၂၀၂၅ ဇူလိုင်လ ၁၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ တအာင်းပြည်ကောင်စီ (TLC) နဲ့ မန္တလေးဒေသ ကြားကာလ နိုင်ငံရေး အစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက် ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီတို့ တွေ့ဆုံဆွေးနွေး
📌 ၂။ လွတ်လပ်သော CDM နိုင်ငံဝန်ထမ်းထု အဖွဲ့အစည်း ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းပြီးကြောင်း ထုတ်ပြန်
📌 ၃။ စစ်ကောင်စီမှ အတုအယောင်ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်ခြင်းသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မတရားရယူရန် ကြိုးစားခြင်းဖြစ်ကြောင်း တအာင်း(ပလောင်)အမျိုးသားပါတီ ကန့်ကွက်ရှုတ်ချ
📌 ၄။ ၆လအတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် အရပ်သားပြည်သူ ၂၈၀၀ကျော် ဖမ်းခံရ၊ ပြည်ပတွင် မြန်မာနိုင်ငံသား ၆၁၀၀ကျော် ဖမ်းခံရ၊ လက်နက်ကြီးနှင့် ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ၃၂၄ဦး သေဆုံး
📌 ၅။ CDF Hakha မှ မူးယစ်ဆေးဝါးသယ်ယူလာသူများအား ဖမ်းဆီးစဉ် ထွက်ပြေးသွားတဲ့ ကျော်မင်းဇော် (ခ) ပုတီး လာရောက်အဖမ်းခံ
📌 ၆။ စာရေးဆရာ မောင်သာချို နာရေး ရေဝေးသုသာန်တွင် ပြုလုပ်ပြီးစီး
========================
၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ‘သက်ရှိစည်းရိုး’ ဝါဒဖြန့်ဇာတ်ကား ရိုက်ကူးခဲ့ရာ ဥကရစ်ထ စခန်းအား KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်
🚩 ၂။ နေပြည်တော်၊ သာဝတ္ထိမြို့ ရဲစခန်းကို 79mm ထောက်ပြောင်းရှော့တိုက် ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်
🚩 ၃။ မြင်းမူမြို့နယ်၊ ကိုးဆူဘုရားမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို သွားရောက်တိုက်ခိုက်ခဲ့ရာ ၃ ဦး ဒဏ်ရာရ
🚩 ၄။ ဖားကန့်တွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု များပြား
🚩 ၅။ ကျုံဒိုးမှာ စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသမီး ၁ ဦး နှလုံးဖောက် သေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ တအာင်းပြည်ကောင်စီ (TLC) နဲ့ မန္တလေးဒေသ ကြားကာလ နိုင်ငံရေး အစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက် ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီတို့ တွေ့ဆုံဆွေးနွေး
ဇူလိုင်လ ၁၂ ရက်၊
Radio NUG
တအာင်းပြည်ကောင်စီ (TLC) နဲ့ မန္တလေးဒေသ ကြားကာလ နိုင်ငံရေး အစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက် ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီတို့ ဇူလိုင်လ ၁၂ ရက်နေ့မှာ ZOOM Platform ကနေတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
၎င်း တွေ့ဆုံမှုတွင် တအာင်းပြည်ကောင်စီမှ ကောင်စီဝင်များ၊ ရုံးအဖွဲ့ဝင်များ၊ မန္တလေးဒေသ မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ပထမဦးစွာ တအာင်းပြည်ကောင်စီမှ တအာင်းနိုင်ငံရေး အတိုင်ပင်ခံ ကော်မတီ TPCC ဖြစ်ပေါ်လာပုံ၊ TPCC မှ TLC သို့ ပြောင်းလဲဖွဲ့စည်းမှုများနှင့် တအာင်းပြည် တော်လှန်ရေးကာလ အစိုးရအစီအမံ ရေးဆွဲမှုများအား မျှဝေ ဆွေးနွေးခဲ့ကြပြီး ပြန်လည်မေးမြန်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ထို့နောက် မန္တလေးဒေသ မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီက မန္တလေးဒေသ ကြားကာလ နိုင်ငံရေး အစီအမံ မူကြမ်းရေးဆွဲရေး လုပ်ငန်းစဉ်နှင့်တကွ ရေးဆွဲထားတဲ့ မူကြမ်းကို မျှဝေဆွေးနွေးခဲ့ရာ TLC ဘက်မှလည်း မေးမြန်း ဆွေးနွေးခြင်း၊ အကြံပြုခြင်း၊ ဆွေးနွေးဖလှယ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။
========================
📌📌 ၂။ လွတ်လပ်သော CDM နိုင်ငံဝန်ထမ်းထု အဖွဲ့အစည်း ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းပြီးကြောင်း ထုတ်ပြန်
ဇူလိုင်လ ၁၂ ရက်၊
Radio NUG
ဒုတိယအကြိမ် CDM နိုင်ငံဝန်ထမ်းထု ညီလာခံမှ လမ်းညွှန်ချက်အတိုင်း လွတ်လပ်သော CDM နိုင်ငံဝန်ထမ်းထု အဖွဲ့အစည်း ဖွဲ့စည်းနိုင်ရန်နှင့် ညီလာခံ ရလဒ်များကို အကောင်အထည်ဖော်ရန် အလို့ငှာ “လွတ်လပ်သော CDM နိုင်ငံ့ဝန်ထမ်းထု အဖွဲ့အစည်း” ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ထားပါတယ်။
ယခုကော်မတီကို အခန်းကဏ္ဍအသီးသီးမှ CDM နိုင်ငံဝန်ထမ်း ကိုယ်စားလှယ်များအား ဖိတ်ခေါ်ခဲ့ကာ အဖွဲ့ဝင် (၅၀) ဦး၊ CDM နိုင်ငံဝန်ထမ်း ကိုယ်စားလှယ် အားလုံးရဲ့ ၆၀% ဖြင့် စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး လုပ်ငန်းများကို စတင်ဖော်ဆောင်နေပြီလို့ သိရပါတယ်။
ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်မှုမှာ ကျန်ရှိနေတဲ့ ကိုယ်စားပြု ကဏ္ဍများအား ဆက်လက်ဖိတ်ခေါ် နိုင်ရေးနှင့် အလွှာစုံ၊ ကဏ္ဍစုံမှ ပါဝင်လာနိုင်ရေးကို စည်းရုံးနှိုးဆော်ခဲ့ပြီး CDM အားလုံးပါဝင်သော ကိုယ်စားပြုမှု တစ်ခု ဖြစ်လာစေရန် CDM Success Committee နှင့်လည်း တွေ့ဆုံကာ ဆွေးနွေးပူးပေါင်း ဆောင်ရွက်မှုများကို အရှိန်မြှင့် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဖြစ်မြောက်ရေး ကော်မတီကို စတင်ဖွဲ့စည်းပြီးချိန်မှစ ဒုတိယအကြိမ် ညီလာခံမှ တာဝန်ပေးအပ်ထားတဲ့ လုပ်ငန်း (၈) ခုကို အချိန်တိုအတွင်း ပြီးမြောက်အောင်မြင်အောင် အလုပ်အဖွဲ့များခွဲကာ ဆောင်ရွက်နေပြီး လတ်တလော လိုအပ်တဲ့ အဖွဲ့အစည်း မပေါ်ခင်စပ်ကြား CDM နိုင်ငံဝန်ထမ်းထု အကျိုးကို ကာကွယ်ခြင်းကဲ့သို့သော ကဏ္ဍများအတွက် သက်ဆိုင်ရာ တော်လှန်ရေး အဖွဲ့အစည်းများ၊ အစိုးရ အဖွဲ့အစည်းများနဲ့ ချိတ်ဆက်ပြီး ကူညီဆောင်ရွက်နိုင်ဖို့ ကြိုးစားလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် ဒေသအသီးသီးမှာ CDM နိုင်ငံဝန်ထမ်းများရဲ့ စုစည်းမှုများ ပေါ်ပေါက်လာစေရန်၊ ရှိပြီးသား စုဖွဲ့မှုများ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ပြီး တိုင်း နှင့် ပြည်နယ် အသီးသီးရှိ CDM နိုင်ငံဝန်ထမ်း ကော်မတီများ၊ အဖွဲ့အစည်းများနဲ့ တွေ့ဆုံကာ ကူညီပံ့ပိုးမှုများ ဆောင်ရွက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
ကော်မတီအနေဖြင့် တတိယအကြိမ် CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းမှာ ခေါ်ယူဆောင်ရွက်နိုင်ဖို့ ကြိုးစားအားထုတ်လျက်ရှိပြီး အဆိုပါ ညီလာခံမှာ “လွတ်လပ်သော CDM နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်း” ကို ဖွဲ့စည်းနိုင်ဖို့ ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်တာကြောင့် CDM နိုင်ငံဝန်ထမ်းများ အနေဖြင့် ပူးပေါင်းပါဝင် ပေးကြဖို့ကို ဖိတ်ခေါ်ထားပါတယ်။
========================
📌📌 ၃။ စစ်ကောင်စီမှ အတုအယောင်ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်ခြင်းသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မတရားရယူရန် ကြိုးစားခြင်းဖြစ်ကြောင်း တအာင်း(ပလောင်)အမျိုးသားပါတီ ကန့်ကွက်ရှုတ်ချ
ဇူလိုင်လ ၁၂ရက်
Radio NUG
စစ်ကောင်စီမှ အတုအယောင်ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်ဖန်တီးပြုလုပ်ခြင်းသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မတရားရယူရန် ကြိုးစားခြင်းသာ ဖြစ်တာကြောင့် ကန့်ကွက်ရှုတ်ချကြောင်း တအာင်းပြည်လွတ်မြောက်နယ်မြေ တစ်နေရာတွင် ကျင်းပခဲ့တဲ့ တအာင်း(ပလောင်)အမျိုးသားပါတီ (၆)လပတ် ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေးမှာ သတင်းထုတ်ပြန်ပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ ကျင်းပခဲ့တဲ့ ဟန်ပြငြိမ်းချမ်းရေးဖိုရမ် (Peace Forum) သည် မြန်မာပြည်၏ ပဋိပက္ခကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။
ထို့အပြင် စစ်ကောင်စီ၏ လူသားမဆန်သော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ၊ အကြမ်းဖက်လုပ်ရပ်တို့ကို ကန့်ကွက်ပြီး နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ထို ကျူးလွန်မှုများအပေါ် အမြန်ဆုံးတားဆီးအရေးယူနိုင်ရန် တိုက်တွန်းထားပါတယ်။
တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ-TPCC မှ တအာင်းပြည်ကောင်စီ-TLC ပြောင်းလဲဖွဲ့ စည်းခြင်းအပေါ် ကြိုဆိုထောက်ခံပြီး တအာင်းပြည်ကောင်စီ - TLC မှ ဦးဆောင်အကောင်အထည်ဖော်မည့် “တအာင်းပြည်တော်လှန်ရေးကာလအစိုးရအစီအမံ”တွင် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
တအာင်း(ပလောင်)အမျိုးသားပါတီအနေဖြင့် ဘုံရန်သူဖြစ်သည့် အာဏာရှင်စနစ်ကို အမြစ်ဖြတ်၍ မြန်မာပြည်တော်လှန်ရေး၏ အန္တိမပန်းတိုင်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ထားပါတယ်။
ဇွန်လ ၂၇ရက်မှ၂၉ရက်အထိ (၃)ရက်ကြာ ကျင်းပခဲ့တဲ့ တအာင်း(ပလောင်)အမျိုးသားပါတီ (၆)လပတ် ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေးကို ပါတီ ဗဟိုကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် လေ့လာသူများ စုစုပေါင်း (၆၀) ဦး တက်ရောက်ခဲ့ကြပြီး ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၊ ပါတီ လက်စွဲတို့ကို သုံးသပ်ပြင်ဆင်ဖြည့်စွက်ခဲ့ကြသည့်အပြင် အတည်ပြုချက်များ၊ မှတ်တမ်းတင်ခြင်းများနှင့် ရှေ့လုပ်ငန်းစဉ်အသီးသီးတို့ ချမှတ်နိုင်ခဲ့ကြတယ်လို့ သိရပါတယ်။
========================
📌📌 ၄။ ၆လအတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် အရပ်သားပြည်သူ ၂၈၀၀ကျော် ဖမ်းခံရ၊ ပြည်ပတွင် မြန်မာနိုင်ငံသား ၆၁၀၀ကျော် ဖမ်းခံရ၊ လက်နက်ကြီးနှင့် ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ၃၂၄ဦး သေဆုံး
ဇူလိုင်လ ၁၂ရက်
Radio NUG
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအတွင်း အရပ်သားပြည်သူ (၂,၈၇၆)ဦးကို ဖမ်းဆီးခဲ့ကြောင်း Spring Revolution Database မှ သတင်းထုတ်ပြန်ပါတယ်။
ကျေးရွာတွင် ဖမ်းဆီးခံရသူ (၁,၃၀၆)ဦး၊ မြို့ပြတွင် ဖမ်းဆီးခံရသူ (၁,၂၉၈)ဦး၊ လမ်းခရီး တစ်နေရာတွင် ဖမ်းဆီးခံရသူ (၂၆၀) ဦးနှင့် လမ်းခရီးတွင် ဖမ်းဆီးပေါ်တာဆွဲခံရသူ (၁၂) ဦးတို့ ရှိတယ်လို့ သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်သည် နေ့ခင်းအချိန်တွင် အရပ်သားပြည်သူ (၂,၆၃၃) ဦးနှင့် ညအချိန်တွင် (၂၄၃) ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြပါတယ်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို ရှောင်တိမ်းရန်နှင့် အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေရန်အတွက် ဒေသတွင်းနိုင်ငံများသို့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား (၆,၁၇၅) ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ အသိပေးထားပါတယ်။
တရုတ်နိုင်ငံ၌ (၁) ဦး၊ ထိုင်းနိုင်ငံတွင် (၃,၁၇၇) ဦး၊ မလေးရှားတွင် (၂,၉၄၄)ဦးနှင့် အိန္ဒိယတွင် (၅၃) ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ထို့အတူ အကြမ်းဖက်စစ်ကောင်စီ၏ နှိပ်စက်သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ (၁၇) ဦး သေဆုံးခဲ့ရပြီး အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ (၈၃) ဦး သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အလားတူ အကြမ်းဖက်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်မှုကြောင့် အရပ်သားပြည်သူ (၁၆၀) ဦး သေဆုံးခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ၏ နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ (၁)ဦးနှင့် နိုင်ငံရေးအကျဥ်းသား (၆၃) ဦး အပါအဝင် စုစုပေါင်း (၆၄) ဦး အကျဉ်းထောင်အတွင်း သေဆုံးခဲ့ရတယ်လို့ အသိပေးထားပါတယ်။
========================
📌📌 ၅။ CDF Hakha မှ မူးယစ်ဆေးဝါးသယ်ယူလာသူများအား ဖမ်းဆီးစဉ် ထွက်ပြေးသွားတဲ့ ကျော်မင်းဇော် (ခ) ပုတီး လာရောက်အဖမ်းခံ
ဇူလိုင်လ ၁၂ ရက်
Radio NUG
CDF Hakha မှ မူးယစ်ဆေးဝါးသယ်ယူလာသူများအား ဖမ်းဆီးစဉ် ထွက်ပြေးသွားတဲ့ ကျော်မင်းဇော် (ခ) ပုတီးသည် ဇူလိုင်လ ၁၂ရက်နေ့၊ နေ့လယ် ၃နာရီ ၄၀မိနစ် အချိန်တွင် ဆားလင်းကြီးမြို့နယ် ပကဖ ဒုတာဝန်ခံ ကိုဖိုးလုံးထံ ဆက်သွယ်၍ လာရောက်အဖမ်းခံခဲ့ကြောင်း Salingyi Special Task Force မှ သတင်းထုတ်ပြန်ပါတယ်။
၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ရက်စွဲဖြင့် Chinland Defense Foce - Hakha မှ ထုတ်ပြန်တဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၅) တပ်ရင်းမှူး လက်မှတ်ထိုးထားသော ထောက်ခံစာအား အလွဲသုံးစားလုပ်ကာ မူးယစ်ဆေးဝါးသယ်ယူသည့်ပြစ်မှုကို စစ်ဆေးစုံစမ်းမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။
========================
📌📌 ၆။ စာရေးဆရာ မောင်သာချို နာရေး ရေဝေးသုသာန်တွင် ပြုလုပ်ပြီးစီး
ဇူလိုင်လ ၁၂ ရက်
Radio NUG
မြန်မာစာပေလောကတွင် ထင်ရှားသည့် စာရေးဆရာနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း မောင်သာချို၏ နာရေးအခမ်းအနားကို ဇူလိုင်လ ၁၂ရက်နေ့မှာ ရန်ကုန်မြို့၊ ရေဝေးသုသာန်တွင် ကျင်းပခဲ့တယ်လို့ သိရပါတယ်။
မနက်ပိုင်းမှစပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့သော်လည်း၊ နေ့လယ် ၃ နာရီခန့်တွင် ကျင်းပသည့် နာရေးအခမ်းအနားသို့ လာရောက်နှုတ်ဆက်သူများသည် ခန်းမဆောင် (၁/က) အပြည့်အသိပ် ရှိသည့်အပြင် စင်္ကြန်လမ်းတစ်လျှောက်တွင်လည်း လူအများ စည်ကားစွာ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။
ဆရာ မောင်သာချိုသည် ဇူလိုင် ၁၀ ရက် မနက်ပိုင်းတွင် ပင်လုံဆေးရုံ၌ အသက် ၆၈ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ပြီး အကျဉ်းကျနေစဉ်ကာလအတွင်း ကင်ဆာရောဂါစတင်ခံစားခဲ့ရသော်လည်း ထောင်တွင်း၌ လုံလောက်သော ဆေးကုသမှုမရရှိခဲ့မှုကြောင့် ထောင်မှ လွတ်မြောက်ပြီးနောက် ဆေးကုသမှုကို ကာလရှည် ဆက်လက်ခံယူခဲ့ရတယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများနှင့်အတူ ဆရာ မောင်သာချိုကိုလည်း ၂၀၁၇ ခုနှစ်က 7 Day News ဂျာနယ်တွင် ရေးသားခဲ့သည့် ဆောင်းပါးတစ်ပုဒ်ကို အကြောင်းပြပြီး နိုင်ငံဆူပူအောင်လှုံ့ဆော်မှုဖြင့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ကာ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် ပြန်လွတ်မြောက်လာခဲ့ပါတယ်။
ဆရာ မောင်သာချို၏ "သမီးဖတ်ဖို့" အက်ဆေးများ၊ ဂျက်ကွမ်းခြံကုန်း ကလောင်ခွဲဖြင့် ရေးသားခဲ့တဲ့ သရော်စာများမှာ ထင်ရှားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ‘သက်ရှိစည်းရိုး’ ဝါဒဖြန့်ဇာတ်ကား ရိုက်ကူးခဲ့ရာ ဥကရစ်ထ စခန်းအား KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်
ဇူလိုင်လ ၁၂ ရက်၊
Radio NUG
ထိုင်း-မြန်မာ နယ်စပ်၊ ဝေါလေ-မြဝတီ လမ်းပိုင်း၊ ဥကရစ်ထ ကျေးရွာရှိ စစ်ကောင်စီရဲ့ ပင်မထောက်ပို့ တပ်စခန်းကို ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA နဲ့ ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ကရင့်အမျိုးသား အလံတော်ကို လွှင့်ထူခဲ့တယ်လို့ Cobra Column 2 VENOM က ထုတ်ပြန်ထားပါတယ်။
ဥကရစ်ထ စခန်းဟာ စစ်ကာင်စီရဲ့ ‘သက်ရှိစည်းရိုး’ အမည်ရှိ ဝါဒဖြန့် ဇာတ်ကား ရိုက်ကူးခဲ့ရာ နာမည်ကြီး စစ်ခန်း တစ်ခု ဖြစ်ပြီး ဇူလိုင်လ ၁၂ ရက်၊ နေ့လယ် ၁၂ နာရီခန့်မှာ KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့မှ စတင်ပြီး ဒရုန်းတပ်ဖွဲ့များနဲ့ မြေပြင်စစ်ကြောင်းများက ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြရာမှ စစ်ကောင်စီ တပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ကြတာလို့ ဆိုပါတယ်။
ထိုင်းသတင်းဌာန AEC ရဲ့ ဖော်ပြထားချက်အရ KNLA တပ်ဖွဲ့များရဲ့ အပြင်းအထန် တိုက်ခိုက်မှုကို မခုခံနိုင်တော့တာကြောင့် စစ်ကောင်စီတပ်သား ၁၀၀ ကျော်ဟာ ထိုင်းဘက်ကို ထွက်ပြေးလာခဲ့ပြီး ၎င်းတို့ကို ထိုင်းစစ်တပ်က လုံခြုံရေးအရ စစ်ဆေးခြင်း၊ ဒဏ်ရာရသူများကို ဆေးကုသပေးခြင်းနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းစဉ်အရ လက်ခံပေးထားတယ်လို့ ဖော်ပြထားပါတယ်။
ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲတွင် ဗိုလ်ဒါဘော ဦးဆောင်တဲ့ ဗျူဟာ (၃၂)၊ KNLA တပ်ပေါင်းစု၊ Cobra Column 2 VENOM စစ်ကြောင်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
စခန်းအတွင်း လက်နက် အများအပြားကို သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီ တပ်သားများရဲ့ အလောင်းတချို့ကိုလညိး တွေ့ရှိခဲ့ရတယ်လို့ VENOM စစ်ကြောင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
========================
🚩🚩 ၂။ နေပြည်တော်၊ သာဝတ္ထိမြို့ ရဲစခန်းကို 79mm ထောက်ပြောင်းရှော့တိုက် ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်
ဇူလိုင်လ ၁၂ ရက်၊
Radio NUG
နေပြည်တော်ကောင်စီ နယ်မြေ၊ သာဝတ္ထိမြို့မ ရဲစခန်းကို 79mm (၄၀ မမ) ထောက်ပြောင်းရှော့တိုက် ဗုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စခန်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ Black leopard UG အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၁၀ ရက်နေ့ ည ၇ နာရီ ၅၅ မိနစ်မှာ သာဝတ္ထိရဲစခန်းကို 79(40) mm ထောက်ပြောင်းရှော့တိုက် ၁၀ လုံးဖြင့် ပစ်တ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲစခန်းဝင်းအတွင်း ၉ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
၎င်းရဲစခန်းဟာ စစ်ကောင်စီတပ်ရဲ့ အရေးပါတဲ့ အချက်အချာ နေရာတစ်ခုဖြစ်ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိခဲ့ပေမယ့် အရေအတွက်ကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို 31 UG ရဲ့ ပံ့ပိုးမှုဖြင့် Black leopard UG က ဆောင်ရွက်ခဲ့တာဖြစ်ပြီး စစ်ဆင်ရေးများ ဆက်လက် လုပ်ဆောင်နိုင်ဖို့ လက်နက်ခဲယမ်း ဖြည့်တင်းနိုင်ရန် ပြည်သူများက ဝန်းရံပေးကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။
========================
🚩🚩 ၃။ မြင်းမူမြို့နယ်၊ ကိုးဆူဘုရားမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို သွားရောက်တိုက်ခိုက်ခဲ့ရာ ၃ ဦး ဒဏ်ရာရ
ဇူလိုင်လ ၁၂ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ အလ္လကပ္ပ ကျေးရွာ၊ ကိုးဆူဘုရားမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို သွားရောက် တိုက်ခိုက်ခဲ့ရာ ၃ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့တယ်လို့ Black Eagle Defence Force (MMU) က ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၁၁ ရက်နေ့ မနက် ၁၀ နာရီ ၁၅ မိနစ်ခန့်မှာ ဒို့မြန်မာကျော်နဲ့ မြောင်လမ်းခွဲ စစ်ကောင်စီ တပ်စခန်းကနေ ကိုးဆူဘုရားကို ရောက်နေတဲ့ စစ်ကောင်စီ တပ်အင်အား ၂၀ ခန့်ကို 40mm ဗုံးသီး ၁ လုံး၊ လက်နက်ငယ်များဖြင့် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ကျန်စစ်သားများ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် အိမ်စီးကား ၅ စီးဖြင့် အလ္လကပ္ပရွာ တောင်ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီ အင်အား (၅၀) ခန့်အား ပဒေသာမိုင်း ၃ လုံး ပွိုင့် ၂ ပွိုင့်၊ ၄ လုံး ပွိုင့်တို့ဖြင့် အသင့်စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့ကာ ၄၀ မမ ဗုံးသီး ၃ လုံး၊ လက်နက်ငယ်များဖြင့် အနီးကပ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
၎င်းတိုက်ခိုက်မှုများကို မြင်းမူမြို့နယ် ပကဖ မှ ဦးဆောင်ပြီး Black Eagle Defence Force (MMU)၊ အလ္လကပ္ပ တိုက်နယ် ပကဖ ၊ မြင်းမူမြို့နယ် ပလဖ ၊ ရေနဂါး (ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး)၊ တိုက်ဂါးလေး TGR (မြောင်) နဲ့ ဒေသခံ တော်လှန်ရေး အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၄။ ဖားကန့်တွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု များပြား
ဇူလိုင်လ ၁၂ရက်
Radio NUG
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဇူလိုင်လ ၁၁ ရက်က စစ်ကောင်စီတပ်ဖွဲ့များနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
ဖားကန့်မြို့နယ်၊ ဆွတ်ဘွမ် (အမှိုက်ပုံ) ရွာရှိ စစ်ကောင်စီစခန်းကို ဇူလိုင် ၁၁ ရက် နံနက်ပိုင်းတွင် KIA နှင့် ကချင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (KPDF) ပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးပြီး ချင်းဘုရားကျောင်းဘက်သို့ ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။
နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ခဲယမ်းများ စုပုံထားသည့်နေရာတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ထပ်မံသေဆုံးမှုများရှိခဲ့တယ်လို့ သိရပါတယ်။
မော်မောင်လယန်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ပြည်သူ ၅ ဦးကို ပစ်သတ်ခဲ့ပြီး ၂ ဦးကိုသာ အလောင်းကောက်ခွင့်ပေးလို့ သင်္ဂြိုဟ်နိုင်ခဲ့ပြီး ကျန်သေဆုံးသူ ၃ ဦးက မော်မောင်လယန်ရွာထဲမှာ ရှိနေသေးတယ်လို့ သိရပါတယ်။
လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့များသည် ဖားကန့်မြို့နယ်အတွင်း မော်မောင်လယန်၊ ဆွတ်ငိုင်ယန်၊ အမှိုက်ပုံ၊ မှော်ဆီဇာစသည့်နေရာများတွင် တပ်စွဲထားပြီး မော်မောင်းကုန်း၊ လမောင်ကုန်းဘက်သို့ စစ်ကြောင်းထိုးရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ ကျုံဒိုးမှာ စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသမီး ၁ ဦး နှလုံးဖောက် သေဆုံး
ဇူလိုင်လ ၁၂ ရက်၊
Radio NUG
ကရင်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အမျိုးသမီး ၁ ဦး နှလုံးဖောက်ပြီး သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၉ ရက်နေ့ ည ၁၀ နာရီ အချိန်မှာ ကျုံဒိုးမြို့ အခြေစိုက် ခလရ (၅၄၅) တပ်ကနေ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ သလွဲထော် ကျေးရွာအုပ်စု၊ အောင်ဗလကုန်း ကျေးရွာမှာ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ကြီး ပေါက်ကွဲသံကြောင့် အောင်ဗလကုန်း ကျေးရွာနေ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦး ကြောက်ရွံ့ထိတ်လန့်ပြီး နှလုံးဖောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment