၂၀၂၅ ဇူလိုင်လ ၆ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF ဖွဲ့စည်းတည်ထောင်မှု ၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် PDO/PDA နဲ့ ABSDF တို့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့
📌 ၂။ အာဏာသိမ်းစစ်တပ်က PDF ယူနီဖောင်းတွေဝတ်ပြီး စလင်းပကဖအမည်ခံကာ အရပ်သားပြည်သူတွေကို စစ်ဆေးနေ
📌 ၃။ ကော့သောင်းမြို့နယ်အတွင်းက တော်လှန်ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုကလုပ်မည့် တရားမဝင်ရွေးကောက်ပွဲကို ဆန်ကျင်ကြဖို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်တွန်း
========================
၂၀၂၅ ခုနှစ် ဇူလိုင်လ ၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ပခုက္ကူ လေယာဉ်ကွင်းကို ရော့ကတ်တွေ လက်နက်ကြီးတွေနဲ့တိုက်ခိုက်မှုမှာ စစ်သား ၄ ဦး သေဆုံး
🚩 ၂။ အကြမ်းဖက်စစ်တပ်က ညသန်းခေါင်အချိန်မှာ ကျောက်မဲမြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်ပြီး ဗုံးကြဲတိုက်ခိုက်
🚩 ၃။ ကျွန်းလှမှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက တိုက်လေယာဉ် ၃ စင်းနဲ့ ဗုံးကြဲ
🚩 ၄။ သပိတ်ကျင်းနယ်က ဇရပ်ကွင်းရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် အရပ်သား ၂ဦး ဒဏ်ရာရပြီး အိမ်တွေ ပျက်စီး
🚩 ၅။ တနင်္သာရီမှာ စစ်သားသစ် ၅ ဦး လက်နက်နဲ့အတူ အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF ဖွဲ့စည်းတည်ထောင်မှု ၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် PDO/PDA နဲ့ ABSDF တို့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့
ဇူလိုင် ၆ရက်
ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF ဖွဲ့စည်းတည်ထောင်မှု ၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် PDO/PDA နဲ့ ABSDF တို့က ဂုဏ်ပြုသဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။
ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF ဟာ ၂၀၂၁ ခုနှစ် ဇူလိုင် ၆ ရက်ကစပြီး အဖိနှိပ်ခံ ပြည်သူလူထုဘက်က ရပ်တည်ပြီး လက်နက်ကိုင်တိုက်ပွဲဝင်နေတာ ဒီနေ့ ဇူလိုင် ၆ ရက်ဆိုရင် ဖွဲ့စည်းတည်ထောင်တာ ၄နှစ် ပြည့်မြောက်ခဲ့ပြီလို့ သိရပါတယ်။
ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF အနေနဲ့ တော်လှန်ရေး ၄ နှစ်တာကာလအတွင်း စစ်အာဏာရှင်စနစ်ရဲ့ စစ်သုံးစစ်ကို ဆန့်ကျင်ပြီး အဖိနှိပ်ခံပြည်သူလူထုဘက်ကနေ တော်လှန်ရေးခရီးကြမ်းကို ဖြတ်သန်းနေရတာလို့ PDO/PDA နဲ့ ABSDF တို့ကပေးပို့တဲ့ သဝဏ်လွှာတွေမှာ ဖော်ပြထားပါတယ်။
PRF နဲ့အတူ ညီနောင်မဟာမိတ်အဖြစ် တော်လှန်ရေးခရီးကြမ်းကို အတူတကွရင်ဆိုင်ဖြတ်သန်းရတာအတွက်လည်း ဂုဏ်ယူ တယ်လို့ အသိပေးထားကြပါတယ်။
ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF အနေနဲ့ တော်လှန်ရေးလောကဓံကို ကြံ့ကြံ့ခံပြီး မဆုတ်မနစ်တဲ့ဇွဲနဲ့ တော်လှန်ရေး ရည်မှန်းချက်အောင်မြင်ရေး ရင်ဆိုင်တိုက်ပွဲဝင်ရင်း နိုင်ငံရေးလှုပ်ရှားမှု၊ စစ်ရေးလှုပ်ရှားမှုတွေမှာ အောင်မြင်မှုတွေ ဆွတ်ခူး နိုင်ခဲ့ပြီး ပြည်သူလူထုရဲ့ ယုံကြည်မှုကိုရရှိထားပြီဖြစ်တာကြောင့် ရှေ့ဆက်ရမယ့် တော်လှန်ရေးလုပ်ငန်းစဥ်တွေမှာလည်း မိမိတို့ရဲ့ သန္နိဌာန်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ရပ်တည်ရင်း တိုက်ပွဲဝင်သွားမယ်ဆိုတာ အပြည့်အဝယုံကြည်တယ်လို့ ပြည်သူ့ ဒီမိုကရက်တစ်အဖွဲ့ / ပြည်သူ့ဒီမိုကရက်တစ်တပ်တော် - PDO/PDA ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ဒီမိုကရေနှင့်လူအခွင့်အရေး ရရှိအသုံးချ နိုင်ရေး၊ စစ်အာဏာရှင်စနစ်ပပျောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ရရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင် နေတဲ့ ပြည်သူ့တော်လှန်ရေးတပ်ဦး - PRFရဲ့ ရည်မှန်းချက်တွေ အမြန်ပြည့် မြောက်အောင်မြင်ပါစေလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ကလည်း သတင်းစကား ပါးထားပါတယ်။
ပြည်သူ့တော်လှန်ရေးတပ်ဦး PRF ကလည်း သူတို့တပ် ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ် ပြည့်မြောက်တဲ့ ဒီနေ့မှာ ၄ နှစ်တာ ကာလအတွင်း လေ့ကျင့်ရေး၊ စစ်ဆင်ရေးနဲ့ အခြားသောလှုပ်ရှားမှုတွေထဲက ပုံရိပ်တချို့ကို ရုပ်သံမှတ်တမ်းအဖြစ် ထုတ်ပြန် ထားပါတယ်။
========================
📌📌 ၂။ အာဏာသိမ်းစစ်တပ်က PDF ယူနီဖောင်းတွေဝတ်ပြီး စလင်းပကဖအမည်ခံကာ အရပ်သားပြည်သူတွေကို စစ်ဆေးနေ
ဇူလိုင် ၆ရက်
အာဏာသိမ်းစစ်တပ်က PDF ယူနီဖောင်းတွေဝတ်ပြီး စလင်းပကဖအမည်ခံကာ အရပ်သားပြည်သူတွေကို စစ်ဆေးနေ တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ဇူလိုင် ၆ ရက်မှာထုတ်ပြန်ပါတယ်။
မကွေးတိုင်း စလင်းမြို့နယ်ထဲက စလင်း - ဆင်ဖြူကျွန်းလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ဘက်က PDF ယူနီဖောင်းတွေ ဝတ်ပြီး စလင်း ပကဖအမည်နဲ့ စစ်ဆေးမှုတွေပြုလုပ်နေတဲ့အတွက် အခုလို သတိပေးလိုက်တာဖြစ်ပါတယ်။
အကြမ်ဖက်စစ်တပ်က အခုလို စစ်ဆေးတာတွေလုပ်နေတဲ့အတွက် အရပ်သားပြည်သူတွေ အဖွဲ့အစည်းလွဲမှားပြီး ဒုက္ခရောက်မှာကို စိုးရိမ်တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
အခုလို စစ်ဆေးနေတာဟာ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မဟုတ်ဘူးလို့လည်း ထပ်ပြီး သတိပေးထားပါတယ်။
အကြမ်းဖက်စစ်တပ်က စစ်ဆေးရေးလုပ်နေတဲ့ စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းကို ယာယီပိတ်ထားမယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက် ကတည်းက ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။
========================
📌📌 ၃။ ကော့သောင်းမြို့နယ်အတွင်းက တော်လှန်ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုကလုပ်မည့် တရားမဝင်ရွေးကောက်ပွဲကို ဆန်ကျင်ကြဖို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်တွန်း
ဇူလိုင် ၆ရက်
တနင်္သာရီတိုင်း ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်အတွင်းမှာရှိတဲ့ တော်လှန်ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုက လုပ်မည့် တရားမဝင်ရွေးကောက်ပွဲကို ဆန်ကျင်ကြဖို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ အတုယောင် ရွေးကောက်ပွဲအပေါ် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ သဘောထားကို ဒီနေ့ ဇူလိုင် ၆ရက်မှာ အသိပေးထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တနင်္သာရီတိုင်း ကော့သောင်းခရိုင် ကော့သောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကသာ နိုင်ငံရေးအရ တရားဝင်မှုရှိနေဆဲလို့ဆိုပါတယ်။
ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ ပြည်သူလူထုသဘောဆန္ဒမပါဘဲ တရားမဝင် ရွေးကောက်ပွဲ ဖန်တီးပြုလုပ်ခြင်းဟာ ဒီမိုကရေစီကျင့်စဉ်ကို ချိုးဖောက်တာဖြစ်တဲ့အပြင် ပြည်သူ့အချုပ်အခြာအာဏာကို မတရားရယူဖို့ ကြိုးစားတာပဲဖြစ်တယ် လို့လည်း ပြောပါတယ်။
စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး ဆောင်ရွက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ နဲ့ အတုအယောင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွေကို ဆန့်ကျင်ကြောင်းနဲ့ လုံးဝခွင့်ပြုမှာမဟုတ်ဘူးလို့ အသိပေး ထုတ်ပြန် ထားပါတယ်။
ဒါကြောင့် ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်အတွင်းမှာရှိတဲ့ တော်လှန်ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စု အသက်ဆက်နိုင်ဖို့ အသာစီးရယူရေးနဲ့ စစ်အာဏာရှင်စနစ် တည်မြဲအားကောင်းရေး ရည်ရွယ်လုပ်ဆောင်နေတဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနဲ့ ဟန်ပြငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေး လုပ်နေမှုတွေကို တော်လှန်ရေးသတိကြီးစွာနဲ့ ပူးပေါင်းပါဝင်တာ အားပေးတာမျိုးမလုပ်ဘဲ ပြတ်သားခိုင်မာတဲ့ သဘောထားရပ်တည်ချက်တွေနဲ့ အတူတကွ တုန့်ပြန် ဆန့်ကျင်သွားကြဖို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်တွန်းနှိုးဆော်ထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ပခုက္ကူ လေယာဉ်ကွင်းကို ရော့ကတ်တွေ လက်နက်ကြီးတွေနဲ့တိုက်ခိုက်မှုမှာ စစ်သား ၄ ဦး သေဆုံး
ဇူလိုင် ၆ရက်
မကွေးတိုင်း ပခုက္ကူမြို့မှာရှိတဲ့ လေယဉ်ကွင်းကို ရော့ကတ်တွေ လက်နက်ကြီးတွေနဲ့တိုက်ခိုက်မှုမှာ စစ်သား ၄ ဦးသွားတယ်လို့ ပခုက္ကူမြို့နယ် ပကဖ လက်နက်ကြီးတပ်ဖွဲ့ COBRA ONE က ဒီနေ့ ဇူလိုင် ၆ ရက် မွန်းလွဲပိုင်းမှာ ထပ်ပြီး ထုတ်ပြန်လာပါတယ်။
မနေ့ ဇူလိုင်လ ၅ ရက် မနက် ၁၀ နာရီ ၄၈ မိနစ်အချိန်မှာ ပခုက္ကူလေယဉ်ကွင်း ရောကတ်တွေနဲ့ တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ နောက်ဆက်တွဲ ထုတ်ပြန်လာတာဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုမှာ စစ်သား ၄ ဦးသေဆုံးပြီး ဒဏ်ရာရထားသူတွေဟာလည်း စိုးရိမ်ရတယ်လို့ သတင်းပေးပို့လာပါပြီလို့ COBRA ONE က အသိပေးပါတယ်။
COBRA ONE ရဲ့ ကနီဦးထုတ်ပြန်ချက်မှာ ရောကတ် ၁၀ လုံးအနက် ၅ လုံးဟာ လေယဉ်ကွင်းအတွင်း ကျရောက်ပေါက်ကွဲ ခဲ့တာကြောင့် စစ်သား ၁၃ ဦး ဒဏ်ရာရသွားပြီး ၃ ဦးဟာ အခြေအနေမကောင်းတဲ့အကြောင်းနဲ့ လေယဉ်ပြေးလမ်းတွေ ပျက်စီးသွားတယ်လို့ ဖော်ပြထားပါတယ်။
ဒီလေယဉ်ကွင်းကနေ Y12 အမျိုးစားလေယာဉ်၊ စက်တက်လေထီးတွေနဲ့ အရပ်သားပြည်သူတွေကို အကြောင်းမဲ့ ဗုံးကြဲ သတ်ဖြတ်နေပြီး အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ အရပ်သားပြည်သူတွေနေထိုင်ရာ ရွာတွေကို စစ်ကြောင်း ထိုးကာ ပြည်သူပိုင်ပစ္စည်းတွေကို လုယူနေတဲ့ အဓိကနေရာဖြစ်တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက် ခဲ့တာဖြစ်ပါတယ်။
ပခုက္ကူလေယာဉ်ကွင်းကို ပခုက္ကူမြို့နယ် ပကဖ လက်နက်ကြီးတပ်ဖွဲ့ COBRA ONE ၊ ပခုက္ကူမြို့နယ် တပ်ရင်း ၁ ပကဖ၊ coloun 1၊ BA NYEIN GUERRILLA FORCE ၊ခရိုင် ပကဖ တပ်ခွဲ - ၅ ဧရာဒေါင်းနယ်မြေ - ၁ ကာကွယ်ရေး PLO Young Force၊ ဒေါင်းညီနောင် - PKU၊ Soutthern – YSO၊ Yesagyo Revolution Group – YRG၊ ပြည်သူ့အားမာန် - YSO၊ King Cobra တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။
========================
🚩🚩 ၂။ အကြမ်းဖက်စစ်တပ်က ညသန်းခေါင်အချိန်မှာ ကျောက်မဲမြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်ပြီး ဗုံးကြဲတိုက်ခိုက်
ဇူလိုင် ၆ရက်
တအာင်းပြည် တပ်မဟာ ၂ နယ်မြေဖြစ်တဲ့ ရှမ်းမြောက်ဒေသက ကျောက်မဲမြို့ပေါ်ကို အကြမ်းဖက်စစ်တပ်က ညသန်းခေါင် အချိန်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးတလုံး ထပ်ကြဲချပြီး တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
မနေ့ ဇူလိုင်လ ၅ ရက် ညသန်းခေါင် ၁၂ နာရီအချိန်မှာ လေကြောင်းကနေ ဗုံးလာကြဲတဲ့အတွက် ကျောက်မဲမြို့ ရပ်ကွက် ၂ မှာရှိတဲ့ အဆောက်အအုံ ၄ လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ အသိပေးပါတယ်။
ဇူလိုင်လ ၄ ရက်နေ့ညကလည်း စစ်ကောင်စီဟာ တိုက်ပွဲဖြစ်တာမရှိဘဲ သီပေါမြို့ကို ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး လာရောက် ကြဲချတိုက်ခိုက်ခဲ့တာရှိပြီး ပြည်သူ့ဆေးရုံမှာရှိတဲ့ ခွဲစိတ်ဆောင်တဆောင်၊ စည်ပင်အဆောက်အအုံ ၅ခုနဲ့ နေအိမ် ၈ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း တိုက်ပွဲဖြစ်တာမရှိတဲ့ ကျောက်မဲမြို့ကို လေကြောင်းကနေ ဗုံးတွေ လာကြဲတဲ့အတွက် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၂၂ ဦး ဒဏ်ရာရခဲ့ပြီး ၅ ဦးသေဆုံးကာ အိမ် ၆၅ လုံး၊ စာသင်ကျောင်း ၃ ကျောင်းနဲ့ ဘုန်းကြီးကျောင်း ၂ ကျောင်း ပျက်စီးခဲ့ရတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် မိဘပြည်သူများအနေနဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ရေး စစ်ရေးသတိအမြဲရှိကြဖို့နဲ့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ PSLF/TNLA က သတိပေးထားပါတယ်။
========================
🚩🚩 ၃။ ကျွန်းလှမှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက တိုက်လေယာဉ် ၃ စင်းနဲ့ ဗုံးကြဲ
ဇူလိုင် ၆ရက်
စစ်ကိုင်းတိုင်းထဲက ကျွန်းလှမြို့မှာ တိုက်ပွဲဖြစ်တာမရှိဘဲ အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ် ၃ စင်းနဲ့ ဒီနေ့ ဇူလိုင် ၆ ရက် မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီနေ့ မနက် ၆ နာရီခွဲဝန်းကျင်မှာ တံတားဦးကနေတက်လာတဲ့ တိုက်လေယာဉ်တွေက ဗုံးကြဲသွားတာလို့ ဆိုပါတယ်။
ရွာကုန်းကြီးတောက်လျှောက်ကို ဗုံးကြဲတာဖြစ်တဲ့အတွက် အရပ်သားပြည်သူတွေ ထိခိုက်မှုရှိနိုင်ပေမယ့် လက်ရှိအချိန်မှာ ဖုန်းလိုင်းတွေမရတာကြောင့် စုံစမ်းနေဆဲလို့လည်း အသိပေးပါတယ်။
မြေပြင်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ တံတားဦးကတက်လာတဲ့ တိုက်လေယာဥ်က အကြောင်းမဲ့လာရောက်တိုက်ခိုက်သွားလို့ ဒေသတွင်းစစ်ရေးသတင်းတွေကို ဖော်ပြပေးနေတဲ့ Kawlin Revolution – KR ကလည်း ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ထား ပါတယ်။
ဇူလိုင် ၄ ရက်နေ့ ညနေပိုင်းတုန်းကလည်း ကန့်ဘလူမြို့နယ်ထဲက သီရိမွန်ရွာနဲ့ နှောပင်ပြန်ရွာကို တံတားဦးနဲ့ မိတ္ထီလာကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စင်းက လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် လုပ်ခဲ့ပါသေးတယ်။
အဲဒီတိုက်ခိုက်မှုမှာဆိုရင် လမ်းခရီးမပွင့်သေးတဲ့အတွက် စောင့်ဆိုင်းနေတဲ့ ကားသမားတွေနဲ့ ခရီးသွားပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တာရှိပြီး ဇူလိုင် ၅ ရက်နေ့မှာ ဒဏ်ရာရရှိသူတွေထဲက ၂ ဦးသေဆုံးသွားတယ်လို့ KR က ဖော်ပြထားပါ တယ်။
========================
🚩🚩 ၄။ သပိတ်ကျင်းနယ်က ဇရပ်ကွင်းရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် အရပ်သား ၂ဦး ဒဏ်ရာရပြီး အိမ်တွေ ပျက်စီး
ဇူလိုင် ၆ရက်
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲက ဇရပ်ကွင်းရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တဲ့ အတွက် အမျိုးသား ၂ ဦး ဒဏ်ရာရခဲ့ပြီး အိမ်တွေ ပျက်စီးသွားတယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ဇူလိုင် ၆ ရက်မှာ ထုတ်ပြန်တယ်။
မနေ့ ဇူလိုင် ၅ ရက် နေ့လည် ၁၂ နာရီ ၄၅ မိနစ်ခန့်အချိန်မှာ တံတားဦးကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစင်းက ဇရပ်ကွင်းကျေးရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အမျိုးသား ၂ ဦး မစိုးရိမ်ရတဲ့ဒဏ်ရာရခဲ့ပြီး အိမ်တွေပါ ပျက်စီးခဲ့ပါ တယ်။
ဒါကြောင့် ပြည်သူလူထုအနေနဲ့ စစ်ကောင်စီတပ်နဲ့ဝေးတဲ့နေရာမှာ နေထိုင်ကြဖို့နဲ့ လေကြောင်းရန်ကို ကာကွယ်နိုင်ဖို့ ပုန်းခို ကျင်းတွေ တူးထားကြဖို့ ပြင်ဦးလွင်ခရိုင် ပကဖက နှိုးဆော်ထားပါတယ်။
========================
🚩🚩 ၅။ တနင်္သာရီမှာ စစ်သားသစ် ၅ ဦး လက်နက်နဲ့အတူ အလင်းဝင်
ဇူလိုင် ၆ရက်
တနင်္သာရီတိုင်းထဲမှာရှိတဲ့ ကရင်အမျိုးသားအစည်းအရုံး - KNU/KNLA တပ်မဟာ ၄ ထံကို စစ်ကောင်စီတပ်သား ၅ ဦး လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ KNU မြိတ် - ထားဝယ်ခရိုင်က ဒီနေ့ ဇူလိုင် ၆ မှာ ထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေဖြစ်နေတဲ့ တနင်္သာရီ-မောတောင်လမ်းပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်နေတဲ့ KNLA တပ်မဟာ - ၄ ၊ တပ်ရင်း ၁၁ ထံကို မနေ့ ဇူလိုင် ၅ ရက်နေ့မှာ အလင်းဝင်လာတာလို့ ဆိုပါတယ်။
အလင်းဝင်စစ်တွေဟာ ခလရ - ၁၀၃ နဲ့ ခလရ ၂၆၇ တပ်တို့ကဖြစ်ပြီး သူတို့နဲ့အတူ သေနတ် ၂ လက်ပါလာတယ်လို့ KNU တပ်မဟာ - ၄ မြိတ် - ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုထားပါတယ်။
ဇူလိုင် ၁ ရက်တုန်းကလည်း စစ်ကောင်စီတပ်သားတဦး လက်နက်နဲ့အတူ KNLA တပ်မဟာ ၄ ထံ အလင်းဝင်လာတာရှိသလို ဇွန်လတုန်းကလည်း စစ်ကောင်စီတပ်သား ၃ ဦး KNLA တပ်မဟာ ၄ ထံ အလင်းဝင်ခဲ့တယ်လို့ စစ်ရေးမှတ်တမ်းတွေအရ သိရပါတယ်။
အလင်းဝင်လာတဲ့ စစ်သားအများစုဟာ စစ်ကောင်စီဘက်က စစ်သားသစ်တွေဖြစ်တာကြောင့် အလင်းဝင်လိုတဲ့ စစ်သား တွေအနေနဲ့ ရောက်တဲ့နေရာမှာရှိတဲ့ နယ်မြေခံတွေကိုမေးပြီး တော်လှန်ရေးတပ်ဖွဲ့နဲ့ဆက်သွယ်ကာ အလင်းဝင်ကြဖို့ ပဒိုစောအယ်နားက အကြံပြုထားပါတယ်။
KNLA တပ်မဟာ ၄ နဲ့ ပူးပေါင်းတပ်တွေဟာ အခုနှစ်ထဲမှာ စစ်ကောင်စီရဲ့ ထီးခီး၊ ထီးထ စတဲ့စစ်စခန်းတွေအပါအဝင် မြန်မာ-ထိုင်းနယ်စပ်မှာရှိတဲ့ တပ်စခန်းအချို့ သိမ်းပိုက်ထားနိုင်ခဲ့သလို မောတောင် - တနင်္သာရီ နယ်စပ်လမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment