22 Jun 2025 - (Ethnic language program-CHO_MΓΌn) by Radio NUG


πŸ“Œ (ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၅ ဇွα€”်α€œ ( ၂၂ ) α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား

πŸ“ŒπŸ“Œ ၁။ ၄ α€”ှα€…်α€€ျော်ထတွင်း α€…α€…်α€€ောင်α€…ီα€€ြောင့် ချင်းα€œူα€™ျိုး တထောင်α€€ျော် α€žေဆုံး

 

α€…α€…်တပ်ထာဏာα€žိα€™်းတဲ့ ၂၀၂၁ ခုα€”ှα€…် α€–ေα€–ော် ဝါα€›ီα€œα€€α€”ေ ၂၀၂၅ ခုα€”ှα€…် α€™ေα€œ ၃၁ α€›α€€်ထတွင်း α€…α€…်α€€ောင်α€…ီα€€ြောင့် ချင်းα€œူα€™ျိုး ၁,၀၉၉ ဦးα€žေဆုံးခဲ့ပြီα€œို့ ချင်းα€›ေးα€›ာထဖွဲ့ ချုပ် (ICA) α€€ ဇွα€”် ၁၈ α€›α€€်α€”ေ့α€€ ထုတ်ပြα€”်ပါα€α€š်။ 

 

α€…α€…်α€€ောင်α€…ီα€€ို ဆန့်α€€ျင်ဆန္ဒပြစဉ် α€…α€…်α€€ောင်α€…ီα€›ဲ့ ပစ်ခတ်α€™ှုα€€ြောင့် α€žေဆုံးα€žူ αƒα‚αˆ ဦး၊ ထကြောင်းα€™ဲ့ ပစ်ခတ်α€žα€်α€–ြတ်ခံα€›α€œို့ α€žေဆုံးα€žူ ထရပ်α€žား ၂၀၂ ဦး၊ α€–α€™်းဆီး α€žα€်α€–ြတ်ခံα€›α€žူα€”ဲ့ α€™ုα€’ိα€™်းပြုα€€ျင့်ခံရပြီး α€‘α€žα€်ခံα€›α€žူ ၆၃ ဦးα€”ဲ့ α€œူα€žားα€’ိုင်း α€‘α€žုံးပြုခံα€›α€œို့ α€žေဆုံးα€žူ ၁၁ ဦးတို့ α€–ြα€…်ပါα€α€š်။ 

 

α€’ါ့ထပြင် ဆေးဝါးα€™α€œုံα€œောα€€်α€œို့ α€žေဆုံးα€žူ ၂၄ ဦး၊  α€™ြေα€™ြှုပ်α€™ိုင်းα€€ြောင့် α€žေဆုံးα€žူ αˆαƒ ဦး၊ α€˜ာα€žာα€›ေးခေါင်းဆောင် ၁၇ ဦးα€”ဲ့ တိုα€€်ပွဲထတွင်း α€€ျဆုံးα€žွားတဲ့ တော်α€œှα€”်α€›ေးထဖွဲ့ဝင် ၃၆၁ဦးတို့ α€–ြα€…်ပါα€α€š်။ 

 

α€™ြေα€™ြှုပ်α€™ိုင်းα€€ြောင့် α€žေဆုံးα€žူ αˆα‚ α€₯ီးထဲα€™ှာ  ထရပ်α€žားပြα€Š်α€žူ ၅၄ α€₯ီးα€”ဲ့ တော်α€œှα€”်α€›ေးတပ်α€–ွဲ့ဝင် ၂၉ α€₯ီး ပါ၀င်ပြီး ဒဏ်α€›ာα€›α€›ှိα€žူ ၁၃၅ α€₯ီး α€€ျော်α€›ှိα€α€š်α€œို့ ICA α€€ ဆိုပါα€α€š်။ 

 

International campaign to Ban Landmineα€›ဲ့ထစီရင်ခံα€…ာ ထရ α€™ြα€”်α€™ာα€”ိုင်ငံထတွင်း α€™ြေα€™ြှုပ်α€™ိုင်းα€€ြောင့် ထိခိုα€€်α€žေဆုံးα€™ှုα€Ÿာ ဆီးα€›ီးα€šား၊ ထာဖဂန်α€”α€…္စတန်α€”ဲ့ α€šူα€€α€›ိα€”်းတို့α€€ို α€€ျော်α€œွα€”်α€€ာ α€€α€™္α€˜ာα€™ှာ ထများဆုံးα€–ြα€…်α€œာα€α€š်α€œို့ ICA α€€ ပြောပါα€α€š်။ 

 

α€™ြို့ပေါင်း ၂၀ α€›ှိတဲ့ ချင်းပြα€Š်α€”α€š်α€™ှာ ၁၅ α€™ြို့ကတော့ α€’ေα€žα€ော်α€œှα€”်α€›ေးတပ်တွေα€›ဲ့ ထိα€”်းချုပ်α€™ှုထောα€€်α€™ှာ α€›ှိα€”ေပေα€™α€š့် α€œေα€€ြောင်းα€”ဲ့ α€™ိုင်းထန္တရာα€š်တွေα€€ြောင့် ပြα€Š်α€žူတွေα€Ÿာ α€™ိα€™ိα€’ေα€žα€€ို မပြα€”်α€”ိုင်α€˜ဲα€›ှိα€”ေα€α€š်α€œို့ ချင်းα€›ေးα€›ာထဖွဲ့ချုပ် (ICA) α€€ ပြောပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၂။ α€™ိုးတွင်းα€€ာα€œα€‘α€ွင်း မင်းတပ်-မတူပီ-ဆမီးα€œα€™်းα€€ို ဇွα€”်α€œ (၂၅) α€›α€€်α€”ေ့ထိα€žာ α€šာဉ်α€€ြီးα€™ျား α€žွားα€œာခွင့်ပြု

 

မတူပီ - မင်းတပ် α€œα€™်းα€Ÿာ α€™ိုးတွင်းα€€ာα€œα€ွင် α€™ြေပြိုခြင်းα€™ျားα€–ြα€…်ပေါ်တဲ့ထတွα€€် မတူပီတော်α€œှα€”်α€›ေးထဖွဲ့ α€œα€™်းဦးα€…ီးα€Œာα€”α€™ှ ပြုပြင်α€œျα€€်α€›ှိα€€ြောင်း α€žိရပါα€α€š်။

 

မတူပီ - ဆမီးα€œα€™်းα€™ ပျα€€်ဆီးα€™ှုထခြေα€”ေထရ ၂၀၂၅ ဇွα€”်α€œ ၁၉ α€›α€€်α€™ှ ၂၅ α€›α€€်ထထိα€žာ မတူပီ - ဆမီး α€œα€™်းထား α€€ုα€”်α€žွα€š်α€›ေးα€šာα€₯်α€™ျားα€€ို ပြေးဆွဲခွင့်ပြုα€™α€Š်α€Ÿု CDF-Matupi α€€ α€‘α€žိပေးထားပါα€α€š်။

 

α€™ိုးတွင်းα€€ာα€œα€‘α€ွင်း α€œα€™်းပျα€€်ဆီးα€™ှုထခြေ ထနေထရ မတူပီ - မင်းတပ် - ဆမီးα€œα€™်းα€€ို α€‘α€žုံးပြုတဲ့ α€€ုα€”်တင်α€šာα€₯်α€€ြီးα€™ျားα€€ို ၂၀၂၅ ခုα€”ှα€…် ဇွα€”်α€œ ၂၅ α€›α€€်α€”ေ့ထထိα€žာ ပြေးဆွဲခွင့်ပြုα€™α€Š်α€–ြα€…်α€€ြောင်း CDF-Matupi α€€ ထုတ်ပြα€”်ထားပါα€α€š်။

 

မင်းတပ်-မတူပီ α€œα€™်းα€™α€€ြီးα€žα€Š် α€™ိုးα€žα€Š်းထန်α€…ွာ α€›ွာα€žွα€”်းα€™ှုα€€ြောင့် α€œα€™်း၊ α€™ြေပြိုပျα€€်α€…ီးတာα€€ြောင့် (၁၈.၆.၂၀၂၅) α€›α€€်α€”ေ့စပြီး α€…α€€်α€šα€”္တရားα€–ြင့် ပြုပြင်ဆောင်α€›ွα€€်α€œျα€€်α€›ှိα€α€š်α€œို့ α€€ြားα€€ာα€œ မင်းတပ်α€™ြို့α€”α€š်ပြα€Š်α€žူ့ထုပ်ချုပ်α€›ေးထဖွဲ့α€€ ဇွα€”်α€œ ၂၀ α€›α€€်α€”ေ့ ထုတ်ပြα€”်α€‘α€žိပေးပါα€α€š်။

 

α€’ါα€€ြောင့် မင်းတပ်-မတူပီ α€œα€™်းα€™α€€ြီး α€€ောင်းα€™ွα€”်α€™ြα€”်ဆန်α€…ွာ ပြင်ဆင်ဆောင်α€›ွα€€်α€”ိုင်α€›ေးထတွα€€် (၂၁.၆.၂၀၂၅) α€™ှ (α‚αˆ.၆.၂၀၂၅) α€›α€€်α€”ေ့ထထိ ထဆိုပါα€œα€™်းα€™α€€ြီးထား α€šာα€šီα€œα€™်းပိတ်ထားα€€ြောင်း α€‘α€žိပေးထုတ်ပြα€”်α€€ြေα€Šာပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၃။ နတ်α€›ေα€€α€”်α€œေα€€ြောင်းα€›α€”်α€€ာα€€ွα€š်α€›ေးα€—ျူα€Ÿာα€€ုα€”်းα€›ဲ့ α€€ာကင်းစခန်းα€€ို CDF – Asho တိုα€€်ခိုα€€်α€›ာ α€…α€…်α€€ောင်α€…ီတပ်α€žားα€™ျားထွα€€်ပြေး

 

ရခိုင်α€›ိုးမပေါ် ထမ်း - ပဒါα€”်းα€œα€™်းα€€ နတ်α€›ေα€€α€”်α€œေα€€ြောင်းα€›α€”်α€€ာα€€ွα€š်α€›ေးα€—ျူα€Ÿာα€€ုα€”်းα€›ဲ့ α€€ာα€€ွင်းစခန်းတစ်ခုα€€ို ထရှိုချင်းα€€ာα€€ွα€š်α€›ေးတပ် CDF – Asho α€€ တိုα€€်ခိုα€€်ခဲ့α€›ာ α€…α€…်α€€ောင်α€…ီတပ်α€žားထများထပြား စခန်းα€…ွα€”့်ခွာထွα€€်ပြေးα€žွားခဲ့α€α€š်α€œို့ α€žိရပါα€α€š်။

 

ဇွα€”်α€œ (၂ဝ) α€›α€€်၊ α€™α€”α€€် ၇ α€”ာα€›ီခွဲα€œောα€€်α€™ှာ နတ်α€›ေα€€α€”်α€œေα€€ြောင်းα€›α€”်α€€ာα€€ွα€š်α€›ေးတပ်စခန်း (α€—ျူα€Ÿာα€€ုα€”်း) α€›ဲ့ α€€ာကင်းစခန်းα€–ြα€…်တဲ့ ငဖဲα€™ြို့α€”α€š်၊ ခွα€”်ဇူα€›ွာ α€œα€™်းခွဲα€™ှာ တပ်α€…ွဲထားတဲ့ α€…α€…်α€€ောင်α€…ီစခန်းα€€ို CDF (Asho) α€”ဲ့ α€œူ့α€˜ောင်α€žα€…်တပ်မတော် (NSA) တို့ပူးပေါင်းပြီး ဝင်α€›ောα€€်α€…ီးနင်းတိုα€€်ခိုα€€်ခဲ့တာα€œို့ CDF (Asho) α€€ ဇွα€”်α€œ ၂၁ α€›α€€်α€™ှာ ထုတ်ပြα€”်ထားပါα€α€š်။

 

α€…α€…်α€€ောင်α€…ီတပ်α€žား (၁) ဦး ပွဲချင်းပြီးα€žေဆုံး၊ (၁) ဦး ထရှင်α€–α€™်းဆီးα€™ိပြီး α€…α€…်α€€ောင်α€…ီတပ်α€žား ထများထပြား ဒဏ်α€›ာα€›α€›ှိα€€ာ ထွα€€်ပြေးα€žွားα€€ြောင်း α€žိα€›α€žα€Š်α€œို့ ထုတ်ပြα€”်ချα€€်α€™ှာ α€–ော်ပြထားပါα€α€š်။

 

CDF - Asho α€˜α€€်α€€ တပ်α€–ွဲ့ဝင်တဦး ဒဏ်α€›ာα€› (α€™α€…ိုးα€›ိα€™်α€›) α€›ှိခဲ့ပြီး ထဲα€’ီစခန်းα€€ MA ထမျိုးထစား α€œα€€်α€”α€€်α€„α€š် ငါးα€œα€€်၊ BA 100 α€…ိα€”်ပြောင်း α€α€œα€€်α€”ဲ့ ခဲα€šα€™်းထများထပြား α€žိα€™်းα€†α€Š်းα€›α€™ိခဲ့α€α€š်α€œို့ ဆိုပါα€α€š်။


#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment