၂၀၂၅ ဇွန်လ ၂၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ NUG ပြည်ထောင်စုအစိုးရ၊ ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC)နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တို့ ပုံမှန်အစည်းအဝေး ပြုလုပ်
📌 ၂။ ဘေးကင်းဆေးရုံများ တည်ဆောက်နိုင်ရေး ပါဝင်လှူဒါန်းကြရန် ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ထပ်မံတိုက်တွန်း
📌 ၃။ (၁၅၀) နှစ်မြောက် ကရင်နီအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီမှ ပြစ်ဒဏ်လျှော့ပေါ့ခွင့်နှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များ ပေး
📌 ၄။ မိုင်းယု (၁၀၅)မိုင်တွင် ညီနောင်မဟာမိတ် (၃)ဖွဲ့မှသက်တမ်းကုန်နေသည့် ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများကို စစ်ဆေးပြီး မီးရှို့ဖျက်ဆီး
📌 ၅။ မိုင်းဝီးမြို့နယ်တွင် စားဝတ်နေရေးခက်ခဲနေသည့် နေအိမ်များကို TNLA မှ ဆန်အိတ် (၁၂၇)အိတ် ထောက်ပံ့
📌 ၆။ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာမှ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရ ကျောင်းသား/သူများအား ငွေကြေးထောက်ပံ့
📌 ၇။ ထောက်ပို့တာဝန် ပျက်ကွက်မှု မရှိတဲ့ PRF ထောက်ပို့တပ်သားများကို “ပျက်ကွက်မှုမရှိ” ကမ်ပိန်းနှင့် ဂုဏ်ပြုမည်
========================
၂၀၂၅ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ကျုံဒိုးမှာ အောင်ဇေယျစစ်ကြောင်းကို စစ်ကူတက်လာတဲ့ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၃၀ ထက်မနည်း သေဆုံး
🚩 ၂။ စစ်တောင်းမြစ်ကူး မြို့စိုးတံတား အနီးက တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၄၀ ခန့် သေဆုံး
🚩 ၃။ စလင်းမြို့နယ်က တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်သား ၃ ဦး ထက်မနည်း သေဆုံးခဲ့ကာ ၂ ဦး အရှင် ဖမ်းဆီးရမိ
🚩 ၄။ ပင်လည်ဘူးမြို့နယ် စာသင်ကျောင်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှု ဆရာမ ၁ ဦးသေဆုံးပြီး ကလေးငယ်များ ဒဏ်ရာရ
🚩 ၅။ စဉ့်ကူးမြို့နယ်၊ လက်ပန်လှရွာ သစ်တောဝန်းကို လေယာဉ်နဲ့ ဗုံးကြဲရာ ပြည်သူ ၁ဦး ဒဏ်ရာရ
🚩 ၆။ မြိတ်မှာ အဓမ္မ စစ်သား စုဆောင်းခံထားရတဲ့ လူငယ် ၂ ဦး လက်နက်နဲ့ အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ NUG ပြည်ထောင်စုအစိုးရ၊ ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC)နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တို့ ပုံမှန်အစည်းအဝေး ပြုလုပ်
ဇွန်လ ၂၁ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC) အတွင်းရေးမှူးအဖွဲ့နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တို့သည် ၂၀၂၅ခုနှစ်၊ ဇွန်လ(၂၀)ရက်နေ့၊ ညနေ (၁၇း၀၀)နာရီအချိန်တွင် Zoom Platform မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။
အစည်းအဝေးပွဲတွင် FSCC အတွင်းရေးမှူးအဖွဲ့မှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ ဥက္ကဋ္ဌနှင့် ယူနစ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ထို့နောက် စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) နှင့် ပတ်သက်သော အမြင်သဘောထားများကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ အပြီးသတ် ဆွေးနွေးဖလှယ်ခဲ့ကြကာ အစည်းအဝေးအမှတ်စဥ်(၈/၂၀၂၅) အား (၁၉း၁၀)နာရီအချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၂။ ဘေးကင်းဆေးရုံများ တည်ဆောက်နိုင်ရေး ပါဝင်လှူဒါန်းကြရန် ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ထပ်မံတိုက်တွန်း
ဇွန်လ ၂၁ရက်
Radio NUG
ဘေးကင်းဆေးရုံများ တည်ဆောက်နိုင်ရေး ပါဝင်လှူဒါန်းကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ထပ်မံတိုက်တွန်းနှိုးဆော်ထားပါတယ်။
ထို့အပြင် ဘေးကင်းဆေးရုံများ တည်ဆောက်မည့် မြေနေရာ ရွေးချယ်ခြင်း၊ ပြင်ဆင်ခြင်းနှင့် ဆောက်လုပ်ခြင်းလုပ်ငန်းများကို ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
Safe Hospital, Safe Healthcareရဲ့ ရည်မှန်းချက် (Target) မှာ အမေရိကန်ဒေါ်လာ ၄ သိန်းဖြစ်ပြီး Campaign ကာလ (Duration) - မေလ ၂၄ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ဖြစ်ပါတယ်။
========================
📌📌 ၃။ (၁၅၀) နှစ်မြောက် ကရင်နီအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီမှ ပြစ်ဒဏ်လျှော့ပေါ့ခွင့်နှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များ ပေး
ဇွန်လ ၂၁ရက်
Radio NUG
(၁၅၀) နှစ်မြောက် ကရင်နီအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်/စခန်း အသီးသီးတွင် အကျဉ်းကျခံနေရသော အကျဉ်းသူ အကျဉ်းသား (၁၇၆) ဦးကို ကရင်နီပြည်၏ ကြားကာလအစီအမံ အပိုဒ် (၇၅)၊ အပိုဒ်ခွဲ (ခ) အရ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၁ ရက်မတိုင်မီ ကျူးလွန်ခဲ့သော ပြစ်မှုတစ်ခုခုနှင့် စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီးပါက ယင်းတို့ ကျခံနေရသော ပြစ်ဒဏ်အသီးသီးကို ပြစ်ဒဏ်လျှော့ပေါ့ခွင့်နှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များ ပေးလိုက်ကြောင်း သတင်းထုတ်ပြန်ပါတယ်။
အကျဉ်းသူ အကျဉ်းသား (၁၄၈) ဦးကို ပြစ်ဒဏ်လျှော့ပေါ့ခွင့် ပေးခဲ့ပြီး အကျဉ်းသူ အကျဉ်းသား (၂၈) ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များ ပေးခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၄။ မိုင်းယု (၁၀၅)မိုင်တွင် ညီနောင်မဟာမိတ် (၃)ဖွဲ့မှသက်တမ်းကုန်နေသည့် ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများကို စစ်ဆေးပြီး မီးရှို့ဖျက်ဆီး
ဇွန်လ ၂၁ရက်
Radio NUG
မေလ (၂၆)ရက်နေ့တွင် နမ့်ခမ်းခရိုင်၊ မိုင်းယု (၁၀၅)မိုင်တွင် ညီနောင်မဟာမိတ် (၃)ဖွဲ့မှ သက်တမ်းကုန်နေသည့် စားသောက်ကုန်နှင့် ဆေးဝါးပစ္စည်းများကို စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း TNLA မှ သတင်းထုတ်ပြန်ပါတယ်။
မိုင်းယု (၁၅၀)မိုင်အတွင်းရှိ ဆေးခန်းများနှင့် ကုန်စုံဆိုင်များကို လိုက်လံစစ်ဆေးခဲ့ရာတွင် သက်တမ်းကုန်နေသည့် ပစ္စည်းများကိုလည်း စစ်ဆေးတွေ့ရှိခဲ့ပြီး အဆိုပါ စစ်ဆေးတွေ့ရှိထားသည့် ပစ္စည်းများကိုလည်း သိမ်းဆည်းသွားခဲ့ကာ ဇွန်လ (၂၀)ရက်တွင် မီးရှို့ဖျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထိုသို့ စစ်ဆေးမှု ပြုလုပ်ရခြင်းသည် မိဘပြည်သူလူထုများမှ သက်တမ်းကုန်ဆုံးနေသည့် ဆေးနှင့် စားသောက်ကုန်ပစ္စည်းများကို မဝယ်မိစေရန် ဖြစ်ပြီး ရောင်းသူများကိုလည်း နောက်နောင်မရောင်းရန်နှင့် ပြည်သူလူထုများ၏ ကျန်းမာရေးကို အလေးထားကာ ကျန်းမာရေးနှင့် ညီညွတ်သော စာသောက်ကုန်များကိုသာ ရောင်းချရန် နောက်ဆုံးအကြိမ် အသိပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထိုဆေးဆိုင်နှင့် စားသောက်ကုန်ရောင်းနေသည့်ဆိုင်များအနေဖြင့် သက်တမ်းကုန်နေသည့် ပစ္စည်းများကို ထပ်မံတင်သွင်းရောင်းချပါက ထိုပစ္စည်းများ၏ တန်ဖိုးအတိုင်း ပြန်လျော်ပေးရမည်ဖြစ်ကြောင်း၊ အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဇွန်လ (၁၇)ရက်နေ့လည်း သက်တမ်းကုန်နေသည့် ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများကို မြို့စီမံအုပ်ချုပ်ရေးကော်မတီမှ ထပ်မံစစ်ဆေးမှုပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၅။ မိုင်းဝီးမြို့နယ်တွင် စားဝတ်နေရေးခက်ခဲနေသည့် နေအိမ်များကို TNLA မှ ဆန်အိတ် (၁၂၇)အိတ် ထောက်ပံ့
ဇွန်လ ၂၁ရက်
Radio NUG
ဧပြီလအတွင်း မိုင်းဝီးမြို့နယ် ကျေးရွာ (၁၀)ရွာတွင် စားဝတ်နေရေးခက်ခဲနေသည့် နေအိမ်များကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ဆန်အိတ်ပေါင်း (၁၂၇)အိတ် ထောက်ပံ့ပေးခဲ့ကြောင်း TNLA မှ သတင်းထုတ်ပြန်ပါတယ်။
ပန်ယုတ် (အောက်)ကျေးရွာမှာ ဆန် (၂)အိတ်၊ ပန်ယုတ် (ထက်)ကျေးရွာမှာ ဆန် (၁၀)အိတ်၊ စေကင်းကျေးရွာမှာ ဆန် (၁၂)အိတ်၊ မန်ပူးကျေးရွာမှာ ဆန် (၁၃)အိတ်၊ မန်ပန်ကျေးရွာမှာ ဆန် (၁၂)အိတ်၊ ပန်ဟန်ကြီးကျေးရွာမှာ ဆန် (၁)အိတ်၊ နမ့်စန်ကျေးရွာမှာ ဆန် (၂)အိတ်၊ ပြင်လုံကျေးရွာမှာ ဆန် (၃၈)အိတ်၊ ကောင်းစုံကျေးရွာမှာ ဆန် (၁၃)အိတ်၊တွန်ပုတ်ကျေးရွာမှာ ဆန် (၁၉) အိတ်နှင့် ပြင်လုံကျေးရွာ ဘုန်းကြီးကျောင်းမှာ ဆန် (၅)အိတ်စီ ထောက်ပံ့လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
တုန်ဟုံးအုပ်စုအတွင်းရှိ ကျေးရွာများသည် မိုးရာသီရောက်လျှင် လမ်းများလည်း သွားလာရန် အခက်အခဲရှိသောကြောင့် မြို့ပေါ်ရောက်ရှိရန် ခက်ခဲတယ်လို့ ဖော်ပြထားပါတယ်။
========================
📌📌 ၆။ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာမှ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရ ကျောင်းသား/သူများအား ငွေကြေးထောက်ပံ့
ဇွန်လ ၂၁ရက်
Radio NUG
ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့်ဗုံးကျဲ တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်မှ အပြင်းအထန်ဒဏ်ရာများဖြင့် ယခုအချိန်ထိ ဆေးဝါးကုသနေရဆဲ ကျောင်းသား/သူ ငါးဦးအား တစ်ဦးလျှင် တစ်သိန်းကျပ်နှုန်းဖြင့် ငွေကြေးထောက်ပံ့မှုပြုလုပ်ခဲ့ကြောင်း စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ အသိပေးထုတ်ပြန်ပါတယ်။
အဆိုပါအလှူကို ကွန်ရက်မှတဆင့် အလှူရှင် ဦးကျော်သူရ+ဒေါ်ဌေးဌေးမာတို့မှ မင်္ဂလာသက်တမ်း အနှစ် (၃၀)ပြည့် ပုလဲရတုအထိမ်းအမှတ်အဖြစ် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး အလှူရှင်များကိုယ်စား ထိပေ့သျှင်စစ်ရှောင်ကူညီထောက်ပံ့ရေးအဖွဲ့မှ သွားရောက်ပေးအပ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
========================
📌📌 ၇။ ထောက်ပို့တာဝန် ပျက်ကွက်မှု မရှိတဲ့ PRF ထောက်ပို့တပ်သားများကို “ပျက်ကွက်မှုမရှိ” ကမ်ပိန်းနှင့် ဂုဏ်ပြုမည်
ဇွန်လ ၂၁ ရက်
Radio NUG
ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF စတင်ချိန်တည်းကနေ ပြည်သူ့ကာကွယ်ရေးတပ်သား PDF တွေရဲ့ နောက်ကျောဘက်ကနေ မားမားမတ်မတ်ရပ်တည်ရင်း PDF ရဲဘော်တွေရဲ့ စားနပ်ရိက္ခာနဲ့ အထွေထွေအသုံးစားရိတ်အတွက် ထောက်ပို့ခဲ့ကြတဲ့ PRF တပ်သားတွေကို “ပျက်ကွက်မှုမရှိ” ကမ်ပိန်းကနေ ဂုဏ်ပြုမှာဖြစ်ကြောင်း PRF မှ သတင်းထုတ်ပြန်ပါတယ်။
" မတရားတဲ့ စစ်တပ်အာဏာသိမ်းမှု၊ အာဏာရှင်ရဲ့ဖိနှိပ်မှုတွေကို ငုံ့မခံခဲ့ကြဘူး။ ဒီလိုနဲ့ ဆန္ဒပြမှုတွေကနေတဆင့် လက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်ပြီး PDF ရဲဘော်တွေဖြစ်လာချိန် တိုက်ပွဲဝင်နေတဲ့ကာလတလျောက်လုံးမှာ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေရှိလည်း နောက်မဆုတ်ခဲ့ဘူး။ အလားတူ ထောက်ပို့တပ်သားတွေအနေနဲ့လည်း အာဏာရှင်လက်အောက်မှာ ခက်ခဲကြရတဲ့ နေ့စဥ်ဘဝ ရှင်သန်မှုတွေ၊ သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့ခဲ့ရလည်း ထောက်ပို့တာဝန် တာဝန်ထမ်းဆောင်မှုမှာ ပျက်ကွက်မှု မရှိဘူး။ ဒီလို အင်မတန်ဂုဏ်ယူစရာကောင်းတဲ့ စိတ်ဓာတ်နဲ့ ယုံကြည်မှုတွေကို ပြည်သူ့တော်လှန်ရေး ထောက်ပို့တပ် - PRF ကနေ သမိုင်းဝင်ဂုဏ်ပြုပေးချင်ပါတယ်။" လို့ ဖော်ပြထားပါတယ်။
“ပျက်ကွက်မှုမရှိ” ကမ်ပိန်းက ဂုဏ်ပြုရာတွင်
• ၂၀၂၄ ခုနစ် ဇူလိုင်လမှ ၂၀၂၅ ခုနစ် ဇွန်လအထိ တာဝန်ထမ်းဆောင်ထားသူများကို (၁) နှစ်ဆက်တိုက် ပျက်ကွက်မှုမရှိ တပ်သားများ၊
• ၂၀၂၃ ခုနစ် ဇူလိုင်လမှ ၂၀၂၅ ခုနစ် ဇွန်လအထိ တာဝန်ထမ်းဆောင်ထားသူများကို (၂) နှစ်ဆက်တိုက် ပျက်ကွက်မှုမရှိ တပ်သားများ၊
• ၂၀၂၁ ခုနစ် ဒီဇင်ဘာလမှ ၂၀၂၅ ခုနစ် ဇွန်လအထိ တာဝန်ထမ်းဆောင်ထားသူများကို လုံးဝ ပျက်ကွက်မှုမရှိ တပ်သားများ အဖြစ်
သတ်မှတ်ထားပြီး ဂုဏ်ပြုလက်ဆောင်များကိုလည်း အသီးသီး ချီးမြှင့်သွားနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
ဂုဏ်ပြုလက်ဆောင်များတွင်
🌟 ပျက်ကွက်မှုမရှိထောက်ပို့တပ်သား၏ နာမည်နှင့် သီးသန့်ပြုလုပ်ထားသော ဂုဏ်ပြုလွှာ
🌟 PDF ပြည်သူ့ကာကွယ်ရေးတပ်မတော် မှ တပ်ရင်းမှူးများ၊ ဒုတပ်ရင်းမှူး တစ်ဦးချင်းစီ၏ ဓာတ်ပုံနှင့် ဂုဏ်ပြုစကား ပါဝင်သော အမှတ်တရစာအုပ်
🌟 ကာကွယ်ရေးဝန်ကြီး၊ ဒုဝန်ကြီးများ၏ ဂုဏ်ပြုလက်ရေးစာများ
🌟 ပျက်ကွက်မှုမရှိ PRF ထောက်ပို့တပ်သား၏ ကိုယ်ပိုင်နံပါတ်ပါဝင်တဲ့ ဂုဏ်ပြုဆွဲပြားတို့ကို ဂုဏ်ပြုပေးအပ်သွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ “ပျက်ကွက်မှုမရှိ” ကမ်ပိန်းကို ၂၁ ရက် ဇွန်လ ၂၀၂၅ မှ ၃၁ ရက် ဇူလိုင်လ ၂၀၂၅ ထိ ပြုလုပ်သွားမှာ ဖြစ်ပြီး ဂုဏ်ပြုလက်ဆောင်များအကြောင်း အစီအစဉ် အသေးစိတ်ကိုလည်း ထပ်မံဖော်ပြသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ကျုံဒိုးမှာ အောင်ဇေယျစစ်ကြောင်းကို စစ်ကူတက်လာတဲ့ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၃၀ ထက်မနည်း သေဆုံး
ဇွန်လ ၂၁ ရက်၊
Radio NUG
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ မှတဆင့် အောင်ဇေယျစစ်ကြောင်းကို စစ်ကူပေးဖို့ တက်လာတဲ့ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ၃၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး လက်နက် ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့တယ်လို့ Mon Liberation Army - MLA က ထုတ်ပြန်ထားပါတယ်။
ဇွန်လ ၁၉ ရက်နေ့မှာ စစ်ကူပေးဖို့ တက်လာတဲ့ တပ်မ (၄၄) နဲ့ တပ်မ (၅၅) ပူးပေါင်း စစ်ကြောင်းအား KNLA, ရာမည မွန်တပ်တော် (RMA) နဲ့ ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ ၇ နာရီ ကျော်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်ရင်းမှူး နှင့် 2IC အဆင့် ဗိုလ်မှူး အပါအဝင် ၁၀ ဦးခန့် ဒဏ်ရာရခဲ့ကာ ၃၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲပြီးနောက် နယ်မြေရှင်းလင်းခဲ့ရာမှာ MA1, MA2, RPG, 60mm Commando, RPG အသီး၊ ပို့ယမ်း၊ ကျည်ဘောက်မျိုးစုံ၊ ကျည်မျိုးစုံနဲ့ ကျည်ကာဦးထုပ်စတဲ့ စစ်အသုံးအဆောင် ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိမှာ စစ်ကောင်စီဘက်မှ ကျုံဒိုးမြို့ကို စစ်ကြောင်းထိုးနေတဲ့အတွက် အနီးတဝိုက် ကျေးရွာများက ဒေသခံ ပြည်သူများအနေဖြင့် ဂရုတစိုက် သွားလာနေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၂။ စစ်တောင်းမြစ်ကူး မြို့စိုးတံတား အနီးက တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၄၀ ခန့် သေဆုံး
ဇွန်လ ၂၁ ရက်၊
Radio NUG
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ရှိ စစ်တောင်းမြစ်ကူး မြို့စိုးတံတားကို စစ်ကြောင်း ၃ ခု ခွဲကာ ဝင်ရောက်လာခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်သား ၄၀ ခန့် သေဆုံးခဲ့တယ်လို့ အုပ်တွင်းမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့ကနေ ကိုးတိုင်ရွာကို တစ်ကြောင်း၊ ထန်းတပင်မြို့နယ်၊ ထန်းတပင်တံတားမှ ကိုးတိုင်ကျေးရွာကို တစ်ကြောင်း၊ ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့မှ ရေကြည်ကုန်း ကျေးရွာကို တစ်ကြောင်း ခန့်မှန်းအင်အား ၂၈၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာတာပါ။
ဇွန်လ ၁၂ ရက်ကနေ ၁၇ ရက်နေ့အတွင်း အဆိုပါ စစ်ကောင်စီ စစ်ကြောင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် တောင်ပိုင်းတိုင်း အမှတ် (၂) စစ်ဒေသခွဲ၊ ဗျူဟာ (၂၃) ပူးပေါင်းတပ်များ ဖြစ်ကြတဲ့ တပ်ရင်း (၃၅၀၂)၊ အုတ်တွင်း မြို့နယ် ပကဖ၊ တောင်ငူ မြို့နယ် ပကဖ၊ ယောနသံ Drone Force နဲ့ Delta One Drone Force တို့ကြား အနီးကပ်တိုက်ပွဲများ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
၅ ရက်ကြာ တိုက်ပွဲများအတွင်း Drone Footage နဲ့ မြေပြင် ရဲဘော်များရဲ့ မျက်မြင်အရ စစ်ကောင်စီ တပ်သား ၄၀ ကျော်ခန့် သေဆုံးခဲ့ကာ ဗျူဟာ (၂၃) ပူးပေါင်းတပ်ဖွဲ့များ ဘက်မှလည်း ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ စလင်းမြို့နယ်က တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်သား ၃ ဦး ထက်မနည်း သေဆုံးခဲ့ကာ ၂ ဦး အရှင် ဖမ်းဆီးရမိ
ဇွန်လ ၂၁ ရက်၊
Radio NUG
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်သား ၃ ဦးထက်မနည်း သေဆုံးခဲ့ကာ ၂ ဦးကို အရှင်ဖမ်းဆီး ရမိခဲ့တယ်လို့ Peacock Brother Urban Guerrilla က ထုတ်ပြန်ထားပါတယ်။
ဇွန်လ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့မှာ ကံပြားရွာဘက်မှ ပုသိမ် - မုံရွာ ကားလမ်းအတိုင်း တင့်ကား ၄ စီးနဲ့ အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တဲ့ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ရှေ့ဆက်မတိုးနိုင်ဘဲ ကံပြားရွာဘက်ကို ပြန်ဆုတ်သွားခဲ့တယ်လို့ ဆိုပါတယ်။
၎င်းစစ်ကြောင်းဟာ ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်းတို့က ထောင်ထားတဲ့ မိုင်း ၅ လုံးနဲ့တိုးကာ တပ်ကြပ်အပါအဝင် စစ်ကောင်စီ တပ်သား ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
၎င်း စစ်ကြောင်းဟာ ဇွန်လ ၁၆ ရက်နေ့မှာ တောလမ်းအတိုင်း ခင်ပလူရွာကို ထပ်မံ စစ်ကြောင်းထိုးပြီး ဝင်ရောက်လာခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့များရဲ့ ခုခံပိတ်ဆို့ တိုက်ခိုက်မှုကြောင့် ပြန်ဆုတ်ခွာသွားခဲ့ပြီး ဇွန် ၁၇ ရက်နေ့မှာတော့ ပိတ်ဆည်ကျေးရွာကို ထပ်မံဝင်ရောက်လာတယ်လို့ ဆိုပါတယ်။
ပိတ်ဆည် ကျေးရွာမှာ တော်လှန်ရေး တပ်ဖွဲ့များနဲ့ နာရီဝက်ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ စစ်ကြောင်းဟာ ကျေးရွာအတွင်းမှ နေအိမ်များကို မီးရှို့ကာ ပြန်ဆုတ်ခွာ သွားခဲ့တယ်လို့ သိရပါတယ်။
၅ ရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၂ ဦးကို အရှင်ဖမ်းဆီး ရမိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုများကို ဒေါင်းညီနောင် မြို့ပြပြောက်ကျား တပ်ဖွဲ့၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း၊ အမှတ် ၅ တပ်ရင်း Drone တပ်ဖွဲ့၊ စလင်း ပကဖ၊ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း၊ မင်းဘူးခရိုင် ပကဖ ၊ ဒေါင်းစစ်အောင် LPDF၊ SLN LPDF၊ ဗမာ့တပ်တော်နဲ့ ပေါက်တောင်ပိုင်း ဆေးတပ်ဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၄။ ပင်လည်ဘူးမြို့နယ် စာသင်ကျောင်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှု ဆရာမ ၁ ဦးသေဆုံးပြီး ကလေးငယ်များ ဒဏ်ရာရ
ဇွန်လ ၂၁ရက်
Radio NUG
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်၊ အင်္ဂါးကျေးရွာရှိ စာသင်ကျောင်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းဆရာမ ၁ ဦး သေဆုံးပြီး ကလေးငယ်များအပါအဝင် လူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များမှ သိရပါတယ်။
ဇွန်လ ၂၀ ရက် ညနေ ၄ နာရီခန့်တွင် မန္တလေးမြို့ တံတားဦးလေဆိပ်မှ စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာလေယာဉ် တစ်စီးက အဆိုပါ ကျေးရွာရှိ စာသင်ကျောင်းကို ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဗုံးများသည် ပေါင် ၅၀၀ အလေးချိန်ရှိသည့် ဗုံးများဖြစ်ပြီး ကျောင်းဝင်းအတွင်းရှိ ဝန်ထမ်းနေအိမ်များ၊ ကျောင်းဆောင်များနှင့် အနီးအနားရှိ နေအိမ်အချို့ကို ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“ကျောင်းဆရာမတစ်ဦးက နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ကလေးငယ် ၁၀ ဦးလောက် ပါဝင်ပါတယ်။ ကလေးနှစ်ဦးကတော့ ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပါတယ်” ဟု ပင်လည်ဘူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုထားပါတယ်။
ပင်လည်ဘူးမြို့နယ်သည် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် မဟာမိတ်တော်လှန်ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်ထားသော ဒေသတစ်ခုဖြစ်ပါတယ်။
========================
🚩🚩 ၅။ စဉ့်ကူးမြို့နယ်၊ လက်ပန်လှရွာ သစ်တောဝန်းကို လေယာဉ်နဲ့ ဗုံးကြဲရာ ပြည်သူ ၁ဦး ဒဏ်ရာရ
ဇွန်လ ၂၁ရက်
Radio NUG
ဇွန် ၂၀ ရက်၊ ညနေ ၅နာရီခွဲခန့်တွင် စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ၊ သစ်တောရုံးဝင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၁ဦး ခြေထောက်ထိမှန် ဒဏ်ရာရခဲ့ပြီး အဆောက်အဦး ၂လုံး ပျက်စီးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ပကဖထံမှ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီသည် မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေကို လေကြောင်းကနေဆက်တိုက်ဗုံးကြဲနေတာ ဖြစ်ပြီး မတ္တရာမြို့နယ်အရှေ့ခြမ်းကိုလည်း ဇွန်လ ၁၈ ရက် တစ်ရက်တည်းမှာ ဗုံးအလုံးရေ ၆၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ကာ မတ္တရာမြို့နယ် အရှေ့ခြမ်းမှာ စစ်ကြောင်းထိုးဖို့ ကြိုးစားနေတာကြောင့် မန္တလေးPDF အပါအဝင် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ မြိတ်မှာ အဓမ္မ စစ်သား စုဆောင်းခံထားရတဲ့ လူငယ် ၂ ဦး လက်နက်နဲ့ အလင်းဝင်
ဇွန်လ ၂၁ ရက်၊
Radio NUG
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ဘုတ်ခြံ အခြေစိုက် စစ်ကောင်စီ အမှတ် (၁၇) ခြေလျင်တပ်ရင်းမှ တပ်သား ၂ ဦး လက်နက်နှင့်တကွ အလင်းဝင်လာတယ်လို့ Myeik District Battalion 1 -P23401 က ထုတ်ပြန်ထားပါတယ်။
ဇွန်လ ၂၁ ရက်နေ့က ဘုတ်ခြံ ခလရ (၁၇) မှ တပ်ကြပ်ကြီးစာရေး(အကူ) ၁ ဦးနဲ့ ဒု-တပ်ကြပ် ၁ ဦးဟာ ဗျူဟာ (၃၅) နယ်မြေ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းထံ လက်နက် ခဲယမ်းများနဲ့ အလင်းဝင်ရောက်လာခဲ့တာပါ။
၎င်းတို့ ၂ ဦးဟာ MA1 ရိုင်ဖယ် ၁ လက်၊ MA2 စက်ကလေး ၁ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ M14 နင်းမိုင်း ၁ ခု၊ ကျည်ဘောက် ၁၅ ခု နဲ့ ကပစ ထုတ် ၅.၅၆ ကျည် ၇၉၀ တောင့်တို့ကို တစ်ပါတည်း ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။
၎င်းတို့ဟာ ပြည်သူ့စစ် အခြေခံသင်တန်း အပတ်စဉ် (၂) မှာ အဓမ္မ စုဆောင်းခံခဲ့ရတာဖြစ်ပြီး ခလရ ၁၇ မှာ တာဝန်ချထားခြင်း ခံခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
၎င်းတို့ ၂ ဦးကို ကောင်းမွန်လုံခြုံစွာ စောင့်ရှောက်ထားပြီး လိုအပ်တာတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ မြိတ်ခရိုင် တပ်ရင်း ၁ က အသိပေးထားပြီး အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီတပ်မှာ ရောက်ရှိ တာဝန်ထမ်းဆောင် နေရသူများကို သတ္တိမွေးပြီး ရုန်းထွက်ခဲ့ကြဖို့ တိုက်တွန်းထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment