့ တိုက်ပွဲမှာ စစ်သား ၆ ဦး သေဆုံး
ဇွန်လ ၅ရက်
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ဆင်စွယ်ကျေးရွာက ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ ဖြစ်တဲ့တိုက်ပွဲမှာ စစ်သား ၆ ဦးသေဆုံးသွားတယ်လို့ Launglone Peninsula Force – LPF က ပြောပါတယ်။
ရေဖြူမြို့နယ် မင်းသားကျေးရွာအုပ်စု ဆင်စွယ်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ သွားရောက်တိုက်ခိုက်ချိန် ဆင်စွယ်ရွာထဲက ထွက်လာတဲ့ အင်အား ၃ဝ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့နဲ့ ထိပ်တိုက်တိုးပြီး ဇွန်လ ၂ ရက်နေ့ မနက် ၈ နာရီခန့်မှာ တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ပွဲမှာ တော်လှန်ရေးတပ်ကရဲဘော်တွေဘက်က လက်ဦးပြီး ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးထက်မနည်း သေဆုံးကာ ၁၃ ဦးခန့် ထိခိုက်ဒဏ်ရာရသွားတဲ့အတွက် ပြန်မပစ်ချိန်မရဘဲ ကစဉ့်ကလျားနဲ့ ထွက်ပြေး သွားကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဆင်စွယ်ကျေးရွာအတွင်းက စစ်ကောင်စီတပ်စခန်းကိုလည်း ၆၀ မမ လက်နက်ကြီးနဲ့ ၅ လုံးနဲ့ ထပ်မံတိုက်ခိုက် ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုရှိနိုင်ပေမယ့် အသေးစိပ်မသိရသေးတဲ့အတွက် စုံစမ်းနေတယ်လို့ ဆိုပါတယ်။
ဒီစစ်ဆင်ရေးကို ဒေါနစစ်ကြောင်း ၃ ဒေါနတပ်ခွဲ ၇ - LPF ၊ ဒေါနတပ်ခွဲ ၄ -KBDF၊ ဒေါန စစ်ကြောင်း ၂ - YGF ၊ MSRF ၊ NMSP – (AD) RMA နဲ့ Nonentity Coach လေ့ကျင့်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
တနင်္သာရီတိုင်းအတွင်းက စစ်ရေးအခြေအနေဟာ ဆက်လက်တင်းမာနေဆဲဖြစ်တာကြောင့် တိုက်ပွဲတွေ အချိန်မရွေး ဖြစ်လာနိုင်တဲ့အတွက် စစ်ဘေးရှောင်နေကြတဲ့ ရွာသူ၊ ရွာသားတွေအနေနဲ့ ရွာထဲကို မကြာခဏ ပြန်ဝင်တာတွေ တတ်နိုင်သလောက် ရှောင်ကြဉ်ပေးကြဖို့ တော်လှန်ရေးတပ်တွေက မေတ္တာရပ်ခံထားပါတယ်။
========================
🚩🚩 ၂။ စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့် ကလေးငယ် ၄၆၀ ကျော်အပါအဝင် အရပ်သားပြည်သူ ၃ ထောင်ကျော်သေဆုံး
ဇွန်လ ၅ရက်
အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ရာ အာဏာသိမ်းပြီးချိန်ကနေ ဒီနှစ် မေလကုန်အထိ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ၄၆ဝ ကျော်အပါအဝင် သေဆုံးသူ ၃ထောင့်၁ရာ ကျော်ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဝန်ကြီးဌာနက စုစည်းထားတဲ့ မှတ်တမ်းတွေအရ စစ်အုပ်စုကကျူးလွန်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ မေလကုန် အထိ အကြိမ်ပေါင်း ၂ထောင့် ၈ ရာ ၄၁ကြိမ်ရှိခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၃ ထောင့် ၁ရာ ၅၂ ဦးရှိတယ်လို့ ဇွန် ၄ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၄၆၆ ဦးပါဝင်ပြီး ဒဏ်ရာရသူတွေထဲမှာ ကလေးငယ် ၇၁၈ ဦး ပါဝင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အသိပေးပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း ၂၅၁ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း ၉၉ ခုနဲ့ ဘာသာရေး အဆောက်အအုံ ၄၄၃ ခု ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၃၉၁ မှု ကျူးလွန်ခဲ့ပြီး အဲဒီဖြစ်စသ်တွေကြောင့် သေဆုံးသူ ၄ ထောင် ၁ရာ ၅၅ ဦးရှိခဲ့တယ်လို့လည်း ဝန်ကြီးဌာနက အသိပေးထားပါတယ်။
စစ်ကောင်စီက အဓမ္မ စစ်သားစုဆောင်းမှုနဲ့ပတ်သက်ပြီး ဖော်ပြရာမှာ အတင်းအဓမ္မ စစ်သားစုဆောင်းခံရမှုဖြစ်စဉ် ၁ထောင့် ၄ ရာ ၉၃ ကြိမ်ရှိခဲ့ပြီး စစ်သားအဖြစ်စုဆောင်းခံရသူ ၂သောင်း ၅ ထောင် ၉ ရာ ၄၄ ဦးရှိပြီး ပဲခူးတိုင်းက အများဆုံးဖြစ်ကာ မန္တလေးတိုင်းက ဒုတိယအများဆုံးဖြစ်တယ်လို့ သိရပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနကအသိပေးရာ မှာ စစ်အုပ်စုကကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်ပေါင်း တသောင်း ၉ ထောင် ၆၇ ကြိမ်ရှိပြီး အများဆုံး ကျူးလွန်ချိုးဖောက်ခံရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးအစားကတော့ တရားလက်လွတ်သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေ ဖြစ်ပြီး ဖြစ်စဉ်ပေါင်း ၄ ထောင် ၄ ရာ ၈၄ မှု ရှိကာ စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ စာသင်ကျောင်းများအတွက် အဓိကလိုအပ်နေသော ဗုံးခိုကျင်းများကို တူးဖော်တည်ဆောက်ပေးနိုင်ရန်အတွက် ကြိုးစားဆောင်ရွက်နေတယ်လို့ဆို
ဇွန်လ ၅ရက်
စာသင်ကျောင်းများအတွက် အဓိကလိုအပ်နေသော ဗုံးခိုကျင်းများကို တူးဖော်တည်ဆောက်ပေးနိုင်ရန်အတွက် ကြိုးစားဆောင်ရွက်နေတယ်လို့ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂကအသိပေးဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုဆိုးဝါးလာသည်နှင့်အမျှ အရပ်သားပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ထိခိုက်သေဆုံးမှု မှာ ပိုမိုများပြားလာပါတယ်။ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် စစ်ဘေးရှောင်စခန်းများသည် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများတွင် အဓိကပစ်မှတ်များသဖွယ်ဖြစ်လာပါတယ်လို့ဆိုပါတယ်။
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရဲဘော်များသည် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်းရှိ ကျောင်းသားပြည်သူများထံ လေကြောင်းအန္တရာယ် ကျရောက်လာပါက အန္တရာယ်လျော့ချ ကာကွယ်နိိုင်ရန် ရည်ရွယ်၍ စာသင်ကျောင်းများနှင့် ပြည်သူလူထုများကို သရုပ်ဖော် ပြသခဲ့ပြီး မြေပြင်၌ ကြုံတွေ့နေရသော အခက်အခဲများကို နှီးနှောဆွေးနွေးပြောဆိုခဲ့ပြီး စာသင်ကျောင်းများအတွက် အဓိကလိုအပ်နေသော ဗုံးခိုကျင်းများကို တူးဖော်တည်ဆောက်ပေးနိုင်ရန်အတွက် ကြိုးစားဆောင်ရွက်လျက်ရှိတယ်လို့ဖော်ပြပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment