၂၀၂၅ ဇွန်လ ၁၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံတွင် အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား IUF ၏ တွဲဘက် အထွေထွေအတွင်းရေးမှူးက NUG ကိုယ်စား မိန့်ခွန်းပြောကြားခဲ့
📌 ၂။ မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံ ရေးဆွဲရေးလုပ်ငန်းစဥ်နှင့် မူကြမ်းရေးဆွဲထားမှုများအား မျှဝေဆွေးနွေး
📌 ၃။ အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ နှင့် လူငယ်များတွေ့ဆုံပွဲအခမ်းအနား ကရင်နီပြည်တစ်နေရာတွင် ကျင်းပ
📌 ၄။ ဒီပဲယင်းမြို့နယ်အတွင်း ရေကျော်ဝင်နေတဲ့ ဆည်မြောင်းအား ပြုပြင်ခဲ့
📌 ၅။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ကဗျာနှင့် ဝတ္ထုတိုပြိုင်ပွဲဝင် စာမူများကို စိစစ်အမှတ်ပေးနေ
📌 ၆။ Weekly Super 4 အပတ်စဥ် (၅) အတွက် ဆုမဲပေါင်း (၁,၃၁၀) ဆု ကို ကံထူးရှင်များ၏ နွေဦးထီအကောင့်ထဲသို့ တိုက်ရိုက်ချီးမြှင့်ပေးအပ်ခဲ့
========================
၂၀၂၅ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ သက်ရှိစည်းရိုးလို့ စစ်ကောင်စီ ဝါဒဖြန့် ကြွေးကြော်ခဲ့သည့် ဥကရစ်ထစစ်စခန်းကို တော်လှန်ရေးတပ်များ ထိုးစစ်ဆင်တိုက်ခိုက်နေ
🚩 ၂။ TNLA နဲ့ DPLA အပါအဝင် PDF ရဲဘော်များပါ နောင်ချိုတိုက်ပွဲတွင် မြေပြင်မှာ အတူတကွတိုက်ပွဲဝင်နေ
🚩 ၃။ ပုလဲမြို့နယ်အတွင်း ပျက်ကျတဲ့ တိုက်လေယာဉ်မှ လေယာဉ်မှူး သေဆုံးပြီး ရုပ်အလောင်း (၄) လောင်း တွေ့ရှိဟု PLA ထုတ်ပြန်
🚩 ၄။ စလင်းမြို့နယ် ဂွေးကုန်းနှင့် စနေချောင်ရွာအတွင်း စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့တဲ့ မိသားစုများအား စားနပ်ရိက္ခာများထောက်ပံ့
🚩 ၅။ ပေါက်မြို့နယ် ကပစ -၂၄ မှ ဒု-တပ်ကြပ်တစ်ဦး နှင့် အတင်းအဓမ္မတပ်သားစုဆောင်းခံရသည့် ခလရ - ၃၁ မှ တပ်သားတစ်ဦးတို့ လက်နက်ခဲယမ်းများနှင့် အသီးသီး အလင်းဝင်
🚩 ၆။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၃၀၉) ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် (၇၂) ဦး ပါဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံတွင် အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား IUF ၏ တွဲဘက် အထွေထွေအတွင်းရေးမှူးက NUG ကိုယ်စား မိန့်ခွန်းပြောကြားခဲ့
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ကျင်းပလျက်ရှိသည့် (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံတွင် အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား International Union of Food, Agricultural, Hotel, Restaurant, Catering, Tobacco and Allied Workers Associations - IUF ၏ တွဲဘက်အထွေထွေအတွင်းရေးမှူး Mr. Kristjan Bragason က ဇွန်လ (၁၀) ရက်နေ့တွင် တက်ရောက်စကားပြောကြားခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရသည် (၂၀၂၁) ခုနှစ်၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ရွေးကောက်ခံ လွှတ်တော်အမတ်များ၊ ဒီမိုကရေစီ လိုလားသူများ၊ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များဖြင့် ဖက်ဒရယ်ဒီမိုကရေစီချာတာနှင့်အညီ ပြည်သူ့လိုလားချက်အပေါ် အခြေခံ၍ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ဖွဲ့စည်းတည်ထောင်ထားကြောင်း၊ မြန်မာနိုင်ငံတွင် (၂၀၂၁) ခုနှစ်မှစ၍ စစ်အာဏာရှင်သည် အကြမ်းဖက်မှုများကို ပြုလုပ်လာခဲ့ရာ ပြည်သူ (၆,၆၀၀) ကျော် အသက်သေဆုံးခဲ့ရပြီး (၂၉,၀၀၀) ကျော် ဥပဒေမဲ့ ဖမ်းဆီးခံခဲ့ရကြောင်း၊ ပြည်သူ (၁၇၂) ဦးမှာ သေဒဏ်ချမှတ်ခံရပြီး ပြည်သူ (၃.၆) သန်းကျော်မှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။
ထို့ပြင် အလုပ်သမားသမဂ္ဂခေါင်းဆောင်များကို ဖမ်းဆီး၊ နှိပ်စက်ခြင်း၊ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်အောင် လုပ်ဆောင်ခြင်း၊ အလုပ်သမားများ၏ အခြေခံအခွင့်အရေးများ ချိုးဖောက်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း၊ အဓမ္မလုပ်အားခိုင်းစေခြင်းများလည်း ကျယ်ပြန့်စွာ ဖြစ်ပေါ်စေခဲ့ကြောင်း၊ စစ်ဥပဒေ၊ အမိန့်များကြောင့် ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်များ မရှိတော့ရုံသာမက ပြည်သူများ အကြောက်တရားကြီးစိုးအောင် ဖန်တီးလျက်ရှိကြောင်း၊ မိဘများသည် မိမိတို့၏သားသမီးများ စစ်တပ်အတွင်းသို့ အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရမည်ကို စိုးရိမ်မှုကြီးနေကြကြောင်း၊ စစ်မှုထမ်းရန် ငြင်းဆန်သူများကို ထောင်ချ၊ နှိပ်စက်၊ သေဆုံးအထိ ပြုလုပ်လျက်ရှိခြင်းကြောင့် လူငယ်များသည် ထွက်ပြေးတိမ်းရှောင်ခြင်းမှအပ မည်သည့်ရွေးချယ်မှုမျှ မရှိတော့ကြောင်း ပြောကြားခဲ့ပါတယ်။
ILO က Article 33 ဖြင့် အရေးယူရန် ဆုံးဖြတ်လိုက်ခြင်းသည် အခြေခံလူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးအတွက် တစ်ကမ္ဘာလုံးက အားပေးထောက်ခံကြောင်းကို ဖော်ပြလိုသည့် ခိုင်မာအားကောင်းသော အသိပေးမှုတစ်ခုဖြစ်ပြီး အားလုံးယုံကြည်ထားသည့် ဒီမိုကရေစီ၏ အခြေခံသဘောတရားများလည်း ဖြစ်ကြောင်း၊ ဒီမိုကရေစီ ဖျက်ဆီးသူများကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေနိုင်ရန် အပြည်ပြည်ဆိုင်ရာစနစ်များ ဖန်တီးဖော်ဆောင်ခြင်း၏ အရေးပါမှုကို နားလည်ရမည်ဖြစ်ကြောင်း၊ မြေပြင်ရှိ ပြည်သူများကလည်း ကြိုဆိုခဲ့ကြကြောင်း၊ လိုအပ်သည့်အခါ အပြည်ပြည်ဆိုင်ရာ စောင့်ကြည့်မှုနှင့် ဝင်ရောက် အရေးယူနိုင်ရေးအတွက် အခွင့်အလမ်းများ ဖန်တီးပေးလိမ့်မည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် NUG ၏ သုံးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့ ညီလာခံသို့ ပါဝင်တက်ရောက်နိုင်ပြီး လာမည့်နှစ်တွင် NUG ၏ သုံးပွင့်ဆိုင်အဖွဲ့ကို မြန်မာနိုင်ငံ၏ တရားဝင်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုရန် မဖြစ်မနေ လိုအပ်ကြောင်း၊ အလုပ်သမားအားလုံးအတွက် တရားမျှတမှု၊ လွတ်လပ်ခွင့်နှင့် ဂုဏ်သိက္ခာကို ကာကွယ်ရန် မြန်မာပြည်သူများနှင့် တသားရပ်တည်ရန် အချိန်ကောင်းတစ်ခုပင် ဖြစ်ကြောင်း၊အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စား Mr. Kristjan Bragason ကတိုက်တွန်းပြောကြားခဲ့ပါတယ်။
========================
📌📌 ၂။ မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံ ရေးဆွဲရေးလုပ်ငန်းစဥ်နှင့် မူကြမ်းရေးဆွဲထားမှုများအား မျှဝေဆွေးနွေး
မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ ရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာကော်မရှင်နှင့် မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီတို့ဟာ ဇွန်လ (၁၁) ရက်တွင် ZOOM Platform မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
တွေ့ဆုံဆွေးနွေးပွဲသို့ နှစ်ဘက် တက်ရောက်သူ စုစုပေါင်း (၅၀) ကျော် တက်ရောက်ပြီး မန္တလေးဒေသ မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီအနေဖြင့် မန္တလေးဒေသကြားကာလနိုင်ငံရေးအစီအမံ ရေးဆွဲရေးလုပ်ငန်းစဥ်နှင့် မူကြမ်းရေးဆွဲထားမှုများအား မျှဝေဆွေးနွေးခြင်း၊ ယင်းဆွေးနွေးမှုများအပေါ် မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ ရေးဆွဲရေးကော်မရှင်ဘက်မှလည်း မေးခွန်းများ မေးမြန်းခြင်း၊ အကြံပြုခြင်း၊ ဆွေးနွေးဖလှယ်ခြင်းများကို ဆောင်ရွက်ခဲ့ကြပါတယ်။
အဲ့ဒီနောက် မကွေးဖက်ဒရယ်ယူနစ်၏ လက်ရှိလုပ်ငန်းစဥ်များ ဆောင်ရွက်နေမှုကိုလည်း ဆွေးနွေးမျှဝေခဲ့ကြပြီး မန္တလေးဒေသနှင့် မကွေးဖက်ဒရယ်ယူနစ်သည် နယ်မြေချင်း ထိစပ်လျက်ရှိပြီး အပြန်အလှန်ဆွေးနွေးမှုများ၊ ထိတွေ့ဆက်ဆံမှုများ ဆောင်ရွက်၍ စစ်အာဏာရှင်စနစ် ဖြုတ်ချရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးကို အတူလက်တွဲ ဆက်လက်တိုက်ပွဲဝင်ကြရမှာဖြစ်ကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရှိရပါတယ်။
========================
📌📌 ၃။ အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ နှင့် လူငယ်များတွေ့ဆုံပွဲအခမ်းအနား ကရင်နီပြည်တစ်နေရာတွင် ကျင်းပ
KPPA, DOYA (IEC) လူငယ်ရေးရာဌာန၊ The Present Team, KNA တို့မှပူးပေါင်း၍ မေလ (၅) ရက်နေ့ မှ ဇွန်လ (၁၀) ရက်နေ့အထိ ဖွင့်လှစ်သော အပတ်စဥ် (၆) အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲနှင့် လူငယ်များတွေ့ဆုံပွဲအခမ်းအနားကို ဇွန်လ (၁၀) ရက်နေ့ (အင်္ဂါနေ့)တွင် ကရင်နီပြည်တစ်နေရာတွင် ကျင်းပခဲ့ကြောင်း ကရင်နီ နိုင်ငံရေးအကျဥ်းသားများ အစည်းအရုံး (KPPA) မှ သတင်းထုတ်ပြန်ပါတယ်။
ထိုအခမ်းအနားသို့ ကရင်နီနိုင်ငံရေးအကျဥ်းသားများ အစည်းအရုံး(KPPA)၊ ကရင်နီပြည်ကြားကာလစီမံ အုပ်ချုပ်ရေး ကောင်စီ လူငယ်ရေးရာဌာနIEC (DOYA)၊ ကရင်နီသူနာပြုအစည်းအရုံး (KNA)၊ ပူးပေါင်းအုပ်ချုပ်ရေးကော်မတီ၊ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်(BPDF)၊ ကယားလီဖုလူငယ်များ၊ ကလလတလူငယ်များ၊ KNWO၊ The Present Team တို့မှ တာဝန်ရှိသူတို့ အသီးသီးတက်ရောက်၍ ဂုဏ်ပြုမိတ်ဆက်အားပေးစကား ပြောကြားခဲ့ကြတယ်လို့ သိရပါတယ်။
========================
📌📌 ၄။ ဒီပဲယင်းမြို့နယ်အတွင်း ရေကျော်ဝင်နေတဲ့ ဆည်မြောင်းအား ပြုပြင်ခဲ့
ဇွန်လ (၁၁) ရက် နံနက်ခင်းပိုင်းအချိန်တွင် ဒီပဲယင်းမြို့နယ်အတွင်းရှိ လမ်းဖြတ်တစ်နေရာတွင် မိုးများ၍ မူးအထက်မှ ရေကျော်ဝင်နေမှုကြောင့် ခရီးသွားအများပြည်သူများနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ တောင်သူများ အခက်အခဲကြုံတွေ့နေရကြောင်း သတင်းရရှိပါတယ်။
ထိုသို့ အခက်အခဲ ကြုံတွေ့နေရတာကြောင့် ဒီပဲယင်းမြို့နယ် ပအဖ၏ လမ်းညွှန်မှုဖြင့်၊ မြို့နယ်ဆည်မြောင်းဌာနမှ ဦးစီးကာ မြို့နယ်ပကဖအဖွဲ့များ၊ အနီးနားရှိ ကျေးရွာများမှ ပြည်သူများစုပေါင်းပြီး ဆည်မြောင်းအား ပြုပြင်ထိန်းသိမ်းခဲ့ကြတယ်လို့ သိရှိရပါတယ်။
========================
📌📌 ၅။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ကဗျာနှင့် ဝတ္ထုတိုပြိုင်ပွဲဝင် စာမူများကို စိစစ်အမှတ်ပေးနေ
ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၀) ပြည့် မွေးနေ့အထိမ်းအမှတ် CRPH နော်ဝေ၏ ကဗျာနှင့် ဝတ္ထုတို ပြိုင်ပွဲအတွက် ပေးပို့လာသော စာမူများကို စာစစ်ဒိုင်အဖွဲ့က စိစစ်အမှတ်ပေးနေပြီလို့ဆိုပါတယ်။
"ပေးပို့လာတဲ့ ကဗျာစာမူ (၂၀၀) ကျော်နဲ့ ဝတ္တုတို (၂၀) ခန့်ကို အခုအထိ ကူးယူစစ်ဆေးဆဲ ဖြစ်တာကြောင့် ပြိုင်ပွဲဝင်လာတဲ့ စာမူအရေအတွက် အတိအကျကို မပြောနိုင်သေးသလို၊ ပေးပို့သူတိုင်းကို စာမူလက်ခံရရှိကြောင်း အကြောင်းမပြန်နိုင်တာကို နားလည်ပေးစေချင်ပါတယ်။ မထင်မှတ်လောက်အောင် များပြားတဲ့ အီးမေးများကို စိစစ် ဖတ်ရှုနေကြတာကြောင့် ကြန့်ကြာမူ ရှိနေတာကိုလည်း နားလည်ပေးစေလိုပါတယ်။ စာမူတွေ မရောက်မှာစိုးလို့ အခါခါပို့ကြသူများနဲ့ နေရာစုံမှ မေးမြန်းစုံစမ်းကြသူများရဲ့ အားထုတ်မူကို လေးစားသောအားဖြင့် စာမူများ တခုမကျန် ပြိုင်ပွဲဝင်ခွင့်ရစေရန် ကျမတို့ရဲ့ volunteer အဖွဲ့က အထူး သတိထားစုစည်းနေကြပါတယ်။ အခုဆိုရင် စာစစ်ဒိုင်အဖွဲ့က စာမူတွေကို စတင် စိစစ်ပြီး အမှတ်ပေးနေကြပါပြီ" လို့ CRPH Support Group, Norway မှ အထွေထွေအတွင်းရေးမှူး မဝတ်မှုန်ဝင်းက ပြောပါတယ်။
အမှတ်ပေးပုံ နည်းစနစ်များ၊ ဒိုင်များရဲ့ အတွေအကြုံ ဝေမျှတဲ့ အစီအစဉ်နဲ့ ဆုရရှိသူ ကြေငြာတဲ့ အခမ်းအနားကို လာမည့် ဇွန်လ (၁၉) ရက်နေ့ မြန်မာစံတော်ချိန် (၀၀:၃၀) မှာ Online ကနေ တိုက်ရိုက်ထုတ်လွှင့်မှာ ဖြစ်ကြောင်းသိရပါတယ်။
========================
📌📌 ၆။ Weekly Super 4 အပတ်စဥ် (၅) အတွက် ဆုမဲပေါင်း (၁,၃၁၀) ဆု ကို ကံထူးရှင်များ၏ နွေဦးထီအကောင့်ထဲသို့ တိုက်ရိုက်ချီးမြှင့်ပေးအပ်ခဲ့
ပြည်သူ့ဘဏ္ဍာကို အပတ်စဥ်ပံ့ပိုးနိုင်ရန် အားဖြည့်ဝန်းရံသူများကြောင့် Weekly Super 4 အပတ်စဥ် (၅) အတွက် လက်မှတ်အစောင်ရေ (၁၄,၁၀၀) ကျော် ရောင်းချနိုင်ခဲ့ပြီး ဆုမဲပေါင်း (၁,၃၁၀) ဆုကို ကံထူးရှင်များ၏ နွေဦးထီ အကောင့်ထဲသို့ တိုက်ရိုက်ချီးမြှင့်ပေးခဲ့ကြောင်း နွေဦးထီမိသားစုက အသိပေးဆိုပါတယ်။
"ပစ်တိုင်းထောင်လို စိတ်ဓာတ်နဲ့ ပါဝင်အားဖြည့်ကြသူများကို ကျေးဇူးအထူးတင်ရှိသလို မြန်မာပြည်သစ် ထူထောင်နိုင်သည်အထိ အဆုံးတိုင်လျှောက်လှမ်းကြမည်ဟု ယုံကြည်ရင်း စူပါဖိုးနှင့် ပြည်သူ့ဘဏ္ဍာ အပတ်စဥ် ပံ့ပိုးပါ" လို့ ဖော်ပြပါတယ်။
Weekly Super 4 မှာ True Random စနစ်ဖြင့် ရွေးချယ်ပေးသွားမည့် ဆုအမျိုးအစား (၆) ခု မှ ဆုကြေးငွေ ပမာဏပေါင်း သိန်း (၁,၉၆၀) ကျော် အထိ အပတ်စဥ် ချီးမြှင့်နိုင်စွမ်း ရှိပြီးဆုပေါင်း (၅၀,၂၅၀) အတွင်း ဆတိုးပိုင်ဆိုင်ခွင့်ကို အပတ်စဥ် အနည်းဆုံး ငွေကျပ် ၁,၀၀၀ နှင့်စတင်နိုင်ပြီလို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ သက်ရှိစည်းရိုးလို့ စစ်ကောင်စီ ဝါဒဖြန့် ကြွေးကြော်ခဲ့သည့် ဥကရစ်ထစစ်စခန်းကို တော်လှန်ရေးတပ်များ ထိုးစစ်ဆင်တိုက်ခိုက်နေ
မြန်မာ-ထိုင်းနယ်စပ်အနီးရှိ စစ်ကောင်စီ၏ အဓိကခြေကုပ်စခန်းဖြစ်သည့် ဥကရစ်ထတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဇွန်လ (၁၁) ရက်တွင် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်များမှ သိရပါတယ်။
ဥကရစ်ထစခန်းသည် (၂၀၂၂) ခုနှစ် ဇွန်လတွင် တော်လှန်ရေးတပ်များ၏ ပထမအကြိမ် ထိုးစစ်ကို ခံခဲ့ရပြီး တစ်စိတ်တစ်ပိုင်း သိမ်းယူနိုင်ခဲ့သော်လည်း အပြီးသတ် မသိမ်းပိုက်နိုင်ခဲ့တာကြောင့် စစ်ကောင်စီက ၎င်းစခန်းကို "သက်ရှိစည်းရိုး" ဟု ဝါဒဖြန့်ကာ အောင်မြင်စွာ ခုခံနိုင်ခဲ့သည်ဟု ကြွေးကြော်ခဲ့ပါတယ်။
အခုထိုးစစ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ရှိ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ ပူးပေါင်းပါဝင်ပြီး KNLA က ဦးဆောင်နေတယ်လို့ သိရပါတယ်။
ဥကရစ်ထရွာသည် မြဝတီမြို့၏ တောင်ဘက်နှင့် အရှေ့တောင်ဘက်ဒေသများကို ဆက်သွယ်ထားသည့် အဓိကကားလမ်းပေါ်တွင် တည်ရှိပြီး၊ စစ်ကောင်စီ၏ တပ်စခန်းမှာ ရွာမြောက်ဘက် လမ်းမကြီးဘေးတွင် တည်ရှိပါတယ်။
========================
🚩🚩 ၂။ TNLA နဲ့ DPLA အပါအဝင် PDF ရဲဘော်များပါ နောင်ချိုတိုက်ပွဲတွင် မြေပြင်မှာ အတူတကွတိုက်ပွဲဝင်နေ
TNLA နဲ့ DPLA အပါအဝင် PDF ရဲဘော်များပါ နောင်ချိုတိုက်ပွဲတွင် မြေပြင်မှာ အတူတကွတိုက်ပွဲဝင်နေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ပေါ်လာတဲ့ သတင်းမှားများအပေါ် DPLA ဥက္ကဌ ကိုထွန်းထွန်းနိုင်က ဆိုရှယ်မီဒီယာမှာ အသိပေးဆိုထားပါတယ်။
"TNLA မှ ကျနော်တို့ DPLA ကိုရော အခြား PDF တွေကိုရော နောင်ချိုတိုက်ပွဲကနေ မောင်းမထုတ်ပါဘူး။ မြေပြင်မှာက လက်ချင်းချိတ်ပီး နည်းမျိုးစုံနဲ့ကြိုးစားတိုက်ပွဲဝင်နေကြပါတယ်" လို့ အသိပေးဆိုထားပါတယ်။
ဇွန်လ (၁၀) ရက်နေ့တွင် TNLA တပ်ဖွဲ့မှ PDF ရဲဘော်များနဲ့ တော်လှန်ရေးရဲဘော်များကို မောင်းထုတ်ကြောင်း လူမှုကွန်ရက်တွင် သတင်းတုများ ထွက်ပေါ်ခဲ့ခြင်း ဖြစ်ပါတယ်။
========================
🚩🚩 ၃။ ပုလဲမြို့နယ်အတွင်း ပျက်ကျတဲ့ တိုက်လေယာဉ်မှ လေယာဉ်မှူး သေဆုံးပြီး ရုပ်အလောင်း (၄) လောင်း တွေ့ရှိဟု PLA ထုတ်ပြန်
ဇွန်လ (၁၀) ရက် နေ့လယ် (၁၂:၁၅) အချိန်တွင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA မှ ပစ်ချနိုင်ခဲ့သည့် စစ်ကောင်စီ၏ တိုက်လေယာဉ်သည် ကျေးရွာတစ်ရွာထဲသို့ ထိုးစိုက်ဆင်းသွားပြီး လေယာဉ်မှူး သေဆုံးကြောင်း အတည်ပြုထားနိုင်ကြောင်း PLA က သတင်းထုတ်ပြန်ပါတယ်။
ထို့အပြင် လေယာဉ်ပျက်ကျရာနေရာရှိ အိမ်တစ်လုံးထဲတွင် ရုပ်အလောင်း (၃) လောင်းနှင့် ခြံ၀န်းထဲတွင် ရုပ်အလောင်း (၁) လောင်း၊ စုစုပေါင်း ရုပ်အ-လောင်း (၄) ခု တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။
အချို့ရုပ်အလောင်းများမှာ လုံး၀မီးကျွမ်းထားပြီး အချို့မှာ မီးဆက်မလောင်ဘဲရှိနေကာ ရုပ်အလောင်းများမှာ မီးကျွမ်းထားသောကြောင့် လေယာဉ်မှူး၏ ရုပ်အလောင်းကို ခွဲခြား အတည်ပြု၍ မရသေးဘူးလို့ သိရပါတယ်။
ပစ်ချလိုက်နိုင်သော လေယာဉ်အမျိုးအစားကို အတည်ပြုနိုင်ရန် ကြိုးစားနေဆဲ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
========================
🚩🚩 ၄။ စလင်းမြို့နယ် ဂွေးကုန်းနှင့် စနေချောင်ရွာအတွင်း စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့တဲ့ မိသားစုများအား စားနပ်ရိက္ခာများထောက်ပံ့
စလင်းမြို့နယ် (၁၃) ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ မီးရှို့ခံခဲ့တဲ့ ဂွေးကုန်းကျေးရွာမှ မီးဘေးသင့် အိမ်ခြေ (၂၃၉) စုနှင့် စနေချောင် ကျေးရွာမှ မီးဘေးသင့်အိမ်ခြေ (၃၅) စုတို့အတွက် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဆန်၊ ခေါက်ဆွဲ၊ ကြက်ဥ၊ အသားတု၊ ကုလားပဲ၊ ငပိ စတဲ့ စားနပ်ရိက္ခာများကို ပထမအကြိမ် ကူညီထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ပြည်တွင်းစစ်ကာလအတွင်း ပြည်သူလူထုအနေဖြင့် စစ်ဘေး၏ ဆိုးဝါးလှသည့် ဘေးဒုက္ခများရင်ဆိုင်လျှက်ရှိရာ “ပြည်သူမှာ ပြည်သူပဲရှိသည်” ဟူသော စကားနှင့်အညီ ခက်ခဲသည့်အချိန်များအား စိတ်ဓာတ်ကြံ့ခိုင်စွာဖြင့် ဖြတ်ကျော်နိုင်ရေးအတွက် ဘက်စုံထောင့်စုံမှ ကြိုးပမ်းဆောင်ရွက်လျက် ရှိတယ်လို့ ဖော်ပြထားပါတယ်။
သတင်းပေး/ လှူဒါန်းလိုပါက လုံခြုံရေးအတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း) နှင့် စလင်းမြို့နယ် တိုင်ကြားရေးကော်မတီတို့၏ Telegram channel link များမှတဆင့် ဆက်သွယ်နိုင်တယ်လို့ အသိပေးထားပါတယ်။
========================
🚩🚩 ၅။ ပေါက်မြို့နယ် ကပစ -၂၄ မှ ဒု-တပ်ကြပ်တစ်ဦး နှင့် အတင်းအဓမ္မတပ်သားစုဆောင်းခံရသည့် ခလရ - ၃၁ မှ တပ်သားတစ်ဦးတို့ လက်နက်ခဲယမ်းများနှင့် အသီးသီး အလင်းဝင်
ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အခြေစိုက် ကပစ -၂၄ မှ ဒု-တပ်ကြပ်တစ်ဦးသည် ပခုက္ကူခရိုင်၊ အမှတ် (၅) တပ်ရင်းထံသို့ (၂၀၂၅) ခုနှစ်၊ ဇွန်လ (၃)ရက်နေ့တွင် MA-3 သေနတ် (၂) လက်၊ MG-1 ဗုံးသီး (၁)လုံး၊ 5.56 ကျည် (၂၁၄) တောင့်နှင့် ကျည်ဘောက် (၄)ဘောက်နှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ပခုက္ကူခရိုင်၊ အမှတ် (၅) တပ်ရင်း၊ တပ်ရင်းမှူးမှ ပြည်သူ့ဘက်သို့ ကူးပြောင်းလာခြင်းအတွက် နွေးထွေးစွာ ကြိုဆိုကြောင်းနှင့် ကျန်ရှိနေသောသူများလည်း ပြည်သူ့ဘက်သို့ လက်နက်ခဲယမ်းများဖြင့် အချိန်မီ အလင်းဝင်ရောက်ကြဖို့ သတိပေးပြောကြားခဲ့ပြီး ဂုဏ်ပြုဆုကြေးငွေ သိန်း (၇၀) ကျပ်တိတိကို ချီးမြှင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ ဇွန်လ ၁ ရက်နေ့တွင် ခလရ - ၃၁မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်သား တစ်ဦးသည် ဗျူဟာ - ၃၃ နယ်မြေ၊ ဒေါနတပ်ရင်း၊ တပ်ခွဲ (၄) သို့ လက်နက်ဖြင့် အလင်းဝင်လာခဲ့ကြောင်း Kan Bauk Defense Force မှ သတင်းထုတ်ပြန်ပါတယ်။
အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ကိုယ်ပိုင်အမှတ် ပစ-၁၃၁၇၀၅ သည် ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ညအချိန် အပြင်ထွက်ရင်း ပေါ်တာဆွဲခံရသူ ဖြစ်ကာ စစ်သင်တန်း အပတ်စဉ်(၇) သင်တန်းဆင်းတစ်ယောက်ဖြစ်ပြီး ခေါဇာမြို့နယ်ခွဲ ခလရ ၃၁ တွင် ၇ လခန့် တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။
ညဖက် ကင်းတာဝန်ကျချိန်တွင် ထွက်ပြေးလာခဲ့ပြီး ဒေါနတပ်ခွဲ-၄ သို့ ဆက်သွယ်လာသဖြင့် လမ်းပိုင်းတစ်နေရာမှတဆင့် ဗျူဟာ ၃၃ နယ်မြေအတွင်းသို့ သွားရောက်ခေါ်ဆောင်ပေးခဲ့ကာ MA-1 တစ်လက်၊ ကျည်ဘောက် တစ်ခု ၊ ၅.၅၆ ကျည် ၂၅ တောင့်နှင့်အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့နောက် ဆုကြေးငွေများချီးမြှင့်ခဲ့ပြီး လွတ်မြောက်နယ်မြေတစ်နေရာသို့ ဘေးကင်းစွာ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၆။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၃၀၉) ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် (၇၂) ဦး ပါဝင်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ (၂၀၂၅) ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ ဇွန်လ (၁၁) ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၃၀၉) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် (၁၈) နှစ်အောက် ကလေးငယ် (၇၂) ဦး ပါဝင်တယ်လို့ ဖော်ပြပါတယ်။
အဆိုပါ သေဆုံးသူများအနက် စစ်ကိုင်းတိုင်းမှာ (၁၀၂) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး၊ (၂၄၂) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ရပါတယ်။
ဇွန်လ (၇) ရက်နေ့၊ ည (၇) နာရီကျော်ခန့်အချိန်တွင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ပေါက်ကုန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲခဲ့သောကြောင့် ကျေးရွာအတွင်းရှိ လူနေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး မမိုးလင်းသူကို ဗုံးစထိမှန်၍ နေရာတွင် သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment