၂၀၂၅ ဇွန်လ ၂၄ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ပြည်သူဖက်ကို ကူးပြောင်းလာသော NON CDM များအတွက် အရေးယူရန်မရှိကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးပြော
📌 ၂။ ဇွန်လနဲ့ ဇူလိုင်လအတွင်းမှာ လူဦးရေတစ်သိန်းငါးသောင်းကို ထပ်မံဦးစားပေးရွေးချယ်၍ အကူအညီများထပ်မံပေးသွားမယ်လို့ UN ကြေညာ
📌 ၃။ နော်ဝေနိုင်ငံမှာကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ပွဲသို့ နော်ဝေဝန်ကြီးချုပ်ဟောင်း နှင့် နိုင်ငံရေးပါတီ သုံးခုမှ လွှတ်တော်အမတ်များတက်ရောက်ခဲ့
📌 ၄။ ရောင်နီ U.S. Tour ဂီတဖျော်ဖြေပွဲကနေ ရရှိလာတဲ့ ရန်ပုံငွေများထဲမှ ဆေးရုံတစ်ရုံ မတည်ဖို့ အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေ ပြင်ဆင်ထား
📌 ၅။ Germany နိုင်ငံ,Frankfurt မြို့၌ "နွေရာသီတွေ့ဆုံချစ်ကြည်ရေးဘောလုံးပြိုင်ပွဲနှင့် တော်လှန်ရေးရန်ပုံငွေစျေးရောင်းပွဲ"အောင်မြင်စွာကျင်းပပြီးစီး
========================
၂၀၂၅ ခုနှစ် ဇွန်လ ၂၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။မြင်းမူပကဖနှင့် စစ်ကောင်စီတပ်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား (၃) ဦးသေဆုံး
🚩 ၂။ ခင်ဦးမြို့နယ်အတွင်းမှ ပျူစောထီး (၂) ဦး လက်နက်များယူဆောင်လာပြီး ခင်ဦးမြို့နယ်ပကဖထံအလင်းဝင်
🚩 ၃။ နမ့်ဆန်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ (၂၉)ဦးအား PSLF/TNLAမှ အကျင့်စာရိတ္တပြုပြင်ပေးပြီး ပြန်လွှတ် ပေးခဲ့
🚩 ၄။ ဘုတလင်မြို့နယ်တွင် ထိခိုက်၊ ကျဆုံးရဲဘော်များအား ထောက်ပံ့ငွေပေးအပ်ခဲ့
🚩 ၅။ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLF/DPLA ၏ အပတ်စဉ် (၆) စစ်သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ပြည်သူဖက်ကို ကူးပြောင်းလာသော NON CDM များအတွက် အရေးယူရန်မရှိကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးပြော
ဇွန် ၂၄ရက်
ပြည်သူဖက်ကို ကူးပြောင်းလာသော NON CDM များအတွက်အရေးယူရန်မရှိကြောင်း တော်လှန်ရေးသမားများနဲ့စကားပြောခြင်းအစီအစဥ်မှာ ဝါရင့်သတင်းသမားတဦးဖြစ်တဲ့ ဦးခင်မောင်စိုးကို ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးက ဖြေကြားလိုက်တာဖြစ်ပါတယ်။
"မြို့တွေသိမ်းလိုက်တိုင်း သိမ်းလိုက်တိုင်း NON CDM တွေ ကျနော်တို့ ဖမ်းဆီးရတာတွေရှိတယ်။ အဲ့တော့ မဖမ်းချင်လို့ ဆရာတို့သိမှာပါ NON CDM တွေကို အလင်းဝင်ဖို့ ခေါ်တယ်။ အခုလည်းခေါ်ပါတယ်။ အချိန်မရွေးဘဲအလင်းဝင်နိုင်တယ်။ အချိန်မရွေးဘဲပြည်သူဖက်ကိုပြောင်းနိုင်တယ်။ အလင်းဝင်တယ်ဆိုတဲ့စကားလုံးကိုမကြိုက်ရင် ပြည်သူ့ဖက်ကိုကူးပြောင်းလို့ရတယ်။ ပြည်သူဖက်ကို ကူးပြောင်းလာသော NON CDM များအတွက် CATEGORY ဉပဒေထဲမှာရေးထားတာရှိပါတယ်။ NON CDM တွေ အကုန်လုံးကိုအရေးယူဖို့လည်းမဟုတ်ဘူး။ အရေးလည်းမယူဘူး။ ယူမှာလည်းမဟုတ်ဘူး"လို့ ဝန်ကြီးကပြောပါတယ်။
ဒါ့အပြင် Non CDMများအနေနဲ့ပြည်သူနဲ့ပူးပေါင်းရန်တိုက်တွန်းပြီး ပြည်သူနဲ့ ပူးပေါင်းတဲ့ NON CDM များအတွက် CDMဥပဒေဟာ CDMအပါအဝင် Non CDMများအတွက် အကာအကွယ်ပေးတဲ့ဥပဒေ ဖြစ်တယ်လို့ ဝန်ကြီးကပြောကြားထားပါတယ်။
========================
📌📌 ၂။ ဇွန်လနဲ့ ဇူလိုင်လအတွင်းမှာ လူဦးရေတစ်သိန်းငါးသောင်းကို ထပ်မံဦးစားပေးရွေးချယ်၍ အကူအညီများထပ်မံပေးသွားမယ်လို့ UN ကြေညာ
ဇွန် ၂၄ရက်
ဇွန်လနဲ့ ဇူလိုင်လအတွင်းမှာ လူဦးရေတစ်သိန်းငါးသောင်းကို ထပ်မံဦးစားပေးရွေးချယ်၍ အကူအညီများထပ်မံပေးသွားမယ်လို့ UN Myanmarက ကြေညာပါတယ်။
" ဖျက်အားပြင်းငလျင်ကြီးဒဏ် ထိခိုက်ခံစားခဲ့ရတဲ့ မြန်မာပြည်သူပြည်သားတွေကို ပံ့ပိုးကူညီပေးခဲ့တဲ့ ပြင်သစ်နိုင်ငံကို ကျေးဇူးအထူးတင်ပါတယ်။ ပြင်သစ်နိုင်ငံရဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအကူအညီတွေဟာ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) နဲ့ မိတ်ဖက်အဖွဲ့တွေရဲ့ တိုက်ရိုက်ဖြန့်ဝေမှုနဲ့ အခုဆိုရင် ငလျင်ဘေးသင့်ရပ်ရွာလူထုထံ ရောက်ရှိနေပါပြီ။လက်ရှိအချိန်မှာ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဟာ စစ်ကိုင်း၊ မန္တလေး၊ ရှမ်းပြည်တောင်ပိုင်းနဲ့ နေပြည်တော်မှာ ငလျင်ဘေးတုံ့ပြန်ရေး လုပ်ငန်းစဥ်အဆင့် (၁) အဖြစ် လူဦးရေ ၄ သိန်းကို အကူအညီပေးပြီးဖြစ်ပါတယ်။ဇွန်လနဲ့ ဇူလိုင်လအတွင်းမှာလည်း လူဦးရေ တစ်သိန်း ငါးသောင်းကိုထပ်မံ ဦးစားပေးရွေးချယ်ကာ စားနပ်ရိက္ခာ၊ ငွေသား၊ အာဟာရနဲ့ ပြန်လည် ထူထောင်ရေး အကူအညီတွေကို ဆက်လက်ပေးအပ်သွားဖို့ ရည်ရွယ်ထားပါတယ်"လို့ဆိုပါတယ်။
========================
📌📌 ၃။ နော်ဝေနိုင်ငံမှာကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ပွဲသို့ နော်ဝေဝန်ကြီးချုပ်ဟောင်း နှင့် နိုင်ငံရေးပါတီ သုံးခုမှ လွှတ်တော်အမတ်များတက်ရောက်ခဲ့
ဇွန် ၂၄ရက်
နော်ဝေနိုင်ငံ အော်စလိုမြို့မှာကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်မွေး၏နေ့ပွဲသို့ နော်ဝေဝန်ကြီးချုပ်ဟောင်း Kjell Magne Bondevik နှင့် နိုင်ငံရေးပါတီ သုံးခုမှ လွှတ်တော်အမတ်များ တက်ရောက်ခဲ့ပါတယ်။
အော်စလိုမြို့ ပါလီမန်အဆောက်အဦးရှေ့ရှိ ရင်ပြင်သည် လမ်းသွားလမ်းလာများနှင့် စည်းကားလှသည် ဖြစ်ရာ၊ မွေးနေ့ပွဲကို စိတ်ဝင်တစား လာရောက်ကြည့်ရှုသူ များပြားခဲ့ပါတယ်။
ထိုပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အခြားသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ထိရောက်စွာ တောင်းဆိုနိုင်ခဲ့ကာ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းစကား video ကိုပေးပို့ကာ ဆုတောင်းခဲ့သည့်အပြင်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသော နော်ဝေဝန်ကြီးချုပ်ဟောင်း Kjell Magne Bondevik နှင့် နိုင်ငံရေးပါတီ သုံးခုမှ လွှတ်တော်အမတ်များကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (Kim Aris) ကလည်း မိခင်ကြီးအတွက် ဆုတောင်းစကားကို ဗီဒီယို ပေးပို့၍ ပြောကြားခဲ့ပါတယ်။
အလားတူ ဇွန်လ ၂၁ ရက်နေ့တွင် နော်ဝေနိုင်ငံ Froland မြို့ရှိ ဒေါ်အောင်ဆန်းစုကြည် ပန်းခြံတည်ရှိရာ Froland မြို့ ခရစ်ယန်ဘာသာရေးစင်တာတွင် မွေးနေ့အထိမ်းအမှတ်ပွဲကို ပြုလုပ်ခဲ့ပါတယ်။ နော်ဝေနှင့် နိုင်ငံတကာမှ မြန်မာများ ပါဝင်တက်ရောက်ခဲ့ကြသည့်အပြင် Froland မြို့တော်ဝန်၊ Agder ခရိုင်ဝန်၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ နော်ဝေနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်၊ CRPH Support Group (Norway) ၏ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ဥရောပ ဟိန္ဒူယူနီယံ ဥက္ကဋ္ဌ၊ K'cho Ethnic Association (Europe) ဥက္ကဋ္ဌနှင့် ဒေါ်အောင်ဆန်းစုကြည်ပန်းခြံကော်မီတီ ဥက္ကဋ္ဌတို့က မွေးနေ့ဆုတောင်းစကားများ ပြောကြားခဲ့ပါတယ်။
ထို့ပြင် ပန်းခြံကော်မီတီ အဖွဲ့ဝင်များ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့် မှတ်တမ်းဗီဒီယိုကိုလည်း ပြသခဲ့ကာ ထိုအခမ်းအနားတွင် တော်လှန်ရေးရန်ပုံငွေဈေးရောင်းပွဲ ပြုလုပ်ခဲ့သည့် အပြင်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးကို တောင်းဆိုသည့် လူထုချီတက်ပွဲကိုလည်း ကျင်းပခဲ့ပါတယ်။
========================
📌📌 ၄။ ရောင်နီ U.S. Tour ဂီတဖျော်ဖြေပွဲကနေ ရရှိလာတဲ့ ရန်ပုံငွေများထဲမှ ဆေးရုံတစ်ရုံ မတည်ဖို့ အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေ ပြင်ဆင်ထား
ဇွန် ၂၄ရက်
မြန်မာနိုင်ငံတွင် ဘေးကင်းသော ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးအတွက် ဘေးကင်းသောဆေးရုံများတည်ဆောက်နိုင်ရန် ပါဝင်ကူညီလှူဒါန်းကြဖို့ ဖိတ်ခေါ်ရာမှာ သရုပ်ဆောင်ချစ်သုဝေက အခုလိုအသိပေးဆိုထားပါတယ်။
"ထရဇာနဲ့ကိုလင်းတို့ကလည်းဒီရောင်နီယူအက်စ်Tourကနေပြီးတော့ ရရှိလာတဲ့အထဲကနေဆေးရုံတရုံ မတည်ပေးဖို့ ပြင်ဆင်ထားပါတယ်"လို့ ဆိုပါတယ်။
မြန်မာနိုင်ငံတွင် ဘေးကင်းသော ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးအတွက် ဘေးကင်းသောဆေးရုံများတည်ဆောက်နိုင်ရန် ပြည်ပရောက် မြန်မာပြည်ဖွားများနှင့်ဘဝတူကျန်းမာရေးဝန်ထမ်းများက မ်ပိန်းမှာပါဝင်ပေးကြဖို့ သရုပ်ဆောင်ချစ်သုဝေက တိုက်တွန်းထားပါတယ်။
Safe Hospital, Safe Healthcareကမ်ပိန်းကို အမေရိကန်ဒေါ်လာ ၄ သိန်းရည်မှန်းထားကာ Campaign ကာလ မေလ ၂၄ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိသတ်မှတ်ထားပါတယ်။
========================
📌📌 ၅။ Germany နိုင်ငံ,Frankfurt မြို့၌ "နွေရာသီတွေ့ဆုံချစ်ကြည်ရေးဘောလုံးပြိုင်ပွဲနှင့် တော်လှန်ရေးရန်ပုံငွေစျေးရောင်းပွဲ"အောင်မြင်စွာကျင်းပပြီးစီး
ဇွန် ၂၄ရက်
Germany နိုင်ငံ,Frankfurt မြို့၌ "ချင်းလူမှုရေးအသင်း"မှ ဇွန်လ၂၂ရက်တွင် နွေရာသီတွေ့ဆုံချစ်ကြည်ရေးဘောလုံးပြိုင်ပွဲနှင့် တော်လှန်ရေးရန်ပုံငွေစျေးရောင်းပွဲ"ကို ကျင်းပခဲ့ပါတယ်။
ဘောလုံးပြိုင်ပွဲအခမ်းအနားတွင်(FC Burmese Unity Frankfurt)အသင်းမှ ဗိုလ်စွဲနိုင်ခဲ့ပြီးဆုရရှိသူများကိုတာဝန်ရှိသူများကချီးမြှင့်ပေးအပ်ခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။မြင်းမူပကဖနှင့် စစ်ကောင်စီတပ်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား (၃) ဦးသေဆုံး
ဇွန် ၂၄ရက်
ဇွန်လ ၂၂ ရက်နေ့တွင် မြင်းမူမြို့နယ်၊ အလ္လကပ္ပနဲ့တောချောင်းဦးလမ်းပိုင်းကင်းဂိတ်စခန်းမှ ပကဖရဲဘော်များနှင့် မြင်းမူ မြို့နယ်အထိုင်စခန်းများရှိ စစ်ကောင်စီ ပူးပေါင်းအဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီဘက်မှ ကား (၆)စီးဖြင့် အလ္လကပ္ပဘက်သို့ပြန်ထွက်စဥ် ပဒေသာမိုင်း(၈)လုံးပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီးပျက်စီးသွားခဲ့ပြီး စစ်ကောင်စီတပ်သား (၃) ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ပွဲကို မြို့နယ်ပကဖမှဦးဆောင်ပြီး ကင်းဂိတ်မှရဲဘော်များ BlackEagleDefenceForce(MMU)နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။
========================
🚩🚩 ၂။ ခင်ဦးမြို့နယ်အတွင်းမှ ပျူစောထီး (၂) ဦး လက်နက်များယူဆောင်လာပြီး ခင်ဦးမြို့နယ်ပကဖထံအလင်းဝင်
ဇွန် ၂၄ရက်
ခင်ဦးမြို့နယ်အတွင်းမှ ပျူစောထီး (၂) ဦးသည် လက်နက်များယူဆောင်လာပြီး ခင်ဦးမြို့နယ်ပကဖထံ ဇွန်လ ၂၂ ရက်နေ့တွင် အလင်းဝင်ရောက်ခဲ့ကြပါတယ်။
၄င်းနှင့်အတူM2 ကာဘိုင် - ၁ လက်၊ ကျည်ဘောက် - ၂ ဘောက်၊ ကာဘိုင်ကျည် - ၁၃၁ တောင့်၊ G3 ကျည် - ၅ တောင့်၊ ဖုန်း - ၂ လုံး RedMi10A + RedMi5X၊ Power Bank - ၁ လုံးနဲ့ FUJlTSU လက်တော့ - ၁ လုံးတို့ကို ယူဆောင်ပြီး အလင်းဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း ပကဖထံက သိရှိရပါတယ်။
========================
🚩🚩 ၃။ နမ့်ဆန်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ (၂၉)ဦးအား PSLF/TNLAမှ အကျင့်စာရိတ္တပြုပြင်ပေးပြီး ပြန်လွှတ် ပေးခဲ့
ဇွန် ၂၄ရက်
တအာင်းပြည်၊ တပ်မဟာ (၉)နယ်မြေ၊ နမ့်ဆန်မြို့နယ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAမှ မူးယစ်ဆေးဝါးသုံးစွဲသူ (၂၉)ဦးအား အကျင့်စာရိတ္တပြုပြင်ပေးပြီး ဇွန်လ (၂၁) ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့တယ်လို့သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ မူးယစ်ဆေးဝါးသုံးစွဲသူတို့ကို PSLF/TNLAမှ အကျင့်စာရိတ္တပြုပြင်ရေးစခန်းတွင် (၆)လကြာ အကျင့်စာရိတ္တပြု ပြင်ပေးခဲ့ပြီး ၎င်းတို့သည် နမ့်ဆန်မြို့နယ် တအာင်းပြည်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည့်မူးယစ်ဆေးသုံးသူများဖြစ်ကြသလို ၎င်းတို့၏ မိဘအုပ်ထိန်းသူကိုယ်တိုင် အကျင့်စာရိတ္တပြုပြင်ပေးရန် လာရောက်အပ်နှံသည့်သူများလည်းရှိကြတယ်လို့ဆိုပါတယ်။
မူးယစ်ဆေးဝါးသုံးစွဲသူများသည် ပထမအကြိမ်တွင် အကျင့်စာရိတ္တပြုပြင်ရေးစခန်းတွင် (၆)လကြာ ပြစ်မှုခံရမည်ဖြစ်ပြီး ဒုတိယအကြိမ်ထပ်မံသုံးစွဲပါက (၃) နှစ်ကြာ ပြစ်ဒဏ်ခံရမှာဖြစ်တယ်လို့ဖော်ပြပါတယ်။
ပြီးခဲ့သည့် ဧပြီလ (၉)ရက်နေ့လည်း နမ့်ဆန်ခရိုင်တွင်ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAမှ မူးယစ်ဆေးဝါးသုံးစွဲသူ (၄၃)ဦးအား အကျင့်စာရိတ္တပြုပြင်ပေးကာ ပြန်လွှတ်ပေးခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။
========================
🚩🚩 ၄။ ဘုတလင်မြို့နယ်တွင် ထိခိုက်၊ ကျဆုံးရဲဘော်များအား ထောက်ပံ့ငွေပေးအပ်ခဲ့
ဇွန် ၂၄ရက်
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ် ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားစာနာတာဝန်ခံသည် တပ်ရင်း(၂၀)စခန်းတနေရာ၌ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ခဲ့ရသော ရဲCDM ရဲဘော်(၂)ဦးအား တစ်ဦးလျှင် ငွေကျပ်(၂၀၀,၀၀၀)၊ ကျဆုံးရဲCDM ရဲဘော်(၁)ဦးအား ငွေကျပ်(၃၀၀,၀၀၀)၊ စုစုပေါင်းငွေကျပ်(၇၀၀,၀၀၀) အား ဇွန်လ၂၃ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။
အဆိုပါထောက်ပံ့ငွေများကို လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာန၊ မြို့နယ်အခွန်ရငွေနှင့် ပြည်သူ့ရင်ခွင်တို့မှအသီးသီးထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သတင်းရရှိပါတယ်။
========================
🚩🚩 ၅။ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLF/DPLA ၏ အပတ်စဉ် (၆) စစ်သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
ဇွန် ၂၄ရက်
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLF /DPLA ၏ အပတ်စဉ် (၆ ) စစ်သင်တန်းဆင်းပွဲအခမ်းအနားကို လွတ်မြောက်နယ်မြေ တစ်နေရာတွင် ပြီးခဲ့သည့်ဇွန်လ ၂၁ ရက်နေ့၌ ကျင်းပခဲ့ပါတယ်။
အဆိုပါစစ်သင်တန်းတွင် ဓနုဒေသအတွင်းရှိပြည်သူလူထုအားကာကွယ်နိုင်ရန် ၊ ရန်သူကိုအမြဲသတိထားတတ်စေရန် နှင့် တိုက်ခိုက်ရေးကျွမ်းကျင်မှုရှိစေရန်တို့ကိုအဓိကထား၍ အချိန်ကာလ ၃လကျော်ကြာ စစ်သင်တန်းပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါစစ်သင်တန်းဆင်းပွဲတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLF/DPLA ၏ ဉက္ကဌ ဦးထွန်းထွန်းနိုင်မှ မိမိတို့ဓနုဒေသအတွင်းရှိပြည်သူလူထုကို သစ္စာရှိရှိနှင့် ကာကွယ်သွားကြရန်၊ အမိန့်နာခံတတ်စေရန်နှင့် ဘယ်လိုအခြေနေတွင်ဖြစ်စေ စိတ်ဓာတ်မကျပဲ စစ်အာဏာရှင်ကိုတိုက်ထုတ်သွားကြရန် တက်ရောက်၍အမှာစကားများပြောကြားခဲ့ပါတယ်။
‘အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment