13 Jul 2025 - (Ethnic language program-CHO_MΓΌn) by Radio NUG


πŸ“Œ (ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၅ ဇူα€œိုင်α€œ ( ၁၃ ) α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား


πŸ“ŒπŸ“Œ ၁။ α€”ိုင်ငံα€›ေးα€šα€‰်α€€ျေးα€™ှု α€€ိုင်α€…ွဲထားα€€ြα€–ို့ ချင်းတော်α€œှα€”်α€›ေးထင်ထားα€…ု ၃ ခုα€€ို NUG α€šာα€šီα€žα€™္မတ တိုα€€်တွα€”်း

 

ချင်းတော်α€œှα€”်α€›ေး α€œα€€်α€”၊α€€်α€€ိုင်တွေα€–ြα€…်တဲ့ Chin National Defense Force – CNDF, Chin National Front/ Chin National Army (CNF/CNA) α€”ဲ့ Chinland Defense Force - Hualngoram တို့ထကြား α€”ှα€…်α€˜α€€်ပ၊α€…်ခတ်α€™ှုα€”ဲ့ α€…α€…်α€›ေးတင်းα€™ာα€™ှုတွေ ဆက်တိုα€€်α€–ြα€…်ပွားα€”ေတာα€”ဲ့ ပတ်α€žα€€်α€œို့ α€”ိုင်ငံα€›ေး α€…ားပွဲဝိုင်းα€™ှာα€žာ α€Šှိα€”ှိုင်းထဖြေα€›ှာα€€ြα€–ို့ NUG α€šာα€šီα€žα€™္မတ Duwa Lashi La α€€ ဇူα€œိုင် ၉ α€›α€€်α€”ေ့ တိုα€€်တွα€”်းα€œိုα€€်ပါα€α€š်။

 

တော်α€œှα€”်α€›ေးထင်ထားα€…ုα€™ျားα€€ြား ပဋိပက္ခ၊ မတူα€€ွဲပြားတဲ့ α€žα€˜ောထားထမြင် ပေါ်ပေါα€€်α€œာရင် α€œα€€်α€”၊α€€်α€”ဲ့ α€™α€–ြေα€›ှင်းα€˜ဲ ငြိα€™်းချα€™်းα€…ွာ ဆွေးα€”ွေးထဖြေα€›ှာတဲ့ α€”ိုင်ငံα€›ေးα€šα€‰်α€€ျေးα€™ှုα€€ို α€€ိုင်α€…ွဲထားα€™ှ တော်α€œှα€”်α€›ေးပန်းတိုင် ထရောα€€်α€œှα€™်းα€”ိုင်α€™α€š်α€œို့ α€–ော်ပြထားပါα€α€š်။

 

ထမျိုးα€žားα€Šီα€Šွတ်α€›ေးထတိုင်ပင်ခံα€€ောင်α€…ီ - NUCC α€€α€œα€Š်း ချင်းတော်α€œှα€”်α€›ေးထင်ထားα€…ုထချင်းချင်α€€ြား α€œα€€်α€”α€€်α€”ဲ့α€–ြေα€›ှင်းα€™ှုα€€ိုထမြα€”်ဆုံးရပ်တန့်ပြီး α€”ိုင်ငံα€›ေး α€”α€Š်းα€œα€™်းα€”ဲ့ ဆွေးα€”ွေးထဖြေα€›ှာα€€ြα€–ို့ တိုα€€်တွα€”်းထားပြီး NUCC α€€ ပါဝင်α€€ူα€Šီဆောင်α€›ွα€€်ပေးα€–ို့ α€‘α€žα€„့်α€›ှိα€€ြောင်း ဇူα€œိုင် ၈ α€›α€€်α€”ေ့ α€€ြေα€Šာပါα€α€š်။

 

၂၀၂၅ ဇူα€œိုင်α€œ ပထမထပတ်စတင်တဲ့ α€–α€œα€™်းα€™ြို့α€”α€š်ထဲ CNO/CNDF α€”ဲ့ HPO/CDF-Hualngoram ထကြား α€”ှα€…်α€˜α€€်ပစ်ခတ်α€™ှုα€€ြောင့် ပြα€Š်α€žူ ၃,၀၀၀ ဝန်းα€€ျင် α€™ီဇိုα€›α€™်ပြα€Š်α€”α€š်α€˜α€€် ထွα€€်ပြေးတိα€™်းα€›ှောင်α€”ေရပါα€α€š်။ 

 

========================

 

πŸ“ŒπŸ“Œ ၂။ α€™ူးα€šα€…်ဆေးဝါး α€€ုα€”်α€žွα€š်α€žူတွေα€€ို α€–α€™်းဆီးပြီး NUG - MOD α€œα€€်ထဲထပ်α€™α€š်α€œို့ α€šα€„်းα€™ာပင်ခရိုင် တပ်ရင်း ၁၄၊ ၁၅ ပြော

 

Chinland Defense Force – Hakha α€€ PDF ၃ ဦးထပါထဝင် α€šာဉ်α€”ောα€€်α€œိုα€€် ၂ ဦးα€€ို α€™ူးα€šα€…်ဆေးဝါးα€”ဲ့ထတူ α€–α€™်းဆီးα€›α€™ိတဲ့α€žα€α€„်းα€”ဲ့ ပတ်α€žα€€်α€œို့ α€šα€„်းα€™ာပင်ခရိုင်တပ်ရင်းထမှတ် ၁၄၊ ၁၅ α€˜α€€်α€€ ဇူα€œိုင် ၁၀ α€›α€€်α€”ေ့ α€Šα€•ိုင်း ထုတ်ပြα€”်ချα€€် တခုα€€ြေα€Šာα€œာပါα€α€š်။

 

တပ်ရင်း ၁၅ α€™ှ α€€ျα€”ော် α€€ိုα€–ိုးα€žောင်းα€œα€€်α€™ှတ်α€–ြင့် α€›ဲα€˜ော် ၄ α€šောα€€်၊ Gun ၂ α€œα€€်၊ α€€ား ၂ α€…ီးα€–ြင့် α€–ောα€€်ခွဲα€›ေးα€šα€™်းα€™ျား α€žα€š်α€šူα€›α€”်ထတွα€€် ထောα€€်ခံα€…ာ‌ ပေးထပ်ခဲ့α€žα€Š်α€™ှာ α€™ှα€”်α€€α€”်ခြင်းα€›ှိပါα€žα€Š်။α€œို့ တပ်ရင်းα€˜α€€်α€€ ထုတ်ပြα€”်ပါα€α€š်။

 

α€™ူးα€šα€…်ဆေးဝါးα€žα€š်ဆောင်တာα€Ÿာ တပ်ရင်းα€”ဲ့ α€™α€žα€€်ဆိုင်α€˜ဲ α€›ဲα€˜ော်တွေα€›ဲ့ ပုဂ္α€‚α€œိα€€ α€œုပ်ရပ်α€žာα€–ြα€…်α€α€š်α€œို့α€œα€Š်း ဆိုပါα€α€š်။ ထဖွဲ့ထတွင်း α€…ုံα€…α€™်းα€…α€…်ဆေးα€›ေးα€œုပ်ငန်းစဉ် စတင်ဆောင်α€›ွα€€်α€”ေα€žα€œို ထွα€€်ပြေးα€œွတ်α€™ြောα€€်တဲ့α€›ဲα€˜ော် ၂ ဦးα€€ို α€œိုα€€်α€œံα€–α€™်းဆီးပြီး NUG - MOD α€œα€€်ထဲ ထပ်α€”ှံα€™α€š်α€œို့ ထုတ်ပြα€”်ချα€€်α€™ှာ α€–ော်ပြပါα€α€š်။

 

α€šα€„်းα€™ာပင်ခရိုင်ထမှတ် ၁၅ တပ်ရင်းα€™ှူး ထောα€€်ခံα€…ာα€”ဲ့ထတူ α€–α€œα€™်းα€™ြို့α€”α€š်၊ α€—ားα€›်တံတားα€˜α€€် α€žα€š်ဆောင်α€™α€š့် α€…ိတ်α€€ြွဆေးပြား ၃ α€žα€”်းဝန်းα€€ျင်၊ α€˜ိα€”်းα€–ြူ ၁၁၀ α€€ီα€œိုဂရမ်ခန့်၊ α€™ောင်းပြα€”်α€žေနတ် ၂ α€œα€€်၊ Mini Starlink ၂ ခုတို့α€”ဲ့ထတူ PDF α€›ဲα€˜ော် ၃ ဦး၊ α€šာα€₯်α€™ောင်း ၁ ဦးα€”ဲ့ α€…α€•α€š်α€šာ ၁ ဦးတို့α€€ို Chinland Defense Force – Hakha α€€ α€Ÿားခါးα€™ြို့α€”α€š်ထတွင်း ဇူα€œိုင်α€œ ၈ α€›α€€်α€”ေ့ α€–α€™်းဆီးα€›α€™ိခဲ့တာပါ။

 

α€–α€™်းဆီးတဲ့ α€™ူးα€šα€…်ဆေးဝါးα€”ဲ့ α€…ိတ်α€€ိုပြောင်းα€œဲα€…ေတဲ့ ဆေးဝါးထားα€œုံးα€€ို α€™ီးα€›ှို့α€–ျα€€်ဆီးခဲ့α€žα€œို α€–α€™်းဆီးထားα€žူတွေα€€ိုα€œα€Š်း တရားα€₯ပဒေထတိုင်း ထရေးα€šူဆောင်α€›ွα€€်α€žွားα€™α€š်α€œို့ Chinland Defense Force – Hakha α€€ ထုတ်ပြα€”်ထားပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၃။ α€…α€…်α€•α€Šာα€žα€„်တန်းထပတ်စဉ် ၂ ပြီးα€…ီးα€α€š်α€œို့ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ - α€€α€”်ပက်α€œα€€် ထုတ်ပြα€”်

 

 

α€…α€…်α€…α€Š်းα€€α€™်းပြα€Š့်ဝတဲ့ α€…α€…်α€žားα€€ောင်းပေါ်ပေါα€€်α€œာα€…ေα€–ို့α€”ဲ့ ထိα€™်α€”ီးချင်း α€™ိတ်α€–α€€်α€™α€Ÿာα€™ိတ်တပ်α€–ွဲ့တွေα€”ဲ့ထတူ ထဖိα€”ှိပ်ခံပြα€Š်α€žူတရပ်α€œုံး α€œွတ်α€™ြောα€€်တဲ့ထထိ ချင်းα€Šီα€”ောင်α€”ဲ့ထတူ တိုα€€်ပွဲဝင်α€žွားα€™α€š်α€œို့ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ - α€€α€”်ပက်α€œα€€်α€€ ဇူα€œိုင် ၈ α€›α€€်α€”ေ့ ထုတ်ပြα€”်ပါα€α€š်။

 

ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ - α€€α€”်ပက်α€œα€€်α€›ဲ့ ထခြေခံα€…α€…်α€•α€Šာα€žα€„်တန်းထပတ်စဉ် ၂ ဆင်းပွဲα€”ဲ့ထတူ ထခုα€œို ထုတ်ပြα€”်တာပါ။

 

α€€ျင်α€’ွေးα€™ြို့α€”ဲ့ α€€α€”်ပက်α€œα€€်α€™ြို့α€”α€š်ထတွင်းα€›ှိ α€‘α€žα€€် ၁၈ α€”ှα€…်ထထက် α€œူα€„α€š်α€™ောင်α€™α€š်ထားα€œုံး ထမျိုးα€žားα€›ေးတာဝန်α€€ို α€›ှောင်α€œွှဲခြင်းမပြုα€€ြα€–ို့α€”ဲ့ α€œာα€™α€š့် ထခြေခံα€…α€…်α€•α€Šာα€žα€„်တန်းထပတ်စဉ် ၃ α€™ှာ တက်α€€ြွα€…ွာ ပူးပေါင်းပါဝင်တက်α€›ောα€€်ပေးα€€ြα€–ို့α€œα€Š်း α€–ိတ်ခေါ်ထားပါα€α€š်။

 

ထပတ်စဉ် ၂ ထခြေခံα€…α€…်α€•α€Šာα€žα€„်တန်း ပြီးα€™ြောα€€်α€”ိုင်α€›ေးထတွα€€် ပံ့ပိုးα€€ူα€Šီပေးတဲ့ α€™α€Ÿာα€™ိတ် α€›α€€္ခိုင်ထမျိုးα€žားထဖွဲ့ချုပ်/ ထာα€›α€€္ခတပ်တော် (ULA/AA) α€”ဲ့ ပြα€Š်တွင်းပြα€Š်ပ α€›ောα€€်α€›ှိα€”ေα€€ြတဲ့ ထောα€€်ပို့ပြα€Š်α€žူα€™ျားထားα€œုံးα€€ို ထထူးα€€ျေးဇူးတင်တဲ့ထကြောင်း ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ - α€€α€”်ပက်α€œα€€်α€€ ထုတ်ပြα€”်ပါα€α€š်။


#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment